❝ ကွမ်းလုံက ကွမ်းကုန်သည် ❞
ကွမ်းလုံမြို့အဝင် ကွမ်းလုံကြိုးတံတားဝန်းကျင်က သာယာလှပတယ် ။ တောင်စဉ် အထပ်ထပ်ကို ဖြတ်ကျော်စီးဆင်းလာတဲ့ သံလွင်မြစ်က ကွမ်းလုံမြို့ကို ကွေ့ဝိုက် စီးဆင်းနေပါတယ် ။ ပတ်ဝန်းကျင်မှာ စိမ်းမြမြ တောင်တန်းတွေက ဝန်းရံလို့ ။
ကွမ်းလုံမြို့လယ်က ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေက တဝီးဝီး ၊ ထော်လာဂျီတွေက တဝုန်းဝုန်း ၊ ကွမ်းလုံမြို့ရဲ့ မြို့လယ် လမ်းမဘေး ဝဲယာနှစ်ဖက်လုံးမှာ ဈေးဆိုင် ၊ စားသောက်ဆိုင်တွေ တသီတတန်းနဲ့ စည်ကားတယ် ။
ဈေးလမ်းထောင့်အနီးမှာ မိဘမေတ္တာ ကွမ်းနဲ့ ကွမ်းပစ္စည်းဆိုင်းဘုတ်နဲ့ ဆိုင်တစ်ဆိုင်ရှိတယ် ။
ကွမ်းနဲ့ ကွမ်းပစ္စည်းဆိုင်လို့ ဆိုပေမယ့် ပန်းအိုး ၊ တံမြက်စည်း ၊ မီးဖို ၊ ဂျာနယ် ၊ ဗွီစီဒီတွေ ရှိတယ် ။ စာအုပ်အငှားဆိုင်လည်း ရှိပါတယ် ။
ဆိုင်ရှင် ကိုသန်းကွန့် က ဒေသခံမဟုတ်ဘူး ။ အောက်ပြည်အောက်ရွာက ရောက်လာပြီး ကွမ်းလုံမှာ အခြေကျ နေသူပါ ။ ကွမ်းလုံကို သူ ရောက်ရှိလာခဲ့ရတဲ့ သူ့ဘဝ လမ်းကြောင်းကို ကျွန်တော် မေးပါတယ် ။
“ ဒီကို ရောက်လာတာ ၁၉၉၄ ခု ဒီဇင်ဘာလမှာ ၊ ကျွန်တော်က မတ္တရာမြို့နယ် သမဝါယမ ဦးစီးဌာနဝန်ထမ်း ၊ အယ်လ်ဒီ ( ဒုတိယတန်းစာရေး ) ကနေ ယူဒီ ( အထက်တန်းစာရေး ) ကို ရာထူးတိုးလို့ ပြောင်းလာတာ ”
မတ္တရာ ဆိုတာက မန္တလေးမြို့အနီးအနားမှာ ။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူတယ် ။ ကွမ်းလုံ က ဝေးသီခေါင်ဖျား ဒေသတစ်ခု ။ သူ ဘယ်ရည်ရွယ်ချက်နဲ့ ရွှေ့ပြောင်းလာတာလဲ ။
“ ကျွန်တော့်အစ်မ နှစ်ယောက်က ကွမ်းပွဲရုံ နှစ်ခုရှိတယ် ။ ရာထူးတိုး ထွက်လာတော့ သွားရမှာက အဝေးကြီး ၊ ကွမ်းဈေးကွက်ချဲ့ဖို့ နယ်သစ် ရှာနေတဲ့ အချိန် ၊ ကွမ်းလုံက နယ်စပ်လို့ ပြောတယ် ၊ သွားကြည့်စမ်းလို့ အစ်မတွေက တိုက်တွန်းလို့ ရောက်လာတာ ”
“ အဲဒီအချိန်က သွားရလာရပုံကို ပြောပါဦး ”
“ မတ္တရာက မန္တလေး ၊ မန္တလေးက လားရှိုး ၊ လားရှိုးက ကွမ်းလုံ အဆင့်ဆင့် လာရတာ ။ လားရှိုးနဲ့ ကွမ်းလုံက လမ်းဆိုးတယ် ။ လမ်းမှာ နှစ်ည လောက် အိပ်ရတယ် ။ ရေပူမှာ တစ်ည ၊ ငှက်ပျောတောမှာ တစ်ည အိပ်ရတယ် ။ ကွမ်းလုံမြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်နားကို ငှက်ပျောတောလို့ ခေါ်တယ် ”
“ ဘာကြောင့် အိပ်ရတာလဲ ”
“ လမ်းက သိပ်ဆိုးတယ် ။ လမ်းက ရွှံ့တွေ ဗွက်တွေ ၊ အဲဒီနားမှာ ဗင်ကား တစ်စီး ရွှံ့ဗွက်ထဲ မြုပ်သွားဖူးတယ် ။ ဗင်ကား တစ်စီးလုံး မြုပ်တာ ၊ ကျွန်တော် စရောက်တဲ့ အချိန်မှာပေါ့ ”
“ ကွမ်းဈေးကွက်က ဘယ်လိုလဲ ”
“ မတ္တရာမှာ ကွမ်းတစ်ပိဿာ နှစ်ရာ ( ကျပ် ၂ဝဝ ) ၊ ကွမ်းလုံမှာ လေးရာ ( ကျပ် ၄ဝဝ ) ၊ နှစ်ဆမြတ်တယ် ။ ပြောင်းမယ် ဆိုပြီး ပြောင်းလာခဲ့တာ ”
“ ရုံးလုပ်ငန်း တစ်ဖက်နဲ့ပေါ့ ”
“ ဟုတ်တယ် ၊ အလုပ်က ပါးပါတယ် ။ သမဝါယမအသင်းက နည်းတယ် ၊ အစ်မတွေက ကွမ်းကို မတ္တရာ ကနေ လှမ်းပို့တယ် ”
“ လမ်းမှာကြာပြီး ကွမ်းတွေ နွမ်းကုန်တာ ၊ ပုပ်ကုန်တာမျိုး ရှိသလား ”
“ ရှိတာပေါ့ ၊ မိုးတွင်းမှာ မိုးရေ ထိရင် ပုပ်တယ် ၊ ဆောင်းနဲ့ နွေတော့ မရှိပါဘူး ”
ဒီဒေသက ပြန်ပြောင်းဖို့ စိတ်ကူးကို မေးတော့ သူတို့ ဌာနက ရာထူးတိုး ပြောင်းရွှေ့ပေးလိုက်တဲ့ ဒေသမှာ ခြောက်လ နေကြည့်ပြီး အဆင်မပြေရင် ပြန်ပြောင်းပေးမယ် ဆိုပေမယ့် သူကတော့ အဆင်ပြေလို့ ပြန်မပြောင်းတော့ဘူးလို့ ပြောပါတယ် ။ သူ့ဇနီးကိုပါ ခေါ်လာပြီး ကွမ်းလုံမှာပဲ နေတော့တယ် ။
“ အမျိုးသမီးပါ ပါလာတော့ ကွမ်းရွက်လည်း လက်ကား ရောင်းတယ် ။ ကွမ်းယာလည်း ရောင်းတယ် ။ နောက် ကွမ်းပစ္စည်းလည်း ရောင်းတယ် ။ ချင်းရွှေဟော် ၊ ဟိုပန် ၊ နန်းဟူး ၊ ကောင်းကျဲ ၊ လောက်ကိုင် ဒေသတွေကိုလည်း ကွမ်းနဲ့ ကွမ်းပစ္စည်း ပို့တယ် ။ တရုတ်ပြည် မိန်းတိန် အထိ ကျွန်တော် ပို့တယ် ”
“ တရုတ်ပြည်ထဲပို့တော့ ဟိုဘက်က ငွေ ဘယ်လိုပြန်ရသလဲ ”
“ ပြန်လွှဲပို့ပေးတယ် ၊ အဲဒီဘက် မှာလည်း ကု,လားတွေ ရှိတယ် ။ သူတို့က ကွမ်း တအား စားတယ် ။ သူတို့ဆီကို ပထမ သွားစပ်တယ် ၊ နောက်တော့ ပစ္စည်းကို ကားသမားနဲ့ ပို့ပေးတယ် ၊ သူတို့ကလည်း ကားသမားနဲ့ ပြန်လွှဲပို့တယ် ”
“ တရုတ်ပြည်ထဲ အထိ ရောင်းတော့ ဘာသာစကား အခက်အခဲ ရှိသလား ”
“ ရှိတာပေါ့ ၊ တတ်တဲ့လူနဲ့ ကပ်လိုက်သွားရတာ ၊ နောက် ကြာသွားတော့ ပေါက်လာတော့ ၊ ကိုယ်က ပြောတတ်လာတော့ အဆင်ပြေပါတယ် ”
“ လုပ်ငန်းချဲ့လာပုံ ပြောပါဦး ”
“ ဦးမြင့်သော် ဆိုတဲ့ သမဝါယမလူကြီးတစ်ယောက်က ဘယ်သူမှ မရောင်းတဲ့ ပစ္စည်းမျိုးကို ရောင်းပါလို့ အကြံပေးတယ် ။ မန္တလေးမှာ ရှိပြီး ကွမ်းလုံမှာ မရှိတဲ့ ပစ္စည်းမျိုးကို တင်တဲ့ ၊ တကယ်တော့ ဝယ်တဲ့ လူက ဆရာပဲ ၊ ဆန်ကော မရှိဘူး ၊ ဆန်ကော စတင်လိုက်တယ် ။ နတ်အုန်းသီး မရှိဘူးလား မေးပြန်တော့ နတ်အုန်းသီး တင်ပြန်တယ် ။ ဒီပစ္စည်းတွေ အကုန်လုံး ဝယ်တဲ့သူက မေးလို့ တင်ရတာ ”
သူ့ဆိုင်ထဲကို ကြည့်လိုက်တော့ ပစ္စည်းတွေက အစုံ ၊ ဆန်ကော ၊ ဘုရားပန်းအိုး ၊ ပုသိမ်မီးဖို ၊ မီးခံပြား ၊ လျှပ်စစ်မီးဖို ၊ နတ်ဆွဲအုန်း ၊ တံခွန်ကုက္ကား ၊ ရွှေဆိုင်း ၊ တံမြက်စည်းအကြမ်း ၊ တံမြက်စည်း အနု ၊ ရေပန်းကရား ၊ ပြက္ခဒိန် ၊ ပိုစတာ ၊ ဖျာ ၊ အုန်းသီးအခြောက် ၊ အုန်းသီးအစို ၊ သံသေတ္တာ ၊ စုံစီနဖာ တွေ့ရပါတယ် ။
“ ဒီဘက်က ဝန်ထမ်းတွေများတော့ နတ်အုန်းသီးက တော်တော် ရောင်းကောင်းတယ် ”
နတ်ကိုကိုးသူတွေ များပုံရတယ်လို့ ကျွန်တော် တွေးမိတယ် ။
“ အဲဒီမှာ အတော်လေး အဆင်ပြေနေတုန်း ကျွန်တော် ငှားဖွင့်နေတဲ့ ဆိုင်ကို ၂ဝဝ၃ ခုနှစ် ၊ မတ်လ ၁ဝ ရက်နေ့ ည ၁၀:ဝဝ နာရီမှာ မီးလောင်ပါလေရော ”
“ ကိုယ့်ဆိုင်က စလောင်တာလား ”
သူများ ရပ်ရွာမှာ ရောက်နေခိုက် မီးလောင်မှု ဖြစ်ရင် ဥပဒေကြောင်း အရ ရင်ဆိုင်ရမှာ မချောင်ဘူးလို့ တွေးမိတာကြောင့် သူ့ကို မေးခွန်းထုတ်တယ် ။
“ အရှေ့ဘက်ကပ်ရက် အိမ်က စလောင်တာ ။ အကုန် ပါသွားတာ ။ လက်လွတ် ထွက်ပြေးရတာပဲ ။ ဘာမှကို မရလိုက်ဘူး ။ မတ္တရာပဲ ပြန်ရတော့မှာ လိုလို ၊ ကွမ်းလုံမှာပဲ ပြန်ထူထောင်ရမှာပဲလား ပြန်စဉ်းစားရတော့တာပေါ့ ။ နောက်တော့ ကွမ်းလုံမှာပဲ ဆက်နေမယ် ဆုံးဖြတ်ပြီး နေရာပြောင်းပြီး ဆိုင်သစ် ထပ်ဖွင့်တယ် ”
ကွမ်းလုံမှာ ရပ်တည်နေတဲ့ အခက်အခဲတွေကို ကျွန်တော်က ဆက်မေးတယ် ။
“ မိုးတွင်းမှာ လမ်းမကောင်းရင် ကုန်ပြတ်တယ် ။ တယ်လီဖုန်းလိုင်း ပျက်တဲ့အခါ အဆက်အသွယ် ခက်ပြီး ကုန်မှာလို့ မရတော့ဘူး ၊ လမ်းမှာ ကွမ်းရွက်တွေ မိုးမိရင် ပုပ်ကုန်တယ် ။ ကွမ်းက မိုးရေနဲ့ မတည့်ဘူး ”
သူ့လုပ်ငန်းကို အခက်အခဲတွေ ကြားက တိုးချဲ့လာခဲ့တဲ့ အကြောင်းတွေကိုလည်း မေးတယ် ။
လောက်ကိုင် ကလည်း လာလာဝယ်တယ် ။ သူတို့ဆီမှာလည်း ဆိုင်ခွဲဖွင့်ဖို့ ပြောကြတာနဲ့ အမျိုးသမီးကို လောက်ကိုင် လွှတ်ပြီး ဆိုင်ခွဲဖွင့်လိုက်တယ် ။ သမီးလည်း ကျောင်းပြီးသွားတော့ တစ်ဖက်မှာ အစိုးရဝန်ထမ်း လုပ်ရင်း စာအုပ်အငှားဆိုင်လေး ဖွင့်တယ် ၊ စာအုပ်အငှားဆိုင်ကနေ ဂျာနယ် ၊ ဗွီစီဒီ ၊ ပိုစတာတွေ ထပ်ချဲ့တယ် ”
ကျွန်တော်က သူ့ရဲ့ ဝန်ထမ်းဘဝ ဖြတ်သန်းမှုကို မေးပါတယ် ။
မွေးတာက မတ္တရာမြို့ မှာပဲ ။ ဆယ်တန်းအောင်တော့ အစိုးရအလုပ် ဝင်လုပ်တယ် ၊ ရာထူးတိုးပြီးတော့ ကွမ်းလုံကို ရောက်လာတယ် ၊ ၂ဝ၁၁ ခုနှစ်မှာ ဝန်ထမ်း အဖြစ်က ပင်စင်ယူလိုက်တယ် ။ ဦးစီးမှူးအဆင့်နဲ့ ပင်စင်ယူလိုက်တာပါ ”
“ ကိုယ့်ဘဝအတွက် အပြောင်းအလဲ ဘာကြောင့် ဖြစ်တာလဲ ”
“ ဦးမြင့်သော် အကြံပေးတဲ့ အတိုင်း ကွမ်းလုံမှာ ဘယ်သူမှ မရောင်းသေးတဲ့ ပစ္စည်းမျိုး ရောင်းပါဆိုတာ လုပ်တဲ့အတွက် ဘဝမှာ တိုးတက်မှု ရလာတာပါ ”
ကွမ်းလုံမြို့မှာ သူက မြို့သားလို ဖြစ်လာတော့ လူမှုရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တဲ့ အကြောင်းကို ဆက် ပြောပြပါတယ် ။
လူမျိုးဘာသာမရွေး ၊ သာရေး ၊ နာရေး လူမှုကူညီရေးအသင်း ဖွဲ့စည်းရာမှာ ပါဝင်ပြီး သူက စာရင်းစစ်အဖွဲ့ဝင်အဖြစ် ပါဝင်လုပ်ကိုင်နေတဲ့ အကြောင်းကို ပြောပြတယ် ။
“ ကျွန်တော်တို့ လုပ်နေတဲ့ လူမှုကူညီရေးအသင်းက လူမျိုးဘာသာ မရွေး ဆောင်ရွက်ပေးရုံသာ မဟုတ်ဘူး ။ အဖွဲ့ထဲမှာ လုပ်နေတဲ့ လူကြီးတွေကလည်း လူမျိုးအစုံ ၊ ကိုးကွယ်တဲ့ ဘာသာအစုံပဲ ။ အဖွဲ့ထဲမှာ လူကြီးတွေချည်း မဟုတ်ဘူး ။ လူငယ်တွေလည်း များတယ် ။ ဖွဲ့တဲ့ သက်တမ်းက သိပ်မကြာသေးပေမယ့် တိုးတက်မှုရှိတယ် ”
ကိုသန်းကွန့် ကို ကြည့်ရတာ သူ့ကိုယ်သူ ကွမ်းလုံမြို့သားလို့ပဲ ခံယူထားပုံရတယ် ။ မြို့ခံတွေကလည်း သူ့ကို သူတို့မြို့သားအဖြစ် လက်ခံထားပုံ ရပါတယ် ။
⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
No comments:
Post a Comment