“ ငါ ရင်နာတယ် သိလား ၊ ငါသိပ် ရင်နာတယ် ၊ နင့်အကြောင်း ကြားလိုက်ရရင် ဟိုကောင်မကို သနားရတာနဲ့ ၊ ဒီကောင်မကို ကူညီလိုက်ရတာနဲ့ ။ ဟင် ... နင့်ကို အဆိုတော်ကြီး ဦးဘညွန့် လို ချစ်ဒုက္ခ မိုးအောင် လို့ ခေါ် ရမလိုဖြစ်နေပြီ ။ ကြည့် ပြောလိုက်ရင် မျက်နှာသေလေးနဲ့ ၊ ဟွန်း ၊ နင်နဲ့ မတွေ့တာပဲ ကောင်းတယ် ။ အခု ကားလိုင်စင် ဝင်ဖို့ ဘယ်လို လုပ်မလဲ ၊ နင့်ကောင်မက ဘာမှ မကူညီဘူးလား ၊ အမယ်လေး ၊ ဟွန်း ၊ လူတွေကြည့်တော့ ကော်ဖီဆိုင် ထိုင်ရတာနဲ့ ၊ စတိတ်ရှိုးကြည့်ရတာနဲ့ ၊ ငါလေ ... ပြောလိုက်ရရင် ”
နောက်ဆုံးတော့ “ မမ ” ဘူတာပဲ ဆိုက်ရတော့တယ် ။
ကျွန်တော် ကားလိုင်စင် ဝင်ဖို့ ရက်တွေ ကျော်နေလို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတာတွေ သူ ကြားသွားတယ်ဗျို့ ။ ကျွန်တော့်ကို လာခဲ့ပါတဲ့ ။ သွားတာပေါ့ ။ ဒီလို ခေါ်ပါ့မလားလို့ ပူနေတာ ။ ကိုမြတိုး ကောင်းမှုပေါ့ လေ ။ မမကြီး က တွေ့တာနဲ့ ဆူတော့တာပဲ ။ သူ့အိမ်မှာ ဆိုတော့ ငိုတာရှိုက်တာ မလုပ်ဘူး ၊ ကောင်းကောင်း ဆူတယ် ။
“ နင့်ကို ငါသိပ်သနားတယ် သိလား ၊ နင့်ကို နင့်ကောင်မတွေ ကွယ်ရာမှာ ဟားနေမှာ ငါ မြင်ယောင်သေးတယ် ၊ ပြောလိုက်ရင် မိုးအောင်တို့ က သူများ မျက်ခုံးမွေးပေါ် စင်္ကြံလျှောက်တာပါတဲ့ ၊ အခုကြည့်လေ ၊ ကာရာအိုကေမ တုန်းကလည်း ကုန်မလို ဖြစ်ပြီးပြီ ၊ အခု အဆိုတော်ရူးမနဲ့ တွေ့ပြန်ပြီ ၊ မိုးအောင် နင်ဟာလေ မိန်းမ ဆိုရင် ဟွန်း ၊ ငါ .. ၊ ဟို ငါပြောနေတာ ကြားလား ၊ နင် မီးနေခန်းထဲကတောင် ထွက်ရမှာ မဟုတ်ဘူး သိလား ၊ ကန်တော့ပါရဲ့ ၊ ငါ ဒီလိုပဲ ပြောလိုက်ချင်တယ် ”
“ သူ့မှာလည်း အကြွေးတွေနဲ့ မို့ မပေးတာပေါ့ဗျာ ၊ ဒါတွေ ပြောမနေပါနဲ့ တော့ ”
“ ဟင် ၊ နင်က အခုထိ လိုက် နာပေးနေတုန်းပါလား ၊ နင့်ကို ဟိုက တမင် ခိုင်းကောင်းလို့ ခိုင်းနေတာဟဲ့ ၊ နင်မသိဘူးလား ”
“ နေပါဦး ၊ မမ ဘာတွေ သိလို့ လျှောက်ပြောနေတာလဲ ”
“ ဟေ့ ငါ အကုန်သိတယ် ၊ နင် ငါ့ကို ငတုံးများ ထင်နေလား ၊ နင့်ကား ကို လပေးစီးပြီး ကားခ မပေးတာ ဘယ်လောက် ကြာပြီလဲ ၊ နင့်ကောင်မ လူတကာကို လျှောက်လိမ်နေတာပါ ငါ ထုတ်ပြော ရမှာ လား ၊ နင့်ကောင်မ ငွေတွေ ဆွဲသုံးထားတဲ့ ကျော်ကျော်ဦး ဆိုတာ ငါ့သူငယ်ချင်းရဲ့ မောင်တဲ့ သိပြီလား ၊ ဟိုက အကြွေးနဲ့ သိမ်းတော့မှာ ၊ နင်သိလား ”
“ ဟာဗျာ ၊ ချစ်တီးခေတ်မှ မဟုတ်တာ ၊ သိမ်းလို့ ရမလား ”
“ အလို ... ကိုရှေ့နေကြီး ၊ ခုထိ မသိသေးဘူးလား ၊ ကျော်ကျော်ဦး ဆီမှာ နင့်ကောင်မအဖေက အလုပ် လုပ်နေရတာ မသိဘူးလား ”
“ သူများ အကြောင်း ကျွန်တော် စိတ်မဝင်စားဘူး ၊ အပျိုကြီးတွေသာ စိတ်ဝင်စားတာ ”
“ ဟင် ၊ နင် ... ၊ အေးပေါ့လေ နင်ပြောတော့ ခံရမှာပေါ့ ၊ ငါကမှ မကင်းနိုင်တာ ၊ ဟုတ်ပါတယ် ပြောပါ ၊ ပြောပါ ၊ ငါကိုက ဆတ်ဆော့ပြီး ခေါ်မိတာကိုး ၊ အပြောခံရမှာပေါ့ ၊ ငါ့ကံ ကိုက ဆိုးတာပါတယ် ။ တော်ပါပြီ ။ နောက် နင် ဘာလုပ်လုပ် မပြောတော့ပါဘူး ၊ ဟိုတစ်ခါတည်းက အိမ်ထောင်ပြုမလို့ စဉ်းစားပြီးသား ၊ နင့်ကို မပြတ်လို့ ငါ ငြင်းလိုက်မိတယ် ၊ ငါ့ဝ ဋ်ကြွေးပေါ့လေ ၊ တော်ပါပြီ ။ တော်ပါပြီ ၊ ဟင်း ... ၊ ငါ့စေတနာတွေ အလကားပဲ ၊ နင်ကတော့ ဒါတွေ ဘယ်သိမလဲ ၊ ငါ့ကို ကျောဖို့ ကြံတယ် ၊ အပျိုကြီး လင်လိုချင်နေတယ်ပဲ ထင်တယ် ၊ ငါ လင်လိုချင်တာ မဟုတ်ဘူး ၊ ငါအချစ်ကို လိုချင်တာ မိုးအောင် သိလား ။ အေးလေ .. နင် ဘယ်သိမလဲ ။ နင် တွေ့ဖူးတဲ့ မိန်းမတွေက ငါ့လိုမှ မဟုတ်တာ ။ ငါက အချစ်ဆိုတာကို မြတ်နိုးတယ် ၊ ငါ့ကို ပြန်မချစ်ရင် နေပါစေ ၊ ငါ့အချစ်ကို လေးလေးစားစား တန်ဖိုးထားရင် နင့်ကို ငါ ကျေးဇူးတင်မိမှာ ၊ အခုတော့ အလကားပဲ ၊ နင်က ကျောဖို့ပဲ တွေးနေတယ် ၊ ငါ သိတာပေါ့ ၊ ငါက နင့်ထက် ထမင်း အရင်စားတာ ၊ ငါ သိတာပေါ့ ၊ ထားပါတော့လေ ။ ကျွဲပါးစောင်းတီး နေလို့မှ မရတာ ၊ ဒါတွေ ပြောရင် စိတ်ညစ်စရာဖြစ်လာမယ် ။ မနက်ဖြန် ကိုမြတိုး ကို လွှတ်လိုက် ၊ အုံနာစာအုပ်ပါ ထည့်ပေးလိုက် ကြားလား ၊ နင့်လက်ထဲ ပိုက်ဆံ ရောက်ရင် ကုန်သွားမှာ ”
“ နေပါဦး ၊ ကျွန်တော် ငွေလိုတယ်လို့ ပြောမိလို့ လား ”
“ အမယ်လေး ၊ ကိုယ်တော်လေးရယ် ၊ ကျွန်မ မှားပါတယ် ၊ ကူညီချင်လို့ ပါတော် ၊ ကျေးဇူးရှင်လေးရဲ့ ၊ မာနကလည်း ကြီးပါ့ ”
မဟုတ်သေးပါဘူး ၊ ကျွန်တော့် စိတ်တွေ တစ်မျိုး ဖြစ်သွားပြီ ။ ရှက်သွားတာဗျ ။ တကယ် အခွင့်အရေးရပြီ ဆိုတော့ ကျွန်တော် ရှက်မိတယ် ။ သူ့ကို ကျွန်တော် ကျောရရုံ ကြံတယ်တဲ့ ။ ဒါကို ပြောပြီး ငွေထုတ်ပေးတယ် ။ မဖြစ်ဘူး ။ ကျွန်တော် ရှက်ရမယ် ။ သူပြောတာတွေ စဉ်းစားကြည့်တော့ ဟိုကောင်မလေးကိစ္စတွေဟာ မှန်သလိုလို ရှိသား ။ လျှောက်လိမ်နေတာတဲ့ ။ အိုဗျာ ... ဟုတ်ချင်မှ ဟုတ်မှာပါ ။ မိန်းမပါးစပ် ဆိုတာ ဒီလို ပြောတတ်တာချည်းပဲ ။ ကောက်ချက်လေး နည်းနည်းချလို့ ရရင် ပြောချင်တာ ဇွတ်ရွတ် ပြောတတ်တယ် မဟုတ်လား ။ ထားပါတော့လေ ၊ မမ ကို ကျွန်တော် ရင်မဆိုင်ချင်တော့ဘူး ။ သူပြောတာတွေဟာ သူ့အတွက် တော်တော် စိတ်ဒုက္ခရောက်နေတာ သေချာတယ် ။ ကျွန်တော် ပျော်စေပျက်စေ သဘောထားမိတာတွေ စိတ်မကောင်းဖြစ်မိပြီ ။
“ ဟဲ့ ဘာဖြစ်နေတာလဲ ၊ ပြောလိုက်ရင်မျက်နှာက ... ”
“ ဘာမှ မဖြစ်ပါဘူး ၊ ကျွန်တော် စဉ်းစားနေတာပါ ”
“ ဘာလဲ ၊ စောစောက ပြောတာတွေကိုလား ၊ ငါက စေတနာနဲ့ ပြောတာနော် ၊ တစ်မျိုးမထင်နဲ့ ၊ နင်က အရမ်း သဘောကောင်းတယ် မဟုတ် လား ၊ စိုးရိမ်လို့ ပြောတာပါ ”
ဒီစကားဟာ နင်ငတုံး လို့ ပြောတာနဲ့ အတူတူပါပဲ ။ မိန်းမတစ်ယောက်ယောက်က ကိုယ့်ကို ငတုံးလို့ ခေါ်လာရင်သိပ်ခံရခက်တာဗျ ။ မိန်းမတစ်ယောက် ယောက်က ကိုယ့်ကို ဒီလို သတ်မှတ်ပြီ ဆိုရင် ကျန်တဲ့ လူတွေကလည်း လက်ခံလိုက်ကြမှာပဲ ။ လူ့ဘဝမှာ တော်တော် ရှက်ဖို့ ကောင်းတဲ့ ကိစ္စလို့ ကျွန်တော် ထင်တယ် ။ ကွယ်ရာမှာ ကျွန်တော့် အကြောင်းတွေ ပြောပြီး ဟားနေကြရောပေါ့ ။ အဖေ က ပြောတာ စိုးရိမ်လို့ လို့ ပြော နဂိုကမှ ကားဆွဲပြီး ပိုက်ဆံ မစုထားလို့ ပြောပေါင်း များလှပြီ ။ ဒါတွေသာ သိရင် ဘယ်လောက် ဆူလိုက်မလဲ ။ တကယ်တော့ ကျွန်တော့် အသက်ဟာ နှစ်ဆယ့်ရှစ်နှစ် ရှိနေပြီ ။ တော်တော် တည်ငြိမ်သင့်တဲ့ အရွယ်ပါ ။ ကျွန်တော့်ဟာ ကျွန်တော်တော့ ဘာမှ မမှားဘူး ထင်ပြီး ကောင်မလေးတွေနဲ့ တွဲသွားတွဲလာ လုပ်နေတာပဲ ။ အခု ပြန်စဉ်းစားကြည့်မှ အချိန်ကုန် လူပန်းပြီး အကြွေးတင်ရမယ့် ကိန်း ဆိုက်နေပါတော့တယ် ။
မတတ်နိုင်ဘူးဗျို့ ။
ကိုယ့်ကိုယ်ကိုယ် ဖျံ လို့ ထင်ထားတာ ဒီလို ခံရမှ ကောင်းတယ် ။ ဟုတ်တယ် ။ ကျွန်တော် ငတုံး အစစ်ပဲ ။ ငတုံး ဖြစ်ရတာက အားနာလို့ပါ ။ မိန်းကလေးတွေနဲ့ ပတ်သက်လာရင် သိပ်အားနာလွန်းတယ် ။ တကယ် တွေ့ရင် ကိုယ့်ဘက်က လျှော့ပစ်လိုက်တာ များတယ် ။ ပြီးတော့မှ အခုလို နောင်တရနေရော ။ အားနာတတ်လွန်းတော့ ခံရတာပေါ့ ။ မမ နဲ့ ပတ်သက်ပြီး အားနာတာကြောင့် ခဏခဏ စိတ်ညစ်ရတာတွေလည်း မနည်းတော့ဘူး ။ သူ့ကို မတွေ့အောင် ရှောင်မယ်လို့ ခဏခဏ စဉ်းစားပါလျက် သူက တွေ့ချင်ပြီ ဆိုရင် အားနာတာနဲ့ပဲ ရောက်လာမိရော ။ သူ့ပိုက်ဆံကိုတော့ မယူချင်တော့ဘူးလေ ။ အိုဗျာ .. ၊ သူနဲ့မှ မဟုတ်ပါဘူး ၊ ရီတာနွယ် နဲ့လည်း မတွေ့ဖြစ်အောင် နေတော့မယ် ၊ သူ့ဟာသူ ရှုပ်ယှက်ခတ်နေတာ မဟုတ်လား ။
တစ်ယောက်က သိပ်အလိုလိုက်လွန်းတယ် ။ တစ်ယောက်က သိပ်ဆိုးနွဲ့လွန်းတယ် ။ ဒီနှစ်ယောက်ကို ရှောင်ပြီး အေးအေးဆေးဆေး နေတော့မယ် ။ အစွန်းနှစ်ဖက် လွတ်အောင် နေတဲ့ သဘောပေါ့ ။ နှစ်ယောက်စလုံးဟာ သူ့ဟာနဲ့ သူ ဒုက္ခသည်တွေချည်းပဲ ။ ကျွန်တော့်ကို သူတို့ ပြောချင်ရာ ပြော ၊ ဆိုချင်ရာ ဆို လုပ်လွန်းကြတယ် ။ တော်ပြီ ၊ ဒီကနေ့က စလို့ နှစ်ယောက်စလုံးကို တာ့တာပဲ ၊ သွားကြပေတော့ ။
ကျွန်တော်က လူတစ်မျိုး ၊ တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီးပြီ ဆိုရင် မြန်မြန်လုပ်လေ့လုပ်ထရှိတယ် ။ အခု ကြည့်လေ ၊ မမ ရှေ့ကနေ မပြောမ ဆို ကောက်ထပြီး ပြန်ပြီ ။ သူကရုတ်တရက် ဘာမှ မပြောသေးဘဲ နေနေရာက ကျွန်တော့် လက်မောင်း ကိုင်လိုက်တယ် ။ ကျွန်တော် သူ့ကို စေ့စေ့ကြည့်ပြီး
“ ဒီမှာ .. ဒီနေ့ဟာ မိုးအောင် နဲ့ နောက်ဆုံး တွေ့ဆုံခြင်းလို့ မှတ်လိုက်ပါ ၊ မိုးအောင် ဟာ ဘယ်တော့မှ သူများ အကူအညီကို လက်ဖြန့်တောင်းတဲ့ လူစား မဟုတ်ဘူး ၊ ခင်ဗျားကြီးကို ကျုပ် မချစ်ဘူး ၊ ဘယ်မိန်းမ ကိုမှလည်း ကျုပ် မချစ်ဘူး ၊ ဒါကို ခင်ဗျားကြီး မှတ်ထားလိုက် စမ်းပါ ” လို့ ပြောချလိုက်တယ် ။
“ ဟဲ့ ... ဘာဖြစ်နေတာလဲ ၊ ထိုင်ပါဆို ”
သူက လက်မောင်းကို ဆောင့်ဆွဲရင်း ပြန်ထိုင်ခိုင်းနေပြီ ။ စောစောက ပြောချလိုက်တယ် ဆိုတာ စိတ်ထဲမှာ ပြောချတာပါ ။ ဘယ် ပြောထွက်မှာ လဲဗျာ ။ ကျွန်တော့်ကိုယ် ကျွန်တော် သိတာပေါ့ ။ သိပ်အားနာတတ်တဲ့ကောင် မဟုတ်လား ။
“ ရော့ ... မနေ့က ဝယ်လာတာ ဝတ်ကြည့်ဦး ”
သူက ကျွန်တော့် ပေါင်ပေါ်ကို အထုပ်တစ်ထုပ် ထိုးပေးပါတယ် ။
“ ဝတ်ကြည့်လေ ၊ ဘာဖြစ်နေတာလဲ ”
“ အားနာစရာဗျာ ၊ ပြန်သိမ်းထားလိုက်ပါ ”
“ လာပြန်ပြီ ၊ ဒီစကား ၊ ရော့ .. ဝတ်ကြည့်ပါဆို ”
မလွယ်ဘူး ။ သူ့ဟာ က ကျွန်တော် မဝတ်ကြည့်ရင် လူကြီးက ကလေးလေးကို အဝတ်အစားလဲ ခိုင်းသလို ရိုက်နှက်ပြီး လဲခိုင်းမယ့် ပုံမျိုး ။ သူ့အချစ် စစ်မြေပြင်မှာ တော့ သူ ပြောသလို လုပ်ရမှာပဲလေ ။ အင်္ကျီ တစ်ထည်ဗျ ၊ ကျွန်တော် ကြိုက်တဲ့ အပြာနုရောင်လေး ။ သူက ထိုင်ခုံကနေ ထလာပြီး ကျွန်တော့် နောက်က နေရင်း ဆံပင်တွေကို သူ့လက်တွေနဲ့ ထိုးဖွပြီး “ ဆံပင်ကလည်း ရှည်နေလိုက်တာ ၊ ညှပ်လိုက်တော့ ၊ ကြည့်မကောင်းဘူး ၊ ဘယ် ... ကားသမားလုပ်ပြီး ဒီဆံပင်ကြီးနဲ့ ပူကပူနဲ့ ၊ မပြောချင်တော့ဘူး ” ဘာညာ ဆိုပြီး နိုင့်ထက်စီးနင်း ပြောနေပါတယ် ။ ကျွန်တော့်များ သူ့အိမ်မွေးတိရစ္ဆာန်လေး မှတ်နေသလား မသိဘူး ။
“ ဆေးလိပ် မသောက်ပါနဲ့ ဆိုတာလည်း ပြောမရဘူး ၊ နင့်ကိုလေ ငါ ... ဟွန်း ” ဆိုပြီး ပခုံးကို လေးငါးချက် ခပ်ဖွဖွလေး ထုသေးတယ် ။ ကျွန်တော် အေးဆေးပဲ ။ ဟန်ပေါ့ဗျာ ၊ ဟုတ်လား ။ ခပ်ပေပေတေတေ ဂိုက်မျိုးပေါ့ ။ စိတ်ထဲမှာ စောစောက ပြောချလိုက်တော့မယ့် စကားတွေ အကုန် မျိုသိပ်ထားလိုက်တော့တယ် ။ ဒါ ကျွန်တော့်ရဲ့ ပုံသေမူဝါဒပဲ ။ စိတ်ဆိုတာ အစိုး မရဘူးလေ ၊ ဟိုဆို ... ဒီ ၊ ဒီဆို ... ဟို ဖြစ်တတ်ပါတယ် ။
သူက ကျွန်တော့် ဆံပင်တွေကို လက်နဲ့ နောက်ကို ဆွဲဆွဲသပ်တင်ရင်း သူ့ အချစ်တွေ သူ မွေးဖွားနေရှာတယ် ။ သူ့ကို ကျွန်တော် ဘယ်လိုလုပ်ပြီး “ မချစ်ဘူး ” ဆိုတာ ပြောထွက်ပါတော့မလဲ ။ ဘယ်ယောက်ျားကရော ကျွန်တော့်နေရာ ရောက်ရင် ပြောထွက်မှာလဲ ။ သူသူကိုယ်ကိုယ် ဒီလိုပဲ ဖြစ်တတ်ပါတယ် ။ ကျွန်တော်တို့ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီးတောင် နုစဉ်အခါက ဥဒေါင်းမင်းဘဝမှာ အချစ်ကြောင့် မာယာကျော့ကွင်း သက်ဆင်းခဲ့ရသေးတာပဲ ။ ဆဒ္ဒန်ဆင်မင်းဘဝ မှာလည်း ကြည့်ပါလား ။ သုဘဒ္ဒါ ကို ချစ်ကြွေးဆပ်ပြီး သေပွဲဝင်ပေးခဲ့ရရှာတယ် ။ သည်းခံခြင်း ပါရမီဖြည့်တာ တောင် အချစ်က ပါသေးတယ် ။ “ မ ” ဆိုတဲ့ သတ္တဝါဟာ “ အား ” တကာ့ “ အား ” မှာ သူတို့ထက် သာတဲ့ “ အား ” မရှိဘူးတဲ့ ။ သူတို့ရဲ့ အဆင်း ၊ အသံ ၊ ရနံ့ ၊ အပြောအဆို ၊ အထိအတွေ့ မှန်သမျှ “ အား ” တွေချည်းပဲ မဟုတ်လား ။
လောကီနွံကြီး ထဲမှာ လူသတ္တဝါ အဖြစ် ကျင့်လည်တော့မယ် ဆိုရင် ဒီ “ အား ” တွေကို ဆန့်ကျင်ရတာ ဘယ်လွတ်ပါ့မလဲ ။ တစ်ခုတော့ ရှိတယ်ဗျ ။ ဒီ “ အား ” တွေဟာ သူတို့ချင်း ကျမှ ဆွဲလို့ ရကြတာ ။ “ အား ” “ အား ” ချင်း တွေ့ပြီဆိုတာနဲ့ ကျွန်တော်တို့ လွတ်ငြိမ်းချမ်းသာခွင့် ရပါလေရော ။ အခုပဲ ကြည့်လေ ၊ မမက သူ ဘယ်လောက်ချစ်တယ်ဆိုတာ သက်သေပြရင်း ရီတာနွယ် ကို ကျွန်တော် မေ့နိုင်အောင် သူ့ဘက်က ဆွဲအား ပြနေပြီ ။ သူတို့ချင်း ဘယ်သူမှ ရန်တိုက်ပေးဖို့ မလိုဘူး ။ သူတို့ဟာ သူတို့ အပြိုင်ကြဲပါတော့တယ် ။ သူတို့ကို ဘာမှ မသိဘူး ၊ နားမလည်ကြဘူး ၊ မိုက်မဲတယ်လို့ ဝင်ရှင်းပြလို့ ရမယ် ထင်လား ။ ကျွန်တော် လောင်းရဲတာပေါ့ ၊ တဂိုးဝတ္ထုတိုတွေ ထဲမှာ မိန်းမတွေဟာ ဘယ်တော့မှ အမှားကို မလုပ်ဘူးလို့ အမြဲယူဆတဲ့ အကြောင်းပါတယ်လေ ။ ဟုတ်တယ် ၊ မိန်းမတွေဟာ သူတို့ကို မှားတယ်လို့ သွားပြောရင် ဘယ်တော့မှ သည်းခံတာ မဟုတ်ဘူး ၊ ကြိုက်သလောက် မှားနေပလေ့စေ ။ သူတို့ဟာ အဲဒီ အမှားကို ပွေ့ပိုက်ပြီး လောကကြီးကို ရင်ဆိုင်နိုင်စွမ်း ရှိတယ် ။ ပြီးမှသာ သူတို့ဟာ သူတို့ ဝဋ်ကြွေးကို ပုံချလိုက်ပါရော ။
မိန်းမတွေထဲမှာ တစ်သိန်းကို တစ်ယောက် ဆိုသလို မှားတာကို မှားမှန်း သိတဲ့လူ ရှိတတ်ပါတယ် ။ သူတို့ ကျတော့ သိပ်လေးစားဖို့ ကောင်းသွားပြန်ရော ။ သူတို့ မှာ “ အား ” ကို စနစ်တကျ သုံးစွဲတတ်တယ် ။ အသိဉာဏ်ပညာအလိမ္မာနဲ့ “ အား ” ကိုပေါင်းပြီး ကျက်သရေရှိသွားတဲ့ အခါ အမျိုးကောင်းသားသမီး ဖြစ်သွားပါတော့တယ် ။ ကျွန်တော် ချစ်မယ့် မိန်းမဟာ အဲဒီလို ဖြစ်နေမှ ချစ်မှာ ။ ဒီနေရာမှာ ကိုယ်နဲ့ တန်သလား ၊ မတန်သလား သိပ်တွေးနေလို့ မဖြစ်ဘူး ။ ကျွန်တော် တွေ့ဖူးသမျှ မိန်းမတော်တော်များများဟာ ရုတ်တရက်တော့ ဟန်ကြီးပန်ကြီး နိုင်ပါရဲ့ ။ လှတဲ့ သူလည်း လှသလောက် ဟန်ရှိတယ် ၊ ယဉ်တဲ့ သူလည်း ယဉ်သလောက် ဟန်ရှိတယ် ၊ နွဲ့တဲ့သူလည်း နွဲ့သလောက် ၊ ပျော့တဲ့ သူလည်း ပျော့သလောက် သူ့ဟာနဲ့ သူတော့ဟုတ်ချင် သလိုလို ရှိသား ။ ပြီးရင်တော့ သိပ်မဟုတ်ချင်ကြတော့ဘူး ။ တစ်ယောက် ယောက် သူတို့ ချစ်ကြိုက်မိပြီးလို့ သူတို့ ဇာတ်လမ်းတွေ ပြန်ကြားရပြီဆိုရင် သိပ်အသိဉာဏ် မရှိကြတဲ့ အဖြစ်မျိုးတွေ ကြားရတော့တာပဲ ။ ပဋိပက္ခတွေ မြင်ရတော့တာပဲ ။ မိန်းမတွေရဲ့ ညံ့ကွက်လျော်ကွက်တွေ မြင်ရဖန် များလွန်းတော့ ဘယ်မိန်းမကိုမှ အထင်မကြီးချင်တော့ဘူး ။ ကိုယ်လည်း ဘုရားဆုပန် ထားတာတော့ မဟုတ်ဘူး ပေါ့လေ ။ ဒါပေမဲ့ ကိုယ်ချစ်ကြည့်မယ့် မိန်းမမျိုး ကျတော့ တော်လေးဝ ဝင်ချင်တယ်ဗျ ။
“ မိုးအောင် လိုက်ပို့မှာလားလို့ ၊ ပြောလေ ၊ မေးနေတဲ့ဟာ ”
“ ဘာလဲ ၊ ရုပ်ရှင်ဟုတ်လား ”
“ အေးလေ ၊ ပို့မယ် မဟုတ်လား ၊ သွားရအောင် ”
ကျွန်တော် စဉ်းစားခန်း ဝင်နေတာ နည်းနည်း များသွားတယ် ။ အလို ... သူလည်း အဝတ်အစားတောင် လဲပြီးနေပြီ ။ အမယ် ကျွန်တော်လည်း သူ ဝယ်ပေးထားတဲ့ အင်္ကျီကို ဝတ်ပြီးနေပါရောလား ။ သူ့ကို ရုပ်ရှင် လိုက်ပို့ရဦးမယ် ။ ဒီညနေတော့ ရီတာနွယ် ဆီ ရောက်တော့မှာ မဟုတ်ဘူး ။ ကောင်မလေး ခုတလော ညနေတိုင်းဆူးလေဘုရားမှာ ပုတီးစိပ်တယ် ။ ဘာစိပ်သလဲတော့ မမေးနဲ့ ၊ တစ်ခါတစ်ခါ စိပ်ရင် သုံးနာရီလောက် ကြာတယ် ။ ကျွန်တော့် မှာလည်း သူ စိတ်ချမ်းသာအောင် လိုက်ပြီး အဖော် လုပ်နေရတယ် ။ ဒီညနေတော့ မလိုက်နိုင်တော့ဘူး ။ မမ နားက ခွာလို့ မလွယ်တော့ဘူး ။ သည့်ထက် စိတ်ညစ်ဖို့ ကောင်းတာက သွားကြည့်မယ့် ရုပ်ရှင်ကားပဲ ၊ ဘာကားလဲ ဆိုတော့ မြန်မာကား အချစ်ဇာတ်လမ်းပဲ ဖြစ်မှာပေါ့ ။
မြန်မာကား ဆိုလို့ ပြောရဦးမယ် ။ ဟိုတလောက တီဗွီမှာ လွှင့်သွားတဲ့ အချစ်ကား တစ်ကား ကြည့်မိပါတယ် ။ စိတ်ပျက်လိုက်တာ ၊ သေတောင်သေချင်တယ် ။ ကျွန်တော့်မှာ ရုပ်ရှင်နဲ့ ပတ်သက်လို့ အသံကိစ္စ ၊ အလင်းအမှောင်ကိစ္စ ၊ ကင်မရာအယူအဆ ရေမြေတောတောင်တွေကို ဝေဖန်နိုင်စွမ်းတော့ မရှိပါဘူး ။ ဒါပေမဲ့ ဇာတ်ဝင်ခန်းတွေ သဘာဝ ကျမကျတော့ သိတာပေါ့ဗျာ ။ တစ်နေ့တစ်နေ့ လူတွေနဲ့ လက်ပွန်းတတီး ဆက်ဆံနေတဲ့ တက္ကစီသမား မဟုတ်လား ။ အပြင်မှာ လူတွေ ဘယ်လိုပြောကြတယ် ဆိုကြတယ် ဆိုတာ သိတာပေါ့ ။
သူ့ ဇာတ်ကားက ဒီလိုဗျ ...
ပထမပိုင်းတော့ ကျွန်တော် မကြည့်လိုက်ရဘူး ။ ကျွန်တော် စကြည့်မိချိန်မှာ မင်းသားလုပ်တဲ့ သူက ပုဂံမှာ ဧည့်ကြို လုပ်ရင်း မိခင်အိုကြီးကို လုပ်ကျွေးနေရင်း မင်းသမီးက ပုဂံကို ကျောက်စာ လေ့လာပြီး စာတန်းပြုစုဖို့ ဧည့်သည် အဖြစ် ရောက်လာတယ်လို့ သိရတယ် ။ ဒါရိုက်တာက အလွန်နာမည်ကြီးတဲ့ အချစ်ကားရိုက် ဒါရိုက်တာကြီးပါ ။ ဒီ ဒါရိုက်တာကြီး ရိုက်တဲ့ ကားတွေက အတော်လေး နာမည်ကြီးခဲ့တာမို့ ကျွန်တော် ထိုင်ကြည့်မိတာပါ ။ ကျွန်တော် ကြည့်တဲ့ အခန်းက မင်းသားက အိမ် မှာ နေပြီး နောက်ခံတေးလေးနဲ့ မင်းသမီးကို သတိတရ ဖြစ်နေတယ် ။ သူ့အမေကြီးက သူ့သား ဖြစ်နေပုံကို ပြောင်းဖူးဖက်ဆေးလိပ်ကြီး ဖွာပြီး ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ် ။ အဲဒီအချိန်မှာပဲ မင်းသမီး ကလည်း မင်းသားကို သတိရလို့ ဟိုတယ်အိပ်ခန်း အပြင်ဘက်မှာ လမ်းလျှောက်နေပါတယ် ။ သူ့အဖော် အဒေါ် ဖြစ်သူက သိပ်နေမကောင်းလို့ အိပ်ရာထဲမှာ လှဲနေပါတယ် ။ မင်းသမီးက လမ်းလျှောက်နေရင်း အဒေါ်ဖြစ်သူကို ဆေးသောက်ဖို့ နဲ့ နွေးနွေးထွေးထွေး နေဖို့ လှမ်းသတိပေးတယ် ။ မင်းသမီး အတွက်လည်း နောက်ခံတေး အေးအေးလေးက သဲ့သဲ့လေးပေါ့ဗျာ ။ မင်းသားနဲ့ မင်းသမီး ဘယ်လို ချစ်မိကြတယ် ဆိုတာ သက်သေပြနေတာပါ ။
နောက်တစ်ခန်း ရောက်တော့ မင်းသားလုပ်တဲ့ သူ မင်းသမီးကို သွားကြိုဖို့ ကားနိုးတာ နှိုးလို့ မရတော့ဘူး ။ ပျာယာခတ်ပြီ ။ နောက်ဆုံး ပြေးထွက်သွားပြီး မြင်းလှည်း ရှာတယ် ။ ဒီတော့မှ ကားက ပလပ်နှစ်လုံးကို ဖြုတ်ထားတဲ့ ဇာတ်ရံတစ်ဦးက ကျန်လူတွေကို “ တွေ့လား ၊ ဒီကောင် ဒီလောက် ပျာယာခတ်နေလို့ ငါတမင် ပညာပေးလိုက်တာ ” ဆိုပြီး ဟာသခန်းလေး လုပ်ထားတယ် ။
မင်းသားက မြင်းလှည်းကြီးနဲ့ မင်းသမီး တည်းခိုတဲ့ ဆီရောက် ၊ မင်းသမီးအဒေါ် နေမကောင်းလို့ ဒီနေ့တော့ မင်းသမီးတစ်ယောက်တည်း ထွက်ခဲ့ ၊ မင်းသားက စေတီပုထိုးကြီး တစ်ခုဆီ ခေါ်သွား ၊ လှေကားထစ်တွေ က အမြင့်ကြီးတွေဗျ ။ တော်တော်လေး တက်ခဲ့ကြရတယ် ။ အပေါ်ရောက်တော့ မင်းသမီးက မောနေပြီ ။ ဟာ ... နေဦး ၊ ဘုရားပေါ် တက်တော့ မင်းသားက မင်းသမီး ဖိနပ်ကို အတင်း ကိုင်ခဲ့တာ ။ ပုဂံမှာ ဒါမျိုး ရှိရဲ့လားဗျာ ။ မင်းသမီးက ကြွယ်ဝပုံ ပေါက်လို့ ဆင်းရဲတဲ့ မင်းသားက ဒီလောက် အောက်ကျို့ချစ်ရတာလို့ မှတ်လိုက်ပါတယ် ။ ဘုရားပေါ် ရောက်တော့ ဇာတ်ရှိန်က ပိုမြင့်သွားတယ် ။ ရွှေမင်းသမီး မောနေရှာလို့ ရေတောင်းတယ် ။ ရေဘူးက မြင်းလှည်း ထဲမှာ ၊ ကိုယ်တို့ မင်းသား ဘုရားပေါ်က ကဆုန်ပေါက် ဆင်းချလာပြီး ရေဘူး လာယူတယ် ။ ဟော .. ပြန်တက်တော့လည်း ဒရောသောပါးပဲဗျို့ ၊ အံမယ် ... လမ်းမှာ ရေဘူး လွတ်ကျလို့ ပြန်ပြေးဆင်း ကောက်ရသေးတယ် ၊ အပေါ် ရောက်တော့ မောကြီးပန်းကြီးနဲ့ မင်းသမီးကို ရေဘူး ဖွင့်တိုက်တယ် ။ သူ့အမေတောင် သူ လုပ်ပေးရဲ့ လားပဲ ။
နောက်တစ်ခန်းက သဲမုန်တိုင်း တိုက်တဲ့ အခန်း ။ မြင်းလှည်းနဲ့ ထွက်လာကြရင်း သဲမုန်တိုင်း တိုက်တော့ မင်းသမီးက မြင်းလှည်း ပေါ်မှာ ၊ ဇာပုဝါအနက်လေးနဲ့ မင်းသား ကိုပါ ရော ခြုံခိုင်းပြီး နှစ်ယောက်သား သဲမုန်တိုင်း ခိုကြတယ် ။ ပုဂံမှာ ဒါမျိုး ရှိတတ်တယ်ထင်ပါရဲ့ ။ သဲမုန်တိုင်းကတော့ ထားလိုက်ပါတော့ ။ ဒီ ပုဝါလေးတစ်ပိုင်းတည်းကို နှစ်ယောက်သား ခြုံပြီး နေရုံနဲ့ ပြီးရောလားဗျာ ။ သဲမုန်တိုင်း ပြီးတော့ မိုးရွာတော့မယ် ဆိုတာကြောင့် မင်းသား နဲ့ မင်းသမီး မြင်းလှည်းပေါ်က ဆင်းပြီး စေတီပုထိုး တစ်ခုထဲကို ပြေးဝင်တယ် ။ ဒါပေမဲ့ မိုးနည်းနည်း မိသွားပါတယ် ။ ရွှေမင်းသမီး ချမ်းရှာပါလေရော ။ အမယ်လေး မင်းသားက မင်းသမီးကို နွေးပါစေတော့ ဆိုပြီး ကိုယ်ငွေ့လှုံပေးတယ်ဗျ ။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ စေတီပုထိုးထဲမှာ ကိုယ်ငွေ့လှုံတဲ့ အခန်း ရိုက်ပြတာတော့ထားပါတော့လေ ။ ပုဂံမှာ ဒါမျိုး တကယ်ရှိရဲ့လားဗျာ ။ ဒီလိုဆိုရင်တော့ ပုဂံဧည့်ကြိုတွေဟာ ဘဲရီးဂွတ်ပဲ ။ အမျိုးသမီး ဖိနပ်ကိုင်ပြီး ဘုရားပေါ် လိုက်ပို့တာနဲ့ ရေဘူး ပြေးယူပေးတာနဲ့ ၊ ချမ်းရင် ကိုယ်ငွေ့လှုံပေးတာနဲ့ ပုဂံနောက်ခံ ဇာတ်လမ်းကြီးကို ဖျက်ဆီးပစ်လိုက်တာ လွန်လွန်းပါတယ် ။
မြန်မာကားတွေဟာ ဒီနေ့ထိ ဇာတ်ဝင်ခန်းသုံး စကားပြောခန်းတွေ ယုတ္တိ မတန်တာအမှန်ပဲ ။ ဟိုးတုန်း ကတည်းက ဆရာကြီး ရွှေဥဒေါင်း ပြောဖူးတယ် ၊ ဒီရုပ်ရှင်ကားတွေမှာ စကားပြောခန်းတွေ ယုတ္တိ မရှိတာကို အမြင်ကတ်လွန်းလို့ “ ကုန်းလို့သာ ငေါက်ချင်တယ် ” တဲ့ ။ ဦးသာဓု လည်း မြန်မာကား တစ်ကား ဝင်ကြည့်မိလို့ “ တောက် ” သုံးခါလောက် ခေါက်ပြီး ထွက်လာခဲ့ဖူးတယ် ။ သူတို့ နှစ်ယောက်က မြန်မာဗီဒီယိုကား ဒုက္ခပေးတာကို မခံရလို့ ကံကောင်းသွားကြပါတယ် ။ ကျွန်တော်တို့မှာ ဗီဒီယိုကားတွေရဲ့ ဒုက္ခ ၊ တီဗွီကြော်ငြာတွေရဲ့ ဒုက္ခကို ဘယ်လောက် ခံနေရဦးမလဲ မသိဘူး ။ ကျွန်တော့် အတွက် ဘဝင်မကျဆုံး ဇာတ်ဝင်ခန်းတွေက ကားတိုက်ခန်းတွေပေါ့ဗျာ ။ ကျွန်တော်က တက္ကစီသမားဆိုတော့ ယာဉ်တိုက်မှုတွေ ဘာတွေ မျက်မုန်းကျိုးတယ် ။ ကျွန်တော် မျက်မုန်းကျိုးပါတယ် ဆိုမှ မြန်မာဇာတ်ကားတွေမှာ ဆယ်ကား ကြည့်ရင် ခုနစ်ကားလောက်က ယာဉ်တိုက်မှု ပါတယ် ။ တော်ရုံတန်ရုံဆို ကျွန်တော် မပြောပါဘူး ။ အခုကျတော့ မင်းသား နဲ့ မင်းသမီး ညားရဖို့ ယာဉ်တိုက်မှုပါတယ် ။ ဇာတ်ဆောင် တစ်ဦးဦး ဖယ်ထုတ်ချင်တယ် ဆိုရင်လည်း ယာဉ်တိုက်မှုပါတယ် ။ ဇာတ်နာဖို့ အလှည့်အပြောင်း မှာလည်း ယာဉ်တိုက်မှု ပါတယ် ။ ကြာတော့ ဒီကားတွေ ကြည့်ပြီး ကားထွက် မောင်းရတာတောင် ခပ်လန့်လန့်ပဲ ။ မိုးကလည်း ရွာနေမယ် ၊ ညကလည်း မှောင်နေမယ် ၊ ကားတစ်စီးကလည်း အရှိန်နဲ့ မောင်းလာမယ် ၊ ဇာတ်ကောင်ဟာ လမ်းပေါ်မှာ ရှိနေမယ်ဆိုရင် ဒီဇာတ်လမ်းမှာ ယာဉ်တိုက်မှုဖြစ်သွားတာချည်းပဲ ။ ဇာတ်ဆောင်ရဲ့ ဇာတ်ဝင်ခန်းပေါ် မူတည်ပြီး အနိစ္စသဘောနဲ့ ကြွချင်ကြွ ၊ ဒါမှမဟုတ် ဇာတ်ပေါင်းခန်း ဖြစ်ရင်လည်း ဖြစ်သွားရပါတယ် ။ ဒီဇာတ်ညွှန်းရေးတဲ့ လူတွေ ကားကော တကယ် မောင်းဖူးကြရဲ့လား မသိဘူး ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ၊ ကျွန်တော့် အဖို့တော့ မိုးလေးကလည်း ရွာနေမယ် ၊ ညကလည်း မှောင်နေမယ် ဆိုရင် ကျွန်တော် ဘယ်အော်ဒါမှ မလိုက်ချင်တော့ဘူး ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး
No comments:
Post a Comment