❝ သမုဒယသစ္စာ ❞
⎕ ကျေး ( ဆေး - ၁ )
အမယ်လေးတော် ... မိုးကလည်း ရွာလိုက်တာ ။ ညကတည်းက ရွာနေတာ ၊ ခုထိကို သည်းနေတုန်း ။ ရေဒီယိုကနေ မုန်တိုင်းဆိုတာကို ကြားတော့ ကြားမိပါရဲ့ ။ ခုတလောလည်း ဝင်လိုက်တဲ့ မုန်တိုင်းဆိုတာ ပြောကို မပြောချင်တော့ပါဘူး ။ ကျုပ်ဖြင့် နေလာတာပဲ အသက် ၇ဝ ကျော်ပြီ ၊ ဒီလောက် ဥတုဆိုးတဲ့ နှစ်ကို ကြုံကြုံဖူးပေါင်တော် ။ ကျုပ်တို့ နိုင်ငံလည်း နေလို့ဖြင့် တကယ်ကို မကောင်းတော့ဘူး ။ ရာသီဥတုက မကောင်းရတဲ့ ကြားထဲ လူတွေဆိုတာလည်း ဆိုးချက်ပါတော် ။ ဟိုဘက်က လု ၊ ဒီဘက်က သ,တ်နဲ့လေ ။ အမှုအကြောင်းတွေ နားစွန်နားဖျား ကြားမိတာတောင် ကြက်သီးတွေ ထ,မိပါရဲ့ ။ ဒီလို မလုံမခြုံဖြစ်နေတဲ့ တိုင်းပြည်မှာ ကျုပ်လို တဲစုတ်ထဲ နေရတဲ့ အဘွားကြီးတစ်ယောက်က နှစ် ၇ဝ ကျော် အသက်ရှည်နေရတယ် ဆိုတာကလည်း ဝဋ်တစ်မျိုးပဲ ။
“ အမေရာ ... ဘာတွေ ထိုင်လုပ်နေသလဲ ။ ဒီမှာ စောင့်ရတာ အိုသေတော့မယ် ”
အိုး ... ခက်ပါရဲ့ ။ ကျုပ်မလည်း အသက်ကြီးတော့ အတွေးတွေက တော်ရုံမရပ်နိုင်ဘူး ။ တစ်ခါတစ်ခါ တွေးမိရင် မျောကိုသွားတာ ။ ဝဋ်တွေထဲမှာ အဆိုးဆုံးကလည်း သားသမီးဝဋ်ပဲ ။ တစ်သက်လုံး ရှာကျွေးလာတဲ့ အမေကို ခဏလေး စောင့်ရတာများ အိုသေတော့မတဲ့လေ ။ ကျုပ်ကသာ ရှင်တို့ကို ရှာကျွေးရင်း အိုသေမယ့် အဘွားကြီးပါတော် ၊ အိုသေမယ့် အဘွားကြီးပါ ။
စိတ်ထဲကသာ ညည်းရဲတာ ၊ အသံထွက် မညည်းရဲဘူး ။ အား .. ကျွတ်ကျွတ် ... ကျုပ်မလည်း အထိုင်ခက် ၊ အထ,ခက် အရွယ် ရောက်နေပါပြီ ။ နာလိုက်တဲ့ ခါးဆိုတာ ပြောကို မပြောချင်တော့ဘူး ။ အေးပေါ့ ၊ ဇရာနဲ့ ဥတုဆိုးက ပေါင်းနှိပ်စက်မှတော့ ကျုပ် ခန္ဓာလည်း ဘယ့်နှယ်လို့ တောင့်ခံနိုင်တော့မလဲ ။ မိုးအေးရင် ဟိုနားက နာ ၊ ဒီနားက ကိုက်နဲ့လေ ။
ကိုယ့် ဘာသာတော့ မညှာဖြစ်ဘူး ။ ညှာလို့လည်း မရဘူး ။ ကျုပ်ဟာကျုပ် ညှာပြီး တစ်ရက်လောက် အိမ်ထဲ နားကြည့်ပါလား ။ ကျေးဇူးရှင်ကိုယ်တော်ချော က ငရဲကို ခုန်ပြီး ပစ်ဝင်ဖို့က အသင့် ။ ပါးစပ်ကနေ အမနာပစကားတွေ ထွက်လာဖို့ ဆို ဒင်း ( သင်း ) က အမြဲအဆင်သင့် ။ အမေသော ဘာသော ကြည့်နေမယ့်ကောင် မဟုတ်မှန်း ကျုပ်က သိပြီးသား ။
“ ကဲရော့ ...”
ကိုယ်တော်ချောက ပြောပြောဆိုဆိုနဲ့ လက်ထဲ ဗန်းကို ဇွက်ခနဲ ထိုးထည့်သွားတယ် ။ ဗန်းထဲက ခရေပန်းကုံးတွေကို ကြည့်နေပေမဲ့လည်း စိတ်ထဲမတော့ မလန်းနိုင်ပါဘူး ။ အပျိုဘဝကဖြင့် ခရေပန်းများ တွေ့လို့ကတော့ ခွေပြီး ဆံထုံးမှာ ပတ်လိုက်တာပဲ ။ ခရေပန်းနံ့ တသင်းသင်းနဲ့ စိတ်ကို လန်းဆန်းသွားရော ။ ခုတော့ နေ့တိုင်း ရောင်းနေကျ ဒီခရေပန်းအနံ့ ရရင်ကိုပဲ ခေါင်းတွေက ငြီးစီစီ ဖြစ်လာတာ ။ ဒါပေမဲ့လည်း ကိုယ် ရောင်းရမယ့် ဗန်း ဆိုတော့လည်း ငြင်းခွင့် မရှိဘူး ။ ဒါကြောင့်ပဲ ဗန်းကို လက်ထဲ တင်းတင်းနေအောင် ပိုက်ထားလိုက်တယ် ။
“ ကဲ ... အမေ ... ဆိုက်ကားက ဒီနေ့ ချိန်းကြိုးလဲရမှာမို့ အမေ့ဘာသာ လမ်းထိပ်လျှောက် ။ ဘတ်စ်ကား စီးပေရော့ ”
ခေါင်းပဲ အသာညိတ် ပြလိုက်တယ် ။ စကားကို ပြောချင်စိတ် မရှိတော့တာ ။ ခါးနာလို့ တကျွတ်ကျွတ်အော်တာလည်း သူကြားလျက်သားနဲ့ ။ သူ မညှာမှဖြင့် ကျုပ်က အပိုတွေ စကားလုပ် ပြောမနေတော့ပါဘူး ။ သွပ်ဆွေးဆွေးပေါ်က ကျလာတဲ့ ရေစက်တွေတောင် ကျုပ်ပခုံးပေါ် ဖြတ်စီးသွားပြီ ။ ဒါကြောင့်ပဲ လက်တစ်ဖက်က ခရေဗန်းလေး ကိုင် ၊ နောက်တစ်ဖက်က ထီးကလေး အသာဖွင့် ၊ လမ်းခပ်ကြမ်းကြမ်းကို တစ်ကိုယ်တည်း လျှောက်တော့ အားငယ်မိတယ်လေ ။ ကျွတ်ကျွတ် ... ခါးကလည်း ပိုနာလာလိုက်တာ ။ တစ်ကိုယ်လုံးကို ချည့်နေရောပဲလေ ။
••••• ••••• •••••
ကားဂိတ်တော့ ရောက် ပြီ ။ မဟန်နိုင်လွန်းလို့ ဂိတ်က ခုံတန်းပေါ်ကို ဗန်းတင်ပြီး ထိုင်ချပစ်လိုက်တယ် ။ ဈေးကို နောက်ကျမှရောက်လည်း မတတ်နိုင်ဘူး ။ ခရေပန်း ရောင်းမကုန်လည်း ကုန်တဲ့နည်း သုံးရမှာပဲ ။ စိုရွဲနေတဲ့ ထီးကို ဘေးချရင်း ကား လမ်းမဘက် မျှော်ကြည့်နေ လိုက်တော့တယ် ။ ဘတ်စ်ကား မလာသေးတာလည်း အကောင်းသား ။ ကျုပ် နည်း နည်းတော့ ထပ်နားချင်သေးတယ် ။
အို ... တင်ပါးနားက စိုစိစိနဲ့ ။ ဘာပါလိမ့် ။ ဩော် ... ဟုတ်ပါရဲ့ ။ ထီးက ရေတွေ စီးလာပြီး ထဘီကို လာစိုနေတာ ။ ဒုက္ခ ဒုက္ခ ။ ခါးက နာပါတယ်ဆိုမှ တင်ပါးကို မိုး ရေက လာစိုမှတော့ ဘယ့်နှယ်လို့ ခါးနာပျောက်ပါတော့ မလဲ ။ သေချာပြီ ။ ခါးက သိပ်မကြာခင် တစစ်စစ် ကိုက်လာတော့မှာ ။ အပေါ် သွားဖုံးနဲ့ပဲ အံကို ခပ်တင်းတင်းကြိတ်လိုက်တော့တယ် ။ နာကာမှ နာရော့ ။ စီး ရမယ့် ဘတ်စ်ကားက ဂိတ် ရှေ့ရောက်တော့မယ် ။ ဗန်းလေး ကိုင်ပြီး မတ်တတ်ကို အားတင်းရပ်လိုက်တယ် ။
“ အဘွား ရရဲ့လား ၊ ဖြည်းဖြည်း ။ သက်ကြီးပိုင်း ပါတယ် ဆရာ ခဏ ”
ချော်လဲမစိုးလို့ ပလက်ဖောင်းပေါ်ကနေ ခြေကို ထိန်းဆင်းနေရတယ် ။ တော်သေးတာပေါ့ ။ စပါယ်ယာလေးက ကျုပ်ကို တွဲပြီး ကားပေါ် တင်ပေးလို့သာပဲ ။ နို့မို့ ဒီခါးနဲ့ ကားပေါ်ကို ကျုပ်ဘယ့်နှယ်လို့ တက်နိုင်မတုံး ။ ကားပေါ် ရောက်ရောက်ချင်း ဘေး ဘီဝဲယာ ကြည့်လိုက်တယ် ။ ထိုင်စရာနေရာက မရှိ ။ တစ်ယောက်ယောက် ထ,ပေးရင် ကောင်းမယ်လို့တော့ တွေးမိသား ။ ဒါပေမဲ့လည်း ထိုင်စရာနေရာ ရဖို့ လမ်းတော့ သိပ်မမြင်ဘူး ။
အကုန်လုံးက ဖုန်းကိုယ်စီနဲ့ ခေါင်းကို ငုံ့ထားကြတာ ။ အဘွားကြီးတစ်ယောက် ကားပေါ်တက်လာမှန်း သူတို့ သိပုံမပေါ်ကြဘူး ။ ဒါနဲ့ပဲ ထီးလေးကို ဗန်းပေါ် တင် ၊ အားတဲ့ လက်တစ်ဖက်နဲ့ ဘေးတန်းကို ကိုင်ပြီး စီးရတော့တယ် ။ ဒီနေ့မှ ကားက လည်း ရမ်းချက်တော် ။ ခါး နာရတဲ့အထဲ လူကို ဟိုဆွဲ ဒီယမ်း လုပ်နေသလိုပါပဲ ။
“ အစ်မကြီးရေ ဒီက အဘွားအတွက် နေရာဒါန လေးပြုပါဗျနော် ”
အစ်မကြီးလို့ ခေါ်ခံရသူလေးက ကြည်ကြည်ဖြူဖြူနဲ့ ထ,ပေးရှာပါတယ် ။
“ အဘွား တက်လာတာ မမြင်လို့ ။ ကန်တော့နော် ” တဲ့ ။ ကျုပ်လည်း တစ်ချက်ပြုံးပြ ပြီး သူပေးတဲ့နေရာမှာ ခပ်ရို့ရို့ ဝင်ထိုင်လိုက်တယ် ။ နေရာတောင်းပေးတဲ့ စပါယ်ယာလေးကိုရော ၊ နေရာပေးတဲ့ မိန်းကလေးကိုပါ ဆုတွေတထောကြီး ပါးစပ်က တတွတ်တွတ် ရွတ်ပေးလိုက်တယ် ။
ပြောထားတဲ့ ဈေးမှတ်တိုင် ရောက်တော့ စပါယ်ယာလေးက အဘွားလာ ဆိုပြီး တွဲ ဆင်းပေးပြန်ရော ။ လောကမှာ ဒီလို ကလေးတွေ ရှိတာလည်း သာဓုပါတော် ။ သူတို့ လေးတွေ ဘုန်းကြီးပြီး အသက်ရှည်ပါစေ ။ စိတ်ရင်းလေးတွေ ကောင်းလျက်နဲ့ အလုပ်ကြမ်းတွေ လုပ်ရရှာတာ ။ ဒါပေမဲ့လည်း သူတို့လေးတွေ စပါယ်ယာအလုပ်နဲ့ ကြာကြာ ဝဋ်ခံစရာမလိုတော့ပါဘူး ။ သိပ်မကြာခင် အဲယားကူး ဆိုလား ၊ ဟဲယားကူး ဆိုလား ၊ အအေးဓာတ်နဲ့ ကားကြီးတွေက ဒီလို ကားလေးတွေနေရာမှာ အကုန် အစားထိုးတော့မှာတဲ့ ။ အဲဒီကားကြီးတွေသာလာရင် သူတို့က စပါယ်ယာ လုပ်စရာ မလိုတော့ဘူးတဲ့လေ ။ ဒါဆို သူတို့လေးတွေ ဘာလုပ်စားကြ မှာပါလိမ့် ။
ကဲ ... လုပ်ပြန်ပါပြီ ။ မှတ်တိုင်မှာ အကြာကြီး ငူငူငေါင်ငေါင် ရပ်နေမိပြန်ပြီ ။ ခါးတွေက ပိုနာလာမှ ဈေးရောင်းဖို့ကို သတိရတယ် ။ ဒါနဲ့ပဲ တစ်လှမ်းချင်းလှမ်း ။ လမ်းမှာတွေ့တဲ့ ဗွက်အိုင်တွေကိုလည်း ကွေ့ပတ်ရှောင်မနေတော့ပါဘူး ။ နင်းလိုက်တော့လည်း ဇွက်ခနဲပဲ ။ ဒီလို နောက်ကျပြီဆို ဗွက်တွေများများပေလေ ကောင်းလေပဲ မဟုတ်လား ။
ဖြည်းဖြည်း လျှောက်ရင်းနဲ့ပဲ ဈေးရှေ့ ရောက်လာတယ် ။ ဈေးပေါ်တက်ရမယ့် ကုန်းကို ကြည့်ရင်းနဲ့ပဲ မောပြီး သက်ပြင်းချမိတယ် ။ ဗန်းထဲက ခရေကုံးတွေကို ကြည့်တော့လည်း ပိုမောတာပါပဲ ။ ဒါတွေကုန်မှ အိမ်ပြန်ရမှာ မဟုတ်လား ။ ညောင်းလို့ညာလို့ ပြန်မယ် မစဉ်းစား နဲ့ ။ အိမ်က ကျေးဇူးရှင်က ကာယကံနဲ့ ငရဲကို ထိုးဆင်း ဖို့က အသင့် ။ မဖြစ်သေးပါ ဘူး ။ ကျုပ်ရဲ့ နားချင်စိတ်ကို ဖျောက်မှ ။ ပြုသူ အသစ် ၊ ဖြစ်သူ အဟောင်းတဲ့ ။ ရေဒီယိုက တရားလေးနာရင်း မှတ်ထားမိတာ ။
ကျုပ် ခံရမယ့် ဝဋ်ကို ကျုပ် အကုန်ဆပ်ပါ့မယ်လေ ။ ကျုပ် ဝဋ်ကြောင့် အလကား နေရင်း ကျုပ်သား ငရဲရောက်တာတော့ အဖြစ်မခံနိုင်ဘူး ။ ဒါနဲ့ပဲ လည်ပင်းပေါ်ကို ဆွဲပြားလေးချိတ်ရင်း ကျုပ်ကံ ကျုပ် တွေးပြီး မောနေမိတော့တယ် ။ ခရေပန်း ရောင်းမကုန်တိုင်း ထပ်ထပ်ရလာမယ့် ကျုပ်ဘဝဝဋ်ကြွေးတွေကို ကျုပ်တွေးမိရင် အသက် ရှူတောင် မဝ,ပါဘူး ။ ဒါပေမဲ့လည်း သားကျွေးမှုအတွက်ပဲလေ ။ ရလာမယ့် ငရဲ ကျုပ် ခံရဲပါတယ် ။ ဒါနဲ့ပဲ သက်ပြင်း ခပ်ရှည်ရှည်တစ်ချက် ချ ၊ ကုန်းပေါ်ကို တစ်လှမ်း ချင်းတက်တော့ မောလိုက်တာလေ ။
••••• ••••• •••••
ဈေးပေါ်ရောက်တော့ မိုးက စဲသွားပြီ ။ လေကတော့ တိုက်တုန်း ။ ဝေ့ခနဲ ဝိုက်ခနဲ တိုက်သမျှ လေတိုင်းကို ကျုပ် မနည်းကြီး သည်းခံနေရတယ် ။ အရိုးကနေ စိမ့်ပြီး နာလာလွန်းလို့ လမ်းလျှောက်ဖို့ မပြောနဲ့ ။ မတ်တတ်တောင် မရပ်နိုင်တော့ဘူး ။ ဒါနဲ့ပဲ ဆိုင်တစ်ဆိုင် ရှေ့နား ချထားတဲ့ ဘိလပ်မြေတုံးကြီးပေါ် ထိုင်ချလိုက် တယ် ။ မိုး ... မိုး အတော်ကို ဒုက္ခပေးတဲ့မိုး ။ ဒီ မိုးကြောင့်ပဲ ခါးက နာ ၊ ဒီ မိုးကြောင့်ပဲ ဈေးပေါ်မှာ လူက ရှင်းနေ ။ ခုထိ ဗန်းပေါ်မှာ ခရေပန်းတွေက အပြည့် ။ ခရေပန်းကုံးတွေကို ကြည့်ရင်း အလိုလို မျက်ရည်က စိမ့်လာတယ် ။
ဪ ... ကျုပ်အိုဇာတာရယ် ဘယ့်နှယ်ကြောင့် ဒီလောက်ဆိုးရသလဲ ။ ဟော ထွက်လာပြီ ။ ပါးပေါ်မှာ စိုခနဲ ။ ထိန်းလို့ကို မရတော့ဘူး ။ ကဲ ... ဒီအချိန်မှတော့ မထူးတော့ဘူး ။ ငိုပေရော့ဟေ့ ၊ ငိုပေရော့ ။ ဆိုးလိုက်တဲ့ အိုဇာတာကို တွေးတွေးပြီးတော့သာ ငိုပေရော့ ။ ငိုလက်စနဲ့ ဆက်သာငို ။ တစ်ယောက်ယောက် လာမေးတဲ့ ထိသာ ငိုတော့ ။ ထွက်စမ်း မျက်ရည်တွေ ၊ ဆိုးစမ်းဟဲ့ အိုဇာတာ ။
“ အမေကြီး ၊ ဘာလို့ ငိုနေသလဲဗျ ။ ဘာကူညီပေးရမလဲ ”
ကျုပ်မျက်ရည်တွေကို လက်ခုံနဲ့ ဆွဲသုတ်လိုက်တယ် ။ မျက်နှာကို မော့ကြည့်တော့ ကျုပ်သား အရွယ် ကောင်လေးတစ်ယောက် ။ သူ့လက် ထဲမှာတော့ အထုပ်အပိုးတွေ နဲ့ ။ သူ့နောက်မှာက အမျိုးသမီးတစ်ယောက် ။ နောက်က ကောင်မလေးက အဲဒီ ကောင်လေး ကျောကို လက်ကုတ်ရင်း “ မောင်ရယ် အမေ့ ကို သွားပို့တာ နောက်ကျနေဦးမယ် ”လို့ ပြောတယ် ။ ကောင်လေးက “ ရပါတယ် ” လို့ လှည့်ပြောရင်း ကျုပ်ကို တစ်ချက်ကြည့်တယ် ။
အို ... ဘယ့်နှယ် ၊ သူ့ မျက်လုံးတွေက စိုနေပါ့လား ။ မိုးစိုထားတာတော့ ဖြစ်ပုံ မပေါ်ပါဘူး ။ မိုးက တိတ်သွားပြီပဲကို ။ သူ့ ကြည့်ရတာလည်း မိုးမိထားပုံ မပေါ်ပါဘူး ။ ဒါဆို .. သူရော ငို ထားတာလား ။ ကျုပ် ငိုတာ မြင်ပြီး လိုက်ငိုတာတော့ ဖြစ်ဟန်မတူပါဘူး ။ သူနဲ့ကျုပ် ဘာမှမှ မဆိုင်တာ ။ ဪ လုပ်ပြန်ပြီ ။ ကျုပ် အတွေးတွေ ရှည်ပြန်ပါပြီတော် ။
“ အမေကြီး ၊ ကျွန်တော်တို့ ဘာကူညီပေးရမလဲ ခင်ဗျာ ”
“ အဒေါ် ကျန်နေတဲ့ ဒီခရေပန်းသုံးကုံးကို ရောင်းမကုန်လို့ အဒေါ် ငိုနေတာ ”
“ ဟာ အမေကြီးကလည်း ကျွန်တော် ဝယ်မှာပေါ့ ဗျ ၊ ဒါပေမဲ့ ခုက သုံးကုံးတည်း ကျန်တာ မဟုတ်ဘူးလေ ။ အများကြီး ရှိနေသေးတာကို ”
“ ဒီမှာလေ ၊ အဒေါ် ရေပြမယ် ။ တစ် ၊ နှစ် ၊ သုံး ... တစ် ၊ နှစ် ၊ သုံး ၊ တစ် ၊ နှစ် ၊ သုံး .... ”
“ ဟာ ရပြီ ၊ ရပြီ ။ ဟုတ်တယ် ။ ဟုတ်တယ် ။ ဒီခရေပန်းသုံးကုံးကို ကျွန်တော် ဝယ်မယ် ။ ဟုတ်ပြီလား ”
ကောင်လေးက ပြောပြောဆိုဆိုနဲ့ သူ့နောက်က ကောင်မလေးဘက်ကို လှည့်လိုက်တယ် ။ ကောင်မလေးကတော့ စိတ်တိုနေတယ် ထင်ပ ။ ပိုက်ဆံအိတ်ကို ဆောင့်ဆောင့်အောင့်အောင့် ဖွင့်လို့ ။ အိတ်ထဲက တစ်သောင်းတန် တစ်ရွက်ထုတ်ပြီး ကောင်လေးကို လှမ်းပေးလိုက်တယ် ။ ကောင်လေးက နောက်တစ်ရွက် ထပ်တောင်းရှာတယ် ။ ကျုပ်ကတော့ ဘာမှ မပြောဘူး ။ မသိသလို ပုံနဲ့ ခရေပန်းကုံးတွေ ကိုပဲ ကြည့်ရင်း တစ် ၊ နှစ် ၊ သုံးကို ဆက်တိုက်အော်နေ လိုက်တယ် ။ သူတို့ ဆက်ယုံနေဖို့ လိုတယ်လေ ။
“ အမေကြီး နှစ်သောင်းယူနော် ။ အမေကြီး လက်ထဲက ခရေပန်းတွေ သားကို ပေး ။ ဒါနဲ့ အမေကြီး ဘယ်မှာနေလဲ ”
“ အရှေ့ဒလ ။ အရှေ့ဒလမှာ နေတာ ”
ကောင်လေးက ကြောင်စီစီနဲ့ ကျုပ်ကို ကြည့်တယ် ။ ကျုပ်ကတော့ အရှေ့ဒလ ဆိုတာချည်းပဲ လှိမ့်ပြောနေပစ်လိုက်တယ် ။ ဒါပေမဲ့ ကောင်လေး မြင်သာအောင်တော့ ကျုပ် လည်ပင်းလေးကို တစ်ချက် ကုတ်ပြလိုက်တယ် ။
“ မောင် သွားမယ် ။ အမေ့ကို ပို့တာ နောက်ကျနေပါမယ်လို့ဆို ”
ကောင်မလေးက အတင်း ဆွဲခေါ်ပေမဲ့ ကောင်လေးက ကျုပ် လည်ပင်း ကုတ်တာကို မြင်သွားလို့ တော်သေးတာပေါ့ ။ ကျုပ် လည်ပင်းက ကြိုးလေးကို သူ စိုက်ကြည့်နေရှာတယ် ။ ကျုပ်မလည်း အခုမှ စိတ်ထဲကနေ သက်ပြင်းချရတယ် ။ ဘုရားမ,လို့ လည်ပင်းက ကတ်ပြားကို ကောင်လေး မြင်သွားပြီ ။
“ ခဏပါ ချစ်ရာ ။ ဒီမှာ တွေ့လား ၊ အမေကြီး လည်ပင်းမှာ ပလတ်စတစ်ပြားနဲ့ ဖုန်းနံပါတ်လေး ။ မောင် ဆက်ကြည့်လိုက်ပါဦးမယ် ”
ကောင်လေးက ဖုန်းနံပါတ်ကို ဆက်ကြည့်နေတယ် ။ ကောင်မလေးက စိတ်မရှည်ဟန်နဲ့ ကျုပ်ဘေး ဝင်ထိုင်တယ် ။ ကျုပ်ကတော့ ကျုပ်တာဝန်အတိုင်း အရှေ့ဒလလို့ပဲ ဆက်အော်နေဖြစ်တယ် ။ ကောင်လေး ကတော့ ကျုပ် သားနဲ့ ဖုန်းပြောနေလောက်ပြီလို့တော့ ကျုပ် တွေးမိပါတယ် ။
••••• ••••• •••••
ကောင်လေးက အတော်ချမ်းသာပုံရတယ် ။ အဲလေ ၊ ကောင်မလေးက အတော် ချမ်းသာပုံရတယ်လို့ ပြောရမလားပဲ ။ ဘာလို့လဲဆိုတော့ ကောင်မလေးကပဲ ပိုက်ဆံအိတ်ကိုင်တာ ။ အခုလည်း ကောင်မလေးကပဲ ကားမောင်းတာလေ ။ ကားကြီးကလည်း အကောင်းစား ။ ကားတံခါးကိုတောင် လက်နဲ့ ဆွဲပိတ်စရာမလိုဘူး ။ ကောင်မလေးက တီဆိုပြီး ခလုတ် တစ်ခုကို နှိပ်လိုက်တာနဲ့ ကားတံခါးက အလိုလိုပိတ်သွားတာ ။ ကောင်မလေးကတော့ ခုထိ မျက်မှောင်ကို ကြုတ်ရင်း မျက်နှာတစ်ခုလုံးက စူပုပ်ထားတုန်း ။ ကောင် လေးကတော့ သူ့ဘေးမှာ ထိုင်လို့ ။ ပြီးတော့ ကောင်မလေးကို လည်း စကား တတွတ်တွတ်နဲ့ ။ ကျုပ်ကို အိမ်ပြန် လိုက်ပို့ပေးဖို့ ကောင် မလေးကို ခုထိ ပြောနေရတုန်း ထင်ပါရဲ့ ။
ကျုပ်ကတော့ ပေါင် ပေါ် ဗန်းအလွတ် တင်ပြီး လက်ထဲက တစ်သောင်းတန် နှစ်ရွက်ကိုပဲ တစ် ၊ နှစ် ၊ တစ် ၊ နှစ် ဆိုပြီး ထိုင်ရေနေရတာ ။ ကျု ပ်ဘေးမှာတော့ ကျုပ် အရွယ်လောက် နောက် အဘွားကြီးတစ်ယောက် ။ သူ ကလည်း စကားကို တရစပ် ပြောနေတုန်း ။ သူကတော့ ကောင်လေးကို စကားပြောတာပါ ။ ကောင်လေးကတော့ တစ်ချက်တစ်ချက် “ ဟုတ်ကဲ့ပါ အမေရယ် ” လို့ လှည့်ပြော နေပေမဲ့ အဘွားကြီးပြောတဲ့ စကားတွေကို အာရုံရပုံ မပေါ် ဘူး ။ ဪ သားသမီးတွေများ မွေးရကျိုးနပ်ပါရဲ့ ။ ကိုယ့်အမေ စကားတစ်ခွန်း တလေတောင် သေချာနားထောင် ပေးဖော် မရဘူး ။ ကျုပ်ကတော့ ပါးစပ်က တစ် ၊ နှစ်ကို တရစပ်ရွတ်ရင်း ဘေးက အဘွားကြီးစကား တွေ နားထောင်မိတယ် ။
“ သား အင်္ဂလန်ရောက်ရင်လေ အနွေးထည် သေချာဝတ်နော် ။ နောက်ပြီး မြေးလေးကိုလည်း နွေးနွေးထွေးထွေးထား ။ သား ဆေးရုံဂျူတီတွေ တအားဆက်လာရင်လေ ပိတ်ရက်မှာ ကြက်သားလေးပြုတ်ပြီး အရည်ကို သောက်နော် ။ အမေ့အတွက် စိတ်မပူနဲ့ ။ အမေက နေတတ်တယ် ။ မြေးလေးနဲ့ သား ကိုယ်သားသာ ဂရုစိုက် ။ ဟုတ်ပြီလား ”
အို ဘယ့်နှယ် ။ သူ လည်း ဒီစကားကိုပဲ အကျော့ကျော့ ပြောနေတာ အခါ မနည်းတော့ပါလား ။ သူ လည်း ကျုပ်ဘေးအိမ်က မယ်တုတ် လိုပဲ သူငယ်ပြန်နေပြီ ထင်ပါရဲ့ ။ သူငယ်ပြန်ရောဂါ ဖြစ်ရင် ဘာတွေဖြစ်တတ်သလဲဆိုတာကို ကျုပ် အလွတ်ရပြီးသား ။ မယ်တုတ် စစ,ချင်း သူငယ်ပြန်တုန်းက ကျုပ်ပဲ သူ့အိမ် သွားပြုစုရတာ မဟုတ်လား ။ ဒါ့ကြောင့် ခရေပန်း ရောင်း မကုန်တဲ့နေ့ ဆို သိပ်မရောက် ဖြစ်တဲ့ ဈေးတစ်ခုခုသွား ၊ ဒီလို ဟန်ဆောင်ရင်း ပိုက်ဆံ ရှာတာပဲ ငါးခေါက်လောက် ရှိတော့မယ် ။
ဒါလည်း အိမ်က ကိုယ်တော်ချောရဲ့ အကြံပါတော် ။ ကျုပ်မလည်း သူပြောတဲ့ အတိုင်း လုပ်ပြီးရင် စိတ်ထဲ အတော် နေလို့ မကောင်းဘူး ။ ဆိုးလိုက်တဲ့ အိုဇာတာမှာ အကုသိုလ်တွေ ထပ်ယူနေရတယ်လို့ ကျုပ် တွေးမိရင် ကျုပ် သေရမှာတောင် ကြောက်မိတယ် ။ ဒါပေမဲ့ သားတော်မောင် အကြံကိုတော့ မငြင်းရက်ဘူး ။ ကိုယ် ရမယ့် အကုသိုလ်ကို ကြောက်ပြီး ငြင်းကြည့် ။ ဒင်းက အမေကို စော်ကားပြီး အကုသိုလ်ကို တင်းလိုက် ပုတ်လိုက် ယူဖို့က အသင့်မလား ။ ကျုပ်ကြောင့် ကျုပ်သား အကုသိုလ် တော့ မရစေရပါဘူး ။
အတွေးတွေ မျောပြီး ပါးစပ်က အရွတ် ပျက်ပြန် ပါပြီ ။ ကဲလေ ဆက်ရွတ်မှ ပါ ။ “ တစ် ၊ နှစ် ၊ တစ် ၊ နှစ် ” ကျုပ်က အရွတ် မပြတ်သလို ကျုပ်ဘေးက အဘွားကြီး လည်း အမှာ မပြတ်ဘူး ။ ကောင်လေးကလည်း ကောင်မလေးကို ခုထိ စကားကို ပြောနေတုန်း ။ ကောင်လေးက စိတ်မရှည်တော့ ဟန်နဲ့ အသံနည်းနည်း ကျယ်လာမှ ကျုပ်လည်း ကြားရတော့တယ် ။
“ ကိုယ် ရသလောက် ကုသိုလ်လေး လုပ်ထားခဲ့ချင်တယ် ချစ် ။ ကိုယ်တို့ အင်္ဂလန် သွားဖို့ အမေ့ကို ရိပ်သာမှာ ပို့ထားခဲ့ရမှာ ။ ကိုယ် နည်း နည်းမှ စိတ်ချတာ မဟုတ် ဘူး ။ ကိုယ် လုပ်ပေးခဲ့တဲ့ ကုသိုလ်တွေရဲ့ အကျိုးဆက် နဲ့ အမေ ရိပ်သာမှာ အဆင်ပြေပြေ နေနိုင်ဖို့ ကိုယ် ဆု တောင်းချင်တယ် ။ ဒါလေးတောင် ချစ် စိတ်ပါလက်ပါ မကူညီပေးနိုင်ဘူးလား ”
ကောင်လေးက စိတ်မရှည်တော့တဲ့ပုံနဲ့ စကားစကို ဖြတ်ချလိုက်တယ် ။ အဲဒီချိန်ကျမှ ကောင်မလေးက ကားမောင်းရင်း လေချိုပြန်သွေးတယ် ။
“ ဟုတ်ပါပြီ မောင်ရယ် ။ ခု အမေကြီးကို မောင် စေတနာ အပြည့်နဲ့ အိမ်လိုက်ပို့ ၊ အလှူငွေ ပေးမယ် မဟုတ်လား ။ မောင့်ကုသိုလ်ကို ချစ် ဖြည့်ပေးပါ့မယ် ။ ဒီကုသိုလ်ကြောင့် မောင့်မေမေ လည်း ရိပ်သာမှာ အဆင်ပြေပြေ ကျန်ခဲ့မှာပါ ။ ဟုတ်ပြီလား ”
••••• ••••• •••••
အိမ်ရှေ့မှာ သားတော်မောင်က စောင့်နှင့်နေပြီ ။ မျက်နှာသေလေးနဲ့ ရပ်နေပုံများ သိပ်အသက်ပါတာပဲ ။ ကောင်လေးတို့ လင်မယားနှစ်ယောက်က ကျုပ်ကို တစ်ချက် လှည့်ကြည့်ကြတယ် ။ ကျုပ် ကတော့ အူ ကြောင်ကြောင်ပုံနဲ့ တစ် ၊ နှစ် ၊ တစ် ၊ နှစ် ပဲ ဆက် ရွတ်နေ လိုက်တယ် ။ ကားက အိမ်ရှေ့ တည့်တည့် ရပ်ပြီး ကောင် လေးတို့ လင်မယားနှစ် ယောက်လုံး ကားပေါ်က ဆင်းလိုက်ကြတယ် ။ ကျုပ် ကိုတော့ ကျုပ် သားတော်မောင်က ပျာပျာသလဲနဲ့ “ အမေ ” ဆိုပြီး တွဲချီချတယ် ။ ကျုပ် စိတ်ထဲ ဒီလို အမေလို့ ခေါ်သံလေး အမြဲ ကြားရရင် သိပ်ကောင်းမှာလို့ တွေးမိတော့ ရင်ဘတ်ထဲ စူးခနဲ အောင့်ပါတယ်တော် ။
သားတော်မောင် အရှေ့ မှာ ကောင်လေးတို့ လင် မယားက ရပ်နေကြတယ် ။ ကျုပ် ကတော့ ကျုပ်သား အနောက်နား မှာပဲ တစ်သောင်းတန် နှစ်ရွက်ကို အခုထိ ရေပြနေရတယ် ။ ကောင် လေးက သားတော်မောင်ကို မှာတမ်း ခြွေတယ် ။ နောက်ဆို ကျုပ် တစ် ယောက်တည်း အပြင် မလွှတ်ဖို့ပေါ့ ။ ကောင်မလေး ကတော့ ကောင်လေး ဘေးနား ကနေ သူ့ပိုက်ဆံအိတ် ဖွင့်ရင်း ပိုက်ဆံတွေကို ရေနေတယ် ။ ပိုက်ဆံပွတ်သံ ရွှတ်ရွှတ်နဲ့အညီ သားတော်မောင် က ခေါင်းကို ညိတ်ပြနေတယ် ။ အဲဒီ အချိန်မှာပဲ ကားပေါ်က အဘွားကြီးက ခေါင်းပြူလာရင်း “ သား အင်္ဂလန် ကို ရောက်ပြီ ဆိုရင်လေ ... ” ဆိုပြီး ပြောပြန်ရော ။ ကောင်လေးက “ ဟုတ် ၊ ဟုတ် ... အမေ ။ ကားထဲ ဝင်နေနော် ” ဆိုပြီး ကားနောက်ခန်း ထဲကို ဝင်သွားတယ် ။ ကောင်မလေး ကလည်း ချက်ချင်း ကားထဲ ပြန်ဝင်ပြီး ကားက မောင်းထွက်သွားရော ။
ကားက မြင်ကွင်းထဲက တဖြည်းဖြည်း ပျောက်သွားတယ် ။ သားတော်မောင် က လက်ထဲက ပိုက်ဆံတွေကို တရွှတ်ရွှတ်နဲ့ ရေရင်း အိမ် ထဲ ဝင်သွားတယ် ။ မိုးက တစ်စက် နှစ်စက်နဲ့ ခပ်စွေစွေ ပြန်ရွာချနေပြီ ။ ခါးကလည်း ရုတ်တရက် ပြန်နာလာပြီ ။ ဪ ... ကောင်လေး ပြုချင်တဲ့ ကုသိုလ် တကယ်မှ အကျိုးဆက် ရှိပါ့မလား ။ ကားပေါ် က အဘွားအို အတွက် ကျုပ် သစ္စာအမှန်နဲ့ ဆုတောင်း တစ်ခုတော့ ပြုလိုက်ချင်ပါတယ်လေ ။
“ ကျုပ် သားအပေါ် ထားတဲ့ ကျုပ် မေတ္တာကတော့ အမှန်ပါ ။ ဒီသစ္စာ မှန်ရင် ရှင်လည်း ရိပ်သာမှာ အဆင်ပြေပြေ ကျန်းကျန်းမာမာနဲ့ နေနိုင်ပါစေတော် ”
⎕ ကျေး ၊ ဆေး - ၁ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၉
No comments:
Post a Comment