Thursday, October 2, 2025

ပျံသန်းပါတော့ အို ... ငှက်ငယ်

❝ ပျံသန်းပါတော့ အို ... ငှက်ငယ် ❞
( အဥ္ဇန - ညောင်ပင် )

တောရွာငယ်လေး တစ်ခု၏ ညနေခင်းသာတည်း ။ ညနေဆည်းဆာသည် လှပစွာ က,ပြနေတော့သည် ။ ထိုသို့ ညနေခင်းလေးတွင် ရွာလယ်မှ အိမ်ကြီးတစ်အိမ်ရှိ အိပ်ခန်းတစ်ခုတွင် ဖြစ်ပေ၏ ။ အသက် ၁၇ နှစ်ခန့် မိန်းမပျိုတစ်ဦးသည် သူ့ကိုယ်သူ လှပစွာ ခြယ်သနေပေသည် ။ သူမသည် မှန်အလွန်ကြိုက်ဟန် တူပေသည် ။ သူ၏ ခန်းမထဲတွင် မှန်တင်ခုံအပြင် ကိုယ်လုံးပေါ် မှန်တစ်ချပ်ကိုလည်း သူ့အိပ်ရာ ခုတင်ညာဘက် ဘေးတွင် နံရံကို မှီကာ ထောင်ထားပေ၏ ။ အိပ်ခန်းမှာ အတော်အသင့် ကျယ်လေရာ အဝတ်ဗီရို ၊ မှန်တင်ခုံ ၊ ခုတင် စသည်ဖြင့် နေရာတကျ စီမံထားပေသည် ။

ယခုတော့ သူမသည် မှန်တင်ခုံရှေ့တွင် ထိုင်ကာ အလှပြင်လျက် ရှိလေသည် ။ သူမ၏ ကျစ်ဆံမြီးသည် ရှည်လျားကာ ကျောမှတစ်ဆင့် တင်ပါးအောက်ထိ သွယ်တန်းကျ ဆင်းနေပေ၏ ။ သူသည် ဘယ်ဘက်လက်ဖြင့် ဖန်ပုလင်းငယ်လေးတစ်ခုကို ကိုင်ကာ ညာလက်ဖြင့် ထို ဖန်ပုလင်းထဲမှ ဆွဲထုတ်လိုက်သော မျက်တောင်ကော့သည့် ပစ္စည်းဖြင့် သူ၏ မျက်တောင်များကို ပြုပြင်နေပေ၏ ။ လေးငါးကြိမ်ခန့် ပြုလုပ်ပြီးသောအခါ စိတ်ကျေနပ်ဟန် တူ၏ ။ ထိုအရာကို ချထားကာ နောက်ထပ် ပစ္စည်းတစ်မျိုးကို ဆွဲကိုင်လိုက်ပြန်သည် ။

အရောင်ရှစ်မျိုးခန့် ပါသော လေးထောင့်ကော်ဘူး လေးတစ်ခုပင် ဖြစ်၏ ။ အထဲမှ အရောင်ရှစ်မျိုးတို့ကို အသုံးချရန် စုတ်တံငယ်တစ်ခုလည်း ပါဝင်ပေ၏ ။ မိန်းမငယ်သည် ထိုစုတ်တံငယ်ဖြင့် ကျွမ်းကျင်စွာ တစ်ရောင်မှ တစ်ရောင် ပြောင်းကာပြောင်းကာဖြင့် သူမ၏ မျက်နှာကို ခြယ်သလိုက်ပေ၏ ။ ကော့နေသော မျက်တောင်နှင့် ပန်းနု ရောင်ပါးပြင်နုတို့သည် ထွက်ပေါ်လာခဲ့ပေပြီ ။

သူမ၏ မျက်လုံးသည် ရွှန်းရွှန်းဝေကာ ကြည့်မဝ, ဖြစ် နေပေတော့သည် ။ ထို့နောက် နီနီရဲနေသော နှုတ်ခမ်း နီကို အသုံးပြုကာ သူမ၏ နှုတ်ခမ်းသားများကို ခြယ်သလိုက်ပြန်သည် ။ သူမသည် မျက်နှာပြင်ကို နောက်ထပ် အနေနှင့် မျက်ခုံးမွေးကို ခဲမည်း ဆွဲလိုက်ပြန်တော့ သည် ။ သို့ဖြင့် မိန်းမပျိုသည် အကျေနပ်ကြီး ကျေနပ်နေလေ၏ ။

ထို့နောက် ထိုင်ရာမှ ထကာ အဝတ်ဗီရိုဆီသို့ ရွေ့လျားလိုက်သည် ။ “ ကျွီခနဲ ” မြည်သံနှင့်အတူ အဝတ်ဗီရိုတံခါး ပွင့်သွားခဲ့ပေ၏ ။ အထဲမှ အစိမ်းနုရောင်အပွင့်အခက် များနှင့် လှပနေသော ဝေဖာသားဝတ်စုံလေးက သူမကို ဆီးကြိုလိုက်ပြန်သည် ။ မိန်းမပျိုသည် အစိမ်းနုရောင် အပွင့်အခက်များဖြင့် စီခြယ်ထားသော ဝတ်စုံကို ဝတ်ပြီးသောအခါ မိမိကိုယ်ကို ကျေနပ်အားရစွာဖြင့် ကိုယ်လုံးပေါ် မှန်ရှေ့တွင် မတ်တတ်ရပ်လိုက်ပြန်သည် ။

သည်ရွာတွင် မိမိလောက် ဘယ်သူမှ ခေတ်ရှေ့မရောက်ကြပေ ။ မိမိမှာကား ခေတ်နဲ့အညီ ဆင်မြန်းနိုင်ပေ၏ ။ အခုလည်း နေ့လယ်ကမှ ရလာသော ဝေဖာသား ဝတ်စုံကား သည်ရွာမှာ သူ ပထမဆုံးဝတ်ရသူသာ ဖြစ်၏ ။ အလှဆင်ပစ္စည်းများသည်လည်း ခေတ်နှင့်အညီ အသုံးပြုနိုင်ပေ၏ ။ သည်လောက် ဆင်မြန်းပါလျက် မိမိကို ပိုးပန်းမည့်သူ မပေါ်သေးသည်မှာ အံ့သြမိလေ၏ ။ မိမိ မှာ လှ၏ ။ ဓနဥစ္စာ ပြည့်စုံ၏ ။ ထို့ကြောင့် ကာလသားများသည် မိမိကို မချဉ်းကပ်ဝံ့ ဖြစ်နေကြသည် ထင်၏ ။ မိမိကို ချဉ်းကပ်ဝံ့သော တစ်ဦးတည်းသော လှထွန်း ကိုလည်း မိမိမှာ ကြည့်မရဖြစ်နေပေ၏ ။

လှထွန်းကား အသား မည်း၏ ။ မျက်နှာတွင် ဝက်ခြံက အပြည့်ပေါက်၏ ။ ရိုးသား သောဂုဏ်နှင့် ဓနဥစ္စာ အသင့်အတင့်ရှိ၏ ။ မိဘချင်းကလည်း သဘောတူကြပါ၏ ။ သို့သော် မိမိမှာကား လှပသော ယောက်ျားပီသသော သူမျိုးကိုသာ လိုချင်သူဖြစ်ပေ၏ဟု တွေးမိလျက်ရှိစဉ် အတွေးတစ်ခု ဖျတ်ခနဲဝင် ရောက်လာပေ၏ ။

“ အဟီး ” ဆိုသော ရှက်ရွံ့ဟန်အပြုံးနှင့်အတူ မိမိ ကိုယ် မိမိ ရှက်ရွံ့မိလေ၏ ။ မျက်နှာကို လက်နှင့်ပင် အုပ်မိလျက်သား ဖြစ်သွားပေ၏ ။ ပြီးမှ မိမိမှာ တွေးမိခြင်းသာ ဖြစ်၏ ။ အနားတွင် ဘယ်သူမှလည်း မရှိဟု ဆိုကာ မှန်ထဲ ရှိ မိမိရုပ်သွင်ကို ရဲရဲဝံ့ဝံ့ ကြည့်ရှုလိုက်ပြန်သည် ။ ကြည့်လို့ အားမရနိုင်ဘဲ တစ်ပတ်လှည့်ကာ မိမိ၏ နောက်ကျောအလှ နှင့် တင်ကို ကြည့်လိုက်ပြန်သေးသည် ။ ကျေနပ်အားရသော သွင်ပြင်ဖြင့် အခန်းထဲမှ လိုက်ကာကို ဆွဲဖွင့်ကာ ထွက်လာခဲ့တော့သည် ။

••••• ••••• •••••

“ အမယ်လေး သမီးရယ် ၊ ဒီလောက် အလှတွေ ပြင်ပြီး ဘယ်သွားမလို့တုံး ၊ ရွာထဲမှာလည်း ပွဲလမ်းသဘင်ရှိ တယ် မကြားမိပါဘူး ”

နောက်ဖေး မီးဖိုချောင်ကို ဝင်လာသော သမီးကို မိခင်သည် ဟင်းအိုးအပေါ့ အငန်မြည်းရင်းမှ ဇွန်းတန်းလန်း ကိုင်ကာ မေးလိုက်၏ ။

“ ရေသွားခပ်သွားမလို့ပါ အမေရဲ့ ”

“ ရေသွားခပ်မလို့ ” ။ မိခင်သည် သမီး၏ အဖြေစကားကို ကြားသောအခါ အလွန်အံ့သြသွားပေ၏ ။ ရေသွားခပ်မည့်အရေး သည်လောက်အလှပြင်စရာ လိုသလားဟု တွေး၏ ။

“ သမီးရယ် ၊ ဒီလောက် အလှပြင်ထားမှတော့ ရေခပ် လို့ ပြန်လာရင် ချွေးတွေပြန် နေတော့မှာပေါ့ ။ သွားမခပ် ပါနဲ့တော့ကွယ် ၊ ငါ့သမီးလေး အလှပျက်နေပါဦးမယ် ”

“ ရပါတယ် အမေကလည်း ၊ အခု ညနေကျ ရေက ပိုကြည်တာ ။ သောက်ရေ တစ်ခေါက်တော့ သွားခပ်လိုက်မယ်နော် ၊ ဘုဝိုင်းနဲ့ ပြောထား ပြီးသားမို့ပါ ”

သမီးငယ်သည် မိခင်အား ချော့ကာပြောလျက် ရေအိုးကို ခါးထစ်ခွင်ပေါ် တင်ကာ မိခင်အနားမှ ခပ်သုတ်သုတ် ထွက်သွားလေတော့သည် ။ သူမ၏ အမူအရာမှာ သူခိုးလူမိ ဖြစ်နေပေရာ  မိခင်မှာ မပြုံးဘဲ မနေနိုင်ဖြစ်သွားပေတော့သည် ။

မိခင်သည် သူ့ရှေ့မှ လှည့်ထွက်သွားသော သမီးငယ်၏ နောက်ကျောကို ကြည့်ရင်း သနားသော စိတ်သည် ဝင်လာခဲ့ပေ၏ ။ မိမိတို့တွင် ဥစ္စာဓနသည်လည်း သင့်တင့်ပါပေ၏ ။ သို့သော် သားသမီးကံကား အလွန်နည်းပါးလှပေ၏ ။ မိမိတို့အိမ်ထောင်သက်တွင် သမီးလေးတစ်ယောက်သာ မိမိတို့ဘဝထဲကို ဝင်ရောက်လာခဲ့ပေ၏ ။ ကံတရားတို့သည် မိမိတို့ကို ပျော်ရွှင်မှုအပြည့် မပေးချေ ။ သမီးငယ် တစ်ဦးတည်း မွေးပါလျက် ၊ လိုလေသေးမရှိ လုပ်ပေးပါလျက် သမီးငယ် မှာကား ရှေ့အတိတ်ကံသည် ဆိုးဝါးခဲ့ပေ၏ ။ မိခင်သည် ကံကို ယိုးမယ်ဖွဲ့မိပြန်၏ ။

သမီးငယ် မွေးတုန်းက အလွန်နာမကျန်းဖြစ် ၏ ။ ထိုသို့ နာမကျန်းသော သမီးငယ်ကို မရဏလက်မှ လွတ်အောင် နည်းမျိုးစုံဖြင့် ကုသခဲ့ပေ၏ ။ သေမင်း၏ ခံတွင်းဝမှ သမီးငယ်သည် လွတ် မြောက်ခဲ့ပါပေ၏ ။ သို့သော် သမီးငယ်၏ ဉာဏ်ရည်နိမ့်ပါးခြင်းကိုကား ပျောက်အောင် မကုသနိုင်ခဲ့ပေ ။ ထိုသို့ တွေးလိုက်သောအခါ မိခင်သည် သမီးငယ်အား သနားကြင်နာခြင်းများ ဝင်ရောက်လာပေ၏ ။ မိခင်၏ နှလုံးအိမ် ကြေကွဲရစ်ပေတော့၏ ။ မိခင်၏ မျက်ရည်တို့ ပါးပြင်ဆီသို့ လိမ့်ဆင်းလာ ကြပေသည် ။ မိခင်သည် ဘယ်လက်ဖမိုးဖြင့် ပါးပြင်ကို သုတ်လိုက်သည် ။

“ ငါ ဘာတွေတွေးနေပါလိမ့် ၊ မကြာခင် ကိုသာမောင် တောက ပြန်လာတော့မှာပဲ ” ဟုတွေးလျက် ဟင်းအိုးဆီသို့ အာရုံကျက်စားလိုက်တော့သည် ။ သို့သော်လည်း သမီး ထွက်သွားရာလမ်းဆီသို့ ပြတင်းပေါက်မှ တစ်ဆင့် ကြည့်ဖြစ်အောင် ချောင်း ကြည့်လိုက်ပြန်သေးသည် ။

••••• ••••• •••••

ရွာလယ်လမ်းဆီမှ ရေအိုးရွက်ကာ မြစ်ဆိပ်ဆီသို့ လျှောက်လှမ်းလာသော မိန်းမပျိုနှစ်ဦးကို ကျနေဆည်းဆာချိန်မှာ မြင်ကြရမည် ဖြစ်သည် ။ တစ်ဦးသည် နှုတ်ခမ်းနီပါးနီ ၊ အဝတ်အစား တောက်တောက်ပပဖြင့် ပြင်ဆင်ခြယ်သထားပေ၏ ။ ကျန်တစ်ဦးမှာကား သနပ်ခါးပါးကွက်ကျားနှင့် ခပ်နွမ်းနွမ်း အဝတ်အစားကို ဆင်မြန်းကာ လျှောက်လာနေကြခြင်း ဖြစ် သည် ။ နေရောင်ခြည်နုနုသည် သူတို့ ကိုယ်ခန္ဓာတည့်တည့်ကို ထိုးစိုက်ကျနေ၏ ။ သူတို့ နောက်မှ ရှည်လျားသောအရိပ်သည် ကပ်လျက် လိုက်ပါလာကြသည် ။ လမ်းဘေး ပိန္နဲပင်ဆီတွင် အိပ်တန်းတက် ဆက်ရက်ငှက်အုပ်က ဆူဆူညံညံရန်ဖြစ်လျက် အိပ်တန်းလုနေကြသည် ။ လေပြည်သည် နုနုမြမြတိုက်ခတ်နေ၏ ။

မိန်းမပျိုနှစ်ဦးသည် ပတ်ဝန်းကျင်ကို ဂရုမစိုက်အားဘဲ စကားတပြောပြော နှင့် လျှောက်လာနေကြခြင်းဖြစ်၏ ။

“ ဟေ့ .... ပန်းသဇင် နင် လှလိုက်တာဟယ် ”

တစ်ခုသော အိမ်ရှေ့ အရောက်တွင် ရေအိုးလေး ရွက်ကာ ထွက်လာသော မိန်းမပျိုလေးတစ်ဦးက ပြောလိုက်ခြင်းဖြစ်၏ ။

“ ငါ တကယ်လှလို့လားဟင် ”

တောက်တောက်ပပ ဝတ်ထားသော မိန်းမပျိုလေးမှ မေးလိုက်ခြင်းဖြစ်၏ ။ သူမကား မိမိကို လှသည်ဟု ပြောခြင်းကို အတော်သဘောကျဟန်တူ၏ ။

“ တကယ်ပြောတာဟ ၊ ဒါနဲ့ ဒီပိတ်စကို ဘာလို့ခေါ် လဲဟင် ၊ ငါ အခုမှ မြင်ဖူးတာ လှလိုက်တာနော် ”

ချီးမွမ်းခန်းဖွင့်နေသော မိန်းမပျိုသည် သူမ၏ စိတ်ရင်းအမှန်ဖြင့် ချီးမွမ်းနေခြင်းကား မဟုတ် ။ မနာလို မရှုဆိတ်သော သဘောဖြင့် မဲ့ရွဲ့ကာ ပြောနေခြင်းသာ ဖြစ်၏ ။ ငွေချမ်းသာတော့ ဝတ်ချင်တာ ဝတ် ၊ စားချင်တာ စားလို့ရပေ၏ ။ သို့သော် ယခု ပန်းသဇင် ဝတ်ထားသည်မှာ လူနှင့် အဝတ် လားလားမှ မဆိုင် ။ မွေးရာပါ ဉာဏ်ရည် မမီသည်ကို မိဘက အလိုလိုက်ထား၏ ။ တစ်လတစ်ခါ မြို့ပေါ်တက်ကာ သမီးလိုချင်တာ ၊ ပူဆာတာ ဝယ်ယူသုံးစွဲစေ၏ ။ သို့သော်လည်း ပြူးနေသော မျက်လုံး ၊ ခေါနေ သော သွားနှင့် ပိန်ကပ်ရှည် မျောနေသော အရပ်တို့သည် လှပခြင်းကို အဘယ်မှာ စွမ်းဆောင်နိုင်ပါအံ့နည်း ။

မိမိမှာကား သာမန်သာ ဖြစ်၏ ။ သို့သော် ပြည့်ဖောင်းသောပါးပြင် ၊ ညိုမှောင်သော မျက်ဝန်း ၊ ဖြူဝင်းသော အသားအရေ ၊ ပြည့်မောက်သော ရင် ၊ စွင့်ကားသော တင် တို့နှင့် လူပျိုထုကြား ရေပန်းစားသူသာ ဖြစ်၏ ။ မိမိသာ သူမလို ဝတ်စားဆင်ယင် အလှပြင်လိုက်ပါက ဆရာလေး ကိုသာညွန့် ကြိုက်မှာ သေချာသည်ဟု တွေးလျက် ရှိ၏ ။ သို့သော် ပါးစပ်ကတော့ဖြင့် ‘ လှလိုက်တာ ပန်းသဇင်ရယ် ’  ဟု ချီးမွမ်းလျက် ရှိလေ၏ ။

မိန်းမပျို သုံးယောက်တို့သည် မြစ်ဆိပ်သို့ ကမ်းပါးပေါ်မှ ဆင်းလာခဲ့ကြလေပြီ ။ ရွာသည် မြစ်ကမ်းဘေးတွင် တည်ဆောက်ထားခြင်းဖြစ် ၏ ။ ကမ်းပါးလှေကားထစ် များသည် ကွေ့ကာကောက်ကာ မညီမညာရှိ၏ ။ သူတို့ ဆင်းနေပုံမှာ ဘယ်မျှ သည်လမ်းနှင့် အထိအတွေ့ အကျွမ်းတဝင် ရှိကြောင်း ထင်ရှားလှပေသည် ။ တစ်ချက်ကလေးမျှ ခြေယိုင်ခြင်း ၊ ရပ်တန့်ခြင်း မရှိ ။

နေလုံးသည် ရဲရဲနီလျက် မြစ်ပြင်ဆီသို့ ရေဆင်း သောက်နေ၏ ။ သူ၏ နီရဲသော သွေးရောင်သည် မြစ်ပြင်ကို လွှမ်းခြုံထား၏ ။ မြစ် ပြင်သည် ဣန္ဒြေရစွာဖြင့် ငြိမ့် ညောင်းညင်သာစွာ စီးဆင်း လျက်ရှိ၏ ။ ရေပြင်သည် လှိုင်းတွန့်ငယ်များဖြင့်လည်း ပြည့်လျက်ရှိ၏ ။ ရေဆိပ်ဘေးနားမှ သဲသောင်ခုံပေါ် တွင် ခြင်းဝိုင်းတစ်ဝိုင်းက ခြင်းခတ်လျက်ရှိ၏ ။

ခုလို ညနေတိုင်း ထို ခြင်းဝိုင်း ရှိတတ်၏ ။ ရွာမှ ကာလသား လူပျိုများ ရေလာချိုးရင်း ခြင်းခတ်နေကြခြင်းဖြစ်၏ ။ မိန်းမပျိုများ မျက်လုံးများသည် ထိုခြင်းဝိုင်းသို့ ရောက်သွားခဲ့လေသည် ။ အပေါ်ပိုင်းဗလာ ၊ အောက်ပိုင်းတွင် ခါးတောင်းမြှောင်အောင်ကျစ်ကာ ခြင်းခတ်နေကြခြင်းဖြစ်၏ ။ သူတို့၏ ကိုယ်များသည် ချွေးပြန်နေကြသည် ။ ခြင်းခတ်နေပုံမှာ ကြည့်လို့အလွန်ကောင်းလေ၏ ။

“ ပန်းသဇင်တို့က ရေလာခပ်တာတောင်မှ လှလှပပဝတ်စားလို့ ” ဟု ဆိုသော စကားတစ်ခွန်းသည် ခြင်းဝိုင်းဆီမှ လွင့်ပျံ့လာသည် ။

“ မင်းတို့ကလည်း မစကြပါနဲ့ကွာ ၊ ပန်းသဇင် ညီမလေး ရေခပ်ပြီး သတိနဲ့တက်နော် ”

ခြင်းဝိုင်း ဆီမှ ကရုဏာပါသော အသံတစ်သံ ထပ်မံပေါ်လာခြင်းဖြစ်သည် ။ ပန်းသဇင်ဆိုသော မိန်းမပျိုငယ်လေးသည် ဤအသံကို ကြားချင်လွန်း၍ ရေလာခပ်ခြင်းသာဖြစ်၏ ။ ယခုတော့ သူ့ဆန္ဒပြည့်ပေပြီ ။ ပျော်လိုက်သည်မှာ မပြောပါနှင့် ။ မြစ် ကို ခုတ်မောင်းသွားသည့် မော်တော်ကြောင့် ကမ်းခြေ ကို လာရိုက်သော ရေလှိုင်း ကဲ့သို့ သူမ ရင်သည် တဝုန်းဝုန်း ဖြစ်နေပေသည် ။ ပန်းသဇင် ကို ကရုဏာထားသော အသံပိုင်ရှင်မှာ တစ်ရွာလုံး၏ အချစ်တော် ဖြစ်၏ ။ ရွာကို သည်နှစ်မှ တာဝန်ထမ်းဆောင်လာသော ကျောင်းဆရာလေး ဖြစ်၏ ။ တစ်ရွာလုံးက “ ဆရာလေး ” ဟု ချစ်စနိုးခေါ်ကြပေ၏ ။ သူ့နာမည်ကား ဆရာလေး ကိုသာညွန့် သာ ဖြစ်လေသည် ။

ဆရာလေး ကိုသာညွန့် ကား အသင်အပြ အလွန်တော်ပေ၏ ။ ပေါင်းသင်းဆက်ဆံရာမှာ တော်၏ ။ ချိုသာသောအသံက ကြားရသူ ဘဝင်ကို ကြည်လင်စေ၏ ။ ကလေးတွေက ချစ်ကြ၏ ။ ရွယ်တူတွေက ခင်မင်ကြ၏ ။ ကြီးသူများက လေးစားကြ၏ ။ ကိုသာညွန့် ကို သမက်တော်ချင်သူများ ပေါ၏ ။ သို့သော် ... ကိုသာညွန့် ကား အဘယ်သူကိုမှ စိတ်ဝင်စားဟန် မပြ ။

သည် ရွာလေးတွင် ဆရာလေး ကိုသာညွန့်သည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သည် ။ ယခုလည်း ရေလာခပ်သော မိန်းမပျိုသုံးယောက်သည် ခြင်းဝိုင်းကို ကြည့်သည်မှာ သူတို့ ကြည့်ချင်သော ကိုသာညွန့် ကို ကြည့်ခြင်းသာ ဖြစ်၏ ။ အပျိုများကြိုက်ကြမည်ဆိုလည်း ကြိုက်လောက်ပါပေ၏ ။ သူ့တွင် ဖြူဝင်းသော အသားအရေလည်း ရှိ၏ ။ ဖြောင့်စင်းသော နှာတံ ၊ ကြည်ရွှန်းသော မျက်လုံး ၊ ဘဲဥပုံ မျက်နှာပေါက်တို့နှင့် ယောက်ျားပီသသော ကိုယ်ခန္ဓာသည် ကြော့ရှင်းလှပနေ၏ ။ ယောက်ျားချင်းပင် လည်ပြန်လှည့်ကြည့် ရသည့် အလှမျိုးဖြစ်သည် ။

မိန်းကလေး သုံးယောက်တို့သည် ရေခပ်ပြီး၍ လာလမ်းအတိုင်း ပြန်သွားခဲ့ကြပေပြီ ။ သို့သော် သူတို့သုံးဦးသည် အလာတွင် ရေအိုးအခွံဖြစ်၏ ။ အပြန်တွင် ရေအပြည့်ပါ၏ ။ ပန်းသဇင်ကား ပီတိကို စားခဲ့ရ၍ ရေအိုးသည် ပေါ့ပါးကာ ခြေလှမ်းသွက်၏ ။ အရပ်ပုပု မမေလှ ကား ရေအိုးထက် လေးသော မနာလိုခြင်းများ ထမ်းရွက်ပါသွားခဲ့လေ၏ ။ ဘုဝိုင်း ဆိုသော မိန်းမငယ်မှာကား ရေအိုး အပြင် ဘာမှ သယ်သူသွားခြင်း မရှိချေ ။ သူတို့ အပြန်တွင် ဝင်လုဆဲဆဲနေလုံးသည် သူတို့၏ နောက်ကျောကို ငိုတော့ မယောင် စိုက်ကြည့်နေပေတော့သည် ။

••••• ••••• •••••

ညသည် တိတ်ဆိတ်လွန်းလှချေ၏ ။ မိန်းမပျိုသည် အိပ်ခန်းဘေး ပြတင်းပေါက်ကို ဖွင့်ထား၏ ။ ထိုပြတင်းပေါက်မှ တစ်ဆင့် ညလေပြည်သည် အေးမြစွာ ဝင်ရောက်လာလျက်ရှိ၏ ။ ခါတိုင်းနေ့များဆို သူ့အဖေ တိုက်သော ဆေးသောက်ပြီး သည်နှင့် များမကြာမီ အိပ်ပျော်သွားရ စမြဲဖြစ်၏ ။ ယနေ့တော့ သူမ အိပ်မပျော် ပါ ။ ပြတင်းပေါက် မှတစ်ဆင့် လှမ်းမြင်နေရသော လမင်းကြီးကို ငေးကြည့်နေမိ၏ ။ လမင်းကြီးဘေးတွင် ကြယ် အပေါင်း ဝန်းရံခစားနေကြသည် ။ မိန်းမပျိုသည် ထို အရာတို့ကို ငေးကြည့်ရင်း စိတ်ကူးယဉ်နေခြင်း ဖြစ်၏ ။

“ ပန်းသဇင် ညီမလေး ၊ ရေခပ်ပြီးရင် သတိနဲ့ တက်နော် ” ဆိုသော စကားသံသည် သူ့နှလုံးသားတွင် ပဲ့တင်ထပ်ကာ ရိုက်ခတ်လျက်ရှိ၏ ။ သူမသည် ယနေ့ညအဖို့ အိပ်ပျော်နိုင်အံ့မထင် ။ သူ၏ သေးငယ်လှသော အသိဉာဏ်ဖြင့် အချစ်အကြောင်း စဉ်းစားနေပြန်သေးသည် ။

အချစ် ဆိုသည်မှာ အဘယ်အရာနည်း ။ သူမသည် အဖေ အမေက လွဲပြီး ဘယ်သူကိုမှ မချစ်ဖူးပါ ။ အချစ်ဆိုသော အရာကို သူမ မြည်းစမ်းချင်မိပါ၏ ။ ဝိုင်း သည် လှကျော် နှင့် ချစ်ဖူးပါ၏ ။ ဝိုင်း ပြောပြသော အချစ်ကို သူမလည်း တစ်ခါတစ်ရံ လိုချင်မိပါ၏ ။ ချစ်ရေးလာဆိုသော လှထွန်း ကိုကား သူမ ချစ်၍ မရပါ ။

အချစ် ဆိုသည်မှာ ယောက်ျားလေးက စပြောမှ ဖြစ်တာလား ၊ မိန်းကလေး ကဘာကြောင့်များ ချစ်ရေးမဆိုရပါလိမ့်ဆိုသော အတွေးမျိုးပင် ဝင်လာမိပါသည် ။ ကိုရီးယားဇာတ်လမ်းတွဲများတွင် မိန်းကလေးများသည် ယောက်ျားလေးများကို ချစ်ရေးဆိုကြ၏ ။ သူမမှာ ထိုသို့  ပြောခွင့်ရှိလျှင် ကောင်းမည်ဟု ဘုဝိုင်းကို တစ်ခါ ပြောခဲ့ဖူး၏ ။ “ ငါတို့ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကို တန်ဖိုး ထားရမယ်လေ ၊ ကိုယ့်ကိုယ် ကို ထိန်းသိမ်းရမယ် ” ဟု ဘုဝိုင်း က ပြောပြဖူး၏ ။

ခုနေခါများ ဘုဝိုင်းက “ ဘာဖြစ်လဲ ယောက်ျားဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် ကိုယ်ချစ်ရင် ချစ်တယ် ပြောခွင့်ရှိတာပဲ ” ဟု ပြောဆိုခဲ့မည်ဆိုက သူမသည် ဆရာလေးကို ချစ်ရေးဆိုမိမှာ အမှန်ပင်ဖြစ်ပေသည် ။ သူမ ဘဝတွင် အဖေ ၊ အမေ ပြီးက ဘုဝိုင်း သည် အရေးပါ၏ ။ သူ့ကို နားလည် ၏ ။ တိုင်ပင်ဖော်ရ၏ ။ ဆုံးမဖော် ရ၏ ။ သူမ၏ ထုံထိုင်းသော ဉာဏ်ရည်ဉာဏ်သွေးကြောင့် ဘုဝိုင်းမှာ သူမကို အမြဲ စာဖတ်ပြရ၏ ။

သည်ညမှာ ဘုဝိုင်း အနားမှာ ရှိလျှင် ကောင်းမည်ဟု တွေးမိ၏ ။ ဘုဝိုင်း သာ အနားမှာ ရှိမည်ဆိုက သူမ ဆရာလေး ကိုသာညွန့် ကို ဘယ်လို ရင်ခုန်ကြောင်း ၊ ညနေက ဆရာလေးပြော စကားများကို ဘယ်လိုခံစားရ ကြောင်း ရွှန်းရွှန်းဝေအောင် ပြောမိမည် ဖြစ်၏ ။ အခုတော့ မိမိမှာ တစ်ယောက်တည်း ဖြစ်သည် ။ သူမသည် အတွေးရေလျဉ်ကြောတွင် မျောချင်တိုင်းမျောကာ လွင့် ချင်တိုင်း လွင့်လျက်ရှိ၏ ။

ခွေးတစ်ကောင်၏ ဟောင်သံသည် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည် ။ သူမသည် ချမ်းစိမ့်စိမ့်ဖြင့် ကြောက်စိတ်သည် အလိုလို ဝင်ရောက်လာ သည် ။ ရုတ်တရက် ခုတင်ပေါ် ပြေးတက်လိုက်သည် ။ စောင်ကို ခေါင်းမြီးခြုံလိုက်သည် ။ စောင်ထဲတွင် မျက်လုံးကို အတင်းမှိတ်ထား၏ ။

“ မလာနဲ့ ... မလာနဲ့ ၊ သွား သွား ” ဟု ကြောက်လန့်တကြား ပြောကြားနေ၏ ။ သို့သော် သူမ အသံကား တိုးညင်းဖျော့တော့လျက်သာ ။

••••• ••••• •••••

မနက်ခင်းလေးသည် နုမြထုံအီစွာ လှပဖူးပွင့်လာတော့သည် ။ ငှက်တို့၏ ချိုတေးသံတို့တွင် အသာယာ ၊ အချိုမြိန်ဆုံးဖြစ်သော တေး၏ဘုရင် ဥသြငှက်သည် နွေဦးကို စောစီးစွာ ကြိုလင့်လျက် သီကြွေးပြနေပြန်သည် ။ ထို မနက်ခင်းလေးတွင် ရွာလေး ၏ ရေဆိပ်တွင် လူတွေ အတော်များများ တွေ့မြင်ရပေ၏ ။ ငယ်ရွယ်သူ ၊ ပျိုရွယ်သူ ၊ အိုမင်းသူ အရွယ်စုံ ဖြစ်၏ ။ ယောက်ျား ၊ မိန်းမ မျိုးစုံ ပါ၏ ။

တချို့ မျက်လုံးအိမ်တွင် မျက်ရည်များပင် သီခိုလို့ မြင်ရ၏ ။ အဘယ်အတွက်ပင် နည်း ။ နွေကျောင်းပိတ်ပြီမို့ ရွာကျောင်းမှ တာဝန်ကျသော ဆရာ ၊ ဆရာမများ သူတို့ အိမ်ကို ပြန်ကြမည့်အတွက်သာတည်း ။ ဆရာ ၊ ဆရာမများကား တာဝန်ပြီးဆုံးပြီမို့ သူတို့ အိမ်ရှိရာကို ပြန်ကြပေတော့မည် ။ ရွာမှ လူများကား လက်ဆောင်တွေ တစ်ပွေ့တစ်ပိုက်ကြီးဖြင့် လာရောက် ပို့ဆောင်နှုတ်ဆက်ကြခြင်းဖြစ်၏ ။

“ ကဲ .. ကဲ ဆရာတွေ ကျောင်းဖွင့်ရင် ပြန်လာကြဦးမှာ အခု အချိန်မရှိဘူး ။ မြို့ကားမီ လိုက်ပို့မယ် ။ ကဲ ... ဆရာတို့ လှေပေါ်တက်ကြပါတော့ ”

လူအုပ်ကြားမှာ အသံတစ်သံ ဟိန်းဟိန်းကြီး ထွက်ပေါ်လာ၏ ။ လှေပေါ်သို့ အထုပ်အပိုးများ တင်ကြ၏ ။ လက်ဆောင်ရလာသော ပစ္စည်းများလည်း တင်ကြ၏ ။ ထိုလက်ဆောင်များ ထဲတွင် ဘူးသီးလည်းပါ၏ ။ ကြက်ခြင်းကြီးများဖြင့် ထည့်ထားသော ကြက်များလည်း မြင်ရ၏ ။ ငါးခြောက်များ ၊ ငှက်ပျောသီးခိုင်များ ၊ ကြက်ဥများ ၊ ဆီပုလင်းများ ၊ ပျားရည်ပုလင်းများ ၊ လက်ဆောင်ရပစ္စည်းများပင် လှေတစ်စင်း ပြည့်လုလုဖြစ်၏ ။ ဆရာ ၊ ဆရာမများ စီးသောလှေ ကမ်းမှ ခွာသောအခါ အားလုံး ငြိမ်သက်စွာ လက်ပြ နှုတ်ဆက်နေကြသည် ။

ထိုလူအုပ်ကြားထဲတွင် မပါဝင်ဘဲ ကမ်းပါးထိပ်မှ သရက်ပင် ကို ကွယ်ကာ လက်ပြနှုတ်ဆက်လုပ်နေသူ တစ်ဦး ရှိသေးသည် ။ သူမ၏ ပါးပြင်တွင် မျက်ရည်များ စီးကျနေ၏ ။ နှာရည်ကို တရှုပ်ရှုပ်လုပ်နေရ၏ ။ လက်ထဲတွင် ပုဆိုးတစ်ကွင်းကို ကိုင်ထားသည် ။ နှုတ်ခမ်းကိုစူကာ တစ်ခုခုကို ပြောနေဟန်တူ၏ ။

လှေလေးသည် သူမ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ရပ်ကြည့်နေ၏ ။ မြစ်ဆိပ်မှ လူများတက်လာသောအခါတွင် သရက်ပင်အို ကို ကာကွယ်ယူကာနေလိုက် ခြင်း ဖြစ်သည် ။ သူမသည် နောက်ဆုံးပြန်ခါနီး နှုတ်ဆက် မသွားသော ဆရာလေးကို စိတ်ဆိုးလျက်ရှိ၏ ။ စိတ်ကောက်နေသည်ဆိုက ပိုမှန်မည် ထင်သည် ။

သူမသည် ထိုဆရာလေးကို တစ်ဖက်သတ် ချစ်ခဲ့မိပါ၏ ။ ထိုသို့သောကြောင့် ဆရာလေးအတွက် မျိုးစုံ ပြုလုပ်ပေးခဲ့၏ ။ ရေလာအောင် မြောင်းဖောက်ပေးခဲ့ ရ၏ ။ ဖောက်လုပ်သည့် မြောင်းသည် နည်းနည်းနောနော မဟုတ် ။ သို့သော် ဆရာလေးဘက်မှကား မိုးခေါင်ရေရှားခဲ့ရှာ၏ ။ သူမမှာကား ဆရာလေး ဟင်းစားရတာ မကောင်း ဟု ကြားပါက ဟင်းသွားပို့၏ ။ နေမကောင်း ဆိုက ကိုယ်တိုင်ပင် သွားရောက်ကာ ဆေးတွေ ဝယ်ပေးဖူး၏ ။ သူမ ထိုသို့ပြုလုပ်ပေးတိုင်း “ ညီမလေးရယ် ဒုက္ခရှာလို့ကွယ် ” ဆိုသော စကားများ ၊ “ ကျေးဇူးတင်ပါတယ်ကွယ် ” ဆိုသော စကားသံများ ၊ တစ်ခါတစ်ခါ ကလေးလေးတစ်ယောက်သဖွယ် နဖူးဆံစများကို ပွတ်လိုက်သော အထိအတွေ့များသည် ဘာနဲ့မှ လဲမရဘဲ သာယာခဲ့ရပါ၏ ။

ကျောင်းများ ပိတ်တော့မည့် တစ်ပတ်ခန့် လိုသောအခါ သူတို့ရွာလေးသို့ မိန်းမ ငယ်လေးတစ်ဦးသည် သူ၏ ကလေးငယ်ငယ်လေးနှင့်အတူ ရောက်လာခဲ့ပေ၏ ။ ထို ကလေးအမေကား ငယ်ရွယ်သူ ဖြစ်၏ ။ နုမြဝင်းအိသော အသားအရေ ၊ လှပသော မျက်နှာနှင့် ကျက်သရေရှိ လွန်းလှပေ၏ ။

ထိုသတင်းကို ကြားရ မြင်ရသောအခါ တစ်ရွာလုံး အံ့သြသွားကြခြင်းသာ ဖြစ်သည် ။ တစ်ရွာလုံးက လူပျိုဟု ထင်ထားသော ဆရာလေး ကိုသာညွန့်သည် ကလေးအဖေ ဆို၍ အံ့သြသွားခြင်းသာ ဖြစ်၏ ။ ထိုထက်ကား မပိုခဲ့ကြ ။ ထိုအထဲတွင် ဘဝတစ်ခုလုံး ပြိုလုရမတတ် ခံစားခဲ့ရသူ တစ်ဦး ရှိ၏ ။ သူကား ပန်းသဇင် သာ ဖြစ်၏ ။

••••• ••••• ••••• 

ဆရာလေးမှာ မိန်းမနှင့် ကလေး ရှိသည်ဟု ကြားသည်နှင့် သူမ ကား တုန်လှုပ်ခဲ့ရ၏ ။ သူမ စိတ်ကူးယဉ် အိပ်မက်ကမ္ဘာသည် အစိတ်စိတ် အမြွှာမြွှာ ပြိုလဲခဲ့ရပါပေ၏ ။ မအိပ်နိုင် ဖြစ်လာ၏ ။ မစားနိုင် ဖြစ်လာ၏ ။ ညနေတိုင်း သူ့အဖေ တိုက်သော ဆေးကို မသောက်ချင် ဖြစ်လာခဲ့၏ ။ ရွာကို ရောက်နေသော ဆရာလေး၏ မိန်းမနှင့် ကလေးကို မနာလို ဖြစ်လာ၏ ။

ထို့နောက်တွင် သူမသည် အလှအပကို မမက်မောတော့ပေ ။ အရင်လို ညနေတိုင်း အလှဆင်ကာ ရေခပ်ခြင်းအမှုကိုလည်း မပြုလုပ်တော့ပေ ။ အိမ်တွင်းမှာ အောင်းကာ တစ်ကိုယ်တည်း တိုးတိုးနှင့် တစ်ဦးတည်းပြောနေ၏ ။ သူမ အခန်းထဲသို့ သူမ အမေနှင့် အဖေကိုပင် ပေး မဝင်တော့ပေ ။ မျက်တွင်းမှာ ညိုမည်းလာ၏ ။ ကိုယ်ခန္ဓာ နဂိုထက် ပိန်ခြောက်ကပ်လာ၏ ။ မျက်လုံးပြူးပြူးက မျက် ကွင်းမည်းမည်းကြား ထင်းထင်းကြီး ထွက်ပေါ်နေ၏ ။ မေးရိုးများ ငေါထွက်လာရာ နဂို ခေါသော သွားသည် ရှေ့ ပိုထွက်သလိုပင် ထင်ရ၏ ။ ဆံပင်များက ရှုပ်ပွလာတော့သည် ။

သည်နေ့ မနက်တွင် ဆရာ ၊ ဆရာမများ ပြန်ကြမည် ကြားသောအခါတွင် သူမ ဆရာလေးကို ပေးမည်ဟု စိတ်ကူးနှင့် ဝယ်ယူထား ခဲ့သော ပုဆိုးကို သတိရလာ၏ ။ ပေးချင်စိတ် ဖြစ်လာ၏ ။ အဝတ်ဗီရိုကို ဖွင့်ကာ ပုဆိုးကို ယူ၏ ။ ရေဆိပ်ကို လှမ်းလာခဲ့ ခြင်းဖြစ်၏ ။ သို့သော် ရေဆိပ်တွင် လူအများပြည့်နေတော့၏ ။ သူမ မဆင်းတော့ပါ ။ သရက်ပင်ကို ကွယ်ကာ ပုန်းလျှိုးကွယ်လျှိုးဖြင့် ကြည့်ကာ နှုတ်ဆက်နေခြင်းဖြစ်သည် ။ လက်ထဲမှ ပုဆိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ လာကြည့်နေခြင်းဖြစ်၏ ။

••••• ••••• ••••• 

သမီး အိမ်မှရုတ်တရက် ဆင်းသွားသည်နှင့် မိခင်လုပ်သူသည် ဖခင်ကို ခေါ်ကာ တိတ်တဆိတ် နောက်မှ လိုက်လာ၏ ။ သမီးငယ် အိမ်ပြင် မထွက်သည်မှာ တစ်ပတ်ခန့် ရှိပေပြီ ။ ထမင်းမစားသည်မှာ သုံးရက်ခန့် ရှိပေပြီ ။ အရိပ် တကြည့်ကြည့်နှင့် ကြည့်နေသော မိခင်နှင့် ဖခင်သည် စိုးရိမ်သောကဖြင့် နောက်မှ လိုက်ကာ သမီးလုပ်သမျှကို တိတ်တိတ်လေး ကြည့်နေကြပေ၏ ။

မိခင်၏ မျက်ဝန်းတွင် မျက်ရည်များ ပြည့်နေ၏ ။ ဖခင်က တားထား၍သာ သမီး အနား မသွားရခြင်းဖြစ် ၏ ။ ရေဆိပ်မှ တက်လာသော လူများသည် သူတို့ကို ကွက်ကြည့်ကွက်ကြည့် ကြည့်သွားခဲ့ကြ၏ ။ စပ်စုခြင်း ၊ သနားခြင်း ၊ ကဲ့ရဲ့ခြင်း စသော အမျိုးစုံသည့် မျက်ဝန်းဖြင့် ကြည့်သွားကြခြင်းဖြစ်၏ ။

တစ်လတစ်ခါ မြို့ပေါ် သွားကာ သမီးကို ဆေးခန်းပြနေသော ဆရာဝန်က သည်လတွင် ထူးထူးခြားခြား စကားများများ ပြောကာ ပျော်ရွှင်နေသော သမီးကို ကြည့်၏ ။ ပြီးနောက် ဖခင်အား အနားသို့ခေါ်ကာ “ ခင်ဗျားသမီး ဒီလိုပျော်နေတာ သိပ်ကောင်းတယ် ။ ဒါပေမဲ့ အဲဒီပျော်ရွှင်မှုတွေ ပျောက်သွားမှာတော့ မကောင်းဘူး ။ ဒါကို သတိထားပါ ” ဟု တိုးတိုးတိတ်တိတ် မှာခဲ့ရှာ၏ ။ ထိုနေ့မှ စပြီး ဖခင်နှင့် မိခင်သည် သမီး မပျောက်အောင် ထားခဲ့ကြပါ၏ ။ သမီး၏ ပျော်ရွှင်မှုသည် ဘာကြောင့် ဆိုသည်မှာလည်း သိကြပါ၏ ။ ထိုအသိသည်ကား မိခင် ၊ ဖခင်အတွက် အလွန် ခက်ခဲလှသော အရာ ဖြစ်၏ ။ အခုတော့ သမီး၏ ပျော်ရွှင်မှုသည် ကုန်ဆုံးခဲ့ပေတော့သည် ။ ဆရာဝန် မှာကြားခဲ့သော “ ပျော်ရွှင်မှုတွေ ပျောက်သွားမှာတော့ မကောင်းဘူး ” ဆိုသော နေ့ကို ရောက်လာခဲ့တော့သည် ။ ဘယ်လောက် တတ်နိုင်ပါအံ့နည်း ။ သူတို့ တတ်နိုင်သော အရာကိုလည်း သူတို့ ပြုလုပ်ပေးခဲ့ကြပေပြီ ။ “ သမီးကလေးက ဆရာလေးကို အစ်ကိုရင်းတစ်ယောက်လို သိပ်ချစ်နေရှာတာ ။ သမီးမှာက ညီအစ်ကိုမောင်နှမတွေလည်း မရှိဘူး မဟုတ်လား ။ ဒီတော့ ဆရာလေးရယ် ၊ ကျွန်တော် ဆရာလေးကို တောင်းဆိုပါရစေ ။ သမီးလေးကိုလေ ကိုယ့်ညီမလေးလို ဆက်ဆံပေးပါနော် ” ။ ဖခင်၏ နှိမ့်ချတောင်းပန်မှု ဖြစ်၏ ။

“ သမီးလေးဟာ သနားစရာပါဗျာ ။ ကြည့်ရင် လူကောင်းလို့ ထင်ရပေမဲ့ တစ်လ တစ်ခါ မြို့ပေါ် ဆေးကုနေရသူ ။ ရှက်ရှက်နဲ့ ပြောရရင်တော့ သူ့ဦးနှောက်က ပုံမှန် မဟုတ်ဘူး ဆရာလေး ။ ဒါ ကို ရွာက လူအနည်းအကျဉ်းပဲ သိကြပါတယ် ။ ဆရာလေး ကိုတော့ ခင်မင်အားကိုးလို့ ဒီစကားတွေ ပြောရတာပါ ။ သမီးကလည်း ဆရာလေးကို တော်တော်ခင်တယ်လေ ။ ဆရာလေး သမီးကို လူကောင်းလို့ ထင်ပြီး မှားပြီး ဆက်ဆံမိမှာစိုးလို့ ကြိုပြီးလာပြောရတာပါ ”

ထိုသို့ ဖခင်တစ်ယောက်၏ ရင်နှင့်အမျှ ပြောသော စကားများကို ကျောင်းဆရာပီပီ ပိပိရိရိနှင့် သတိ ဝီရိယ ထားကာ ဆက်ဆံပေးခဲ့ ရှာပေ၏ ။ ထို့အတွက်လည်း သူ့မှာ ဆရာလေးကို ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ကြပေသည် ။

သည်နေ့ကို ကြုံရမည် ဆိုသည်ကိုလည်း သူတို့တွေး ထားခဲ့ကြပါပေ၏ ။ ခု လောက်ထိ ဖြစ်သွားလိမ့်မည်ဟုတော့ တွေးမထားသည်မှာ အမှန်ပင်ဖြစ်သည် ။ သမီးငယ်ကို ကြည့်ရသည်မှာ လောကကြီးနှင့် အဆက်အသွယ်ပြတ်နေဟန်နှင့်ပင် တူ၏ ။ သူ့နေရာ သူ့ကမ္ဘာကို သူ ဘယ်လိုဖန်တီးနေပါလိမ့်ဟု တွေးမိ၏ ။ ကြည့်နေရင်းကပင် ဖခင်၏ မျက်လုံးအိမ်မှ ရေစီးကြောင်းများ ပါးပြင်ပေါ် ဖြတ်စီးလာကြကုန်၏ ။

  ••••• ••••• •••••

နွေ ကျောင်းပိတ်ရက်ကို ကုန်ဆုံးခဲ့ပေပြီ ။ မိုးဦး၏ မိုးရေစက်တို့သည် ကြဲပက် လာကြတော့သည် ။ ဆရာလေး ကို သာညွန့်လည်း တာဝန်ကျရာ ရွာလေးဆီသို့ ပြန်လာခဲ့ပေပြီ ။ သူ့တွင် ရွာရောက်သည်နှင့် အရင်ဆုံး သွားရမည့်တစ်နေရာ ရှိချေ၏ ။ သူသည် အပြန်တုန်းက နှုတ်မဆက်ခဲ့ ၍ စိတ်မကောင်းဖြစ်ကျန်ခဲ့တော့မည့် ပန်းသဇင် ဆီကို ဖြစ်၏ ။ ထို့အတွက်လည်း ချော့မော့ရန် သူမ ကြိုက်သည့် မိတ်ကပ် ၊ နှုတ်ခမ်းနီနှင့် ပုလဲပုတီး တစ်ကုံးကိုပင် လက်ဆောင်ပေးရန် ဝယ်ယူခဲ့ပေ၏ ။

သူသည် လှေဝမ်းဗိုက် ထဲတွင် ထိုင်ကာ ရေပက်လျက် ပန်းသဇင် အကြောင်း တွေးတောလာခြင်း ဖြစ်၏ ။ သူသည် ပန်းသဇင်ကို ညီမလေးအရင်း ကဲ့သို့ ချစ်၏ ။ ပင်ကိုဉာဏ်ရည် မမီသော်လည်း အလွန်လှချင်ရှာပေ၏ ။ သူ့ဆီကို လာတိုင်း အမြဲအလှဆင် လာတတ်၏ ။ သို့သော် သူမ ဆင်ယင်ထုံးဖွဲ့မှုမှာ နည်းမကျ ။ လူက တခြား ၊ အလှဆင်ပစ္စည်းက တခြား ဖြစ်၏ ။

သူမအဖေ ကြိုတင်ပြောထား၍သာ သူသည် ပန်းသဇင် အကြောင်း ဂဃနဏ သိထား၍သာ ဖြစ်၏ ။ သို့မဟုတ်က သူ့ဆီကို ခဏခဏလာသော သူမကို အလုပ်ရှုပ်ရန်ကောဟု ဆိုကာ မောင်းထုတ်မိမှာ အမှန်ပင်ဖြစ်၏ ။ ရွာနှင့်လည်း နီးကပ်လာပေတော့သည် ။ သူ လှေဆိပ်မှ တက်သည်နှင့် ပန်းသဇင် ဆီ အရင်ဆုံး သွားတွေ့မည်ဟု ဆုံးဖြတ်လိုက်သည် ။

“ ဆရာလေး ပြန်လာပြီဟေ့ ”

ဟု ဆိုသောကလေး တစ်ယောက်၏ အော်သံနှင့်အတူ ကလေးတစ်အုပ်သည် သူ့ဆီကို ပြေးကြိုလာကြတော့သည် ။ အထုပ်များကို ဝိုင်းဆွဲကြ၏ ။ လက်ကို ဆွဲသူက ဆွဲကြ၏ ။

“ ကဲကဲ ... မင်းတို့ ဆရာ့အိတ်တွေ ယူပြီး ဆရာ့အဆောင်မှာ သွားထား ၊ ကြားလား ။ ဆရာ ရွာထဲဝင် စရာရှိသေးလို့ ခဏသွားလိုက်ဦးမယ် ”

ဟု ဆိုကာ ကလေးများကို ပြောလိုက်သည် ။ ဒါတောင် သူ့အနားမှာ မုန့် စားရမလားလုပ်နေသည့် ကလေးတစ်စုက ရှိသေး၏ ။

“ ကဲ .. ကဲ မင်းတို့ ဆရာ့အဆောင်မှာ စောင့်နေ ၊ ပြန်လာတာနဲ့ သကြားလုံးကျွေးမယ် ” ဆိုမှ “ ဟေး ...” ဟု အော်ပြီး အဆောင်ဆီ ထွက်သွားကြလေ၏ ။

“ ပန်းသဇင် ညီမလေး ၊ ဆရာလေး ပြန်လာပြီ ”

အိမ်ရှေ့မှ အသံကို ကြား သောအခါ အိမ်ပေါ်ရှိ လူတို့ သည် စိတ်ထိခိုက်ရပြန်ပါတော့သည် ။ မျက်ရည်ကို ပြန်သွင်းရင်း “ ဆရာလေး .. အိမ်ပေါ်တက်ပါဦး ” ဟု လှမ်းခေါ် လိုက်လေ၏ ။

••••• ••••• •••••

အဖြစ်အပျက်တို့သည် မြန်ဆန်လွန်းလှသည်ဟု သူ တွေး၏ ။ သူသည် တစ်ခုသော အုတ်ဂူဖြူဖြူလေး ရှေ့တွင် ရပ်လျက်ရှိ၏ ။ သူ့လက်ထဲတွင် မိတ်ကပ်ဘူး ၊ နှုတ်ခမ်းနီနှင့် ပုလဲပုတီးတစ်ကုံးကို ကိုင်ကာ အုတ်ဂူဖြူဖြူကို စိုက်ကြည့်နေခြင်းဖြစ်သည် ။ ညနေ၏ ဆည်းဆာရောင်ခြည်သည် အုတ်ဂူပေါ်သို့ ဖြာဆင်းကျနေ၏ ။ သူ့အရိပ်သည် အုတ်ဂူကို ဖြတ်အုပ်လျက်ရှိသည် ။ သူသည် ပုဆိုးအသစ်တစ်ထည်ကို ဝတ်ထား၏ ။ တံဆိပ်ကိုပင် မခွာဘဲ ဝတ်ထားခြင်းဖြစ်သည် ။

မယုံကြည်နိုင်လောက်အောင် ပြောင်းလဲသွားသော အပြောင်းအလဲတစ်ခုအတွက် သူ့ကိုယ်သူပင် သံသယဝင်မိ၏ ။ အပြန် နှုတ်မဆက်မိခြင်းသည် သူမဘဝကို သေစေ လိမ့်မည်ဟု သူ မတွေးမိခဲ့ပေ ။ သာမန်မျှသာ သဘောထားခဲ့၏ ။ အခုတော့ အရာ အားလုံးသည် နောက်ကျသွားခဲ့ပေပြီ ။

“ ဆရာလေး ပြန်တဲ့ နောက်ပိုင်း အစားအစာ လုံးဝ မစားတော့ဘူး ။ ဒီပုဆိုးကို ကိုင်ပြီး နေ့နေ့ညည ငိုနေတော့တာပဲ ။ သူ့သူငယ်ချင်း ဘုဝိုင်း လာချော့လည်း မရဘူး ။ နောက်ဆုံးတော့ သမီးလေးဟာ ကျွန်တော်တို့ကို ထားခဲ့တော့တာပါပဲ ”

ဖခင်တစ်ဦး၏ ဆို့နင့်ဖွယ် စကားလုံးများကို သူ ကြားယောင်နေမိသည် ။ သူ့ ဘဝတွင် မျက်ရည်ကျခြင်းကို ပထမဆုံး ခံစားရ၏ ။ ပါးပြင်ကို သုတ်လိုက်သည် ။

“ ပန်းသဇင် ညီမလေး ၊ ဆရာလေးကို ခွင့်လွှတ်ပါ ကွယ် ”

လက်ထဲမှ ပစ္စည်းများကို အုတ်ဂူပေါ်တင်ရင်း သူ စကားဆိုမိသည် ။ ကောင်းကင်တွင် ဖြတ်ပျံသွားသော ဗျိုင်းငှက်တစ်အုပ်ကို သူ မော့ကြည့်မိ၏ ။

ထို့နောက်တော့ ညနေဆည်းဆာကို မျက်နှာမူရင်း သူ လှည့်ပြန်ခဲ့တော့သည် ။ လေတိုးသံ ကြားမှ မွှေးရနံ့ တစ်ခုကို သူ ရလိုက်သလို ၊ အသံတစ်သံကိုပဲ သူ ကြားမိသလို ခံစားလိုက်ရသည် ။ သူ အုတ်ဂူကို လည်ပြန်လှည့်ကြည့်မိသည် ။

ငြိမ်သက်နေသော အုတ်ဂူပေါ်မှာ စာကလေးတစ်ကောင်က သူတင်ခဲ့သော ပစ္စည်းများပေါ် ရပ်နားနေသည်ကို မြင်လိုက်ရ၏ ။

“ လွတ်လပ်စွာ ပျံသန်းပါတော့ ညီမလေးရေ ” 

သူ ငှက်ငယ်ကလေးကို ကြည့်ရင်း အလိုလို ပြောထွက်မိသွားသည့် ခဏ ငှက်ငယ်လေးသည် မိုးကုပ်စက်ဝိုင်း အဆုံးထိ ပျံသန်းတော့မည့် ဟန်ဖြင့် ထ,ပျံသွားလေတော့သည် ။

▢ အဉ္စန ၊ ညောင်ပင် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဖေဖော်ဝါရီ ၊ ၂၀၁၉

No comments:

Post a Comment