မြို့ကြီးသား ဆိုတာ ဖြီးတတ်ရတယ်လို့ ကျွန်တော် ပြောဖူးပါတယ် ။ ကျန်တာ ဘာမှ မတော်ချင်နေ ကိစ္စမရှိဘူး ။ ဖြီးဖို့ ဖြန်းဖို့တော့ အလိုလို တတ်နေမှ မြို့ကြီးသား ပီသမှာပေါ့ ။ ကျွန်တော့်ကို နယ်က ခရီးသည် ကားလာငှားတယ် ဆိုပါတော့ ၊ သူက တာမွေဈေး ကနေ ယုဇနပလာဇာ သွားဖို့ ကားငှားတယ်ပဲထား ၊ “ ဟာ ... နည်းနည်းတော့ ဝေးတယ် ၊ ရှစ်မိုင်လမ်းဆုံက ပတ်ရမှာ ” လို့ ပြောရတာပဲ ။ ဘူတာကြီး ကနေ တောင်ဥက္ကလာ ၁၆ ကွေ့ သွားမယ့် နယ်ကခရီးသည် ကို “ အင်း ... ရပါတယ် ၊ တောင်ဥက္ကလာ ဂေါက်ကွင်းဘက်က သွားရမှာ ၊ လမ်းတွေ ပြင်နေတယ် ၊ နည်းနည်းတော့ ပိုဝေးမယ် ” လို့ ပြောရတာပဲ ။ ဒါ တက္ကစီယဉ်ကျေးမှုပဲလေ ။
စကားပြောတဲ့ နေရာမှာ မန္တလေးသားတွေက တဲ့တိုးပြောတယ် ။ ရိုးတယ် ၊ ဘွင်းဘွင်း ပြောတယ်ပဲထား ဘာဖြစ်လဲ ။ ဒါက သူတို့ ကိစ္စလေ ။ မန္တလေးသားမှ မဟုတ်ပါဘူး ၊ ဘယ်နယ်သားပဲ ဖြစ်ဖြစ် ဖြီးတဲ့ ဖြန်းတဲ့ နေရာမှာတော့ ကျွန်တော်တို့ကို ဘယ်တော့မှ မီမှာ မဟုတ်ဘူး ။ ဖြီးဖြန်းတယ် ဆိုတာလည်း နေရာကျမှ ဖြစ်တာဗျ ။ ဟန်ပန် အမူအရာက လိုသေးတယ် မဟုတ်လား ။
“ အေးဗျာ ၊ အင်္ဂလန်ဗီဇာ ကလည်း ကျနေပြီ ၊ နယူးယောက်ကို ဝင်ဖို့ကလည်း ရှိသေးတယ် ”
“ ( MARK II ) ကားတော့ ကြိုက်ပါတယ် ။ ဒါပေမဲ့ မန်ချက်စတာကားလောက် မခန့်ဘူး ”
“ မနေ့ကတောင် ရာဇာနေဝင်းနဲ့ တွေ့သေးတယ် ။ ရိုက်ကွင်း လိုက်ခဲ့ပါတဲ့ကွာ ”
ကဲ ... ဒါမျိုးတွေ ဖြီးတော့မယ် ဆိုရင် နယ်မှာ ဘယ်ဖြစ်မလဲ ။ အဓိက ကတော့ အကြားအမြင်နဲ့ ဆိုင်ပါတယ် ။ မြို့ကြီးသားတွေဟာ အခုမှ ဖြီးတတ်တာ မဟုတ်ဘူး ။ ရန်ကုန်မြို့တော်လို့ စ သမုတ်ကတည်းက ဖြီး လာကြတာ စာဟောင်းပေဟောင်းတွေ သက်သေရှိတယ် ။ ရန်ကုန်မှာ အနေကြာရင် ဘယ်သူ မဆို ဖြီးတတ်သွားရောတဲ့ ။ ဒီလိုမှ မဖြီးတတ်ရင် လူညံ့ ဖြစ်သွားရော ။ မြို့ကြီးပြကြီးမှာ ကျင်လည်တော့မယ် ဆိုရင် ကျောင်း ၊ ရုံး ၊ ဆေးရုံ ၊ ရုပ်ရှင်ရုံ ၊ ပွဲလမ်းသဘင် ၊ အလှူအတန်း ၊ ဘုရား ဘယ်နေရာပဲ သွားသွား သူ့အထာလေးနဲ့ သူ ကြည့်လုပ်ရတယ် ။ အဲဒီ နေရာတွေမှာ စာတွေတော့ အမျိုးမျိုး ရေးထားတာပေါ့လေ ။ ဒါပေမဲ့ လက်တွေ့ ဆက်ဆံတဲ့အခါ “ အထာ ” လေးတွေ ရှိတယ်ဗျ ။ ပါးနပ်မှုပေါ့ဗျာ ။ ပါးနပ်မှုတာ သက်သေပြရရင် မြန်မာ့သမိုင်းစာအုပ်တွေ ပြန်လှန်ကြည့်ပါလား ။ အင်္ဂလိပ်နယ်ချဲ့တော်လှန်ရေး ၊ ရေနံမြေသပိတ် ၊ ၁၃၀၀ ပြည့် အရေးတော်ပုံ ၊ ဆရာစံ ၊ ဖက်ဆစ်ဂျပန်တော်လှန်ရေး ၊ ပြည်တွင်း သောင်းကျန်းဆူပူတဲ့ ရောင်စုံသူပုန် ကာလတွေမှာ မြို့ကြီးသားတွေ ဘယ်နှယောက် သေလို့တုံး ။ မသေတာ မသေပေမယ့် တော်လှန်ရေးအကြောင်း ပါးစပ်က မချတာ မြို့ကြီးသားတွေပဲ မဟုတ်လား ။ ဒါ “ အထာ ” ပဲဗျ ။ ဒုတိယကမ္ဘာစစ် တုန်းက ရန်ကုန်ကို ဗုံးချလို့ သေခဲ့တာတော့ ရှိတယ် ။ ဒါပေမဲ့ သူရဲကောင်းသေနည်းမျိုးတော့ မဟုတ်ဘူး ။ ကျွန်တော် ပြောချင်တာက မြို့ကြီးသား ဆိုတာ ပါးစပ်ကလေးနဲ့ အလုပ် လုပ်ကြတာဗျ ။
ပါးစပ် ... ပါးစပ်ဆိုတာ မြို့ပြနေသူတွေ အတွက် လက်နက်ပဲ ။ သော့ချက် ဆိုလည်း မမှားဘူး ။ ဆေးရုံတစ်ရုံကို သွားတယ် ဆိုပါစို့ ။ ဆေးရုံက ဆရာဝန်ကြီး တစ်ယောက်ယောက်ရဲ့ နာမည်ကို သိထားရင် ဧည့်တွေ့ချိန် မဟုတ်စေဦး ၊ အပေါက်ဝမှာ “ ဆရာကြီး ဦးဘယ်သူဘယ်ဝါ ၊ ဘယ်အချိန်လောက် ရောက်မလဲဟင် ” လို့ စလိုက်တာနဲ့ တံခါးတစ်ဝက် ပွင့်သွားပြီ ။ ဒီလိုမှ မပြောချင်ရင် လက်လေး တစ်ဖက် ဆုပ်ပြီးအသာလေး ကပ်သွား ၊ ဂျောင်းကနဲ တံခါးပွင့်သွားတဲ့ အပြင် ပါလာတဲ့ ခြင်းကိုပါ ကူဆွဲပြီး လိုက်ပို့ပေးလိမ့်မယ် ။ “ ဘယ်အချိန် ဂျူတီပြီးမှာ လဲ ၊ နေ့တိုင်း ဒီအချိန်ရှိသ လား ” လို့ မေးလိုက် ၊ အိုကေ သွားရော ။
ကျွန်တော်လည်း အရင်ကတော့ မြို့ပြ “ အထာ ” တွေကို ခပ်ချဉ်ချဉ်ရယ် ။ ချဉ်လွန်းလို့ ပြဿနာ ဖြစ်ခဲ့ရတာလေး ပြောရဦးမယ် ။ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ ဖြစ်ခဲ့တာပါ ။ သူငယ်ချင်း တစ်ယောက်ရဲ့ မိန်းမ ကလေးမွေးလို့ သွားကြည့်တုန်းကပေါ့ ။ စင်ကာပူက ပြန်လာကာစ ဆိုတော့ ဓာတ်လှေကားထဲ ဝင်ပြီးတာနဲ့ လက်က ဓာတ်လှေကား ခလုတ်ကို နှိပ်မိသွားတယ် ။ အဲဒီမှာ ဓာတ်လှေကားဝန်ထမ်းက ခလုတ်ကို ကျွန်တော် နှိပ်တဲ့ အတွက် ဒေါနဲ့ မောနဲ့ လုပ်ပါလေရော ။ ပျက်သွားရင် ဘယ်လို လုပ်မလဲတဲ့ ။ မင်းက ဘာကောင်မို့လို့ နှိပ်ရတာလဲတဲ့ ။ ကျွန်တော် တာဝန်ရှိတဲ့ လူကို သွားတိုင်တာပေါ့ ။ အဲဒီမှာ အခြား ဝန်ထမ်းက လိုက်တောင်းပန်တယ် ။ ဒီလူ မိုက်ရိုင်းတာ ကြာပြီတဲ့ ။ သူ့မှာ သားမယားတွေနဲ့ ဒီအလုပ် ပြုတ်ရင် ဒုက္ခရောက်မှာ တဲ့ ။ ဟိုအရင်ကလည်း လာတိုင်ထားလို့ ဝမ်နင် ပေးထားပြီးပြီတဲ့ ။ ဆေးရုံ ဆိုတာ လူတွေ အပူတစ်မျိုးနဲ့ လာကြတာပါ ။ ဒီလို မိုက်ရိုင်းတဲ့ ဝန်ထမ်းတွေ ရှိနေရင် လာတဲ့ ပြည်သူတွေ စိတ်ညစ်ညူးရတာပေါ့ ။ အခုတော့ မကြုံဖြစ်တော့ဘူး ။ “ အထာ ” လေးတွေ သိသွားပြီကိုး ။ ဆေးရုံကြီးမှာ ရှိတဲ့ သူငယ်ချင်းမုန့်ဆိုင်ကို သွားသွားလည်ရင်း “ ဆေးရုံကြီး ” ရဲ့ “ အထာ ” လေးတွေ သိလာတယ် ။ ဂိတ်ပေါက် စောင့်နေတဲ့ ကု,လားတွေကို ချဉ်းကပ်နည်း ၊ နပ်စ်မတွေကို ချဉ်းကပ်နည်း ၊ သွေးဌာနက ဝန်ထမ်းတွေကို ဆက်ဆံနည်း ၊ နောက်ဆုံး ရေခဲတိုက်က လူတွေက အစ နည်းလမ်းတွေ သိထားရင် ချောမွေ့သွားရော ။
ကိုယ့်လူရေ ... သူတို့ ခမျာလည်း အပေါက် စောင့်ရဖို့ အတွက် အတော်လေး ပူဇော် ပသရသေးတာကိုး ။ ကိုယ်ကျတဲ့ အလှည့်ဟာ ဧည့်သည် များများ လာချိန် ၊ ရုံးပိတ်ရက် ဆိုတာမျိုးတွေ တိုက်ဆိုင်ပါမှ ရသမျှ အချိန်လေးမှာ တာဝန်ကျေကျေကြီး ထမ်းဆောင်ရတာကိုး ။
တာဝန်ကျ နပ်စ်မတွေ ဆိုလည်း ဒီလိုပဲ ။ ဆေးရုံပေါ်မှာ ရှိသမျှ လူနာ ကို အတော် ဂရုစိုက်ရတာဗျ ။ ဘယ်လူနာရဲ့ အခြေအနေက ဘယ်လို ၊ လာတွေ့တဲ့ ဧည့်သည်ရဲ့ ပုံပန်းသဏ္ဌာန် ၊ လူနာရဲ့ သုံးစွဲမှုပမာဏ ၊ ဆေးရုံမှာ ကြာကြာနေမှာလား ၊ သဒ္ဓါတရား ထက်သန်ရဲ့လား ၊ ပြောလို့ ဆိုလို့ ကောင်းရဲ့လား ၊ “ အထာ ” သိရဲ့လား ။ ဒါတွေ အမြဲ စဉ်းစားနေရတယ် ။ တချို့ကျတော့ ပြောရဆိုရ သိပ်နားဝေးတယ် ။ ဝေးလိုက်သမှ ရေဝေး သွားနေဖို့တောင် ကောင်းတယ် ။ ဒါမျိုး လူနာတွေနဲ့ ကျတော့ မောပါလေရော ။
ကုန်ကုန် ပြောမယ်ဗျာ ။ ကိုယ့် လူနာဟာ သေမင်းဆီ ဆိုက်ရောက်သွားလို့ ရေခဲတိုက်ကို ပို့လိုက်ရပြီပဲထား ၊ တွေ့ချင်တိုင်း တွေ့လို့ မရတော့ဘူး ။ “ အထာ ” ပေါ့ဗျာ ။ ရေခဲတိုက်မှာလည်း သူ့ “ အထာ ” နဲ့ သူ ရှိတယ် ။ “ အထာ ” မသိရင်တော့ လုပ်လိုက်ရမယ့် လက်မှတ် ၊ သွားလိုက်ရတဲ့ ရုံး ၊ တွေ့လိုက်ရတဲ့ ဝန်ထမ်းတွေ ၊ ကိုယ့်မသာ ကိုယ် တွေ့ရဖို့ အရေး ဖတ်ဖတ်မောသွားမယ် ။ ရေခဲတိုက် မှာလည်း သူ့စည်းမျဉ်းစည်းကမ်းနဲ့ သူ ရှိနေတာကိုး ။ နောက်ဆုံး ရုပ်ကလာပ် ထုတ်တဲ့ နေ့မှာတောင် ညင်သာချင်ရင် တစ်မျိုး ၊ မညင်မသာ ထုတ်ပေးစေချင်ရင် တစ်မျိုး ၊ ကိုယ့်မသာ အထဲမှာ နေစဉ်တုန်းကလို ချောင်ချောင်ချိချိ ဖြစ်ဖို့ “ အထာ ” လေးတွေ သိထားမှ ဖြစ်တာ ။ တကယ်ပါဗျာ ။ “ အထာ ” မြို့တော်ကြီးမှာ တော်ရုံတန်ရုံ အမှုမဲ့အမှတ်မဲ့ သွားလုပ်လို့ ကတော့ မောရုံပဲ ရှိမယ် ၊ အငေါက်ခံရရုံပဲ ရှိမယ် ။ ငေါက်တဲ့ လူတွေကို ကြည့်တော့ ဘာမှ မဟုတ်တဲ့ သူတွေ ၊ အငေါက် ခံနေရတာက “ အထာ ” မသိတဲ့ သူတွေ ။ ရင်နာစရာ အတိနဲ့ ပေမယ့် ဘာတတ်နိုင်မှာလဲ ကိုယ့်လူ ။
ဒါတွေဟာ ခဏခဏ ပြောပေါင်းများပြီ ။ တိုင်တာလည်း တိုင်ရုံပဲ ရှိမယ် ။ ကိုယ်တို့ ဆေးရုံအုပ်ကြီးတွေမှာလည်း ကိုယ်ပိုင်ဆေးခန်းကို သွားရတာက တစ်ဖက် ၊ အထူးကုဆေးခန်းကြီးတွေ ကြီးကြပ်ရတာက တစ်ဖက်နဲ့ ဆိုတော့ အချိန်ရှားပါးတယ် ။
ကိုယ်ပိုင်ဆေးခန်း ဆိုလို့ “ ကိုကာလာ ” ကို သတိရမိသေးတယ် ။ မန္တလေးမှာ ကျွန်တော့် ဘကြီး ရှိတယ်လို့ ပြောဖူးပါရောလား ။ ကိုကာလာ က ဘကြီးရဲ့ သား ဒုတိယမြောက် ။ လူက လူပျိုကြီးဗျ ။ ကွမ်းသိပ်ကြိုက်တာ ။ ဆေးလိပ်လည်း သောက်တယ် ၊ သူက မန္တလေးမှာ ဇာတ်သီချင်းတွေ ၊ အငြိမ့်သီချင်းတွေ ရေးတယ် ။ သဘော ကောင်းသလောက် ရိုးတယ်ဗျာ ။ သူ့ ပုံကို မြင်တာနဲ့ ခပ်ထူထူ အညာသား မှန်း သိသာပါတယ် ။ ရန်ကုန် ရောက်ရင် ကျွန်တော်နဲ့ အဖွဲ့ကျပြီး ဟိုသွားဒီသွား လုပ်တတ်ပါတယ် ။ တစ်ခါမှာတော့ ဝါးတန်းလမ်းက အထူးကုဆေးခန်းကြီးကို ကျွန်တော်နဲ့ လူနာ မေးဖို့ သွားခဲ့ကြတယ် ။ ကံကောင်းလို့ အချုပ်ထဲ မရောက်ကြတာဗျ ။
ဆေးခန်းက ဟီးထနေတဲ့ အပြင် နံရံမှာ ကပ်ထားတဲ့ သမားတော် ၊ ပါရဂူ ၊ အထူးကုတွေရဲ့ စာရင်းဟာ တစ်ရာ ကျော်မလားပဲ ။ ဘာရောဂါ ဖြစ်ချင်သလဲ လာခဲ့ ၊ ပျောက်အောင် ကုပြမယ်လို့ ကြွေးကြော်နေသလိုပေါ့ ။ ကိုကာလာ ကို လိုက်ပို့လိုက်တာ ဆေးခန်းကြီးရဲ့ ခမ်းနားမှုကို ကြည့်ပြီး အဝင်ဝမှာတင် ကိုယ့်လူ မှင်တက်မောနေရှာတယ် ။ သူ အထဲကို ရုတ်တရက် မဝင်သေးဘဲ ဆေးခန်းကြီးကို မော့ကြည့်နေတယ်ဗျ ။ တပ်ထားတဲ့ အဲယားကွန်းတွေများ လိုက် ရေတွက် နေသလားပဲ ။ ကျွန်တော်က သူ့ကို လွတ်လွတ်လပ်လပ် လေ့လာနိုင်အောင် ဓာတ်လှေကားနားက သွားစောင့်နေလိုက်ပါတယ် ။
အတော်လေးကြာတော့ ( RECT ) ကောင်တာမှာ ဆူသံပူသံကြားလို့ ကြည့်လိုက်တော့ ကိုကာလာ ကို မချော တစ်ယောက် ခါးထောက်ပြီး ရန်တွေ့ နေပါရော ။ ဘာများ ပါလိမ့်ပေါ့ ။
“ ဘာဖြစ်လို့လဲ ခင်ဗျာ ၊ အစ်ကို ဘာဖြစ်နေတာလဲ ”
ကျွန်တော် ဝင်မေးတော့ ကောင်တာက မချောက “ ရှင့်လူ ရူးများနေသလား ” တဲ့ ။
“ ဟ ... ငါမရူးဘူး ၊ ဒါမေးတာ ဘာဖြစ်လဲ ၊ မရှိရင် မရှိဘူးပေါ့ ၊ ဘာဖြစ်လဲ ”
“ ရှင်ဒီမှာ လာမေးစရာ မလိုဘူး ၊ ပုံစံကိုက အူကြောင်ကြောင်နဲ့ ”
“ ဘာဖြစ်တာလဲ ၊ ဘာလို့လဲ ”
“ လာကွာ ၊ သွားရအောင် ၊ ငါဆွဲထိုးမိလိမ့်မယ် ”
“ အောင်မာ ... ရှင်ထိုးရဲ ထိုးကြည့်ပါလား ”
မချောက ကောင်တာ ထဲကနေ ကုန်းအော်ပါတယ် ။ ဝန်ထမ်း နှစ်ယောက်သုံးယောက် ဝိုင်းလာတာနဲ့ ကျွန်တော်လည်း အပေါ် မတက်တော့ဘဲ ကိုကာလာ ကို ပြန် ခေါ်လာရတော့တယ် ။ အဖြစ်ကဒီလိုဗျ ... ။
“ ငါမေးတယ်ကွာ ၊ ဆေးခန်းကြီး ဒီလောက် ကြီးနေတာမြင်တော့ လူနာတွေလည်း လာကြတာ နည်းမှာ မဟုတ်ဘူးလို့ ထင်တယ် ၊ ဝင်နေထွက်နေကြတာလည်း မင်းမြင်တဲ့ အတိုင်းပဲ ၊ ငါ သိချင်တာက တကယ်လို့ ဆေးခန်းမှာ လာ ကုရင်း သေတာပြုတာ ရှိမှာပဲ ။ အဲဒီတော့ ငါ သူ့ကို မေးကြည့်တယ် ၊ ညီမ ... လူသေတွေ ဘယ်မှာ ထားလဲလို့ ၊ အဲဒါ သူက ကောင်းကောင်း မဖြေဘူး ၊ ကျွန်မတို့ က လူသေတွေကို ကုတဲ့ ဆေးခန်း မဟုတ်ဘူး ၊ လူရှင်တွေပဲ ကုတာတဲ့ ၊ လူသေ တွေ့ချင်ရင် ရေဝေး သွားမေးတဲ့ ၊ ကဲ ... ။ ငါက ထပ်မေးတယ် ။ ကဲ .. ခင်ဗျားတို့ ဆေးခန်းက တစ်ခါမှ လူမ သေဖူးဘူးလား ဆိုတော့ ရှင် ဘာလာ စော်ကားတာလဲတဲ့ ၊ ရူး နေလားတဲ့ ၊ ကျန်တာတွေ မင်းမြင်တဲ့ အတိုင်းပဲ ”
ကိုကာလာ ဆိုတာ အဲဒီလို ကြံကြံဖန်ဖန် လူဗျ ။ အထူးကုဆေးခန်းကြီးတွေရဲ့ “ အထာ ” ကို သူ မသိဘူး ။ အထူးကုဆေးခန်း ဆိုတာ “ သေ ” ဆိုတဲ့ စကားလုံး သိပ်မုန်းကြတာ မဟုတ်လား ။ “ သေ ” ကို မုန်းတာမှ ပြောရတာတောင် ခပ်ခက်ခက်ရယ် ။ မတော်တဆ ဆေးလာကုရင်း ဆေးခန်းမှာ သေဆုံးသွားရင် အဲဒီ အလောင်းကို မြန်မြန် ထုတ်သွားဖို့ ဝရုန်းသုန်းကားပဲ ၊ “ သေ ” ဆိုတဲ့ ဝေါဟာရကို အဲဒီလောက်ထိ မုန်းကြတယ် ။ လာဘ်ပိတ်တယ်ပေါ့ဗျာ ။ နိမိတ် မကောင်းဘူး ၊ လူနာတွေ အထင်သေးမယ် ၊ သေချင်ရင် အပြင်မှာ သေကြ ၊ အထူးကုမှာ မသေကြနဲ့ပေါ့ဗျာ ။ သူတို့ မှာ ရှင်လူတွေ ပြပြီး ဝမ်းမီးငြိမ်းကြရမင့်ကိုး ။ စကားပုံ အသစ် တိုးတာပေါ့ ။
“ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား ၊ လူသေလက်မခံသော အထူးကုဆေးခန်း ” လို့ ပြောရမလို ဖြစ်နေပြီ ။ ကျွန်တော်တို့မှာ နောက် ဘုန်းကြီးက နှစ်ခါခေါက်တဲ့ ကိန်း ဆိုက်နေပါတယ် ။ အရင်က ဆေးရုံတွေ ၊ ဒေသန္တရဆေးခန်းတွေ ဆက်ဆံရေး မပြေပြစ်လို့ ခါးစည်းခံခဲ့ကြရတာ ဘာဟုတ်သေးလဲ ။ အခု တချို့ အထူးကုဆေးခန်းက ဝန်ထမ်းတွေ ငွေမျက်နှာ လိုက်ပုံက ပိုဆိုးပါရောလား ။ ခေါင်းကိုက်လို့ပဲ လာပြပြ ၊ ဖင်နာလိုပဲ လာပြပြ ဓာတ်မှန် ရိုက်ခိုင်းမယ် ၊ သွေးစစ်ခိုင်းမယ် ၊ စမ်းသပ်ခ နင့်နေအောင် တောင်းမယ် ။ ဒါ ပုံမှန်ပဲ ။ ကိုယ် ဘာဖြစ်လို့ ဖြစ်မှန်း မသိရဘဲ ငွေကတော့ လျှောကနဲ ထွက်သွားပါတယ် ။ ဝန်ထမ်းတွေက များသောအားဖြင့် ဆရာဝန် မဟုတ်တဲ့ သူတွေ များတယ် ။ ဒါကြောင့်လည်း သူတို့မှာ လူနာရဲ့ ပရိဒေဝကို ဘယ်မှာ နားလည်ပါ့မလဲ ။ လူနာတွေကို ပြောဆို ဆက်ဆံရာမှာ နွေးထွေးမှု ရှိရမယ် ၊ ကြင်နာဖေးမမှု ရှိရမယ် ၊ ကရုဏာ ထားရမယ် ဆိုတာတွေ ဝေးပါလေရော ။ သူတို့ စိတ်ထဲမှာ လာသမျှ လူနာကို ကုန်ပစ္စည်း ရောင်းဝယ်သလို သဘောထားကြသလားမသိဘူး ။
လူနာများများ လာရင် စမ်းသပ်ခ များများရမယ် ၊ ဆေးများများ ရောင်းရမယ် ၊ ဝန်ဆောင်ခများများ ရမယ် ။ ခြေချော်လက်ချော် ဆုံးပါးသွားရင်လည်း ရောင်းမှားဝယ်မှား ရှိတတ်တာပဲလို့ ယူဆကြဟန် တူပါတယ် ။ သူတို့မှာ ဘာတာဝန်မှ မရှိဘူး ။ လူနာ သေဆုံးသွားတာတောင် သူတို့ ရောဂါနာမည် တပ်မပေးနိုင်တာတွေ မကြာခဏပဲ ။ ကံပေါ့လေ ဟုတ်လား ။ သူတို့က ကံလို့ သဘောထား ခိုင်းပါတယ် ။ ငွေလည်း ကုန် ၊ အသက်လည်း ဆုံးသွားရပေမယ့် အထူးကုဆေးရုံရဲ့ ချို့ယွင်းချက် လုံးဝ မရှိဘူး ။ လူဆိုတာ သေတတ်တာပဲတဲ့ ၊ သေနေ့စေ့လို့ သေတာပဲတဲ့ ။ ဆေးခန်းကို နာမည် မဖျက်ပါနဲ့တဲ့ ၊ အသေရေဖျက်မှုနဲ့ တရားစွဲလိုက်မယ်တဲ့ ၊ ဟန်ကို ကျလို့ပေါ့ဗျာ ။
သမားတော် တချို့ဆို နာရင်းအုပ်ပစ်ဖို့တောင် ကောင်းပါတယ် ။ လာပြတဲ့ လူနာက ကင်ဆာ ဖြစ်နေတယ် ။ ဒါကို ငွေတတ်နိုင်လား ၊ သိန်း တော်တော်များများ ကုန်မယ် ၊ အကုန် ခံနိုင်လား ၊ သူ စမ်းသပ်ကုပေးမယ် ဆိုပြီး ရောဂါကို မပြောပြဘူး ။ ဝယ်ခိုင်းတဲ့ ဆေးတွေကို သူ့ဆေးခန်း ကောင်တာက ဆေးရောင်းတဲ့ လူတွေသာ သိနားလည်တဲ့ သင်္ကေတတွေနဲ့ ရေးပြလိုက်တယ် ။ လူနာမှာ အားကိုးတကြီးနဲ့ ဆေးတွေ သိန်းတော်တော်များများ အကုန်ခံပြီး ဝယ်သောက်ပါတယ် ။ နယ်က လာရတာဆိုတော့ တည်းခိုစရိတ်ကလည်း မသေးလှဘူး ။ နောက်ဆုံး သေတာပဲလေ ။ နယ်ရောက်တော့မှ သောက်တဲ့ ဆေးတွေကို နားလည်တဲ့ ဆရာဝန်က ယူကြည့်ပြီး ကင်ဆာဆေးတွေမှန်း သိကြတာ ။ ဒါ လူ့အသက်ကို ကယ်တဲ့ သမားတော်တဲ့ လားဗျာ ။ ပေါင်းတည် တစ်မြို့လုံး ဒီကိစ္စကို သိသွားလို့ တော်တော်လေး မကျေမနပ် ဖြစ်ကြပေမယ့် သမားတော်ကြီး ကတော့ ဟန်မပျက်ဘူး ။ သူ ဘာမှ မလုပ်ခဲ့သလိုပဲ ။ သူ့ ဆေးခန်းမှာ ပစ္စည်းကိရိယာတွေ ဘယ်လို အဆင့်မြင့်ကြောင်း ၊ အကောင်းဆုံး ဆေးဝါးတွေကို ဘယ်လို သုံးစွဲကြောင်း ကြုံတိုင်းပြောနေလျက်ပဲ ။
ကဲ .. မြို့ကြီးပြကြီးတွေမှာ လူတွေ ဖြီးကြတယ် ဆိုတာ ယုံပြီလား ။
ဒီအဖြီး အဖြန်းတွေကို နေ့တိုင်း ကားမောင်းရင်း ကြားနေရတယ် ။ ခရီးသည် မျိုးစုံဆီက ပြန်ထွက်လာတဲ့ အသံတွေပေါ့ ။ ကျွန်တော် စဉ်းစားကြည့်တယ် ။ စာအုပ်တွေထဲမှာ ဘာ ငရဲက ဘာလုပ်ခဲ့လို့ ခံရတယ် ၊ ဘာ ငရဲက ဘာကျူးလွန်ခဲ့လို့ ခံရတယ် ၊ ဒါမျိုးတွေ တော်တော်များများ ဖတ်ဖူးပါတယ် ။ သဘောလည်း ကျပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ မြို့သစ်တွေ ၊ ကွက်သစ်တွေ တည်ဆောက်သလို ငရဲပြည် မှာလည်း တိုးချဲ့ချင် ချဲ့နေမလားပဲ ။ ဒီလို မသမာတဲ့ ဆရာဝန်တွေ ၊ လူတွေရဲ့ လုပ်ရပ်မျိုး မကြုံဘူး မကြားဘူးလို့ ဒီလူတွေ သေရင် ငရဲပြည်မှာ ကွက်သစ်တွေ တိုးချဲ့ပြီး ဒဏ်ခတ်ခံရမှ သင့်တော်မယ် ထင်တယ် ။ ပုံမှန် ငရဲတွေက သူတို့ အတွက် နည်းနည်း ပျော့နေသလားလို့ ။ ယမမင်းကို စာလေးဘာလေး ရေးပြီး အတို့အထောင် လုပ်လိုက်မလား စိတ်ကူးတယ် ။ စာပို့ဖို့ကတော့ သိပ်မခက်ပါဘူး ။ ဒီလို ဆရာဝန် တစ်ယောက် သေရင် သူတို့ အိတ်ကပ်ထဲမှာ စာလေးတစ်ခေါက် ထည့်ပေးလိုက်ရုံနဲ့ ယမမင်းဆီ စာရောက်မှာ သေချာတယ် ။ ကျွန်တော် ကိုယ်တိုင်တော့ သွားမပို့ဝံ့ဘူး ။ အလိုလေး ... ကိုယ် ဖြီးထားတာလည်း နည်းတာမှ မဟုတ်တာ ။ တော်ကြာ ပြန်မလွှတ်ရင် ဒုက္ခ ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး
No comments:
Post a Comment