Tuesday, October 7, 2025

မြို့ဂျပိုး ( ၀၂ )


 

တကယ်လို့များ တစ်ဦးဦးဟာ ကျွန်တော်နဲ့ အလွန်ဝေးကွာတဲ့ နေရာမှာ ရပ်နေပြီး ကျွန်တော် မြင်သာလောက်တဲ့ အနေအထားမှာလည်း ရှိနေမယ် ၊ သူ့ လက်တစ်ဖက်ဟာလည်း ခေါင်းကုတ်တာပဲ ဖြစ်ဖြစ် ၊ အသိမိတ်ဆွေကို လက်လှမ်းပြတာပဲ ဖြစ်ဖြစ် ၊ သူ့ လက်တစ်ဖက် လှုပ်ပြီ ဆိုတာနဲ့ ကျွန်တော်က ရပ်တော့မှာပဲ ။ ကားမောင်းသက် ဘယ်လောက်ပဲ ရင့်ရင့် အဲဒီ ပြဿနာက တော်တော်ဆိုးတယ်ဗျ ။ ကျွန်တော်လည်း ရယ်ချင်ပါတယ် ။ ကားလမ်းနံဘေးမှာ ရပ်တဲ့သူဟာ ဘယ်လိုပဲ ဖြစ်ဖြစ် လက်လှုပ် ကိုယ်လှုပ် ဖြစ်နေမယ် ဆိုရင် ကိုယ့်ကား တားမယ့်သူလို့ ဇွတ်ထင်မိတာကိုး ။ တစ်ခါတော့ ဘာပြောကောင်းမလဲ ၊ လူအုပ်စုက လက်တွေပြပြီး ကားကို တားတော့ ၊ ဒီတစ်ခါရပြန်ပြီလို့ တွေးပြီး ကားရပ်ဖို့လည်း အလုပ် ၊ နောက်ကနေ ပိတ်တီးလိုက်တဲ့ ဟီးနိုးကားကြီးဟွန်းသံ ကြားတော့မှ ဪ ... နောက်က လိုင်းကားကို တားတာပါလားလို့ တွေးမိပြီး မြန်မြန် မောင်းပြေးရတယ် ။ ကားမှတ်တိုင်တွေက တစ်ခါတလေ ဘာမှန်း မသိဘူးလေ ။ ခက်တာက ကျွန်တော်တို့ အဖို့မှာ အဲဒီလို ခရီးသည် မရှာရင် မလွယ်ဘူး ။ ကားဆိုတာ အချိန်မရွေး ပျက်တတ်တယ် ။ ကားမှာပါတဲ့ ကိရိယာတွေ ကလည်း သက်တမ်း ရင့်လှပြီလေ ။ တော်ကြာနေ မော်တာ ၊ တော်ကြာနေ ဒိုင်နမို ၊ တော်ကြာနေ ဘတ္ထရီ နဲ့ ကိုယ့် အိတ်ထဲ ရောက်တဲ့ ပိုက်ဆံကလေး သူ့အတွက်ပဲ ပြန်ပြန် ပံ့ပိုးရသေးတာကိုး ။ ကျွန်တော်ကသာ မိဘက အုံနာ ဖြစ်နေလို့ တော်သေးတာ ၊ အုံနာက သူစိမ်းဆိုလျှင် တက္ကစီသမားတွေ အဖို့ ကားပျက်ပြီဆိုတာနဲ့ ပျာယာခတ်တော့တာပဲ ။ အုံနာ ဆိုတာလည်း ပိုက်ဆံ ဝင်တာပဲ လိုချင်တာလေ ။ ကားပျက်လို့ ပြင်ရပြီ ဆိုလျှင် မောင်းသူကို အရင် မျက်မှောင်ကျုံ့တာ ဓမ္မတာပဲ ။ ကိုယ့် ကားရဲ့ သက်တမ်းကို သိပ်စဉ်းစားလေ့ မရှိဘူး ။

“ ဟိုတလောကပဲ ပြင်ထားသေးတယ် မဟုတ်လား ”

“ ဟဲ .. ဟိုနေ့ကပဲ မေးတော့ ကောင်းပါတယ်ဆို ”  

“ ကားကလည်း ပြင်ရချည်လား ၊ ဘယ်လိုဖြစ်လို့လဲ ”

ဒါတွေဟာ အုံနာတိုင်း လိုလို ပြောဖူးကြပါတယ် ။ သူတို့ ဘက်က ကြည့်တော့လည်း ကားပြင်ရပြီ ဆိုတာနဲ့ နေ့တွက် မရတော့တာက တစ်ကြောင်း ၊ ပြင်လို့ ကုန်ရတာက တစ်ကြောင်း ဆိုတော့ ဒါလည်း ပြောသင့်တာပဲ ။ ကျွန်တော်တို့ ဒီမှာက တကယ် တွက်ကြည့်ရင် မမောင်းသင့်တော့တဲ့ ကားတွေ အများကြီးပါ ။ ဒါကိုပဲ ခြိုးခြံချွေတာပြီး မောင်းနေရတယ် ။ လက်ပူတိုက်တယ်လို့ ဆိုကြပါတယ် ။ ဘယ်သူကရော အကောင်း စားချည်း သုံးနိုင်မလဲဗျာ ၊ ကိုယ်ပိုင်ကား စီးနေတဲ့ သူတွေတောင် ဆယ်ယောက်မှာ သုံးယောက်လောက်ပဲ ပစ္စည်းကောင်း ရှာသုံးကြတော့ ၊ တက္ကစီကား ဆိုလျှင် တဖြည်းဖြည်း ချွတ်ခြုံကျလာတာ ဘာမှ မဆန်းဘူး ။

ကားကသာ ချွတ်ခြုံကျလာတာ ကားဈေးကတော့ တစ်နှစ်ထက် တစ်နှစ် တက်နေပြန်ရော ။ ကားဈေး အတက်ကောင်းလွန်းလို့ ကျွန်တော်တောင် နိုင်ငံခြားမှာ နှစ်နှစ်လောက် အလုပ်သွား လုပ်လိုက်ရသေးတယ် ။ အစ်ကိုကြီး မိန်းမယူတော့ အဖေက အိမ်တစ်ခန်း ဝယ်ပေးချင်တယ် ဆိုပြီး ကားကို ရောင်းပါတယ် ။ နောက်တော့ ပြန်ဝယ်မယ် ဆိုပေမယ့် ကားဈေးတွေ ထိုးတက်တော့ တော်တော်နဲ့ ပြန်မဝယ်ဖြစ်ဘူး ။ ဒါနဲ့ ကျွန်တော်လည်း ဂိုးသမား ဖြစ်ရပါလေရော ။

ကိုယ့်မြို့တော်မှာတော့ ကိုယ်က ဂျပိုးပဲ ။ သူတစ်ပါး တိုင်းပြည် လည်း ရောက်ရော လေဆိပ်မှာတင် အရှက်ကွဲတော့တာဗျို့ ။ ကျွန်တော်နဲ့ အတူ ပါလာတာက မကွေးသား သုံးယောက်ဗျ ။ အားလုံး ကုမ္ပဏီ တစ်ခုတည်းက လွှတ်တာ ဆိုတော့ ကျွန်တော်က မြို့သားလည်း ဖြစ် ၊ တက္ကစီလည်း မောင်းဖူး ၊ အင်္ဂလိပ်စကားပြောလေးလည်း မဖြစ်တဖြစ်လေး တတ်တာမို့ ဒီအုပ်စုမှာ ဗိုလ်ပဲဗျ ။ ကုမ္ပဏီက လူကလည်း ကျွန်တော့်ကို တော်တော် အသားပေးတယ် ။

“ မင်းက ဦးဆောင်ပြီးသွား ၊ ဟိုရောက်ရင်လည်း အားလုံး အလုပ်ခွင်ထဲ ရောက်မှ လမ်းခွဲကြ ၊ မဟုတ်ရင် တကွဲတပြား ဖြစ်ကုန်မယ် ၊ မင်းတို့ ဝင်နားမယ့်နိုင်ငံမှာ က လူလည်တွေချည်းပဲ ၊ ကိုယ့်စာအုပ်ကို ကိုယ်နဲ့ မကွာထားကြ ၊ ပျောက်သွားရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ .... ”

ဟာ ... သူ့ဟာက တကယ် မလွယ်ဘူးဗျ ။ သည့်မတိုင်ခင်ကလည်း ပြောလိုက်တဲ့ စိုးရိမ်ပူပင် စရာတွေဗျာ ။ စာအုပ်နဲ့သာ ရေးထားရရင် တော်တော်များမယ် ။ ကျွန်တော့်စိတ်ထဲမှာ “ ဒါဆိုလည်း ငွေမယူခင် ကတည်းက ကြိုပြောထားပါလားဗျာ ” လို့တောင်ဖြစ်မိတယ် ။ သူ့ဟာက ပြောသမျှ နိဂုံးချုပ်ရင် ကိုယ်ဖြစ် ကိုယ်ခံ ဆိုတာချည်းပဲ ။ ကျွန်တော်တို့ မှာတော့ ဟိုဟာဖိုး ပေးရ ၊ ဒီဟာဖိုး ပေးရနဲ့ ဟိုနား ဒီနား သွား တဲ့ ကားခက အစ မိတ္တူကူးတာ အဆုံး အိတ်ထဲကချည်း ထုတ်နေရတယ် ၊ ဘာကိုတာဝန် ယူသလဲဗျာ ။ လေယာဉ် စီးတော့လည်း ကိုယ့်ဟာကိုယ်ပဲ စီးကြရတယ် ။ တစ်ဖက်နိုင်ငံ လ.ဝ.ကနဲ့ တွေ့တော့လည်း ကိုယ့်ဟာကိုယ် ပြောရတယ် ။ တည်းခိုတဲ့ နေရာကိုလည်း ကိုယ့်ဟာကိုယ် ကားငှား သွားရတယ် ။ ဘယ်မှာလဲ ကုမ္ပဏီရဲ့ အကျိုးဆောင်မှု ဆိုတာ ၊ ကျွန်တော်လည်း ဘာမို့လို့လဲ သူတစ်ပါးနိုင်ငံ အပြည်ပြည် ဆိုင်ရာလေဆိပ် ရောက်တော့ အရှက်ကွဲရတာပဲဗျို့ ။ မှာလိုက်တဲ့ လူက ကိုယ့်ရှေ့က အရင်ဆုံး သွားတဲ့ သူတွေကို မှီအောင်လိုက် ၊ သူတို့ တန်းစီရင် ဝင်တန်းစီလို့ မှာတာကိုး ။ လေယာဉ်ဆိုက်တော့ ရှေ့က လူတွေက သုတ်သုတ်သုတ်သုတ်နဲ့ အိတ်ဆွဲပြီး မပြေးရုံတမယ် လှမ်းတော့ ကျွန်တော်တို့လည်း ညွှန်ကြားချက် အတိုင်း လိုက်ရတာပဲ ။ ကိုယ်က ရှေ့ဆုံး လူနဲ့ နီးရင် မြန်မြန် လ.ဝ.ကဆီ ရောက်မယ် ဆိုတာကိုး ။ ရှေ့က လူက နိုင်ငံခြားသားကြီးဗျ ၊ သူက မြန်မြန်လှမ်းတော့ ကိုယ်တွေကလည်း အမှီ လိုက်ပေါ့ဗျာ ။ ကိုယ့်လူက ကွေ့လည်း ဝင်ရော ကိုယ်တွေလည်း ကွေ့ဝင်တာပဲ ၊ ဟာဘယ်ဟုတ်မလဲ ၊ သူက အိမ်သာ တက်ချင်နေတာကိုး ။ အထဲ ရောက်တော့မှ သဘောပေါက်ပြီး ကိုယ်တွေချင်း ရယ်ရမလို ပြုံးရမလိုတွေ ဖြစ်လို့ ခံလိုက်ရတာကအဲဒီလို ။ ဟိုမှာ နေခဲ့တဲ့ နှစ်နှစ်တာကာလကို ဘာမှ မပြောလိုပါဘူး ။ ကျွန်တော် ပြောချင်တာက သူတို့ နိုင်ငံတွေ က တက္ကစီကားတွေရဲ့ စနစ်ကို ပြောချင်တာပါ ။ အခုချိန်မှာ ပြန်ဆိုတာ ဘာမှ မဟုတ်တော့ဘူး ။ သူလိုကိုယ်လိုသမားတွေ ချည်းပဲ ။ ၁၉၉၅ ခုနှစ် မှာ ကျွန်တော် ရောက်သွားပြီး ၁၉၉၇ ခုနှစ်မှာ ပြန်ရောက်လာပါတယ် ။ အဖေက ပြန်ခေါ်လို့ ပါ ။ အဓိက က ကျွန်တော် ဟိုမှာ မိန်းမယူမှာ စိုးလို့ပဲ ။ ကျွန်တော်က ရည်းစားတွေ ဘာတွေ ထားတာကျတော့ အဖြစ် မရှိဘူးဗျ ။ဒါကို အဖေက စိုးရိမ်တယ် ။

“ မတင်မြရေ မင်းသားလို ကောင်က ယူမယ် ဆိုရင် ဘာတွေညာတွေ တွေးနေမယ့်ကောင် မဟုတ်ဘူး  ၊ ယူချင်တာ ကောက်ယူမယ့်ကောင် ၊ မြန်မြန်ပြန်ခေါ်  ” ဆိုတာနဲ့ပဲ ကျွန်တော် ပြန်ရောက်လာတာပါ ။ စင်ကာပူနိုင်ငံမှာ ကလည်း မြန်မာတွေများ လာတာနဲ့ အမျှ ယူလိုက်ကြတဲ့ စုံတွဲတွေလည်း နေ့စဉ်ပဲလေ ။ မြန်မာလူမျိုးဟာ လွှတ်သာပေးရင် သိကြားမင်းဆီတောင် ပိုက်ဆံတက် ချေးချင်ချေးကြမှာ ။ သူတစ်ပါး နိုင်ငံ ရောက်တာနဲ့ မိရိုးဖလာတွေ အလိုလို မေ့သွားကြတာ တော်တော်များတယ် ။ မေ့တာလည်း ပြောနဲ့ဗျ ၊ ရုပ်ဝတ္ထုပစ္စည်းတွေက အင်မတန် ဆွဲဆောင်တာကိုး ။ အဲဒါတွေ ကြားမှာ မေ့မျောရင်း လုပ်ချင်တာ လုပ်တော့တာပဲ ။ ဒီလိုလုပ်တဲ့ လူတွေများ လာတော့ နာမည်ပျက် တာပဲ အဖတ်တင်တာပေါ့ဗျာ ။

ကျွန်တော်တောင် ကံကောင်းလို့ ဖိလစ်ပိုင်မလေး တစ်ယောက်နဲ့ ဘာလိုလို ဖြစ်သွားသေးတယ် ။ သူက ပြောတယ် ၊ သူ့ကို ယူမယ်လို့ ကတိပေးရင် ကျွန်တော်နဲ့ နေမယ်တဲ့  ၊ သူ့အမေကို သူက ကတိပေးခဲ့တယ် ။ အဲဒီလို ယူမယ့်သူနဲ့ မှ သူ့အပျိုစင်ဘဝကို စွန့်လွှတ်မယ်တဲ့ ။ ကျွန်တော်ဖြင့် ကြက်သီးတောင် ထတယ် ။ ဘယ့်နှယ်ဗျာ ၊ ကျွန်တော်လည်း မိန်းမဆိုတာ ကြုံဖူးပါတယ် ။ ဒီမိန်းကလေးနဲ့ ကျမှ လန့်သွားတာဗျ ။ ကိုယ်ကမှ တကယ် မယူမယ့်ဟာကို ၊ သူ့အမေကို ပေးခဲ့တဲ့ ကတိကြီး ဖျောက်ဖျက် ပစ်ဖို့ အတွက် “ ယူမယ်လို့ ” ကတိပေးရုံပဲ ဆိုတာ မလွယ်ဘူးဗျ ။ သူ့ကို ကျွန်တော် လေးစားရမယ် ။ မှန်တဲ့ အတိုင်းပဲ ပြောရမယ် ။ တက္ကစီသမားပေမယ့် ဒီလောက်တော့ သစ္စာရှိပါတယ် ။

“ ကိုယ် မင်းကို ကတိ မပေးနိုင်ဘူး ၊ ဒါဟာလည်း မဖြစ်နိုင်ဘူး ၊ မင်းလည်း သိတာပဲ ”  ဆိုတော့ သူ ရယ်တယ်ဗျ ။ ပြီးတော့မှ ...“ မင်းသိပ်တုံးတာ ပဲ ” တဲ့ ။ ထားပါတော့ ။ ကျွန်တော် ပြောချင်တာက အဲဒီ နိုင်ငံရဲ့ လွတ်လပ်မှုကိုပါ ။ ကျွန်တော်တို့ မြန်မာမိန်းကလေးတွေ နိုင်ငံခြားမသွားခင် မိဘကို အဲဒီလို ကတိပေးခဲ့ရင် ကောင်းမှာပဲ ။ ဒါမှ မဟုတ် ပြောင်းပြန်များ ကတိပေးခဲ့သလား မသိဘူး ။ တော်ကြာနေ ယူကြပြန်ပြီ ။ အိမ်က မိဘက ကန့်ကွက်ရင် ကွဲကြပြန်ရော ။ ဒီတော့ တကယ့် မိကောင်းဖခင် သားသမီးတွေ အတွက် နစ်နာတာပေါ့ဗျာ ။ ဘယ်မိဘမှလည်း ကိုယ့်သမီး မိန်းကလေးကို အရမ်းကာရော နိုင်ငံခြားကို မလွှတ်ရဲတော့ဘူး ။ ဟိုနိုင်ငံရဲ့ လွတ်လပ်မှုတွေကို တလွဲ အသုံးချသွားမှာ စိုးရိမ်စရာ အမှန်ပဲ ။ ဒီနေရာမှာ ကျွန်တော်ဟာ တက္ကစီသမား စစ်စစ် ဖြစ်ဖူးတာမို့ တော်တော် ကံကောင်းသွားတာလို့ ပြောရမှာပဲ ။ ရန်ကုန်မြို့တော်မှာ သုံးနှစ်ကျော် တက္ကစီ မောင်းဖူးတာဆိုတော့ မိန်းကလေးတွေကို တက္ကစီတွက်တွက် ကြည့်တော့ မကိုက်ဘူးဗျ ။ သူတို့ကို ယူလိုက်တာနဲ့ ကိုယ့်လစာ ကိုယ် မပိုင်တော့ဘူး ။ နှစ်ယောက် အသုံးစရိတ်ကို ကိုယ် ခံရတော့မယ် ၊ သူ ပူဆာတာ ဝယ်ပေးရတော့မယ် ။ စင်ကာပူမှာ လူတစ်ယောက်ရဲ့ လစဉ် အသုံးစရိတ်ဟာ ဒေါ်လာ သုံးရာ အနည်းဆုံးပဲ ဆိုတော့ မကိုက်ဘူးဗျ ။ ကျွန်တော့် ပြောင်သွားလိမ့်မယ် ၊ မြန်မာပြည် ရောက်ရင် ဆိုင်ကယ် ဝယ်ပြီး အနှံ့ လျှောက်လည်မယ့် စီမံကိန်း ထိခိုက်မယ် ။ ဒီတော့ ကျွန်တော့်အတွက် မိန်းမကိစ္စ ခေါင်းထဲ မထည့်နိုင်တော့ဘူး ။ မိန်းမဆိုတာ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ ၊ သူတို့အတွက် မကျန်ရင် ဘယ်အချစ်မှ ကြာကြာ သည်းခံမှာ မဟုတ်ဘူး ။ တချို့ ဝတ္ထုတွေ ၊ ရုပ်ရှင်တွေမှာ ကျွန်တော် ကြည့်ရင်း သဘောပေါက်လာတာလည်း ရှိတယ် ။ ဥပမာ - အိမ်ဖော်မလေးက သူဌေးသားကို နှစ်နှစ်ကာကာ ချစ်တာမျိုး ၊ ဒါဟာ ယုတ္တိဗေဒနည်းနဲ့ တွက်ရင် သူ ပုံအောလောင်းချတာ သက်သက်ပဲဗျ ။ သူဌေးသား ကိုမှ ဘာကြောင့် အသည်းတွေ အသက်တွေ ပုံအော ချစ်တာလဲ ။ တန်လို့ လောင်းတဲ့ ကစားနည်းလို့ ကျွန်တော်ထင်တယ် ။ နောက်ပြီး ယောက်ျားလေးက ဆင်းရဲသား ။ သူက သူဌေးသမီး ကို အသည်းနင့်အောင် ချစ်တာလည်း လောင်းကစားနည်းလို့ ကျွန်တော် ထင်တယ် ။ ရှုံးရင်ရှုံးလေ ဘာဖြစ်လဲ ။ နှလုံးကွဲတာ ပဲဖြစ်ဖြစ် ၊ ဘဝပျက်တာပဲ ဖြစ်ဖြစ် ဒါဟာ မနိုင်လို့ ရှုံးတာပဲ ။ နိုင်ရင်တော့ သူဌေးသမီး ကို ရမှာပဲ ။ တကယ်လို့သာ လောင်းကစားသဘော မပါရင် သူလို ကိုယ်လို ဆင်းရဲသားချင်း ချစ်လို့ ရသပေါ့ဗျာ ။ ဘာပြဿနာမှ တက်စရာ မရှိဘူး ။ ဇာတ်လမ်းတွေ ထဲမှာ နိမ့်ကျနွမ်းပါးသူက ပြောပါလေရော ၊ ပစ္စည်းဥစ္စာ မမက်ဘူး ၊ ဂုဏ်ရှိန်ဂုဏ်ဝါတွေ ဘာမှ မလိုဘူး ဘာညာနဲ့ ဇာတ်နာအောင် လုပ်တယ် ။ ဒါတွေ ထည့်မတွက်ထားရင် ဘာကြောင့် ဒါတွေ ရှိနေသူကိုမှ အသည်း အသက်တွေ ပုံအပ်ရသလဲဗျာ ။ သူလို ကိုယ်လို လူကို ဘာကြောင့် မပုံအပ်သလဲ ။ ကျွန်တော်နဲ့တော့ မဆိုင်ပါဘူး ။ တက္ကစီသမား ဆိုတော့ တွက်ကိန်းချ စဉ်းစားမိတာကို ပြောပြတာပါ ။ ကဲပါလေ ၊ ဟိုမှာ နေခဲ့တဲ့ အကြောင်းတွေထဲက တက္ကစီကားလောကကိုပဲ ပြောပါတော့မယ် ။

ကျွန်တော်တို့ ခရီးတစ်ထောက် ဝင်နားတဲ့ အိမ်နီးနားချင်းနိုင်ငံမှာ တက္ကစီလုပ်ငန်းဟာ တော်တော် ကျယ်ပြန့်ပါတယ် ။ ကျွန်တော်တို့ တည်းတဲ့ တည်းခိုခန်း ဘေးမှာ တက္ကစီထောင်ထားတဲ့ လုပ်ငန်းရှင်တစ်ဦး ရှိတယ် ၊ လူငယ်ပါပဲ ။ သူ့မိန်းမက ဂျင်းဘောင်းဘီ ချုပ်တယ် ။ ဖြန့်ချီတာလည်း လုပ်တယ် ။ သူ့မှာ စုစုပေါင်း ကားတစ်ဆယ့်ခြောက်စီး ရှိတယ် ဆိုတော့ ကျွန်တော် လန့်သွားတယ် ။ လူကြည့်တော့ ဘာမှ မဟုတ်ဘူး ။ ဒီကားတွေ ဘယ်လို ရသလဲပေါ့ ။ နောက်မှ သိရတာက တစ်စီးမှ သူ မပိုင်ဘူးဗျ ။ ကုမ္ပဏီကြီးကနေ အရစ်ကျသွင်းပြီး လပေးနဲ့ ကားအငှား ထောင်ထားတာကိုး ။ ဘယ်ကိုမှ လုံးကနဲ ငွေချေဖို့ မလိုဘူး ။ သုံးနှစ်ဆို သုံးနှစ်တိတိ ငွေသွင်းမယ် ၊ အဲဒီမှာ ကားက ကျလာပြီ ဆိုရင် မော်ဒယ်အသစ် လဲမယ် ။ နောက်ထပ် သုံးနှစ် စာချုပ်ချုပ်မယ် ။ ဒီကြား ကာလမှာတော့ ကားကို နေ့ည နှစ်ဆိုင်းခွဲပြီး ငှားတယ် ။ စက်ပြင်ဆရာတွေကို အပြီး ခေါ်ထားတယ် ၊ ထိခိုက်ပျက်စီးရင် အာမခံကုမ္ပဏီက လာမယ် ၊ တော်တော် ဟန်ကျတယ်ဗျာ ။ ကားဝင်လာရင် စက်ဆရာတွေနဲ့ နောက်အလှည့်ကျ မောင်းမယ့် သူက စစ်ပြီး လက်ခံတယ် ။ ပထမလူက အုံနာခ ပေးတယ် ၊ ပျက်စီးမှု ရှိရင်လျော်တယ် ။ အသေးအဖွဲက အစ ပိုက်ဆံ ဖြတ်တာပဲ ။ ဘာဖြစ်လို့ လဲဆိုတော့ မောင်းတဲ့ လူက အလှည့်ကျ မောင်းတာ လေ ။ သူ့ကြောင့် ၊ ငါ့ကြောင့် ငြင်းနေမှာ စိုးလို့ ဒီစနစ်ဟာ ကောင်းတယ် ။ တက္ကစီကားတွေက မီတာစနစ် ဆိုတော့ ခရီးသည် အတွက်လည်း အဆင်ပြေပါတယ် ။ တက္ကစီသမား အတွက်လည်း ကားမရှားဘူးဗျ ။ အခုလို ပုဂ္ဂလိက ရှိသလို ၊ ကားတွေ ရာနဲ့ ချီ ထောင်ထားတဲ့ တက္ကစီကုမ္ပဏီကြီးတွေလည်း ရှိတယ် ။ အာမခံငွေ တင်နိုင်မယ် ၊ လိုင်စင်ရှိမယ် ဆိုရင်ဖြစ်တာပဲ ၊ ကိုယ်ပိုင်သမားတွေလည်း ရှိပါတယ် ။ အပြိုင်အဆိုင် လုပ်ကြတာဆို တော့ ကားတွေကို ကောင်းတာတွေ သုံးကြတာများတယ် ။ ဆီကျတော့ ပုဂ္ဂလိက စနစ်ပဲ ။ ဝယ်ချင်ရင် ကိုယ့်ဟာကိုယ် ဝယ်ထည့်ပြီး မောင်းရ တော့ အုံနာနဲ့ ဘာပြဿနာမှ မရှိဘူး ။

စင်ကာပူမှာ ကျတော့ ကိုယ်ပိုင်အုံနာ မရှိသလောက်ပဲ ။ ကားတန်ဖိုးနဲ့ ဝန်ဆောင်မှုကမြင့်တော့ တက္ကစီလုပ်ငန်းကို တော်ရုံတန်ရုံ မလုပ်နိုင်ကြဘူး ။ အားလုံးဟာ အငှားမောင်းစနစ်ပဲ များတယ် ။ အဲဒီကာလတုန်းက ကားတွေကလည်း သိပ်သားသားနားနား မဟုတ်ပါဘူး ။ ကျွန်တော်တို့ ဆီမှာ သုံးနေတဲ့ ကွန်ဖော့လို ကားမျိုးတွေပဲ များတယ် ။ အခုတော့ မော်ဒယ်မြင့်တဲ့ ကားတွေနဲ့ တက္ကစီလိုင်း အသစ်တွေပေါ်နေပြီလို့ ကြားပါတယ် ။ ကားစီးခနှုန်းတွေ ကျတော့ ကျွန်တော်တို့ ဆီမှာထက် ငါးဆလောက် မြင့်တယ် ။ မီတာနဲ့ သွားတာ ဆိုတော့ စ တက်တာနဲ့တင် မြန်မာငွေ ထောင်နဲ့ ချီပြီး ပေးရတာပဲ ။ တစ်ယူနစ်ကို ဒေါ်လာ ( ၀၂၀ ) ပြား နှုန်းတက်မယ် ။ ရုံးချိန်ဆိုရင် ကျသင့်ငွေရဲ့ နောက်ထပ် တစ်ဝက် ပေးရသေးတယ် ။ ဟိုင်းဝေးလမ်းတို့ ၊ မိန်းလမ်းတို့က ဝင်ရင်လည်း ကိုယ်ပဲ ပေးရတယ် ။ တော်ရုံတန်ရုံ ကိစ္စနဲ့တော့ တက္ကစီကား မစီးတာ ကောင်းတယ် ။ သူတို့ဆီမှာက လိုင်းကားပဲ စီးစီး ၊ ရထားပဲ စီးစီး လွယ်နေတာကိုး ။ ကျွန်တော်တို့ဆီမှာ တစ်နာရီလောက် ခရီးကို သွားမှ သူတို့ ဆီက ဆယ့်ငါးမိနစ်စာ ခရီးဖိုး ကျတယ် ။ ညဘက် ဆိုရင် ကားခ နှစ်ဆ ဖြစ်ပြန်ရော ။ လေဆိ ပ် ဆိုရင်လည်း အဝင်ရော အထွက်ပါ အပိုကြေး ထပ်ပေါင်းသေးတယ် ။ ဒေါ်လာပေးရတာတော့ ဘာမှ မဟုတ်ပေမဲ့ မြန်မာငွေနဲ့ တွက်မိရင် စီးကို မစီးချင်တော့ လောက်အောင်ပဲ ။ ကျွန်တော်တို့ ဆီမှာသာ အဲဒီလို တောင်းရင် ထရိုက်မှာ သေချာတယ် ။ နဂိုကမှ ခေါက်ချိုးရအောင် ဆစ်ပြီး စီးကြတာ မဟုတ်လား ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment