Thursday, October 9, 2025

မြို့ဂျပိုး ( ၀၄ )


 

တစ်လမ်းသွား လမ်းမကြီးထဲကို ကားကွေ့ဝင်လိုက်တာနဲ့ ရှေ့မှာ တက္ကစီ ရှိသလား ၊ နောက်မှာရော ကပ်ပါသလား ၊ ခရီးသည် ဘယ်မှာ ရှိနေလဲ ၊ ဟိုဘက်ယာဉ်ကြောထဲ ဝင်လို့ ဖြစ်မလား ... ဆိုတာတွေ စက္ကန့်ပိုင်း အတွင်း တွေးရတယ် ။ ခရီးသည်က လက်ပြတားပြီ ဆိုပါတော့ ၊ နောက်ကား ရှင်းမရှင်း ကြည့်ပြီး အဆင်ပြေသလို ရပ်ရပါတယ် ။ တကယ်လို့ ခရီးသည် က အမျိုးသမီး လူလတ်ပိုင်း ဖြစ်မယ်ဆိုရင် သူသွားမယ့် နေရာကို မေးပြီး ဈေးကို ပိုပြောရတာပဲ ၊ သူကလည်း ဆစ်တာပဲ ၊ ကိုယ်ကလည်း ဖြည်းဖြည်းလျော့ ၊ အဆင်ပြေရင် သွားကြတာပေါ့ဗျာ ။ ကျွန်တော် ကျိန်ပြောရဲတယ် ၊ ခရီးအမှန်ကို ဈေးအမှန်အတိုင်း ပြော ၊ ဘယ်တော့မှ အဆင်မပြေဘူး ။ သူတို့က ဆစ်ကို ဆစ်ရမှ ကျေနပ်တာ ။ ယောက်ျားခရီးသည် ထဲမှာတော့ နှုတ်ခမ်းမွေးနဲ့ မုတ်ဆိတ် ဆိုရင် ဆစ်ပြီ ။ ဘယ်လောက်ပဲ ဈေးအမှန် ပြောရုံမကလို့ လျှော့ပြီး ပြောပြောရအောင် ဆစ်တယ် ။ ဒါမြို့တော်တက္ကစီရဲ့ အထာပဲဗျ ။

ကျွန်တော်ကလည်း တစ်မျိုး ။ ခပ်ကြောင်ကြောင်လို့ ပဲ ပြောရမလား မသိဘူး ။ ဈေးဆစ်တဲ့ ခရီးသည်ဆို မကြိုက်ဘူးဗျ ။ ပိုလည်း မပြောချင်ဘူး ။ ခရီးသည်မှာ တကယ် အခက်အခဲ ဖြစ်နေတာမျိုး ကိုယ် တောင်းလိုက်တာ တကယ် များသွားမှန်း ပို့တဲ့ နေရာရောက်မှ သိတာမျိုးဆို တမင် လျှော့ယူလိုက်တယ် ။ စံပြလုပ်တာတော့ မဟုတ်ပါဘူး ။ တစ်ခါကဆို နိုင်ငံခြားသား တစ်ယောက် ယုဇနစင်တာ ရှေ့ကနေ ဝင်္ကဘာလမ်း ထဲက နိုင်ငံခြားဘာသာ သင်တန်းကျောင်းကို သွားဖို့ ကားငှားတယ် ။ ကျွန်တော် ရပ်ပေးပေးချင်း ဈေးလုံးဝ မပြောဘဲ ကားကိုသာ မြန်မြန်မောင်းပေးဖို့ ပြောပါတယ် ။ ကျွန်တော်လည်း သူတကယ် အရေးကြီးနေမှန်း သိတာကြောင့် မြန်မြန် မောင်းပေးပါတယ် ။ သူသွားချင်တဲ့ လမ်းထဲ ရောက်တော့ ကားတွေ လုံးဝပိတ်နေပြီ ။ သူက စိတ်မရှည်စွာနဲ့ ပိုက်ဆံကို တစ်ဆပိုပေးပြီး ကားပေါ်က ဆင်းဖို့ လုပ်တော့ ကျွန်တော် လက်မခံဘဲ ပိုငွေကို ချက်ချင်း ပြန်ပေးတယ် ။ ဒီခရီးဟာ ဘာမှ ဝေးတာ မဟုတ်တော့ ပေါက်ဈေးကို သိနေတာပဲလေ ။ သူ အံ့သြသွားတယ်ဗျ ။ ပြီးတော့မှ သူ စိတ်လောသွားတာကို ခွင့်လွှတ်ဖို့ ကျွန်တော့်ကို တောင်းပန်တယ် ။ ကျွန်တော် ကျေနပ်ပါတယ် ။ ဒါဟာ မြို့တော်တက္ကစီလောကရဲ့ ဂုဏ်သိက္ခာလို့ ကျွန်တော် ယူဆပြီး ကျေနပ်မိတယ်ဗျ ။ နိုင်ငံခြားသားမှ မဟုတ်ပါဘူး ၊ မြန်မာ ဆိုရင်လည်း ကျွန်တော် ပြန်ပေးဖူးတာ ခဏခဏပါ ။ မြို့တော်ရဲ့ လမ်းတွေဟာ သွားနေကျ ဖြစ်ပေမယ့် တစ်ခါတလေ ဖြတ်လမ်းတွေကို မစဉ်းစားမိဘဲ သူ့ခရီးကို ကြားကြားချင်း ဈေးတောင်းတာများ သွားတယ် ။ သူ ကလည်း မဆစ်ဘဲ လိုက်လာတယ် ။ မောင်းလာတော့မှ ဖြတ်လမ်းကို သတိရပြီး ဈေးများသွားတယ် ၊ ဘယ်လောက်ပဲ ပေးပါလို့ ကျွန်တော် ဝန်ခံဖူးပါတယ် ။ နှစ်ဦးစလုံး စိတ်ချမ်းသာရတာပေါ့ ။

ကောင်မလေးတွေ ကားတားရင်တော့ ကျွန်တော့် ပင်ကို သဘောကို က ပျော်သွားတယ်ဗျ ။ သူတို့ ကလည်း သိတယ် ။

“ ... သွားမယ် ၊ ဘယ်လောက် ပေးရမလဲဟင် ၊ နှစ်ယောက်တည်း ”

“ ( ... ) ပေးပါ ”

“ ဟွန်း ၊ များဘူးလား ၊ လျှော့ပါဦး ၊ အိမ်က မုန့်ဖိုး မပေးလိုက်ဘူး ”  

“ ဘယ်လောက် လျှော့ရမှာ လဲ ၊ လျှော့ထားပြီးပြီ ”  

“ ( .. ) လျှော့ ... နော် ၊ လျှော့ပါ ”

မခံနိုင်ဘူးဗျာ ။ ဒါတွေဟာ စိတ်ကို ရွှင်လန်းစေပါတယ် ။ ကားပေါ် သူတို့ ရောက်ရင် ပြောကြ ဆိုကြတာလေးတွေ နားထောင်ပေါ့ဗျာ ။ အတင်းလေးတွေ ပြောလိုက် ရယ်လိုက် ၊ ရုပ်ရှင်အကြောင်း ၊ ဗွီဒီယို အကြောင်း ၊ သီချင်းအကြောင်း စုံနေတာပါပဲ ။ ခေတ်ရဲ့ ပိုင်ရှင်လေးတွေ မဟုတ်လား ။ ကျွန်တော် မသိတဲ့ စကားထာတွေလည်း ပါတာပဲ ။ အသစ်အဆန်း အခေါ်အဝေါ်လေးတွေလည်း ကျွန်တော် ပျော်ပါတယ် ။ ကျွန်တော့်အသက် က ၃ဝ ဝန်းကျင်ဆိုတော့ သူတို့လို ဆယ့်ခုနစ်နှစ် ၊ ဆယ့်ရှစ်နှစ်တွေဟာ ခေတ်နဲ့ ပိုနီးစပ်ပါတယ် ။ ကျွန်တော်က ခင်မောင်တိုး ၊ စိုင်းထီးဆိုင် ၊ အော င်ခြင်းရှစ်ပါး ကြိုက်ပေမယ့် သူတို့က တစ်မျိုး ။

“ အစ်ကိုကြီး ... လေးဖြူလုပ်ပါဗျာ ”

“ ဟာ ... မင်းကလည်း အက်ဆစ် ဖွင့်ခိုင်းကွာ ၊ အစ်ကိုကြီး ပါတယ် မဟုတ်လား ”

“ ဒါပေါ့ ၊ ကဲ ... ယူပြီ ၊ လုံးဝစကားမပြောနဲ့ ၊ ဖုန်းလည်း ပိတ် ”

ဆိုပြီး ကာလပေါ် ပေါက်ကွဲသံစဉ်တွေစကားလုံးတွေ ကျွန်တော့် ကားထဲ ဆူညံသွား ပါတော့တယ် ။ တစ်ခုတော့ ရှိတယ် ။ ဒီခေတ် ကောင်လေးတွေဟာ ကောင်မလေးတွေအကြောင်းဆို သိပ်မပြောဘူး ၊ ကောင်မလေးတွေကသာ ကောင်လေးတွေအကြောင်း ပြောတာ များတယ် ။ ကျွန်တော်တို့တုန်းက ဒီလို မဟုတ်ဘူး ။ လက်ဖက်ရည်ဆိုင် ထိုင်ပြီ ဆိုတာနဲ့ မိုင်နှစ်ဆယ် ပတ်လည်ထဲမှာ ရှိတဲ့ မိန်းကလေးတွေအကြောင်းကနေ စိုးမြတ်သူဇာ ၊ တင့်တင့်ထွန်း ၊ ကော်နီ ၊ မက်ဒေါနား ၊ ဒိုင်ယာနာ စုံနေအောင် ပါလာတော့တာပဲ ။

ဒါတွေကို ကြုံတွေ့ နေရတော့ ခေတ်တွေ ပြောင်းလဲလာပုံကို ကျွန်တော် ပြန်စဉ်းစားမိတယ် ။ မညှာမတာ ဝေဖန်ကြတယ်ပေါ့ ။ ကျွန်တော်တို့ လူငယ်ဘဝက အဆိုတော်တွေ အနှစ် နှစ်ဆယ်ထဲ ရောက်ကုန်ပြီ ။ ဒါဟာ ခေတ်ရဲ့ ဝဋ်ပဲဗျ ။ ဟိုးတုန်းက သီချင်းကြီးတွေကို မြန်မာအသံတွေ က တိုးဝင်တယ် ။ မြန်မာသံစဉ်ကို စတူရီယိုခေတ်ပေါ်တေးက တိုးတယ် ။ နောက်တော့ ရော့ခ်ဂီတ ၊ အခုတော့ ပေါ့ပ်တို့ ၊ ဟစ်ဟော့တို့ ၊ စကားလှိုင်း တို့က တိုးပြီ ။ ဒါကိုဘယ်လိုမှ တားဆီးလို့ မရနိုင်ဘူး ။ ကိုယ့်ယဉ်ကျေးမှု ဆိုတာ ပစ်ပယ်လို့ မရသလို ၊ စိတ်ဆိုတာလည်း တားလို့ မရတာ ပစ်ပယ်လို့ မရသလို ခေတ်ရေစီး ဆိုတာလည်း တားလို့ မရနိုင်ဘူး ။ လူငယ်တွေဟာ သိပ်စိတ်မရှည်ကြတော့ဘူးဗျ ။ သီချင်းတွေထဲက လိုပဲ ရှင်းရှင်းလင်းလင်း ပြော ၊ တိုတိုတုတ်တုတ် ရင်ဖွင့်နဲ့ ဘဝနေထိုင်မှု ပိုင်းမှာပါ ဒီလို ဖြစ်နေကြတယ် ။ ခေတ်ကြီးက မြန်လာတော့ လူငယ်တွေလည်း မြန်မြန်လိုက်ရင်း မအားကြတော့ဘူး ထင်ပါရဲ့ ။ ပညာရေးကဏ္ဍပဲ ကြည့်ကြည့် ၊ သိပ္ပံကဏ္ဍပဲ ကြည့်ကြည့် ၊ စီးပွားရေးကဏ္ဍ ပဲ ကြည့်ကြည့် ၊ မြန်မြန်ဆန်ဆန် ပြောင်းလဲ နေကြတဲ့ သဘောတရားအတိုင်း လူငယ်တွေ ဖြတ်သန်းနေကြရတယ် ။ ဟိုးတုန်းကတော့ ကျွန်တော်လည်း ကံစီမံရာ နာခံရမှာပဲလို့ လူ့ဘဝကို လက်ခံထားပေမယ့် ဆယ်နှစ်ဆိုတဲ့ အချိန်ပိုင်းဟာ ကျွန်တော့် အယူအဆကို ပြောင်းလဲစေပါပြီ ။ ကံကို ကျွန်တော်ကသာ စီမံမယ် ။ ကျွန်တော် ပြုသမျှ ကျွန်တော် ရမယ် ဆိုတာ သေချာနေပြီပဲ ။ ကျွန်တော် ဘာမှ မလုပ်ရင် ဘာမှ မလုပ်တဲ့ ကံက လာစီမံသွားမှာပေါ့ ။ ကျွန်တော် လုပ်ရင်တော့ လုပ်တဲ့ ကံက လာစီမံမယ် ။ ဒီသဘောတရားဟာ ခက်ခက်ဝေ နဲ့ ရင်းနှီးပြီးမှ ပိုသေချာလာတဲ့ သဘောတရားပါ ။ ကောင်မလေးက မထင်ရက်စရာလေးဗျ ။

ရိုးရိုးယဉ်ယဉ်လေးနဲ့ လှတဲ့ နေရာမှာတော့ ကန်တော်ကြီး တစ်ဝိုက် မှာ သူ နံပါတ်တစ် ၊ လူပုံစံနဲ့ စကားပြောတဲ့ လေသံက တခြားစီပဲဗျာ ။ စကားပြောရင် “ တို့ ၊ တို့က ၊ တို့ဆိုရင် ” ဆိုပြီး နာမ်စားလေး ထည့်ထည့်သုံးတယ် ။ သူ့ပါးစပ်က အဆန်းထွင်တဲ့ စကားတွေလည်း ခဏခဏထွက်လာတယ် ။

“ ဘာလုပ်ရမှာ လဲ ၊ တို့ ရာဇဝင်ကိစ္စမှ မဟုတ်တာ ”

“ တို့ကတော့ သမိုင်း ဆိုရင် မင်နီနဲ့ ရေးလည်း ဂရုမစိုက် ”

“ ဘဝအဖော် ... ဟာဟ ၊ အဲဒီ သင်ခန်းစာတွေ တို့ မသိဘူးကွယ် ” 

သူ့ဆံပင်ဂုတ်ဝဲလေးကို တိနေအောင် ညှပ်ထားပြီး ရင်ဖုံးအင်္ကျီအဖြူလေးပေါ်မှာ အနွေးထည် ပါးပါးလေးဝတ် ၊ ချိတ်ထမီအရောင်နုနုလေးနဲ့ ဆိုရင် တကယ့် တော်ဝင်ပုံလေး ပေါက်သွားတာပဲ ။ ကန်တော်ကြီး နားမှာ သွားလာနေသူမို့လားပဲ သူ့ကို တွေ့ရင် ကိုယ်ပါ စိတ်ထဲ အေးချမ်းသွားတယ် ၊ ချွင်းချက်တော့ ရှိတယ် ။ သူနဲ့တော့ ကြာကြာ ထိုင်မပြောနဲ့ ပေါ့ဗျာ ။ ကျွန်တော်က သူ့အထာ သိနေတော့ တွေ့တာနဲ့ ကိုယ်က ဦးအောင် ပြောထားရတယ် ။

“ ဘယ်လိုလဲ မချော ၊ စီးပွားရေး ၊ ကျန်းမာရေး ၊ လူမှုရေး အားလုံး OK ပဲလား ”

“ မနေ့ကလား ... ၊ ဒီနေ့လား ... ”

“ နှစ်နေ့လုံး ”

“ စနေဂြိုဟ်က မျက်စောင်းထိုးနေတယ် ၊ ဘာမှ အလုပ် မဖြစ်ဘူး ၊ တို့ ကို ရုပ်ရှင် လိုက်ပြပါလား ”

“ အားအားယားယား ၊ နေ့တွက်တောင် မကိုက်သေးဘူး ”

“ ဒါဖြင့် အကြော်ကြွေး ”

“ အာဘွားပေးမှ ”

“ အာ ... ဘွား ”

မချောက လက်ဝါးနဲ့ ပါးစပ်ကို တေ့ပြီး အာဘွား လုပ်ပါတယ် ။ သူနဲ့ တွေ့ရင် အဲဒီလိုပဲ ။ အမြဲ ပေါက်တတ်ကရ ပြောဖြစ်တော့တာပဲ ။ စိတ်ရွှင်တာပေါ့ဗျာ ။ ဒါမျိုးဘယ်မှာ သွားရှာမလဲ ။ လူတွေဟာ မတွေ့လိုက်နဲ့  ၊ တွေ့လိုက်တာနဲ့ ဘာ “ ကျော ” ရမလဲ တွက်ချက်နေကြတဲ့ မြို့ပြမှာ ကျွန်တော်တို့ အတွက် ဒီလိုနေမှ မမွန်းကြပ်တာဗျ ။ တစ်ခါတလေတော့ သူက ဦးသွားပြီး ကိုယ့်ကို အရင် ခနဲ့တာလည်း ရှိတယ် ။

“ ဟေ့ ဟိုကားဆရာကြီး ဆွဲရတာ ကားရဲ့လား ၊ ယောက္ခမကြီးရော ဘာမှာ လိုက်သေးလဲ ”

လူကားနေအောင် မနားမနေ ကားဆွဲရတယ် ဆိုရင် ပင်ပန်းတယ်ဆိုတာ သူသိတယ် ။ ယောက္ခမကြီး ဆိုတာ ကျွန်တော့်အဖေ ကို ခေါ်တာ ။ သူတို့နဲ့ ပတ်သက်ရင် အဖေက ဘယ်လို သဘောထားမှန်း သိလို့ တမင် စတာဗျ ။ ကျွန်တော်က ဘယ်ရမလဲ ပြန်ပြောပြီးသားပဲ ။

“ အေးဟေ ... ကလေး မရမချင်း အိမ်ပေါ် ပြန်မလာနဲ့တဲ့ ၊ ဒါကြောင့် အလုပ်ပါးတုန်း ရှိတဲ့ အလုပ် လုပ်ရအောင် လှည့်ဝင်လာတာ ၊ သွားရအောင် ”

“ ဟားဟ ၊ အဲဒီ သင်ခန်းစာ အကြောင်း တို့ မသိဘူးကွယ် ”

“ နေစမ်းပါဦး ၊ မနေ့က နေ့လယ်က ကိစ္စ အဆင်ပြေရဲ့လား ၊ ပုဇွန်တောင်ဈေးက ငါ လွှတ်လိုက်တဲ့ လူတွေလေ ”

“ အလကားပါဟာ ၊ တကယ့် ငကြောင်တွေ ၊ ပဲခူး အထိ သွားမယ်တဲ့ ၊ ပဲခူးအထိအောင် မလိုက်နိုင်ပါဘူး ၊ နောက်ဆိုရင် နင့်လူတွေကို ပြောထား ဟယ် ၊ အဝေးကြီး အဝေးကြီး လျှောက်မခေါ်နဲ့ လို့ ”

“ သူတို့ က လူသိများတယ်ဟ ၊ သူ့မိန်းမ သိသွားရင် မလွယ်ဘူး ”  

“ အို ... သူများ ပစ္စည်း ခိုးစားတာမှ မဟုတ်တာ ”

“ ခိုးတာက ထောင်ပဲကျမှာ ၊ အခုဟာက လင်မယား ကွဲမှာ ၊ နင်တို့နဲ့ သွားတာ ဘုရားဖူး ၊ ငါ မပြောလိုက်ချင်ဘူး ”

“ မပြောချင်လည်း နေ ၊ လက်ဖက်ရည်ပဲတိုက် ၊ အာဘွား ”

မိန်းမတွေမှာ မာယာ ရှိတယ်ဆိုတာ ကျွန်တော်တော့ သဘောကျတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမဆိုတာ သူတို့ ပိုင်တဲ့ မာယာက သာလျှင် သူတို့ဘဝကို ဖြောင့်ဖြူးအောင် ဖန်တီးပေးနိုင်တာကိုး ။ ဥပမာ - ရုပ်လှတဲ့ မိန်းကလေး ဆိုပါတော့ ။ သူဟာ သူ့အလှနဲ့ ဘဝကို လျှောက်ရပြီ ဆိုတဲ့အခါ ဒီအလှကို ကျကျနန အသုံးချနိုင်တဲ့ မာယာ လိုတယ် ။ ပညာတတ်တဲ့ မိန်းမဟာလည်း ဒီပညာကို မာယာနဲ့ တွဲသုံးမှ ၊ စီးပွား ရှာနိုင်တဲ့ မိန်းမဟာလည်း မာယာထိန်းကွပ်ရတာပဲ ၊ ဣန္ဒြေသိက္ခာ ရှိတဲ့ မိန်းမဟာလည်း မာယာနဲ့ ထိန်းကွပ်ပြီး တန်ဖိုးမြင့်အောင် လုပ်ရတာပဲ ။ ဒီလိုမှ မဟုတ်ရင် ကျွန်တော်နဲ့ ခက်ခက်ဝေ အဖြစ်ကိုပဲ ကြည့် ။ သူ့ရဲ့ အလှအပ မာယာ ၊ စ ကားပြော မာယာ ၊ ပြောဆိုဆက်ဆံတတ်တဲ့ မာယာတွေ ကျွန်တော့် အပေါ် တိုးမပေါက်တော့ ( တစ်နည်းအားဖြင့် သူ အသုံးမချတော့ ) ကျွန်တော်နဲ့ သူဟာ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံသွားနိုင်တယ် ။ တစ်နည်းအားဖြင့် မိခင်စိတ် ပေါ်လာတာလို့ ပြောရမှာပဲ ။ မိန်းမဆိုတာ မိခင်ဘဝ ရောက်ရင် သူ့ရင်သွေး အပေါ် ဘာ မာယာမှ မသုံးတော့ဘဲ ရင်တွင်းမေတ္တာနဲ့ ဆက်ဆံလို့ မိခင်ဘွဲ့တွေ ကမ္ဘာကျော် ပါရောလား ။ ဒါက တစ်ပိုင်း ။ ငယ်ရွယ်ချိန်မှာ မာယာ ရှိပါမှ ဘဝခရီးကို လျှောက်လို့ ရတာက တစ်ပိုင်း ။ မိန်းမ ဆိုတာ မာယာ မသုံးရင် လူသားမျိုးနွယ်ပျောက်သုဉ်း သွားမယ်လို့ ကျွန်တော် ထင်တယ် ။ သူတို့ မာယာတွေကြောင့်သာ ယောက်ျားတွေလည်း လောကဓံကို ရင်ဆိုင်နိုင်တာကိုး ။ ကမ္ဘာလောကရဲ့ အဆင်တန်ဆာဟာ ဘာသာတရား ပြီးရင် မိန်းမပဲ ။ ဘာသာတရားကို လိုက်စားပြီး ဇနီးသည်ကို ချစ်မြတ်နိုးရုံနဲ့ အိမ်ထောင်ရှင်ယောက်ျားဟာ တော်တော် ဟုတ်နေတာဗျ ။ ဒါကို အဖေ့ကြောင့် ကျွန်တော် သဘောပေါက်တာ ။ အဖေက အရှေ့တောင်အာရှမှာ လူလည် ထိပ်တန်းဝင် ထားတဲ့ သင်္ဘောသားဆိုတော့ အမေ့ သဘောထားကို အမြဲ လေ့လာနေရတယ် ။

“ ကျွန်မ သိတာပေါ့ အစ်ကိုအောင်ရယ် ၊ ရှင်တို့ အုပ်စုတွေ ဘယ်သွားတယ် ၊ ဘာလုပ်တယ် ကျွန်မ ကြားနေတာပဲ ၊ ဒါတွေက အပြင်ကိစ္စ ၊ ဟော အခု ကျွန်မအိမ်ကို အစ်ကိုအောင် ပြန်ရောက်ချိန်မှာ ကျွန်မယောက်ျား ဖြစ်သွားပြီ ၊ ဘယ်သူ ငြင်းမလဲ ၊ ကျွန်မအိမ်မှာ ကျွန်မ ယောက်ျားကို ကျွန်မပဲ ပိုင်တယ် ၊ ဟုတ်ဘူးလား ”

အဲဒါ ကျွန်တော့်အမေဗျ ။ အဖေ ဆိုတာ မှိုင်သွားတာပဲ ။ ဘာမှ မတတ်နိုင်ဘူး ။ မျက်နှာကြီး အောက်စိုက်ပြီး နောင်တတွေ ရလို့ပေါ့ဗျာ ။ ဒါတောင် အမေက မြင်းခြံသူစစ်စစ် ။ လက်ထပ်ပြီးမှ ရန်ကုန် ရောက်လာတာ ။ ဒါပေမဲ့ သူ့မာယာကို သူ အသုံးချနိုင်တယ် ။

အိမ်မှာ ကျွန်တော့် ညီမဆီက ရည်းစားစာ တွေ့လို့ ပွက်လောရိုက်ကြ တော့ အမေက ရယ်နေတာဗျ ။ အမေ ရယ်လေ အဖေ ဒေါသ ဖြစ်လေပဲ ။

“ ဒီကိစ္စ မင်းပြောမလား ၊ ငါ့ဟာငါ ပြောရမလား မတင်မြ ”

“ အလိုတော် ၊ ကလေးတွေကိ စ္စပဲဟာ ဘာတွေ ခွဲတမ်းချနေဖို့ လိုလဲ ၊ ကျွန်မပဲပြောပြော ၊ ရှင်ပဲ ပြောပြော ဒီကိစ္စဟာ ပြန်လုပ်ယူလို့ မရတာ သူ လက်ခံပြီး ယူလာတဲ့ ရည်းစားစာပဲ ၊ သူ့ဟာသူ စဉ်းစားပါစေပေါ့ ”

“ ဟာ ... မင်းဟာက ဘာလဲကွာ ၊ ဟိုက ဘာကောင်တွေမှန်း မသိဘဲ ဒီအတိုင်း ကြည့်ထားရမှာလား ”

“ ရှင့်သမီး အသက် ဘယ်လောက်လဲ ၊ နှစ်ဆယ့်နှစ်နှစ် ရှိပြီ ။ ကျွန်မ ရှင်နဲ့ ညားတာ နှစ်ဆယ့် တစ်နှစ် အရွယ်ကတည်းက ၊ ရည်းစားတောင် မထားခဲ့ရဘူး ၊ ရှင့်မိဘတွေ လာတောင်းလို့ ပါခဲ့ရတာ မဟုတ်လား ၊ ကျွန်မမှာ စဉ်းစားခွင့်တွေ ၊ ဆုံးဖြတ်ခွင့်တွေ ၊ ရွေးချယ်ခွင့်တွေ ဘာမှ မရခဲ့ဘူး ၊ ရှင့် သမီးကိုရော အဲဒီလို အဖြစ်ခံမလား ၊ ရှင့်လိုသင်္ဘောသားမျိုးနဲ့ ”

“ တော်တော့ မတင်မြ ၊ တစ်ခါလာလည်း ဒီသင်္ဘောသား ဂုဏ်ပုဒ်ပဲ မင်းပြောဖို့ သိတယ် ၊ ဒါပဲ အကွက်ချောင်းနေတာပေါ့ ၊ ဟုတ်လား ၊ အေး ဒီကိစ္စ မင်းဟာမင်း စီစဉ် ” 

အမေသာ ဝင်မပြောရင် ကျွန်တော်လည်း ညီမလေး ဖြစ်သူကို ဆူတော့မှာ ။ အမေ ပြောတာတွေ ပြန်စဉ်းစားကြည့်တော့ မိန်းမသားဆိုတာ ရွေးချယ်ခွင့် ရှိရမယ်မှန်း သဘောပေါက်လာတယ် ။ မဟုတ်ဘဲ အတင်းအကြပ် စီစဉ်ရင် အိမ်ထောင်ရေး ကံဆိုးတဲ့ အခါ မိန်းကလေး လုပ်တဲ့သူပဲ နစ်နာမယ် ။ ဥပမာ ပြောရရင် တင်မြရီ ပါပဲ ။

တင်မြရီ ဟာ တော်တော် ပြည့်စုံတဲ့ အသိုင်းအဝိုင်းက လာသူပါ ။ ဒါပေမဲ့ သူ့အိမ်ထောင်ဘက်ကို သူ မရွေးချယ်ခဲ့ရဘူး ။ လူကြီးတွေ စီမံတဲ့ အတိုင်း လက်သင့်ခံခဲ့ရတယ် ။ အမျိုးသားက ခပ်အေးအေးပေါ့ ။ အလုပ်ကိစ္စနဲ့ ခရီးထွက် သွားရင်တော့ လနဲ့ ချီ ကြာတတ်ပါတယ် ။ ပြောရရင်တော့ တင်မြရီ ဟာ အမျိုးသားရဲ့ အဖေ နဲ့ နှစ်ယောက်တည်း တစ်အိမ်ထဲမှာ အနေကြာသွားတဲ့ အတွက် အရှက်ကွဲစရာတွေ ဖြစ်လာရတယ် ။ ယောက္ခမကြီးက သောက်စားမူးယစ်တာလည်း ကြိုက်တယ် ၊ အိမ်မှာလည်း ဖဲဝိုင်း လုပ်တယ် ၊ ကြာတော့ တင်မြရီ ပါ ပါသွားရော ။ ပြဿနာတွေ ဆုံးခန်းတိုင်တော့ အမျိုးသား ကလည်း ကွာရှင်းတယ် ။ မိဘ ကလည်း အမွေဖြတ်တယ် ။ အဲဒီလိုနဲ့ တင်မြရီ ဟာ နှစ်ဖက်စလုံးကို ကလဲ့စား ချေဖို့ ကြိုးစားရင်း တကယ် မနိုင်တဲ့အခါ ဒီဘဝ ရောက်လာရတာပါပဲ ။ ဒါကြောင့် ညီမရဲ့ ကိစ္စမှာ အဖေရော ကျွန်တော် ပါ နောက်ဆုတ်ပါတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ အမေ မေးမှာကို မခံနိုင်လို့ ။

“ ကဲ ... တော်တို့က တော်တို့လို ယောက်ျားမျိုးတွေနဲ့မှ သဘောတူမှာလား ” ဆိုရင် သေပြီဗျ ။ အဖေကတော့ မသိဘူး ၊ ကျွန်တော် တော့ဖြင့် ကျွန်တော့်လို တက္ကစီသမားနဲ့ ဘယ်နည်းနဲ့ မှ ပေးစားနိုင်မှာ မဟုတ်ဘူး ။ လောဘ ၊ ဒေါသ ၊ မောဟ ၊ မာန ၊ ပဋိပက္ခ နဲ့ နေဝင်မိုးချုပ် လူပ်ရှားရုန်းကန် နေရတဲ့ တက္ကစီသမားတွေရဲ့ ပရိဝုဏ်ထဲမှာ မမွန်းကြပ်စေချင်ဘူး ။ ညီမ ဖြစ်သူကိုမှ မဟုတ်ပါဘူး ။ ကျွန်တော် ချစ်ရတဲ့ မြမြသိမ့်  ကိုလည်း ထို့အတူပါပဲ ။ မြမြသိမ့် ရဲ့ မိဘတွေကလည်း ထို့အတူပါပဲ ။ ဒါကြောင့် မြမြသိမ့် လည်း ... ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment