Sunday, October 19, 2025

မြို့ဂျပိုး ( ၁၅ )


 

သွားပေဦးတော့ တင်မြရီရေလို့ မချိတင်ကဲ နှုတ်ဆက်ပြီး ထွက်ခွာသွားတဲ့ အချုပ်ကားကြီးကို မျက်စိတစ်ဆုံး ကြည့်နေမိပါတယ် ။ စီမံချက်ကာလ ဆိုတော့ အဖမ်းခံရပြီး ခုနစ်ရက်မြောက်နေ့မှာ စီရင်ချက် ချလိုက်ပြီ ။ ထောင်ဒဏ် တစ်နှစ် ကျခံရမယ် ။ ငိုတယ်ဗျို့ ၊ မရှက်နိုင် ၊ မကြောက်နိုင်ကို ရှိုက်ကြီးတငင် ငိုသွားပါတယ် ။ အဖမ်းခံရတဲ့ နေ့က ကျွန်တော် ရဲစခန်းကို လိုက်သွားသေးတယ် ။ ရဲဝန်ထမ်းကို ကျွန်တော် ဘယ်လို လုပ်ပေးနိုင်မလဲ ၊ လွတ်အောင်ဘာတွေ လုပ်ရမလဲဆိုတော့ ...

“ ညီလေး ဥပဒေ ဆိုတာ ကျောသားရင်သား မခွဲခြားဘူး ၊ သူတစ်ယောက်တည်း အဖမ်းခံရတာ မဟုတ်ဘူး  ၊ စီမံချက်နဲ့ ဖမ်းတာ ၊ တရားဥပဒေ အတိုင်း သဘောထားရမှာပဲ ” တဲ့ ။

တင်မြရီ ခမျာမှာတော့ ယဲ့ယဲ့လေးတောင် မပြုံးနိုင်ဘူး ။

“ ငါ့ကို ကူညီပါဟာ ၊ ငါ့ကိုကူညီပါ ၊ ငါ့ကို လွတ်အောင် လုပ်ပေးပါဟယ် ၊ နင့်ကျေးဇူးတွေကို မမေ့ပါဘူး ၊ လုပ်ပေးပါနော် ”

“ အေးပါဟာ ၊ ငါကြိုးစားနေပါတယ် ”

“ လုပ်ပေးပါ မိုးအောင်ရယ် ၊ ငါ နင့်ကို ကတိပေးပါတယ် ။ ဒါတွေ ငါ မလုပ်တော့ပါဘူး ၊ ငါ့ကို ကူညီ ပါဟယ် ၊ ဟင့် .. ဟင့် ”

ငိုပြန်ရောဗျို့ ။ သူ ငိုတော့ ကျန်တဲ့ မချောတွေလည်း လိုက်ငိုတယ် ။ ဘာတတ်နိုင်မှာ လဲဗျာ ၊ ဒီပုဒ်မမျိုးက လိုက်လုပ်ပေးရ သိပ်မျက်နှာငယ်တယ် ။ လူတကာ အထင်သေးတဲ့ ပြည့်တန်ဆာပုဒ်မ ဖြစ်နေတာရယ် ၊ အာမခံပေးလို့ မရတဲ့ စီမံချက်ကာလရယ် ၊ လက်ပူးလက်ကြပ်မိတာရယ် ပေါင်းလိုက်ရင် ထောင်ကျဖို့က များတယ် ။ ကျွန်တော် ကြိုသိနေပေမယ့် သူ့ကို အားပေးခဲ့ပါတယ် ။ ကိုယ့်သူငယ်ချင်းလို ဖြစ်နေတဲ့ အပြင် ပြောမနာ ဆိုမနာ ရင်းနှီးခင်မင် နေကြသူတွေမို့ အချုပ်ခန်းထဲမှာ လာတွေ့ ရတာ ဘယ် စိတ်ကောင်းနိုင်ပါ့မလဲ ။ နဂိုကမှ သနားတတ်တဲ့သူမို့ ကျွန်တော် သူ့ကို တွေးတွေးပြီး ပို ကူညီချင်မိတယ် ။ ဘာမှ မတတ်နိုင်မှန်း သိလျက် နီးစပ်ရာ လူကို အကူအညီ ရလိုရငြား မေးမြန်းပြောဆိုရင်း ကျွန်တော်လည်း လူကဲ့ရဲ့စရာ ဖြစ်မှန်း မသိဖြစ်ခဲ့ပါလေရော ။

“ လမ်းဘေးက ကောင်မအတွက်များကွာ ” တဲ့ ။

“ ဒီကောင်အရူးပဲ ” တဲ့ ။

“ ဘာလဲ ၊ သူမွေးထားတာလား ” တဲ့  ။

ကျွန်တော် စိတ်မကောင်းတာက ဒီစကားတွေကြောင့် အဓိက မဟုတ်ပါဘူး ။ တင်မြရီ နဲ့ နီလာ နှစ်ယောက်ပေါင်းပြီး ခေါင်းလျှော်ဆိုင်လေး ဖွင့်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရင်း အခုလို ဖြစ်သွားရတာ စိတ်မကောင်းဘူးဗျာ ။ သူ ကျွန်တော့်ကို တစ်ခွန်းမှ တောင် အပြစ်မတင်ဘူး ။ သူတို့ဟာ သူတို့ ကြိတ်ပြီး ကြိုးစားနေတယ် ဆိုတာ သူများ ပြောမှ ကျွန်တော် သိရတာ ။ ကျွန်တော်သာ ငွေထည့်ပေးခဲ့ရင် ဒီလို ဘယ်ဖြစ်မလဲ ။ ဒါတွေ တွေးမိတိုင်း ကျွန်တော် သိပ်စိတ်ထိခိုက်တယ်ဗျာ ။ ပြီးခဲ့သမျှ နောင်တရလို့ နေပါတော့တယ် ။ ပြစ်ဒဏ်ကျခံဖို့ စီရင်ပြီးတော့ တင်မြရီ ဘာပြောတယ် မှတ်လဲ ။

“ မိုးအောင် ... ငါ ပြန်လွတ်ရင် ခေါင်းလျှော်ဆိုင် ရအောင်ဖွင့်မယ် ၊ နီလာ့ကို ဂရုစိုက် လိုက်ပါနော် ၊ ငါ့အခန်းမှာ ဆက်နေပါစေ ၊ အခန်းခက နောက်ရှစ်လစာ ပေးထားပြီးသား ၊ နောက်ထပ် စာချပ်ရင် နင် ချုပ်ပေးနော် ၊ ငါ့ ပိုက်ဆံထဲက ချုပ်ပါ ၊ နီလာ့ဆီက မတောင်းပါနဲ့  ၊ သူ့မှာ ကလေးနဲ့ဟာ ... ” 

“ ဒါတွေ ငါ့တာဝန်ထားပါ ၊ ငါ လုပ်ပေးပါ့မယ် ”

“ နင်တကယ် ကူညီပါနော် ၊ ငါ ပြန်လွတ်လာရင် နေစရာမရှိဘူး ဖြစ်နေမယ် ၊ ငါစိတ်ချပါရစေဟယ် ၊ နော် ... မိုးအောင် ၊ နင့်ကျေးဇူးတွေ မမေ့ပါဘူး ”

“ အေးပါဟာ ၊ နင် ငါ့ကြောင့် .. ”

“ တော်တော့ဟာ ၊ ဒါတွေ နင်ဘာမှ ပြန်မပြောနဲ့  ၊ နင့်ကို ငါ နားလည်ပါတယ် ၊ နှင့်စေတနာတွေ ငါ့အပေါ်အများကြီးပါ ။ နီလာ့ ကို ဂရုစိုက်ပါနော်  ၊ ငါ့ကို ကတိပေးဟာနော် ... ”

မချိမဆံပဲ ၊ ကျွန်တော် သူ့ စိတ်ဓာတ်ကို လေးစားမိတယ် ။ နီလာ က နယ်ခဏပြန်နေတော့ တင်မြရီ အဖမ်းခံရတာ မသိသေးဘူး ။ ပြန်လာလို့ သိသွားရင် သူ ကျွန်တော့်ကို အပြစ်တင်ဦးမှာ ။ သူတို့ နှစ်ယောက် အတူ လုပ်ကိုင်စားသောက်ကြတော့မယ့် အချိန် မတိုင်ခင်လေး အခုလို ဖြစ်ရတော့ နဂိုကမှ အားငယ်တတ်တဲ့ နီလာ တစ်ယောက် စိတ်ထိခိုက်မှာ မြင်ယောင်မိပါတယ် ။ ကျွန်တော် ညဘက်တွေမှာ တင်မြရီ အခန်းကို သွား စောင့်ပေးရင်း တစ်ညခြား တစ်ခါ အိပ်ဖြစ်ပါတယ် ။ အိမ်ရှင် ဦးလေးကြီးကလည်း ခွင့်ပြုပါတယ် ။ သူလည်း စိတ်မကောင်းရှာဘူး ။ နီလာ လာနေ မယ် ဆိုတာလည်း ခွင့်ပြုပြီးသားမို့ နီလာ ရောက်လာတဲ့ အခါ ဝိုင်းဝန်း စောင့်ရှောက်မယ့်အကြောင်း ပြောပါတယ် ။ ဆင်းရဲသားရပ်ကွက်လေးမှာ အိပ်ခန်းငှား စားနေပေမယ့် ကျွန်တော့် ထက် စိတ်ဓာတ်သတ္တိ ရှိတယ်ဗျ ။ တင်မြရီ ကိုယ်တိုင် ရပ်ကွက်ထဲမှာ အနေတည်လို့ သူ သဘောကျကြောင်း ၊ လူ ဆိုတာဘဝ ကံအကျိုးပေး မကောင်းလို့ ကျရာဘဝမှာ ကျင်လည်ကြရကြောင်း ၊ စိတ်ဓာတ် မယုတ်ညံ့ရင် မည်သူမဆို လေးစားကြောင်းတွေ ပြောပြပါတယ် ။

ကျွန်တော်တို့ အထိတ်တလန့် ဖြစ်ရတဲ့ လူကဲ့ရဲ့စရာကိစ္စကို သူတို့ ကျတော့ ဥပေက္ခာ ပြုထားနိုင်တယ် ။ ဆင်းရဲသားချင်း ရိုင်းပင်းစိတ်ပေါ့ဗျာ ။ ကျွန်တော်နဲ့ တင်မြရီ ရင်းနှီးခဲ့တော့ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေ ပြောကွက် ရှာပြီး ပြောလိုက်ကြတာ ရစရာကို မရှိဘူး ။ ကိုယ့်ထက် နိမ့်ကျတဲ့ လူကို နှိပ်ကွပ် ပြောဆိုဖို့များ သင်ပေးစရာတောင် မလိုဘူး ။ ပြောလွန်းတော့ ကျွန်တော်လည်း အပြောခံရတာကို လန့်လာတယ် ။ လန့်တော့ တင်မြရီတို့ ကို ခပ်ရှောင်ရှောင် လုပ်လာမိတယ် ။ တဖြည်းဖြည်းနဲ့ လူလတ်တန်းစား ဉာဉ်လေးကြောင့် ခွာလိုက် ၊ တိုးလိုက် ၊ ဆုတ်လိုက်နဲ့ ဆံပင်ညှပ်ဆိုင် ဖွင့်မယ့်ကိစ္စက စပြီး အခွာကြီး ခွာရပ်နေလိုက်မိပါတယ် ။ ကျွန်တော် ပြောခဲ့သလိုပေါ့ ၊ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်ရပါတယ် ။ တကယ်တော့ ကျွန်တော့်မှာ လူလတ်တန်းစားဉာဉ်က ရှိပြီးသားပါ ။ ဒါကို ပစ္စည်းမဲ့တော်လှန်ရေးသမား လိုလို ၊ ဓနရှင်ဆန့်ကျင်တဲ့ လူလိုလို ၊ အခြေခံလူတန်းစား ဘက်တော်သား လိုလို ဟန်ကြီးခဲ့မိတာပါ ။ အရေးကြုံလာတော့ မဟုတ်ချင်တော့ဘူး ။ ကိုယ့်ကိုယ်ကိုယ် သူတို့ မာယာကြောမှာ မျောခဲ့မိသူလို အသာလေး ပြန်ကုပ်နေခဲ့မိတယ် ။

သူရဲဘောကြောင်တယ် ဆိုတာ ဒါမျိုး နေမှာပါ ။

လူအမျိုးမျိုး ရှိတဲ့ အထဲမှာ သူရဲဘောကြောင်တာဟာ တော်တော်ရုပ်ဆိုးမှန်း ဒီတစ်ခါတော့ ကျွန်တော် တွေးမိပါပြီ ။ ဆိုးတဲ့သူက သူ့ဟာသူ ဆိုးတဲ့ ပြယုဂ် ရှိတယ် ။ ယုတ်မာတဲ့ သူမှာ လည်း သူ့ပြယုဂ်နဲ့ သူ ရှိတယ် ။ သူရဲဘောကြောင်တာ ကျတော့ လူဖမ်းရ ခက်တယ်ဗျ ။ လှေနံ နှစ်ဖက်နင်း သလိုပေါ့ ။ ဒီလှေ မှောက်မယ် ထင်ရင် ဟိုဘက်ကို ပြေးကပ်မယ် ၊ ဟိုဘက်က လှိုင်းကြွလာရင် ဒီဘက် လှေပေါ် တက်လိုက်မယ် ။ ကိုယ်တော့ အထိခိုက်မခံဘူး ။ ဘယ်လှေ နစ်နှစ် ကိုယ်မပါဖို့ အရေးကြီးတယ် ။ ဒီအကျင့်က ယောက်ျားတော်တော်များများ ရှိတတ်ပါတယ် ။ မလုပ်နဲ့ ဆိုရင် လုပ်တယ် ၊ တကယ်လုပ်ဟေ့ ဆိုရင် မလုပ်ချင်တော့ဘူး ။ အကြောင်းပြချက် အမျိုးမျိုး ၊ ဆင်ခြေဆင်လက် အမျိုးမျိုး ပေးပါလေရော ။

အခုလည်း တင်မြရီ အဖမ်းခံရတဲ့ ကိစ္စကို ကျွန်တော် ဆင်ခြေ ပေးရပါတော့မယ် ။

“ နင်ဘာလို့ ငါ့ကို လာမပြောတာလဲ နီလာ ၊ နင်တို့ တကယ် လုပ်ချင်ရင် ငါ့ကို လာတိုင်ပင်ပါလား ၊ အခု ကြည့်စမ်း ၊ စီမံချက်ရှိမှန်း သိလျက် ထွက်တယ် ၊ ကဲ ... ဘာတတ်နိုင်သေးလဲ ။ တကယ်ဆို နင် ငါ့ကို လာပြောပါ လား ၊ နင်တို့ ဟာ ...”

သုံးခွန်းလောက် ငေါက်လိုက်တာ နီလာ ငိုပါလေရော ။ အစ်ကိုလေး က အဆက်အသွယ်မှ မလုပ်တဲ့ဟာ ၊ အစ်မ ကလည်း အစ်ကိုလေး ကို သွားမပြောနဲ့တဲ့ ဆိုပြီး ရင်ဖွင့်ပါတယ် ။

ကျွန်တော် ကတော့ သူ့ကိုပဲ ဆက်ပြီး အပြစ်တင်တယ် ။

“ သူ မပြောခိုင်းလည်း နင် လာပြောရင် ရတာပဲ ၊ နင်က ငါ့ကိုတောင် မဆက်သွယ်ချင်တော့တာ ဘာသဘောလဲ ”

“ ဟင့်အင်း ၊ မဟုတ်ဘူး ... မဟုတ်ဘူး ၊ နီလာ အဲဒီလို မဟုတ်ဘူး ၊ ဟို ... ”

“ တော်တော့ဟာ ၊ ကဲ ... အခု နင် ဒီမှာ နေမယ် မဟုတ်လား ၊ အခန်းမှာ လူ မရှိရင် ပစ္စည်းတွေ ပျောက်မယ် ၊ လစာလည်း ပေးပြီးသား ၊ နင်အလုပ်က ပြန်ရင် လာရဲတယ် မဟုတ်လား ”

“ ဟုတ် ”

“ ပြီးရော ၊ ကိစ္စရှိရင် ငါ့ဆီ ဖုန်းဆက် ၊ ဟေ့ .... ဒီကို ဧည့်သည် ခေါ်လို့ မရဘူနော် ကြားလား ”

“ ဟုတ် ”

ဒီလို ဆူလိုက် ငေါက်လိုက်မှ ရင်ထဲမှာ ပေါ့သွားတယ် ။ ကိုယ် နိုင်တဲ့ လူကို ဖိဟောက်ရင်း ကိုယ့်အပြစ်ကို ဖုံးပစ်တဲ့ ဗြူရိုကရက် စရိုက်ပေါ့ဗျာ ။ ဆူလို့ ငေါက်လို့ ဝပြီ ဆိုတော့မှ ဈေးဖိုး ငါးထောင် ထုတ်ပေးပြီး ပြန်လစ်လာခဲ့တယ် ။ နီလာ့ ကို ကူညီစောင့်ရှောက်မယ်လို့ ကတိ ပေးခဲ့တယ်လေ ။ နီလာ က အခု စတိုးဆိုင် တစ်ဆိုင်မှာ အလုပ် ဝင်လုပ်နေပြီ ။ ကာရာအိုကေက ထွက်လိုက်တာ သုံးလလောက် ရှိပြီတဲ့  ။ ဒါကြောင့် ငွေရေးကြေးရေးမှာ မချောင်လည်ရှာဘူး ။ ကလေးစရိတ် ကလည်း ယောက္ခမ ကို လှမ်းပို့ရသေးတယ် ။ ကျွန်တော် ဝင်မကူညီရင် သူလည်း စိတ်ညစ်ညစ်နဲ့ လမ်းဘေး ရောက်သွားနိုင်တယ် ။ ဒါတော့ အဖြစ် မခံနိုင်တော့ဘူး ။ တင်မြရီ ကို ပေးထားတဲ့ ကတိအတိုင်း ကူညီရဦးမယ် ။ ငွေလေး ငါးထောင် တစ်သောင်း တော့ ကျွန်တော့် အဖို့ မခက်လှပါဘူး ။ မနက်မနက် သောက်တဲ့ ကော်ဖီနဲ့ မုန့်ပဲသရေစာ နည်းနည်း လျှော့လိုက်ရင် ရတာပဲ ။

အံမယ် .... ဒီလို ထောက်ပံ့ရပေးကမ်းရတော့ ကိုယ့်ဟာကိုယ် တောင် ဘဝင် ခပ်မြင့်မြင့် ဖြစ်လာတယ် ။ လူကြားထဲ ရောက်တာနဲ့ အကြောင်းရှာပြီး ဒီကိစ္စကို ပြောလိုက်ရတာ မောကို မမောနိုင်တော့ဘူး ။ ချာတိတ်မလေး တစ်ယောက်ကို ငွေကြေး ထောက်ပံ့နေတယ် ။ သန့်ရှင်းသော စေတနာ ဆိုတာလေး ရောကြိတ်လိုက်ရင် ကိုယ့်ဟာကိုယ် တယ်ဟုတ်ပါလားပေါ့ ။ ဆရာကြီး “ အထာ ” ပေါ့လေ ။ ကယ်တင်ရှင်ကြီးဂိုက် ဖမ်းလို့ ပေါ့ ။ ဘဝင် မြင့်လိုက်ပုံကတော့ ဘုရားဆုတောင် ပန်ရကောင်းနိုးနိုး ထင်မိတယ် ။

ကောင်မလေး တစ်ယောက်ကို ငွေကြေးထောက်ပံ့တယ် ဆိုလို့ မြို့ပြမှာ ခေတ်စားနေတဲ့ ဝေါဟာရကို ပြောရဦးမယ် ။ လူကြီး တစ်ယောက်ကို ကိုယ့်ထက် ငယ်တဲ့ ကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ် ၊ သွားဟယ်လာဟယ်လုပ်နေတယ် ဆိုရင် အရင်ခေတ်က အမြှောင် ထားတယ် ၊ အပျော် ထားတယ်လို့ ပြောကြတယ် ။ အခုတော့ မဟုတ်တော့ဘူး ၊ ဝေါဟာရ ပြောင်းသွားပြီ ၊ “ ခေတ်ဆန်နေတယ် ” တဲ့ ဗျား ။

“ ဟေ့ ... ရှင့်လူကြီး ခေတ်ဆန်နေတယ် ကြားတယ် ၊ ဘယ်လိုလဲ ” 

“ ထုံးစံပေါ့ဟယ် ၊ သူတို့က ခေတ်ဆန်မှ လူရာဝင်တယ် ထင်တာကိုး ၊ မပြောချင်တော့ပါဘူး ”

“ အိမ်ကလူလည်း ဒီလိုပါပဲ ၊ ခေတ်ဆန်လိုက်တာမှ ပြောမနေနဲ့တော့ ”

ဒါမျိုးတွေ ပြောကုန်ကြပြီ ။ ဒီတော့ ကျွန်တော်လည်း ခေတ်ဆန်သလိုလို ဘာလိုလို ရောရောင် ရှူးရတာပေါ့ ။ ရောင်တော်ပြန်နဲ့ ရောလွှတ်တာမျိုးပေါ့ ။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာကို ဒီလို လာပြီး ခေတ်ဆန် နေကြတဲ့ ကောင်မလေးတွေ အိမ်ခန်းငှားပြီး လာနေကြတာ တော်တော်များပြီ ။ လှလိုက်တာများ ဒီကနေ့ ခေတ်မှာ လှပါတယ် ဆိုသူတွေရဲ့ ထိပ်ဆုံးနားမှာ ရှိတယ် ။ အဝတ်အစား ၊ အသုံးအဆောင် ၊ အနေအထိုင်က အစ မိုးကျမယ်လေးတွေ လားပဲ ။ ဒါပေမဲ့ နှလုံးသားကတော့ မလတ်ဆတ်တော့ဘူး ။ ကြည့်လိုက်တာနဲ့ အချစ်အကြောင်း နားထောင်မယ့် ရုပ်လက်အင်္ဂါမျိုး မဟုတ်ကြတော့ဘူး ။ အသက်သွင်းထားတဲ့ ကော်ပတ်ရုပ်လေးတွေလိုပဲ ၊ နုနုရွရွလေး လှပေမယ့် အိမ်ရာထူထောင် လူတို့ဘောင် အတွက် အသုံး မဝင်တော့ဘူး ။ သူတို့ကလည်း ပတ်ဝန်းကျင်က လူတွေနဲ့ ကင်းအောင် နေကြပါတယ် ။ ကလက်တက်တက် ရောရောနှောနှော မလုပ်ကြပါဘူး ။ ရပ်ကွက် လူနေမှုစနစ်ကို သိတာလည်း ပါမယ် ။ မြန်မာအိမ်ရှင်မတွေရဲ့ ပါးစပ်ကို ကြောက်တာလည်း ပါမယ် ။ သူတို့ဟာ သူတို့ လှလှပပလေး နေပြီး သွားစရာရှိ သွားတယ် ၊ နေတတ်ကြပါတယ် ။ ခက်တာက ရပ်ကွက်ထဲက မလိမ်မိုးမလိမ်မာ ဆယ်ကျော်သက် မိန်းကလေးတွေပါ ။ တချို့ အားကျကုန်တယ်ဗျ ။ အဲဒါ မဟာ ပြဿနာကြီးပဲ ။ ခေတ်ဆန်တဲ့ ကောင်မလေးတွေ လှလှပပ ဝတ်တာ မြင်တော့ ဝတ်ချင်စားချင်ကြမှာပေါ့ ။ အဲဒီလိုသာ လှဖို့ ဆိုရင် ကျန်တာ မစဉ်းစားချင်ဘူး ။ အတုမြင် အတတ်သင်ပေါ့ဗျာ ။

နောက်ပိုင်းကျတော့ အိမ်ခန်းငှားမယ် ဆိုရင် ဒါမျိုးတွေ ရှောင်ဖို့ လူကြီးမိဘတွေ နားလည်လာကြပါတယ် ။ ပိုက်ဆံရတာ တစ်ခုတည်း ကြည့်လို့ မဖြစ်တော့ဘူးလေ ။ ကိုယ့်မှာ သမီးပျို ရှိရင် ဒါတွေ အားကျသွားလို့ ဒုက္ခလှလှကြီး တွေ့သွားမှာပေါ့ ။

တိုင်းပြည်တစ်ပြည် တိုးတက်ပြီ ၊ ပြောင်းလဲပြီ ၊ လူနေမှုစနစ်တွေ အသွင်ပြောင်းပြီ ဆိုရင် ဒါတွေဟာ ကြုံရမှာပဲ ။ ကျွန်တော် ပြည်ပ သွားစဉ်က အိမ်နီးချင်းနိုင်ငံမှာ ရော ၊ စင်ကာပူ မှာပါ ဒါမျိုးတွေ မြင်ဖူးကြားဖူးတယ် ။ သူတို့ မှာတော့ ဒီလို လူတန်းစားက သီးသန့် ကွဲနေပြီးသား ။ အလှအပနဲ့ ဘဝကို ဖလှယ်ကြတဲ့ ကုန်သွယ်မှုစနစ်ပေါ့လေ ။ ဒါဟာ ဖွံ့ဖြိုးတိုးတက်ဖို့ ခြေလှမ်းပြင်တဲ့ နိုင်ငံတိုင်း မလွဲမသွေ ကြုံရတဲ့ ကိစ္စပါ ။ အချိန်တန်တော့ ဒီလူတန်းစားဟာ တစ်သီးတခြား ဖြစ်သွားမှာပဲ ။ အဲ ... တစ်သီးတခြား မဖြစ်ခင်လေးမှာတော့ ကျွန်တော်တို့လည်း အံတကြိတ်ကြိတ်ပဲ ။ ဒီလို အလှပဂေးတွေ ကိုယ့် ရှေ့မှာ မြင်လာကြုံလာတိုင်း သက်ပြင်းရှည်ကြီး တွေချမိတယ် ။ ဝယ်စားရမှာ ဈေးကြီးတဲ့ သစ်သီးဝလံလိုမျိုး လျှာတသပ်သပ်ပေါ့ဗျာ ။ တစ်ကိုက်လောက် ဖြစ်ဖြစ် ကိုက်ကြည့်ချင်တယ် ။ လူ မဟုတ်လား ၊ လှတာမြင်ရင် လိုချင်တာပဲ ။ သူတို့ ရဲ့ ကုန်ဖလှယ်မှုဟာ ငွေကြေးဓန ပေါ်မှာ မူတည်နေတော့ ချစ်လို့ပါ ၊ ကြိုက်လို့ပါလို့ သွား ပြောလည်း အပိုပဲ ။ “ သိပ်ကြောင်တာပဲ ” လို့ အပြောခံရရုံပဲ ရှိမယ် ။

သူတို့ ကလည်း ခပ်မာမာပဲ ။ ကိုယ်တွေ ကြည့်တဲ့ အာဟာရ မျက်လုံးတွေကို သိတယ် ။ သိပေမယ့် ရှင် ဘယ်လောက် ချစ်သလဲ ဆိုတာ ခဏထားပြီး ၊ ရှင်ဘယ်လောက်ဖိုးချစ်မလဲ ဆိုတာပဲ နားထောင်ချင်ပုံ ရတယ် ။ ရိုးရိုးချစ်တာတော့ လာ မပြောနဲ့တော့ ၊ ပျင်းတယ်ရှင့်လို့ ဟားထုတ်လိုက်ကြမှာပါ ။ အချစ်အကြောင်း မပြောကြေးပေါ့ဗျာ ။ ဘူဇွာ အကြိုက်တွေ ပေါ့ဗျာ ။ လူလတ်တန်းစားသုံး မဟုတ်ဘူး ၊ ခေတ်စနစ် အလှည့်အပြောင်းမှာ ဝုန်းကန် ပေါ်လာတဲ့ လူတန်းစား တစ်ရပ်ပဲ ဆိုပါစို့ ။

ရှောင်ရတယ် ကိုယ့်လူရေ ... အံကြိတ်ပြီး သက်ပြင်းချရုံက လွဲလို့ လိုက်ခေတ်မဆန်နိုင်ဘူး ။ ကျွန်တော် ပြောပြီးပြီလေ ၊ ဒါတွေဟာ ဘူဇွာတွေ သုံးတာပါလို့ ။ ကဲ ... ကိုယ်သုံးခွင့် မရှိတဲ့ ပစ္စည်းမျိုးဆို “ အလကားပါကွာ ၊ ဒါတွေကြောင့် တိုင်းပြည်နာတယ် ” “ အရေးမပါတာတွေ ” ၊ “ ဟွန်း ... ရွံ လွန်းလို့ ” ဆိုတာတွေ ၊ ကိုယ်တွေချင်း တွေ့ရင် ရင်ဖွင့်ကြရတယ် ။ ဒီလိုမှ နေသာထိုင်သာ ရှိသွားတာဗျ ။ မစားရတဲ့ အမဲ သဲနဲ့ ပက်တယ်လို့ ပြောချင်လည်း ပြောပေါ့ ။ အကောင်းတော့ မပြောဖြစ်တာသေချာတယ် ။ တကယ်လို့ ကိုယ်လည်း ဘူဇာကြီး ဖြစ်မယ် ဆိုရင်တော့ တစ်မျိုးပေါ့လေ ။ “ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာလားကွာ ”  ၊ “ လူတွေဟာ ကိုယ်နဲ့ မဆိုင်တာ ပြောချင်ကြတယ် ။ ဂရုမစိုက်ပါနဲ့ ကလေးရယ် ” ဘာညာဆိုပြီး မချော တွေကို နှစ်သိမ့် ပေးနေမိမလားပဲ ။ ဘာပဲပြောပြော ဘူဇွာ ဖြစ်ရတာကို တစ်ခါတလေတော့ အားကျမိတာ အမှန်ပဲဗျို့ ။ ကိုယ်တွေမှာ တစ်နေ့တစ်နေ့ ပေတရာပေါ် နာရီပေါင်းများစွာ သွားလာ လှုပ်ရှားပြီး ခရီးသည် ကို ရှာရဖွေရ မျက်စိ ၊ နား ၊ ပါးစပ် ၊ ကိုယ်လက်ခြေ အင်္ဂါအစုံ လှုပ်ရှားပြီး အန္တရာယ် အကြားမှာ အသပြာ ရှာနေရတော့ ဘဝအမော တက်လာတဲ့ အခါ ဘူဇွာတွေ မြင်ရင် အားကျမိသလို ဖြစ်ဖြစ်သွားတယ် ။ ဘေးနားမှာ စက္ကထရီ နှစ်ယောက်နဲ့ ဟုတ်လား ။ ထောင်ကျော်တန် ကားကြီး စီးပြီး လက်ကိုင်ဖုန်းလေးနဲ့ အလုပ်လုပ်နေတာတွေ မြင်ရတော့ ကိုယ့်ဟာကိုယ် အောက်တန်းကျသလို ခံစားရတယ် ။

ဒါကို စီးပွားရေး ပညာရှင်တွေက တိုးတက်ပြောင်းလဲလာတဲ့ ဈေးကွက်စီးပွားရေး တိုင်းပြည် တစ်ပြည်မှာ လူတန်းစား ကွာဟမှုလှိုင်း ရိုက်ခတ်တာဓမ္မတာပါတဲ့  ။ လှိုင်းအခြေ ငြိမ်သွားတဲ့ အခါ ဘယ်သူမဆို လူတန်းစေ့ နေနိုင်လာကြမယ် ၊ ကိုယ်ရပ်တည်တဲ့ ဘဝကို ကိုယ်ပျော်ရွှင်လာကြမယ်တဲ့ ။ ဘုရား ... ဘုရား ... ကိုယ် အသက် ကြီးလာတာတောင် ရင်ပူလာမိတယ် ။ မီချင်တယ်လေဗျာ ၊ လှိုင်းအခြေ ငြိမ်သွားတဲ့ ကာလကို ရောက်ချင်လွန်းလှပြီ ။

ကဲ ... လှိုင်းအခြေ မငြိမ်ခင်လေး တင်မြရီ ကို ထောင်ဝင်စာ သွားတွေ့ လိုက်ဦးမယ် ။ ကျွန်တော် ဆောင်ရွက်ထားတဲ့ ကိစ္စတွေ သွားကြွားရဦးမယ် ။ နီလာ ကို ထောက်ပံ့ထားတာတွေ ၊ အိမ်ရှင်အဘိုးကြီးနဲ့ ပြေလည်ခဲ့တာတွေ ၊ သူ ပြန်ထွက်လာတဲ့ အခါ ခေါင်းလျှော် ၊ ဆံပင်ညှပ်ဆိုင် ဖွင့်ဖို့ သေချာပေါက် ကူညီမှာတွေ ။ ကြည့်စမ်း ၊ ဒီလို ဆိုတော့လည်း ကျွန်တော်က “ ဟော့ရှော့ ” ဖြစ်လို့ ။ အပယ်ခံတွေရဲ့ ကရုဏာရှင် ဖြစ်နေပါရော့လား ။

မမ တော့ ဘာများ ပြောမလဲမသိ ။ မတတ်နိုင်ဘူး ၊ သူလည်း ဘူဇွာ ခပ်ဆန်ဆန်ဆိုတော့ ဒါတွေ နားလည်မှာ မဟုတ်ပါဘူး ။ နေပေါ့ဗျာ ၊ ကျွန်တော်လည်း ကျွန်တော် ကျင်လည်တဲ့ အသိုင်းအဝိုင်းမှာ ဟီးရိုး ဖြစ်တာလေးတော့ ဂုဏ်ယူချင်တာပဲ ။ ဒါကို အောက်တန်းစားတွေနဲ့ ရောတယ်လို့ ဘူဇွာတွေး တွေးရင်တော့ ကျွန်တော် မတုံ့ပြန်ချင်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အောက်မှာ ကိုယ့်ကို လေးစား ယုံကြည်တဲ့ လူတွေ ရှိတယ် ဆိုတာလေးတော့ သူသူကိုယ်ကိုယ် လိုချင်မှာပဲ ။ သူတောင်းစား တောင်မှ သူ ငေါက်လို့ ရမယ့် မယားတော့ ပိုင်ချင်ရှာမယ် မဟုတ်လား ။ အရွယ် ရောက်လာတဲ့ ပုရိသ မှန်ရင် ရှင်ဘုရင် ပဲဖြစ်ဖြစ် ၊ လယ်သမား ပဲဖြစ်ဖြစ် ကိုယ့်အောက်မှာ လူနိုင်တော့ ရှိချင်ကြတယ် ။ ဒါဟာ ပုရိသတို့ ရဲ့ “ အား ” ( စိတ်စွမ်းအား ) ဖြစ်ပါတယ် ။ လောကမှာ လူဖြစ်လာရင် ကိုယ့်ကို နာခံတဲ့ လူ ၊ ကိုယ် လွှမ်းမိုးနိုင်တဲ့ လူ ၊ ကိုယ် ပြောတာကို လိုက်နာဆောင်ရွက်ပေးတဲ့ လူ ဘယ်နှယောက် ရှိသလဲဆိုတာ ပုရိသတို့ ရဲ့ ခွန်အား ( စိတ်စွမ်းအား ) အစစ်ပဲ ။

ဆရာဖေမြင့် ဘာသာပြန်ထားတဲ့ စာအုပ်ထဲမှာ ခရစ်ယာန်တရားဟောဓ မ္မကထိက ဆရာတစ်ဦးနဲ့ သူ့လက်ရုံးကပ္ပိယကြီး ဝတ္ထုလေးကို ကျွန်တော် သက်သေထားပါမယ် ။ ဓမ္မကထိကရဲ့ ငယ်ဘဝ တစ်လျှောက်လုံးကနေ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလာတဲ့ အချိန်အထိ သူ ရနေတဲ့ ခွန်အား ( စိတ်စွမ်းအား ) တွေဟာ သူ့ကို ဘဝတစ်လျှောက်လုံး လိုက်ကူညီအားပေးနေတဲ့ ကပ္ပိယကြီး ကြောင့် ဆိုတာ နောက်ဆုံး သူ သိသွားခဲ့တယ် ။ သူ့ကို အထင်ကြီး လေးစားတဲ့ ကပ္ပိယကြီးရဲ့ မျက်လုံးတွေ ကင်းမဲ့တဲ့ တရားပွဲကနေ စပြီး တရားဟောလို့ မရတော့ဘူး ။

ကျွန်တော် ပြောချင်တာက “ ယောက်ျားတံခွန် လူရည်ချွန် ” “ ကိုယ်ထူး ကိုယ်ချွန် ” ဆိုတဲ့ စကားတွေကို ဆန့်ကျင်ပြောတာ မဟုတ်ပါဘူး ။ ပုရိသတို့ရဲ့ သဘောသဘာဝ ကိုက လွှမ်းမိုးလိုစိတ် ရှိကြတာကို ပြောချင်တာပါ ။ စာပေ ၊ ဂီတ ၊ အနုပညာ ၊ ရုပ်ရှင် ၊ ဗီဒီယိုနယ်ပယ်တွေမှာ ကျွန်တော် ပြောတာ ပိုအကျုံးဝင်ပါမယ် ။ အနုပညာရှင်တွေရဲ့ အနုပညာ သက်တမ်းဟာ ပရိသတ်ကို လွှမ်းမိုးနိုင်မှု စွမ်းပကားပါ ။ လွှမ်းမိုးနိုင်စွမ်း ရှိနေသရွေ့ လူသေပေမယ့် နာမည် မသေတော့ဘူး ။ အနုပညာသမား တိုင်းဟာ နာမည် မသေချင်ကြဘူး ။ တချို့ အနုပညာသမားတွေက အနုပညာနဲ့ နာမည် မသေအောင် လုပ်တယ် ။ တချို့ကျတော့ အနုပညာနဲ့ တိုးလို့ မပေါက်တဲ့အခါ တခြား လူမှုရေးရာတွေ ကြိုးပမ်း ဆောင်ရွက်ရင်း နာမည် မသေအောင်လုပ်တယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ။ အနုပညာသမားမှန်ရင် နာမည်သေမှာကို ကြောက်ကြတာချည်းပဲ ။

ထားပါတော့လေ ။

လူကို ဘာအရေးကြီးလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘာသာရေးအပိုင်းကို ခဏထား ၊ လူဆိုမှ လူဖြစ်ဖို့ အရေးကြီးဆုံးဟာ ဘာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆရာဦးအောင်သင်း ပြောဖူးတာက ဒီလိုပါ ။ လူမှာ ဩဇာ က အရေးကြီးတယ်တဲ့ ။ ရှင်ဘုရင် ပဲ ဖြစ်ဖြစ် ၊ သူဌေးသူကြွယ် ပဲ ဖြစ်ဖြစ် ၊ ပညာရှင် ပဲ ဖြစ်ဖြစ် ၊ ဆင်းရဲသား ပဲ ဖြစ်ဖြစ် ၊ သူတောင်းစား ပဲ ဖြစ်ဖြစ် ကိုယ့်မှာ ဘယ်လောက် သြဇာ ရှိသလဲဆိုတာ သိပ်အရေးကြီးကြောင်း ပြောပြခဲ့ဖူးပါတယ် ။ သြဇာ ကင်းမဲ့ပြီ ဆိုရင် ရှင်ဘုရင်တွေ လည်း နန်းကျ ခဲ့ရတယ် ။ သူဌေးသူကြွယ်တွေ လည်း ပျက်စီးဆုံးရှုံးရတယ် ။ အနုပညာသမားတွေလည်း တိမ်မြုပ်ပျောက်ကွယ် ရတယ် ။ အိမ်ထောင်ရှင်တွေလည်း ပြိုကွဲပျက်စီးရယ် ။ အမျိုးမျိုးပါပဲလေ ။ ဘယ်သူမဆို ကိုယ်ရပ်တည်တဲ့ ဘဝမှာ သြဇာ မရှိရင် အသုံး မဝင်တော့ဘူး ။

ကဲ ... ကျွန်တော်လေ ဖင်ခေါင်းကျယ်တာ များသွားပြီ ။ တင်မြရီ နဲ့ ပတ်သက်ပြီး ကျွန်တော် နဲ့ မမ ၊ ကျွန်တော် နဲ့ အဖေ ၊ ကျွန်တော် နဲ့ ကျွန်တော် ဘာတွေ ဆက်ဖြစ်ကြတယ်ဆိုတာ ပြောပြချင်ပါသေးတယ် ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment