❝ ဝံပုလွေနှင့် ဆိတ်ကလေးများ ❞
( ပုံပြင် )
ရှေးသရောအခါ ဆိတ်မကြီး တစ်ကောင်နှင့် ဆိတ်ကလေး ခုနှစ်ကောင် ရှိကြလေ၏ ။ တစ်နေ့သ၌ ဆိတ်မကြီးသည် တောထဲသို့ အစာရှာ သွားလို၍ သားကလေးများအား ခေါ်ပြီးလျှင် “ သားကလေးတို့ အမေ တောထဲကို အစာရှာသွားမယ် ။ အိမ်မှာ ကောင်းကောင်းနေခဲ့ကြ ။ ဒီအနီးအနားမှာ ဝံပုလွေကြီး တစ်ကောင် ရှိတယ် ။ သူဟာ ရုပ်ပြောင်းရုပ်လွှဲ အင်မတန် ကောင်းတယ် ။ သူ့ကို သိချင်ကြရင် သူ့ခြေထောက် မည်းမည်းကြီးနဲ့ သူ့အသံ ကြမ်းကြမ်းကြီးကို သတိထားပြီး ကြည့်ကြပါ ။ ကလေးတို့ဆီကို သူ လာပြီး ခေါ်ရင် တံခါးဖွင့် မပေးကြနဲ့နော် ” ဟု ပြောပြထားခဲ့လေ၏ ။
ဆိတ်မကြီး တောထဲသို့ ထွက်သွားပြီးနောက် မကြာမီ တံခါးခေါက်သံ တစ်ခုကို ဆိတ် ကလေးများ ကြားရလေ၏ ။ အိမ်ပြင်ဘက်မှ ကြမ်းတမ်းသော အသံတစ်ခုက “ ဟေ့ ... ဆိတ်ကလေးတွေ ၊ တံခါးဖွင့်ကြစမ်း ။ ဒီမှာ မင်းတို့အမေ ပြန်လာပြီ ။ မင်းတို့ဖို့ စားစရာတွေ ယူလာတယ် ” ဟု ပြောလိုက်လေ၏ ။ ဆိတ်ကလေးများသည် ဝံပုလွေကြီး အသံကို ကြားရသော် ဆိတ်မကြီး ပြောပြသည်ကို သတိရကြသဖြင့် “ အံမယ် ဘယ်ကလာ ငါတို့ အမေ ဟုတ်ရမှာလဲ ။ ငါတို့အမေက မင်းလို အသံမာမာကြီး မဟုတ်ဘူး ။ အင်မတန် ချိုသာတယ် ။ သွား ... ငါတို့ဆီကို မလာနဲ့ ” ဟု နှင်လွှတ်လိုက်ကြလေ၏ ။
ဝံပုလွေကြီးလည်း ဈေးဆိုင်တစ်ဆိုင်သို့ သွားပြီးလျှင် အသံ ကောင်းစေရန် မြေဖြူခဲ များကို ဝယ်စားလေ၏ ။ ထို့နောက် ဆိတ်ကလေးများ ထံသို့ သွားကာ တံခါး ခေါက်ပြန်၏ ။ ဝံပုလွေကြီးက “ ကလေးတို့ရေ ။ အမေ ပြန်လာပါပြီကွယ် ။ တံခါး မြန်မြန်ဖွင့်ကြပါ ။ မင်းတို့ဖို့ စားစရာတွေလည်း ပါတယ်ကွဲ့ ” ဟု ချိုသာစွာ ပြောလိုက်၏ ။ ဆိတ်ကလေးများလည်း ဝံပုလွေကြီး၏ ချိုသာသော အသံကို ကြားရ၍ အိမ်တွင်းမှ ချောင်းကြည့်ကြရာ ဝံပုလွေကြီး၏ ခြေထောက်မည်းမည်းကြီးကို တွေ့ကြရလေ၏ ။ ထိုအခါ ဆိတ်ကလေးများက “ အံမယ် ဘယ်ကလာ ငါတို့အမေ ဟုတ်ရမှာလဲ ။ ငါတို့အမေက ဒီလို ခြေထောက်မဲမဲကြီး မဟုတ်ဘူး ။ မင်းဟာ ဝံပုလွေကြီးပါ ။ ငါတို့ သိပါတယ် ။ သွား ... လာမရှုပ်နဲ့ ” ဟု မောင်းလွှတ်ကြလေ၏ ။
ဝံပုလွေကြီးလည်း ပေါင်မုန့်သည်ထံသို့ သွားပြီး “ ဒီမှာခင်ဗျာ .. ကျွန်တော့် ခြေထောက် နာနေလို့ မုန့်တုံးနဲ့ ပွတ်ပေးစမ်းပါ ” ဟု ပြောလေ၏ ။ ထို့နောက် မုန့်ကြိတ်သမားထံသို့ သွား၍ “ ဒီမှာခင်ဗျာ ကျွန်တော့် ခြေထောက်ကို မုန့်မှုန့်ဖြူးပေးပါ ” ဟု ပြောပြန်၏ ။ မုန့်ကြိတ်သမားကလည်း ဝံပုလွေသည် တစ်စုံတစ်ယောက်ကို လိမ်လိမ့်မည်ဟု သိ၍ မုန့်မှုန့်များ ဖြူးမပေးပေ ။ ထိုအခါ ဝံပုလွေက ကြမ်းတမ်းသောအသံကြီးဖြင့် “ ဟေ့ ... ငါခိုင်းတာ မလုပ်ရင် နင့်ကို ဝါးစားရမလား ” ဟု ခြိမ်းခြောက်ရာ မုန့်ကြိတ်သမားက မုန့်မှုန့်များ ဖြူးပေးလိုက်ရလေ၏ ။ ဝံပုလွေကြီးသည် သူ၏ ခြေဖဝါးများ ဖြူဖွေးလာသောအခါ ဆိတ်ကလေးများဆီသို့ သွားကာ တံခါးခေါက်ပြန်၏ ။ ဆိတ်ကလေးများလည်း အိမ်တွင်းမှ ချောင်းကြည့်ရာ ဝံပုလွေကြီး၏ ခြေဖဝါး ၊ လက်ဖဝါးများ ဖြူနေသည်ကို တွေ့ရ၍ သူတို့အမေဟု ထင်မှတ်ကာ တံခါးဖွင့် ပေးလိုက်ကြလေ၏ ။ ဝံပုလွေကြီးသည် တံခါး ဖွင့်သောအခါ အိမ်ထဲသို့ ခုန်ဝင် သွားလေ၏ ။ ဆိတ်ကလေးများသည် ကြောက်လန့်ပြီးလျှင် တစ်ကောင်က မီးဖိုဆောင်အတွင်းမှာ ပုန်းရ၏ ။ တစ်ကောင်မှာ စားပွဲအောက်၌ ပုန်းရ၏ ။ တစ်ကောင်မှာ ရေဇလုံနောက်၌ ပုန်းရ၏ ။ တစ်ကောင်မှာ မီးဖိုအောက်မှာ ပုန်းရ၏ ။ တစ်ကောင်မှာ အိပ်ရာထဲမှာ ပုန်းရ၏ ။ အငယ်ဆုံး ဆိတ်ကလေးမှာ နာရီအိမ်ထဲမှာ ပုန်းရ၏ ။
ဝံပုလွေကြီးလည်း ဆိတ်ကလေးများကို လိုက်ရှာပြီးလျှင် ဝါးမျိုလိုက်လေရာ နာရီ အိမ်ထဲမှ ဆိတ်ကလေး တစ်ကောင်သာ ကျန်လေသည် ။ ဆိတ်ကလေးခြောက်ကောင် စားပြီးသောအခါ ဝံပုလွေကြီးသည် အိပ်ချင်လာသဖြင့် တောထဲသို့ သွားကာ သစ်ပင်တစ်ပင် အောက် တွင် အိပ်လေ၏ ။ ခဏကြာသော် ဆိတ်မကြီး အစာရှာရာမှ ပြန်လာလေ၏ ။ ဆိတ်မကြီးလည်း အိမ်တံခါး ပွင့်နေသည်ကို တွေ့၍ ထိတ်လန့်ပြီးလျှင် “ ကလေးတို့ ... အေ ... ကလေးတို့ ” ဟု အော်ခေါ်ရာ ထူးသံ မကြားရသဖြင့် အိမ်ထဲ၌ လိုက်ရှာ၏ ။ ထိုအခိုက် နာရီအိမ်ထဲမှာ ပုန်းနေသော ဆိတ်ကလေး ထွက်လာပြီးလျှင် “ အမေ... ကျွန်တော် ဒီမှာ ရှိပါတယ် ။ အခုတင်ပဲ ဝံပုလွေကြီး ရောက်လာပြီး အစ်ကိုတို့ကို ဝါးစားသွားတယ် ” ဟု ငိုယိုကာ ပြောပြလေ၏ ။
ဆိတ်မကြီးလည်း သားကလေးများအတွက် စိတ်မကောင်းဖြစ်ကာ ဝံပုလွေကြီး ရှိရာသို့ ထွက်လာခဲ့လေ၏ ။ ဝံပုလွေကြီးသည် သစ်ပင်အောက်တွင် အိပ်ပျော်ကာ ဟောက်သံကိုပင် ကြားနေရလေ၏ ။ ဆိတ်မကြီးနှင့် ဆိတ်ကလေးသည် ဝံပုလွေကြီး အနီးသို့ တိုး၍ ကြည့်ကြရာ သူ၏ ဗိုက်ထဲ၌ ဆိတ်ကလေး ခြောက်ကောင် မသေဘဲ လှုပ်ရှားလျက်ရှိသည်ကို တွေ့မြင်ရလေ၏ ။ ဆိတ်မကြီးလည်း ဆိတ်ကလေးအား အိမ်သို့ ကတ်ကြေး တစ်စင်း အပ်ချည် တစ်လုံးနှင့် အပ်တစ်ချောင်း ပြန်ယူခိုင်းလိုက်၏ ။
ဆိတ်ကလေး ပြန်ရောက်သောအခါ ဆိတ်မကြီးသည် အိပ်ပျော်လျက်ရှိသော ဝံပုလွေကြီး၏ ဗိုက်ကို ကတ်ကြေးဖြင့် ထိုးဖောက်လိုက်ရာ ဆိတ်ကလေး တစ်ကောင် ထွက်လာလေ၏ ။ ဆိတ်ကလေးများသည် ဝံပုလွေ၏ ဗိုက်တွင်းမှ တစ်ကောင် ပြီးလျှင် တစ်ကောင် ထွက်လာကြ သော်လည်း ဝံပုလွေကြီး မနိုးသေးပေ ။ ထို့နောက် ဆိတ်မကြီးက ဆိတ်ကလေးများအား ကျောက်ခဲများ သယ်ယူခိုင်း၏ ။ ကျောက်ခဲများ သယ်ပြီးသော အခါ၌ ဆိတ်မကြီးက ဝံပုလွေ၏ ဗိုက်ထဲသို့ ကျောက်ခဲများကို ထည့်သွင်း ပြီးလျှင် အပေါက်ကို အပ်ချည်ဖြင့် ချုပ်ကာ ပိတ်ထားခဲ့လေ၏ ။
ဆိတ်မကြီးနှင့် ဆိတ်ကလေးများ ထွက်ပြေးကြပြီးနောက် ဝံပုလွေကြီး အိပ်ရာမှ နိုးလာလေ၏ ။ သူသည် ဗိုက်ထဲတွင် ကျောက်ခဲများ ရှိနေခြင်းကြောင့် အလွန်ရေဆာလာ လေ၏ ။ ထို့ကြောင့် ရေသွားသောက်မည်ဟု ထလိုက်သောအခါ ဗိုက်ထဲမှ ကျောက်ခဲများ တစ်ခုနှင့်တစ်ခု တိုက်ကာ မြည်သံ ကြားရလေ၏ ။ ဝံပုလွေကြီးလည်း ကျောက်ခဲများကြောင့် လေးလံနေသဖြင့် ဤသို့ ဆိုလိုက်လေ၏ ။
“ ငါ့ဗိုက်ထဲက
ဂျိုးဂျိုးဂျိန့်ဂျိန့်
ဘာသံတွေများ
ဖြစ်ပါလိမ့် ။
ဂျိုးဂျိုးဂျိန့်ဂျိန် မြည်သံမှာ ဆိတ်ကလေးများ မဟုတ်ပါ ။
အလိုဗျာ ...
လေးလှချည့်
ကျောက်ခဲတွေက
တအိအိ ”
ထို့နောက် သူသည် ရေတွင်းရှိရာသို့ တွား၍ သွားကာ ရေသောက်မည်ဟု ရေတွင်း၌ ငုံ့လိုက်ရာ ကျောက်ခဲများ လေးလံလွန်းသဖြင့် အားလွန်ကာ ရေတွင်းထဲသို့ လိမ့်ကျသွားလေ၏ ။ ဝံပုလွေကြီး သေဆုံးသည်ကို ဆိတ်ကလေးများ သိကြသောအခါ ဆိတ်မကြီးနှင့် သားကလေးများ ဝိုင်းဖွဲ့ကာ ပျော်ရွှင်စွာ ကခုန်နေကြလေသတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ ဩဂုတ်
No comments:
Post a Comment