❝ ကာရာအိုကေညချမ်း ❞
( ဝင်းစည်သူ )
“ ပဉ္စင်ပြအိုး × × × မြို့ရိုးကျုံးပတ်လည် × × × မှတ်သားစရာ တံခါးဆယ့်နှစ်ရပ် × × × လေးဆယ့်ရှစ်ပြာသာဒ်ရံသည် ရွှေဘုံရွှေနန်း ရွှေကြငှန်းစုံညီ × × × ပလ္လင်တော် ရှစ်ခန်း တင့်ဆန်းပေသည် × × × ဘမရာသနဆီ × × × သမ္ဘာကြွချီ × × × ဘာသာ သာသနာ အရောင်ထွန်း ပြောင်ရွှန်းခဲ့သည် × × × ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက် သည် × × × ထူးမြတ်ပါတဲ့ ဘူမိမှန်သည် × × × ရွှေပြည်ဌာန သာစွ မင်္ဂလာအတည် ”
သူ့မြို့သူ မြို့သားများသည် ဆရာလင်းခေး ရေး၍ မာမာအေး သီဆိုသော မန်းရာပြည့်သီချင်းကို အလွန်အမင်း နှစ်သက်ကြသူများ ဖြစ်ပေသည် ။
မြို့ရိုးကိုလည်း ချစ်ကြသည် ။ ကျုံးကိုလည်း ချစ်ကြသည် ။ အကြောင်းတစ်မျိုးမျိုးကြောင့် ခရီးရက်ရှည်ထွက်ရပြီးနောက် မန္တလေးသို့ ပြန်ရောက်လာပြီ ဆိုလျှင် ကိုယ့်အိမ်ကိုယ့်ရာကို ခြေမချမိသေးသည့်တိုင် မြို့ရိုးနှင့် ကျုံးကို မြင်ရသည် နှင့် တစ်ပြိုင်နက် ပန်းခဲ့သမျှတွေ ကျေပျောက်သည် ။ နွမ်းခဲ့သမျှတွေ လျှောကျ သည် ။ အားရှိသည် ၊ ကြည်နူးသည် ၊ ရင်တွင်းချမ်းမြေ့သည် ။
ခုကာလကျမှ ရေပေးဝေရေး ခေတ်မီစီမံကိန်းကြီးကြောင့် ကျုံးရေကို အသုံးအစွဲနည်းကြသည် ။ အရင်တုန်းကဆိုလျှင် တစ်မြို့လုံးမှာ ကျုံးရေကိုသာ အားကိုးအားထားပြုရသည် ။ ကျုံးရေထဲမှာ ဘယ်ပိုးမွှားတွေ ဘယ်လောက်ပါတယ်လို့ ဘယ်သိပ္ပံပညာရှင်က ပြောပြော ၊ မြို့သူမြို့သားများအတွက်တော့ ခံနိုင်ရည်ရှိနေကြ ပြီ ။ တုတ်ပြီးဓားပြီးသလို ကျုံးထဲက ဗိုင်းရပ်တွေ ၊ ဘက်တီးရီးယားတွေ ၊ အမီးဘားတွေကိုလည်း ပြီးနေကြပြီ ။
ကျုံးရေကို သောက်ရမှ လေးပင်သည် ။ ကျုံးရေကို ချိုးရတာ မှ ကြေးစင်သည် ။ ကျုံးရေနှင့် လျှော်ရမှ ဖွေးဖြူသည်ဟု အစွဲနာထားကြသည် ။
သူ့သူငယ်ချင်း မောင်တူး ။ ငယ်ငယ်တုန်းကဆို ဒီကောင် အတော်ဆိုးသည် ။ ကျုံးဘေးကမ်းပါးမှာ ကပ်၍ ပေါက်နေသော ထနောင်းပင်ပေါ် တက်သည် ။ ( ကျုံးဘေးက ထနောင်းပင်တွေလည်း ဘယ်လို ထနောင်းပင်မျိုးရယ်လို့မသိ ။ ဆူး လုံးဝမရှိ ။ အခေါက်ထူသည် ။ ပင်စည်တုတ်သည် ။ အခက်ဖြာသည် ။ အကြည့်အမြင်လှသည် ။ )
“ တာဇံကွ ”
သို့ကလို အော်ဟစ်ပြီး မောင်တူး ဒိုင်ဗင်ထိုးချလေ့ရှိသည် ။ ရေတိမ်ပိုင်း ရေနက်ပိုင်း ခပ်စပ်စပ်အထိ ကူးလေ့ရှိသည် ။
ကျုံးကိုပတ်၍ ကင်းလှည့်နေသော ကန်တိုမင်ရဲနှင့် မကြုံကြိုက်၍ အဖမ်းအဆီး မခံရနှင့်ဦး ၊ အရပ်ထဲက လူတစ်ယောက်ယောက် မြင်သည်နှင့် တစ်ပြိုင်နက် သူ့အိမ်ကို အတိုင်ခံရတော့သည် ။
မောင်တူး ရေနစ်သေမှာ စိုးရိမ်၍လား ၊ မဟုတ် ။
ကျုံးရေ ညစ်ပတ်မှာ စိုးရိမ်၍ ဖြစ်သည် ။
ထိုအခါ မောင်တူးလည်း သေဖို့သာ ပြင်ပေရော့ ။ လက်သံပြောင်လှရှာသော သူ့အဖေနှင့် ရင်ဆိုင်ရတော့သည် ။ တံမြက်စည်းရိုး ၊ ကြည်မွေးရိုး ၊ ဝါးခြမ်းပြား ၊ ကြိမ်လုံး စသည်တို့နှင့် မိတ်ဆွေဖွဲ့ရတော့သည် ။
“ ကောင်းတယ် ၊ ဘယ်သူမှ ဝင်မဆွဲကြနဲ့ ၊ အများသုံးရေကို ညစ်ပတ်အောင် လုပ်တဲ့ကောင် ၊ နည်းတောင်နည်းသေး ”
ထိုသို့ထိုနှယ်လည်း အများ၏ မေတ္တာတော် စူးရှမှုကို ခံယူရလေ၏ ။ သုံးလ တစ်ခါ ၊ ငါးလ တစ်ခါ ဆိုသလို ရပ်ကွက်တွေ စုပေါင်း၍ မှော်ဆယ်ကြသည် ။ ဒိုက်သရောတွေ ရှင်းကြသည် ။ လှေငှားသူက ငှားခဲ့သည် ။ လူငှားသူက ငှားခဲ့သည် ။ ကျုံးထဲသို့ ဦးတည်၍ ဆောက်ထားသော တံတားကလေးတွေပေါ်မှာဆို နေညိုညိုညနေခင်းမှ ထိုင်၍ ကောင်းလှသည် ။ သာယာအေးချမ်းလှသည် ။
ဒါပေမဲ့ ရေထဲသို့ ခြေကွဲလောင်းချ၍ မထိုင်လေနှင့် ၊ ယောင်လို့များ တံတွေး မထွေးလေနှင့် ။ ဘယ်သူက မြင်မြင် သိသည် ဖြစ်စေ မသိသည် ဖြစ်စေ ဝင်၍ ခေါင်းခေါက်သွားတတ်သည် ။ နားအုံနားပန် ကျင်းသွားတတ်သည် ။
မိဘတွေကလည်း ကိုယ့်သားသမီးကို ရိုက်မောင်းပုတ်မောင်း လုပ်သွားလေရဲ့ဆိုပြီး ငြူစူကြလိမ့်မည်မဟုတ် ။ ဤမျှအထိ ကျုံးကို တန်ဖိုးထားကြသည် ။ ကျေးဇူးတရား နားလည်ကြသည် ။ ချစ်ခင်မြတ်နိုး ရိုသေကြသည် ။
မင်းတုန်းမင်းတရားကြီး ဤမြို့ကို တည်စဉ်အခါက ကျုံးကို ဇလားပုံ တူးခဲ့သည်ဟု သိရသည် ။ အင်္ဂလိပ်စာလုံးဆိုရင် ဗွီပုံ ၊ တူး၍ ရသော မြေကို အုတ်ဖုတ်သည် ။ ထိုအုတ်တို့ဖြင့် မြို့ရိုးကို တည်ဆောက်သည် ။ မြို့ရိုး တစ်ဖက်ထိပ်နှင့် တစ်ဖက်ထိပ် နှစ်မိုင်တိတိ ရှိသည် ။ လေးဖက်လေးတန် ဆိုတော့ ရှစ်မိုင်တိတိ အကွာအဝေး အတိုင်းအတာရှိသည် ။
ကျုံးနှင့် မြို့ရိုးကြားမှာ အနည်းဆုံး ပေတစ်ရာခန့် ကျယ်သော မြေသား ကျန်သည် ။ ဆောင်းတွင်းဆို လမ်းလျှောက်လို့ အလွန်ကောင်းသည် ၊ ပြေးလို့ အလွန်ကောင်းသည် ၊ စက်ဘီးချင်းပြိုင်လို့ အလွန်ကောင်းသည် ၊ လေကောင်းလေသန့် ရှူရှိုက်လို့ အလွန်ကောင်းသည် ။
သူ့သူငယ်ချင်း မောင်လုံး ။
သူတို့အိမ်က ခွေးသေလို့ ဆိုပြီး နေဝင်ရီတရောမှာ မြို့ရိုးအခြေသို့ သွားပစ်သည် ။ ဒါကို သူတို့အိမ်ခေါင်းရင်းက ဒေါ်အေးမ က သိသည် ။ ပြည်လုံးချမ်းသာ ဆယ်ရပ်ကွက် သူကြီးဦးငွေ ကို သွားတိုင်သည် ။ သူကြီးက တိုင်မှာ ကြိုးတုပ်ပြီး တစ်ညလုံး ခြင်စာကျွေးထားသည် ။
“ နောက် မလုပ်တော့ပါဘူးဗျ ၊ ကြိုးဖြေပေးပါတော့ ”
အဲသလို အော်ဟစ်ငိုယိုရသည်အထိ ဒဏ်ပေးခြင်းကို မရှုမလှ ခံရသည် ။ ဒေါ်အေးမေ ကိုလည်း သူ့မိဘများက စိတ်မကွက်ကြ ၊ ရန်မထောင်ကြ ၊ “ ကောင်းတယ် ၊ ကုပ်ကျားကို ကျင်းတူးပြီး မြှုပ်လိုက်ရင် ရရဲ့သားနဲ့ ။ ရှည်ချင်တဲ့အကောင် ၊ ဒါမှ မှတ်မယ် ” ဟုပင် ရေရွတ်မြည်တွန်ကြသေးသည် ။ ကျုံးရေ ညစ်ပတ်မှာကိုလည်း မည်သူမျှ မကြိုက်ကြ ။
မြို့ရိုးညစ်ပတ်မှာကိုလည်း မည်သူမျှ မကြိုက်ကြ ။ တစ်စုံတစ်ရာ မှားယွင်းလို့ကတော့လား ၊ ကိုယ့်တူ ကိုယ့်သား အရင်းအချာဆိုပြီး ချမ်းသာပေးကြလိမ့်မည် မဟုတ် ။ ခွင့်လွှတ်သည်းခံကြလိမ့်မည် မဟုတ် ။
ပြီးတော့ မြို့ရိုး၏ အနောက်တောင်ကျုံးထောင့် မြေကွက်လပ် ရှည်ရှည်မျောမျော ကျယ်ကျယ်ဝန်းဝန်းကြီးထဲမှာဆို သူတို့ ငယ်ငယ်တုန်းက အောင်ပွဲ ကျင်းပလေ့ရှိသည် ။ ( လွတ်လပ်ရေးပွဲတော်ကို သူ့မြို့သူမြို့သားအားလုံးက အောင်ပွဲဟုပဲ မြိန်ရေရှက်ရေ ခေါ်ကြသည် ။ )
ကျုံးနှင့် မြို့ရိုးနှင့် အောင်ပွဲကား အလွန်တရာမှ ပန်ရလှသည် ။ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် နေခဲ့သော လူမျိုးကို ကျွန်ပြုခဲ့သည့် နယ်ချဲ့ကို တိုက်ပွဲ အလီလီနွှဲကာ အသက်တွေ ၊ သွေးတွေ ၊ ချွေးတွေ စတေး၍ အရအမိ ပြန်လည်ယူနိုင် ခဲ့သော လွတ်လပ်ရေးအောင်မြင်မှု အထိမ်းအမှတ်အဖြစ် နောက်ဆုံးမင်း စိုးစံခဲ့ရာ မြို့ရိုးနှင့်ကျုံးကြီး၏ အကြားမှာ ကျင်းပရသည်ကား အရသာလည်း ရှိလှသည် ။ အဓိပ္ပာယ်လည်း လေးနက်လှသည် ။
“ အမေရေ အောင်ပွဲကို သွားမလို့ ”
“ အဖော်ပါသလားဟဲ့ ”
“ တစ်ယောက်တည်းသွားမှာ အမေ ”
မလွှတ်ဘဲနေလိမ့်မည် မဟုတ် ။ ဆယ်နှစ်အထက် ကျော်သူတိုင်း အဲသလို ပြောကာ ခွင့်ပန်လို့ကတော့ဖြင့် မုန့်ဖိုးပဲဖိုး ပေး၍ ကျေကျေနပ်နပ်ပင် ခွင့်ပြုကြသည် ။ စိတ်ချလက်ချ စေလွှတ်ကြသည် ။
အောင်ပွဲကလည်း ဟည်းဟည်းထလို့ ။ လျှပ်စစ်မီးတွေက တထိန်ထိန် ။ ပြခန်းတွေက တလှိုင်လှိုင် ။ အငြိမ့်တွေ ၊ ဇာတ်တွေ ၊ တိုင်ထောင် ဓာတ်ရှင်တွေက မြိုင်မြိုင်ဆိုင်ဆိုင် ။
ခုတော့ မြို့ရိုးကြီးက ဆေးနီတွေနှင့် ပိုလို့ လှနေပြီ ။ ကျုံးကြီးက သံနန်းသံပန်းအကာအရံတွေနှင့် ပိုလို့ကျက်သရေ ရှိနေပြီ ။
အချိန်ကာလ ကြာမြင့်သည်နှင့်အမျှ ပျက်စီးလုနီးပါးရှိနေပြီမို့ ပြန်လည် မွမ်းမံထားသည့် ပြာသာဒ်တွေဆိုလည်း ဖိတ်ဖိတ်တောက်နေပြီ ။
ကျုံး၏ အရှေ့တောင်ထောင့်က ရေပြင်ကျယ်ကြီးထဲမှာ ဆိုလျှင် မဟာမုနိ ဘုရားကို ပင့်ဆောင်တော်မူခဲ့သည့် ပြည်ကြီးမွန်ဖောင်တော်ကြီး၏ ပုံစံတူ အဆောက်အအုံနှင့်လည်း ထည်ဝါခမ်းနားနေပြီ ။ မြို့၏ အသရေကို ဆောင်နေပြီ ။
ပန်းဆယ်မျိုး အတတ်ပညာရှင်တို့၏ အနုပညာစွမ်းအား ထက်မြက်လို့ ပေပဲလားမသိ ၊ ကရဝိက်ပုံ ၊ နတ်ပုံ ၊ ဂဠုန်ပုံ ရုပ်တူရုပ်ကြွများနှင့် ဖောင်တော်ကြီး၏ အလှကား မန္တလေးတောင်ကို နောက်ခံပန်းချီကားချပ်သဖွယ်ထားလျက် ရင်သပ်ရှုမော အံ့ဩစရာ ဖြစ်လို့နေချေပြီ ။
အောင်ပွဲတွေ ကျင်းပခဲ့ဖူးသည်ဆိုသော အနောက်တောင် ကျုံးထောင့်၏ ရင်ပြင်ထဲ၌ မြင်းစီးဗိုလ်ချုပ် ရုပ်တုကြီးရှိသည် ။ ခံ့ညား၏ ၊ တည်ငြိမ်၏ ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး၏ အမျိုးသားရေး ဇာတိမာန် စိတ်ဓာတ်ကို ရှုမြင်သူ တိုင်းအား ကူးစက်ပြန့်ပွားခံစားရရှိစေ၏ ။
မင်းလေးသူ ၊ မန္တလေးသားတွေ ။
ကိုယ့်အသိ ၊ သူ့အသိ မြန်မာနိုင်ငံ တစ်နံတစ်လျားလုံးက ဆွေမျိုးသားချင်း တွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ခေါ်လိုက်ကြစမ်းပါ ။
“ ဒါ ... မြန်မာ့နောက်ဆုံး မင်းနေပြည်တော် မန္တလေးကွ ”
လို့ ဂုဏ်ယူလိုက်ကြစမ်းပါ ။ ကြွားဝင့်လိုက်ကြစမ်းပါ ။
သူ အဲသလိုပင် တိုက်တွန်းလိုက်ချင်တော့သည် ။
“ သောက်စမ်း ကျော့မောင် ၊ အပြင်းမကြိုက်ဘူးဆိုတဲ့ မင်းအတွက် ဒါ မန္တလေးဘီယာ ”
“ တစ်လုံး ဘယ်လောက်တဲ့လဲ ငတူး ”
“ ဘယ်လောက်ဖြစ်ဖြစ် သောက်မှာသာ သောက်စမ်းပါကွာ ။ ဘာလဲ မင်းက နှမြောလို့လား ၊ ကြိုက်သလောက် သောက် ။ ဒီည ငါ ဒကာ ၊ မင်းနဲ့ ခွဲခဲ့ရတာ ဘယ်လောက်ကြာပြီလဲ ။ ငါ အိမ်ထောင်မကျခင်ကတည်းက ။ ခုဆို ငါ့သမီးကြီးတောင် ရှစ်တန်းကျောင်းသူ ဖြစ်နေပြီ ၊ ဟား ... ဟား ... ဟား ”
ငတူးက ဘလက်လေဘယ် အရှိန်ကလေး ရလာသည်နှင့်အမျှ အာလျှာ သွက်၍ နေချေပြီ ။
သူတို့သည် ဗိုလ်ချုပ်မြင်းစီး ရုပ်တုကြီးနှင့် အုတ်မြို့ရိုး နီစွေးစွေးအကြားရှိ ကျုံးရေပြင်ပေါ်က ရေပေါ်အပန်းဖြေစခန်းသို့ ရောက်ရှိနေကြခြင်း ဖြစ်ပေသည် ။ ကာရာအိုကေ တေးဂီတဖျော်ဖြေရေး၏ တေးသံသာများ အောက်တွင် မိန်းမူးနေကြခြင်းလည်း ဖြစ်လေသည် ။
စားပွဲပေါ်မှာတော့ ငတူး အတွက် ဝီစကိပုလင်း ရှိနေသည် ။ သူ့အတွက် ဘီယာပုလင်း ရှိနေသည် ။ နှစ်ယောက်စလုံးအတွက် ကြက်ခြေထောက်သုပ် တစ်ပွဲ ၊ ချိစ်တစ်ပွဲ ၊ ငါးရှဥ့်ချဉ်စပ်တစ်ပွဲ ၊ ကဏန်းလက်မတစ်ပွဲနှင့် ငါးသုံးလုံးတစ်ဘူး ရှိနေသည် ။
ဟုတ်သားပဲ ။ငတူးနှင့် ခွဲခဲ့ရတာ ကြာပဲကြာလှပေါ့ ။ သူ ကိုးတန်း အအောင် ၊ တတူး ကိုးတန်းအကျမှာ ငတူး ပျောက်ဆုံးသွားသည် ။ ရန်ကုန်ကို ဆင်းသွားတာလိုလို ရှမ်းပြည်နယ်ကို တက်သွားတာလိုလိုနှင့် ဘာမျှ ရေရေရာရာမရှိခဲ့ ။
ခု ငတူး ပြောပြမှပဲ ဇာတ်ကြောင်းစုံကို သိရတော့သည် ။ စထွက်သွားသည်မှာ မိုးကောင်း ဆိုပဲ ။ ခေါက်ဆွဲဆိုင် တစ်ဆိုင်မှာ စားပွဲထိုး ဝင်လုပ်သည် ။ ပင်မင်းဆိုင်မှာ မီးကြွေဝင်တိုက်သည် ။ လျှပ်စစ်မီးပြင်သူ ထံမှာ နောက်လိုက်နောက်ပါလုပ်ရင်း သဒ္ဓါပေး ၊ သဒ္ဓါကျွေး စားသည် ။ အဲသည်လို ဘဝမျိုးနှင့်ပင် နှစ်နှစ်ကျော် ကြာခဲ့သည် ။ ပြီးတော့ မှော်ထဲသို့ လိုက်သွားသည် ။ မိုးကောင်း နှင့် သွားချည်ပြန်လှည့် လုပ်ရင်း ခရီးဖော်အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ကျသည် ။ မိန်းမ၏ ဆွေမျိုးများ ရှိရာ မြစ်ကြီးနား ပါသွားသည် ။ ဒီနောက်တော့ မှော်ထဲမှာ တစ်လှည့် ၊ မိုးကောင်းမှာ တစ်လှည့် ၊ မြစ်ကြီးနားမှာ တစ်လှည့်နှင့် နှစ်တွေကို ကုန်ဆုံးပစ်သည် ။
“ ငါက မန္တလေးကို မချမ်းသာမချင်း မလာဘူးလို့ သန္နိဌာန် ချထားတဲ့ အကောင်ကွ ”
ဒီလောက်ဆို ယခုကဲ့သို့ မန္တလေးကို ခြေဦးလှည့်လာသော ငတူး ကို သူ သဘောပေါက်လို့ ရပြီ ။
ရောက်သည့်နေ့၏ ညနေခင်းမှာပင် အတူတူ ထမင်းစားရအောင်ဟု ငတူး ကပင် အဝေးကြား ဗဟုသုတတွေနှင့် ဦးဆောင်ခေါ်သဖြင့် တစ်ရံတစ်ဆစ်မျှ မရောက် ဖူးသော သွားရန်လည်း စိတ်မကူးခဲ့မိဖူးသော ဤနေရာသို့ ရောက်လာခြင်း ဖြစ်ပေသည် ။
လူတစ်ယောက်အတွက် ဂိတ်ဝင်ကြေး ၂ ကျပ် ၊ စားသောက်မည့် စားပွဲ ရှိရာသို့ ဝင်ကြေး ၂၀ ၊ စုစုပေါင်း ၂၂ ကျပ် ၊ နှစ်ယောက်ဆိုတော့ ၄၄ ကျပ် ။
ဘီယာတစ်ခွက်ကို နှာခေါင်းတရှုံ့ရှုံ့ဖြင့် မျိုချလိုက်သည် ။ ငတူး မကျေနပ်မှာစိုးလို့ပါ ။ ငတူး ဆိုသည့်အကောင်က မသောက်များ မသောက်လျှင် ကလေးပေါက်စကို ဆေးတိုက်သလို နှာခေါင်းဆွဲညှစ်ပြီး ပါးစပ်ထဲ ဇွတ်အတင်း လောင်းချမယ့်ကောင်စားမျိုးဟုလည်း သူ သိထားသည် ။
“ ယခုတစ်ခါ တေးသံရှင်ကို မြောက်ဘက် စားပွဲနံပါတ် ၅ ၊ ခန္တီးမြို့မှ ကို .. နဲ့ အပေါင်းအသင်းများက ဆုတော်ငွေ ငါးရာကျပ်နဲ့အတူ ကျောက်တူးသမား လို့ အမည်ရတဲ့ သီချင်းကို တောင်းဆိုထားပါတယ် ။ နားသောတဆင်တော်မူကြပါရှင် ”
အင်ထရို ဟု ခေါ်သော အကြိုတီးလုံးများ၏ နောက်ဝယ် သီဆိုမည့် တေးသံရှင်မလေး လှုပ်လှုပ်ခက်ခက် လိုက်ပါလာသည် ။
သူကပဲ မူးယစ်ဝေသီစ ပြုနေလို့ပေလား ။
ရေခြားမြေခြားသို့ ရောက်နေတာတော့ မဖြစ်နိုင် ။
တေးသံရှင်မလေး၏ အဝတ်အစားနှင့် ဆင်ယင်ထုံးဖွဲ့မှုကို လမ်းပေါ်မှာလည်း မတွေ့ဖူး ၊ ဈေးထဲမှာလည်း မတွေ့ဖူး ၊ မြို့ထဲမှာလည်း မတွေ့ဖူး ၊ ယုတ်စွအဆုံး ဗွီဒီယိုထဲနှင့် နိုင်ငံခြားကားတွေထဲ မှာတောင်မှ မတွေ့ဖူး ။
ပေါင်လယ် အထိပင် ရောက်လိမ့်မည် မဟုတ်သော ဂါဝန်တိုတိုကလေးကို ဝတ်ထားသည် ။ အသားကပ်ခြေအိတ်ရှည်ကို ပေါင်ရင်းအထိ စွပ်ထားသည် ။ ဒူးခေါင်း မှာ ဇာအနက်တစ်ထပ် ရစ်ပတ်ထာသည် ။ ရင်နှစ်မြွှာကို လေအသလပ်ခံထားသည် ။ ပြီးတော့ ဆိုသည် ၊ ရှိတ်သည် ၊ မြူးသည် ၊ ထူးသည် ။
“ လေဒီဟော့ရှော့ ၊ ရွှီ ... ဖြောင်း ...ဖြောင်း ... ဖြောင်း ”
သီချင်းသံ ကျယ်ကျယ်လောင်လောင်ထဲမှာ အလုအယက် အော်ဟစ်ကြသည် ။ လက်ခေါက်မှုတ်ကြသည် ။ လက်ခုပ်တီးကြသည် ။ မှိတ်လိုက် ၊ လင်းလိုက် အလင်းရောင်အောက်တွင် တေးသံရှင်မလေးထံမှ လျှပ်စီးတွေသည် မကြာမကြာ ပြိုးပြိုးပြက်ကာ လိုးလိုးလက်၍ သွားလေသည် ။
“ ခုတစ်ခါ တောင်ဘက်စားပွဲနံပါတ် ၉ မှ လားရှိုးမြို့က ကို .... နဲ့ ဘော်ဒါများက ဆုတော်ငွေ ခြောက်ရာကျပ်နှင့် အတူ တေးသံရှင် ... ကို တောင်းဆို ထားတာကတော့ နှစ်သက်ရာ ၊ ဟောင်ကောင်သီချင်း တစ်ပုဒ်ပါတဲ့ရှင် ”
တေးသံသာနှင့် အတူ အခြားသောတေးသံရှင်မလေး ထွက်လို့လာပြန်သည် ။ ညကြီးမင်းကြီးထဲမှာ မိုးလည်း မရွာ ၊ နှင်းလည်း မကျပါဘဲနှင့် ဦးထုပ်ဆောင်းထားသည် ။ နေလည်း မပူပါဘဲနှင့် ရေဘင်မျက်မှန် တပ်ထားသည် ။ မချမ်းမအေးပါဘဲနှင့် ဂျင်းဘောင်းဘီရှည် ဝတ်ထားသည် ။
သီချင်း၏ အဓိပ္ပာယ်ကို ဘာရယ်လို့တော့ သူ မသိ ။ တေးသံရှင်မလေး ထံမှ အကြိမ်ကြိမ် ကြားနေရသည်ကတော့ “ တင်း ... တောင် ... ဘဲလ် ” ဆိုတာပဲ ဖြစ်လို့နေသည် ။
ဘီယာဖြင့် မမူးသော်လည်း စက္ခုနှင့် သောတအာရုံ နှစ်ရပ်ကြောင့် မူးနောက်လို့ လာသည်ကတော့ အမှန်ပဲဖြစ်သည် ။
အသီးသီးသော အသားဖြူဖြူ ၊ အဆီအစ်အစ် ၊ ဝဖိုင့်ဖိုင့် အစ်ကိုကာလသားတွေကတော့ ထိုသီချင်းကို ဘယ်တုံးက ကျက်မှတ်ကာ နှုတ်တိုက် အာဂုံဆောင်ထားကြလေသည်မသိ ။ လိုက်လို့ပင် သံပြိုင်ဆို၍ နေကြသေးတော့သည် ။
သူသည် ထိုင်ရာမှနေ၍ မြင်းစီးဗိုလ်ချုပ် ရုပ်တုကို လှမ်းကြည့်လိုက်မိ၏ ။ ကျောပိုင်းကိုသာ မြင်ရသည် ။
တစ်ဖက်က မြို့ရိုးကြီးကတော့ အနည်းငယ်မှောင်လို့နေသည် ။ မှောင်သင့်လို့ မှောင်ထားခြင်းလည်း ဖြစ်ပေမည် ။ မြို့ရိုးကြီး၏ အခြေတွင် ကျင်ကြီးကျင်ငယ် စွန့်ရာ ငွေတစ်ကျပ် ပေးဝင်စနစ်ဖြင့် ၊ ဆောက်လုပ်ထားသော ရေအိမ်တစ်ခု ရှိနေသည်လို့ သူ သိသည် ။ ဟုတ်တယ်လေ ၊ အလေးအပေါ့ စွန့်တဲ့ အလုပ်ဆိုတာ လူမြင်လို့သာတာ မှတ်လို့ ။
ရေအိမ်နေရာမှာ သူ ငယ်ငယ်တုန်းက အောင်ပွဲသို့ လာစဉ် ဝါဝါဝင်း အကြော်ဆိုင်ကို ဝင်စားဖူးတာကလည်း ရေးတေးတေး ပေါ်လာသည် ။ မျက်နှာချင်းဆိုင် စားပွဲက ဦးမောင်မောင် သည် ကိုက်ဝါးပြီးသား ကြက်ရိုးများကို ရေထဲသို့ ပစ်ချသည် ။ ထိုးပြီးသော သွားကြားထိုးတံကိုလည်း အလားတူပင် ။
ကျုံးထဲက ငါးတို့သည် ကြက်ရိုးနှင့် သွားကြားထိုးတံကို အစာအဖြစ် ကြိုက်တတ်ကြပါသလော ။ တောင်ဘက်အိမ်က တက္ကသိုလ်သတ္တဗေဒဆရာ ဦးမြင့်စိုး ကို မနက်ကျလျှင် သူ မေးကြည့်ဖို့ စိတ်ကူးမိသည် ။
ဟို မဝေးတဝေး ခပ်လှမ်းလှမ်းမှာတော့ စင်္ကြံ ဟုလည်း ဆိုနိုင်သော တံတား ဟုလည်း ပြောနိုင်သော ဆေးရောင်စုံခြယ်သထားသည့် သစ်သားလက်တန်း ကို ကိုင်ကာ ရေပြင်ဆီသို့ ခေါင်းစိုက်လျက် တဝေါ့ဝေါ့ တထွီထွီ လုပ်နေသော လူတစ်ယောက်ကို မှုန်ဝါးဝါး မြင်တွေ့နေရသည် ။
သို့သော် တင်း .. တောင် ... ဘဲလ် သီဆိုသူ တေးသံရှင်မလေးကတော့ သတိလုံးဝပြုမိမှာ မဟုတ် ။ သူမ၏ အလှကွန်ရက်ကို အားလုံးသော ပုရိသများထံ ဖြန့်ကြက်လွှမ်းအုပ်ပစ်နိုင်ဖို့ ကြိုးစားနေသည် ။
“ ဟေ့ကောင် ၊ ဘာငိုင်နေတာလဲ ။ ပြန်ချင်လို့လား ”
“ အေး ”
ဘီယာတစ်ပုလင်း မကုန်သေးမှန်း သိသည် ။ ဝီစကီ တစ်ဝက် မကျိုးသေး မှန်းသိသည် ။ အမြည်းတွေ အရာမယွင်းသေးမှန်း သိသည် ။
ဒါဖြင့်... ဘာကြောင့်များ မဆိုင်းမတွ အဖြေပေးမိပါလိမ့် ။
ဒကာတော် ငတူး ကို အားနာလွန်းလှသဖြင့် သူ့ပါးစပ်ကို သူ ပိတ်၍ ထိုးပစ်လိုက်ချင်သည် ။ သူ့ပါးကို သူ ဘယ်ပြန်ညာပြန် ရိုက်ပစ်လိုက်ချင်သည် ။ ပျက်သွားသော ငတူး၏ မျက်နှာကို ဘယ်လို ကြည့်ရမလဲ ။
ဒါပေမဲ့ အိမ်ပြန်ရောက်လျှင်မူ အိပ်ရာဝင်မှာ နေရှင်နယ်ကက်ဆက်အအိုကလေးနှင့် မန်းရာပြည့် သီချင်းခွေ အနွမ်းကလေးကို တိုးတိုးကလေး ဖွင့်ပြီး နားထောင်ပစ်လိုက်မည် ဟူသော အတွေးကတော့ ဆူဆူညံ ကာရာအိုကေ တေးသွားများကို အလုအယက် တိုးဝှေ့ဖြတ်သန်းကာ ဇွတ်တရွတ် ဝင်ရောက်နေသည်လို့ သူ သတိထားမိသည် ။
ငါ့ကို ခွင့်လွှတ်တော့ ငတူးရေ .. ။
▢ ဝင်းစည်သူ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် ၃၉
ဇန်နဝါရီလ ၊ ၁၉၉၃
No comments:
Post a Comment