Sunday, October 12, 2025

မြို့ဂျပိုး ( ၀၇ )


 

ခေတ်ဆန်တာကို ကျွန်တော် လက်သင့်ခံပေမယ့် ရဲတင်းတာကိုတော့ ကျွန်တော် လက်သင့်ခံဖို့ စိတ်မဆုံးဖြတ်ရဲဘူး ။ အကြောင်းက ဒီလိုဗျ ။ ပြည်လမ်းမှာ စော်ဘွားကြီးကုန်း ကနေ ကျွန်တော် ကားမောင်းလာရင်း ကိုးမိုင်ကုန်းဘက်မှာ ကောင်မလေး တစ်ယောက် ကားငှားဖို့ တားပါတ ယ် ။ မျက်နှာပေါက်က ရှမ်းတရုတ်စပ်လေးပါ ။

“ ဘယ်သွားမလဲ ညီမ ၊ အစ်ကို မြို့ထဲဘက် တက်မှာ ”  

“ လိုက်မယ် ၊ ပြီးရင် ဒီဘက် ပြန်လာပို့မလား ”

ကျွန်တော် တွေဝေသွားတယ် ။ နေ့ခင်းကြီးဆိုတော့ ပြန်မလာချင်ဘူး ။

“ ဒီလိုလုပ်ပါလား ၊ ကျွန်မက သုံးနေရာလောက် သွားမှာ  ၊ အခု မောင်ထော်လေးလမ်း သွားမယ် ၊ အဲဒီမှာ တယ်လီဖုန်းအခွန် ဆောင်ပြီး ကန်တော်လေး ဝင်မယ် ၊ ပြီးရင် ဒီကို ပြန်ပို့ပေး ၊ ကားခ ကြည့်ယူပေါ့နော် ”

“ ဒါဆိုလည်း ရတယ် ”

စိတ်ထဲမှာ ပျော်သွားတယ် ။ အပေါ်က အပြာနုရောင် စပို့ရှပ်လက်တိုလေးကို ဂျင်းဘောင်းဘီ အပြာရင့်ရင့်နဲ့ တွဲဝတ်ထားတဲ့ ဆယ့်ရှစ်နှစ်အရွယ် ကောင်မလေးကြောင့် ညနေ အတွက် နေ့တွက် ကိုက်ပြီ ။ ဒီခရီးစဉ်မျိုး ရခဲသပေါ့ဗျာ ။ ကားမှာ မော်တာက နှိုးရတာ ခက်နေလို့ ပြင်မယ်ပြင်မယ် နဲ့ အချိန်မရလို့ မပြင်ဖြစ်တာ ၊ ဒီလမ်းကြောင်း ပြီးရင် ပြင်လို့ရပြီ ။ အမေ့ကို အင်းစိန်က အဒေါ်ဆီ လိုက်ပို့ဖို့ ပြောထားတာလည်း ဒီညနေ ပို့လို့ရပြီ ။ ဒါတွေတွေးရင်း မောင်ထော်လေးလမ်း ရောက်တော့ တယ်လီဖုန်း အခွန်ရုံး ရှေ့မှာ ကားရပ်ပေးလိုက်တယ် ။ ကောင်မလေးက ခဏနော်ဆိုပြီး ဆင်းတယ် ။ ကျွန်တော် ကားပါကင် ရှာရတယ် ။ အဲဒီနားမှာ လမ်းအဝင်ဝ ဆိုတော့ ကားတွေ ပြည့်နေတာ များတယ် ။ ကျွန်တော် ကားပါကင် ထိုးလို့ရတော့ ကောင်မလေး ဆင်းသွားတဲ့ ရုံးကို လျှောက်လာကြည့်မိပါတယ် ။ လူတွေ ရှင်းလို့ဗျာ ၊ သွားပြီ ခံလိုက်ရပြီလေ ။ ရှေ့ကို နည်းနည်းလေး လှမ်း လိုက်တာနဲ့ ဆူးလေဘုရားကို ရောက်မယ့် မဟာဗန္ဓုလလမ်းမကြီးထဲ ရောက်သွားမယ် ၊ လူတွေ ဥဒဟို သွားလာ နေကြတယ် ။ ဘယ်လို လိုက်ရှာ မလဲ ။ တော်တော် ရဲတင်းတဲ့ ကောင်မလေးဗျာ ။ သူ့ပုံစံကလေးမှ ဘယ်လိုမှ ထင်ရက်စရာ မရှိဘူး ။ သက်သက်မဲ့ ပျော်စေပျက်စေ လုပ်သွားတယ်ပဲထား ၊ မကောင်းဘူးပေါ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ် ခံလိုက်ရလို့ပါ ။ တစ်ခါကလည်း အမျိုးသမီး တစ်ယောက် ဒီလိုပဲ ၊ ရန်ကင်းဘက်မှာ ကားငှားပါတယ် ။

“ ဘယ်သွား မလို့လဲ အစ်မကြီး ”  

“ ကျိုက္ကဆံတင်ပါ ”

“ ( ... ) ပဲပေးပါ ”

“ သွားမယ် ”

တချို့ အမျိုးသမီးတွေ ဆိုရင် ကားငှားစီးတာနဲ့ နောက်ခန်းမှာပဲ ထိုင်တာ များတယ် ။

သူ့ကျတော့ တကူးတကကို ကွေ့ပတ်ပြီး ကားရှေ့ခန်းမှာ လာ ထိုင်ပါတယ် ။ အသက်က လေးဆယ် ကျော်လောက်ပြီ ။ ဝဝဖိုင့်ဖိုင့်နဲ့ ရုပ်ရည်ကတော့ သာမန်ပါပဲ ။ ကားစထွက်တာနဲ့ “ ကားလိုက်စီးလို့ ရမလား ” ဆိုပြီး ကျွန်တော့်ကို စည်းရုံးတော့တာပါ ။ ဒီအဖြစ်မျိုး ဂိတ်မှာ ပြန်ပြောတော့ ကားသမား တော်တော်များများ ကြုံဖူးတယ်တဲ့ ။ ဒါဟာ ရဲတင်းလွန်းတယ် ၊ လုံးဝ မကောင်းဘူး ။ ကျွန်တော့် သဘော ပြောရရင် သူ့ဟာသူ ဘာပဲ လုပ်စားစားပါ ။ ပွင့်လင်းတယ် ဆိုရင် တော်ပြီပေါ့ ။

တချို့ အရေးတကြီး ကားငှားစီးသူတွေ ရှိတယ် ။ ညဘက်ကြီးမှာ ကျွန်တော် ကြုံဖူးတယ် ။ သိမ်ဖြူလမ်းကနေ ရန်ကင်းဘက်ကို သွားဖို့ ညဆယ်နာရီ ထိုးကာနီးမှာ ကျွန်တော် မောင်းလာရင်း ကောင်လေး တစ်ယောက် ကားထွက်ငှားပါတယ် ။

“ အစ်ကို ... မြောက်ဒဂုံ သွားချင်လို့  ၊ အရေးကြီးလို့ ပါ ၊ လူနာသွားကြည့်ချင်လို့ ”

“ ဟာ ... ဒီအချိန်ကြီးကွာ ၊ အစ်ကိုလည်း ရန်ကင်းမှာ လူနာသွားကြိုရမှာ ”

“ ဖြစ်နိုင်ရင် ပို့ပေးပါဗျာ ၊ ကျွန်တော့်အဘွားက သွားချင်နေတာ ၊ ဟိုမှာ အခြေအနေ တော်တော်ဆိုးနေလို့တဲ့ ”

“ ဒီလိုလုပ်ကွာ ၊ အစ်ကို တာမွေဗလီနားကို ပို့ပေးမယ် ။ အဲဒီမှာ ကားတွေ ပေါတယ် ဟုတ်ပြီလား ”

“ ကျေးဇူးပဲ အစ်ကိုရာ ၊ ကျွန်တော် အဘွားကို သွားခေါ်ဦးမယ် ” 

ကျွန်တော် လိုက်ပို့ချင်ပေမယ့် ရန်ကင်းမှာ ကျွန်တော် လာကြိုမှာကို စောင့်နေတဲ့ အော်ဒါ ရှိတယ် ။ သူတို့ ကားပေါ် ရောက်တော့ အဘွားအိုက မေတ္တာရပ်ခံပြန်ရော ။

“ ဖြစ်နိုင်ရင် ပို့ပေးပါ လူလေးရယ် ၊ နောက်ကား ငှားရင် မသေချာမှာ စိုးလို့ပါ ”

“ ဟုတ်ပါတယ် အစ်ကို ၊ ဒီကနေ လမ်းတည့်ပါတယ် ”

ကျွန်တော် လက်ခံလိုက်ရတယ် ။ အပူသည်တွေ အတွက် တက္ကစီသမားတစ်ယောက်ရဲ့ တာဝန်ကို ကျွန်တော် နားလည်ရမယ်လေ ။ ဒါဟာ တကယ့်စိတ်ရင်းပါ ။ မြောက်ဒဂုံ ရောက်တော့ မပြီးသေးဘူး ၊ ကျွန်တော့် ကားနဲ့ ပဲ တယ်လီဖုန်းရှိတဲ့ နေရာကို နောက်ထပ် တစ်ဦး တက်လာပြီး ပို့ခိုင်းပြန်တယ် ။ ပြီးတော့ သူ့ကို လူနာ ရှိရာ ပြန်ပို့ပေးတယ် ။ ကျွန်တော် ကျသင့်တဲ့ ကားခတောင်းတော့ များလို့တဲ့ဗျာ ။ ညဘက်မှာ လိုက်ရတဲ့ ဈေးဟာ ဒီလောက်တော့ ရှိတယ် ။ အပြန်မှာ ဘယ်ခရီးသည်မှ မရှိတဲ့ အတွက် ဒါကိုလည်း တွက်ချက် တောင်းရတာကို မြောက်ဒဂုံမှာ နေထိုင်သူတိုင်း နားလည်တယ် ။

“ ခင်ဗျားတို့က တကယ့် ရိုက်စားပဲဗျာ ” တဲ့ ။

ကျွန်တော် ဒေါသ ထောင်းကနဲ ထသွားတယ် ။ ဒါပေမဲ့ ဘာမှ မပြောတော့ဘူး ။ ရန်ကင်း ရောက်တော့ ကျွန်တော့် အော်ဒါလည်း မရှိတော့ဘူး ။ ကားငှားပြီး ပြန်သွားကြပြီ ။ အဲဒီနောက်ပိုင်းက စပြီး ဒီနေ့အထိ ဆေးရုံတို့  ၊ ရဲစခန်းတို့ ရောက်ရင် ခရီးသည် ကျွန်တော် မတင်ဘူး ။ အပူသည်တွေ ဆီက ပိုက်ဆံကို တောင်းလည်း မတောင်းချင်ဘူး ။ ပတ်လည်း မပတ်သက်ချင်ဘူး ။ လူတော်တော်များများဟာ သူတို့ ဖြစ်နေတဲ့ ပူပင်သောကကို တက္ကစီသမားဘက် လှည့်ချတတ်တာ ကြုံရပေါင်းများတော့ အပူသည်ဆို ရှောင်တာ ကောင်းတယ် ။ စဉ်းစားကြည့်ပါ ။ လူတစ်ယောက် မကျန်းမာလို့ ဆေးရုံတင်တာ ၊ ကျွန်တော် ကားနဲ့ တိုက်လို့ တင်တာမှ မဟုတ်တာ ။ လူတစ်ယောက် ရဲစခန်းမှာ အချုပ်ခံနေရတယ် ၊ ကျွန်တော့်ကြောင့်မှ ဟုတ်တာ ။ တက္ကစီသမားဆီ ရောက်ရင် သူတို့ မကျေနပ်တာတွေ လာပြီး အဖျားခတ်တော့တာပဲ ။ ဆေးရုံက ကုန်ကျစရိတ်တွေနဲ့ ကားခကို ထည့်ထည့် ပေါင်းသေးတယ် ။ အမှုအတွက် စရိတ်စက ထဲမှာ ကားခကို ထည့်ထည့် ပေါင်းသေးတယ် ။

“ သွားရလာရတာ ကားခတွေ နင့်နေတာပဲ ”

“ ဒီအတိုင်းဆို ကားခနဲ့ မွဲလိမ့်မယ် ”

မယုံမရှိနဲ့  ၊ အဲဒါတွေ တကယ် ပြောနေကြတာပါ ။ စားဖို့သောက်ဖို့ သွားကြရင် ၊ ပျော်ဖို့ရွှင်ဖို့ သွားကြရင် ၊ ရစရာလေး ရှိလို့ သွားကြရင် ဒါမျိုး စကားတွေ မပြောကြတော့ဘူး ။ ကြွားဝါတာတွေ နားမခံသာအောင် ကြားရပေမယ့် ကားခကိစ္စကို အသေးအဖွဲ သဘောထားတာနဲ့တင် ကျေးဇူးတင်မိပါတယ် ။ ဒါမျိုး ထမင်းရှင်တွေနဲ့ ပဲ ကြုံချင်ပါတယ် ။ အထူးသဖြင့် ဘုရားဖူးသွားမယ့် ခရီးသည် မျိုးဆို သိပ်ကြိုက် ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ကုသိုလ်ကောင်းမှု လုပ်တော့မယ်ဆိုရင် တကယ်ချစ်ဖို့ ကောင်းတဲ့ အချက်က စိတ်နှလုံး နူးညံ့နေခြင်းပဲ ။ တခြား ကိစ္စတွေ ကျွန်တော် သက်သေ မပြနိုင်ပေမယ့် ဘုရားဖူး သွားမလို့ ကားငှားကြတိုင်း ...

“ ဘယ်သွားမလို့လဲ ခင်ဗျား ”

“ ရွှေတိဂုံဘုရား သွားမယ် ၊ တောင်ဘက်မုခ်ကို ပို့ပေးရမှာ ” 

“ ( ... ) ပဲပေးပါ ”

“ များတယ် ၊ လျှော့ဦး ”

“ ( ... ) လျှော့ပေးမယ် ၊ ကုသိုလ်ရအောင် လျှော့ပေးတာပါ ... ”

“ ကျေးဇူးပဲ ၊ ကဲ တက်ဟေ့ ”

ဒီလိုမျိုး သုံးလေးယောက် ကားပေါ် ပါလာပြီဆိုရင် ဘယ်တော့မှ စိတ်မချမ်းမြေ့စရာတွေ မကြားရတော့ဘူး ။ သားသမီးရှိတဲ့ လူက သူ့သားသမီး အကြောင်းပြောမယ် ၊ မိဘအကြောင်း ပြောတဲ့ သူကလည်း ပြောမယ် ၊ တချို့ဆိုရင် ရှင်ဆန္ဒာဓိက အကြောင်း ၊ တောင်စွန်းဓမ္မဒူတ ဆရာတော် အကြောင်း ၊ မဇ္ဈိမဂုဏ်ရည်ဆရာတော်အကြောင်း ပြောကြတယ် ။ တရားအကြောင်းတွေ ဆွေးနွေးကြတယ် ။ ကားပါကင် ဝင်ဖို့ ဝင်ကြေး ပေးရင်လည်း သူပေးမယ် ၊ ငါပေးမယ်နဲ့ ကားခ ပေးတော့လည်း အလုအယက်ပဲ ။ မိသားစုလိုက် ကားငှားတဲ့ အခါမှာ လည်း ဘုရားပေါ် ရောက်ရင် မဆော့ဖို့ ၊ ဘယ်သူက ဘယ်သူ့ကို ထိန်းဖို့ ၊ အပြန်ကျရင် ဘယ်လိုက်ပို့မယ် ၊ ဘာဝယ်ကျွေးမယ်နဲ့ ပျော်စရာပဲ ။ အထူးသဖြင့် သမီးရည်းစားစုံတွဲတွေ ဘုရားဖူးသွားဖို့ ကားငှားရင် ဈေးမဆစ်ကြဘူး ။ ဘာသာတရားနဲ့ ကောင်းမှု ကုသိုလ် လုပ်တာလည်း ရှိသလို ၊ စိတ်စေတနာတွေနဲ့ နေထိုင် ကျင့်ကြံ ပြောဆို သွားကြရင်း ကုသိုလ် ကောင်းမှုလုပ်တာလည်း ရှိကြပါတယ် ။ ဒီသဘော နှစ်ခု ထိပ်တိုက် တွေ့ကြရင် ပြဿနာနည်းနည်း ရှိတ ယ် ။ ဒါကို တွေးမိစေတာက ကိုမြတိုး ကြောင့်ပေါ့ ။

ကိုမြတိုး စိတ်ကောင်းရှိတာ ဂိတ်က လူတွေ အားလုံးသိတယ် ။ ကျွန်တော်တို့ ဈေးမကိုက်လို့ မလိုက်ချင်တဲ့ ခရီးမျိုးကိုတောင် လာတဲ့ ခရီးသည် ရဲ့ ပုံပန်းသဏ္ဌာန်နဲ့ အခက်အခဲကို ဝါရင့်တက္ကစီသမား ဖြစ်တဲ့ ကိုမြတိုး ရိပ်မိရင် လိုက်ပို့တာပဲ ။ ညဉ့်နက်သန်းခေါင်ကြီး သူ့အိမ် အရေးတကြီး ကားသွားငှားရင်လည်း ဈေးနှုန်းကိစ္စ ထည့်မပြောဘဲ ကူညီတာပဲ ။ ဂိတ်က ကားတစ်စီးစီး ညဘက်မှာ မလိုက်သင့်တဲ့ နေရာ အငှား ပါသွားပြီး ပြန်မလာတာ ကြာရင် သူပဲ အပူတကြီး လိုက်ရှာတယ် ။ ဒါမျိုးလေးတွေပေါ့ဗျာ ။

တစ်နေ့တော့ သူ့ယောက္ခမကြီးရဲ့ အစ်ကို နဲ့ သူ ပြဿနာ တက်ကြတယ်ဗျ ။ “ ဦးပျော့ ” လို့ပဲ ခေါ်ကြပါစို့ ။ ဦးပျော့ က တရားစခန်းဝင်ဖို့ မှော်ဘီ ကို လိုက်ပို့ပေးပါလို့ ကိုမြတို့ မိန်းမက အကူအညီ တောင်းတယ် ။ ဦးပျော့ က မကြာမကြာ တရားစခန်း ဝင်လေ့ရှိတာမို့ ကိုမြတိုး က လိုက်ပို့ပေးမယ်လို့ ကတိထားခဲ့တယ် ။ တကယ် သွားမယ့်နေ့ကျတော့ ဦးပျော့ က အိမ် အရောင်းအဝယ်ကိစ္စ ရှိလို့ ရက်ရွှေ့လိုက်ရော ။ တရားစခန်းက တာဝန်ခံတွေကိုတော့ ကျန်းမာရေးအကြောင်း ပြလိုက်တယ် ။ ကိုမြတိုးက ဒါမျိုး မကြိုက် ။

“ ဒီလူကြီးတော့ ငါ့စိတ်နဲ့ ပြဿနာပဲ ”

“ ဘာဖြစ်လို့ လဲ ၊ နောက်နေ့ သွားပို့ရမယ် မဟုတ်လား ”

“ ဟ .. ငါက အော်ဒါ အပျက်ခံပြီး စောင့်နေတာကွ ၊ သွားရမယ့် ခရီးက ကြည့်ဦး ”

နောက်နေ့ ရောက်တော့လည်း ချိန်းတဲ့ အချိန်မှာ မသွားဖြစ်ဘဲ ညနေကျမှ အဝတ်အိတ်ကြီး ဆွဲပြီး ကားဂိတ်ရောက်ချလာပါတယ် ။

“ မောင်တိုး တွေ့လားဟေ့ ”

“ ကား ဆီသွားထည့်တယ် ဦးကြီး ၊ ဒီနေ့ လဆန်းရက် ဆိုတော့ နည်းနည်း ပိုကြာလိမ့်မယ် ”

“ ဟာကွာ .... ဒီကောင် ”

ဦးလေးကြီး ဒေါကန်ပြီး တောက်တွေ ဘာတွေ ခေါက်လို့ဗျ ။ ဂိတ် ဆိုတာကလည်း သိတဲ့ အတိုင်းပဲလေ ။ စတတ်နောက်တတ်တဲ့ လူတွေ ၊ ကလိတတ်တဲ့ လူတွေ ရှိနေတာကိုး ။

“ ဦးလေးကြီး ကိုမြတိုးက သေချာတာ မဟုတ်ဘူး ၊ မနက်မှ သွားလို့ မရဘူးလား ”

“ ဟ ... ဒါ ကလေးကစားစရာ ကိစ္စ မဟုတ်ဘူးကွ ၊ ငါ ရိပ်သာကို ဒီနေ့ ရောက်မယ် ပြောထားတာ ၊ ဒီကောင့်ကို ငါ သေသေချာချာမှာ ထားရဲ့နဲ့ကွာ ”

“ မနက်ကတော့ သူ စောင့်နေတာပဲ ”

“ ဘာဆိုင်လဲကွ ၊ ငါ သွားမယ်ဆိုတာ သိရင် သူ စောင့်ကို စောင့်နေရမှာပေါ့ ”

ဒီလို ပြောကြဆိုကြရင်း ဦးလေးကြီး ခဏကြာတော့ ကိုမြတိုး ကို အိမ် က စောင့်နေမယ် ဆိုပြီး ပြန်သွားရော ။ ကိုမြတိုး ပြန်လာတော့ ညနေ ၃နာရီ ကျော်နေပြီ ။ သူ့မိန်းမနဲ့ ယောက္ခမလည်း အိမ်မှာ ဦးလေးကြီး ဆူလွန်းလို့ ဂိတ်မှာ လာထိုင်နေတယ် ။ ကိုမြတိုး ကတော့ တစ်ခွန်း ပဲပြောတယ် ။

“ မနက်စောစောမှ ပို့ပေးမယ် ” တဲ့ ။

“ ကျွန်မတော့ သေချင်တာပဲ ၊ ဟိုမှာလည်း ဒေါသူပုန်ထနေပြီ ၊ သက်သက်နှောင့်ယှက်တာလို့ ပြောနေတယ် ၊ လူကြားလို့ မကောင်းဘူး ”

“ အေး .. အဲဒီစိတ်နဲ့တော့ တရားစခန်း သွားမနေနဲ့တော့လို့ ပြောလိုက် ၊ မင်း သွားပြောလိုက် ၊ ငါ အဲဒီအတိုင်း ပြောတယ်လို့  ၊ ဘာလဲကွ မင်းဥစ္စာက ၊ သူ လူကြီးပဲ ၊ တရားစခန်းတွေ ဒီလောက် ဝင်ဖူးနေတာ မျှမျှတတ တွေးမှ ပေါ့ ၊ ငါ့ကားရှေ့မီးကြီး သိပ်မကောင်းဘူး ၊ မှော်ဘီလမ်း ဆိုတာ အတက်အဆင်းတွေ ၊ အကွေ့အကောက်တွေနဲ့ ညကြီး မသွားချင်ဘူး ”

“ ဖြစ်နိုင်ရင် ပို့ပေးလိုက်ပါ အစ်ကိုရယ် ၊ ကျွန် မစိတ်ညစ်တယ် ၊ တကယ်ပဲ ”

“ ငါက မပို့ပေးတာမှ မဟုတ်တာ ၊ သူ့ဟာသူ အိမ်ပွဲစား လိုက်လုပ်နေလို့ မသွားဖြစ်တဲ့ ကိစ္စပဲ ၊ ငါ ပို့မယ့်အချိန် သူစောင့်ပေါ့ ”

“ ဒါတော့ ဒါပေါ့ ၊ ဟိုမှာက ဒီညမှ မဝင်ရင် ဝင်လို့ ရမှာ မဟုတ်တော့ဘူး ”

“ အေး ... ဒီ စကားကို ငါ စောင့်နေတာ မိန်းမရေ ၊ မင်း ပြောမှ ပြောပါ့မလားလို့  ၊ မင်းဘကြီးကို ပြောလိုက် ၊ နိဗ္ဗာန်ရောက်ကြောင်းတရားရဲ့ အဓိက ပြဿနာဟာ အချိန်ပဲကွ ၊ အခုချိန် အခုခါမှာ နိဗ္ဗာန်ရောက်ဖို့ အားတက်သရော မကြိုးစားဘဲ ယောင်တောင်တောင် လုပ်နေမယ် ၊ ခဏခဏ ရိပ်သာဝင် ၊ တရားစခန်း ဝင်ပြီး လူကြားကောင်းရုံ အားထုတ်နေလို့ ကတော့ ဘယ်တော့မှ တရား မရဘူး ၊ ဘယ်ဘုရား ရှင် သာသနာပဲဖြစ်ဖြစ် နိဗ္ဗာန် ရောက်ကြောင်း တရားဟာ ဒီတရားပဲ ၊ ပိုလည်း မဟောဘူး ၊ လျော့လည်း မဟောဘူး ၊ ပါရမီတွေ ဘာတွေ လျှောက် မပြောဘဲ တကယ့်ကို နိဗ္ဗာန်တရားကို ဇွဲရှိရှိ အားထုတ်မှ ရတယ် ၊ သွားပြီး ပြန်လာရုံနဲ့တော့ ဆရာတော်တွေ ၊ အလှူရှင်တွေ ၊ စေတနာရှင်တွေကို အားနာဖို့ ကောင်းပါတယ်ကွ ၊ မင်း သေသေချာချာ ရှင်းပြလိုက်စမ်းပါ ”

“ ကြိုက်တယ်ဗျို့  ၊ဒါမှတို့ ဂိတ်မှူးကွ ” လို့ ထအော်ချင်လိုက်တာ ။ သူ့မိန်းမ ပြန်မပြောပေမယ့် ယောက္ခမကြီး ကတော့ ပြန်ပြောတာပေါ့ ။ ဇာတ်လမ်းကို နိဂုံးချုပ်တော့ ဦးလေးကြီး ပစ်ပေါက်လိုက်တဲ့ လက်ဖက်ရည်ပန်းကန် နှစ်လုံး ကွဲသွားပါတယ် ။ သူ့ဟာသူ ကားစီစဉ်ပြီး သွားဖို့ ကိုမြတိုးဇနီး က ငွေငါးထောင် ကန်တော့လိုက်ရတယ် ။ ဘာပဲဖြစ်ဖြစ် ကိုမြတိုး မှန်တယ် ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment