Tuesday, October 21, 2025

အရောင်


 ❝ အရောင် ❞

⍥ မောင်စိုးနွေ ( သုံးဆယ် )


သူ့ အမည်ရင်း က ကိုလူမောင် ...


သို့ရာတွင် သူ့ နာမည်ရင်း ကို မည်သူမျှ ဂရုမထားကြ သူ့ ကိုယ်သူ ‘ အနီ ’ သို့မဟုတ် ‘ အနီရောင် ’ ဟု ခေါ်ဝေါ်သုံးစွဲလေ့ ရှိသလို သူများတွေ ကိုလည်း သည်နာမည် နှစ်ခုမှ တစ်ခုခုကို ခေါ်စေ့ချင်သူ ဖြစ်၏ ။ သည်လိုမှ မဟုတ်လို့ သူ့ နာမည်ရင်းကို ခေါ်သူ ဆိုလျှင်တော့ မျက်ထောင့်နီကြီးနှင့် ကြည့်ကာ မကျေမနပ် ဖြစ်နေတတ်သည် ။ သူသည် စာပေဝါသနာပါသူ စာပေသမား တစ်ဦး ဖြစ်ပြီး စာရေးသော အခါ သူ၏ ကလောင်အမည် ကိုလည်း အနီ သို့မဟုတ် ... ဟုသာ အမြဲ သုံး တတ်သည် ။ သူ့ အသက်က ( ၅ဝ ) ကျော်ပြီ ။ လူပုံက ပိန်ပါးပါး ၊ ဆံပင်တချို့ ဖြူနေပြီ ။ ဒီဂရီပါသော မျက်မှန် ၊ အဝတ်အစား နွမ်းနွမ်း ၊ လွယ်အိတ်ဟောင်း တစ်လုံး လွယ်ထားသည့် သူ့ ပုံက အဝေးကပင် မြင်နိုင်ပါသည် ဆိုသည့် အနေအထား ။ နိုင်ငံရေး သဘောတရားတွေ လေ့လာလိုက်စားပြီး နိုင်ငံရေးကျမ်းတွေကို သဲသဲမဲမဲ ဖတ်သူ ဖြစ်သည် ။ ‘ ကားလ်မတ်ခ်စ် ’ ၏ ‘ အရင်းကျမ်း ’ ကြီးကို လက်ကိုင် ထားရုံမက သူ နှင့် စကားပြောလျှင် နိုင်ငံရေး စကားကြီး စကားကျယ်တွေ ပါလွန်း သဖြင့် သူ့ကို မြင်လျှင် ဝေးဝေးက ရှောင်ကြသည် ။ သူ နှင့် ကျွန်တော် တစ်ရပ်ကွက်တည်း မနေ သော်လည်း သူ့အိမ်သို့ တစ်ခါတရံမှ ရောက်သလို ကျွန်တော့် အိမ်သို့လည်း မေ့လောက်သင့်မှ ရောက်လာတတ်သူ ဖြစ်သည် ။ သူ့ကိုတော့ ကျွန်တော်က ဆရာနီ ဟုသာ ခေါ် တတ်သည် ။ စင်စစ် သူက လက်ဝဲစာပေတွေ လေ့လာလိုက်စားပြီး နိုင်ငံရေးသမား ယောင်ယောင် ၊ စာပေသမား ယောင်ယောင်နှင့် ယောင် ခြောက်ဆယ် လုပ်နေသူပါတည်း ။


••••• ••••• •••••


တစ်နေ့ လမ်းထိပ်က အရက်ဆိုင် တွင် မမျှော်လင့်ဘဲ သူနှင့် တွေ့ဆုံမိခဲ့ကြသည် ။


“ ဟာ ... ဆရာနီ ၊ ဘယ်လိုလဲ ၊ တစ်ယောက် ထဲလား ”


“ လောကကြီးမှာ အဖေါ် မရှာတာ အကောင်းဆုံးပါပဲ ငါ့ ညီရာ ၊ တစ်ယောက်တည်း ၊ ဒါပေမယ့် ခြင်္သေ့ ဆိုတာလို ပေါ့ကွာ ... ဟား... ဟား လာ ... ထိုင်ကွာ ... ငါ့ညီ ”


ကျွန်တော် သူ့အနီးတွင် ဝင် ထိုင်လိုက်သည် ။ သူ့ ပုံစံက အတော် ရေချိန် ကိုက်နေဟန် တူ၏ ။ သူ့ ရှေ့မှ ရမ်ပုလင်းက တစ်ဝက် ကျိုးနေပြီ သူက ဖန်ခွက်လွတ် တစ်လုံး ယူပြီး


“ ရော့ကွာ ၊ ငါ့ညီ ... သောက်စမ်း ၊ တစ်ခါတစ်လေ တွေ့တုန်း ကြုံတုန်းပေါ့ ၊ အစ်ကို ကတော့ ထုံးစံအတိုင်း အနီပဲ ”


“ သိပါတယ်ဗျာ ၊ ဆရာ ကတော့ အမြဲ နီနေတဲ့ သူပဲ ၊ ကျွန်တော်တို့ကတော့ ဘာရောင်မှ မသတ်မှတ်ဖူး ၊ အဖြူ နဲ့ တွေရင် အဖြူ ၊ အနီ နဲ့ တွေ့ရင် အနီပဲ ... ”


“ ဟား ဟား ဟား ... အစ်ကို့ နာမည်က အနီရောင်ပါ ငါ့ညီရ ၊ အနီ ... သို့မဟုတ် အနီရောင် ... အနီရောင် ၊ ဘာပဲဖြစ်ဖြစ် နည်းနည်းလေး နီ ပစ်လိုက်ရမှ ကျေနပ်တဲ့ ကောင် ၊ ယူထားတဲ့ မိန်းမ တောင် ‘ မနီ ’ ဆိုတာသာ ကြည့်ပေတော့ ... ”


“ ဟုတ်ပါတယ်ဗျာ ... ဟုတ်ပါတယ် ၊ ဆရာ နီတာကတော့ ကျွန်တော်တို့ လိုက်လို့ မမှီပါဘူး ၊ ကျွန်တော်တို့က အဲဒီလောက် သတ္တိ မရှိဘူးလေဗျာ ” 


“ သတ္တိဆိုတာ မွေး ယူရတာပါ ငါ့ညီရာ ၊ ခက်တယ် သိပ်ခက်တယ် ၊ လောကကြီးဟာ ဘာမှန်း မသိတာကြီး ကိုမှ ဘာမှန်း မသိ ဖြစ်နေကြတယ် ၊ ကိုယ်ကလည်း အဲဒါတွေ သိပ် စိတ်မဝင်စားတော့ဘူး ၊ အသက်အရွယ် ရလာ လို့သာပေါ့ ၊ ဟိုတုန်းက စိတ်မျိုးနဲ့ တွေ့ ရင်တော့လား ” 


ဆက်လက်၍ လောကကြီးကို သူ မကျေနပ်ရသည့် အကြောင်းများကို ရင်ဖွင့် လေတော့သည် ။ အရက် သောက်လိုက် ၊ အမြည်း စားလိုက် ၊ ဆက်ပြီး ပြောလိုက် ၊  သူ နှင့် တွေ့တိုင်း ဒီစကားမျိုးတွေက ကြားနေကျ ဓာတ်ပြားဟောင်းကြီး တွေမို့ ကျွန်တော့် အဖို့ မထူးခြားလှ ၊ သူ ပြောသမျှ ခေါင်းညိတ် ဖေါ်လို လိုက်ရင်း သူ တိုက်သော အရက်ကိုသာ သောက်နေမိသည် ။


တဖြည်းဖြည်း သူလည်း အရှိန်ရ ၊ ကိုယ်လည်း အရှိန်ရ နှင့် စကားတွေ သွက်လာကြသည် ။ ထိုအခါမှ သူ ဟိုတုန်းက အတွေ့အကြုံများကို အားပါးတရ ပြောပြတော့သည် ။


အချိန်ကာလက ပါလီမန်ခေတ် ၊ ပြည်တွင်းမှာ ရောင်စုံသူပုန်တွေ သောင်းကျန်း ဆူပူနေချိန် ၊ ထိုစဉ်ကတည်းက သူသည် အနီ တစ်ယောက် ဖြစ်ခဲ့သည် ။ ထို့နောက် သူသည် အင်းစိန်တောရမှာ ဆယ်နှစ် ၊ ထိုမှတစ်ဆင့် ကိုကိုးကျွန်း ခေါ် တစ်ကျွန်း မှာ ငါးနှစ် ၊ လျှို့ဝှက်သည်းဖို စိတ်ဝင်စားစရာ ဇာတ်လမ်းများ ၊ ကိုယ်တွေ့ ဖြစ်ရပ်များက အံ့ဩဖွယ်ရာ ကောင်းသလို ဗဟုသုတ ဖြစ်စရာ သင်ခန်းစာ ယူစရာတွေ ပြည့်နှက်နေသည် ။


“ အဲဒီ အင်းစိန်တောရမှာ တုန်းကများ ကိုတင်အောင် တို့ ၊ ကိုမြသန်း တို့ ဆိုတာ ကိုယ်နဲ့ တစ်ခန်းတည်း နေလာကြတာ ၊ အယူအဆ အတွေးအခေါ်ချင်း တူတဲ့ သူတွေမို့လား မသိဘူး  တကယ် အဖွဲ့ကျခဲ့ကြတာ ၊ သူတို့ဟာ သိပ်ပြီး စိတ်ဓာတ် ပြင်းထန်တယ် ၊ အတွေးအခေါ် ရင့်ကျက်တယ် ၊ တကယ့်ကို ကိုယ်ကျိုး စွန့် အနစ်နာခံတဲ့သူတွေ .. ”


သူ ပြောသော ကိုတင်အောင် မှာ ဆရာ ‘ ဗန်းမော်တင်အောင် ’ ဖြစ်ပြီး ကိုမြသန်း မှာ ဆရာ ‘ မြသန်းတင့် ’ တို့ ဖြစ်ကြောင်း ကျွန်တော် နောက်မှ သိရသည် ။ စကား ပြောရင်းက သူ စိတ်ဓာတ်တွေ တက်ကြွ လာသည် ။ လက်သီးလက်မောင်းတွေ တန်းလာသည် ။ သူ့ မျက်နှာမှာ မျှော်လင့်ချက် ရောင်ခြည်တွေ အပြည့် ၊ ဘေးက လူတွေ ကြည့်နေသော်လည်း သူ က ဂရုမစိုက် ၊ သူ ဖတ်ခဲ့ မှတ်ခဲ့ လေ့လာခဲ့ ဆည်းပူးခဲ့သော အနီရောင် လက်ဝဲစာပေများ အကြောင်း ၊ ‘ ငုယင်ဗန်ထရွိုင်း ’ တို့ ‘ ချေ ခွေဗားရား ’ တို့ အကြောင်းများ ၊ လီနင် , စတာလင် မှ သည် ဟစ်တလာ , မူဆိုလိုနီ အထိ ။


သူလည်း မူး ၊ ကျွန်တော် လည်း မူး ၊ သူ့ အယူအဆ ကိုယ့် အယူအဆတွေ ပြောကြရင်း အချိန် အတော်ကြာမှ လမ်းခွဲ ခဲ့ကြသည် ။ အပြင်မှာ အမှောင်ထုက စိုးမိုးနေပြီ ။ နှစ်ယောက်သား နှုတ်ဆက် လမ်းခွဲကြတော့ ...


“ တောက် ... ကိုမြသန်း ဟာ ‘ အရှေ့တစ်ခွင်လုံးနီ ’ ဆိုတဲ့ စာအုပ် ဘာဖြစ်လို့ များ မထုတ်ခဲ့ပါလိမ့်ကွာ ၊ နာလိုက်တာ ...” တဲ့ ။


အဲဒါသာ ကြည့်တော့ ၊ စင်စစ် ကိုလူမောင် က တကယ့် အာဂ အနီရောင် သက်သက် သာလျှင် ဖြစ်ချေသည်တကား ...


 ••••• ••••• •••••


ထိုနေ့က သူ နှင့် ကျွန်တော် မြို့ထဲက ၃၃ လမ်း ၊ လေထန်ကုန်း ၊ လက်ဖက်ရည်ဆိုင်မှာ ပြန် ဆုံရပြန်သည် ။ 


“ ဟော ... လာဗျို့ ဆရာနီ ၊ ထိုင် ... လက်ဖက်ရည် သောက်မယ် မဟုတ်လား ၊ ဟေ့ ကောင်လေး ပုံမှန် တစ်ခွက် ဟေ့... ” 


ကျွန်တော်က သူ့အတွက် လက်ဖက်ရည် မှာရင်း သူ့ကို အကဲခတ်သည် ။ သူ က လွယ်အိတ်ကို ခုံငယ်ကလေးပေါ် တင်လိုက်ပြီး စိတ်ပျက်လက်ပျက် အမူအရာနှင့် သက်ပြင်း ချလိုက်သည် ။


“ ဘာတွေများ အဆင်မပြေဖြစ်လာလို့လဲ ”


“ ထုတ်ဝေသူ တစ်ယောက်နဲ့ပေါ့ ” 


“ ထုတ်ဝေသူနဲ့ ၊ ဘာလဲ စာအုပ် ထုတ်ဖို့ ကိစ္စလား ”


“ ဟုတ်တယ် ... ကိုယ့် စာအုပ်ကို ထုတ်မယ် ဆိုပြီး အသေအချာ ပြောထားကာမှ ခုတော့ အခြေအနေ မကောင်းလို့ မထုတ်ဖြစ်တော့ဘူးတဲ့လေ ”


 “ အစစအရာရာ ဈေးနှုန်းတွေ မြင့်နေတာ ၊ ခုနေ စာအုပ် တစ်အုပ် လေးငါး ခြောက်သိန်းလောက် ရင်းရမယ် ” 


“ သူတို့ အဖို့က ဒီလောက်ငွေကြေးကို မမှုပါဘူးကွာ ၊ စာပေတိုက်ကြီး တစ်ခု ထူထောင်ထားတာများ ... ဘာခက်လို့လဲ ”


“ နို့နေပါအုံး ... ဆရာနီ့ စာမူက ဘယ်မှာလဲ .. ”


သူက လွယ်အိတ်ထဲမှ စာမူကြီးကို ထုတ်ပြသည် ။ ဖတ်ကြည့်တော့ ... “ ၂ဝရာစု လူမှုတော်လှန်ရေးသမိုင်း ... ” တဲ့ ။ ဘုရား ဘုရား ... ဒီဆရာ ဘယ်တုန်းကများ အချိန်ယူ ရေးထားပါလိမ့် ။ ထူလိုက်တဲ့ စာမူကြီး ၊ ထုတ်ဝေသူ လက်တွန့်မည် ဆိုက တွန့်လောက်သည် ။ အယူအဆတွေ ၊ ဒဿနတွေ ၊ ကျမ်းကိုး စာရင်းတွေက မင်နီတွေ ရဲရဲတောက် ...


“ ထူလှချည်လား ... ဘယ်တုန်းကများ ရေးထားတာလဲ ” 


“ ဒီစာမူ ရေးတာ ၁၀ နှစ် နီးပါး ရှိတော့မယ် ၊ တကယ် အချိန်ယူရသလို ကိုးကားတဲ့ ကျမ်းတွေ လိုက်ဖတ်ရတာ မနည်းဘူး ၊ ဒီလောက် ပင်ပင်ပန်းပန်း ရင်းနှီးထားရတာကိုများကွာ ... ”


သူက မကျေမနပ်နှင့် ရေရွတ် ပြောဆိုနေသည် ။ နေပူရှိန် ကြောင့်လား ၊ အရက်ရှိန် ကြောင့်လား ၊ ဒေါသ ကြောင့်လား မသိ ။ သူ့မျက်နှာ နီရဲနေသည် ။ လက်ဖက်ရည် အတူ သောက်ရင်းမှ စကားတွေ ပြောဖြစ်ကြသည် ။


“ စိတ်ဓာတ် မကျပါနဲ့ ဆရာနီ ရယ် ၊ သူတို့ နဲ့ အဆင်မပြေပေမယ့် တခြားတိုက်တွေ ရှိပါသေးတယ် ”


“ တခြား တိုက်တွေ ပြပြီးပြီကွ ၊ သူတို့က အရောင်ပါတယ် ဆိုပြီး လက်ရှောင်ကြတယ် ”


“ အရောင် ... ဟုတ်လား ၊ ဘာ အရောင်လဲ ... ”


ကျွန်တော်က အံ့အားသင့်စွာ မေးတော့ ...


“ နိုင်ငံရေးတွေ ပေါ့ကွာ ၊ ပြီးတော့ ခုအချိန်မှာ ‘ အရင်းကျမ်း ’ ဆိုတာ ဘယ်သူမှ မဖတ်ကြတော့ဘူး ၊ ဆိုဗီယက် မှာ ကွန်မြူနစ်ဝါဒ ကျဆုံး သွားပြီတဲ့ ၊ လီနင်ရုပ်ထုကြီး ကို တောင် ဖြိုလှဲလိုက်ပြီ ဆိုပါလား ... ” 


သူက စိတ်ပျက်စွာ ပြောရင်း လက်ဖက်ရည် သောက်သည် ။ ပြီးတော့ စီးကရက်ဖွာသည် ။ စီးကရက်မီးခိုးငွေ့တွေကို မှုတ်ထုတ်ရင်း အဝေးသို့ မျှော်ငေးနေသည် ။ တစ်စုံတရာ ကို အလေးအနက် တွေးနေဟန် တူ၏ ။ အသက် ( ၆၀ ) ကျော် အရွယ်က အသက် ( ၈၀ ) ကျော်လို သူ့မျက်နှာ အတော် အိုစာသွားသည် ။ 


“ ဟုတ်တော့လည်း ဟုတ်တယ်ဗျာ ၊ ဒီလောက် အချိန်ယူ ရင်းနှီးထားရတဲ့ စာမူကြီး  ထုတ်ဝေသူ မရှိလို့ ဒီအတိုင်း ထားရမှာ နှမြောစရာ ... ”


“ ဘယ် တတ်နိုင်မလဲ ငါ့ ညီရာ ၊ ကမ္ဘာကြီးကိုက ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေမှတော့ ဘာလုပ်လို့ ရတော့မှာလည်း ၊ ဒီ စာမူကြီးကို လိုက်တော့ ကြိုးစား ကြည့်အုံးမယ် ၊ မရတော့လဲ တစ်ခုခုတော့ လုပ်ရတော့မှာပေါ့ ၊ ကဲ ... ကိုယ် ကိစ္စရှိလို့ သွားအုံးမယ် ၊ ငါ့ညီလည်း စာတွေ ရေးအုံးလေ ၊ ခုတစ်လော မဂ္ဂဇင်းတွေမှာ သိပ်မတွေ့ ရပြန်ဘူး ... ”


“ ရေးရမှာပေါ့ ဆရာနီရယ် ၊ စာရေးဆရာဟာ စာ မရေးလို့ အလကား နေ ရင်း သံချေးတက် သွားမှာပေါ့ ”


“ ကောင်းတယ် ... ကောင်းတယ် .... ”


ပြောပြောဆိုဆို နှုတ်ဆက် ထွက်ခွာသွားသော သူ့ကို ကျွန်တော် ငေးကြည့်နေ မိသည် ။ ဪ ... ‘ ၂၀ရာစု လူမှုတော်လှန်ရေး သမိုင်း ’ ရေးသူ ... အနီ ( သို့မဟုတ် ) အနီရောင် တဲ့ လား ...


••••• ••••• •••••


တစ်နေ့ ကျွန်တော် သူ့အိမ် သို့ ရောက်ရှိသွားသည် ။ အမှန်က သူ့အိမ်ကို ရည်စူး ရောက်သွားခြင်း မဟုတ်ပါ ၊ မိတ်ဆွေ တစ်ယောက်ထံ ကိစ္စ တစ်ခုနှင့် ရောက်သွားရာ မှ သူ့အိမ်နှင့် နီးသဖြင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည် ။


“ ဆရာနီ ... ဆရာနီ ရှိလား ” 


“ ဟာ ... ဟေ့ ညီလေး ၊ လာကွာ ၊ ဝင်ခဲ့ ”


အိမ်ရှေတွင် ပက်လက်ကု,လားထိုင် တစ်လုံးနှင့် စာဖတ်နေသော သူ့ကို အခန့်သင့် တွေ့လိုက်ရသည် ။ 


“ ဘယ်က လှည့်လာတာလဲ ” 


“ သူငယ်ချင်း တစ်ယောက် ဆီ လာရင်း လမ်းကြုံလို့ လှည့် ဝင်လာတာဗျ ၊ အံမယ် .. ကျွန်တော်က စာဖတ်နေတယ် ထင်တာ ... လက်စသတ်တော့ ဘေးမှာ ပုလင်းနဲ့ ပါလား ...”


သူက လူမိ ခံရသော လူ တစ်ယောက်ကဲ့သို့ အရှက်ပြေ တဟဲဟဲ ရယ်နေသည် ။


“ အိမ်မှာ ဘယ်သူမှ မရှိကြဘူးကွ ၊ မိန်းမ ဈေးသွားတယ် ၊ တစ်ယောက်ထဲ အိမ်စောင့်ရင်း အပျင်းပြေပေါ့ကွာ ၊ လာ ... တစ်ခါထဲ ဝင်ချ ၊ အမြည်း ကတော့ မြင်တဲ့အတိုင်း လက်ဖက်သုတ်နဲ့ ငါးခြောက်ကြော် ... ”


“ လုပ်ပါဗျာ ၊ ကျွန်တော် ဒီအချိန် မလုပ်တတ်ပါဘူး ...  ”


“ ဟာ ... ငါ့ညီ ကလည်း  ... အရက်သောက်တာများ အချိန်တွေ နာရီတွေ သတ်မှတ် နေရသေးတယ် ၊ လာစမ်းပါ ”


ပြောပြောဆိုဆို ဖန်ခွက် တစ်လုံး ထိုးပေးပြီး ပုလင်းထဲမှ အရက်ကို ငှဲ့ပေးသည် ။


“ ဟင် ... ဆရာနီ ၊ ဒါနဲ့ အဖြူ မသောက်ဘူးဆို ဘီအီးတွေ ပါလား ” 


ကျွန်တော်က သူ ငှဲ့ ပေးသော အရက်ကို အံ့ဩစွာ ကြည့်ရင်း ပါးစပ်မှ လွှတ်ကနဲ ထွက်သွားမိသည် ။ ထိုအခါ သူက လူကြီး ရှက်တော့ ရယ်ပုံစုံမျိုးနှင့် တဟဲဟဲ ရယ်နေလေသည် ။ ပြီးတော့ သူ ကပင် ဆက်၍ သူ့ ခံယူချက်တွေကို ပြောပြနေပြန်သည် ။


“ အခြေအနေ အရပေါ့ ငါ့ညီရာ .. အခြေအနေ ၊ အချိန်အခါ ၊ ကာလဒေသ ဆိုတာ ရှိသေးတာပဲ ၊ လောကကြီးမှာ သဘောတရား ဆိုတာ ရှိနေပေမယ့် လက်တွေ့ အကောင်အထည် ဖေါ်ဖို့ ဆိုတာ မဖြစ်နိုင်တာတွေ အများကြီး ရှိတယ် ၊ တကယ်တော့ ငါတို့ဟာ နှစ်ပေါင်းများစွာ လေ့လာ လိုက်စားခဲ့တဲ့ လက်ဝဲစာပေတွေရဲ့ ဝါဒမှိုင်း အောက်မှာ အထင်ကြီး အားကိုးရင်း အချိန်တွေ ကုန်ခဲ့ရတယ် ၊ ဒါတွေ ဖတ်ပြီး အချင်းချင်းတွေ ဝိဝါဒ ကွဲပြား အငြင်းပွားပြီး အမုန်းတရားတွေသာ ရလာတယ် ၊ လက်တွေ့ မှာ ဘာတစ်ခုမှ အကျိုး မပြုပါဘူးကွာ ၊ အေး ...ဒီနေ့ ဟော့ဒီ စာအုပ်စာပေတွေ တကယ် အကျိုးပြုအောင် ငါ အသုံးချ လိုက်ပြီ ၊ ငါ့ စာမူကြီးကိုလဲ သံယောဇဉ် ဖြတ်ပစ်လိုက်ပြီ .. ”


“ ဒါဆို ... ဒါဆို ... ဆရာနီ ... “ ဖြူ ” သွားပြီပေါ့ ” 


“ ဒီမှာ မှတ်ထား ငါ့ညီ ၊ နီတယ် ဖြူတယ် ဆိုတာ ဝါဒတွေရဲ့ မှိုင်းတိုက်မှု အကျိုးဆက်တွေပါကွာ ၊ အခု အချိန်မှာ ငါဟာ ဘာအရောင်အသွေးမှ မရှိတော့ပါဘူး ၊ အခု လောလောဆယ် ‘ အရောင် ’ ဆိုတဲ့ ဝတ္ထုတစ်ပုဒ် ရေးနေတယ် ၊ ပြီးရင် ... ငါ့ ညီ ကို ဖတ်ခိုင်းရမယ် ၊ အစ်ကို အခု စာတွေ ပြန်ရေးတော့မယ် အင်း ... အရောင် မပါတဲ့ စာတွေ ဆိုပါတော့ ” 


သူ့စကား မဆုံးခင်မှာပင် သူ့ မိန်းမ ‘ မနီ ’ အပြင်မှ မောကြီးပန်းကြီး ပြန်ရောက်လာသည် ။ လက်ထဲမှာ ဈေးဆွဲခြင်းက အပြည့်အနှက် ...


“ ကိုလူမောင် ... ရှင် ရောင်းခိုင်းတဲ့ စာအုပ်တွေကလည်း  ဘာ စာအုပ်တွေမှန်း မသိဘူး  ၊ အထူကြီးတွေ ၊ အဟောင်းဆိုင်ကု,လားက အချိန်နဲ့ ဝယ်မယ်ဆိုလို့ ကျုပ်မှာ ရှိခိုးမတတ် တောင်းပန်ပြီး ရောင်းခဲ့ရတာ အဲဒါ ... ရတဲ့ ပိုက်ဆံလေး နဲ့ ဈေးမှာ ဝယ်ခြမ်းပြီး ပြန်လာတာ ... အမလေး ... ဈေးနှုန်းတွေကလဲ ကြီးလိုက်တာ ၊ ကြက်သား ဝက်သား ဆိုတာ အနားတောင် မကပ်နိုင်ဘူး ၊ ဒါပေမယ့် ရှင် ကြိုက်တဲ့ ဝက်ကလီစာကိုတော့ ပါအောင် ဝယ်ခဲ့ပါတယ် ၊ ရော့ ... ရှင့် အတွက် ပုလင်း .. ”


သူ့ မိန်းမက သူ့ကို ပုလင်း တစ်လုံး လှမ်းပေးလိုက်သည် ။


အလို ... ဘီအီးဒီဝမ်း ... စပယ်ရှယ် အရက်ဖြူ ဆိုပါလား ။ ကိုလူမောင် က ပုလင်းကို လှမ်းယူပြီး ကျေနပ်ဝမ်းသာသော မျက်နှာဖြင့် ... 


“ ငါ့ အတွက်တော့ အရက် ဆိုတာ အချိန်တန်ရင် သူ့ အလိုလို ဖြစ်လာတာပါကွာ ၊ ဒါပေမယ့်လည်း အခြေအနေအရ အနီ တော့ မသောက်နိုင် တော့ဘူး ၊ ဒီနေ့က စပြီး ငါ့ နာမည်လည်း အနီရောင် တွေ ... အနီ ... သို့မဟုတ် တွေ မဟုတ်တော့ဘူး နာမည်ရင်း “ လူမောင် ” ဖြစ်သွားပြီ ၊ ကဲ ... သောက်ကွာ ငါ့ညီ တစ်ခါတစ်လေ ရောက်တုန်း ရောက်ခိုက် ပြုစုရတာ ”


သူ ငှဲ့ပေးသော အရက်ခွက်ကို မော့ အသောက် မျက်လုံးတွေ က သူ့ စာအုပ်စင်ကို လှမ်း အကြည့် ...


အလို ... သူ အမြဲတမ်း လေ့လာ ဆည်းပူးခဲ့သော လက်ဝဲစာပေ စာအုပ် ထူထူကြီးတွေ တစ်အုပ်မှ မရှိတော့ပါ တကား ... 


ဖြစ်မှ ဖြစ်ရလေ ...


 ▢ မောင်စိုးနွေ ( သုံးဆယ် )

📖အလင်္ကာရပ်ဝန်း ( ၇ )

No comments:

Post a Comment