Thursday, October 23, 2025

မြို့ဂျပိုး ( ၁၉ )


 ရွှေမန္တလာမြေကို ခြေချမိပြီဆိုတာနဲ့ ကဗျာလေးတစ်ပုဒ် ကျွန်တော် သွားသတိရမိတယ် ။ ရေးတဲ့ လူနာမည်တော့ ကျွန်တော် မမှတ်မိတော့ဘူး ။


“ နန်းမြို့ရိုးကို မြင်ရင် ခင်ခင် ငိုချင်တယ် ၊ 

ကျုံးတော်ကြီးကို မြင်ရင် ခင်ခင်ငိုချင်တယ် ” တဲ့ ။


ကဗျာက အဲဒီလို စထားတယ် ။ ကဗျာရေးတဲ့ လူက အောက်မှာ အမျိုးသားကလောင်နာမည်ဗျ ။ သူ ဘာဖြစ်လို့ “ ခင်ခင် ” လို့ နာမ်စား သုံးထားလဲ မသိဘူး ။ ကဗျာသဘော အရပဲလား ၊ ဒိုင်းခင်ခင်ကို ရည်စူးတာလား ကျွန်တော်လည်း မပြောတတ်ဘူး ။ ကဗျာထဲမှာ ပါတဲ့ အကြောင်းအရာတွေ က သိပ်မများ လှပေမယ့် မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်ပေါ်စေပါတယ် ။


ကဗျာဆရာဟာ မိတ်ဆွေတစ်ယောက် နဲ့ မန္တလာကို ရောက်လာတယ် လျှောက်လည်ကြရင်း ( ၂၆ ) လမ်း ဘက်ရောက်တော့ မြန်မာထမင်းဆိုင်ကို လိုက်ရှာကြတယ် ။ ရှာလိုက်ကြရတာတော်တော် ရှာတော့မှ “ အမေ့လက်ရာ ”   မြန်မာထမင်းဆိုင်ကို တွေ့ရလို့ ဝမ်းသာသွားပါတယ် ။ သူတို့ နှစ်ဦး အဲဒီတော့မှ စိတ်ချင်းတူညီတဲ့ ညီအစ်ကို ဖြစ်သွားပါတယ် ။ မနက်စောစော ကျုံးဘက်မှာ တရုတ်လူမျိုးတွေ ဝူရှူးကစားနေကြတာတွေ ၊ မြန်မာတွေ မြို့ပြင်ကနေ စက်ဘီးကိုယ်စီ ထမင်းချိုင့်ကိုယ်စီနဲ့ လုပ်ငန်းခွင် ဝင်လာကြတာတွေ ကျုံးနားက လမ်းကြား တစ်ခုမှာ အကြော်ဆိုင်က ကလေးငယ် တစ်ယောက် ငိုကြီးချက်မ ဖြစ်နေတာတွေ ၊ ( ၂၆ ) လမ်းနဲ့ ( ၈၀ ) လမ်းဆုံရာ ကျုံးထောင့်မှာ ကြည့်လိုက်ရင် မြင်ကွင်းထဲ ဝင်လာတဲ့ ဘီယာဆိုင်းဘုတ်ကြော်ငြာကြီးက စာတိုက်နားမှာ ဟီးထ နေတာတွေ ရေးထားပါတယ် ။


ပြီးတော့မှ “ နန်းမြို့ရိုးကို မြင်ရင် ခင်ခင် ငိုချင်တယ် ၊ ကျုံးတော်ကြီးကို မြင်ရင် ခင်ခင်ငိုချင်တယ် ” လို့ ပြန် အဆုံးသတ်ထားတယ် ။


ကျွန်တော် ရောက်တော့ မန္တလာဆောင်းနဲ့ တိုးပါတယ် ။ မနက်စောစော ကျုံးဘက်ကို လမ်းလျှောက်ရင်း နန်းမြို့ရိုးကြီးကို နှင်းတွေ မကွဲတကွဲကြားမှာ ကြည့်နေမိပါတယ် ။ ကဗျာဆရာ ပြောတဲ့ နန်းမြို့ ရိုးရယ် ၊ ကျုံးထဲက မြူငွေ့တွေ ကုန်းထနေတာကို မန္တလေးတောင် နောက်ခံနဲ့ မြင်ရတာရယ် ပေါင်းလိုက်ရင် ငိုချင်သလိုလို ဖြစ်သွားပါတယ် ။ ဟာတာတာကြီးဗျာ ။ သီပေါမင်း ကို သနား သလိုလို ဖြစ်လာမိပါတယ် ။ ကဗျာဆရာ ပြောတဲ့ စာတိုက်ဘက်ကို လျှောက်လာတော့ ကျုံးထောင့်နဲ့ မလှမ်းမကမ်းမှာ ဟီးထနေတဲ့ ဘီယာဆိုင်းဘုတ်ကြီးတွေ့ရပါလေရော ။ နန်းမြို့ရိုး ဆုံးတာနဲ့ ဘီယာဆိုင်းဘုတ်ကြီးတွေ့ရမှာပါ ။ ကျွန်တော်တော့ ဘီယာသောက်ချင်လာမိတယ် ။ အဲဒီနား တစ်ဝိုက်မှာ မြန်မာထမင်းဆိုင် လိုက်ရှာတော့ နာရီဝက်လောက် ရှာမှ အ“ မေ့လက်ရာ ” ထမင်းဆိုင်ကို တွေ့တော့တယ် ။ ဪ ... ကဗျာဆရာ ဟာ မင်းနေပြည်တော်ရောက်တော့ မြန်မာထမင်းဟင်း စားချင်စိတ်တွေ ပေါ်လာတာကိုး ။


မနက်စောစော ကျုံးဘေးမှာ ဝူရှူး ကစားနေတဲ့ လူတွေ ၊ မြို့သစ်ဘက် ကနေ စက်ဘီးကိုယ်စီနဲ့ ဝင်လာကြတဲ့ လူတွေလည်း မနည်းမနောပါပဲ ။ ဒါကိုတော့ ကျွန်တော် ဘာမှ မပြောချင်တော့ပါဘူး ။ ကျွန်တော် ဖျတ်ကနဲ သတိရလိုက်မိတာက ဆရာညီပုလေး ရေးတဲ့ ( မှားရင်ခွင့်လွှတ်ပါ ) “ စပါးကြီးမြွေ ” ဝတ္ထုကို သွားသတိရမိတာပါ ။ ဝတ္ထုတိုလေးရဲ့ သဘော ကို ကျွန်တော်တော်တော် စွဲနေမိတယ် ။ စွဲဆို သူ့ဝတ္ထုက ဖတ်ရင်းဖတ်ရင်း စပါးကြီးမြွေ မြိုသလို ခံစားရတာကိုး ။


ဝတ္ထုက ဒီလိုဗျ ..


အဘိုးကြီးတစ်ယောက် အိမ်ရောင်းတယ် ။ တူဖြစ်သူ ကပွဲစား လုပ်ပေး တယ် ။ လာဝယ်တဲ့ သူက ငွေတွေကို ပီနံအိတ်ကြီးနဲ့ သယ်လာပါတယ် ။ အဘိုးကြီး တစ်သက်မှာ ဒီလောက် များတဲ့ ငွေတွေကို တစ်ခါမှ မကိုင်ဘူးတော့ ငွေတွေ ရေတွက်ရင်း ရေတွက်ရင်း ချွေးသီးချွေးပေါက်တွေ ကျလာတယ် ။ ကတုန်ကယင် ဖြစ်လာတယ် ။ ငွေတွေ ရေတွက်တာများ လာလေလေ ဇောချွေးတွေပျံ လာလေပဲ ။ ဒါကို စပါးကြီး မြွေမျိုတာနဲ့ ဥပမာပြ ထားတယ် ။ သိပ်ကောင်းတဲ့ ဝတ္ထုပေါ့ဗျာ ။ မန္တလေးမှာ လူတော်တော်များများ အဲဒီလို ကြုံခဲ့ကြတာကိုး ။ ဘယ်သူမဆို မြွေနဲ့ အလားသဏ္ဌာန်တူတဲ့ ငွေမျိုခြင်း ခံရရင် အဘိုးကြီးလို ဖြစ်မှာပဲလေ ။ အင်း ... မြွေမျိုတာထက် စာရင် ငွေမြိုတာ ဆိုတော့ တော်သေးတာပေါ့ ။


တကယ်တော့ ကမ္ဘာ့ နိုင်ငံကြီးတွေမှာတောင် ဈေးကွက် စီးပွားရေးစနစ် တည်ဆောက်ပြီဆိုတာနဲ့ မြို့သစ်ကို ရောက်သွားကြတဲ့ လူတွေ ရှိပါ တယ် ။ ကိုယ်တိုင်းပြည်ထဲမှာ ဘယ်နားမှာ နေနေ ၊ မြန်မာဟာ မြန်မာပါပဲ ။ အဲ ... ကျွန်တော်တော့ နေလို့ မဖြစ်ဘူး ။ တက္ကစီသမား မဟုတ်လား ။ မြို့ထဲမှာ ကျင်လည်ရတာ မဟုတ်လား ။


အရပ်ရှစ်မျက်နှာက အော်ဒါ ကို ဂရုစိုက် နေရတာ မဟုတ်လား ။ အော်ဒါ မရမယ့်နေရာမျိုး ဘယ်နေချင် ပါ့မလဲ ။


မန္တလေးမြို့ကို လေ့လာကြည့်တော့ တက္ကစီတွေဟာ ကိုယ်ပိုင်သုံးနေကြတာများတယ် ။ ဆိုက်ကားတွေ ၊ လိုင်းကားတွေ ၊ ဘလက်တက္ကစီတွေရှိတယ် ။ စက်ဘီးတွေ ၊ ဆိုင်ကယ်တွေနဲ့ သွားလာ နေကြတယ် ။ ဒီမြို့မှာ တက္ကစီ ဆွဲလို့တော့ ရန်ကုန်မှာလို ဟန်ကျပုံ မပေါ်ဘူး ။


မြို့အကွက် ချထားတာတော့ တော်တော်လှတယ် ။ ၂ နှစ်သားကလေးတောင် ဘယ်နားမှာ ချထား ပေးပေး အိမ်ကို တန်းနေအောင် ပြန်လို့ ရတ ယ် ။ လမ်းမှားဖို့ ဆိုတာ တော်တော်ဖြစ်ခဲတဲ့ ကိစ္စပါလား ။ တက္ကစီသမား အတွက် ဖြီးကွက် ဘယ်ရှိပါ့မလဲ ။ ရန်ကုန်မှာ ကားလာငှားရင် မသိရင် မသိသလို ဖြီးလို့ ရတယ် ။ ကြည့်မြင်တိုင် ကနေ ပုဇွန်တောင်ဘက် သွားဖို့ လာငှားပါစေ ၊ “ ဟာ .... မင်္ဂလာဒုံဘက်က ပတ်ရမှာ ” လို့ ဖြီးချင် ဖြီးလို့ ရတယ် ။ ဒါကိုတော့ သွား အပြစ်မပြောနဲ့ ပေါ့ဗျာ ။ ဒါက “ တက္ကစီ ”  သမား “ အထာ ”  မဟုတ်လား ။


မန္တလေးမြို့ ကျတော့ “  ဖြီး ” ရတာ ခက်ကရော ။ လူတွေကို မြင်လိုက်တာနဲ့ ကွမ်းတပျစ်ပျစ်ဝါးပြီး တဲ့တိုးပြောချင်တဲ့ မျက်နှာမျိုးတွေ ။ ကွမ်း ကိုတော့ ဘာစားသလဲ မမေးနဲ့ တစ်နေရာတည်းသာ ကွမ်းတံတွေး ထွေးခိုင်းရင် ချောင်းစီးသွားနိုင်တယ် ။ ရှိုးထုတ်တာကျတော့ ကျွန်တော်တို့ နဲ့ မတူပြန်ဘူး ။ ရှိုးကို ရွှေနဲ့ ထုတ်တယ် ။ ကျားရောမ ပါ ရွှေရောင် တဝင်းဝင်းနဲ့ ဗျ ။ ရွှေမြန်မာ ဆိုတာ သူတို့ မှ စစ်တာ ။ အဝတ်အစားကို သားသားနားနား ကောင်းပေ့တွေ ဝတ်ပါတယ် ။ ဒါပေမဲ့ ဟန်ကွာတယ် ၊ ရန်ကုန်သားတွေ လိုတော့ စမတ်မကျဘူး ။ ဒါကြောင့်လည်း မဖြီးတတ်တာနေမှာ ။ ဖြီးတယ် ဆိုတာ ဟန်ကလေးက လိုတယ် မဟုတ်လား ။ ကိုဖီအာနန် အကြောင်း ပြောမလား ၊ အိန္ဒြာကျော်ဇင် အကြောင်း ပြောမလား ၊ စိုမြတ်နန္ဒာ အကြောင်း ပြောမ လား ၊ ဇော်ဝင်းထွဋ် အကြောင်း ပြောမလား ၊ တင်မိုးလွင် အကြောင်း ပြောမလား ၊ ဘောလုံးအကြောင်း ၊ နိုင်ငံရေးအကြောင်း ၊ ဒေါ်လာအကြောင်း ၊ အာဖဂန်နစ္စတန် အကြောင်း ... အိုဗျာ ဘာအကြောင်းပဲ ပြောပြော လက်ရင်း အသုံးအနှုန်းကလေးတွေနဲ့ ပြောတတ်တာ ကိုက ရန်ကုန်သားတွေရဲ့ စတိုင် မဟုတ်လား ။


ကိုဖီအာနန် ကို အာနန် ၊ အိန္ဒြာကျော်ဇင် ကို အူဝဲ ၊ စိုးမြတ်နန္ဒာ ကို ဒါဒါ ၊ ဇော်ဝင်းထွဋ် ကို ညီထွဋ် ဒါမျိုးလေးတွေ ခေါ်ဝေါ်သုံးစွဲပြီး တရင်းတနှီး ပြောတတ်ကြတာတော့ ရန်ကုန်သားတွေ သိပ်တော်တယ် ။ မသိရင် မွေးချင်းပေါက်ဖော်တွေလို ရင်းနှီးကျွမ်းဝင်ဟန်နဲ့ ပြောကြတာဗျ ။ အချက်အလက်လေး တစ်စိတ်တစ်ပိုင်းလောက် ရလိုက်ရင် ပုံကြီးချဲ့ ခြုံငုံ ပြောပြလိုက်တဲ့ အခါ ဟန်သိပ်ကောင်းတယ်လေ ။ ဒါကြောင့် ကျွန်တော်လည်း ရိုးရာ မပျက်ရအောင် ဟန်ကလေးနဲ့ ဘကြီးတို့ ဆီ ဝင်ပြီ ။ ဘကြီးတို့က ကျွန်တော့်ကို အကဲခတ်မယ် ဆိုကိုး ။


ဘကြီးက နဂိုကတည်းက ကျွန်တော် တက္ကစီမောင်းတာကို သဘောမကျဘူး ။ အလုပ်ကြီးအကိုင်ကြီးလို့ ထင်ပုံမရဘူး ။ လူကို ဂျပိုးလေးဘာလေးနဲ့ ဗျာ ။ စကားပြောတော့လည်း ကျွန်တော် နဲ့ ပြောနေပါလျက် ကျွန်တော့် အကြောင်း သိပ်မမေးဘူး ။ အိမ်က လူတွေ အကြောင်းပဲ မေးတယ် ။ တခြားလူတွေကို မေးတဲ့ အခါ ကျွန်တော် ကောင်းတာတွေချည်း ရွေးပြောပါတယ် ။ အဖေ့ အကြောင်း မေးရင်တော့ သိပ်မဟန်တာတွေချည်း ပြောဖြစ်တယ် ။ သူက သူ့ညီကို သိပ်ချစ်တာဗျ ။ ချစ်တာမှ အခုပဲ ကောက်ချီပြီး ပုခက်ထဲ ထည့်သိပ်တော့မယ့် ပုံမျိုး ။ ညီ ကို သားလို ချစ်ရှာတယ် ။ အသက်က ၁၀နှစ် လောက် ကွာတာကိုး ။ ကျွန်တော်က ဒါကို သိတော့ တမင်တကာ မဟန်တာတွေ ရွေးပြောတာပေါ့ ။ ဘာရယ်တော့ မဟုတ်ပါ ဘူး ။ အဲဒီလို သည်းသည်းလှုပ်တာမျိုးကို ကျွန်တော့် စိတ်ထဲ တစ်မျိုးပဲ ။


“ ကျန်းမာရေး ကလည်း ဘယ်လိုမှ ပြောလို့ မရပါဘူး ဘကြီးရာ ၊ အဖေက သိတဲ့ အတိုင်းပဲ နှလုံးရောဂါရှိမှန်း သိလျက် သောက်ချင်သေးတယ် ။ သွေးတိုးရှိရှိကြီးနဲ့ အုန်းနို့ခေါက်ဆွဲမှ စားတာ ၊ သူ ငယ်ငယ်ကတည်းက စားတာလို့ ပြောတာပဲ ၊ ဘကြီးက လိုက် ဝယ်ကျွေးတယ်ဆို ” 


“ အေးလကွာ ၊ ဒီကောင်က အုန်းနို့ခေါက်ဆွဲ တအားကြိုက်တာ ၊ ဒါနဲ့ ဘာဆေးတွေ စားတုံး ” 


“ ဆေးလည်း ပုံမှန်မစားဘူး ၊ အခု မြန်မာဆေးစားတယ် ။ တော်ကြာ အင်္ဂလိပ်ဆေး သောက်ချင် သောက်တာ ၊ ဆေးဝယ်ရင်လည်း ဘယ်တော့မှ ဆိုင်ကြီးကြီးမှာ မဝယ်ဘူး ၊ ဟိုကဒီက ပေးတဲ့ ဆေးတွေ သောက်လို့ တစ်ခါ သေလုမျောပါး ဖြစ်သွားသေးတယ် ” 


ဘကြီးမျက်နှာ လငပုပ်ဖမ်းပါလေရော ။


တကယ်တော့ အဖေက ဒေါင်ဒေါင်မြည် နေတာပါ ။ ကျွန်တော် ပြောမှ ( ၉၆ ) ပါး စုံနေအောင် အပြော ခံရတာ ။ သူ တော်တော်လေး စိတ်ပူပြီ ဆိုတော့မှ


“ ဒါပေမဲ့ အဖေက ဘကြီးလိုပဲ ၊ တော်ရုံနဲ့တော့ နာတာ ၊ ဖျားတာ မရှိဘူး ၊ ဘယ်လောက်ဖျားဖျား ခဏပဲ ” 


“ အေးကွ ၊ ဒါတော့ ငါတို့ အမျိုးကိုက ဒီလိုချည်းပဲဟ ” 


“ ဘကြီးလည်း ကျန်းမာတယ်နော် ၊ ၇၀ ကျော်ဆိုတာ ထင်တောင် မထင်ရဘူး ” 


“ ငါက အသောက်အစား ကင်းတာကိုး ၊ မင်းလည်း ဒါတွေ ရှောင်ဟေ့ ၊ ငယ်တုန်းဆင်ခြင်မှ ဟ ” 


“ ဟုတ်ကဲ့ ၊ ဘကြီး ” 


တွေ့တယ် မဟုတ်လား ။ တစ်ဆွေလုံး တစ်မျိုးလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ ဘကြီးကို ကျွန်တော် ဘယ်လို ရင်းနှီးကျွမ်းဝင်သွားတယ်ဆိုတာ အဖေတို့ ရော ၊ ကိုကာလာ တို့ ကပါ ဘကြီးနဲ့ ကျွန်တော် ဆက်ဆံရေး ပြေလည်ပါ့မလားလို့ စိတ်ပူနေကြတယ် ။ ဘကြီး သဘော မကျရင် မင်္ဂလာကိစ္စ ပျက်မှာကိုး ။ ဒါတွေက ဘကြီးစကား တစ်ခွန်းတည်းနဲ့ ဖြစ်နိုင်တာကိုး ။ ၁၀ နှစ် နီးပါး တက္ကစီ မောင်းလာတဲ့ မိုးအောင် ပဲဗျာ ။ ဒီလောက်တော့ ပိုင်ပါတယ် ။ အသက်ကြီးတဲ့ လူကို ကျန်းမာရေး ကောင်းတယ် ၊ နုတယ် ပြောမှတော့ သ ဘောမကျဘဲ နေမလား ။


ဘာသာရေးအကြောင်း ပြောကြတော့လည်း .. မြတ်စွာဘုရားရဲ့ အနာဂတ်သာသနာ့ဘေးကြီး ( ၅ ) ပါးကို ကျွန်တော် ပြောပြတော့ ကွမ်းတောင် မထွေးနိုင်ဘူးဗျို့ ။ သူ့ကို အဲဒီ စာအုပ် ဝယ်ပေးစမ်းပါ ။ ဆရာတော်ကို သွားလျှောက်ချင်လို့ ပါတဲ့  ။ ဒါမှ ငါ့တူကွတဲ့  ။ အိမ်က ကောင်တွေက နွား သာသာပဲတဲ့  ။ ဘာသာရေးကို ဘာမှ မသိဘူးတဲ့ ။ မင့်တော့ ငါသဘောကျပြီဟတဲ့  ။ ကိုယ့်လူရေ ဒါတွေ အလိုက်အထိုက်ပြောတတ်ဖို့ ဆိုရင် “ ဦးနုရဲ့ ကာမတဏှာ ”  ဝတ္ထုကြီးသာ ဝယ်ဖတ်ပေတော့ ။ အနာဂါတ် သာသနာ့ဘေးကြီး ( ၅ ) မျိုး အခန်းမှာ အကျယ်တဝင့် ရေးထားတာများ ကြက်သီး ဖျဉ်းဖျဉ်းထသွားမယ် ။ သိပ်ကောင်းတဲ့ စာအုပ်ပေါ့ဗျာ ။ အထူးသဖြင့် သံဃာတော်တွေ နေ့စဉ်မပြတ် ဂရုပြုသင့်တဲ့ အချက်တွေ ပြထားတယ် ။ ဘုရားရဲ့ တပည့် အဖြစ် ခံယူပြီး သာသနာ့ဘောင်မှာ ရဟန်း အဖြစ်နေတော့မယ် ဆိုရင် ဒီဘေး ( ၅ ) မျိုးကို တိုက်ဖျက်ဖို့ တာဝန် ရှိသွားပြီ ။ ရွှေမန္တလာမြို့ကြီးဟာ ရဟန်းသံဃာပေါများ တဲ့ မြို့ကြီးဆိုတော့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ရဟန်းများ အတွက် ဘေးကြီး ( ၄ ) ပါးကို ကျွန်တော် သတိရလိုက်မိပါတယ် ။


အရှင်ကုမာရ ရေးသားတဲ့ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံး နေထိုင်နည်း ( ပ - တွဲထဲမှာ ရေးထားတာက ဒီလိုပါ ။ စာမျက်နှာ ( ၁၅၀ ) မှာ ဖော်ပြထားတာက ....


ရဟန်းတို့ ... ရေထဲကို ဆင်းသူမှာ


( ၁ ) လှိုင်းတံပိုးဘေး ၊

( ၂ ) မိကျောင်းဘေး ၊ 

( ၃ ) ဝဲဘေး ၊

( ၄ ) ငါးဆိုးငါးကြမ်းဘေး ဆိုတဲ့ ဘေးလေးမျိုးနဲ့ ဧကန် တွေ့ကြုံရ သလို ဒီ ငါဘုရား သာသနာတော်မှာ ရဟန်းပြုသူ မှာလည်း “ လှိုင်းတံပိုး ဘေး ၊ မိကျောင်းဘေး ၊ ဝဲဘေး ၊ ငါးဆိုး ငါးကြမ်းဘေး ” ဆိုတဲ့ ဘေး ( ၄ ) မျိုး နဲ့ ဧကန် တွေ့ကြုံရတတ်ပါတယ် ။


( ၁ ) ရဟန်းတို့ ဒီလောကမှာ အချို့သော အမျိုးကောင်းသားဟာ ...


“ ငါ့ အပေါ်သို့ ကတိ တရားလည်း ကျရောက်နေတယ် ။ ဇရာ တရားလည်း ကျရောက်နေတယ် ၊ မရဏ တရားလည်း ကျရောက်နေတယ် ။ စိုးရိမ်ပူဆွေးခြင်း ၊ ငိုကြွေးရခြင်း ၊ ကိုယ်ဆင်းရဲရခြင်း ၊ စိတ်ဆင်းရဲရခြင်း ၊ ပြင်းစွာပင်ပန်းရခြင်းတို့လည်း ကျရောက်နေတယ် ။ ငါဟာ ဆင်းရဲတွင်းသို့ ကျရောက်နေတယ် ။ ဆင်းရဲဒုက္ခရဲ့ နှိပ်စက်မှုကိုခံနေရတယ် ။ ချမ်းသာမဖက် ဒီဆင်းရဲစု သက်သက်ကို ကုန်ဆုံးအောင် ပြုနိုင်တန်ရာရဲ့ ” 


ဒီလို ဆင်ခြင်စဉ်းစားပြီး သဒ္ဓါတရားနဲ့ ရဟန်း ပြုလာခဲ့ပါတယ် ။ သာသနာတွင်းကို ရောက်တော့ သူ့ကို ...

 

“ ငါ့ရှင် ... သင်ဟာ ဒီလို ရှေ့ကိုသွားရမယ် ၊ ဒီလို နောက်ကိုဆုတ်ရမယ်  ၊ ဒီလို ရှေ့ကိုကြည့်ရမယ် ၊ ဒီလို စောင်းငဲ့ကြည့်ရမယ် ။ ဒီလို ကွေးရမယ် ။ ဒီလို ဆန့်ရမယ် ၊ ဒီလို သင်္ကန်း ၊ သပိတ်ကို ဆောင်ရမယ် ” 


ဒီလို သီတင်းသုံးဖော်တွေက ဆုံးမကြပါတယ် ။ သွန်သင်ကြပါတယ် ။ ဒီတော့ အဲဒီရဟန်းသစ် ဟာ ..


“ ငါဟာ ရှေးဘဝတုန်းက အခြားသူတွေကို သွန်သင်မှုကိုလည်း ပြုခဲ့တယ် ၊ ဆုံးမမှုကိုလည်း ပြုခဲ့တယ် ၊ ဒီ ရဟန်းတွေကတော့ ငါ့ရဲ့ သားအရွယ် ၊ မြေးအရွယ် လောက်သာ ရှိသေးတယ် ။ ဒါနဲ့တောင်မှ သွန်သင်သင့် ဆုံးမသင့်တယ်လို့ မှတ်ထင်ကြဘိတယ် ”   


ဒီလို တွေးတောစဉ်းစားပြီး အမျက်ထွက်လာပါတယ် ။ စိတ်ချမ်းသာမှုလည်း မရှိတော့ပါဘူး ။ သိက္ခာချ လူထွက် သွားပါတော့တယ် ။


အမျက်ထွက်ခြင်း - ကောဓ ၊ ပြင်းစွာပင်ပန်းခြင်း - ဥပါယာသ တို့ကိုပဲ “ လှိုင်းတံပိုးဘေး ” လို့ ဆိုရပါတယ် ။


( ၂ ) ဒီလောကမှာ အချို့သော အမျိုးကောင်းသားဟာ သဒ္ဓါတရားနဲ့ ရဟန်းပြုလာခဲ့ပါတယ် ။ သာသနာတော် အတွင်းကို ရောက်လာတဲ့ အခါ သူ့ကို သီတင်းသုံးဖော်တွေက


“ သင်ဟာ ဒါကို စားရမယ် ၊ မစားရဘူး ၊ နံနက် အခါမှာသာ စားရမယ် ၊ နေလွဲသွားရင် မစားရတော့ဘူး ” 


စသည် ဖြင့် သွန်သင်ကြပါတယ် ။ ဆုံးမကြပါတယ် ။ ဒီတော့ အဲဒီ ရဟန်းသစ်က


“ ငါဟာ လူ့ဘဝအတွင်းမှာ စားချင်တာ တွေ့ရင်စားလိုက်တာပဲ ၊ မစားချင်တာကိုတော့ မစားဘဲ နေလိုက်တာပဲ ၊ မနက်ဘက်မှာလည်း စား တာပဲ ၊ ညဘက်မှာ လည်း စားတာပဲ ။ သဒ္ဓါတရား ရှိတဲ့ ဒကာတွေက စားစရာသောက်စရာတွေ မနက်ပိုင်းမှာ လည်း လှူကြတာပဲ ၊ ညနေဘက်မှာလည်း လှူကြတာပဲ ။ အဲဒီလို လှူကြတန်းကြတဲ့ နေရာမှာ ဒီရဟန်းတွေက တို့ရဲ့ ပါးစပ်ကို ပိတ်ဆို့ထားသလို လုပ်နေကြပါကလား ” 


ဒီလိုကြံစည်စဉ်းစားပြီး ဆုံးမသွန်သင်တဲ့ ရဟန်းတွေကို အမျက်ထွက်လာပါတယ် ။ စိတ်ချမ်းသာ မှုကိုလည်း မရတော့ပါဘူး ။ ဒါနဲ့ပဲ သိက္ခာချပြီး လူထွက် သွားပါတော့တယ် ။ ဝမ်းစာ ရှာဖွေတာကိုပဲ “ မိကျောင်းဘေး ” လို့ ဆိုပါတယ် ။


( ၃ ) ဒီလောကမှာ အချို့သော အမျိုးကောင်းသားဟာ သဒ္ဓါတရားနဲ့ ရဟန်းပြုလာခဲ့ပါတယ် ။ အဲဒီရဟန်းသစ်ဟာ မြို့ထဲရွာထဲကို ဆွမ်းခံကြွပါ တယ် ။ ( ဒါပေမဲ့ အခြား ရဟန်းတော်များ လို ) ကိုယ်ကိုလည်း စောင့်ရှောက်မှု မရှိဘူး ၊ နှုတ်ကိုလည်း စောင့်ရှောက်မှု မရှိဘူး ၊ စိတ်ကိုလည်း စောင့်ရှောက်မှု မရှိဘူး ၊ သတိတရားလည်း ကင်းလွတ်နေပါတယ် ။ ဣန္ဒြေတွေ ကိုလည်း စောင့်စည်းမှု မရှိဘူး ။ အဲဒီရဟန်းဟာ မြို့ထဲမှာ ကာမဂုဏ် ၅ ပါး အာရုံတရားတွေနဲ့ ပြည့်စုံပျော်ပါးနေသူတွေကို တွေ့ရပါတယ် ။


“ ငါလည်းပဲ ရှေးလူ ဖြစ်စဉ်တုန်းက ကာမဂုဏ် ၅ ပါး အာရုံတရားတွေနဲ့ ပျော်ပါးခဲ့တာပဲ ၊ ငါ့အိမ်မှာလည်း ပစ္စည်းတွေ ရှိသားပဲ ၊ ငါဟာ စည်းစိမ်ကိုလည်း ခံစားနိုင်တယ် ၊ ကုသိုလ်ကောင်းမှု ကိုလည်း ပြုနိုင်တ ယ် ၊ လူဝတ်လဲပြီး စည်းစိမ် ခံစားနေရရင် ၊ ကုသိုလ်ကောင်းမှု ပြုနေရရင် ကောင်းမှာပါပဲ ” 


ဒီလို စိတ်ဖောက်ပြန် လာတတ်ပါတယ် ။ ဒါနဲ့ အဲဒီရဟန်းဟာ သိက္ခာ ချကာ လူထွက် လာပါတော့ တယ် ။


ကာမဂုဏ် ၅ ပါး အာရုံတရားကိုပဲ “ ဝဲဘေး ”  လို့ ခေါ်ပါတယ် ။


( ၄ ) အချို့သော အမျိုးကောင်းသားဟာ သဒ္ဓါတရားနဲ့ သာသနာတော်တွင်းကို ဝင်ရောက်ခဲ့ပါတယ် ။ အဲဒီ ရဟန်းဟာမြို့ ထဲ ၊ ရွာထဲကို ဆွမ်းခံသွားတဲ့ အခါ ကိုယ်ကိုလည်း မစောင့်ရှောက် ၊ နှုတ်ကို လည်း မစောင့်ရှောက် ၊ စိတ်ကိုလည်း မစောင့်ရှောက် ၊ သတိပဋ္ဌာန်တရားကိုလည်း မပွားများ ၊ ဣန္ဒြေ ကိုလည်း မစောင့်စည်းဘဲ ပရမ်းပတာသွားလာနေပါ တော့တယ် ။ အဲဒီရဟန်းဟာ ဒီလိုသွားလာ နေရင်းမြို့ထဲ ရွာထဲမှာ မလုံမလဲ ဝတ်စားသွားလာ နေထိုင်နေတဲ့ မာတုဂါမကို တွေ့ရပါတော့တယ် ။ ဒါနဲ့ သူ့ရဲ့ စိတ်ဟာ ရာဂရဲ့ နှိပ်စက်ဖျက်ဆီးမှုကို ခံရပါတော့တယ် ။ အဲဒီ ရာဂ ရဲ့ ညှဉ်းပမ်း နှိပ်စက်ခံရတဲ့ စိတ်ကြောင့်ပဲ သိက္ခာချကာ လူထွက် လာရပါတော့တယ် ။


မာတုဂါမ ကိုပဲ “ ငါးဆိုးငါးကြမ်းဘေး ” လို့ ဆိုပါတယ် ။


သာသနာ့ဝန်ထမ်းအချို့ ရဟန်းတော်တွေဟာ ဒီဘေး ၄ ပါး ထဲက တစ်ပါးပါးကြောင့် လူ့ဘောင်ကို ရောက်သွားတတ်ကြပါတယ် ။ သိတယ်မဟုတ်လား ...


ကျွန်တော်က အဲဒါမျိုးတွေ ခံတွင်းတွေ့တွေ့ နဲ့ ရှင်းပြတာတို့  ၊ ပြောရတာတို့ ဆို သိပ်တော်တဲ့ ကောင် မဟုတ်လား ။ ဘကြီးနဲ့ လေပေးဖြောင့်သွားပြီးတဲ့ နောက် ခင်မေနွယ် ကိစ္စကို ကျွန်တော်ကြံရဖန်ရပြန်တယ် ။ ကျွန်တော့်ရဲ့ သတို့သမီးလောင်း အမျိုးကောင်းသမီးလေးဟာ ခါးသေးလို့ ရင်ချီ ဖြစ်လို့ နေပြီဗျ ။ ကြည့်စမ်းပါဦး ၊ နှစ်နှစ်ဆိုတဲ့ ကာလအတွင်း မိန်းမပျိုလေး တစ်ယောက် ဒီလောက်တောင် ပြောင်းလဲပြီး လှသွားရတာ ယုံနိုင်စရာတောင် မရှိဘူး ။ သူကလည်း ကျွန်တော့်ကို တွေ့တော့ ရှက်ရှာတယ် ။ သူ ရှက်ပုံက တစ်မျိုးပဲ ။ ရုတ်တရက် ဖိနပ်သဲကြိုး ပြတ်လို့ ရှက်သွားတဲ့ ဟန်မျိုးဗျ ။ အပျိုဖြန်းလေးမို့ ရှက်သွေးဖြန်းတာချင်း အတူတူ သူက ခပ်ဆတ်ဆတ် မိန်းကလေး ဆိုတော့ ရှက်ဟန်က သိပ်မနွဲ့နှောင်းလှဘူး ။ ကိုယ်လုံးကိုယ်ပေါက် အချိုးအဆက်ကတော့ တော်တော် လှလာတယ် ။ သူ့ကို တွေ့တော့ ပျဉ်းမနား မျှစ်ချဉ်ဟင်းကို မျက်စိထဲ မြင်လာမိပါတယ် ။ ငရုတ်သီးခြောက်ရယ် ။ ဆနွင်းဝါဝါရယ် ၊ လ က်မလောက် ရှိတဲ့ ဝက်သားတုံးတွေရယ် ၊ မျှစ်ချဉ်ကို “ တာလဘော ”   ချက်စားမယ်ဆိုရင် တွေးလိုက်တာနဲ့ ခံတွင်း တွေ့စေတယ် မဟုတ်လား ။ ဒီလို တွေးရတာ ကောင်းတော့ မကောင်းဘူးပေါ့လေ ။ ကိုယ်နဲ့ ပေါင်းသင်း လက်ထပ်မယ့် မိန်းကလေးကို ဒီလို စိတ်ကူးမျိုးနဲ့ မယှဉ်သင့်ဘူး ဆိုပေမယ့် လောလောဆယ် ပျဉ်းမနားမျှစ်ချဉ်နဲ့ ဥပမာပေးတာ အကောင်းဆုံး ဖြစ်နေတယ် ။ ကျွန်တော်တော့ တွေ့တာနဲ့ စိတ်တွေ လှုပ်ရှားလာပါတော့တယ် ။ ခက်တာက မျှစ်ချဉ် ဆိုတာတောင် သုံးလေးရေ နူးမှ စားလို့ ကောင်းတာ မဟုတ်လား ။ အလောတကြီး လုပ်လို့ ဘယ်ဖြစ်မှာ လဲ ။ ဟော ... ခြေစမ်းပွဲတွေ လာပါပြီဗျာ ။


“ မောင်မိုးရေ ... ညနေကျရင် ကြီးမေကို မန္တလေးတောင် လိုက်ပို့ ပေးနိုင်မလားကွယ် ၊ မရောက်တာလည်း ကြာလှပြီ ၊ ဘုရားကြီး ကိုတော့ မနက်မှ စောစောသွားတာပေါ့ ” 


“ ဟုတ်ကဲ့ကြီးကြီး ၊ ကျွန်တော်လည်း ရောက်ဖူးတာပေါ့ ”   


“ အေး ... မင်း ကိုကိုလတ်လည်း လိုက်လိမ့်မယ် ” 


“ ကားတော့ သတိထား မောင်းဟေ့ ၊ မန္တလေးမှာ စက်ဘီးတွေ ဆိုင်ကယ်တွေ သိပ်ရှုပ်တယ် ၊ သွားလို့ လာလို့ မကောင်းဘူးဟ ” 


ဘကြီးက ဝင်ပြီး သတိပေးတာပါ ။ ကျွန်တော့်မှာ နဂိုကတည်းက စက်ဘီးတွေရှုပ်ယှက်ခတ် နေတာ ကြည့်ပြီး ကားမောင်းရမှာကို လန့်နေတယ် ။ ဘကြီး ပြောတော့ ပိုပြီး စိတ်လေးသွားပါတော့တယ် ။ မနက်က ၈၄ လမ်းမှာ မောင်းနေရင်းက ကားရပ်ပြီး ထွက်ပြေးချင်စိတ်ပေါက်သွား တယ် ။ မန္တလာရဲ့ “ အထာ ” က တစ်မျိုးပဲ ။ စက်ဘီးတွေ ၊ ဆိုင်ကယ်တွေကလည်း ကားကို မကြောက်ဘူး ။ ဝူးကနဲ ၊ ဝေါကနဲ ဖြတ်မောင်းဖြတ်ကျော်နဲ့ ဗျ ။ ကျွန်တော့်မှာ နှေးနှေး မောင်းတော့လည်း နောက်က လမ်းတောင်းတယ် ။ မြန်မြန် မောင်းတော့လည်း ရှေ့က ဖြတ်ဝင်လာတဲ့ စက်ဘီး ၊ ဆိုင် ကယ်တွေကြောင့် ရင်တမမ ဖြစ်ရတယ် ။ သူတို့ ကတော့ မဖြုံဘူး ။ လက် တစ်လုံးခြားလေးတွေ ရှောင်တိမ်း သွားလာနေကြပါတယ် ။


ကျွန်တော့် ဒုက္ခကို ကြည့်ပြီး ကိုကာလာက ပြုံးနေတော့ မောင်းရတာ ပိုဆိုးတာပေါ့ ။ သူ့အပြုံးက မင်း ဖြစ်ရဲ့ လားဆိုတဲ့ အပြုံးမျိုးပါ ။ မင်းတို့ ရန်ကုန်သားတွေ ကားမောင်းကျွမ်းကျင်တယ်ဆိုတာ ဘယ်လို နေသေးလဲလို့ မေးနေသလိုပဲ ။ ကျွန်တော် မောင်းရတာ မရဲမတင်း ဖြစ်နေတယ် ။ အရေးထဲမှာ ဝေါကနဲ ကျော်တက်သွားတဲ့ ဆိုင်ကယ်ပေါ်က လူတွေရဲ့ အကြည့်က ကားမှ မောင်းတတ်ရဲ့လား ဆိုတဲ့ အကြည့်တွေပေါ့ဗျာ ။ လမ်းဆုံတွေ ရောက်ရင် ရှေ့က တရကြမ်း ဖြတ်သန်းနေတဲ့ ယာဉ်တွေထဲ တိုးဝင်ရတာ အခက်ဆုံးပါပဲ ။ ဇောချွေးပြန်တယ် ဆိုတာ မန္တလာမြေ မှာ ကားမောင်းမှ ကြုံဖူးပါတော့တယ် ။


ဒီဒုက္ခတွေ ငြိမ်းအေး သွားစေတာက ခင်မေနွယ် ရဲ့ အလှကြောင့်ပါ ။ ညနေစောင်းမှာ သူက ရင်ဖုံးအင်္ကျီအစိမ်းနုရောင်လေးရယ် ၊ ယောဂီရောင်ထမီလေးရယ် ဆင်မြန်းပြီး မန္တလေးတောင်ကို လှမ်းကြဖို့ လိုက်ပါလာခဲ့ပါတယ် ။ ကိုယ့်လူရေ ကိုယ် မောင်းတဲ့ ကားပေါ်မှာ ဒီလို အလှပဂေးလေး ပါလာပြီ ဆိုရင် ကိုယ်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်း မျက်စိ ၊ နား ၊ ကိုယ်လက်အင်္ဂါတွေဟာ စွမ်းအား အပြည့်ကို ဖြစ်လို့ပေါ့ ။ လမ်းပေါ်မှာ ဘယ်လောက် ရှုပ်ယှက်ခတ်နေပါစေ ၊ အာရုံက သိပ်နိုးကြွနေတော့ ကား မောင်းရတာ ကောင်းမှ ကောင်းပဲ ။ မနက်ကလို မဝံ့မရဲစိတ်တွေ မဖြစ်တော့ဘူး ။ မန္တလာရဲ့ ယာဉ်အထာ ကိုလည်း သိလာ သလိုလိုပဲ ။ ကိုယ်က ဝေါကနဲ ထိုးဝင်သွားရင် ဟိုက တုံ့ကနဲ ရပ်ထားပေးတယ် ။ မရဲတရဲ လုပ်နေရင်တော့ လမ်းဆုံလမ်းခွမှာ ရှေ့ဆက်ဖို့ မလွယ်ဘူး ။ ဟွန်းသုံးချက်လောက် တီးလိုက်ရင် ရှေ့မှာ ကိုးရိုးကားရား လုပ်နေတဲ့ စက်ဘီးတွေ ၊ ဆိုင်ကယ်တွေ ရှဲကနဲ ဖြစ်သွားတယ် ။


အင်း ... မန္တလာသူတွေ ဟာလည်း ဒီလို ရဲရဲတင်းတင်း ချစ်မှ ရမှာ လားမသိဘူး ။ ဒါကိုတော့ နှောင်းလူတို့ ဖြေရှင်းကြပေတော့ ။ ကျွန်တော် ခင်မေနွယ် ကားပေါ် တက်လာချိန်မှာ ရလိုက်တဲ့ ရနံ့လေးကြောင့် ရင်ထဲကို သိမ့်ကနဲ ဖြစ်သွားပါတယ် ။ ပျဉ်းမနားမျှစ်ချဉ်ဟင်းမှာ စွဲမက်စရာ ကောင်းတာကလည်း ရနံ့လေးပဲ မဟုတ်လား ။ ကောင်းကောင်းကြီး နူး နေတဲ့ မျှစ်ချဉ်ရဲ့ ရနံ့ဟာ ဘယ်သူ့ ခံတွင်းကို မဆို နိုးကြွစေတယ်လေ ။ ခင်မေနွယ်မှာ ရှိတဲ့ ကိုယ်သင်းနံ့လေးဟာလည်း ကျွန်တော့် နှလုံးသားကို ဝှေ့လေပြီ ။ မိန်းမနဲ့ ယောက်ျား မြင်မြင်ချင်း ချစ်မိတယ် ဆိုတာ ဒီလို ရနံ့လေးတွေ ပါ တွဲဖက်လိုက်မှ ပိုမှန်မယ် ထင်ပါရဲ့ ။ အမျိုးသမီးတော်တော်များများ ရဲ့ ကိုယ်ရနံ့ကို ကျွန်တော် ကြုံဖူးပါတယ် ။ စွဲလောက်အောင် အာသီသ မရှိမိဘူး ။ ခင်မေနွယ် နဲ့ ကျတော့ နဂိုကတည်းက ကိုယ့်စိတ် အခံမှာ နှစ်သက်ပြီးသား ဖြစ်နေတာမို့ ဒီလို ကိုယ်သင်းနံ့လေး ရလိုက်ချိန်မှ အစွဲကြီး စွဲသွားပါတော့တယ် ။


ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေပေမယ့် မချော ကတော့ ခပ်ပေါ့ပေါ့ပဲ ။ ကြီးမေနဲ့ စကား ပြောလိုက် ၊ ကိုကာလာနဲ့ စကားပြောလိုက် လုပ်နေပါတယ် ။ တွေ့ကာစက ရုတ်တရက် ရှက်သလိုလို ဖြစ်သွားပေမယ့် ခုတော့ မဖြစ်တော့ဘူး ။ ခေတ်ကာလသားသမီးတွေများ တယ်သတ္တိ ကောင်းပါလား ။ တကယ်ဆို ကိုယ့် သတို့သားလောင်း ရှေ့မှာ ရှက်သလို လို ၊ ရွံ့သလိုလို ဖြစ်နေသင့်တာပေါ့ ။

 

“ ဟာ အခုမှ သတိရတယ် ၊ မနက်ဖြန် တောင်သမန်အင်းကို သွားဖို့ ရှိတယ် ၊ ကိုကိုလေး လိုက်ပို့ပါလားဟင် ၊ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ ၊ နော် ... နော် ”


မချောက ကိုကာလာနဲ့ စကားပြော နေရင်းက ကျွန်တော့် ထိုင်ခုံကို မေးလေး လှမ်းတင်ရင်း ပြောလာတာပါ ။ 


“ ဘယ်အချိန်လဲ ” 


“ ထမင်းစားပြီးမှပါ ၊ ပို့မယ် မဟုတ်လားဟင် ”   


“ ကြည့်သေးတာပေါ့ ” 


ကျွန်တော့် အဖြေကို သူ သဘောကျပုံ မရဘူး ။ ကျွန်တော် သူ့ကို ပို့ချင် တာပေါ့ ။ ဒါပေမဲ့ ကြီးမေတို့ ရှေ့မှာ ချက်ချင်းကြီး လိုက်လျောလို့ ဘယ်ကောင်းမလဲဗျာ ။ ကိုကာလာ ရှိနေတော့ ပိုဆိုးတာပေါ့ ။ သိပ်ငမ်းငမ်းတက် နေတယ် ထင်သွားမယ်လေ ။ မိန်းမတွေမှ ဣန္ဒြေရှိတာ မဟုတ်ဘူး ။ ကျွန်တော်တို့ မှာလည်း ဣန္ဒြေရှိတယ် မဟုတ်လား ။ ကောင်မလေးတစ်ယောက် ဒီလောက် ပတ်ချွဲနှပ်ချွဲ လုပ်လာပြီဆိုရင် လူရှေ့မှာ ဒီလိုပဲ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းရမှာပဲလေ ။


“ နေပါ ... နေပါ ... ဒီလောက် မပို့ချင်မှန်း မသိလို့ပါနော် ။ ကိုယ့်ဟာ ကိုယ် ဆိုင်ကယ်နဲ့ပဲ သွားတော့မယ် ၊ ဟွန်း ” 


“ ဟဲ့ ... ခင်မေနွယ် ဒီလို မပြောရဘူးလေ ၊ ဟိုက မအားလို့ နေမှာ ပေါ့ ”   


“ မဟုတ်ပါဘူးကြီးမေ ၊ ကျွန်တော် ကားအောက်ပိုင်း နည်းနည်းစစ်ချင်လို့ပါ ” 


ဇာတ်လမ်းက အဲဒီလောက်နဲ့ ပြီးသွားပြီ ထင်သလား ။ မထင်နဲ့ ကိုယ့်လူရေ ။ မန္တလေးတောင် ပေါ်မှာ ကျွန်တော့်ဆီ ရောက်လာတဲ့ မချောရဲ့ မျက်စောင်းတွေ တစ်သိန်းလောက် ရှိလိမ့်မယ် ။ အခုမှ ပုံမှန် မိန်းကလေး တစ်ယောက်ရဲ့ ရာနှုန်းပြည့် အလှက ပီပြင်လာတာကိုး ။ တွေ့ကာစက ဒီ ကောင်မလေးမှာ ဘာ လိုနေပါလိမ့်လို့ ထင်နေတာ ။ အခုမှ မျက်စောင်း ထိုးတာလေး လိုနေမှန်း သိတော့တယ် ။ မန္တလေး ရောက်ကတည်းက ကောင်မလေးတွေကို လိုက်လိုက် ကြည့်နေတာ များနေပြီ ။ မျက်စောင်း မထိုးကြသေးဘူး ။ သူတို့ ကို ကြည့်ရတာ သွားဟယ် ၊ လာဟယ် ၊ တိုးဟယ် ၊ ဝှေ့ဟယ်နဲ့ မျက်စောင်း ထိုးဖို့ အကြောင်းကြီးငယ် မပေါ်ရှာဘူး ထင်ပါရဲ့လေ ။ ရန်ကုန် မှာတော့ သွားမလုပ်နဲ့ ။ လမ်းလျှောက် နေတဲ့ လှယမင်းလေးကို ခပ်ကြာကြာလေး ကြည့်လိုက်တာနဲ့ “ ဒိုင်းကနဲ ” မျက်စောင်း ရောက်လာမယ် ။ အသည်း ခိုက်စေတာမျိုးပေါ့ဗျာ ။ ဒီလို မျက်စောင်းထိုးပေးမှ ငနဲတွေ ပိုခိုက်တာကို မချောတွေ သိထား လိမ့်မယ်ဗျ ။ မကြည့်လိုက်နဲ့ ကြည့်လိုက်ပြီ ဆိုတာနဲ့ မျက်စောင်းပြန်ထိုးတော့တာပဲ ။


ခင်မေနွယ် ရဲ့ မျက်စောင်းတွေကို မလှမ်းမကမ်းက လက်သင့်ခံနေရင်း ကိုကာလာနဲ့ စကားလက်ဆုံ ကျမိပါတယ် ။ ဟိုမှာက မန္တလေးမြို့ကြီး ကို မြင်နေရတယ် ။ နန်းမြို့ရိုးကြီးရယ် ၊ နန်းတွင်းက သစ်ပင်တွေရယ် ၊ စာတိုက်က ဆက်သွယ်ရေးတိုင်ကြီးရယ် ၊ နန်းတွင်းက သစ်ပင်တွေရယ် ၊ ကျုံးထောင့်က ဆီဒိုးနားဟိုတယ်ကြီးရယ် ။ ကားလမ်းတွေရယ် ၊ လူနေအဆောက်အဦတွေရယ် ၊ မသဲမကွဲ ဖြစ်နေပေမယ့် သူ့နေရာနဲ့ သူ ကြည့်လို့ ကောင်းပါတယ် ။


“ ကိုကာလာတို့ အိမ်က ဘယ်နားလောက်ကျလဲ ” 


“ ဟိုးမှာ စေတီတစ်ဆူ တွေ့လား ၊ အဲ့တောင်ဘက်မှာ ” 


“ ဘယ်လား ၊ ညာလား ” 


“ တောင်ဘက်လေကွာ ” 


ကျွတ် ... အဲဒါလည်း ပြဿနာတစ်ခုပဲ ။ သူတို့ အထာက အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်နဲ့ လာတာကိုး ။ 


“ နာရီစင် အနောက်ဘက် နားမှာ တို့  ” “ ဘူတာကြီး တောင်ဘက်တို့ ” ၊ “ မြို့မရုံ အရှေ့ဘက် နားလေးတို့ ” ၊ “ ဈေးချို ကနေ မြောက်တန်းတန်း သွားတို့ ”   ဧည့်လမ်းညွှန် တတ်တယ် ။ ဘယ် သိမလဲဗျာ ။ ရန်ကုန်က လူတွေ သုံးနှုန်းတာက ဘယ်ဘက် ၊ ညာဘက် ၊ ဘေးမှာ  ၊ နှစ်လမ်းကျော် ၊ လမ်းထိပ်မှာ ဆိုင်းဘုတ် တွေ့လိမ့်မယ် ။ ဒါ မျိုးတွေ ညွှန်ပြတတ်တာမို့လို့ တောင်တွေ မြောက်တွေ ဆိုရင် မသိတော့ဘူး ။


အထက်မြန်မာပြည် တစ်ခွင်လုံး ဒီလိုချည်းပဲ ။ မေးလိုက်ပြီဆိုတာနဲ့ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက်က စတော့တာပဲလေ ။ “ အညာအထာ ” ပေါ့ဗျာ ။ ကိုယ်က အရှေ့ ၊ အနောက် မသိလို့ “ အဲဒီနားမှာ အဆောက်အဦ ကြီးကြီးမားမား ဘာရှိသလဲ ” လို့ ထပ်မေးလိုက်ရင်တောင် “ တောင်ဘက် မှာ ကုလားဘုရားကျောင်းရှိတယ် ” လို့ ပြောတာ ဘယ်တတ်နိုင်မလဲ ။ တစ်ခုတော့ရှိတယ် ။ ဧည့်သည်ကို ဖြေတာကျတော့ အင်မတန် စိတ်ပါလက် ပါရှိတာဗျ ။ ထိုင်နေရာက ချက်ချင်းထ လာပြီး သေသေချာချာ ညွှန်ပြတတ်ပါတယ် ။ သူတို့ ဒီလောက် ဂရုတစိုက် ဖြေနေတော့ အရှေ့ ၊ အနောက်တွေ ပါနေပေမယ့် ကိုယ်က သိချင်ယောင် ဆောင်ရပါတယ် ။ သူတို့ ရဲ့ ဖော်ရွေမှုကို ဥပေက္ခာ မပြုရက်ဘူး ။ တချို့လူတွေ ကျတော့ ကျွန်တော်တို့ မေးလာတဲ့ လေသံကို ကြည့်ပြီး “ တည့်တည့်သွား ၊ မီးပွိုင့် ရောက်ရင် ညာဘက် ချိုးလိုက် ” ဆိုတာမျိုး ဖြေပေးပါတယ် ။ ဘာပဲဖြစ်ဖြစ် ဧည့်သည် အပေါ် ဖော်ရွေတာတော့ မန္တလာက ရန်ကုန်ထက် သာပါတယ် ။ ယဉ်ကျေးမှု ပိုများတယ်လို့ ပြောရမှာပဲ ။


ကြီးမေ နဲ့ ခင်မေနွယ် ကို  အိမ်ပြန်ပို့ပြီးတော့ကို ကာလာက ကားပေါ်က မဆင်းသေးဘူး ။ နည်းနည်း မိုးချုပ်လည်း စိတ်မပူနဲ့လို့ မှာပြီး ကျွန်တော့်ကို ကားဆက်မောင်းခိုင်းပါတယ် ။

 

“ မောင်း... မောင်း ... ငါ မင်းကို ဘီယာတိုက်မလို့ ” 


“ ....... ” 


“ ကျွတ် ... မောင်းသာ မောင်းစမ်းပါ ၊ ခုနစ်နာရီ ခွဲရင် အဖေအိပ်ပြီ ၊ မင်း ဘာမှ ပူမနေနဲ့  ၊ မောင်း ... ကျုံးဖက်ကို ပြန်မောင်း ” 


“ ကျွန်တော် သောက်လို့ မကောင်းဘူးထင်တယ် ” 


“ ဟာ ... ဘာဆိုင်လဲကွ ၊ ငါတိုက်တဲ့ ဟာကို ”   


“ ဘကြီး သိသွားရင် မကောင်းဘူး ” 


“ အမယ်လေး မသိပါဘူးကွာ ၊ ငါ သောက်လာတာပဲ ကြာ .... ကြာလှပြီ ” 


“ ကျွန်တော်တော့ မသောက်ဘူး ၊ ကိုကာလာ ... ” 


“ ဟကောင်ရ ၊ မင်းဘယ့်နှယ် ဖြစ်နေတာလဲ ၊ ငါ တာဝန်ယူပါတယ် ဆိုနေ ” 


ကျွန်တော် သောက်လို့ မဖြစ်ဘူး ။ အဖေတို့ သိရင် ပြဿနာတက်မယ် ။ ကျွန်တော့်ကို အမေ ကလည်း သေသေချာချာ မှာ လိုက်တယ် ။ ဘာသံမှ မကြားချင်ဘူးတဲ့ ။ ခင်မေနွယ်ရဲ့ အမေနဲ့ အတူ သူ လိုက်လာမယ်တဲ့ ။ ဘာသံဆို ဘာသံမှ မကြားချင်ဘူးတဲ့ ။ ရာဇသံက အထပ်ထပ်နဲ့ မှာလိုက်တာမို့ သောက်လို့ မဖြစ်ဘူး ။


ဆိုင်ထဲ ရောက်တော့ ကိုကာလာက အသားကင်နဲ့ ဘီယာတစ်ဂျားမှာ လိုက်တော့ ကျွန်တော် ထိတ်ကနဲ ဖြစ်သွားတယ် ။ ဒီလူတော့ ဇွတ်လုပ်တော့မယ်လို့ တွေးပြီး ဘယ်လို ငြင်းရမလဲ စဉ်းစားတယ် ။ ကျွန်တော် သူ့ကို စကားတောင် မပြောချင်တော့ဘူး ။ ကျွန်တော့် အခက်အခဲကို ဖွင့်ပြောလိုက်လို့လည်း မဖြစ်ဘူး ။ ပုရိသ ဂုဏ်သိက္ခာ အရ ကောင်မလေး တစ်ယောက်ကြောင့် မစားမသောက်တော့ဘူး ဆိုတာ ဖွင့်မပြောချင်ဘူး ။ ပြောရင်းဆိုရင်း ဘီယာခွက်က ကျွန်တော့် ရှေ့မှောက် ရောက်လို့ လာချေပြီ ။


“ ကဲ ... ရော့ ... ချကွာ ၊ ဟေ့ ... ညီလေး မီးခြစ်လုပ်ပါဦး ” 


ကိုကာလာ က ခွက်ချင်း တိုက်လိုက်ပြီး စားပွဲထိုးလေး ကိုလည်း မီးခြစ်လှမ်းတောင်းပါတယ် ။ “ ကျွန်တော် မသောက်ဘူး ၊ လုံးဝ မသောက်ဘူး ” လို့ စိတ်ထဲက ငြင်းနေဆဲ ၊ ဖျတ်ကနဲ ဘီယာခွက်ကို ကိုင်လိုက်မိတယ် ။ ကိုကာလာက တစ်ကျိုက် မော့ပြီးသွားပြီ ။ သူ့နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပါတယ် ။


“ ခင်ဗျားကို အားနာလို့ ဗျာ ၊ ကဲ ... ဒီတစ်ခွက်ပဲနော် ” 


ကျွန်တော် ဘာမှ မစဉ်းစားတော့ဘဲ မော့လိုက်ရပါပြီ ။ ရင်ထဲကို ပူရင်း အေးရင်း ဆင်းသွားတဲ့ ဘီယာအသံက ပျော်ပျော်ကြီး ခုန်ပေါက် ဝင်သွားပါတယ် ။ ဘီယာ ဝင်သွားပြီ ဆိုတာနဲ့ နှစ်ရက်ကျော်ကျော် ဖြတ်ထားတဲ့ ဆေးလိပ်က ရှေ့မှာ အခစားဝင်နေပြီ ။ ကျွန်တော်က ဒီလိုပဲ ကိုယ့်စိတ်ကို ကိုယ် သိပ်နိုင်တာမှ မဟုတ်တာ ။ ဒီလိုနဲ့ ကိုကာလာ မှာသမျှ သောက်ဖြစ် စားဖြစ်ပါတော့တယ် ။


“ ငါတို့ မြို့ကြီး မီးလောင်တော့ ငါ မန္တလေးတောင်ပေါ်ကို ရောက်နေတယ် ၊ တော်တော် ကြေကွဲ စရာကောင်းတဲ့ မြင်ကွင်းပေါ့ကွာ ” 

 

ကျွန်တော်က ကြက်ကင် စားနေရင်း ခေါင်းညိတ်နေပါတယ် ။


“ အဲဒီထဲမှာ “ ကြည့်လို့ ကောင်းလိုက်တာကွာ ” လို့ ပြောတဲ့ လူက  ရှိသေးတယ် ၊ တော်တော် အသုံးမကျတဲ့ ပါးစပ် ၊ ငါ ဆွဲထိုးချင်စိတ်တောင် ဖြစ်တယ်“ 


အင်း ... ဟုတ်တာပေါ့ ။ မြို့ကြီး တစ်မြို့ မီးလောင်နေတာကို တောင်ပေါ်က လှမ်းကြည့်ပြီး “ လှလိုက်တာကွာ ” လို့ ပြောတာတော့ ဟန်မကျ ဘူးပေါ့ဗျာ ။ တကယ်ဆို ရင်ထဲမှာ မျိုသိပ် ထားသင့်တာပေါ့ ။ မှန်တာ ပြောရရင် ညနေက မန္တလေးတောင်ပေါ် ကနေ လှမ်းကြည့်ရင်း မန္တလေးမြို့ကြီး မီးလောင်စဉ်က အဖြစ်ကို စိတ်ကူးနဲ့ တွေးမိသေးတယ် ။ ထုတ်ပြောလို့ မကောင်းလို့ မပြောတော့ပါဘူး ။


“ ကုန်သွားပြီ ငမိုးရေ ၊ ကုန်သွားပြီ ၊ အဲဒီ မန္တလေးမီးကြီး ထဲမှာ ရွှေခြေချင်းယဉ်ကျေးမှု ပါသွားပြီကွ ၊ ငါ သိပ် ... နှမြောတယ်ကွာ ”   


သူက ဘီယာခွက်ကို စကားဆုံးတာနဲ့ ကောက်မော့ပြီး မနားတမ်း မျိုချနေပါတယ် ။ ပြီးတော့မှ ...


“ ဟုတ်တယ် ၊ အဟမ်း ... ဘယ်တော့မှ ပြန်မရတော့ဘူး ၊ ရွှေခြေချင်း ယဉ်ကျေးမှုဟာ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ” 


“ ဒါပေါ့ဗျာ ” 


ကျွန်တော် သူ့ကို ကြည့်ပြီး သူ့ ခံစားချက်ကို နားမလည်ပေမယ့် အလိုက်သင့် ဖြီးရပါတယ် ။


“ ငါတို့ မန္တလေးသားတွေ ဘယ်လောက် အခံရ ခက်လဲ မင်းသိလား ၊ မန္တလေးသူတွေ ကတ္တီပါဖိနပ်နဲ့ ရွှေခြေချင်းကို မေ့နေကြပြီကွ ၊ ဖွဒ်ချိန်း တွေ ဝတ်လာပြီ ၊ စကတ်ထမီတွေဝတ် လာပြီ ။ ဘောင်းဘီ ကြပ်ကြပ်တွေ ဝတ်လာပြီ ၊ အဲဒါ မင်းတို့ အောက်ပြည်က စရိုက်တွေ ၊ ငါ ရင်နာတယ်ကွာ ” 


ဟား ... ဟ ၊ သူက တိုက်ပွဲ စပြီကိုး ၊ ဘယ်ရမလဲဗျာ ၊ ကိုယ့်မြို့တော်ကို ကာကွယ်တဲ့ နေရာမှာ ကျွန်တော်တို့ က ပါးနပ်ပြီးသားပါ ။ 


“ ဒါတော့ ခင်ဗျား အထင် လွဲနေပြီ ၊ ရန်ကုန်မှာ ခေတ်ဆန်တာ ၊ ဘောင်းဘီဝတ်တာ ၊ ဟိုး ပဝေသဏီ တည်းက ဝတ်တာပါ ။ ခင်ဗျား စကားပုံတစ်ခုကို မေ့နေပြီထင်တယ် ” 


( တရုတ်က ဖိ ရှမ်းက အိ ရှိသည့် ဗမာ အနောက်မှာ တဲ့ )


ကျွန်တော် ဘေးမှာ ရှိတဲ့ သုံးလေးဝိုင်းကို အကဲခတ်ပြီး ပြောလိုက်ရတယ် ။ ဘေးနားမှာ ရှမ်းတရုတ်တွေ ချည်းပဲလေ ။ ကျွန်တော်နဲ့ သူနဲ့ စကားစစ်ထိုးတာမှာ မဆိုင်တဲ့ သူတွေ ပါကုန်ရင် ပြဿနာ တက်မယ် ။ ဒါကတော့ ကျွန်တော် လန့်တယ် ။ ဘီယာမူးပြီး မျိုးချစ်စိတ် ပြလို့ ဘယ်ဖြစ်မှာ လဲ ။ ကိုယ့်ပါးစပ်ကို ကိုယ် ဆင်ခြင်ရတယ် ။


“ မင်းဘာတွေ လျှောက်ပြော နေတာလဲ ၊ အဲဒါ အင်းဝခေတ်တုန်းက ပေါ်လာတဲ့ တဘောင် ပါကွာ ၊ အခုခေတ်ကို ပြောတာ မဟုတ်ဘူး ၊ အလကား လျှောက်ပြော နေတယ် ။ ဒီလို ပြောကြေးဆို မင်းတို့ ရန်ကုန်မှာလ ည်း ပြောစရာ အများကြီး ၊ ရန်ကုန်သား စစ်စစ် ဆိုတာ ဘယ်မှာလဲ ၊ နယ်က လူတွေ လာ အခြေချရင်း မင်းတို့ လူ ဖြစ်လာတာပါကွာ ၊ ဟုတ်ဘူးလား ” 


“ ဒါတော့ ဒါပေါ့ဗျာ ၊ အခု ကျွန်တော်တို့ လက်ထက်မှာ မြို့တော်ဖွားချင်း ယူကုန်ကြပြီပဲ ၊ အရင်လို မဟုတ်တော့ဘူးဗျ ။ ပြီးတော့ ရီရယ်စီတီစင် သဘောပေါ့ဗျာ ၊ အဟွန်း ” 


မူးကုန်ပြီဗျို့ ။ ကျွန်တော် ကလည်း လူတစ်မျိုး ။ ဘီယာလေးမူး လာပြီဆိုရင် အင်္ဂလိပ်စကားလေး ညှပ်ညှပ် ပြောချင်တယ် မဟုတ်လား ။ ကိုယ့် မြို့တော်အကြောင်း ပြောရတဲ့ အခါ ကာဠုဌာလီလောက် ဘဝင် မြင့်ထားမိတာကိုး ။


“ ခင်ဗျားလည်း သိတဲ့ အတိုင်းပဲလေ ၊ ကျွန်တော်တို့က ဘယ်မြို့ဘယ်ရွာ ရောက်ရောက် ကိုယ့်စတိုင်နဲ့ ကိုယ် နေသားကျနေပြီ ၊ အတုခိုးစရာ မလိုဘူးဗျ ၊ စတိုင် ရှိတယ် ” 


“ စတိုင် ... ဟားဟ .. ဟားဟ ... ဘာစတိုင်လဲ ၊ ဟားစတိုင်လား ” 


“ ဒါတော့ ခင်ဗျား ထင်လို့ ပါ ၊ “ ကက်ပီတယ်စတိုင် ”   ကို ခင်ဗျား သဘော မပေါက်လို့ပါ ” 


“ ငါကလည်း ကြွားတာဆို သိပ်မုန်းတတ်တဲ့ ကောင် ” 


တွေ့လား ၊ ပြောလို့ ဆိုလို့ ရှုံးရိပ်မြင်ပြီ ဆိုရင် မုန်းစကား ဆိုချင်တာ သဘာဝပဲလေ ။ ရန်ကုန်သား ဆိုတာ ကြွားမှာပဲဗျ ။ ဒါကို မုန်းတယ်ဆိုရင် ဘာတတ်နိုင်မှာလဲ ။ ကျွန်တော် ညှပ်ညှပ် ပြောတဲ့ အင်္ဂလိပ်ဝေါဟာရတွေ က သူ့ကို အသည်းနာစေမှာ ကိုး ။ တစ်ယောက်နဲ့ တစ်ယောက် သူ့မြို့တော် ကိုယ့်မြို့တော် အကြောင်း စကားရည်လုတဲ့ အခါ နိုင်ဖို့ က အဓိကပဲလေ ။ အင်္ဂလိပ်စကားပဲ ညှပ်ပြောပြော ၊ ပြင်သစ်စကားပဲ ညှပ်ပြောပြော ပြောတဲ့ အခါ ဟန်နဲ့ ပန်နဲ့ ပြောတတ်ဖို့ က လိုတယ် မဟုတ်လား ။


“ ဒီမှာ ငမိုး ၊ လူ့သမိုင်း ဆိုတာ ရာဇဝင်မှာ ပြန်ကြည့်ရတယ်ကွ ၊ ငါတို့ က ပုဂံခေတ် ကတည်းက အမျိုးမာန် ၊ ဇာတိမာန် နဲ့ နေလာကြတာ ။ အုတ်ရောရော ၊ ကျောက်ရောရော မဟုတ်ဘူး ကွ ၊ ဒါကိုတော့ မင်းမမေ့နဲ့ ဦး နော် ” 


“ မမေ့ပါဘူး ကိုကာလာ ၊ ကျွန်တော် ဘယ်မေ့မလဲဗျာ ၊ ခင်ဗျားက ပုဂံရာဇဝင်ကို ထည့်ပြောတော့ ကျွန်တော်လည်း ဥဿပဲခူး သစ္စာဖောက် ခံရတာကို ပြောရဦးမှာ ပေါ့ ။ ရာဇဝင်မှာ ခင်ဗျားတို့က ပုဂံ ဆိုရင် ကောင်းတာချည်း မြင်နေတာကိုး ။ စောလူးမင်း သစ္စာမရှိလို့ ပဲခူးမြို့စား နေရာမှာ ငရမန် ကို ထားတာ မဟုတ်လား ။ မဏိစန္ဒာ တစ်ယောက်လုံး မျက်နှာကိုတောင် ထောက်ခဲ့လို့ လား ။ တိုင်းပြည် တစ်ပြည်ကြေး ကြွေအံကစားတာ စောလူးမင်းပဲ မဟုတ်လား ၊ ကဲ .. ခင်ဗျား ပြောပါဦး ” 


“ အဲဒါ ငါးခုံးမကွ ၊ မင်း ဒီလို ကပ်ဖဲ့ယပ်ဖဲ့ မပြောနဲ့ ”  


“ ဒါဆို သီပေါမင်းနဲ့ ဒိုင်းခင်ခင် ကိစ္စ ကျတော့ရော ” 


“ ဒါတော့ကွာ ၊ ရှင်ဘုရင် ဆိုတာ သူ့မယားဘက် ခပ်ပါပါ ဖြစ်မိတာနေမှာ ပေါ့ ၊ ဟင်း .. ဟင်း ” 

 

“ ဟာ .. ကနောင်မင်းသားကြီး ကျဆုံးခဲ့တာ ရန်ကုန်မှာ လားဗျာ ၊ ကဲ ” 


“ ထားပါတော့ ၊ မင်းတို့ ဆီမှာ ကာရာအိုကေတွေ ၊ နိုက်ကလပ်တွေသိပ်များ တာကျတော့ရော ” 


“ ကက်ပီတယ်စတိုင်ပဲဗျ ။ မရှိလို့ မရဘူး ” 


“ တော်စမ်းကွာ ၊ လျှောက်ပြော မနေနဲ့ ” 


သူက စုတ်တစ်ချက် သပ်လိုက်ပြီး ခွက်ထဲက လက်ကျန်ဘီယာကို မော့ချလိုက်ပါတယ် ။ ကျွန်တော်လည်း ဘာမှ ဆက်မပြောတော့ဘူး ။ လူကလည်း မူးနေပြီဗျ ။ မူးတာလည်း မပြောနဲ့ လေ ၊ ဘီယာက နှစ်ဂျာတောင် ကုန်တော့မှာကိုး ။


 ▢ မာန် ( တောင်လုံးပြန် )

📖မြို့ဂျပိုး

No comments:

Post a Comment