Monday, October 20, 2025

ကျွန်ယုံတော်မောင်မိုး

 

❝ ကျွန်ယုံတော်မောင်မိုး ❞
            ( ပုံပြင် )

ရှေးသရောအခါ အိုမင်းသော ပြည့်ရှင်မင်းကြီး တစ်ပါးတွင် သစ္စာရှိသော ကျွန်ယုံတော်မောင်မိုး ဟူ၍ ရှိလေ၏ ။ ပြည့်ရှင်မင်းကြီးတွင် အရွယ် ငယ်သေးသော သားတော်တစ်ပါးလည်း ရှိလေ၏ ။ တစ်နေ့သ၌ မင်းကြီးသည် နားမကျန်း ဖြစ်လာ၍ နောင်ရေးကို စိုးရိမ်လာသည့် အလျောက် သူ၏ ကျွန်ယုံမောင်မိုး ကိုခေါ်ပြီး ဤသို့ တိုင်ပင်လေ၏ ။

“ ငါ၏ ကျွန်ယုံတော် မောင်မိုး နောင် ငါ မရှိသည့်အခါ ငါ၏ သားတော်ကို ကောင်းစွာ စောင့်ရှောက်ပါ ။ သားတော်သည် အလွန် ငယ်ပါသေးသည် ။ လောကတွင် အကောင်းအဆိုး ကိုပင် ခွဲခြား၍ မသိတတ်သေးပါ ။ ငါ မရှိသည့် နောက်တွင် မင်းက ငါပိုင်ဆိုင်သော ပစ္စည်းများကို လိုက်လံ၍ ပြသပါ ။ သို့ရာတွင် ငါ၏ နန်းတော်မှာ ရှိသော နောက်ဆုံးအခန်းတစ်ခန်းကိုတော့ မပြလိုက်ပါနှင့် ။ ထိုအခန်းထဲတွင် ရွှေမင်းသမီးကလေး၏ ရုပ်ပုံထားရှိပါသည် ။ ထိုရုပ်ပုံကို သားတော် မြင်တွေ့လိုက်ပါက သူ၏ လှပသော ရူပါရုံတွင် စွဲလမ်းပြီးလျှင် ဒုက္ခတွေ့ဖွယ် ရှိပါသည် ။ သားတော်ကို မင်းက ကောင်းစွာ စောင့်ရှောက်ပါမည်ဟု ကတိပြုပါ ။ သို့မှသာလျှင် ငါ အသေဖြောင့်ပါမည် ” ဟု ပြောလေ၏ ။ သစ္စာရှိသော ကျွန်ယုံမောင်မိုး ကလည်း “ အရှင့်သားတော်ကို အသက်နှင့် လဲ၍ စောင့်ရှောက်ပါမည် ” ဟု ကတိပြုလိုက်လေ၏ ။ ထို့နောက် များမကြာမီ၌ ပြည့်ရှင်မင်းသည် နတ်ရွာစံတော်မူလေ၏ ။

ပြည့်ရှင်မင်းကြီး နတ်ရွာစံသောအခါ သားတော်ပင် မင်းပြုလေ၏ ။ ကျွန်ယုံတော်မောင်မိုး ကလည်း ပြည့်ရှင်မင်းကြီး မှာသွားသည့် အတိုင်း နန်းတော်တွင် ရှိသမျှ ပစ္စည်းများကို လိုက်လံ ပြသလေ၏ ။ သို့ရာတွင် နောက်ဆုံး အခန်းကိုမူ မပြဘဲထားလိုက်လေ၏ ။ တစ်နေ့သ၌ ရှင်ဘုရင်က နောက်ဆုံး အခန်းကို ဘာကြောင့်မပြဘဲ ထားရပါသနည်းဟု မေးလေ၏ ။ ထိုအခါ မောင်မိုးက ပြည့်ရှင်မင်းကြီး မှာသွား၍ မပြဘဲ ထားရပါကြောင်း ၊ ထိုအခန်းကို ဖွင့်၍ ကြည့်မည် ဆိုပါက ဘေးတစ်စုံတစ်ရာ ဖြစ်ဖွယ် ရှိပါကြောင်းကို ပြောပြလိုက်လေ၏ ။ သို့ရာတွင် ရှင်ဘုရင်က နားမထောင်ဘဲ ထိုအခန်းကို အတင်းဖွင့်ကာ ဝင်၍ ကြည့်ရှုသောအခါ အခန်းထဲ၌ ဆွဲချိတ်ထားသော အလွန်လှပသည့် ရွှေမင်းသမီး၏ ရုပ်ပုံကို တွေ့မြင်ရလေ၏ ။ ရှင်ဘုရင်လည်း ရွှေမင်းသမီး ရုပ်ပုံကိုမြင်၍ ချစ်ခင်စွဲလမ်း ပြီးလျှင် ထိုနေရာမှ မထနိုင်တော့ဘဲ သတိမေ့ကာ လဲကျသွားလေတော့သည် ။ ထိုအခါ ကျွန်ယုံမောင်မိုးက ပွေ့ချီကာ ဆေးဝါး ကုသလေ၏ ။ သို့ရာတွင်မည်မျှပင် ဆေးဝါး ကုသသော်လည်း အချည်းနှီးပင် ဖြစ်နေလေ၏ ။

မကြာမီ ရှင်ဘုရင်သည် ရွှေမင်းသမီး၏ ပုံကို စွဲလမ်းသည့် စိတ်ဖြင့် သူ၏ တိုင်းပြည် သို့လိုက်ရန် သင်္ဘော တစ်စင်းတည်လေ၏ ။ သင်္ဘောတွင် ယူဆောင်သွားရန် ပစ္စည်းများကို ရွှေဖြင့် အားလုံး လုပ်ရလေ၏ ။ ကျွန်ယုံတော် မောင်မိုးသည် ရွှေငှက်ရုပ် ၊ ရွှေပန်းကန် ၊ ရွှေ လင်ပန်း ၊ ရွှေပုတီး ၊ ရွှေလက်ကောက်များကို သင်္ဘောနှင့် အပြည့် ထည့်ပြီးလျှင် သူ့ကိုယ်ကို ကုန်သည် ကဲ့သို့ ဝတ်ဆင်ကာ ရှင်ဘုရင် ကိုလည်း ကုန်သည် ကဲ့သို့ပင် ဝတ်ဆင်စေကာ သင်္ဘော လွှင့်ခဲ့လေ၏ ။

သူတို့သည် ပင်လယ် ထဲတွင် သင်္ဘော လွင့်လာခဲ့ကြရာ မကြာမီ ရွှေမင်းသမီး၏ တိုင်းပြည်သို့ ရောက်ရှိကြလေ၏ ။ ကျွန်ယုံတော် မောင်မိုးလည်း သင်္ဘောကို ကမ်းတွင် ကပ်ပြီးနောက် ရွှေပုတီး တစ်ကုံးကို ယူဆောင်ကာ ရွှေနန်းတော် ဆီသို့ တက်သွားလေ၏ ။ သူသည် လမ်းတွင် ရွှေမင်းသမီး၏ အထိန်းတော်နှင့် တွေ့၍ သူယူလာသော ရွှေပုတီးကို ပြပြီးလျှင် ရွှေမင်းသမီး ထံသို့ လိုက်သွားလေ၏ ။ မောင်မိုးသည် မင်းသမီးထံသို့ ရောက်သောအခါ ရွှေထည်ပစ္စည်းများကို ရောင်းရန် လာကြောင်း ပြောပြကာ သူ့မှာပါလာသော ရွှေပုတီးကို ပြလေ၏ ။ မင်းသမီးလည်း ရွှေထည်ပစ္စည်းများကို အလွန် နှစ်သက်ခုံမင်လှသဖြင့် သင်္ဘောသို့ လိုက်ပါလာခဲ့လေ၏ ။ သင်္ဘောသို့ ရောက်ကြသောအခါ ရှင်ဘုရင်က ပါလာသော ရွှေထည်ပစ္စည်းများကို ထုတ်၍ ပြင်ဆင်ပြီးလျှင် ရောင်းချမည့် ဟန်ဖြင့် စောင့်နေသည်ကို တွေ့ရှိရလေ၏ ။ ရွှေပန်းခိုင် ၊ ရွှေငှက်ရုပ် ၊ ရွှေလင်ပန်း ၊ ရွှေပုတီး စသော ရွှေထည်ပစ္စည်းများကို မင်းသမီး တွေ့မြင်ရသောအခါ ကြည့်၍ မဆုံးနိုင်အောင် ဖြစ်နေစဉ် ရှင်ဘုရင်လည်း အမှတ်မဲ့ ကမ်းမှ ခွာစပြုလေ၏ ။ ခဏကြာသောအခါ ရွှေမင်းသမီးလည်း ရေလယ်တွင် သင်္ဘောရောက် နေမှန်းသိ၍ ကြောက်လန့်လာလေ၏ ။ ထိုအခါ ရှင်ဘုရင်က ရွှေရုပ်ပုံ တွေ့ မြင်ရ၍ လိုက်လာပါကြောင်းကို ပြောပြလိုက်လေ၏ ။ ထို့ကြောင့် မင်းသမီးနှင့် ရှင်ဘုရင်လည်း ချစ်ခင်စုံမက်ကြကာ သင်္ဘောကို ဆက်လက် ထွက်ခွာလာခဲ့ကြလေ၏ ။

ထိုသို့ သင်္ဘော ထွက်လာ၍ ညနေချမ်းသို့ ရောက်သောအခါ ကျွန်ယုံတော် မောင်မိုး သည် သင်္ဘောလက်တန်းကို မှီပြီးလျှင် စောင်းကို တီးကာ ပျော်ရွှင်စွာ လိုက်ပါလျက် ရှိစဉ် သင်္ဘော ဘေးနားဝယ် ကျီးသုံးကောင် ပျံသန်းလာသည်ကို တွေ့ရလေ၏ ။ မောင်မိုးလည်း ထိုကျီးသုံးကောင်ကို ကြည့်နေစဉ် ပထမကျီးက “ ဟေ့ ... မိတ်ဆွေတို့ ဒီသင်္ဘောမှာ ပါလာတဲ့ ရှင်ဘုရင်ဟာ မင်းသမီးနဲ့ လက်ထပ်ရမယ် မဟုတ်ဘူး ။ သူတို့ တိုင်းပြည်ကို ပြန်ရောက်ရင် ကမ်းပေါ်မှာ မြင်းညိုကြီး တစ်ကောင် ပေါ်လာလိမ့်မယ် ။ ရှင်ဘုရင်က အဲဒီ မြင်းညိုကြီးကို တက်ပြီး စီးလိမ့်မယ် ။ စီးရင် မြင်းညိုကြီးဟာ တစ်ခါထဲ မိုးပေါ် ပျံတက်သွားပြီး မင်းသမီးနဲ့ ကွဲ တော့မှာပဲကွယ် ” ဟု ပြောပြလေ၏ ။ ထိုအခါ ဒုတိယကျီးက “ အို ... ဒီလိုဆိုရင် ဘယ်လိုလုပ်ပြီး ကယ်ရပါ့မလဲကွယ် ” ဟု ပြန်မေးလိုက်သောအခါ ထိုကျီးက “ အဲဒီ မြင်းညိုကြီးကို တစ်ယောက် ယောက်က ဓားနဲ့ ပိုင်းလိုက်ရင် သေသွားမှာပေါ့ ။ ဒါပေမယ့် ဒီအကြောင်းကို ဘယ်သူမျှ သွားမပြောလိုက်လေနဲ့ ။ ပြောရင် ပြောသူဟာ တစ်ခါထဲ ကျောက်တိုင် ဖြစ်သွားလိမ့်မယ် ” ဟု ပြောလေ၏ ။

ထို့နောက် ဒုတိယကျီးက “ ဒါတင် မဟုတ်သေးပါဘူးကွ ။ ရှင်ဘုရင်တို့ နန်းတော် ပြန် ရောက်ရင် နန်းတော်ထဲမှာ အင်မတန်လှပတဲ့ အင်္ကျီသုံးထည်ကို တွေ့ရလိမ့်မယ် ။ အဲဒီ အင်္ကျီကို ရှင်ဘုရင်က ယူပြီး ဝတ်လိုက်ရင် တစ်ခါထဲ မီးလောင်ပြီး သေသွားလိမ့်မယ် ” ဟု ပြောလေ၏ ။ ထိုအခါ တတိယကျီးက “ အို ... ဒီလိုဆိုရင် ဘယ်လို လုပ်ပြီး လွတ်အောင် လုပ်ရပါ့မလဲကွယ် ” ဟု မေးလိုက်လေ၏ ။ ထိုအခါ ဒုတိယကျီး ကပင် “ အို ... မခက်ပါဘူးကွာ ။ အဲဒီ အင်္ကျီ သုံးထည်ကို တစ်ယောက်ယောက်က ယူသွားပြီး မီးနဲ့ ရှို့လိုက်ရင် လွတ်သွားမှာပါပဲ ။ ဒါပေမယ့် ဒီအကြောင်းကို ဘယ်သူ့ကိုမျှ သွားမပြောလိုက်လေနှင့် ပြောရင် ပြောသူဟာ ကျောက်တိုင် ဖြစ်သွားလိမ့်မယ် ” ဟုပြောလေ၏ ။

ထို့နောက် တတိယကျီးက “ ဒါပေမယ့် မလွတ်နိုင်သေးပါဘူးကွာ ။ မင်းသမီးနဲ့ ရှင်ဘုရင်တို့ လက်ထပ်ပွဲ ကျင်းပလို့ ရှိရင် မင်းသမီးဟာ ကပွဲမှာ ဝင်ပြီး ကလိုက်လိမ့်မယ် ။ အဲဒီအခါမှာ မင်းသမီးဟာ တစ်ခါထဲ လဲကျပြီး သေသွားလိမ့်မယ် ” ဟု ပြောလေ၏ ။ ထိုအခါ ပထမကျီးက “ အို ... ဒီလိုဆိုရင် သနားစရာပါပဲကလား ။ ဘယ်လိုလုပ်ပြီး ကယ်ရပါ့မလဲကွယ် ”  ဟုမေးလိုက်လေ၏ ။

ထိုအခါ တတိယကျီး ကပင် “ မခက်ပါဘူးကွာ ။ မင်းသမီး လဲကျပြီး သေသွားရင် တစ်ခါထဲ လက်မောင်းသွေး သုံးစက်ကို ဖောက်လိုက်ရမယ် ။ ဖောက်ပြီး အဲဒီ သွေးသုံးစက်ကို လွှင့်ပစ်လိုက်ရမယ် ။ အဲဒီတော့မှ မင်းသမီး ပြန်ရှင်လာမယ် ” ဟုပြောလေ၏ ။

ထိုအကြောင်းများကို သစ္စာရှိသော ကျွန်ယုံမောင်မိုးက ကြားသဖြင့် ကောင်းစွာ မှတ်ထားလိုက်လေ၏ ။ ထို့နောက် သူတို့သည် ခရီး ဆက်လက်၍ ထွက်လာခဲ့ကြလေ၏ ။ ဤသို့ဖြင့် သင်္ဘောသည် တိုင်းတော်ပြည်တော်သို့ ပြန်ရောက်လာ၍ ဆိပ်ကမ်းတွင် ဆိုက်ကပ် လိုက်စဉ် ကျီးသုံးကောင် ပြောလိုက်သည့်အတိုင်း မြင်းညိုကြီး တစ်ကောင်သည် ရုတ်တရက် ကောင်းကင်မှ ကျလာလေ၏ ။ ထိုအခါ ရှင်ဘုရင်လည်း မြင်းညိုကြီး၏ ကျောပေါ်သို့ တက်ကာ စီးမည် ပြုလေ၏ ။ ထိုအခါ အသင့် စောင့်နေလျက်ရှိသော ကျွန်ယုံတော် မောင်မိုးက မြင်းညိုကြီး ကို ဓားဖြင့် တအား လွှဲခုတ်လိုက်ရာ မြင်းညိုကြီး သေသွားလေ၏ ။ ထို့နောက် ရှင်ဘုရင်နဲ့ မင်းသမီးလည်း နန်းတော်သို့ ရောက်ကြလေ၏ ။ နန်းတော်၌ ကျီးသုံးကောင် ပြောကြသည့် အတိုင်း အလွန်လှပသော အင်္ကျီသုံးထည်ကို တွေ့ကြရလေ၏ ။ ရှင်ဘုရင်လည်း အင်္ကျီသုံးထည်ကို ယူ၍ ဝတ်မည် ပြုသောအခါ အသင့်စောင့်နေသော မောင်မိုးက ယူပြီးလျှင် မီးရှို့ပစ်လိုက်လေ၏ ။

ဤသို့ဖြင့် မင်းသမီးနှင့် ရှင်ဘုရင် လက်ထပ်ပွဲ ကျင်းပမည့် နေ့သို့ ရောက်လာလေ၏ ။ မင်းသမီးလည်း လက်ထပ်ပွဲတွင် ဝင်၍ ကခုန်လေရာ ရုတ်တရက် လဲကျကာ သေဆုံးသွားလေ၏ ။ မင်းသမီးကို စောင့်ကြည့်လျက် ရှိသော မောင်မိုးလည်း မင်းသမီးအလောင်းကို ယူပြီးလျှင် လက်မောင်းမှ သွေးစက်သုံးစက်ကို ဖောက်ကာ လွင့်ပစ်လိုက်လေရာ မင်းသမီး ပြန်ရှင်လာလေ၏ ။

ထိုသို့ ကျွန်ယုံမောင်းမိုးက ကယ်၍ သုံးကြိမ်မျှ ရှိသောအခါ ရှင်ဘုရင်နှင့် မိဖုရားက ထိုသို့သော အကြောင်းများကို သိလျက်နှင့် ကြိုတင်၍ မပြောရကောင်းလားဟု စိတ်ဆိုး ပြီးလျှင် မောင်မိုးကို ထောင်သွင်းကာ အကျဉ်းချ ထားလိုက်လေ၏ ။ မကြာမီ၌ မောင်မိုးမှာ အပြစ်ရှိသည် ဟု ရှင်ဘုရင်က ဆုံးဖြတ်ပြီးလျှင် သေစေရန် အမိန့် ချမှတ်လိုက်လေ၏ ။

ကျွန်ယုံမောင်မိုးလည်း သေရတော့မည်ဟု သိရသဖြင့် မသေမီ စကားတစ်ခွန်းလောက် ပြောပါရစေဟု ခွင့်တောင်းပြီးလျှင် လမ်းခရီး၌ ကျီးသုံးကောင် ပြောကြသည့် အကြောင်းများကို ပြန်ပြောလိုက်လေ၏ ။ ထိုခဏမှာပင် မောင်မိုးသည် ကျောက်တိုင် ဖြစ်သွားလေ၏ ။ ထိုအခါမှ ရှင်ဘုရင်လည်း သူ့အပေါ်တွင် အလွန်သစ္စာရှိသော ကျွန်ယုံမောင်မိုး အတွက် များစွာ စိတ်မကောင်း ဖြစ်ကာ မောင်မိုး ကျောက်တိုင်ကြီးကို နန်းတော်ဥယျာဉ် ထဲတွင် အမှတ်တရ စိုက်ထူထားလိုက်လေ၏ ။

နောက် နှစ်မကြာမီ၌ ရှင်ဘုရင်နှင့် မိဖုရားတွင် သားတော်ကလေး နှစ်ပါး ဖွားမြင်လာလေ၏ ။ ရှင်ဘုရင်သည် သူ့ ကျွန်ယုံမောင်မိုး ကို မမေ့ ၊ ထို့ကြောင့် ဥယျာဉ်ထဲသို့ နေ့စဉ် သွားကာ ကျောက်တိုင်ကြီးနှင့် တစ်ယောက်တည်း စကား ဆိုလေ့ ရှိလေ၏ ။ တစ်နေ့သ၌ ရှင်ဘုရင်က “ မောင်မိုးရယ် ။ ငါ မင်းကို မသိလို့ အပြစ် ပေးလိုက်မိတယ် ။ မင်းသာ လူပြန်ဖြစ်မယ် ဆိုရင် ငါ ဘာကိုပဲ လုပ်ရလုပ်ရ ငါ လုပ်နိုင်ပါတယ်ကွယ် ” ဟု ပြောလိုက်လေ၏ ။ ထိုအခါ ကျောက်တိုင်ကြီးက နေ့တိုင်း ကဲ့သို့ မဟုတ်ဘဲ “ တကယ်ပဲ ကျွန်တော် ပြန်ရှင်လာအောင် လုပ်မှာလားခင်ဗျာ ။ ဒီလိုဆိုရင် အရှင့် သားတော်ကလေး နှစ်ပါးရဲ့ ဦးခေါင်းကို ဖြတ်ပြီး အဲဒီသွေးနဲ့ ကျောက်တိုင်ကို ဆေးလိုက်မယ် ဆိုရင် ကျွန်တော် လူ ပြန်ဖြစ်လာမှာပါပဲ ” ဟု ပြောလိုက်လေ၏ ။

ထိုအခါ ရှင်ဘုရင်က များစွာ အံ့ဩပြီးလျှင် “ တကယ်ပဲ ငါ့သားတော်များကို သ,တ်ပြီး လည်ချောင်းသွေးနဲ့ ဆေးနိုင်ပါတယ်ကွယ် ” ဟု ပြောပြီးလျှင် မိဖုရား နန်းတော်မှာ မရှိသည့် အခိုက် သူ၏ သားတော် နှစ်ပါးကို သ,တ်ပြီးလျှင် လည်ချောင်းသွေးနှင့် ကျောက်တိုင်ကို ဆေးလိုက်လေ၏ ။ ထိုအခါ မောင်မိုး ကျောက်တိုင်ကြီးသည် ချက်ချင်း လူ ပြန်ဖြစ်လာလေ၏ ။ ထို့နောက် ကျွန်ယုံတော် မောင်မိုး လည်း သားတော်ကလေး နှစ်ပါး၏ ခေါင်းများကို ယူပြီးလျှင် သူတို့ ကိုယ်တွင် ပြန်ဆက်ကာ သစ္စာ ဆိုလိုက်သောအခါ သားတော်နှစ်ပါးသည် ချက်ချင်းပင် လူ ပြန်ဖြစ်လာလေ၏ ။

ထို့နောက်တွင်မူကား ရှင်ဘုရင်နှင့် သူ၏ ကျွန်ယုံတော်မောင်မိုးတို့သည် အသက်ထက်ဆုံး ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြလေသတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၅၉ ၊ ဒီဇင်ဘာ

No comments:

Post a Comment