Tuesday, October 7, 2025

အငယ်ဆုံးသား

 

❝ အငယ်ဆုံးသား ❞
          ( ပုံပြင် )

ရှေးတုန်းက ဂျပန်ပြည် တောကြီးတစ်ခု အနီးမှာ ဆင်းရဲသားများ နေထိုင်သော ရွာကလေး တစ်ရွာ ရှိလေသည် ။ ထိုရွာတွင် အလွန်တရာ ဆင်းရဲသော မုဆိုးမကြီး တစ်ဦးရှိ၏ ။ သူ့မှာ သားသုံးယောက် ရှိလေသည် ။

ထိုမုဆိုးမကြီးမှာ အိုမင်းမစွမ်း ရှိပြီ ဖြစ်သည့် အပြင် ကောင်းစွာလည်း မကျန်းမာသောကြောင့် အလုပ် မလုပ်နိုင်တော့ပေ ။ ထို့ကြောင့် သူ့သား သုံးယောက်က သူတို့ အမေအိုကြီး အတွက် လယ်ကွင်းထဲသို့ ဆင်း၍ ပင်ပန်းစွာ အလုပ် လုပ်ကြရ၏ ။ သို့သော် အလုပ် လုပ်၍ ရသော အခကြေးငွေမှာ အလွန် နည်းပါးသဖြင့် သူတို့အဖို့ နေထိုင် စားသောက်ရသည်မှာ မည်သည့် အခါမျှ လုံလောက်သည်ဟု မရှိချေ ။ မကျန်းမမာ ဖြစ်နေသော အမေအိုကြီး ကိုလည်း ကောင်းစွာ မပြုစုနိုင်ကြပေ ။ ထို့ကြောင့် သူတို့သည် သူတို့ အမေအတွက် နေ့စဉ်နှင့်အမျှ စိတ်မကောင်း ဖြစ်မိကြလေသည် ။

ထိုအချိန်တွင် ဂျပန်ပြည် တစ်ပြည်လုံး၌လည်း သူခိုးများ ထကြွ သောင်းကျန်းလျက် ရှိလေ၏ ။ ထို့ကြောင့် ဂျပန်ပြည့်ရှင် ကလည်း ထိုသူခိုးများ အနက်မှ တစ်ယောက်ယောက်ကို ဖမ်းဆီးပေးနိုင်သူအား ဆုငွေများစွာ ပေးမည်ဟု အမိန့်ထုတ်ထားလေသည် ။ အချို့သော ရွာသူရွာသားများသည် သူခိုးများကို ဖမ်းဆီးကာ နီးစပ်ရာ ရွာသူကြီးများ ထံမှ တစ်ဆင့် ဂျပန်ပြည့်ရှင် ထံသို့ ပို့ကြသည် ။ ထိုအခါ ဂျပန်ပြည့်ရှင်သည် အမိန့်တော် ရှိသည့် အတိုင်း ဖမ်းဆီး ပေးသူများအား ဆုတော်ငွေ များစွာ ချီးမြှင့်၍ သူခိုးကို မူကား အကျဉ်းချ ထားပြီးနောက် မကြာမီ သ,တ်ပစ်လိုက်လေသည် ။

ဆင်းရဲသော ညီအစ်ကို သုံးယောက်တို့သည်လည်း ထိုသတင်း ကြားသော် သူခိုးများကို ဖမ်းဆီး လိုကြသည် ။ ထိုသို့ သူခိုးများကို ဖမ်းဆီး၍ ရသော ဆုတော်ငွေနှင့် သူတို့ အမေအား ကျွေးမွေးပြုစုလိုကြသည် ။ သို့သော် သူတို့မှာ သူခိုး တစ်ယောက်ကို လွယ်လွယ်ကူကူနှင့် ဖမ်းမိနိုင်ရန် အင်အား မရှိကြပေ ။

ထို့ကြောင့် တစ်နေ့သ၌တွင် ညီအငယ်ဆုံးက အစ်ကိုနှစ်ယောက်အား “ အစ်ကိုတို့ ကျွန်တော့်အား သူခိုးကဲ့သို့ ဖမ်းဆီး၍ တရားသူကြီး ထံသို့ ပို့ကြပါ ။ ကျွန်တော် ကလည်း ကျွန်တော့် ကိုယ် ကျွန်တော် သူခိုးပါဟု ပြောပါမည် ။ ကျွန်တော့် အသက်သေလျှင် သေပါစေ ။ သို့မှသာ ကျွန်တော်တို့ အမေအား ကျွေးမွေးပြုစုနိုင်ရန်အတွက် ဘုရင့်ထံမှ ဆုတော်ငွေကို အစ်ကိုတို့ ရပါလိမ့်မည် ” ဟု ပြောလေသည် ။

ထိုအခါ အစ်ကို နှစ်ယောက် ကလည်း ညီအငယ်ဆုံး ပြောပြသည့် အကြံအစည် အတိုင်း သဘောတူကြသော်လည်း ထို ညီအငယ်ဆုံးအား သူခိုးအဖြစ် ဖမ်းဆီပို့ရန် အတွက် ကိုမူကား သဘောမတူကြပေ ။ သူတို့နှစ်ဦးသာ သူခိုး အဖြစ် အဖမ်းအဆီး ခံလိုကြပေသည် ။ ထို့ကြောင့် ညီအငယ်ဆုံးကို တားမြစ်ကြ၏ ။

သို့သော် ညီအငယ်ဆုံးကား တားမြစ်၍ မရပေ ။ သူကိုယ်တိုင် အဖမ်းအဆီးခံရသော် ကျေနပ်မည်ဖြစ်ကြောင်းကိုသာ အကြိမ်ကြိမ် အဖန်ဖန် ပြောဆိုလေသည် ။ အစ်ကိုနှစ်ယောက် ကလည်း သူတို့သာ အဖမ်းအဆီး ခံလိုကြသည်ဟု ထပ်မံ ပြောဆိုကြသည် ။

သို့သော် နောက်ဆုံးတွင် သူတို့သည် ညီအငယ်ဆုံး၏ စိတ်ကြိုက်အတိုင်း လိုက် လျောကာ အမေအိုကြီးအား ကောင်းမွန်စွာ လုပ်ကျွေး ပြုစုပါမည်ဟု ညီအငယ်ဆုံး ရှေ့၌ ကတိ ပြုကြလေသည် ။ သူတို့၏ အကြံအစည်များကိုမူကား အမေအိုကြီးသည် ဘာမျှ လုံးလုံး မသိလိုက်ပေ ။

ထို့နောက် သူတို့သည် ညီအငယ်ဆုံး၏ လက်နှစ်ဖက်ကို သူခိုးများ ဖမ်းလာသည် ကဲ့သို့ ကြိုးဖြင့် အထပ်ထပ် တုပ်နှောင်လျက် တရားသူကြီး ထံသို့ ခေါ်ဆောင်သွားကြပေသတည်း ။

တရားသူကြီးထံသို့ ရောက်သောအခါ တရားသူကြီးသည် သူခိုးအစစ်ဟု ထင်မှတ်လျက် ဘာမျှ မေးမြန်းခြင်း မပြုဘဲ သူတို့၏ ညီအငယ်ဆုံး အား အချုပ်ခန်းထဲ၌ ခေတ္တ ချုပ်နှောင်ထားရန် တပည့်များကို အမိန့်ပေးလိုက်လေ၏ ။ ထို့နောက် အစ်ကို နှစ်ယောက်အား တရားသူကြီးက ဆုတော်ငွေများ ထုတ်ပေးလိုက်လေသည် ။

“ ဟေ့ လူတွေ ... မင်းတို့ရဲ့ မျက်နှာတွေက ဘာဖြစ်လို့များ မသာမယာ ဖြစ်နေကြရတာလဲ ။ အခုလို ဆုတော်ငွေ ရတာဟာ မင်းတို့အဖို့ ဝမ်းသာစရာ မဟုတ်လား ။ မင်းတို့ကို ကြည့်ရတာ သူခိုး အတွက် ဝမ်းနည်းနေကြသလိုပဲ ” ဟု သံသယမကင်းဟန်ဖြင့် ပြောလေသည် ။ သို့သော် အစ်ကို နှစ်ယောက်တို့သည် ဘာမှ ဖြေကြားခြင်း မရှိဘဲ ဆုတော်ငွေကို ယူကာ မျက်နှာ မသာမယာဖြင့် ထွက်ခွာ သွားကြလေသည် ။

အတန်ကြာသော် တရားသူကြီးလည်း အစ်ကိုနှစ်ယောက်ကို ကောင်းစွာ မသင်္ကာသဖြင့် မနီးမဝေးမှ နောက်ယောင်ခံ လိုက်သွားလေသည် ။ သူတို့ ရွာကလေးရှိ နေအိမ်သို့ ပြန်ရောက်ကြသောအခါ ဘုရင့်ဆုတော်ငွေများကို အမေအိုကြီးအား ပြသလျက် အကြောင်းမျိုးစုံ တို့ကို ပြောပြကြလေသည် ။ ထိုအကြောင်းကို ကြားရသောအခါ အမေအိုကြီးသည် သူ့သားငယ် အတွက် စိတ်မကောင်း ဖြစ်ကာ ဟစ်အော်ငိုကြွေးလေသည် ။

ထိုအချိန်တွင် တရားသူကြီးနှင့် နောက်ပါတို့ သည်လည်း သူတို့၏ ပြောသံဆိုသံများ ကို အိမ်ဘေးမှ ချောင်း၍ နားထောင် နေကြလေသည် ။ ထိုအဖြစ်မှန်များကို ကြားသိရသောအခါ တရားသူကြီးသည် လည်း အမေအိုကြီးနှင့် သားသုံးယောက် အတွက် များစွာ စိတ်မကောင်း ဖြစ်မိလေသည် ။

ထို့ကြောင့် သူတို့သည် ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာခဲ့ပြီးနောက် ပြည့်ရှင်မင်း ထံသို့ နေ့ချင်းပင် သွားရောက် တွေ့ဆုံလေသည် ။ ပြည့်ရှင်မင်းနှင့် တွေ့သောအခါ သူသည် အမေအိုကြီးနှင့် သားသုံးယောက်တို့၏ အဖြစ်အပျက်တို့ကို သံတော်ဦး တင်လေသည် ။ ထိုအခါ ပြည့်ရှင်မင်းသည် အကျဉ်းချသော သူတို့၏ ညီအငယ်ဆုံးကို အမြန်ဆုံး လွှတ်စေသည့် အပြင် မိဘ၏ ကျေးဇူးကို သိတတ်သောသူ ဖြစ်သည့် အတွက်ကြောင့်လည်း မြောက်များစွာသော ရွှေ ၊ ငွေရတနာတို့ကို ဆုအဖြစ် ပေးအပ်လိုက်လေသည် ။

ထိုအချိန်မှ စ၍ အမေအိုကြီးနှင့် သားသုံးယောက်တို့သည် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း ။

( ဘာသာပြန် )

〇 ညိုအောင် 
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၉ ၊ ဇန်နဝါရီ

No comments:

Post a Comment