Thursday, October 2, 2025

တံငါသည်နှင့် သူ၏မယား

❝ တံငါသည်နှင့် သူ၏မယား ❞
          ( ပုံပြင် )

ရှေးသရောအခါ ပင်လယ်ကမ်း အနီးရှိ ရေမြောင်းဘေး၌ တံငါသည် လင်မယား ရှိကြလေ၏ ။ တံငါသည်ကြီးသည် နေ့စဉ် ပင်လယ်သို့ ငါးရှာ ထွက်ရသည် ။ အိမ်သူ မိန်းမသည် စောင့်နေရင်း ကျန်ခဲ့လေ့ရှိသည် ။ တစ်နေ့သ၌ တံငါသည်ကြီးသည် ငါးမျှားတံကို ကြည်လင်သော ပင်လယ်ရေတွင် ချထားစဉ် ငါးတစ်ကောင် ဆွဲ၍ မြုပ်လုနီး ဖြစ်သွားလေ၏ ။ ထိုအခါ တံငါသည်လည်း ငါးမျှားကြိုးကို ဆွဲယူလိုက်ရာ အလွန်ကြီးသော ငါးတစ်ကောင် ပေါ်လာလေ၏ ။ ငါးမျှားချိတ် စူးလျက်ရှိသော ထိုငါးကြီးက “ တံငါသည်ကြီး ခင်ဗျာ ... ကျွန်တော့်ကို ချမ်းသာပေးပါ ။ ကျွန်တော်ဟာ တကယ့် ငါးမဟုတ်ပါ ... နတ်ဖမ်းစား ခံနေရတဲ့ မင်းသားတစ်ပါး ဖြစ်ပါတယ် ” ဟု ပြော၏ ။

တံငါသည်ကြီးသည် ထိုနတ်ငါးကို ငါးမျှားချိတ်မှ ဖြုတ်၍ ရေတွင် ပြန် လွှတ်လိုက်ရာ နတ်ငါးကြီးသည် များစွာ ကျေးဇူးတင်ကာ ရေတွင် ငုပ်သွားလေ၏ ။

ညနေစောင်း၍ အိမ်ပြန်ရောက်သောအခါ တံငါသည်က သူ၏ မယားအား “ ရှင်မ ... ဒီနေ့ ငါးတစ်ကောင်မှ မရခဲ့ပါ ။ ထူးဆန်းတဲ့ နတ်ငါးကြီး တစ်ကောင်ကို မိပေမယ့် သနားလို့ ပြန် လွှတ်ပစ်ခဲ့တယ် ” ဟု ပြောပြလေ၏ ။

တံငါသည်၏ မိန်းမလည်း အလွန် စိတ်ဆိုးလေ၏ ။ စိတ်ဆိုး ၍ တံငါသည်အား “ ရှင်ဟာ ဘာမှ မသိတတ်ပါကလား ... နတ်ငါး ဆိုတာ လိုတရတဲ့ ငါးမျိုး ဖြစ်တယ် ။ သူ့ဆီမှာ တစ်ခုခု တောင်းရင် ရတယ် ။ ရှင် ပြန်သွားပြီး တောင်းပါချေ ” ဟု စေလွှတ်၏ ။ တံငါသည်လည်း မနက် မိုးလင်းသောအခါ မိန်းမ အကြံပေးသည့် အတိုင်း ပင်လယ်သို့ သွားကာ နတ်ငါးကြီးကို တလိုက်ရာ ငါးကြီး ပေါ်လာလေ၏ ။ ငါးကြီးက “ သင် ဘာ အလိုရှိပါသလဲ ” ဟုမေးရာ တံငါသည်က “ ကျုပ်တို့မှာ နေစရာ အိမ် မရှိပါ ။ အိမ် လိုချင်ပါတယ် ” ဟု တောင်းလေ၏ ။ ငါးကြီးက “ ကောင်းပြီ ။ ပြန်ပေတော့ တွေ့ရပါလိမ့်မယ် ” ဟု ဆိုကာ ရေတွင် ငုပ်သွားလေ၏ ။

သူအိမ်သို့ ပြန်လာသောအခါ ရွံ့ညွန်ထူလှသော ရေမြောင်း နေရာတွင် လှပသော တိုက်အိမ် တစ်အိမ်ကို တွေ့ရ၍ အတွင်းသို့ ဝင်သွားရာသူ၏ မယားကို တွေ့ရလေ၏ ။ သူတို့သည် လှပသော တိုက်အိမ်ကလေးတွင် ပျော်ရွှင်စွာ နေကြရာ တစ်နေ့သ၌ သူ၏ မယားက “ မောင်မင်း နတ်ငါးကြီးဆီကို သွားပြီးလျှင် အခုထက် ကောင်းတဲ့ ကျောက်တိုက်ကြီး တစ်တိုက်နှင့် ပန်းဥယျာဉ် ကိုတောင်းပါချေ ၊ ရပါလိမ့်မယ် ” ဟုစေလွှတ်၏ ။

အိမ်ကလေးတွင် ပျော်နေသော တံငါသည်ကမူ မသွားချင်ပေ ။ သို့သော် သူ၏ မယားက စေခိုင်းလွန်း၍ ထွက်လာခဲ့ရာ ပင်လယ်တွင် ရေများ မကြည်ဘဲ နောက်နေလေ၏ ။ သူက ကမ်းစပ်မှ ငါးကြီးကို တ လိုက်ရာ ငါးကြီး ပေါ်လာ၍ “ သင် ဘာလိုချင်ပါသလဲ ” ဟု မေး၏ ။ သူက “ ကျုပ်မိန်းမ ကျောက်တိုက်ကြီးနှင့် ပန်းဥယျာဉ် လိုချင်ပါ သတဲ့ ” ဟု တောင်းလေရာ ငါးကြီးက “ ပြန်ပါချေ ။ ဟိုမှာ တွေ့ရပါလိမ့်မယ် ” ဟု ပြောကာ ရေတွင် ငုပ်သွားလေ၏ ။

တံငါသည် လင်မယားလည်း ဥယျာဉ် အလယ်တွင် ရှိသော ကျောက်တိုက်ကြီး၌ အခိုင်းအစေ များစွာဖြင့် သူဌေးဖြစ်ကာ ပျော်ရွှင်စွာ နေကြရာ သူ၏ မယားသည် လောဘကြီး စွာဖြင့် “ မောင်မင်း ... နတ်ငါးကြီး ဆီကို သွားပြီး တောင်းပါချေဦး ။ ဒီတစ်ခါတော့ ကျုပ် ရှင်ဘုရင် ဖြစ်ချင်ပါတယ် ” ဟု စေခိုင်း၏ ။ တံငါသည်ကလည်း “ ရှင်မ လောဘကြီးလှချည်ကလား ... မင်းကို နတ်ငါးကြီးက ရှင်ဘုရင် ဖြစ်အောင် လုပ်ပေးမယ် မထင်ပါဘူးကွယ် ။ မသွားပါရစေနဲ့ ” ဟု ဆို၏ ။ ထိုအခါ သူ့မယားက စိတ်ဆိုး ပြီးလျှင် “ ကျုပ် ခိုင်းတာသာလုပ်ပါ ။ ဘာမှ ကြောက်စရာ မရှိပါဘူး ” ဟု ထပ်မံ၍ စေခိုင်းရာ တံငါသည်ကြီးသည် ပင်လယ်သို့ သွားသော် ရေများ ညိုမဲနေပြီးလျှင် မိုးသားများ တက်ကာ လှိုင်းထစပြုလျက် ရှိလေ၏ ။ သူသည် နတ်ငါးကြီးကို တလိုက်ရာ ငါးကြီး ပေါ်လာ၍ “ သင် ... ဘာလိုချင်ပါသလဲ ” ဟု မေးလေ၏ ။ တံငါသည်ကြီး က “ ကျုပ်မိန်းမက သူ ရှင်ဘုရင် ဖြစ်ချင်ပါသတဲ့ ” ဟု ပြောလေရာ ငါးကြီးက “ သင် ပြန်ပါချေ ၊ ဟိုမှာ တွေ့ရပါလိမ့်မယ် ” ဟုဆိုကာ ရေတွင် ငုပ်သွားလေ၏ ။

တံငါသည်လည်း အိမ်သို့ ပြန်လာရာ ကျောက်တိုက်ကြီး မရှိတော့ဘဲ လှပခမ်းနား သော ရွှေနန်းတော်ကြီးကို တွေ့ရ၍ အတွင်းသို့ ဝင်သွားသော် ရာဇပလ္လင်ပေါ်တွင် သရဖူ ဆောင်းကာ ထိုင်နေလျက်ရှိသော သူ၏ မယားနှင့် နန်းသူနန်းသားများကို တွေ့ရှိရလေ၏ ။ သူတို့သည် ဤသို့ ရှင်ဘုရင် အဖြစ်ဖြင့် ပျော်ရွှင်စွာ နေလာကြရာ တစ်နေ့သ၌ ရှင်ဘုရင်မက သူ၏ ယောက်ျားအား “ မောင်မင်း ... နတ်ငါးကြီး ဆီကို သွားချေပါ ။ ကျုပ် အခုလို ရှင်ဘုရင် ဖြစ်ရုံမျှနှင့် မရောင့်ရဲနိုင်ပါ ။ နိုင်ငံတကာကို အုပ်ချုပ်ရတဲ့ ဧကရာဇ်ဘုရင် ဖြစ်ချင်ပါတယ် ” ဟု စေခိုင်းလေ၏ ။ တံငါသည်လည်း ဤသို့ ဘုရင်မက စေခိုင်းသည့် တိုင်အောင် နတ်ငါးကြီး ထံသို့ သွားရန် မဝံ့ရဲ ဖြစ်နေလေ၏ ။ ထို့ကြောင့် ဘုရင်မအား “ ရှင်မ သည်တစ်ခါတော့ သွားဖို့ မတော်ဘူး ထင်တယ် ။ နတ်ငါးကြီးဟာ ဒီလောက် လောဘကြီးတာကို သည်းခံမယ် မဟုတ်ဘူး ” ဟု ပြန်ပြောရာ ဘုရင်မ က စိတ်ဆိုးပြီးလျှင် တံငါသည်အား “ ဟေ့ ... မင်းဟာ ငါ ဘုရင်မ ကိုယ်တိုင် အမိန့်ပေးတာကို တောင် နားမထောင်ဘူးလား ။ သွား ... အခုပြောချေ ” ဟုအာဏာဖြင့် ခိုင်းစေရာ တံငါသည် လည်း ပင်လယ်ဘက် ဆီသို့ ထွက်ခဲ့ရ၏ ။ သည်တစ်ကြိမ်တွင် တံငါသည်ကြီးသည် စိတ်လေးစွာဖြင့် ထွက်ခဲ့ရာ ပင်လယ်ရေပြင်မှာ လှိုင်းတံပိုးများ ထ၍ ကောင်းကင်တွင် မိုးရိပ်များ မဲကာ လျှပ်စီး တလက်လက်ဖြင့် ကြောက်ဖွယ်ရာ အတိ တွေ့ရှိရလေ၏ ။ သူသည် နတ်ငါးကြီးကို တလိုက်၍ ပေါ်လာသောအခါ မရဲတရဲဖြင့် “ နတ်ငါးကြီး ခင်ဗျား ... ကျွန်တော့်မိန်းမက နိုင်ငံတကာကို စိုးပိုင်တဲ့ ဧကရာဇ်ဘုရင်မ ဖြစ်ချင်ပါသတဲ့ ” ဟု ပြောပြလေ၏ ။ နတ်ငါးကြီး ကလည်း “ ကောင်းပြီ ပြန်ပေတော့ ... ဟိုမှာ တွေ့ရပါလိမ့်မယ် ” ဟု ဆိုပြီးလျှင် လှိုင်းတံပိုးတွင် ငုပ်သွားလေ၏ ။

တံငါသည်ကြီးလည်း နန်းတော်သို့ ပြန်ခဲ့ရာ ရွှေနန်းတော်ကြီးမှာ အရင်ကထက် ခမ်းနား ကြီးကျယ်ပြီးလျှင် စစ်တပ်ပေါင်းများစွာ စောင့်ကြပ်လျက် ဘင်ခရာများ တီးမှုတ်လျက် အောင်ပွဲခံ နေကြလေ၏ ။ နန်းတော်တွင်း၌ သူမ၏ မယားဘုရင်မသည် ရွှေပလ္လင်ပေါ်တွင် ထိုင်ကာ ဘီလူးကြီးများ ၊ လူပုကလေးများ ၊ မင်းညီမင်းသားများ ၊ အပျိုတော်များဖြင့် အစဉ်လိုက် ခစားလျက် ရှိကြသည်ကို တွေ့ရလေ၏ ။ ညအချိန်၌ တံငါသည်ကြီးက “ ရှင်မ မင်းအခု ဧကရာဇ် ဘုရင်မကြီး ဖြစ်ရပြီ ။ နောက်ကို ဘာ လိုချင်သေးသလဲ ” ဟု ပြောရာ ဘုရင်မက “ အို ... နောက်တော့ သိရလိမ့်မပေါ့ ” ဟု ဆိုကာ စက်ခန်းဆောင် သို့ ဝင်ခဲ့လေ၏ ။ တံငါသည်ကြီးသည် ထူထဲ ပျော့ညက်လှသော အိပ်ရာတွင် နှစ်ခြိုက်စွာ အိပ်ပျော် နေသော်လည်း ဘုရင်မမှာ အိပ်မပျော်ပေ ။ သူသည် နတ်ငါးကြီး ထံတွင် နောက်တစ်ကြိမ် တောင်းဆိုရဦးမည့် အရေးကို တွေးကာ မိုးလင်း သောအခါ တံငါသည်ကြီးကို နှိုးလိုက်လေ၏ ။

သူက “ ဟေ့လူ ... အိပ်လှချည်လား ။ မင်းဟာ ဘာမျှ ဝိရိယ မရှိဘူး ။ ထ ... ထ ... အခုပဲ နတ်ငါးကြီး ဆီကို သွားချေ ။ ဘုရင် မဟာဧကရာဇ် အဖြစ်နှင့် မရောင့်ရဲနိုင်ဘူး ။ နေမင်း ၊ လမင်းနှင့် ကြယ်တွေကို ပိုင်ဆိုင်ချင်တယ် ။ သွားပြောချေပါ ” ဟု စေခိုင်းလေ၏ ။ တံငါသည်လည်း အိပ်ရာမှ ထကာ “ ဘယ့်နှယ့်လဲ ရှင်မ ။ မင်းဟာ လွန်လွန်းပြီကွယ် ။ နတ်ငါးကြီး စိတ်ဆိုး နေလိမ့်မယ် ” ဟုပြောလေ၏ ။ ဘုရင်မ ကလည်း “ အံမာ ... ငါဘုရင်မ စေခိုင်းတာကို ဖီဆန်ပြန်ပလား .. ဟင် ... အခု သွားချေ ” ဟု အာဏာဖြင့် အမိန့်ပေး၍ တံငါသည်ကြီးလည်း စိတ်လေးစွာဖြင့် ပင်လယ်သို့ ထွက်ခဲ့ရလေ၏ ။ သည်တစ်ကြိမ်တွင် ပင်လယ်၌ လှိုင်းတံပိုးများ ထကြွပြီးလျှင် ကောင်းကင်တွင် လျှပ်စီးများ လက်ကာ မကြာမီ မိုးကြိုးထစ်၍ လေပြင်းမုန်တိုင်း ကျလာသည်ကို တွေ့ကြုံရလေ၏ ။ တံငါသည်ကြီးလည်း ကမ်းစပ်မှ နတ်ငါးကြီးကို တလိုက်ရာ ပေါ်လာလေ၏ ။ သူက တံငါသည်အား “ သင် ဘာလိုချင်ပါသလဲ ” ဟု မေးရာ တံငါသည်ကြီးက “ ကျွန်တော့် မိန်းမ ဧကရာဇ်ဘုရင်မ အဖြစ်နဲ့ နေမင်း ၊ လမင်းကို ပိုင်ဆိုင်လိုပါသတဲ့ ” ဟု ပြောလေ၏ ။ နတ်ငါးကြီးလည်း “ အေး ... ကောင်းပြီ ... ပြန်ပေတော့ ” ဟု ဆိုပြီးလျှင် လှိုင်းတံပိုး ကြားတွင် ငုပ်သွားလေ၏ ။

တံငါသည်ကြီးလည်း ပြန်လာသောအခါ ဧကရာဇ်ဘုရင်မ နှင့် နန်းတော်ကြီး မရှိတော့ဘဲ သူ၏ မယား တစ်ယောက်တည်း စုတ်နုပ်စွာဖြင့် ရေမြောင်း ဘေးတွင် ထိုင် ငိုနေသည်ကို တွေ့ရှိရလေသည် ။

( ဘာသာပြန် )

⎕ နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၈ ၊ ဇူလိုင်

No comments:

Post a Comment