Wednesday, October 8, 2025

ဆည်းဆာလမ်း

 


❝ ဆည်းဆာလမ်း ❞
      ( ဝိုင်းဝိုင်း )

အခန်း  ၊ ၁  ၊

“ ဖွားကြည် ၊ ဒီမှာ ချိုးတီလေး တစ်ထုပ်နော် ”

“ ဖွားကြည် ဒီမှာ ငှက်စိတ်တို ၊ နှစ်ထုပ် ၊ ရော့ တစ်ရာ ”

“ ဖွားကြည် ၊ ဒီမှာ ကောက်ညှင်းနှစ်ထုပ် ၊ အမေက စာရင်းမှာ ပေါင်းထားတဲ့နော် .. နော့ ”

“ ဟဲ့ ဟဲ့ ဖြည်းဖြည်းလုပ်ကြစမ်းပါ ကလေးတို့ရယ် ၊ ဖွားကြည် ကိုလည်း နင်းမိကြပါအုံးမယ် ။ ဟဲ့ ဟိုကလေးမ နင်ဘာယူသွားတာလဲ များနေပြီနော် ။ နင့်အမေကိုလည်း ပြောထားပါအုံး ဖွားကြည်မှာ ဒါလေးနဲ့ပဲစားနေရတာ ”

ကလေးတစ်အုပ်နဲ့ လုံးထွေးရင်း ဘယ်သူက ဘာယူတယ်ဆိုတာ မမှတ်မိတော့ ။ နားစွန်နားဖျား ကြားလိုက်သူကိုသာ လှမ်းအော်မေးရ တော့တယ် ။ ယူလာတုန်းကတော့ ဗန်းထဲမှာ အပြည့်ဖြစ်ပေမဲ့ ခုတော့ ဗန်းကလေးက အဖော်မဲ့ ဟင်းလင်းပြင် ။ လက်ထဲ လုံးထိုး ဆုပ်ကိုင်ထားတဲ့ အကြွေလေးတွေကို ထဘီခေါင်းထဲက ပိုက်ဆံတွေနဲ့ ပေါင်း ရေလိုက်တော့ အားလုံး နှစ်ထောင့်ခြောက်ရာ့ငါးဆယ် အတိ ။ ဒီလိုဆို ဈေးစာရင်းနဲ့ ပိုက်ဆံက အတော် ကွာနေတာပါလား ။ ဘယ်သူတွေ အကြွေးယူ သွားကြမှန်းလည်း သေချာမသိတော့ ။ ကဲပါလေ ... ဒီပိုက်ဆံထဲကနေပဲ တစ်ထောင်ကျော်ကို မုန့်ယူရောင်းတဲ့ ဈေးဆိုင်ကို ပြန်သွင်း ၊ ပြီးတော့ မနက်ဖြန်အတွက် မုန့်ထုပ်တွေ ထပ်ယူမယ် ။ ပျဉ်ထရံမှာ ရေးထားတဲ့ အမေကြည် ဆိုတဲ့ အကြွေးစရင်းကို အမြီးလေး တဖြည်းဖြည်း တိုလာအောင်လည်း ဖဲ့ဆပ်ရအုံးမှာပေါ့ ။ ဘာကို ငဲ့စရာလိုတော့လို့လဲ ။ ကိုယ်က အညှာခိုင်တော့တဲ့ အရွယ်မှ မဟုတ်တော့တာ ။ ကိုယ့်ကို ရစ်ပတ်နှောင်တွယ်မယ့် ဘယ်အရာမျိုးကို မဆို အတတ်နိုင်ဆုံး ဖြတ်ခဲ့နိုင်ရင် အကောင်းဆုံးပဲ ။

အခန်း  ၊ ၂  ၊

“ အမေကြည် ၊ ခုတလော ကျန်းမာရေးသိပ်မကောင်းဘူးလား ။ ညကျရင် ချောင်းဆိုးသံတွေ ကြားကြားနေရတယ် ။ အလုပ်လုပ်တာလည်း လုပ်ပေါ့ ၊ အမေကြည်ရယ် ။ အရွယ်ကိုလည်း ငဲ့ဖို့လိုသေးတယ်လေ ” 

“ အင်းပါ အေးရယ် ၊ ရာသီအကူးအပြောင်းမို့ ရင်ကျပ်ချင်တာလောက်ပါ ”

ပြောရင်း ရင်ဘတ်ထဲက အောင့်သလို တင်းသလို ခံစားလာရတော့ အသံက အလိုလို တိမ်ဝင်သွားတယ် ။ ကိုယ်က အိမ်ထောင်ရက်သား ကျပါပြီ ဆိုကတည်းက ဒီဈေးရောင်းတဲ့ အလုပ်ပဲ လုပ်လာတာ ။ ရွာက ဗွီဒီယိုရုံလေးရှေ့မှာ ဈေးဗန်းလေး ချပြီး မုန့်ထုပ် ၊ ဆေးလိပ် ၊ ဖယောင်းတိုင်က အစ ရာသီပေါ် အသီးအနှံတွေ ဖြစ်တဲ့ ဖရဲသီးတို့ ပြောင်းဖူးပြုတ်တို့ပါ ထည့်ရောင်းတော့ အဆင်ပြေတာပေါ့လေ ။ အဲတုန်းကတော့ အိမ်က အဖိုးကြီးကလည်း လုပ်နိုင် ကိုင်နိုင်တုန်း ဆိုတော့ နွားလေးတစ်ရှဉ်း အပြင် နောက်ထပ် နွားမလေး တစ်ကောင်ပါ အိမ်ထဲ ထည့်ထားနိုင်တာ ။ သားအဖနှစ်ယောက် လုပ်တဲ့ လယ် လေးငါးဧက က မိသားစု ဝမ်းစာ စုမိရုံမကဘူး ၊ အပိုအလျှံလေးပါ ရောင်းခဲ့ရတာဆိုတော့ မိသားစုရိပ်မြုံကလေးက ငွေကြေး ပြီးပြည့်မစုံဘူး ဆိုပေမဲ့ စိတ်ချမ်းသာစရာ အပြည့်ရယ် ။

မနက် မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ မြေးမလေးရဲ့ ခိုးခိုးခစ်ခစ် အသံကို မကြားရရင် နေမထိထိုင်မသာ ရောဂါရချင်သလို ဖြစ်ခဲ့ရတာက ကိုယ် ၊ တကယ်တမ်း ရောဂါရပြီး ကိုယ့်မိသားစုလေးကို ဖဲ့ချန်သွားတာ ကျတော့ အဖိုးကြီးပါပဲ ။ ဆရာဝန် ကတော့ ဆီးကျိတ်ကင်ဆာပါတဲ့ ။ ရောဂါကျွမ်းမှ သိရပေမဲ့ တတ်နိုင်သလောက် အချိန်တွေကို ရှိသမျှ စီးပွားနဲ့ ဆွဲဆန့်ကြည့်တယ် ။ အချိန်တန်တော့လည်း သေမင်းက ထသတ်သွားတာပါပဲ ။ ဖြေမဆည်နိုင်ဘူး ဆိုပေမဲ့ သေမင်းလက်ကမှ ပြန်လုယူလို့ မရတာ ။ ဒီတော့ ကျန်ခဲ့တဲ့ ဒီသား ချွေးမ နဲ့ ဒီမြေးကို နောက်ဆုံးအချိန်ထိ ရှင်ခွဲ မခွဲဘူး လို့ ကိုယ့်ကံကြမ္မာကိုယ် အကြိမ်ကြိမ် ယုံကြည်ထားခဲ့မိတာ ။ ခုတော့ ဒီအဖွားအိုကြီးဟာ လွင်တီးခေါင်ပြင်မှာ တစ်ကိုယ်တည်း ကျန်နေတဲ့ သစ်ခြောက်ပင် အဆွေးကြီးတဲ့လား ။ ဒီသစ်ငုတ်တို အရွယ်ကြီးကျမှ တစ်ခြား ဘာအလုပ်ကော ပြောင်းလုပ်နိုင်အုံးမှာတဲ့လဲ ။ ဖြစ်နိုင်ရင် အကိုင်းအလက် ၊ အရွက်အပွင့်ရယ်လို့ ဘာဆို ဘာမှ မရှိတော့တဲ့ ဒီဘဝကြီးကနေ ကိုယ့် ပင်စည် ကိုယ် နုတ်လို့ ထာဝရပျောက်ကွယ် ပစ်လိုက်ချင်ပြီ ၊ ဒါပေမယ့် ဪ ... ဒါပေမယ့်လေ ... ။

အခန်း  ၊ ၃  ၊

“ အမေကြည်ရေ ၊ ဆီးသီးခြောက်တွေ ကောက်ထားတာ အတော်လေး ရနေပြီ ယူမလား ”

“ တစ်ပိဿ ဘယ်လောက်လဲ မိစု ”

“ ပေါက်ဈေးပေါ့ အမေရယ် ၊ ဒါပေမဲ့ အမေကြည် ယူမယ်ဆို လျော့ပေးမယ်လေ ။ အမေလည်း ပြန်ရောင်းရ အဆင်ပြေအောင် ” 

“ အင်းလေ ၊ အဲဒါဆို နင်အားတဲ့အချိန် အိမ်လာပေးလှည့် ” 

“ ဟုတ်ကဲ့ ” 

ညနေရောက်တော့ မိစုက ဆီးသီးခြောက်တွေ လာပေးရင်း သူကြားထားတဲ့ သတင်းစကား တစ်ခွန်းကို ပြောသွားတယ် ။ ကျော်ဦး က မြဝတီ မှာတဲ့ ။ ကြားစက ဒူးတွေ ဆတ်ဆတ်ခါ တုန်လို့ တံခါးဘောင်ကို မှီပြီး ထိုင်ချပစ်လိုက်တာ တော်တော်နဲ့ ထမရပ်နိုင်ဘူး ။ ကိုယ့်ကိုကိုယ် ဟုတ်လှပြီ ၊ ပြတ်လှပြီ ထင်နေခဲ့တာ ။ တကယ်တမ်းကျ ရင်ထဲမှာ ဒီ့ထက်ပိုပြီး တိကျတဲ့ သတင်းစကားကို တောင့်တောင့်တတ ကြားချင်မိတယ် ။ ခက်တာက မိစု ကလည်း သူ့ဦးလေး မြဝတီမှာ ကျော်ဦးနဲ့ တွေ့ခဲ့တယ် ဆိုတာထက်ပို မသိ ။

“ ဘာလုပ်နေတာလဲ ၊ ဘယ်နေရာမှာ နေတာလဲ ၊ သူအဆင်ပြေရဲ့လား ” 

ဆိုတဲ့ မေးခွန်းတွေကို ရင်ထဲက ထပ်ကာထပ်ကာ မေးနေမိပေမဲ့ အဲဒီ မေးခွန်းတွေကို ဖြေပေးမယ့်သူ တစ်စုံတစ်ယောက်ကမှ မရှိ ။ ဒါပေမယ့် ဘာသတင်း အစအနမှ မရတာထက် စာရင် သက်ရှိထင်ရှား ရှိသေးတယ် ဆိုတဲ့ ဒီသတင်းလေးက အနည်းဆုံးတော့ ဒီအဖွားကြီး အတွက် တန်ဖိုးဖြတ် မရတဲ့ မျှော်လင့်ချက်ရတနာပဲ မဟုတ်လား ။ ဘယ်နှစ်နှစ် ရှိပြီလဲ ။ ညရောက်တိုင်း ဒီတံခါးမကြီးကို ဂျက်မထိုးခဲ့တာ ။ ပတ်ဝန်းကျင်ကတော့ ကိုယ်နဲ့ အတူ မနေတော့တဲ့ တစ်ဦးတည်းသော မြေးမလေးတောင် ခု ဘွဲ့ရတော့မယ်တဲ့ ။

“ အမေကြည့် မြေးမက ကျော်ဦးနဲ့ သိပ်တူတာပဲ ”

ဆိုတဲ့ စကားကို ကြားရတိုင်း ဝမ်းသာတာထက် ရင်ထဲက လှိုက်တက်လာတဲ့ ဝမ်းနည်းစိတ်က ထိန်းမရ ။ မြေးမ ဘယ်အရွယ် ရောက်ရောက် ကိုယ့်အတွက် ကတော့ ဟိုတုန်းက အတိုင်းမို့ ... ၊

အခန်း  ၊ ၄  ၊

“ အရီး ”

“ ဝေ့ ”

“ အရီးသား ခုထိ မရောက်သေးပါလား အချိန်လည်းကြည်ဦး ။ နေ့လည် ( ၁ ) နာရီ ထိုးနေပြီ ။ အရီး ပိုက်ဆံပေးလိုက်တယ်မလား ”

“ အင်းလေ ဟိုဘက်ရွာက ခင်မောင်ကို ဟင်းဖိုး ပေးရမယ်ဆိုလို့ ပေးလိုက်မိတာပါ ။ အရီးတို့ စားထားတာလည်း တစ်ပတ် ပြည့်တော့မယ် လေကွယ် အားနာစရာ ဖြစ်နေပြီကို ”

“ အရီး ကလေ ဘုမသိ ဘမသိနဲ့  ၊ အဲဒါတွေ ခက်နေတာ သားသမီး ပြောသမျှ အကုန် အောယုံတယ် ။ အဲ ဒီဟင်းဖိုး မနေ့ကပဲ ကိုခင်မောင် မိန်းမ လာတောင်းလို့ အလှ ပေးလိုက်ပြီးပြီ ။ အခု အရီးသား တောင်းသွားတာ ဟင်းဖိုး မဟုတ်ဘူး အရီးရ ကြက်ဖိုး ၊ ကြက်ဖိုး သိပြီလား “

“ ဟင် ”

“ ခုမှတော့ ဟင် မနေနဲ့တော့ အရီးရေ ခုလောက်ဆို အရီးသား ကြက်ပွဲ ရောက်နေပြီ ။ နေဝင်လို့ အိမ်ဝင်ရင် ကံကောင်းလာအုံးမယ် အရက်စော်လေး တနံနံနဲ့ ဦးကြီး မရှိကတည်းက ပြောမရ ဆိုမရ ထင်သလို ပျက်စီးနေတာ သိပ်စိတ်ပျက်တယ် တကယ် ”

ဟင်းချပြီး သက်မတစ်အုပ်ကို လုံးထိုး ဖိချရုံကလွဲလို့ ဘာမှမတတ် နိုင်တော့ ။ ဒီတိုင်းဆို မနက်ထဲက ချွေးမတော်ရဲ့ ကောင်းကင်မျက်နှာ မိုးရိပ်ဆင်အုံ့ မှိုင်းနေတာ ဒီကိစ္စပဲပေါ့ ။ အစက သူ့ဆီက တောင်းမရတိုင်း ဒီအမေက ငွေထုတ်ပေးရ ကောင်းလား ဆိုပြီး ကိုယ့်ကို မကြည်တဲ့ ချွေးမ ။ ကိုယ်ကတော့ ရိုးသားစွာ မသိခဲ့ရိုး အမှန်ပါလေ ။

“ နေတောင် မနည်း စောင်းနေပြီပဲ ။ သမီးခေါင်းလျှော်မယ် ဆို လုပ်တော့လေ ။ မြေးလေးကို အရီးပဲ ထမင်းကျွေးလိုက်မယ် ”

“ ကဲ သဲတုန်လေးရေ ... လာ အဖွားတို့ ထမင်းစားကြမယ် ” 

ထမင်းဆိုတဲ့ အသံကြားတော့ မြေးမလေးက ကစားနေတာက ကိုယ့်ဆီ ပြေးလာတယ် ။ မြေးလေးကို ကောက်ချီပြီး ထအထွက်

“ ဒုန်း ဒုန်း ဒုန်း ... အမေ အမေ ”

တဒုန်းဒုန်း တဒိုင်းဒိုင်း ပြေးတက်လာပြီး ၊ သွေးပျက်လက်ပျက်နဲ့ တုန်တုန်ရင်ရင်ကြီး ခေါ်လိုက်တဲ့ ကျော်ဦး ။

“ ဟဲ့ ဘာဖြစ်လာတာလဲ ကျော်ဦးရယ် ။ နင့်ကြည့်ရတာ မထိတ်သာ မလန့်သာ ရှိလိုက်တာ ။ ကြည့်အုံး တစ်ကိုယ်လုံးလည်း နတ်ပူးနေသလားပဲ ။ ဟင် ၊ နင့်လက်မ နင့်လက်မကြီးက ... ”

ကျော်ဦး ညာဘက် လက်မရင်းနေရာကြီးက တုံးတိတိနဲ့ ။ သွေးတွေက မြင်မကောင်းအောင် တစ်ပေါက်ပေါက် စီးကျနေတာကို သူက အရေးမစိုက်သလို တစ်ချက် ပြန်ကြည့်ရင်း –

“ အမေ ...သားကို ကယ်ပါအမေ ။ သားကို ကယ်ပါ ။ အလှ ၊ အလှကော အလှရေ ... ငါ့ကို ကယ်ပါဟာ ၊ ဟီး ... ငါ့ကို ကယ်ကြပါ ” 

ကျော်ဦးရဲ့ အသံကြောင့် ထဘီရင်လျားကြီးနဲ့ ချွေးမက ရေချိုးခန်းထဲက ရေခွက်ကြီး ကိုင်ပြီး ပြေးထွက်လာတယ် ။ ခေါင်းမှာလည်း အမြှုပ်တွေ ထလို့ ။

“ ကိုကျော်ဦး ရှင် ဘာဖြစ်လာတာလဲ ၊ ဟမ် ဘာဖြစ်တာလဲလို့ ”

“ ငါ ...ငါ ... ငါ တမင် လုပ်တာမဟုတ်ပါဘူး အလှရယ် ၊ အမေ သား တမင်လုပ်တာ မဟုတ်ပါဘူး ”

“ အမယ်လေးကို ကျော်ဦးရယ် ၊ ရှင် ဘာဖြစ်လာတာလဲ ဆိုတာသာ ပြောစမ်းပါ ”

“ ငါတို့ ကြက်ပွဲမှာ ပြဿနာတက်ကြတာ ။ ငြင်းကြရင်း သူက ငါ့ကို .... ငါ့ကိုအရင် ဓားနဲ့ ခုတ်တာ ။ ဒါပေမယ့် ငါပြန်ခုခံရင်း လက်လွန်သွားပြီ ဟာ ....”

“ အမယ်လေး ”

“ ဘုရား ဘုရား ”

“ ဟင် ရှင် လူသ,တ်ခဲ့ပြီပေါ့ ဟုတ်လား ၊ ကျွန်မနဲ့ သမီးလေး မျက်နှာကိုမှ မထောက် ၊ ရှင်လူမိုက်ဇာတ်ကို ခင်းခဲ့ပြီပေါ့လေ ။ ဟီး ဟီး .. အဲဒါကြောင့် ကျွန်မ အလီလီအတန်တန် ပြောတယ် ။ ဒီအရည်တွေကို မသောက်ပါနဲ့လို့ ၊ ဟမ် တော့ ခုတော့ ဟီး .. ”

လူသ,တ်လာခဲ့ပြီ တဲ့ ။ မြင်ကွင်းတစ်ခုလုံး ရဟတ်တစ်စင်းလို လည်ထွက်သွားတယ် ။

“ မိုက်လိုက်တာ ငဦးရယ် ။ နင် ဒီအရည်တွေကို မျိုဆို့ပြီး ဒီလိုပွဲတွေကို မက်နေမှတော့ ဖြစ်ပြီပေါ့ ၊ လူမိုက်ကြီးရဲ့ ။ ဟမ် ပြော နင်ဘယ်သူ့ကို သ,တ်ခဲ့တာလဲ ။ ပြောစမ်း ”

ယူကြုံးမရတဲ့ စိတ်နဲ့ ပူလှိုက်တက်လာတဲ့ ဒေါသကြောင့် ကျော်ဦး ရင်ဘတ်က အင်္ကျီစကို ဆွဲကိုင်ပြီး ဘယ်နှစ်ကြိမ် ရိုက်မိနေမန်းမသိ ။

“ ပြော .. နင် ဘယ်သူ့ကို သ,တ်ခဲ့တာလဲ ပြောစမ်း ”

ကျော်ဦးက အလှ ကိုရော ကိုယ့် ကိုပါ မကြည့်ရဲသလို ခေါင်းလွှဲဖယ်လို့ ၊ တုန်တုန်ယင်ယင်နဲ့ -

“ င ... ငမိုး .. ငမိုးကို ဟီး ... ဟီး .... ဟီး ”

“ ဘုရားရေ ...”

“ ဘာ ”

“ နင် ... နင် ငါ့မောင်ကို သ,တ်ခဲ့တာပေါ့ ။ ဟုတ်လား နင့်ကို ငါဒီတိုင်းမထားဘူး ကျော်ဦး ၊ နင့်ကို ဒီတိုင်းမထားဘူးဟဲ့ ၊ အမယ်လေး မောင်လေးရေ ၊ ငါ့မောင်လေး ”

အဲဒီတုန်းက နာနာကျည်းကျည်း လက်ညိုး ငေါက်ငေါက်ထိုးပြီး ထဘီရင်လျားကြီးနဲ့ အရူးတစ်ယောက်လို ဆောက်တည်ရာမရ ပြေးဆင်းသွားတဲ့ အလှကို မတားနိုင်သလို ကိုယ်တိုင်လည်း ရပ်နေနိုင်စွမ်း မရှိခဲ့ ။ ကမ္ဘာပျက်တယ်ဆိုတာ အရှင်လတ်လတ် ကြုံခဲ့ပြီ ။

အခန်း  ၊ ၅  ၊

ဘဝမှာ စိတ်မပါဘဲ လှမ်းရတဲ့ ခြေလှမ်းတွေကို လက်ညိုးထိုးပြပါ ဆိုရင် အဲဒီတုန်းက တရားခွင်ထဲ လာရတဲ့ ခြေလှမ်းတွေပါပဲ ။ အရင်က ချစ်ချစ်ခင်ခင် နေခဲ့ကြတဲ့ မိသားစု နှစ်ဘက်က မျက်နှာမူလျက်နဲ့ ရန်သူ ။ အမှုက အစကပဲ ဖြောင့်ချက်ပေးပြီးသား ဆိုပေမယ့် အမိန့်ချတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ်တဲ့ ။ သားအမိ နှစ်ယောက်စလုံး ကတော့ မျှော်လင့်ထားပြီးသား ။ ကျော်ဦး အဖို့ကတော့ ဒီပြစ်ဒဏ်ကို ခံနိုင်ရည်စွမ်း ရှိပေမဲ့ ဒီပြစ်ဒဏ်ထက် ပြင်းတဲ့ ဒဏ်ခတ်မှု ကိုတော့ မခံနိုင်ခဲ့ဘူး ။ အမှုဖြစ်တဲ့ နေ့က စလို့ ထောင်ကျခဲ့တဲ့ သက်တမ်းတစ်လျှောက်လုံး မယားနဲ့ သမီး မျက်နှာကို တစ်ခါတောင် မြင်ခွင့်မရခဲ့ ၊ ဒီတော့ ကျော်ဦး အတွက် ယူကြုံး မရတဲ့ နောင်တတွေက သူ့ရင်ကို နှိပ်စက်နေလိမ့်မယ်ပေါ့ ။ ကိုယ်ကကော ဘာထူးလို့ပါလိမ့် ။ ဒီသားနဲ့ ဒီအမေ ဘဝတူတွေပဲ မဟုတ်လား ။ မြေးမလေး နဲ့ ချွေးမ မျက်နှာဆိုတာ အိပ်မက်ထဲ ထည့်မက်မှ မြင်ရတော့တဲ့ ဘဝ ။

အဲဒီနေ့ တရားရုံးကနေ အချုပ်ကားထဲ မဝင်ခင် နောင်တတွေ တနင့်တပိုး ပိုက်ထားတဲ့ မျက်ဝန်းတွေနဲ့ ကိုယ့်ကို ကြည့်ပြီး ကျော်ဦး ပြောသွားတာ မှတ်မိတယ် ။

“ အမေ ကျန်းမာရေးကို ဂရုစိုက်နော် ” တဲ့ ။

ကိုယ့်ဝမ်းနဲ့ လွယ်မွေးခဲ့ရတဲ့ ကိုယ့်သားပဲလေ ။ ကျော်ဦး မျက်လုံးတွေကို နားလည်တာပေါ့ ။ ဒါကြောင့်

“ အေးပါ သားရယ် ၊ အမေ ကိုယ့်ကိုကိုယ်ရော အလှ နဲ့ မြေးမ ကိုပါ စောင့်ရှောက်ပါ့မယ် ”

လို့ ကတိ ပေးလိုက်မိတယ် ။ ရုပ်ရှင်တွေ ထဲမှာသာဆို ဒီဇာတ်ဝင်ခန်းမျိုးက စင်မြင့်ထက်မှာ ရင်ထဲက အကယ်ဒမီကို တန်းယူနိုင်ပေမယ့် ကိုယ့်အတွက် ကတော့ ဒါဟာ တကယ့်ဘဝ ။ လွင်တီးခေါင်ပြင် ကနေ ထာဝရ ပျောက်ကွယ်သွားမယ့် နေ့ရက်ကို မျှော်ရင်း တမြေ့မြေ့ ကျွမ်းနေရတဲ့ သစ်ခြောက်ပင် ဘဝပေါ့ ။

ယောက္ခမ ဆိုတာ အမေ မဟုတ်လို့ ချွေးမက ထားသွားနိုင်တယ် ဆိုတာ ဖြေသာပါတယ် ။ ဒါပေမယ့် “ အမေ့သား ကျော်ဦး ကုန်ခဲ့တဲ့ လေးလလောက်ကပဲ ထောင်က ထွက်သွားပါပြီ ” လို့ ဖြေလိုက်တဲ့ စကားကိုတော့ ရင်ထဲမှာ စကားလုံး မကျန်အောင် နာမိတယ် ။ ဒါကြောင့် ကိုယ့်ကိုကိုယ် တရားနဲ့ ဖြေခဲ့တာလည်း အခါခါ ။

“ ကိုယ်ချစ်က .. ကိုယ်သာလျှင် ” တဲ့ ။

အဲဒါကြောင့် ကိုယ့်ကို ရစ်ပတ်နှောင်တွယ်ထားတဲ့ ဘယ်အရာကိုမဆို အတတ်နိုင်ဆုံး ဖြတ်ပစ်တာ ကိုယ့်အတွက် အကောင်းဆုံးလို့ ဆုံးဖြတ် ထားခဲ့တယ် ။

ဒါပေမယ့်လေ ... ။ မိစု သယ်လာတဲ့ သတင်းက ကိုယ့်ကို ပိုပြီး ကျန်းမာ သွားသလို ထင်မိတယ် ။ လွင်တီးခေါင်မှာ မိုးနံ့ သင်းသင်းလေး ရလိုက်သလိုမျိုးပေါ့ ။ တကယ်တော့ ဟောဒီ တစ်လောကလုံး ပြေးကြည့်ရင်တောင် ကျော်ဦး အတွက် အမေ ဆိုတာ ကိုယ်တစ်ယောက်တည်း ရှိတာ မဟုတ်လား ...  ။

▢  ဝိုင်းဝိုင်း
📖 တစ်ယောက်တစ်ဘဝ ( ၃ )

No comments:

Post a Comment