Saturday, October 4, 2025

ရပါတယ် ဖေဖေ


 ❝ ရပါတယ် ဖေဖေ ❞

      ( မောင်ကိုယု )


ကိုရင်မောင် အဖို့တော့ ကမ္ဘာကြီး တစ်ခုလုံး ပြိုကျပျက်စီး သွားသကဲ့သို့ ခံစားလိုက်ရ၏ ။


••••• ••••• •••••


မနက် ကျောင်းသွားခါနီး လွယ်အိတ် လွယ်လျက်သားအငယ်ဆုံး မောင်ညီထွေး သည် ကိုရင်မောင် ရှေ့တွင် မဝံမရဲ လာရပ်သည် ။ သူ့ လက်ထဲ၌ ပိုက်ဆံအကြွေများ ၊ ကျပ်တန် အနွမ်းများ ဆုပ်ကိုင်လျက်တွေ့ရ၏ ။


ကိုရင်မောင်သည် ပက်လက်ကု,လားထိုင်ပေါ်တွင် ဆေးပေါ့လိပ် မှိန်းနေရာမှ သားတော်မောင်ကို မော့ကြည့် လိုက်သည် ။


“ ဖေဖေ ညနေ ကျရင် ကြက်ဥခေါက်ဆွဲ တစ်ထုပ် ဝယ်ပေးပါ ”


“ မောင်ညီထွေးက ပြောပြောဆိုဆိုဖြင့် လက်ထဲတွင် ဆုပ်ကိုင်ထားသော ပိုက်ဆံများကို လှမ်းပေးသည် ။


“ ဘာကိစ္စလဲ သားရဲ့ ”


“ ကိုကိုတို့ကို သား ခေါက်ဆွဲ ကျွေးချင်လို့ ”


ကိုရင်မောင်သည် တံခါးပေါက်ဝတွင် လွယ်အိတ်များ ကိုယ်စီ လွယ်၍ ပြုံးစိစိနှင့် ရပ်စောင့် နေကြသော သားအကြီး နှစ်ယောက် နှင့် သမီးလတ် တို့ကို တစ်ချက် ဝေ့ကြည့်လိုက်သည် ။


“ နေစမ်းပါဦး ၊ သားက ဘာဖြစ်လို့ ကိုကိုတို့ကို ကျွေးမှာတုန်း ” 


“ ဟို ဟို ဟိုလေ ၊ သူတို့က သား မွေးနေ့အတွက် လက်ဆောင်တွေ ဝယ်ပေးကြတယ် ၊ သားက ပြန်ကျွေးရမှာပေါ့ ”


“ ဟ ... တယ်ဟုတ်ပါလား ”


ကိုရင်မောင်သည် အံ့ဩတကြီး ဖြစ်သွားသည် ။ မီးဖိုခန်းဝတွင် ရပ်ကြည့်နေသော မမယ်မကို လှမ်း ကြည့်မိ၏ ။ တစ်ဆက်တည်း တွင် နံရံ၌ ချိတ်ဆွဲထားသော ပြက္ခဒိန်ကို မော့ကြည့်လိုက်မိ၏ ။ 


“ ဟုတ်သားပဲ ၊ ဒီနေ့ ငါ့ သားရဲ့ ရှစ်နှစ်မြောက် မွေးနေ့ ပဲ ၊ ကြည့်စမ်း ၊ ဖေဖေတို့တောင် မေ့နေတယ် ၊ နို့ နေပါဦး ၊ ကိုကိုတို့က သားကို ဘာပေးကြသလဲ ၊ သား ကရော ဘယ်က ရတဲ့ ပိုက်ဆံနဲ့ ခေါက်ဆွဲ ဝယ်ကျွေးမှာတုန်း ”



“ ကိုကိုမောင်က ခဲတံချွန်စက် ဝယ်ပေးတယ် ၊ ကိုကိုငယ်က ဂျင် ဝယ်ပေးတယ် ၊ မမယု ကတော့ မွေးနေ့ပီကယ် တစ်ထုပ် ဝယ်ပေးတယ် ၊ သားက ဟို အကြာကြီး ကတည်းက မုန့်ဖိုးတွေ မစားဘဲ စုထားလို့ အခု ကိုးကျပ်ကျော်ကျော် ရပြီ ၊ အဲဒါ ခေါက်ဆွဲဖိုး လောက်တယ် မဟုတ်လားဟင် ”


ကိုရင်မောင်က ပြုံး၍ ခေါင်း ကို အသာ ညိတ်လိုက်ပြီး သားတော်မောင် ကမ်းပေးသော ပိုက်ဆံများကို လှမ်းယူလိုက်သည် ။


မောင်ညီထွေးသည် ပျော်ရွှင်မြူးထူးသော ဟန်ဖြင့် လှည့်ထွက်သွားတော့သည် ။


••••• ••••• •••••


မမယ်မက မပြုံးမရယ် မျက်နှာသေဖြင့် မီးဖိုခန်းသို့ ပြန် ဝင်သွားပြီး ရေစင်တွင် ပန်းကန်များကို ဆေးကြော နေသည် ။


ကိုရင်မောင်သည် ပက်လက်ကု,လားထိုင်မှ ထကာ လက် ထဲမှ အကြွေထုပ်ကို စားပွဲ ပေါ်  လှမ်းတင်လိုက်၏ ။ ထို့နောက် မီးဖိုခန်း တွင် အဓိပ္ပါယ် မရှိ ငူငူကြီး ရပ်နေသည် ။


“ ဒီနေ့ သားအတွက် သစ်သီးဆွမ်းအရုဏ်ကပ်တယ် ၊ ဘုရားမှာ ဆီမီးသက်စေ့ စထွန်းတယ် ”


မမယ်မက ပန်းကန်ဆေးနေရာမှ လှမ်းပြောလိုက်သည် ။


“ မိန်းမကမှ သိတတ်သေးပါလား ၊ သူ စွမ်းသမျှလေးတော့ ကြိုးစားပြီး လုပ်လိုက်သေးတာပဲ ” ဟု ကိုရင်မောင် က တွေးမိ၏ ။ ကိုယ် ကိုယ်တိုင် ကတော့

ကလေးများ၏ မွေးနေ့မွေးရက်ကို သတိမထားမိသည်မှာ ကြာပါပြီကော ဟု အပြစ်ရှိသော စိတ်ဖြင့် ရှက်မိ၏ ။


အရင်တုန်းက ဆိုလျှင် ဤသို့ မဟုတ်ပါ ။ သားအကြီး တုန်း ကဆိုလျှင် တစ်နှစ်ပြည့်သည် နှင့် မွေးနေ့မင်္ဂလာပွဲကို သူတို့ ပြုလုပ်နိုင်ခဲ့ကြသည် ။ ရပ်ဆွေရပ်မျိုးများ ၊ မိတ်ဆွေများကို ဖိတ်စာ ကမ်းပြီး မုန့်ဟင်းခါး ကျွေးခဲ့ကြ၏ ။ ထိုစဉ်က နားမလည်ရှာသေးသော တစ်နှစ်သား အရွယ် သားကြီး ပတ်လည်တွင် ကစားစရာ လက်ဆောင်များ ဝေဆာလျက် ရှိသည်ကို ယခု ပြန်မြင်ယောင်မိသည် ။ နောက် ကလေးများ လက်ထက်တွင်တော့ ဤသို့ မလုပ်နိုင်တော့ရုံသာမကသေး ၊ မွေးနေ့များကိုပင် မှတ် မထားနိုင်တော့ပေ ။


အမေ လုပ်သူကတော့ သားသမီး ကိုယ်စီ၏ မွေးနေ့တိုင်း ဘုရားမှာ တတ်အား သရွေ့ ဆွမ်းကပ် လှူဒါန်းကာ ကုသိုလ် ပြုရှာပါသည် ။


ကိုရင်မောင်သည် ဧည်ခန်း ရှိ ဘုရားစင်ကို ငဲ့စောင်း၍  ကြည့်လိုက်၏ ။ 


“ အေးကွာ ”


ထိုမျှသာ ပြောပြီး ကိုရင်မောင်က စားပွဲပေါ် တင်ထားသော ပိုက်ဆံအကြွေများကို သွား၍ ရေကြည့် လိုက်သည် ။ အားလုံး စုစုပေါင်း ကိုးကျပ်နှင့် လေး ဆယ့်ငါးပြား ဖြစ်၏ ။


သားငယ် မောင်ညီထွေး သည် ဤမျှလောက်သော ငွေ ကို မည်မျှ ကြာအောင် မုန့် အငတ်ခံ၍ စုခဲ့ပါသနည်းဟု တွေးကြည့်ရင်း ရင်ထဲတွင် နာ လာသည် ။ သူ ရသော တစ်နေ့ မုန့်ဖိုးမှာ နှစ်ဆယ့်ငါးပြားသာ ဖြစ်သည် ။ နေ့စဉ် ရသမျှ မုန့်ဖိုးကို ရက်ဆက် မစားမသောက် စု တောင်မှ တစ်လ ကျော်ကျော် စုရမည် ဖြစ်လေသည် ။ အစ်ကို အစ်မများကလည်း သူတို့ မုန်ဖိုးထဲမှ ညီထွေး အတွက် သိတတ်စွာ မှတ်မှတ်ရရ ဝယ်ပေးကြရှာ၏ ။ ချီးကျူးပါ၏ ။ ကဲ့ရဲ့စရာမှာ မိမိ ကိုယ်ကိုသာ ဖြစ်ပါသည် ။ ဤသို့ ကဲ့ရဲ့စရာ ဖြစ်ရသည့် အကြောင်းရင်းကို ဆင်ခြေ ပေး၍ ရှာဖွေလျှင် ရနိုင်ကောင်းပါ၏ ။ သို့သော် မပေးလိုပါ ။


••••• ••••• •••••


ဆရာ ကိုရင်မောင်သည် ညနေ ကျောင်းဆင်းသည်နှင့် တစ်ပြိုင်နက် လသာလမ်း ခေါက်ဆွဲဆိုင်သို့ အပြေးအလွှား သွားလေသည် ။ ဆယ့်ငါးကျပ်တန် ခေါက်ဆွဲ တစ်ထုပ်မှာ ကလေးများ အတွက် ဝေမျှ စားလောက်ရုံသာ ရှိပေမည် ။ ညီထွေး ပေးလိုက်သော ပိုက်ဆံက ကိုးကျပ်နှင့် လေးဆယ့်ငါးပြား ဆိုတော့ မိမိ မည်မျှ စိုက်သည်ကို လမ်းလျှောက်ရင်း တွက်ကြည့်လာသည် ။


လကုန်ရက် နီးပြီမို့ အိတ်ထဲ၌ ငွေ ကလည်း တစ်ဆယ်နီးပါး မျှသာ ကျန်တော့၏ ။ ဘတ်စ်ကားခ နှင့် ဆေးလိပ်ဖိုး ကျန်လျှင် တော်ပြီ ။ နေ့စဉ် သောက်နေကျ လက်ဖက်ရည်ကိုတော့ မသောက်ဘဲ အငတ်နေလိုက်မည်ဟု ဆုံးဖြတ်လိုက်၏ ။


ခေါက်ဆွဲဆိုင်မှ ထွက်လာသောအခါ မှောင်ရီသမ်းနေပြီ ဖြစ်၏ ။ ကလေးများ မျှော်နေရှာရော့မည်ကို တွေးကြည့်ရင်း ဘုရားလမ်း ကားမှတ်တိုင်သို့ လက်ထဲ တွင် အရေးအကြီးဆုံး ဖြစ်သည့် ခေါက်ဆွဲထုပ်ကို မြဲစွာ ဆွဲလျက် အပြေးအလွှား လာခဲ့ရသည် ။


မှတ်တိုင်တွင် လူများ အုံလျက်ရှိ၏ ။ ခါတိုင်းဆိုလျှင် စိတ်ရှည်လက်ရှည် စောင့်ကာ ထိုင်စရာနေရာ ရလောက်မှ လှမ်းတက်စမြဲ ဖြစ်သော်လည်း ယနေ့ အဖို့ အိမ်ကို တတ်နိုင်သမျှ စောစော ရောက်မှ ဖြစ်ပေမည် ။


ထို့ကြောင့် ပထမဦးဆုံး ရောက်လာသော ခုနှစ်ကား ကို လူပြည့်ကျပ်နေသည့် ကြားမှ အတင်း တိုးဝှေ့တက်လိုက်၏ ။ ခေါက်ဆွဲထုပ်ကိုတော့ ရင်ခွင်ပိုက် မထားရုံ တမည် လုံခြုံစွာ အကာအကွယ် ပြု၍ ကိုင်လာရ၏ ။


အိမ်ရောက်လျှင် ကလေးများ ဝိုင်း၍ ပလုတ်ပလောင်း ခေါက်ဆွဲများ စားနေကြမည် ကို မြင်မိရင်း စိတ်ထဲတွင် ပီတိ ဖြစ်လျက် တစ်လမ်းလုံး မတ်တတ်ရပ် လိုက်လာရသည်ကိုပင် ငြိုငြင်ဆင်းရဲခြင်း မဖြစ်မိပေ ။ 


ဂွတ္တလစ်ဈေး မှတ်တိုင်ကျော်ပြီး ရန်ကင်းလမ်းမပေါ် ရောက်မှ မိမိ ဆင်းရတော့မည်ကို သတိရလာ၏ ။ အပေါက်ဝ၌ လူများ ပြည့်ကျပ်လျက် ရှိ၏ ။ ကိုရင်မောင်က အလယ်ရောက်နေ၏ ။ တတ်နိုင်သမျှ တိုးရင်းဝှေ့ရင်း အပေါက်ဝနားရောက်အောင် ရွှေ့လာရသည် ။ ဆယ့်နှစ်လုံးတန်း မှတ်တိုင်ကို ကားဆိုက်လိုက် ရာ ကိုရင်မောင်သည် ဘေးသို့ ယိုင်သွား၏ ။ ကမန်းကတန်း ခေါက်ဆွဲထုပ် ကို မထိခိုက်အောင် ထိန်း ကိုင်လိုက်ရသည် ။ အဆင်းတွင် အကျပ်အတည်း တွေ့ တော့သည် ။ လူတိုင်းက အောက်ကို အရင်ရောက်လို သဖြင့် အလုအယက် ဆင်း ကြရာ အပေါက်ဝတွင် တစ်ဆို့နေတော့သည် ။ စပယ်ယာ ကလည်း အသံပြဲနှင့် အော်နေသည် ။ ကိုရင်မောင်က ဒုတိယလှေကား အဆင့်သို့ ရောက်နေပြီး နောက်တစ်လှမ်း ဆင်းလိုက်လျှင် ပလက်ဖောင်းပေါ် သို့ ရောက်တော့မည် ဖြစ်၏ ။ တစ်ဘက် မှ ကားတံခါးပေါက်ကို ကိုင်ရင်း လှမ်းဆင်းမည် အပြုတွင် နောက်ဘက်မှ အသက် ငါးဆယ်ကျော် အရွယ်ရှိ မိန်းမခပ်ဝဝ တစ်ယောက် သည် ဈေးခြင်းတောင်း တစ်ဘက်ဖြင့် ကိုရင်မောင်ကို ကိုယ်ချင်းတိုက်ကာ ကျော်ဆင်းလိုက်ရာ ကိုရင်မောင်၏ ညာလက်တွင် ဆွဲကိုင်ထားသော ခေါက်ဆွဲထုပ်ကို သူ ၏ ဈေးခြင်းတောင်းနှင့် ရိုက်မိသွားတော့၏ ။ တုပ်ချည် ထားသော နှီးကြိုးမှာ ပြေကျ သွားပြီး ပလက်ဖောင်း ပေါ် ၌ ခေါက်ဆွဲများ ပြန့်ကျဲသွားကြ၏ ။ ကားက လိမ့်ထွက်သွားပြီ ဖြစ်၏ ။ မိန်းမကြီး သည် ကိုရင်မောင့် လက်မှ ခေါက်ဆွဲထုပ် ပြုတ်ကျသွားသည်ကိုလည်း မမြင်မိ ၊ ရှေ့ လောကြီးနှင့် ဆင်းပြီး သုတ်သုတ်ပျာပျာ ဟိုဘက် သို့ ကူးသွားပြီဖြစ်၏ ။ ကိုရင်မောင့် ဖြစ်အင်ကို မြင်မိသွားသော ဘေးလူ အချို့က စောင်းငဲ့၍ ကြည့်ပြီး တစ်ချို့က ပြုံးသွားကြသည် ။


“ နှမြောစရာဟယ် ”


ကွမ်းယာဆိုင်နားက ဘယာကြော်သည်ကမူ လှမ်း၍ ကရုဏာသက်လိုက်ရှာပါသည် ။


ကိုရင်မောင်သည် နှီးကြိုးတန်းလန်းကို လက်တွင် ကိုင်လျက် မိမိ ခြေရင်းတွင် ပြန့်ကျဲလျက် ရှိသော ခေါက်ဆွဲများကို ငေးငိုင်၍ ကြည့် နေကာ ကြောင်၍ ရပ်နေသည် ။ သူ့ အဖို့တော့ ကမ္ဘာကြီး ရုတ်တရက်ပျက်စီး ပြိုကျသွားသည်ကို မြင်ရသလို ခံစားမိလိုက်၏ ။


သတိရ၍ တိုက်ချသွားသော တရားခံမိန်းမကြီးကို လှမ်း ကြည့်လိုက်ရာ လမ်းဟိုဘက် သို့ ရောက်သွားပြီး ဆယ်နှစ်လုံးတန်းထဲ ချိုးဝင် ကွယ်ပျောက်သွားတော့သည် ။


မည်သို့ လုပ်ရပါမည်နည်း ။ ထို မိန်းမကြီးဆီ သွား၍ ရန်တွေ့ရမည်လော ၊ အလျော် တောင်းရမည်လော ၊ ဤသို့လည်း မဖြစ်နိုင်ပေ ။ လိုက်၍ မီသည်ထားဦး ၊ အကျိုးအကြောင်း ပြောပြ၍ သူက ငြင်းလျှင် မိမိပင် အရူး ဖြစ်တော့မည် ။ ဘယ် တိုက်ခန်းတွင် နေသည်မှန်း လည်း မသိချေ ။


အိတ်ထဲတွင်လည်း ငွေနှစ်ကျပ် ကျော်ကျော်သာ ကျန်၍ သုံးကျပ်ပင် မပြည့်ပေ ။ ဤငွေမျှနှင့် ခေါက်ဆွဲထုပ် ဝယ်၍ မဖြစ်နိုင်ပါ ။ သာမန် ခေါက်ဆွဲထုပ် တစ်ထုပ်ပင် ငါးကျပ် ပေးရသည် ။


ကိုရင်မောင်  သည် ယောင်ချာချာ ဖြင့် လက်ထဲမှ နှီးကြိုး ကို ဆောင့်ကြီးအောင့်ကြီး လွှင့်ပစ်လိုက်သည် ။ ထို့နောက် မိမိ တိုက်ခန်း ရှိရာသို့ ခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားပါသည် ။


  ••••• ••••• ••••• 


တန်းစီ၍ ငံ့မျှော်နေသော မျက်လုံးတို့ဖြင့် မိမိအား ကြည့်နေကြသော ကလေးများ ကို ငေးကြည့်ကာ ကိုရင်မောင်သည် အခန်းဝ၌ မတုန်မလှုပ် ရပ်နေမိသည် ။ 


“ ဖေဖေ သားမှာတာ ပါလား ဟင် ” 


ညီထွေး ၏ မျှော်လင့်တကြီး မေးလိုက်သံကြားမှ ကိုရင်မောင် အသက်ဝင်လာသည် ။


“ သား ”


ကိုရင်မောင် သည် ရုတ်တရက် ပြောမထွက်အောင် ဖြစ်နေသည် ။ 


“ ဘတ်စ်ကား အဆင်းမှာ သား ခေါက်ဆွဲထုပ် ပြုတ်ကျ သွားတယ် ” 


ကိုရင်မောင့် အသံက တုန်ယင်နေသည် ။


“ ဟယ် ”


ကလေးများထံမှ အာမေဍိတ်သံနှင့် စိတ်ပျက်သံများ ရော၍ ပြိုင်တူထွက်လာကြသည် ။


ကိုရင်မောင် မျက်နှာငယ်လေးနှင့် သူ့အား မော်ကြည့်နေသော ညီထွေးကို စူးစိုက် ကြည့်လိုက်ရာ မျက်လုံးများ ဝါး၍ နေသည် ။


“ ခွင့်လွှတ်ပါ သားရယ် ၊ ဖေဖေ အစားလျော်ပေးပါ့မယ် ”


ကိုရင်မောင်သည် ပြောပြောဆိုဆို ညီထွေး ရှေ့မှာ ဒူးတစ်ဖက်ထောက်နှင့် ထိုင်ချ လိုက်ရင်း သားကို လှမ်းဖက်လိုက်၏ ။


“ ရပါတယ် ဖေဖေ ၊ သား ပြန် စုမှာပေါ့ ”


ညီထွေး က ကိုရင်မောင်၏ ပခုံးကို လှမ်းကိုင်ရင်း အသံတုန်လေးနှင့် ပြောလာသည် ။


ကိုရင်မောင်သည် သားငယ် ကို ပွေ့ဖက်၍ မျက်နှာကို သား ရင်ပေါ် တွင် အပ်လိုက်ကာ တစ်ချက်ရှိုက် လိုက်မိသည် ။


ဤတော့မှသာ ကိုရင်မောင် ၏ မျက်လုံးထဲမှ မျက်ရည်ပူတို့ အန်ကျထွက်လာလေတော့သည် ။


မောင်ကိုယု

သည်းဦးပန်း မဂ္ဂဇင်း

၁၉၇၅ ခု ၊ မေလ 

No comments:

Post a Comment