Saturday, October 25, 2025

မြို့ဂျပိုး ( ၂၁ )


 “ လိုက်ခဲ့ပါလား ကိုကာလာ ၊ ခင်ဗျား ပါတော့ ကျွန်တော် အဖော်ရတာပေါ့ ” 


“ သွားပါကွာ ” 


“ လာပါဗျာ ၊ လိုက်ခဲ့ပါ ၊ ငါးရက်စခန်းပဲဟာနော် ” 


“ သွားပါကွာ ၊ ငါမလိုက်ချင်ဘူး ” 


“ ရိပ်သာဝင်တာပဲဗျာ ၊ ဘာဖြစ်လို့လဲ ” 


“ ဘာမှ မဖြစ်ဘူး ၊ တကယ် မဟုတ်ဘဲနဲ့ မသွားချင်ဘူးကွာ ”   


“ ဘာကိုလဲဗျ ၊ ရိပ်သာဝင်တာ ဘာကို တကယ် မဟုတ်ရမှာလဲ ”   


“ အောင်မာ ... မင်း ဘာလို့ ဝင်တာလဲပြော ၊ ခင်မေနွယ် ဝင်လို့ မဟုတ်လား ” 


“ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ၊ ရိပ်သာဝင်တာပဲဟာ ” 


“ အေးလေ ၊ မင်း ဝင်ချင်ရင် သွားဝင် ၊ ငါ မလိုက်ဘူး ” 


သူ အတန်တန် ငြင်းနေတော့ ကျွန်တော် လည်း ဆက်မခေါ်ချင်တော့ဘူး ။ ခင်မေနွယ်တို့ ( ၂၁ ) ရာစု အကူးမှာ ရိပ်သာဝင်ကြမယ် ။ ကြီးကြီးက ကျွန်တော့်ကို ခေါ်တယ် ။ ဝင်တာပေါ့ဗျာ ။ ဒီလိုအချိန်မှာ ငြင်းလိုက်ရင် လူမိုက် ဖြစ်သွားမှာပေါ့ ။ ကျွန်တော် ရိပ်သာဝင်တော့ ကြီးကြီးက ကိုကာလာ ကို ခေါ်လို့ ရရင် ဆုချမယ်တဲ့  ။ ဒါကြောင့် ကျွန်တော် ခေါ်ကြည့်တာပါ ။ မရပါဘူး ။ မရတဲ့ အပြင် သူ့မျက်နှာက မချိုမချဉ် လုပ်နေလို့ ကျွန်တော့်မှာ ခံရခက်လှချည်သေး ။


“ ခင်ဗျားဗျာ ၊ လိုက်ခဲ့တာ မဟုတ်ဘူး ၊ ငါးရက်တာ ခဏလေးပါဗျ ”   


“ မင်းက ခဏခဏ ဝင်ဖူးတယ် ထင်တယ် ” 


“ ဝင်ဖူးတာပေါ့ ၊ အစပိုင်းသာ ခက်တာပါ ၊ နောက်ပိုင်းကျတော့ လွယ်သွားရော ” 


“ ဟာ ... တယ်ဟုတ်ပါလား ၊ မင်းဘယ်လို ကျင့်လဲ ”   


“ ဝင်လေထွက်လေပေါ့ဗျ ၊ ခင်ဗျားကလည်း ” 


“ အေး .. လုပ်စမ်းပါဦး ၊ အဲဒီလို ကျင့်တော့ ရရောလား ” 


“ ချက်ချင်းတော့ ဘယ်မှတ်လို့ ရမလဲ ၊ ဒီလိုဗျာ ၊ ကျွန်တော်တို့ စိတ်တွေဟာ အမြဲတမ်း ပျံ့လွင့်နေတယ် မဟုတ်လား ၊ ဒါကို ရုတ်တရက် စုစည်းတာ ဘယ်လွယ်မှာလဲ ၊ အလေ့အကျင့် များလာတော့မှ စုစည်းမိတာ မခက်ပါဘူးဗျာ ” 


“ အွန်း စုစည်းမိပြီးတော့ ပြီးရောလား ” 


“ ဟာ ... ဘယ်ပြီးမှာလဲ ၊ ရုပ်တရားရဲ့ ဖောက်ပြန်မှုကို ရှုရတာပေါ့ဗျ ။ ဖြစ်ပြီး ပျက်နေတဲ့ ခန္ဓာကိုယ်ကြီးရဲ့ သဘော ၊ စိတ်ရဲ့ သဘောတွေ ဆက်ပြီး မှတ်သားရသေးတယ် ။ ဝေဒနာ ရှုရတယ် ။ အနိစ္စ ကို ရှုရတယ် ၊ ပြီးတော့ ဘဝဖြစ်စဉ်တွေ ၊ လောဘ ၊ ဒေါသ ၊ မောဟတွေ ၊ အဝိဇ္ဇာတွေကို ရှုရမြင်ရတာပေါ့ ၊ သိပ်ကောင်းတယ်ဗျ ။ ခင်ဗျား လုပ်ကြည့်မှ သိမှာ ” 


“ အေး ... ပြောပါဦးကွာ ၊ အဝိဇ္ဇာကို ရှုမြင်ပြီးရင် ဘာဖြစ်လဲ ။ ဘဝတဏှာ ပြတ်ရောလား ” 


“ ဒါတော့ ဘယ်ပြတ်မလဲဗျာ ၊ ကျွန်တော်တို့က နုသေးတာကိုး ”   


“ ဟင် ... ဝိပဿနာကျင့်စဉ် ဆိုတာ ငါ သိထားတာတော့ ဘဝတဏှာ ကို ဖြတ်တောက်ပစ်တဲ့ အကျင့်တရားလို့ သိထားတာ ၊ မင်း ပြောသလိုဆို “ ဆင်ပြောင်ကြီးအမြီးကျမှ တစ် ” ဖြစ်နေပြီပေါ့ကွာ ” 


“ ... ” 


“ ဘာလဲ ၊ ငါပြောတာ မှားသွားလို့ လား ၊ မင်းက ဘာပြောချင်လို့လဲ ”  


“ ဒါတော့ ခင်ဗျား သက်သက်မဲ့ ကပ်ဖဲ့ရပ်ဖဲ့ ပြောတာပဲ ။ ဘဝတဏှာ မပြတ်နိုင်ပေမယ့် လောဘ ၊ ဒေါသ ၊ မောဟမီးတွေ တဒင်္ဂ ငြိမ်းအေးတာ နည်းတဲ့ ကုသိုလ်လားဗျာ ၊ အပြင်မှာ ငါးရက် နေတာနဲ့ ရိပ်သာမှာ ငါးရက် နေတာ မတူဘူးဗျ ”  


“ ငါ မင်းနဲ့ ဆွေးနွေးနေတာ ရိပ်သာဝင်တာ ကောင်းတယ် ။ မကောင်းဘူး ဆိုတဲ့ ကိစ္စ မဟုတ်ဘူးလေကွာ ၊ ကျင့်စဉ်တရားကို ဆွေးနွေးနေတာ ”  


“ ဒါဆိုရင် ခင်ဗျားကော ဘဝတဏှာကို ပြတ်နိုင်ပြီလား ”  


“ ဟကောင်ရ ၊ ငါက ဝိပဿနာတရား ကျင့်ပါတယ်လို့ မင်းကို ပြောနေလို့ လား ၊ မင်းတို့ အဲဒါ ခက်တာပဲကွ ၊ ကိုယ် သွားလုပ်မယ့် ကိစ္စ ကိုယ် ဘာမှန်းမသိဘဲ ဖြစ်နေတယ် ။ အမေတို့ ကို ငါ ခဏခဏ မေးတယ် ၊ ဘဝတဏှာ တကယ် ပြတ်နိုင်လို့ ရိပ်သာ ဝင်တာလား ၊ တရား ရှာတာလား ၊ ဝိပဿနာ ကျင့်ကြံတာလား ။ ဒီမှာ ဘာပြောတယ် မှတ်လဲ ၊ ဘဝကူးကောင်းရုံ အားထုတ်တာတဲ့ ။ မင်း ကြည့်စမ်း ၊ ဘယ်လောက် ရက်စက်တဲ့ အကြံအစည်လဲ ဆိုတာ ။ ဒီလောက် မွန်မြတ်တဲ့ တရားကို ( ၄၅ ) ဝါပတ်လုံး မနားမနေ ဟောကြားခဲ့တဲ့ နိဗ္ဗာန် ရောက်ကြောင်းတရားတွေကို သွားကျင့်မယ် ဆိုပြီး “ ဘဝကူးကောင်းရုံ ”  လောက် ဆိုတော့ မလွန်လွန်းဘူးလားကွာ ။ ဒါဟာ ဘဝတဏှာကို တကယ် မဖြတ်နိုင်ဘဲနဲ့ လုပ်တာကွ ၊ ဘယ်တော့မှ ဂ်တရား ၊ ဖိုလ်တရား မရနိုင်ဘူး ။ မင်း ဘုရားဟောခဲ့သမျှ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ ၊ ကျင့်စဉ်တွေ ၊ ရှုမှတ်နည်းတွေကို ပြန် လေ့လာကြည့် ၊ ဘဝကူးကောင်းရုံ ဟောခဲ့တာ မဟုတ်ဘူးကွ ၊ ဟောဒီ ရုပ်ခန္ဓာကြီးရဲ့ ဖောက်ပြန်မှုတွေ ၊ မတည်မြဲမှုတွေ ၊ ပဋိသန္ဓေနေရခြင်း ၊ သေရခြင်းရဲ့ ပူဆွေးဒုက္ခတွေ ၊ ပုဂ္ဂိုလ်သတ္တဝါ သူသူငါငါ အစွဲတွေရဲ့ သံသရာဒုက္ခတွေကို အကြောက်ကြီး ကြောက်စေဖို့  ၊ ဘဝတဏှာကို ပြတ်သားစွာ စိန်ခေါ်ထွက်ခဲ့ဖို့  ၊ သူ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့် ၊ ပညာတွေ ဆည်းပူး ၊ အသိတရားတွေ သိုမှီးပြီး ဝေနေယျသတ္တဝါတွေ ဘဝတဏှာ ပြတ်အောင် ဟောခဲ့တာကွ ။ မင်းတို့ သူ့တရားကို ကျင့်တော့မယ် ဆိုရင် သူ့မျက်နှာကိုတော့ ထောက်ထားသင့်ပါတယ် ”  


“ ငါ ဒီလိုပြောတော့ နှောင့်ယှက်တယ် ဖြစ်ရော ၊ တကယ်တော့ ငါက ဘုရားဘက်က ရင်ထုမနာ ဖြစ်နေတာကွ ၊ ရိပ်သာတွေ ငါရောက်ဖူးသားပဲ ။ ဘဝတဏှာ ဖြတ်ရဲတဲ့ သူကို မတွေ့ဘူး သလောက်ပဲ ၊ အားလပ်တဲ့ အချိန်လေး ဝိပဿနာတရားရဲ့ အပေါ်ယံ သဘောလေးကို လာ လေ့လာတဲ့ လူတွေပဲ တွေ့ဖူးတယ် ၊ ဘုရားမျက်နှာ ကို အိုးမဲသုတ်တာနဲ့ မတူဘူးလားကွာ ။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှာဖွေ ကျင့်ကြံခဲ့တဲ့ ဘု ရားဟောတရားကို လာ ဆော့ကစားနေတာနဲ့ မတူဘူးလား ။ ဒီလိုပြောတော့ မင်းက ငါ့ကို ပြန်မေးမယ် ။ ဟုတ်တယ် ။ ငါက ဘဝတဏှာကို မပြတ်နိုင်ဘူး ၊ ဘဝတဏှာ ရှိလျက်နဲ့ ကိုယ် သိသလောက် ဖတ်ရှုလေ့လာနေရတဲ့ ရတနာသုံးပါးရဲ့ အနှစ်သာရကို လေ့လာတယ် ။ အဲဒါကို ပိုသဘောကျတယ် ။ ဟုတ်တယ်လေ ၊ ငါ့ကိုယ် ငါ မညာဘူး ၊ နိဗ္ဗာန်ကို ငါ တကယ် မလိုချင်သေးဘူး ၊ နိဗ္ဗာန်ကို ရောက်သွားကြတဲ့ ဘုရား ၊ ပြီးတော့ ရဟန်းရှင်လူ ၊ ပုဂ္ဂိုလ်ကြီးတွေရဲ့ သမိုင်းကြောင်းကို ငါ လေ့လာနေတယ် ။ သူတို့ ဘာကြောင့် နိဗ္ဗာန်လမ်းကို ရွေးရတာလဲ ။ ဘယ်လို အတွေ့အကြုံတွေကြောင့် ကျွတ်တန်းဝင် သွားကြတာလဲ ။ ဒါ တွေ ငါ လေ့လာနေတယ် ၊ လေ့လာလို့ ငါကိုယ်တိုင် နိဗ္ဗာန်ကို သွားဖို့ စိတ်အား ထက်သန်ပြီး ဘဝတဏှာ ပြတ်ပြီ ဆိုရင် ငါ ကျင့်ကြံမယ် ၊ သူများ ယောင်တိုင်း ငါ လိုက် မယောင်နိုင်ဘူး ”  


“ ငါ ထင်သလို ငါ ပြောရရင် တချို့ သံဃာတော်တွေ ၊ လူပုဂ္ဂိုလ်တွေ ထဲမှာ ဘဝတဏှာကို တိကနဲ ဖြတ်နိုင်စွမ်းတဲ့ သူတွေ ရှိတယ် ။ စာတတ်ပေတတ် ပုဂ္ဂိုလ်တွေ ၊ ကျမ်းပြုဆရာတော်တွေ ၊ ဝိပဿနာ တရားပြတဲ့ ဆရာတော်ကြီးတွေဟာ ဘဝတဏှာကို ဖြတ်နိုင်မယ်လို့ ငါ ထင်တယ် ။ ဒါပေမဲ့ သူတို့ကို ငါထင်တာ ပြောရရင် နိဗ္ဗာန်ကို တစ်ယောက်တည်း မသွားချင်ကြဘူး ။ ဝေနေယျသတ္တဝါတွေကို သူတို့ နိုင်သလောက် တွဲခေါ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ကြတယ် ။ ဆုကြီးပန်တဲ့ သဘောပေါ့ကွာ ။ ဘုရားဆုပန် ကြသူတွေ ၊ အဂ္ဂသာဝက ၊ မဟာသာဝက ဆုပန်ကြသူတွေ ၊ ဘုရားရှင်လက်ထက်က အကျော်ဒေးယျရ ဟန္တာတွေ လို ဖြစ်ချင်ကြသူတွေ ၊ နောင်ပွင့်မယ့် အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ပြီးမှ ကျွတ်တန်းဝင်ချင်သူတွေအဖြစ် ရည်စူးကြလိမ့်မယ်လို့ ငါ ထင်တယ် ”  


“ ငါဘာလို့ ဒါကို ပြောရသလဲဆိုရင် တို့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကျွတ်တန်းဝင်ခွင့် ရပါလျက် ၊ မဝင်ဘဲနဲ့ ဘုရားဆု ပန်ခဲ့တဲ့ သာဓက ရှိတယ် ။ ဝေနေယျသတ္တဝါတွေကို ကယ်တင် သွားချင်တယ် ။ ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ချင်တယ် ။ ဒါကို သက်သေထားပြီး ပြောရတာပါ ။ မင်း စဉ်းစား ကြည့်ပေါ့ကွာ ၊ ဒီလို အနစ်နာခံခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ တရားတွေကို တကယ် ဘဝတဏှာ မပြတ်ရဲရင် သွားပြီး ကပျက်ကချော် မလုပ်ကောင်းဘူး မဟုတ်လား ။ အခုဟာက တရားက လူတွေကို ပြန်ချော့ နေရသလို ဖြစ်နေတယ် ။ဘဝတဏှာ မပြတ်လည်း ရသလောက် လုပ်ပေါ့လို့ ချော့နေရတယ် ။ ဘယ်လို လုပ်ပြီး တရား အရသာ ပြည့်တော့မှာလဲ ။ ရိပ်သာ လူစည်နေရင် ပြီးရောလို့ မှတ်ရမလို ဖြစ်နေပြီ ။ ဒါကို အရမ်း စိတ်မကောင်း ဖြစ်နေတာကွ ”  


သူက သက်ပြင်းချရင်း စိတ်ပျက်တဲ့ မျက်နှာထားနဲ့ ခေါင်းခါရမ်းနေပါတယ် ။


“ ခင်ဗျား ပြောတာ မှန်ပါတယ် ၊ ဒါပေမဲ့ ရိပ်သာ ဝင်ပြီးမှ ဘဝတဏှာပြတ်နိုင်သူတွေလည်း ရှိမှာပဲ ၊ ရိပ်သာ မရှိရင် ဘဝတဏှာ ပြတ်ဖို့ တောင် လူတွေ သိမှာ မဟုတ်ဘူး ”  

 

“ ဒါကို လက်ခံတယ် ၊ ဒါပေမဲ့ ရိပ်သာဝင်တဲ့ သူတွေ ကိုယ်တိုင် ဘဝတဏှာကို ပြတ်နိုင်ဖို့ အခွင့်ကြုံရဲ့သားနဲ့ ဘဝတဏှာ ထဲကို ပြန်ပြန်ရောက်လာကြတာကို ငါ ပြောချင်တာပါ ။ ဟုတ်လား ၊ ဖြစ်ပျက် ရှုတယ်ကွာ ၊ ဝင်လေထွက်လေ ရှုတယ်ကွာ ၊ လောဘဒေါသမောဟတွေ ငြိမ်းသတ်တယ်ကွာ ၊ ရုပ်နာမ် တရားတွေရဲ့ ဖောက်ပြန်မှုကို ရှုတယ်ကွာ ။ ပြီးတော့ ဟုတ်ပြီလား ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို လက်ဝယ်ပိုင်ပိုင် ရနိုင်ပါလျက် ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ကြတာ ခဏခဏပဲ ။ တကယ်တော့ကွာ ဘဝတဏှာကို မပြတ်သားရဲရင် ... ”  


“ နောက်တစ်မျိုး ငါ စဉ်းစားကြည့်တာက ဒီကနေ့ ဝိပဿနာတရားကို ကျင့်ကြံအားထုတ် နေကြသူတွေဟာ အင်မတန် ခက်ခဲနက်နဲတဲ့ မဂ်တရား ၊ ဖိုလ်တရားကို သဘောမပေါက်နိုင်ကြတာလည်း ဖြစ်နိုင်တယ် ။ နိ ဗ္ဗာန်ရဲ့ အနှစ်သာရကို သိနားလည်နိုင်လောက်အောင် ၊ နိဗ္ဗာန်ကို မက်မောချင်လောက်အောင် အတွင်းကျကျတွေးဆဖို့ မလွယ်တော့ဘဲ အာရုံငါးပါးရဲ့ နှောင်ဖွဲ့မှုက ပိုကြီးထွားလာကြတာ ဖြစ်မယ် ။ ငါလည်းပဲ အာရုံငါးပါးရဲ့ နှောင်ကြိုးတွေကို အပြစ် မမြင်နိုင်လို့ နိဗ္ဗာန်ကို တွေးဆနေ တာဖြစ်မယ် ။ မြင့်မြတ်ပြီး အထက်တန်းကျတဲ့ တရား ဆိုတာ လူတိုင်းနဲ့ မထိုက်တန်ဘူး မဟုတ်လား ။ ပြီးတော့ .. ”  


သူက စကားဆက် မပြောတော့ဘဲ ဆေးပေါ့လိပ်ကို မီးညှိပါတယ် ။ ကျွန်တော်လည်း သူနဲ့ ဆက် စကားပြောနေရင် ကိုယ့်ဘက်က အရှုံးရိပ် မြင်နေတာမို့ အသာလေး ထွက်လာခဲ့တယ် ။ သူ ဘာတတ်နိုင်မှာ မို့လို့ လဲဗျာ ။ ဘဝတဏှာ တကယ်ပြတ်ရဲမှ ရိပ်သာကို ဝင်ရမယ်ဆိုရင် လူတောင်ရှိမှာ မဟုတ်ဘူး ။ ဘာပဲဖြစ်ဖြစ် ရိပ်သာမှာ ဒီလိုပဲ ကျင့်ကြံ အားထုတ်ကြတာပဲ ။ ရသလောက် အချိန်လေးမှာ ကုသိုလ်စိတ်တွေ တိုးပွား အောင် ၊ အကုသိုလ်စိတ်တွေ မေ့လျော့အောင် ၊ လောဘဒေါသမောဟတွေ ဝေးကွာအောင် လုပ်ကြရတာပဲမဟုတ်လား ။


သူ ပြောတာတွေ နားထောင်ပြီးတော့ ဘုရားကို ကြည့်ရမှာတောင် မျက်နှာ ခပ်ပူပူရယ် ။ ကိုကာလာ တောင် သိနေမှတော့ ဘုရား က ပိုပြီးတောင် သိဦးမှာ မဟုတ်လား ။ သူ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့် အားထုတ် ရှာဖွေခဲ့တ နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျွန်တော် လို တက္ကစီသမားက တကယ် ကျွတ်တမ်း ဝင်ချင်လို့ မဟုတ်ဘဲ တစ်ခဏတာ စိတ်အပူငြိမ်း အောင် လာလေ့လာ အားထုတ်မှန်း ဘုရားက သိမှာပါပဲ ။


မတတ်နိုင်ဘူးဗျို့ ။


ရိပ်သာဝင်တယ် ဆိုတာ အခုခေတ်မှာ ဘဝတိုက်ပွဲ အတွက် ဗျူဟာတစ်မျိုး ဖြစ်နေပြီဗျ ။ ရိပ်သာဝင်နေတဲ့ အချိန်မှာ ပြင်ပ ပူပင်သောကတွေ ငြိမ်းတန်သလောက်ငြိမ်းတယ် ၊ လူလေးစားတယ် ။ ဒုက္ခ ၊ သုခတရားတွေ ၊ လောကဓံတရားတွေ ကြုံတဲ့ အခါ ထိုက်သလောက် အပူကို ထိန်းစေတယ် ။ ဘဝတဏှာနဲ့ ပတ်သက်ရင်တော့ မသိချင်ယောင် ဆောင်ရတာပေါ့ဗျာ ။ ဒါကို သိပ်ထည့်ထည့် မတွေးနဲ့ပေါ့ ။ အားလုံးဟာလည်း ရေလိုက်ငါးလိုက် နေနေကြတာပဲ မဟုတ်လား ။ ဘုရားကို မျက်နှာပူတယ်ဆိုတာ အဲဒါပဲဗျ ။ ကိုကာလာ က သူ တကယ် နိဗ္ဗာန် ကို မသွားချင်သေးဘူး ဆိုတာ ပွင့်ပွင့်လင်းလင်း ဝန်ခံရဲတယ် ။ ဘုရား ၊ တရား ၊ သံဃာ ကို လေ့လာဆည်းပူးတယ် ။ ဗုဒ္ဓဘာသာရဲ့ သဘောသဘာဝ ၊ သမိုင်းကြောင်း ၊ ဖြစ်ကြောင်းကုန်စင်တွေကို ပြင်းပြင်းထန်ထန် လေ့လာတယ် ။ သူက ရှေ့က ပုဂ္ဂိုလ်ကြီးတွေ နိဗ္ဗာန် ကို ဘာကြောင့် သွားကြသလဲ ဆိုတာ သိပြီးမှ နိဗ္ဗာန် ကို သွားဖို့  ၊ မသွားဖို့ သူ ဆုံးဖြတ်မယ်တဲ့ ။ သူများ ကောင်းတယ် ဆိုတိုင်း သူမယုံဘူး ၊ နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီးမှ ဆုံးဖြတ်မယ်လို့ ပြောပါတယ် ။ ဒါကြောင့် သူ နိဗ္ဗာန်ကို ဘာမှန်း မသိသေးဘဲ မသွားချင်ဘူးလို့ ပြောရဲနေပြီ ။ ကျွန်တော် ကျတော့ ဘယ်ပြောရဲမလဲ ။ နိဗ္ဗာန်ရောက်ရပါလို၏ လို့ ဆုတောင်းပါတယ် ။ တကယ် သွားချင်တာလား ၊ ဘာလားတော့ ကိုယ့်ဟာ ကိုယ် ပြန် မမေးတော့ပါဘူး ၊ ရှက်စရာကြီး ဖြစ်ဦးမယ် ။


ဘဝတဏှာနဲ့  ပတ်သက်ရင်လည်း ကျွန်တော့် ဖြစ်ရပ်က ပြောစရာကြီးဗျ ။


ဝင်လေထွက်လေကို ရှုမှတ်တယ် ၊ ရုပ်ခန္ဓာရဲ့ ဖောက်ပြန်မှုသဘောတွေကို လက်ခံတယ် ၊ မမြဲတဲ့ အနိစ္စတရားကို မြင်တယ် ။ လောကီဘုံဘဝ ရဲ့ ရှုပ်ထွေးပွေလီတဲ့ သံသရာ ဝဲသြဃကြီးကို တွေ့တယ် ၊ ခက်တာက နောက်ဆုံး ဘဝတဏှာကို ပြတ်သားဖို့ ကျတော့ မဟုတ်ချင်တော့ဘူး ။ တစ်ခါတလေ တရားမှတ်ရင်း လူတွေကို မြင်ရ ၊ တွေ့ရ ၊ စကားပြောရမှာတောင် အလန့်ကြီး လန့်လာတဲ့ အထိ လူ့ဘဝကို မြင်မိပါတယ် ။ ဘယ်သူနဲ့မှကို မတွေ့ချင်တဲ့ အထိ ဖြစ်လာရတယ် ။ ဒါပေမဲ့ ဒီလို အမြင်နဲ့ မသေခင် အထိ ရှောင်ဖယ် မှတ်ရှုနေဖို့ ကျတော့ မလုပ်နိုင်ပြန်ဘူး ။ ဒါဟာလည်း ဘဝတဏှာ ထဲကို ပြန်ဝင်လာတာပဲ မဟုတ်လား ။ ပြောရရင် အဲဒီ အချိန်လေးမှာ နိဗ္ဗာန်ကို တကယ် သွားမှာလား ဆိုရင် တော်တော် ပြောရခက်မယ် ။ အမြင် ညံ့တယ်လို့ ပြောရမှာပဲ ။ ခဏနေပါဦး ၊ နိဗ္ဗာန်ရယ်လို့ ပြောရမှာလည်း လူ့ဘဝ ၊ လူ့ခန္ဓာ ၊ သံသရာ ဝဲသြဃကြီးကို ပယ်ပယ်နယ်နယ်စက်ဆုပ်ရွံရှာမှုက အားပျော့ပျော့နဲ့ မို့ အချိန်တန်တော့ အိမ်ကိုပဲ ပြန်လာမိပါတယ် ။


ဒါကြောင့် ရှင်တော်မြတ်ဘုရားဟာ ဓမ္မကို တွေ့ရှိပြီးတဲ့ နောက် ဝေနေယျသတ္တဝါတွေကို သူ သိထားတဲ့ တရားဓမ္မ ဟောပြဖို့ရာ ဝန်လေးခဲ့တာ နေမယ် ။ ကျွန်တော့်လို ဘဝတဏှာ ကြားမှာ ရုန်းမထွက်နိုင်တဲ့ သူတွေမျိုးအတွက် အမြတ်ဆုံး နိဗ္ဗာန်ရောက်ကြောင်း တရားဟာ ဘာမှ မတတ်နိုင်ဘူး ။ အမျိုးမျိုး လှည့်ပတ်ပြီး ဒီဘဝ တဏှာထဲမှာပဲ ပြန် ကျင်လည်နေချင်တဲ့ အတွက် ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ မဟုတ်လား ။ ကျွတ်တန်းဝင်ဖို့ ပါရမီအခံ နည်းခဲ့တဲ့ အတွက် အဆုံးမှာတော့ ရိပ်သာကနေ အိမ်ပြန် လာခဲ့တာ အကြိမ် မနည်းတော့ပါဘူး ။


ပြန်လာမိလို့ ဒုက္ခတွေ ၊ အပူတွေ ကြုံရပြန်တော့ သံသရာလွတ်လမ်းကို လွမ်းသလိုလို ဖြစ်မိပြန်ရော ။ ရိပ်သာအသံ ကြားရင် ပြေးဝင်ချင်ပြန်ရော ။ ကိုကာလာ ကဲ့ရဲ့ရင်လည်း မတတ်နိုင်ဘူး ။ ခဏလေးပဲ ဖြစ်ဖြစ် ဘဝသံသရာကို ရှောင်ဖယ်စိတ်လေးနဲ့ ကြည့်ရတဲ့ အရသာကို မက်တာတော့ အမှန်ပါ ။


ပြီးတော့ ခင်မေနွယ် စိတ်ဆိုးမှာလည်း ခပ်ကြောက်ကြောက်ရယ် ။ ဘကြီး ရှေ့မှာ ပြောခဲ့တဲ့ ဘာသာရေးစကားတွေ အတွက် ကိုယ် တကယ် ဗုဒ္ဓဘာသာဝင် လူငယ်ဖြစ်တဲ့ အကြောင်း သက်သေပြဖို့က ရိပ်သာ ဝင်ပြရဦးမယ် မဟုတ်လား ။


 ▢  မာန် ( တောင်လုံးပြန် )

📖 မြို့ဂျပိုး

No comments:

Post a Comment