ဆေးလိပ် ၊ ကွမ်း ၊ အရက် ဤသုံးချက် ဖြတ်မှ အဖြေရခဲ့တဲ့ မြမြသိမ့် နဲ့ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်ချက်များစွာထဲကနေ မြမြသိမ့် ရဲ့ အချစ်ကို ရအောင် ယူခဲ့တဲ့ အတွက် ကျွန်တော်ဟာ ခေါင်းမော့ ရင်ကော့ရတာထက် မခံချိမခံသာ ဖြစ်ဖြစ် သွားရတာ ပိုများပါတယ် ။ ငယ်ပေါင်းတွေကတောင် အမြင် မကြည်ဘူးဗျ ။
“ ကြည့်လုပ်ပါကွ ၊ တော်ကြာ သူ့အမေကြီး သိရင် သူပဲ ဒုက္ခရောက်မှာ ”
“ ဘာဆိုင်လို့လဲ ”
“ ဟာ ... သူ့အဘွားကြီးက “ သိန်းထိုက် ” လိုက် စကားပြောတုန်းကတောင် သူ့ကို အိမ်ထဲက ပေးထွက်တာ မဟုတ်ဘူး ၊ မယုံရင် “ သိန်းထိုက် ” ကို မေးကြည့် ”
“ ဟုတ်တယ် ငမိုး ၊ မင်းနဲ့ ကြိုက်နေတာ သိရင် မြမြသိမ့်တော့ သေပြီ ”
အဟမ်း ၊ အဟမ်း ... ။ လူကြီးမင်းတို့ သဘောပေါက်ကြမှာပါ ။ လူငယ်ချင်းချင်း မနာလိုကြဘူးလေဗျာ ။ ဒီကောင်တွေက ကျွန်တော် တက္ကစီ မောင်းရင်း ကြုံခဲ့ ၊ နွှဲခဲ့တာတွေ ၊ ဇယ်တွေ ဘယ်လို ပတ်သက်ခဲ့တာတွေ အမြဲတမ်း ကျွန်တော် ပြန်ပြောတာတွေ နားထောင်ပြီး ကျွန်တော့်ကို ဆရာကြီး တစ်ဆူလို သဘောထားခဲ့ကြတာကလား ။ အခု သူတို့ အထင်ကရ ပိုးပမ်းနေတဲ့ ရပ်ကွက်ထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံး ၊ ခေတ်ရဲ့ သမီးပျိုပုံစံ အဝင်ဆုံး ၊ တက္ကသိုလ်ကျောင်းတော်သူကြီး ဖြစ်တဲ့ မြမြသိမ့်က ကျွန်တော့် ကို အဖြေပေးလိုက်တော့ မိုးကြိုးပစ်သလို ခံစားသွားရတယ် ။ “ ဒီလိုကောင်နဲ့ များကွာ ” တို့ ၊ “ မိန်းမတွေ မျက်စိဟာ မြင်လျက် ကန်းတယ်ကွာ ” တို့ ၊ “ ဘာစိတ်ကူး ပေါက်သွားတာလဲ ” တို့ ပြောကြပါတယ် ။ ပြောကြပါစေလေ ၊ ကျွန် တော်က ဇာတ်လိုက်ပါ ။ ပြီးတော့ တက္ကစီမောင် မဟုတ်လား ။ ကားအချင်းချင်း အပြိုင် စွန့်စားပြီး ခရီးသည် လုတင်ရတာမျိုး ကြုံရတာ ဘယ်နည်းလိမ့်မလဲ ။ တစ်ခါတလေ အရဲစွန့်ရတာမျိုး ၊ ဆုံးဖြတ်ချက် ရဲရဲချပြီး မောင်းလိုက်ရတာမျိုးတွေဟာ အခုကိစ္စထက် ရင်ဖိုဖို့ ကောင်းတဲ့ ကိစ္စတွေပေါ့ ။ ချွင်းချက်တော့ ရှိပါတယ် ။ ဒီလိုလမ်းပေါ်မှာ ယာဉ်စည်းကမ်း ဖောက်ဖျက်တာကို ယာဉ်ထိန်းရဲ တွေ့ရင်တော့ လိုင်စင် ဖမ်းတော့တာပဲ ။ ဒါကျတော့ ကိုယ့်ရဲ့ မှားယွင်းမှုဒဏ် ကိုယ်ခံပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ် ခံရတာပါပဲ ။ မြမြသိမ့် နဲ့ လည်း ဒီလို အရဲစွန့်မှုကြောင့် အချစ်လိုင်စင် အသိမ်းခံရတော့ပါတယ် ။
ဟိုလူ ကိုမြတိုး ကြောင့်ပေါ့ဗျာ ။ ဆူးလေပွိုင့်က ဇယ်လေး တစ်ယောက်ကို ကျွန်တော့်ဇာတ်လမ်းလေး ရှင်းပြပြီး အကူအညီ တောင်းတော့ မချောက ငွေကြေးစကား ပြောလာတယ် ။ အတင်းအကြပ် တောင်းတာတော့ မဟုတ်ပါဘူး ။ ရုပ်ရှင်ဖိုး ၊ လက်ဖက်ရည်ဖိုးလောက် တောင်းတာပါ ။ မြမြသိမ့် တို့ ကျောင်းကို ရောက်တော့ စားသောက်ဆိုင်တွေဘက် ကျွန်တော်တို့ သွားကြတယ် ။ တကယ်တမ်းကျတော့ ကျွန်တော် သူတို့ ကျောင်းထဲမှာ လမ်းလျှောက်ရတာတောင် ခပ်ကြောက်ကြောက် ဖြစ်နေ ပါတယ် ။ မခံချင်စိတ်နဲ့သာ လာခဲ့ပေမယ့် တကယ် မြမြသိမ့် နဲ့ တွေ့ရင် ဘာပြောရမလဲ မသိဘူး ။ ဒါပေမဲ့ အဲဒီနေ့က မြမြသိမ့် ညီမဝမ်းကွဲတွေနဲ့ ပဲ တွေ့ခဲ့တယ် ။ သူတို့ ကလည်း ကျွန်တော့်ကို အရေးတယူ ကြည့်မနေပါ ဘူး ။ စကတ်အရှည်ကြီး ဝတ်ပြီး အပေါ်က တီရှပ်လေး ဝတ်ထားတဲ့ ကျွန်တော့် ဘေးနားက ဇယ်လေးကိုတော့ တော်တော် ကြည့်ကြတယ် ။ ဇယ်လေးကလည်း ကျွန်တော့် လက်မောင်းကို အတင်း တွယ်ထားတော့တာပဲ ။ သူလည်း ကျွန်တော့်လို လန့်နေပြီ မှတ်တယ် ။ ကျောင်းတော်ကြီးနဲ့ ကျောင်းသူ / ကျောင်းသားတွေရဲ့ အရှိန်အဝါဟာ ကျွန်တော်တို့လို လူမျိုးတွေ အတွက် ခန့်ညားလွန်းနေတာ ဝန်ခံပါတယ် ။
နောက်တစ်နေ့ မနက်စောစောမှာ မြမြသိမ့် ဆီက လူကြုံနဲ့ စာလာပေးပါတယ် ။
မိုးအောင် ...
နင် နောက်တစ်ခါ ကျောင်းထဲလာရင် ငါနဲ့ သိမယ် ၊ နင့်ကို ငါက သနားလို့ တုံ့ပြန်မိတာ ငါ့အမှားပဲ ၊ ငါ့အမေ ပြောတာ အရမ်း မှန်သွားပြီ ၊ နင် နဲ့ ငါ ဘာမှ မဆိုင်တော့ဘူး ။
မြမြသိမ့်
ကျွန်တော် လုပ်သမျှ ကံက ကျွန်တော့်ကို စီရင်မယ် ၊ ဒီသဘောတရားတွေ ကျွန်တော် ယုံတယ် ။ ကျွန်တော် ပြည်ပက ပြန်မလာခင် မြမြသိမ့် လည်း အိမ်ထောင် ကျသွားပါပြီ ။ ကျွန်တော့် စရိုက်တွေဟာ ပိုကြမ်းလာတယ်လို့ ထင်စရာပဲ ။ ညဘက်ဆို ဂိတ်နားက စားသောက်ဆိုင်မှာ ထိုင်မယ် ၊ တစ်နေ့တာ လမ်းပေါ်က အတွေ့အကြုံတွေ ပြောကြမယ် ။ ညကြီးမိုးချုပ်မှ အိမ်ပြန်ကြတယ် ။ ကျွန်တော်တို့ ဘဝတွေဟာ လမ်းပေါ်မှာ တစ်ဝက် ၊ အိမ်မှာ တစ်ဝက် ကာလယန္တရားကို ဖြတ်သန်းနေကြတာမို့ တော်ရုံတန်ရုံ အတွေ့အကြုံတော့ မဟုတ်ဘူး ။ မြို့ပြလူထုနဲ့ နေ့စဉ်ထိ တွေ့ဆက်ဆံ နေရင်း လောက လူ့သဘာဝကို ပိုမို နားလည်လာတာနဲ့ အမျှ တော်ရုံတန်ရုံ ကိစ္စကို စိတ်လှုပ်ရှားမှု မရှိတော့ဘူး ။
အခုတင်ပဲ ပျော်ရွှင်ရယ်မောပြီး ဆင်းသွားတဲ့ ခရီးသည် ရဲ့ ထိုင်ခုံမှာ ပူပင်သောကတွေ ပွေ့ပိုက်ပြီး တက်လာတဲ့ ခရီးသည် နေရာ ဝင်ယူတယ် ။ ရှေ့နေ ၊ ကျောင်းဆရာ ၊ ရုံးဝန်ထမ်း ၊ ကုန်သည် ၊ ဈေးသည် ၊ အရောင်းအဝယ်သမား စတဲ့ လူမျိုးစုံကြားမှာ ခက်ခက်ဝေ တို့လို မိန်းကလေးမျိုးတွေလည်း ပါလာတတ်တယ် ။ တောသူတောင်သားတွေနဲ့ ကြုံရဆုံရသလို နိုင်ငံတကာ လှည့်ဖူးတဲ့ လူမျိုးတွေနဲ့ လည်း ကြုံဆုံရတာပဲ ။ ဒါကြောင့် ကျွန်တော့် အထင် ပြောရရင် ကမ္ဘာပေါ်မှာ ဒုတိယ လူရည်အလည်ဆုံးဟာ တက္ကစီသမားတွေ လို့တောင် ထင်ပါတယ် ။
ဒီဘက်ခေတ်မှာ အဆို တစ်ခု ခေတ်စား လာတာကြားဖူးပါရဲ့ ။
“ ကျီးကန်း ဆယ်ကောင်နဲ့ ရှေ့နေ တစ်ယောက် ညီမျှတယ် ၊ ရှေ့နေ ဆယ်ယောက်နဲ့ ပွဲစား တစ်ယောက် ညီမျှတယ် ” တဲ့ ။
ဒီလို ဆိုရင်ဖြင့် “ ပွဲစား ဆယ်ယောက်နဲ့ တက္ကစီသမား တစ်ယောက် ညီမျှတယ် ” လို့ ကျွန်တော် ကြွားချင်ပါရဲ့ ။ ပွဲစား ဆိုလို့ ကားပွဲစား တော်တော်များများနဲ့ ကျွန်တော် တရင်းတနှီး ပေါင်းဖူးပါတယ် ။ ဘယ်ဗျာ ၊ ရှေ့နေ လည်တယ် ဆိုတာ ကားပွဲစားရဲ့ ဆယ်ပုံ တစ်ပုံတောင် မမှီတာ ၊ လက်တွေ့ ။ အဖေ့ အက်စ်အီးကားလေး ရောင်းတုန်းက သက်သေပဲ ။
ပွဲစား နာမည်က “ ကိုဝေလာ ” ပဲ ထားပါတော့ ။ အသက်က လေးဆယ် ကျော်ပဲ ရှိသေးတယ် ။ လူက ထိပ်ပြောင်ပြောင် ၊ မျက်နှာပုံစံက ရပ်ကွက် ဓမ္မာရုံတွေ ၊ ရ.ယ.ကရုံးတွေမှာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ တွေ့ရမြင်ရ လွယ်တဲ့ မျက်နှာထားမျိုး ။ စကားပြောရင်တော့ အတော် လေထွားတာပေါ့ဗျာ ။ သူ နေတာက ကျွန်တော်တို့နဲ့ တစ်လမ်းကျော်မှာ နေပါတယ် ။ ၁၉၈၀ ခုနှစ် မှာ အပျိုတန်း ဝင်လာတဲ့ ရပ်ကွက်ထဲက အမျိုးသမီး မှန်သမျှ သူ့ရည်းစား ချည်းပဲလို့ ခဏခဏ ပြောပါတယ် ။ ဒါပေမဲ့ ဒီကနေ့ အထိတော့ အိမ်ထောင်မကျသေးပါဘူး ။ ဒါတွေက သူ့စရိုက် တစ်ချို့ပါ ။
သူနဲ့ ပေါင်းတဲ့ ကားပွဲစားတွေ ထဲမှာ ဦးနီ ဆိုတဲ့ လူကြီးတစ်ယောက်လည်း ရှိသေးတယ် ။ သူ နေတာက တာမွေ ၊ နတ်ချောင်းရပ်ကွက် မှာ ။ အဖေ့ကို အက်စ်အီးကားလေး ရောင်းမယ်ဆိုတာ ကြားတော့ ကိုဝေလာ က ဦးနီ ကို ခေါ်လာပါတယ် ။ ကားရဲ့ ရှေ့က ဘေးခြမ်းနှစ်ဖက် ( ပါးခြမ်း ) ကို ခေါက်တယ် ။ မှန်ပတ်ပတ်လည်ကို ကြည့်မယ် ( မှန်ခွင် ကောင်းမကောင်း ) ။ ခေါင်မိုးကို ပုတ်တယ် ( ခေါင်ရှင်းမရှင်း ) ၊ တံခါးလေးဘက်ကို ခေါက်တ ယ် ( တံခါးထိထားခြင်း ရှိမရှိ ) ၊ ကားနောက်ပိုင်းက မှန်ခွင်ကို ကြည့်တယ် ၊ ကားရဲ့ အတွင်းပိုင်းကို စစ်ဆေးတာကျတော့ ပိုပြီး အချိန်ယူကြတယ်ဗျ ။
အင်ဂျင်ခန်းကို ကြည့်ပြီး ရေတိုင်ကီ အပေါ်တန်းမှာ ဒဏ်ရာ ရှိမရှိ ( ရှိရင် ဝင်တိုက်ထားလို့ ) ၊ ဘေးနှစ်ဖက် ရှော့ဘားတိုင်ဒဏ်ရာ ရှိမရှိ ( ရှိရင် ဘေးက ဝင်တိုက်ထားလို့ ) ။ ချိတ်လိုင်းတွေ မူလလက်ရာ ပျက်မပျက် ( ပျက်ရင် ဝင်တိုက်ထားလို့ ၊ ချာဆီနံပါတ် ရေးထားတဲ့ တစ်လျှောက်လုံး ဆက်ရာ ရှိမရှိ ( ရှိရင် ပြဿနာ ဖြစ်နိုင်လို့ ) ၊ စစ်ဆေးကြပါတယ် ။ ကားတံခါးတွေကိုလည်း ဖွင့်ကြည့်ပြီး တံခါးဘောင် လိုင်နာတွေ ခွာကြည့်တယ် ။ ကားအတွင်းခန်း မှာလည်း ကားဒက်ရှ်ဘုတ်က မှန်မမှန် ၊ ဆိုက်ကာဘာ တွေ မှန်မမှန် ၊ ထိုင်ခုံတွေ မှန်မမှန် ကြည့်ကြတဲ့ အပြင် ကျွန်တော့်ကိုလည်း မေးပါတယ် ။
“ ညီလေး ... မနက်မနက် နှိုးရတာ လွယ်လား ” တဲ့ ။
ကျွန်တော် ကလည်း ဟာ ... သိပ်လွယ်တာပေါ့ ၊ ထောက် ဝှီးပဲ ဆိုတော့ ခေါင်းကို ခပ်လေးလေးနဲ့ သုံးခါ ညိတ်တယ် ။ ပြီးတော့မှ “ အောက်ပိုင်းကော ” တဲ့ ။
“ အစ်ကိုတို့ စမ်းမောင်းကြည့်လေ ၊ အသံတစ်ချက် ထွက်ရင် အရောင်းအဝယ်ဖြတ်လိုက် ၊ ကျွန်တော် မောင်းနေတာပဲဗျာ ၊ အာမခံပါတယ် ”
ဘုရားစူးရပါစေ့ရဲ့ ၊ သူတို့ တကယ် ဝယ်စေတော့လို့ ကျွန်တော့်မှာ ရှင်းပြလိုက်ရတာဗျာ ။
“ အေးပါကွာ ၊ ညီလေး ကားက တကယ် ကောင်းပါတယ် ။ အစ်ကိုတို့က ဝယ်မယ့်လူ တွေ့လို့ မေးရင် ပြောပြတတ်အောင်လို့ပါ ” တဲ့ ။
ကြည့် ။ ဘယ်လောက် ဒေါသဖြစ်ဖို့ ကောင်းလဲ ။ ကျွန်တော်ဖြင့် သူတို့ လာမယ်ဆိုလို့ မနက် အစောကြီး ထပြီး ကားကို ရေဆေး ၊ အတွင်းခန်းတွေ သန့်ရှင်းရေးလုပ် ၊ ပေါ်လစ်တွေသုတ် ၊ ရေတိုင်ကီ သန့်ရှင်းရေးလုပ်နဲ့ ဗျာ ။ သူတို့ ရောက်လာတော့ ရောက်ရောက်ချင်း လက်ဖက်ရည်တိုက်လိုက် ရတာက နှစ်ခွက် ၊ ဆေးလိပ်ပါ ပါသွားသေးတယ် ။
သူတို့ ပြန်သွားတော့ မင်္ဂလာဆောင်မယ့် အစ်ကို ကလည်း မေး ၊ အဖေတို့ကလည်း မေးပေါ့ဗျာ ။ ကျွန်တော်က ညတုန်းတည်းက ကြွားထားတာကိုး ။ မနက်ကျရင်ကို ဝေလာ ကားအဝယ် ခေါ်လာလိမ့်မယ် ဆိုပြီး ။ တကယ် ခေါ်လာတော့ ပွဲစားပဲ ဖြစ်နေတယ် ။ ဒီလောက်နဲ့တင် မပြီးသေး ဘူးဗျ ။ နေ့လယ်ကျတော့ ကျွန်တော်ဂိတ်ထိုးတဲ့ ဆီကို လာကြပြန်ရော ။ ဒီတစ်ခါ လာတာက အမျိုးသမီးကြီး တစ်ယောက်ပါပါတယ် ။ စုစုပေါင်း လေးယောက်တောင် ကျွန်တော့်ကို တွေ့တော့ ကိုဝေလာ ကပြောပုံ ကြည့်ဦး ။
“ ညီလေး ၊ မင်းဈေးကိစ္စ ဘာမှ မပြောနဲ့ ၊ ညီလေး လိုချင်တဲ့ ဈေးရမယ် ၊ ပြီးမှ အစ်ကို့ကို ပွဲခပေး ၊ ဟုတ်လား ”
“ ဒါ ... အဝယ်တွေလား ”
“ ဟုတ်တယ် ၊ ဒါပေမဲ့ ညီလေး ဘာမှ ဝင်မပြောနဲ့ ၊ နော် ”
ဇာတ်လမ်းကတော့ ရှုပ်ပြီနဲ့ တူတယ် ၊ ဟိုအမျိုးသမီးကြီးနဲ့ ပါလာတဲ့ လူတစ်ယောက်က ကားကို ဟိုတစ်နေ့က လိုပဲ ကြည့်ပြန်ရောဗျ ။ ကိုဝေလာ ခမျာလည်း အမျိုးသမီးကြီးကို ပြောလိုက် ၊ ဦးနီ ကို ပြောလိုက် ၊ ကားကြည့်နေတဲ့ လူကို ပြောလိုက်နဲ့ တော်တော် မောရော့မယ် ။
“ ကားကို စိတ်ချပါ ၊ ကျွန်တော် ဝယ်ပေးတာပဲဗျာ ၊ အတိုက်အခိုက် လုံးဝမရှိစေရဘူး ၊ ဆေးလည်း အော်ရီဂျင်နယ်ပဲ ။ တစ်လက်ကိုင်လေးဗျ ။ ဝိုင်းထဲမှာ ကြိုက်တဲ့ ကားနဲ့ ယှဉ်လို့ ရတယ် ။ ဈေးကိုလည်း ညှိလို့ ရပါတယ် ။ ဦးနီ ကလည်း ကြည့်လုပ်ပေးပါဗျာ ၊ ဒါ ကျွန်တော့်မိတ်ဆွေတွေပါ ၊ ဝယ်ပြီးရင် စီးမှာ ဗျ ၊ အစ်မကြီး ကားကို ကျွန်တော် လုံးဝ အာမခံတယ် ။ အနီ ၊ အနက်ကိစ္စကိုလည်း ကျွန်တော် ကိုယ်တိုင် လုပ်ပေးမယ် ၊ ကားအရမ်း ကောင်းလို့ တိုက်တွန်းတာပါ ”
သူ ပြောသမျှထဲမှာ ကားအတိုက်အခိုက် ကင်းတာက လွဲရင် ကျန်တဲ့ စကားတွေဟာ မုသားတွေ ချည်းပါပဲ ။ ဦးနီ ကား ဆိုတာလည်း မဟုတ်ဘူး ၊ ဈေးလည်း ညှိလို့ ရတယ်ဆိုတာ မဟုတ်ဘူး ၊ တစ်လက်ကိုင်တို့ ၊ အော်ရီဂျင်နယ်ဆေးတို့ ဆိုတာ ပိုမဟုတ်သေးတယ် ။ အဖေ ဝယ်တာမှ လေးနှစ်ပဲ ရှိသေးတယ် ၊ အဖေ ဝယ်တာက ဝပ်ရှော့ဆရာဆီက ဝယ်ထားတာ ။ ထားပါတော့ဗျာ ၊ သူ့အလုပ် သူလုပ်တာပဲ ။ ကျွန်တော် လိုချင်တဲ့ ဈေးရရင် ပြီးတာ မဟုတ်လား ။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ အဖေ ရောက်လာတာပဲ ။ သူ့မှာလည်း ကားအဝယ် ပါလာတယ် ။ တကယ့်ပွဲပါ ၊ အဖေက ကျွန်တော့်ကို ကားမောင်းခဲ့ဖို့ အရိပ်အယောင် ပြတော့ ကျွန်တော် ကိုဝေလာ ကို ခေါ်ပြောရတာပေါ့ ။
“ အဖေ ခေါ်နေပြီ ကိုဝေလာ ၊ ခင်ဗျားတို့ မြန်မြန် ဖြတ်တော့ ၊ တော်ကြာ ခင်ဗျားတို့ လုပ်ဇာတ် အဖေ သိသွားရင် ပြဿနာတက်မယ် ”
“ ဟာ ... မင်းက ပြန်လာမှာ လား ၊ တိုးတိုးပြော ၊ တိုးတိုး ”
“ သမာဓိ လက်ဖက်ရည်ဆိုင် က စောင့်ဗျာ ၊ အဖေ့ကို ကျွန်တော် ကြည့်ပြောခဲ့မယ် ၊ ဟေ့လူ ... ကျွန်တော့်အတွက် နှစ်ခုနော် ၊ ငွေကိုင်ဗျ ”
“ အေးပါ ၊ အေးပါ ၊ အေးပါ ၊ မြန်မြန်ပြန်လာခဲ့ ၊ ငါ ကြည့်ရိုက်ထားမယ် ”
ကျွန်တော့်ကို ပြန်လွှတ်ရင်း ဟိုဘက်က လူတွေကိုလည်း အချိုသပ် သေးတယ် ။
“ ကဲ .. အစ်မကြီးတို့ ဟိုနားက လက်ဖက်ရည်ဆိုင်မှာ စကားပြောရအောင် ၊ ကောင်လေးက အော်ဒါချိတ်ထားလို့တဲ့ ၊ ဒီနားတင်ပါ ၊ ဘယ်လောက် ကြာမလဲ ညီလေး ၊ မြို့ထဲလား ”
“ ရေခဲတိုက် ” လို့ ကျွန်တော် ခပ်ဆတ်ဆတ် ပြောတော့ အမျိုးသမီးကြီး တွန့်သွားတယ် ။ သူ ဝယ်မယ့်ကား ရေခဲတိုက် သွားမယ်ဆိုတာ မကြားချင်ဘူးနဲ့ တူပါရဲ့ ။ မတတ်နိုင်ဘူး ၊ သူတို့ ဟာက ပြီးမှ မပြီးဘဲကိုး ။
အဖေနဲ့ ပါလာတဲ့ ဝယ်သူကျတော့ ကားကို ခဏ လိုက်စီးကြည့်တယ် ။ လိုင်စင် ဝင်ရင် လုပ်ငန်းလိုင်စင် ပြန်အပ်ပေးဖို့ နဲ့ အနက် ပြန်လုပ်ပေးဖို့ ပြောတယ် ။ ဈေးလည်း ပေးပါတယ် ။ အဖေက ဈေးမကိုက် တာကြောင့် စဉ်းစားပါရစေဦးလို့ ပြောပြီး ဘာမုသားတွေမှ ချဲ့ကားပြီး ပြောမနေကြ ဘူး ။ ညနေကျတော့ ပြန်ဆုံမယ် ဆိုပြီး လမ်းခွဲကြပါတယ် ။
ကဲ .. ကျွန်တော် ဘယ်သူ့ကို ရောင်းလိုက်တယ် ထင်လဲ ။
တကယ်လို့သာ ကျွန်တော်ဟာ တက္ကစီကားသမား မဟုတ်ခဲ့ရင်ဖြင့် အဖေ့ လူကိုပဲ ရောင်းခိုင်းဖြစ်မှာ အသေအချာပါ ။ ကျွန်တော် တက္ကစီသမား ဖြစ်နေတာမို့ ပွဲစားတွေကိုပဲ ရောင်းလိုက်ပါတယ် ။ ဒါပေမဲ့ တကယ့် ပွဲခရတာက ကျွန်တော် အများဆုံးပဲ ။ လုပ်ကွက်က ဒီလိုဗျ ။
ကျွန်တော် အဖေ့နောက် ပါသွားချိန်မှာ ကိုဝေလာ တို့ သမာဓိ လက်ဖက်ရည်ဆိုင်သွားကြပါတယ် ။ သူတို့ နဲ့ မလှမ်းမကမ်းမှာ ကိုမြတိုး ပါသွားတာ သူတို့ မသိဘူး ။ အမျိုးသမီးကြီး ထင်တာက ဦးနီ ကို ကားပိုင်ရှင် ၊ ကိုဝေလာ က ပွဲစား ၊ ကျွန်တော်က ဦးနီရဲ့ ကားဒရိုင်ဘာ ၊ ဒီအထင်နဲ့ ဦးနီ ကို ဈေးဆစ်ပါတယ် ။ အမျိုးသမီးကြီး နဲ့ ပါလာတဲ့ ကားစစ်ဆေးပေးသူ ကလည်း ပွဲစားပဲတဲ့ ။ သူကလည်း ကားကို တော်တော်လေး ချီးမွမ်းတော့ အမျိုးသမီးကြီး သိပ်ကြိုက်နေပါရော ။ တဖြည်းဖြည်းနဲ့ ဈေးတွေ ပေးလာလိုက်တာ အဖေ တကယ် ရောင်းမယ့်ဈေးထက် အများကြီး ပိုလာချိန်မှာ ဈေးတည့်ကြပါတယ် ။ ဒီသတင်းကို ကျွန်တော် ရောက်ရောက်ချင်း ကိုမြတိုး ပြေးလာပြီး ...
“ ငမိုး ၊ ငမိုး မင်းကား သွားဖွက်ထားတော့ ၊ စောစောက ရောင်းဖို့ စရံ လာချနေပြီ ပြောလိုက် ၊ သုံးခုတောင် ပိုတင်ထားတယ်ကွ ၊ မင်း ပြေးတော့ ၊ ငါ ကြည့်လုပ်လိုက်မယ် ”
“ သုံးခုတောင် ပိုတင်ထားတယ်ကွ ” ဆိုပြီး သူက လက်သုံးချောင်း ထောင်ပြတော့ ကျွန်တော် ပျော်သွားတယ် ။ အဲဒီ လက်သုံးချောင်း ငွေပမာဏ ကျွန်တော့် လက်ထဲ ရောက်နိုင်တာ တွေးပြီး ပွဲစားတွေကို ပညာပြန် ပြရတော့တယ် ။ သူတို့ ကားဂိတ် ရောက်လာတော့ ကိုမြတိုး က ..
“ စောစောကပဲ ကောင်လေး ပြန်လှည့်လာတယ် ၊ ပွဲဖြစ်သွားပြီလို့ ပြောတယ်ဗျ ။ ကားတောင် ဆာဗစ်စင်မှာ ရေသွားဆေးနေတယ်ဗျာ ”
ကိုဝေလာ တစ်ယောက် အာမေဋိတ်ပြီး သူ့နဖူးကို ငါးချက်လောက် လက်ဝါးနဲ့ ရိုက်တယ်ဗျ ။ ပြီးတော့ ...
“ ဟာ လိုက်မယ် ၊ လိုက်မယ် ၊ ဒီမှာ ဈေးပြတ်နေပြီ ၊ ကဲ ... ခင်ဗျားကားပဲ ငှားမယ် ၊ လိုက်ပို့ဗျာ ”
“ ဘယ်ဆာဗစ်စင်မှန်းမှ မသိတာ ၊ ဘယ်လို လိုက်မလဲ ”
“ ဆယ့်ငါးပေနားမှာ မဟုတ်ဘူးလား ၊ လာပါဗျာ ၊ မတွေ့တော့လည်း လိုက်ရှာတာပေါ့ ၊ တောက် ၊ စောစောတည်းက သော့ယူထားလိုက်ရင် ပြီးနေပြီ ၊ ခင်ဗျားတို့ ကလည်း မပြတ်ဘူးဗျာ ”
သူ့လူတွေကို လှည့်ကြိမ်းတော့ ဦးနီ က မျက်စိမှိတ်ပြရတယ် ။ တော်သေးတာပေါ့ ။ အမျိုးသမီးကြီး ဒါတွေ မကြားသွားလို့ ။ သိတဲ့အတိုင်းပဲ လေ ။ ကိုမြကြီး ကလည်း ကားခရအောင် ဟိုတွေဒီတွေ လျှောက်မောင်းပြီးမှ ကျွန်တော် တကယ်ရှိမယ့် ကန်တော်ကြီးကို ခေါ် လာတာပါ ။ ဒီအချိန်မှာ ကျွန်တော့် ဆုံးဖြတ်ချက် အတည် ဖြစ်နေပြီ ။
ကိုဝေလာ က ကျွန်တော့်ဆီ အပြေးအလွှား ရောက်လာပြီး “ ဟေ့ကောင်ငွေချေမယ် ၊ လာ ... တစ်ခါတည်း သွားရအောင် ”
“ ပြီးသွားပြီဗျ ၊ ခင်ဗျားတို့ က စွတ် တွေဝေ နေတာကိုး ”
“ ဟာ ၊ အခု ငါတို့ လည်း ပြီးတယ်လေ ၊ လုပ်ပါကွာ ၊ မင်းအတွက်လည်း ချန်ထားပါတယ် ”
“ နှစ်ခုလား ၊ ဟာ ...ဘယ်လောက်နဲ့ အဖေ တည့်သွားတယ် ခင်ဗျား ထင်သလဲဗျ ၊ လေးခုတောင် ပိုရတယ်ဗျ ၊ ခင်ဗျား စိုက်မလား ”
ဆိုပြီး လက်လေးချောင်း ထောင်ပြတော့ ...
“ ကွာ ... ကျွတ် ၊ သေပြီ ၊ သေပြီ ၊ သေပြီ ”
“ ဟင်း ”
တော်တော်ရှည်တဲ့ သက်ပြင်းကို သူ ချပါတယ် ။ ပြီးတော့ ဦးနီ နဲ့ ဟိုဘက်ကပွဲစားကို လှမ်းခေါ်ပြီး အဖြစ်အပျက်တွေ ရှင်းပြတော့ အားလုံး ခေါင်းစိုက်ပေါ့ဗျာ ။ နောက်ဆုံးနိဂုံးချုပ်လိုက်တော့ ဟိုအမျိုးသမီးကြီး က အဖေ ရောင်းလိုက်ပြီ ဆိုတဲ့ ဈေးမျိုး ထပ်ပေးတယ် ။ ကျွန်တော်က ကြားက နေပြီး အဖေ့ကို ဝင်ပြောပေးမယ် ။ ပြောပေးပေမယ့် သနားလို့ ပြောပေးတာမျိုးပေါ့ဗျာ ။
“ ကျွန်တော် အဖေ့ကို အတိုက်အခံ ပြောပေးမှာ နော် ၊ ခင်ဗျားတို့ ပွဲခရအောင် တစ်ခု လျှော့ခိုင်းမယ် ၊ ငွေချေရင် ကျွန်တော်နဲ့ ပဲချေ ၊ သဘောပေါက်လား ”
ကျွန်တော် ပြောပြီးပြီလေ ။ ပွဲစား ဆယ်ယောက်ဟာ တက္ကစိသမား တစ်ယောက်ကို မမှီပါဘူး ဆိုတာ ။
ဒါတွေ ပြန်ပြောပြနေရလို့ ခက်ခက်ဝေ ကိစ္စတောင် မေ့သွားတယ် ။
ကျွန်တော့်မှာ သားမယားနဲ့ အတူတကွ အိမ်ထောင်မှုကိစ္စတွေ စဉ်းစားတတ်တဲ့ အတွေးမျိုး ဝင်လာတာဟာ ပြည်ပက ပြန်လာပြီးမှပါ ။ ဒါပေမဲ့ ကျွန်တော်ဟာ တွေးတော ထိတ်လန့်တတ်တဲ့ ခေတ်လူငယ်အုပ်စု ထဲမှာ ပါသွားလို့ အိမ်ထောင်ပြုဖို့ ကို အမြဲတွေးတော ထိတ်လန့်နေတတ် ပါတယ် ။ ကိုယ်ပိုင်ဝင်ငွေ ရှာဖို့ လူတန်းစေ့မယ့် အိမ်ထောင်တစ်ခု ထူထောင်ဖို့ကို မဝံ့ရဲဘူး ။ တကယ်လို့သာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မိန်းမယူဖြစ်မယ် ဆိုရင်တော့ ကိစ္စမရှိဘူး ။ အခုအချိန်မှာတော့ တကယ် မလွယ်တဲ့ ကိစ္စပဲ ။ လူတွေကလည်း တစ်နေ့တစ်နေ့ ညည်းလိုက်တာ ဆိုတာ ကားအင်ဂျင်သံ ကမှ တိုးသေးတယ် ။ ကားပေါ် ရောက်ရင် စီးပွားရေး ၊ လူမှုရေးတွေထက် ကိုယ်ရေးကိုယ်တာ ပြဿနာတွေ ပြောပြကြ ၊ ရင်ဖွင့်ကြ ၊ ဝေဖန်သုံးသပ်ကြနဲ့ ကြာတော့ ကျွန်တော် အိမ်ထောင် မပြုရဲတော့ဘူး ။ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခေတ်ကြီးမှာ ကျွန်တော်ဟာ အိမ်ထောင်တစ်ခုကို ဖြစ်သလို ထူထောင်မယ် ဆိုရင်တော့ရတယ် ။ မပူမပင် ၊ မကြောင့်မကျ ၊ အေးအေးဆေးဆေး စီးပွားရေးလေးနဲ့ အိမ်ထောင်ထူထောင်ဖို့တော့ လက်တွေ့မှာ မလွယ်ဘူး ။ ကျွန်တော်မှ မဟုတ်ပါဘူး ။ အစ်ကို ဖြစ်တဲ့ သူတောင် အိမ်ထောင် မကျခင်က လက်ဖက်ရည်ဆိုင်လေးနဲ့ ဟန်ကျနေပါတယ် ။ အိမ်ထောင်လည်း ကျ ၊ ခေတ်ကာလတွေ ပြောင်းလဲ ၊ အမြင်သစ် ၊ အသွင်သစ်တွေနဲ့ နေ့နေ့ညည တရစပ် ပြောင်းလဲ တိုးတက်လာတဲ့ အတွက် မြို့တော်လည်း ပုံစံ ပြောင်းခဲ့ပြီ ။ လမ်းတွေ ၊ တိုက်တာ အဆောက်အဦ တွေ ၊ မော်တော်ကားတွေ ၊ လူ့အသုံးအဆောင်တွေ ၊ ဝတ်စားဆင်ယင်မှုတွေ ၊ ဝင်ငွေတွေ ၊ ကုမ္ပဏီလုပ်ငန်းတွေ ၊ နိုင်ငံတကာဆက်ဆံရေးတွေ အားလုံး အသွင်ပြောင်းလဲလာတာ စီးပွားရေးပြုပြင်ပြောင်းလဲလိုက်ရတဲ့ ရလဒ်ကြောင့်ပါ ။ မလိုက်နိုင်လို့ ကျန်ရစ်ခဲ့ကြသူတွေ ထဲမှာ အစ်ကိုနဲ့ သူ့ လမ်းဘေး လက်ဖက်ရည်ဆိုင်လေး ကျန်ရစ်ခဲ့ပါတယ် ။ လက်ဖက်ရည် ဆိုင်တစ်ဆိုင်ရဲ့ ရပ်တည်မှုဟာ အံ့မခန်း ပြည့်စုံခမ်းနားမှု ဖြစ်တော့မယ့် ကာလမှာ ကလေးနှစ်ယောက်ရဲ့ အရေး ၊ မိသားစုလေးဦးရဲ့ အရေး ကြားမှာ ရုန်းကန်နေရင်း အစ်ကိုနဲ့ သူ့လက်ဖက်ရည်ဆိုင်လေးဟာ တစ်နေ့တခြား သိမ်ငယ်လာစေဖို့ ၊ နံဘေးမှာ လက်ဖက်ရည်ဆိုင်ကြီးတွေ ဟီးနေအောင် ပေါ်လာပါတော့တယ် ။
အမှန်အတိုင်း ပြောရရင် ကျွန်တော် ပြည်ပ မထွက်ခင် ကတည်းက အစ်ကို့ဆိုင်ကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ ကျွန်တော် တိုက်တွန်းတယ် ။ မြို့တော် တစ်ခုလုံး ဂျင်ဂျင်လည်အောင် သွားနေတဲ့ ကောင်ပဲဗျာ ။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လေကန်ဖို့ အချိန် သိပ်မပေးတော့ဘူး ဆိုတာ ကျွန်တော် မြင်တယ် ။ လက်ဖက်ရည်ဆိုင်ထဲ ဝင်ပြီး လိုချင်တာ မှာယူ စားသောက်မယ် ၊ ပြီးရင် ကိုယ့်အလုပ်ကိစ္စနဲ့ ကိုယ် သွားကြတာ များတယ် ။ ဒါကြောင့် သူတို့ တဒင်္ဂ ဝင်လာချိန်လေးမှာ သူတို့ စားချင်တာတွေ တစ်နေရာတည်းမှာ အကုန် ရနေမှ ဖြစ်မှာ ။ လက်ဖက်ရည်ဆိုင် ဆိုပေမယ့် မုန့်ဟင်းခါး လည်း ရရမယ် ၊ နန်းကြီးသုတ် လည်း ရရမယ် ၊ ထမင်းကြော် လည်း ရရမယ် ၊ ကြက်စွပ်ပြုတ် နဲ့ နံပြား ၊ ဆိတ်စွပ်ပြုတ်နဲ့ နံပြား ဒါတွေ လည်း ရရမယ် ။ မဟုတ်ရင်တော့ “ ဘာမှလည်း မရဘူး ” လို့ သတ်မှတ်ပြီး နောက် မလာကြတော့ဘူး ။ အစ်ကို့ဆိုင်မှာ က လက်ဖက်ရည်နဲ့ ဆေးလိပ် ၊ လုပ်ပြီးသား မုန့်လေးငါးမျိုး ၊ စမူဆာ ၊ အီကြာကွေး လောက်ပဲ ရှိတော့ တကယ် စားမယ့်သောက်မယ့်လူတွေ အတွက် မပြည့်စုံတော့ဘူး ။ ဒီကြားထဲ စားဖွယ်သောက်ဖွယ် စုံစုံလင်လင်နဲ့ ဆိုင်ကြီးတွေ ထပ်ဝ င်လာတော့ အစ်ကို ဘာမှ မတတ်နိုင် ဖြစ်ရတယ် ။ ဟိုဆိုင်ကြီးတွေက ထိုင်ရုံနဲ့ စားပွဲထိုးက အစ သားသားနားနား လုပ်ထားတယ် ။ လက်ဖက်ရည် ကို အဓိက မထားဘဲ စားသောက်စရာတွေကို အဓိကထား ရောင်းရင်း မနက်ပိုင်းမှာတင် လူတွေ ကြိတ်ကြိတ်တိုးတဲ့ အထိ အောင်မြင်မှုတွေ ယူသွားကြပြီ ။
အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း မနက်ဆို အဲဒီ ဆိုင်ကြီးတွေမှာပဲ ထိုင်တယ် ။ စိတ်ထဲမှာ မနက်ပိုင်း ဘာစားရမှန်း မသိပေမယ့် အဲဒီ ဆိုင်ကြီးတွေ ရောက်သွားရင် သူများတွေ မှာထားတာ ကြည့်ပြီး အာရုံလည်း အလိုလို ပွင့်သွားတာပဲ ။ အစားအသောက်က မျက်စိပသာဒ ဖြစ်ရင်း အလိုလို စားချင်တာ ။ ဟိုတုန်းကလို မနက်မိုးလင်းရင် လက်ဖက်ရည် နဲ့ နံပြားလောက် စားပြီး တင်းတိမ်လို့ မရတော့ဘူး ။ အမြင်တွေက လူ့သဘောကို ပြောင်းလဲပစ်တာကိုး ။ အဲဒီ ပြောင်းလဲမှုဟာ ခေတ်ရဲ့ ပြောင်းလဲမှုပါ ။ ဝတ်စားဆင်ယင်မှုကို ကြည့်ရင်လည်း အဲဒီလိုပဲ ။ ဟိုတုန်းကများ ပလေကပ်လုံချည်နဲ့ ရှပ်အင်္ကျီအဖြူလေးတွေ ဝတ်ရရင် အတော် ဟန်တယ်လို့ ယူဆကြတယ် ။ အမျိုးသမီးဝတ် ဆိုလည်း ပါတိတ်ဝမ်းဆက်က အဓိက ။ အခုခေတ် မှာတော့ ဒါတွေက သာမန် ဖြစ်သွားပြီ ။ GIORDANO , PLAYBOY MARTIN aponso3m 38sa@cos ; voposeas : ဘူး ။ ဈေးနှုန်းကတော့ တော်တော် မြင့်နေပြီ ။ ဒီလောက်မှ မဝတ်နိုင်ရင်လည်း ခေတ်လူငယ် မဟုတ်သလို ကိုယ့်ကိုယ်ကိုယ် ခံစားရတာပါ ။ မြင်တော့လည်း ဝတ်ချင်တယ် ၊ ဝတ်နိုင်မှလည်း စိတ်အသားကျတာမို့ ငွေရှာတာ ပို ပင်ပန်းလာတော့တာပါ ။ အမျိုးသမီးတွေ ပိုဆိုးတာပေါ့ ။ တော်ရုံတန်ရုံ ဝင်ငွေနဲ့ တော့ ပေါ်သမျှ အသုံးအဆောင်တွေ လိုက်ဝယ်ဖို့ မဖြစ်နိုင်ဘူး ။ ရောင့်ရဲတတ်မှ သက်သာမယ် ။ မရောင့်ရဲတတ်ရင်တော့ ခက်ခက်ဝေ တို့လို ရွှေသမင် ရေလိုက်လွဲတာမျိုး ဖြစ်သွားမှာ ပဲ ။ ( သူက ပြောတယ် ) ။
“ ... မိန်းကလေး တစ်ယောက် ခေတ်ဆန်ဆန် ဝတ်စား ဆင်ယင်ထားရင် နင် ဘယ်လိုမြင်လဲ ”
“ ဘာကိုလဲ ၊ ခေတ်ဆန်တယ် လို့ပဲ မြင်တာပေါ့ ”
“ အေး .. နင့်လို မမြင်တဲ့ လူတွေ အများကြီး ၊ ငါတို့ ခေတ်ဆန်ဆန် ဝတ်တာကိုပဲ အမျိုးသား ယဉ်ကျေးမှုကို ကျောခိုင်းတဲ့ အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ် ၊ အဲဒါကမှ နိုင်ငံကြီးသား မပီသတာ ၊ မိန်းကလေး ဆိုတာ အလှအပ ကြိုက်တယ် ၊ အရွယ်အရှိဆုံးမှာ ခေတ်နဲ့ အညီ အသစ်အဆန်း တွေ့ရင် ဝတ်ချင်တယ် ၊ အမျိုးသားယဉ်ကျေးမှု ဆိုတာ ဝတ်စားဆင်ယင်မှု တစ်ခု ထဲမှာ ရပ်တည် နေတာမှ မဟုတ်တာ ၊ ပြောဆို ဆက်ဆံတာတွေ ၊ စိတ်ဓာတ်တွေ ၊ လူနေမှု အဆင့်အတန်းတွေ ၊ ဘာသာတရားတွေ အားလုံး စုပေါင်း ထားတာပဲ ။ ငါတို့ ခေတ်ဆန်ဆန် ဝတ်တာကလည်း တစ်ခါတလေ ဝတ်တာပါ ။ ဘုရားသွား ကျောင်းတက်ရင် ၊ အလှူမင်္ဂလာပွဲတွေ သွားရင် ကိုယ့် ရိုးရာ အဝတ်အစားပဲ ဝတ်တာပါ ။ ပြီးတော့ ခေတ်ဆန်ဆန် ဝတ်တိုင်းလည်း ... ”
သူ့ ဖွင့်ဆိုချက်တွေကို အကျယ်ချဲ့ရင် ကျွန်တော် ပြောချင်တာတွေ ပြောလို့ ရတော့မှာ မဟုတ်ဘူး ။ မိန်းကလေး နှစ်ယောက်ကို ယှဉ်ကြည့်မယ် ဆိုရင် တစ်ယောက်က ဖက်ရှင်ဆိုင်တွေမှာ ပုံပြ ဝတ်ထားတဲ့ ခေတ်ဆန်ဆန်ကောင်မလေးလို ဝတ်ထားတယ် ၊ တစ်ယောက်က ပါတိတ်ဆိုင်မှာ ပုံပြဝတ်ထားတဲ့ အမျိုးသမီးလို ဝတ်ထားမယ် ဆိုပါတော့ ၊ ကျွန်တော် နှစ်ကြိမ် ထပ်ကြည့်မှာကတော့ ဖက်ရှင်ရုပ်ပဲ ။ ဒါဟာ လူ့သဘာဝပဲ ဗျာ ။ ဒါဟာ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ဆက်ဆံရေးကို ယဉ်ကျေး စွာ လက်သင့်ခံခြင်းပါ ။ အပြည်ပြည်ဆိုင်ရာမှာ ဒီလို ခေတ်မီမီ ဝတ်စားဆင်ယင်ခြင်းဟာ တော်တော် ပျံ့နှံ့နေပါပြီ ။ နိုင်ငံ တော်တော်များများ မှာလည်း ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်သလို ယဉ်ကျေးမှု မျက်လုံးနဲ့ ကန့်လန့် ဖြစ်လို့ အော်ကြ ပြောကြပါတယ် ။ နောက်တော့လည်း ဒီလို ပြောနေလို့ ဘာမှ မထူးဘူး ။ ဒီအတွက်နဲ့ စိတ်ဖိစီးမှု ခံနေမယ့်အစား တခြား ဖွံ့ဖြိုးတိုးတက်မှုတွေကို အတုယူဖို့ ဆုံးဖြတ်လိုက်ကြတယ် ။ ဒီတော့မှ ညီမျှ သွားတာပါ ။ စက်မှုလက်မှုကဏ္ဍတွေ ၊ သိပ္ပံကဏ္ဍတွေ ၊ ဆေးပညာ ကဏ္ဍတွေ အတုယူလိုက်စားတော့ စောစောက ဝတ်စားဆင်ယင်မှုကိစ္စဟာ ဘာမှ မဟုတ်တော့ဘူး ။
ဥပမာ - မိန်းမပျိုလေး တစ်ယောက်ဟာ ကွန်ပျူတာတစ်လုံး ရှေ့မှာ နာရီပေါင်းများ စွာ အလုပ်လုပ် ပြီးလို့ အိမ်ပြန်ပြီ ဆိုပါတော့ ။ မိန်းမပျိုလေး တစ်ယောက်ဟာ သိပ္ပံဆိုင်ရာ အချက်အလက်တွေ နာရီပေါင်းများ စွာ အပတ်တကုတ် လေ့လာပြီးလို့ အလုပ်ခွင် ထဲက ထွက်လာပြီ ဆိုပါတော့ ။ မိန်းမပျို တစ်ဦးဟာ ဆေးပညာကို ပင်ပန်းခက်ခဲစွာ မှတ်သားလေ့လာ သုတေသနပြုပြီးလို့ အပြင်ထွက်ပြီ ဆိုပါတော့ ။ သူတို့ လေးတွေရဲ့ စိတ်ဖိစီးမှုတွေဟာ လွတ်လပ်ပေါ့ပါးစွာ ခေတ်ဆန်ဆန်လေး ဝတ်စား ဆင်ယင်ပြီး လမ်းလျှောက်လိုက်ရင်း ပြေပျောက်သွားမယ်ဆိုရင် ကျွန်တော် လက်ခုပ်တီး ပေးမိမယ် ။ ဒါဟာ တက္ကစီသမား အလုပ်တော့ မဟုတ်ဘူး ၊ ထားတော့ တိုက်ရိုက် မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးတော့ ပတ်သက်နေတာ ကျွန်တော် ရှင်းပြပါမယ် ။ မြန်မြန်ဆန်ဆန် ရှင်းပြရရင် ဒါမျိုးလေးတွေနဲ့ ဆုံတိုင်း ကျွန်တော့် စိတ်တွေ ရွှင်လန်းသွားသဗျ ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး
No comments:
Post a Comment