Monday, October 13, 2025

မြို့ဂျပိုး ( ၀၉ )


 

“ ကျွန်တော် ပြန်တော့မယ်ဗျာ ”

“ မိုးအောင် ၊ မမကို စိတ်ဆိုးအောင် လုပ်တာလား ၊ ခဏလေးနေပါဆိုတာ ဟွန်း ”

“ မဟုတ်ပါဘူး ၊ ကားဆွဲရဦးမယ် ”

“ ရော် ... ခဏလေး နေပါဆို ၊ ရော့ ... ဒီမှာ ကြိုက်သလောက် ယူသွား ၊ ကဲ ... ကော်ဖီသောက်ဦး ”

ခက်တော့နေပြီဗျို့ ။ သူ့ရဲ့ ချစ်ဒုက္ခဆင်ယင်ပွဲကြီးထဲကို တိုးဝင်ရတော့မှာကို သိနေပြီ ။

တစ်ခါတလေမှာ ကျွန်တော်တို့ ယောက်ျားတွေ ကံကောင်းလွန်းလို့ ဘယ်လို သက်သေပြရမလဲ မသိတဲ့ ကိန်းပေါ့ဗျာ ။ ကိုယ့်ထက် အသက် ဆယ်နှစ်လောက် ကြီးတဲ့ မိန်းမတစ်ယောက် ၊ ပြီးတော့ ပညာတတ် ၊ စာပေအနုပညာနဲ့ ကျော်ကြားသူ ၊ အပျိုကြီးလည်း ဖြစ် ၊ ပစ္စည်းဥစ္စာလည်း တောင့်တင်းတယ် ၊ ရုပ်ဆင်းရူပကာကလည်း မခေဘူး ၊ အဲဒီလို အမျိုးသမီးက ချစ်ရေးဆိုလာတဲ့ အခါ ဘယ်လို ပြောရမလဲဗျာ ။ ကိုယ့်လူရေ ၊ သူက “ ကျား ” ဖြစ်ပြီး ၊ ကိုယ်က “  မ ” ဖြစ်ရင်တော့ ဘယ်ငြင်းလို့ ဖြစ်မလဲ ။ အခုတော့ ကိုယ် က “ ကျား ” ဖြစ်နေတယ် ။ သူ့ကို ကျွန်တော် ခင်ပါတယ် ။ ကျွန်တော် ဗိုလ်ချုပ်ဈေးမှာ ကားထိုးချိန်က စပြီး ခင်မင်ခဲ့တာပါ ။ သူရေးတဲ့ စာအုပ်တွေ ကားငှား စီးတိုင်း လက်ဆောင် ပေးလေ့ရှိတယ် ။ စာအုပ်ဆိုတာ မဂ္ဂဇင်းပါ ။ သူ့စာမူတွေ ပါတဲ့ အခါ ဒီလိုပဲ ပေးတတ်ပါတယ် ။ အရေးအသားကတော့ မဆိုးပါဘူး ။ ဒါပေမဲ့ နည်းနည်း မှောင်တယ်ဗျ ။ လုံးချင်းတော့ မထုတ်ဖူးသေးဘူးလို့ ပြောပါတယ် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က သူ့ ပရိသတ်ပေါ့ဗျာ ။ ခြောက်လမှာ တစ်ကြိမ် လောက်တော့ သူ့စာမူပါတဲ့ မဂ္ဂဇင်းလက်ဆောင် ရပါတယ် ။ ကျွန်တော် ဖတ်ကြည့်ပြီးလို့ သူ့စာမူကို ဝေဖန်တဲ့ အခါ ထမင်းကျွေးတယ်ဗျ ။ ကျွေးတာမှ ချစ်တီးဆိုင်တို့ ၊ အောင်သုခတို့ ၊ ဒေါ်စောရီတို့ ဆိုင်မျိုးတွေမှာ ကျွေးတာ ။ အားနာဖို့ ကောင်းပေမယ့် ဒါမျိုးက စားသင့်တယ် ။

“ ဇာတ်ကောင်က ပထမတော့ အမျိုးသမီးလို့ ထင်တာ ၊ တစ်ဝက် လောက်ရောက်မှ ဆိုက်ကားဆရာ ဖြစ်နေတယ် ၊ မမ ဇာတ်ကို လှည့်သွားတာ ပိုင်တယ်ဗျ ။ နောက်ဆုံး ဆိုက်ကားဆရာက သူနဲ့ ရတဲ့ ကလေးမှန်း သိတယ် ၊ ဒါပေမဲ့ ကလေး ကောင်းစားရေးအတွက် မသိချင်ယောင် ဆောင်နေရတာများ ကျွန်တော့် ရင်ထဲ နင့်နေတာပဲ မမရယ် ”

သူ ရယ်တယ်ဗျ ။ ညှင်းလေသွေး သကဲ့သို့ပေါ့ဗျာ ။ သူ့ကို ဒီလိုပြောရင် ဒီလို ရယ်မယ်ဆိုတာ ပုံသေ မှန်းသိပြီးသား ။ ဒါပေမဲ့ ကျွန်တော် ပြောပုံဆိုပုံက ဈာန်ပါတယ် ။ သူ့ဝတ္ထုဟာ တစ်မုဟုတ်ချင်း ကမ္ဘာကျော် လောက်အောင် ကောင်းတယ်ဆိုတာမျိုး ပြောတတ်ဖို့ ဆိုတာ တက္ကစီသမားရဲ့ ဝါ နဲ့ ဆိုင်တယ် ။ ဖြီးပေမယ့် တကယ်လို့ ထင်သွားအောင်တော့ စေတနာ ပါရတယ်ဗျ ။

“ မမရယ် ... ဘာလို့ လုံးချင်း မထုတ်တာလဲဗျာ ၊ မမဝတ္ထုတွေ လုံးချင်း ထွက်လာရင် မိုးမိုး ( အင်းလျား ) လို ဘာသာပြန်ကြမှာ ၊ ကြည့် ... မမ ရယ်ပြီ ၊ ကျွန်တော် ပြောတာ မယုံဘူးလား ၊ မယုံရင် ဂိတ်မှာ လာမေးကြည့် ၊ မမ ဝတ္ထုဆို အလုအယက်ပဲ ”

“ ဟင်း ... ဟင်း ... တော်ပါတော့ကွယ် ၊ မမက တစ်နှစ်မှ တစ်ပုဒ်နှစ်ပုဒ် ရေးတာပါ ၊ အပျော်ပဲလေ ၊ ဒီလောက်ပဲ ကောင်းပါတယ် ၊ ကဲ စား ၊ ဟင်းတွေ အေးကုန်မယ် ၊ ဒါနဲ့ ... ကဲပါလေ ၊ ဘာမှ မဟုတ်ပါဘူး ၊ စား ... စား ... ”

သူက ကျွန်တော့်ကို စားခိုင်းပေမယ့် ဇွန်း ၊ ခက်ရင်းကို ချပြီး ဆိုင်အပြင်ကို သွားတယ် ။ ဒါမျိုး မကြာခဏ လုပ်တယ် ။ အပျိုကြီးဟန် ပေါ့ဗျာ ။ သူ့ အပူကို သူသာ သိမယ့် သောကသည် ပေါ့ ။ ဒါမျိုးကျရင် ကျွန်တော် မသိချင်ယောင် ဆောင်နေရတယ် ။ သူက တစ်ယောက်တည်း နေသူတွေရဲ့ ထုံးစံအတိုင်း စကားလေး လက်ဝင် လာပြီဆိုရင် သူ့ရဲ့ အထီးကျန်ဘဝကို ညည်းတော့တာပဲ ။

“ မင်းတော့ ဘယ်လို မြင်မလဲ မသိဘူး ၊ အေးလေ ၊ ဒါမျိုးကလည်း ဘယ်သူ ကိုယ်ချင်းစာ တတ်မှာလဲ ၊ ငါ့ဘဝမှာ ကြင်ဖော် မလိုပါဘူး ၊ ဒါပေမဲ့ တစ်ခါတလေ ကိုယ့်ကို ယုယကြင်နာမယ့် သူကိုတော့ တောင့်တမိတယ် ”  

“ ဟာ ... ဒါကြောင့် မမဝတ္ထုတွေ ကောင်းနေတာကိုး ”

“ မနောက်ပါနဲ့ ကွယ် ၊ ငါ အတည် ပြောနေတာပါ ၊ မင်း တကယ် နားမလည်ပေးဘူးနော် ”

သိပ်ရင်းနှီးလာကြပြီ ဆိုတော့ ကျွန်တော် သူ့တိုက်ခန်းကို လိုက်သွားပြီး သူနဲ့ စကားလက်ဆုံ ပြောဖြစ်လာခဲ့ပါတယ် ။ ပြောရရင် သူက ကျွန်တော့်ကို ချစ်လာတယ်ဗျ ။ အဲဒီမှာ ပြဿနာ တက်တော့ တာပဲ ။ ကျွန်တော်က သူ့ကို မချစ်ဘူး ၊ အားနာပါးနာတော့ ရှိတာပေါ့ ။ ဒါပေမဲ့ ချစ်တာကို မချစ်ဘူးလို့ ဘယ်လိုလုပ် ပြောမလဲဗျာ ။ သူက မိန်းမ ဖြစ်နေတယ် ။ မိန်းမ ဖြစ်ရတဲ့ အခွင့်အရေးအရ သူ ကျွန်တော့်ကို ချစ်တယ် ဆိုတာ လူသိထင်ရှား လုပ်ပြရတာ သိပ်လွယ်တယ် ၊ ကျွန်တော် ဗိုလ်ချုပ်ဈေးမှာ ဂိတ်မထိုးဘဲ ရှောင်နေတာ သိတော့ ရေကျော်ဂိတ်ကို လာရှာတယ် ။ နှစ်ခါ ကနေ သုံးခါ လာတော့ သူ့အချစ်ကို တစ်ဂိတ်လုံးက ထောက်ခံ သွားပါတယ် ။ မိန်းမမာယာ သဲကိုးမဖြာ လိုက်ရဘူး ။

ဒါကြောင့် ကျွန်တော် မေးခွန်းထုတ်ခဲ့ပါရောလား ။ အမျိုးသမီး တစ်ယောက်ယောက်က ကျွန်တော်တို့ကို ချစ်ရေးဆိုလာတဲ့ အခါ ဘာလုပ်ရမှန်း မသိဘူး မဟုတ်လားဆိုတာ ၊ ဘယ်လို ပြန်ပြောရမလဲ ။

“ ဒီလိုဆိုရင် လူကြီးတွေကို လာပြောပါလားလို့ ” “ စဉ်းစားခွင့်ပေးပါနော် ” တို့  ၊ “ ဝမ်းနည်းပါတယ် ၊ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ ” တို့ ပြောလို့ ရမလားဗျာ ။ ကျွန်တော့်မှာ အရင်က သူ့ကို မြှောက်မြှောက် ပြောပြီး စားထားသောက်ထားတာ မနည်းတော့ဘူး ။ အင်္ကျီတွေ ၊ လုံချည်တွေတောင် ပါသေးတယ် ။ ငွေရေးကြေးရေး မှာတော့ ကားအင်ဂျင်ချဖို့ အရေးကြီး ငွေလိုလို့ ခဏ ချေးဖူးတယ် ။ ပြန်ပေးပြီးပါပြီ ။ ဒါတွေက အဓိက မကျပါဘူး ။ အဓိက ကျတာက သူ့အချစ်ကို ကျွန်တော် လက်ခံထားတဲ့ ကိစ္စက အဓိကကျပါတယ် ။ သူနဲ့ ကျွန်တော် တွေ့ပြီဆိုရင် သူက ....

“ မင်း ငါ့ကို မချစ်ရင် မချစ်ဘူးလို့ ပြတ်ပြတ်သားသား ပြောနော် ၊ ငါ ဘယ်သူ့ကိုမှ ဒူးထောက်ခဲ့တာ မဟုတ်ဘူး ၊ မင်းက ဘာလဲ ၊ ငါ့ကို အရူးလုပ်တာလား ၊ ငါက မင်းကို လက်ထပ်ခွင့် တောင်းနေလို့လား ၊ ဘာဝယ်ပေးပါ ၊ ဘာလုပ်ပေးပါ နားပူနားဆာ လုပ်နေလို့လား မင်း သိပ် ကြီးကျယ်မနေပါနဲ့ ”

လို့ ငေါက်ချင် ငေါက်တာဗျ ။ တစ်ခါတလေ ကျတော့လည် နားပူနားဆာ ငိုပြန်ရော ။

“ အေးပေါ့လေ ၊ မင်းက အချစ်ဆိုတာ ဘယ်နားလည်မှာလဲ ၊ ငါ့မှာ မင်းမျက်နှာလေး မြင်လိုက်ရရင် ၊ မင်းအသံလေး ကြားလိုက်ရရင် စိတ်ကို ချမ်းသာနေရော ။ မင်း ငါ့ကို ချစ်ချစ် မချစ်ချစ်ပါ ၊ ငါကတော့လေ မင်း ငါ့ကို အလိုမကျတာ ၊ လူကြားသူကြားထဲ ငါနဲ့ သွားရရင် မင်း ရှက်နေတာတွေ ပြန်တွေးတိုင်း မျက်ရည်ကျရတယ် ၊ မင်း ရက်စက်ပါ ၊ ရက်စက်ပါ ၊ ဒါပေမဲ့ မင်း သိထားဖို့ က မင်း ငါ့ကို ဘယ်တော့ မှ မမုန်းခိုင်းနဲ့ ၊ မမေ့ခိုင်းနဲ့  ၊ လမ်းမခွဲခိုင်းနဲ့ သိလား ၊ မင်း လုပ်ချင်တာ  မင်းဘာသာ လုပ်သွား ၊ ငါ့ကို ဘာမှ လာမရှင်းပြနဲ့  ၊ ငါ ဘယ်တော့မှ နားမလည်ပေးဘူး ၊ အဲဒါ မင်း မြဲမြဲမှတ်ထားပါ ”

ငရဲတော့ ကြီးရော့မယ် ထင်ရဲ့ ၊ သူ အဲဒါတွေ ပြောရင် ကျွန်တော် ရယ်ချင်နေတယ် ။ ဟန်ဆောင်ပြီး မျက်လုံးလေး ပေကပ်ကပ်နဲ့ သူ ချစ်အမျှဝေတာကို ခံယူနေရပေမယ့် သာဓု မခေါ်နိုင်ဘူးဗျို့ ။ သူ့ဟာက တစ်မျိုးပဲဗျ ။ ကျွန်တော့်ကို မြို့လယ်ခေါင် လက်ဖက်ရည်ဆိုင်ကြီးတွေ ၊ စားသောက်ဆိုင်ကြီးတွေ ခေါ်ခေါ်ပြီး ရင်ဖွင့်တတ်တယ် ။ ငိုတာရော ၊ ရှိုက်တာရော လုပ်တတ်တယ် ။ ဒီလို နေရာမျိုးတွေကျမှ သူ့အသည်းက ကွဲတာဗျ ။ ကျွန်တော် အောက်တာပေါ့ ။ ဘေးနားက ဝိုင်းတွေ လှမ်းလှမ်းကြည့်ပြီ ဆိုရင် သူက ကျလုလု မျက်ရည်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီ ၊ နှာခေါင်းကို ရှုံ့ချီနှပ်ချီ လုပ်ပြီ ။ သူ့ အသက်အရွယ်နဲ့ လူကြားထဲ ဒါမျိုး မလုပ်သင့် ဘူးပေါ့ဗျာ ။

အရင်ကတော့ ကျွန်တော် သူ့ကို ချော့သေးတယ် ။

“ မမ ... လူတွေနဲ့ နော် ၊ ကြာရင် မကောင်းဘူးလေ ၊ မမ သိက္ခာကျမှာပေါ့ ။ ဘာမှ မဟုတ်ဘဲနဲ့ ဘာလို့ ငိုနေတာလဲဗျာ ၊ လူမြင်လို့ မကောင်းဘူးလေ ”

“ ဘာဖြစ်လဲ ၊ မင်း မနေချင်တော့ဘူး မဟုတ်လား ၊ ဒါတွေ မင်း နားမထောင်ချင်တော့ဘူး မဟုတ်လား ၊ ငါသိသားပဲ ”

“ နေပါဦး ၊ မမနဲ့ ကျွန်တော် ဘာတွေ ဖြစ်ထားလို့ မမ ဒီလောက် ဖြစ်နေတာလဲ ၊ ပြော ..”

“ အေးပေါ့လေ ၊ မင်းက မချစ်တဲ့ လူ ဆိုတော့ ဒီစကား ပြောမှာပေါ့ ၊ ငါ့ မှာတော့ ... ”

ကြာတော့ ကျွန်တော် သူ့ကို ကြောက်လာပါတယ် ။ ကျွန်တော့် စိတ်ထဲမှာ ဒီအမျိုးသမီး ရူးနေသလားတောင် ထင်မိတယ် ။ ကျွန်တော့်ကို သူချစ်တယ် ဆိုတာ ငရဲတော့ မကြီးပါဘူး ။ ဘာမလည်း ဒုက္ခသုက္ခ မရောက်ပါဘူး ။ ကျွန်တော် နဲ့ သူ အကြင်လင်မယား မဖြစ်နိုင်ဘူး ဆိုတာ သူ လက်ခံပါလျက်နဲ့ ဘာမှ မဟုတ်တဲ့ ချစ်ဒုက္ခကို ဇာချဲ့နေတာ စိတ္တဇတစ်မျိုးပဲ ။ ကွယ်ရာမှာ ဆိုရင် သူက သိပ်တည်တယ်ဗျ ။ သူ့အိမ်ကို လိုက်သွားတဲ့ အခါ နှစ်ယောက်တည်း ရှိတာမို့ ရင်ဖွင့်ပါလား ၊ မလုပ်ဘူးဗျ ။ သူ့ စာပေဒဿနတွေ ဟောပြောပို့ချရင်း မိုးစုန်းစုန်းချုပ် တော့တာပဲ ။ ဆံတစ်ချည်မျှင် မျှတောင် ချစ်ရိပ် မသမ်းဘူး ။

ကျွန်တော် သူ့ မျက်လုံးတွေကို လိုက်ကြည့်မယ် ၊ ပြီတီတီ လုပ်မယ်ဆိုရင်တောင် သူက အဗြဟ္မစရိယာ တရားကို ဟောပါလေရော ။

“ မမကို ကျွန်တော် နားမလည်ပါဘူး ၊ ကျွန်တော့်ကို လိုက်လိုက်ရှာပြီး ရင်ကွဲပက်လက်တွေ လိုက်လိုက်ပြော ၊ ငိုကာရယ်ကာလုပ်နဲ့ ၊ မမမှာ ဒီလောက် အသိတရားရှိတာ ၊ အဲဒါ ဘယ်လို ဖြစ်တာလဲ ။ မမ ဘာဖြစ်ချင်နေတာလဲ ”

“ ဒါတွေ မင်း နားမလည်ပါဘူး ၊ ငါက အိမ်ထောင်ရေးသုခကို ဘယ်တော့မှ မတောင့်တဘူး ၊ ဒီအကျင့်တွေဟာ မကောင်းဘူးလေ ၊ ညဘက်ဆို တရားထိုင်တယ် ၊ ပုတီးစိပ်တယ် ၊ ကိုယ့်စိတ်ကိုယ် ထိန်းတဲ့ သဘောပေါ့ ၊ အချစ်ကို ခံစားတာ တစ်ပိုင်းလေ ”

“ ဒါဆို အချစ်ဆိုတာ ဘာလဲ ”

“ ဒါကတော့ တစ်နေ့နေ့တော့ မင်း သိမှာပါ ၊ ကိုယ်တွေ့ သိမှ ပိုနားလည်လိမ့်မယ် ”

“ ကျွန်တော် နားလည်တာ မလည်တာ နောက်မှ ပြောပါ ။ မမ က အချစ်ဆိုတာ ဘာလဲလို့ ကျွန်တော့်ကို ပြောပါဦး ၊ ရှေ့တိုးနောက်ဆုတ်တွေ သိပ်မလုပ်နဲ့ဗျာ ”

မပြောဘူး ။ သူ ခေါင်းကို ငုံ့ထားပြီး လက်သည်းတွေကို လှန်လှောခြစ်ဖဲ့နေတယ် ။ ကျွန်တော် သူ့ကို မြူဆွယ်တော့မှာ ကြိုသိနေပြီကိုး ။ တော်တော်လည်တယ် ။ မနေ့တစ်နေ့က လူကြားသူကြား ထဲမှာ ကျွန်တော့်ကို ချစ်လွန်းလို့ မျက်ရည်စက်စက် ကျခဲ့တယ်ဆိုတာ ကျိန်ပြောမှ ယုံရမလို ဖြစ်နေပြီ ။ အခုလို နှစ်ယောက်တည်း ရှိချိန်မှာ သူ့အချစ်တွေ ဘယ်ပျောက် နေမှန်း မသိဘူး ။ ကျွန်တော်ကလည်း အောင်ပွဲကြီး ခံဖို့ ကြိုးပမ်းတယ် ။ သူ့အိမ်ထဲ ရောက်ရင် သူ့ကို ချစ်သလိုလို ဘာလိုလို ဖြစ်လာတယ်ဗျ ။ စိတ်တွေ သိပ် တက်ကြွလာရင် သူ့လက်လေးကို ကိုင်မိတယ် ။ သူက ဟင့်အင်းကွယ် ၊ မလုပ်နဲ့ကွယ် ဆိုပြီး ရုန်းတော့တာပဲ ။

ကျွန်တော်ကလည်း ဒီလောက်နဲ့တင် ရပ်လိုက်ပါတယ် ။ သူ ငြင်းနေမှတော့ ကျွန်တော် ချစ်ချင် သလိုလို ဖြစ်တာလေးတောင် ရပ်တန့်သွားတယ် ။ ဇာတ်လမ်းက ဒီလောက်ပါပဲ ။ ကျွန်တော်လည်း ကိုယ် အောင်ပွဲမခံရမှန်း သိတော့ မကပ်ချင်တော့ဘူး ။ မှန်တာ ပြောရရင် သူ ချစ်ပုံချစ်နည်းက ကျွန်တော့် အတွက် ဘာမှ အသုံးမဝင်ဘူး ။ သူ့လို လွမ်းတယ် ၊ ဆွေးတယ် ဘယ်လုပ် နေနိုင်မှာလဲ ။ သူက ဒါကို စိတ်ထိခိုက် ရှာတယ် ။ အခုလည်း ကျွန်တော် သူ့ကို ရှောင်နေတဲ့ ကြားက ကားဂိတ်မှာ သုံးရက်တိတိ လာစောင့်ပြီး မြို့ထဲက ( MR.BROWN ) ကဖေးဆိုင် ကို ခေါ်လာတယ် ။

ကော်ဖီယူလာပြီး သောက်မယ်မှ မကြံသေးဘူး “ ဟင့်ကနဲ ” ငိုပါလေရောဗျာ ။ ကျွန်တော် ပတ်ဝန်းကျင်ကို ကြည့်တော့ စုံတွဲလေးတွေက ခပ်ငယ်ငယ်လေးတွေဗျ ။ သူက မကြီးမငယ်နဲ့ ငိုနေတော့ ဘေးလူတွေက အကဲခတ်ပြီပေါ့ ။

ကျွန်တော် ပြန်မယ် လုပ်တော့ ပိုဆိုးပါလေရော ။ သူ့ကို စိတ်ဆိုးအောင် မလုပ်နဲ့ ဆိုပြီး ပြန်ခွင့် မပေးဘူး ။ ဒီနေ့ သူ့ကို ကြည့်ရတာ ပါတိတ်အစိမ်းဖောက်ဝမ်းဆက်နဲ့ ဘီးစပတ် ထိုးထားတယ် ။ မျက်နှာမှာလည်း မှုံနံ့သာ ဝင့်လို့ဗျ ။ အဆင်အပြင် ကတော့ ဂုဏ်ကြီးသူ အတိုင်းပဲ ။ တော်တော်လေး ငိုလို့ ဝသွားတော့ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခါးက အင်္ကျီကို ဆွဲဆန့် လိုက်ပါတယ် ။ ပြီးတော့မှ ...

“ ငါမင်းကို ဒီနေ့ နောက်ဆုံး လာတွေ့တာ ၊ အဲဒါ မင်းသိလား ” 

ဒီစကား ကြားရတော့ ကျွန်တော် အံ့သြသွားတယ် ။

“ တကယ် ပြောတာ ၊ ငါ မင်းနဲ့ နောက်ဆုံး လာတွေ့တာ ” 

“ ဘာဖြစ်လို့လဲ ၊ ယောက်ျား ယူတော့မှာလား ”

“ ဆိုပါတော့ ”

“ ပြီးတာပဲဗျာ ၊ ဝမ်းသာပါတယ် ”

“ ဝမ်းသာပါ ၊ ဝမ်းသာပါ ၊ ဒီစကား ကြားရမယ် ဆိုတာ သိသားပဲ ၊ ငါ မင်းကို သိပ်မျှော်လင့်ခဲ့တယ် သိလား ၊ မင်းကို လူကောင်းလေး တစ်ယောက် ဖြစ်လာအောင် ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား အလကားပဲ ၊ မင်းက အခွင့်အရေး ချောင်းဖို့ပဲ သိတယ် ။ မင်း လမ်းဘေးက ကောင်မတွေနဲ့ တွဲနေတာ ငါ မသိဘူးများ ... ကြည့် ... ”

သူ့စကား မဆုံးခင်မှာ ခက်ခက်ဝေတို့ အုပ်စုထဲက ကောင်မလေး တစ်ယောက် ၊ ငနဲ တစ်ကောင်နဲ့ ဆိုင်ထဲ ဝင်လာလို့ ကျွန်တော့်ကို တွေ့တော့ နှုတ်ဆက်တယ် ။ ကျွန်တော်ကလည်း ခေါင်းညိတ်နှုတ်ဆက်မိတယ် ။ ဒါကို သူက “ ကြည့် ” တဲ့  ။ သူက မျက်စောင်းကြီးကြီး ထိုးပြီး စားပွဲကို လက်နဲ့ ပုတ်ပါတယ် ။ ဒေါသ ဖြစ်သွားတာကိုး ။

“ သူငယ်ချင်းတွေပါဗျာ ၊ ငယ်ငယ်လေးတည်းက တွဲလာတာပါ ” 

“ တော်စမ်း ၊ ငါနဲ့ ပြောရင် အဲဒီကောင်မတွေ အကြောင်း မပြောနဲ့ ” 

“ ဟင် ... ”

“ ဘာ ဟင်လဲ ၊ ဘာ ဟင်လဲ ၊ ငါက စပြောတာလို့ ပြောမလို့ မဟုတ်လား ၊ မင်းက ငါ့ကို ဒီကောင်မတွေလို သဘောထားနေတာ ငါသိတယ် ၊ ငါ့အချစ်ကို မင်း နားမလည်ဘူး ”

ကျွန်တော် ဆေးလိပ်ထုတ်ပြီး မီးညှိမလို့ လုပ်တော့ သူက ဆတ်ကနဲ ဆေးလိပ်ကို လုပြီး ထိုးချေပစ်လိုက်တယ် ။ ဒီမိန်းမက ဒီလိုပဲ ။ လူကြားထဲရောက်ရင် သိပ်ကဲလွန်းတယ်ဗျာ ။

“ မင်းကို ငါက တန်ဖိုးရှိရှိ နေစေချင်တယ် ၊ မင်း လမ်းဘေး ရောက်နေတာ သိလို့ ငါ အနစ်နာခံပြီး လမ်းမှန်ပေါ်ကို ဆွဲခေါ်နေတာ ၊ အဲဒါတွေ မင်းဘာမှ နားမလည်ဘူး ၊ ငါ သိပ် ရင်နာတယ် သိလား ”

“ အဲဒါနဲ့ပဲ မမ ယောက်ျား ယူဖြစ်ရောလား ”

“ မင်း ငါ့ကို မစော်ကားနဲ့ နော် ၊ ငါ စေတနာနဲ့ ပြောနေတာ ” 

“ နေပါဦး ၊ မမက ကျွန်တော့်ကို ဘယ်လို သဘောထားပြီး ဒီစကားတွေ ပြောနေတာလဲ ”

“ တော်ပါတော့ မိုးအောင်ရယ် ၊ မင်းက ငါ့ကို တန်ဖိုး ထားရကောင်းမှန်း မသိဘူး ၊ ငါချစ်သလို ပြန်ချစ်ဖို့ မကြိုးစားဘူး ၊ ငါ့ကို အပျော်ကြံဖို့ပဲ မင်း စိတ်ကူးနေတယ် ၊ ဒါတွေကို ငါ ပြည်ဖုံးကား ချတော့မယ် ၊ မင်းကို ငါ ကောင်းကောင်း နားလည်သွားပါပြီ ၊ ငါ့ ဝဋ်ကြွေးတွေ မင်း မလည်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ် ၊ နောက်နောင် လမ်းမှာ တွေ့ရင် မင်းကို နှုတ်မဆက်မိအောင် ကြိုးစားမှာပါ ။ ကဲ ... ငါသွားမယ် ”

ဘာမှန်းတော့ ကျွန်တော်လည်း မသိဘူး ။

နောက်ဆုံး တွေ့ခဲ့စဉ်က သူ့လက်လေးတွေ ဆုပ်ကိုင်ပြီး အောင်ပွဲခံမလို့ ကြံခဲ့တာကို မကျေနပ်လို့ များလား ၊ မတတ်နိုင်ဘူးလေ ။ အခုလို ဖြစ်သွားတာပဲ ခပ်ကောင်းကောင်း ပါ ။ အမျိုးသမီးတွေနဲ့ ပတ်သက်လာရင် ကျွန်တော် ကလည်း သိပ်စိတ်ရှည်တာ မဟုတ်ဘူး ။ တစ်ခု ဝမ်းနည်းတာက သူနဲ့ ပတ်သက်ပြီး စားကောင်းသောက် ကောင်း စားခဲ့ရတာလေးတွေကိုတော့ နှမြောမိတယ်ဗျာ ။ ကျွန်တော့် အတွက် ဒီလို ဖောက်သည်မျိုးက မလွယ်ဘူး ။ ဗိုလ်ချုပ်ဈေးမှာ ဂိတ်ထိုးဖူးတဲ့ တက္ကစီ သမားတိုင်း ကျွန်တော့်လို နှစ်နဲ့ ချီပြီး ကံကောင်းသူမျိုး ရှားပါတယ် ။ မမကြီးတို့ရဲ့ အချစ်တော် ဖြစ်ဖို့ ဆိုရင် လူက ငယ်ရမယ် ၊ ရုပ်ရည် ကလည်း ခပ်တေတေ ဖြစ်ရမယ် ၊ တက္ကစီကားသန့်သန့် ကိုင်တွယ်နိုင်ရမယ် ၊ ဒါမှ မမကြီးတွေက စဉ်းစားတာ ။ မမကြီးတွေ ဆိုပေမယ့် တချို့ကျတော့ ကိုယ့်အမေ ထက်တောင် အသက်ကြီးသေးတယ် ။ ဒါပေမဲ့ သူတို့က “ မမကလေ ” လို့ စကားစလာရင် အန်တီ သွား မခေါ်မိစေနဲ့ ၊ ဒါ ဗိုလ်ချုပ်ဈေးရဲ့ အထာပဲဗျ ။ ကိုယ့်ကို သနားပြီး ချစ်လာပြီ ဆိုရင် သူ ကားလာငှားတဲ့ နေ့ဟာ ရတနာပုံ ဆိုက်တာပဲ ။ ဒါပေမဲ့ ဟန်တော့ လိုတယ်ဗျ ။ သိပ်ပျာပျောသလဲ ဖြစ်ရင်လည်း မမကြီးတွေက ပယ်တယ် ၊ သိပ် မာန်တင်းလွန်း ရင်လည်း ခြေရာနှိုင်းသလို ဖြစ်မယ် ။ သူတို့ ချစ်ပုံက တစ်မျိုးပဲ ဗျ ။ မြင်းရိုင်း စီးရသလို နေမယ် ။ ဥပမာ ပြောတာပါ ။ ကျွန်တော်တော့ တကယ့် မြင်းရိုင်း မစီးဖူးပါဘူး ။ အကိုင်အတွယ် ဟန်မကျရင် ပြုတ်ကျတတ်လွန်းလို့ တင်စားပြောမိခြင်း သက်သက်ပါ ။

အခုကြည့်လေ ...

ကျွန်တော်နဲ့ သူ ဘာမှ ဟုတ်တိပတ်တိ ဖြစ်ခဲ့ကြတာ မဟုတ်ဘူး ။ မသိတဲ့ သူတွေကတော့ ကျွန်တော့်ကို တစ်မျိုး မြင်မှာပါ ။ ရေကျော်ဂိတ် မှာလည်း ကျွန်တော့်ကို တွေ့ရင် အောင်ပွဲခံနေတဲ့ သူရဲကောင်းလို့ ထင်ကြတယ် ။ တကယ်တော့ ကျွန်တော် ကြွားမိတာလည်း ပါတာပေါ့လေ ။ အမျိုးသမီးကြီး ကျွန်တော့်ကို လာလာ ရှာနေမှတော့ သူတို့ကို ကျွန်တော် ဖြီးရတာပေါ့ဗျာ ။ ကျွန်တော် ဘယ်လို အောင်ပွဲခံလျက်ရှိကြောင်း ကြွားမိတာပေါ့ ။ ဘာအောင်ပွဲမှ မရသေးပေမဲ့ ဒီလို ကိစ္စမျိုးမှာ ဘယ်သူ မဆို ကျွန်တော့်လို ဖြီးမှာပါ ။ တက္ကစီသမားတွေ မဟုတ်လား ။ ဘုရားလူကြီး ဝင်ရွေးမယ့် လူတွေမှ မဟုတ်တာ ။ ကိုယ့်ကို ဒီလို လာလာရှာတဲ့ မိန်းမမျိုးနဲ့ တရားဓမ္မ ဆွေးနွေးရုံ သက်သက်ပါ ၊ ဘာမှ မဖြစ်ကြပါဘူး ၊ ညဉ့်နက်မှ ပြန်လာပေမယ့် အဗြဟ္မစရိယာ ကျင့်ကြံပါတယ် ဆိုလို့ကော ယုံမယ်တဲ့လား ။

အမျိုးသမီးကြီးက ကျွန်တော့်ကို လာရှာတဲ့ အခါ ကောင်းကောင်း ရှာတာ မဟုတ်ဘူး ။ ကိုမြတိုး ကို တွေ့ရင် လက်ဖက်ရည် ခေါ်တိုက်ပြီး ရင်ဖွင့်သေးတာဗျ ။ သူ့ရဲ့ သံယောဇဉ်ကို ကြေညာသေးတယ် ။ တင်မြရီ တို့  ၊ ခက်ခက်ဝေ တို့နဲ့ သွားတာလာတာကို မကြိုက်တဲ့ အကြောင်းက အဓိက ပဲ ။ သူ့ ကိုယ်သူတော့ သူတော်ကောင်းမကြီး ၊ မေတ္တာရှင်မကြီးပေါ့လေ ။ မိန်းမတွေမှာ ကျွန်တော်တို့ ထက် သာတဲ့ အချက်က အားနွဲ့သူရဲ့ မျက်ရည် မဟုတ်လား ။ သူက မျက်ရည်လေး နှစ်ပေါက်လောက် ကျပြီး ရင်ဖွင့်လိုက်ရင် တစ်ဂိတ်လုံးက လူတွေက ကျွန်တော့်ကို အပြစ်တွေ တင်ပါလေရော ။ မလုပ်သင့်ဘူး ၊ သနားပါတယ် ၊ ဘာဘာညာညာပေါ့ဗျာ ။ ယောက်ျားတွေဟာ ဒီလိုချည်းပဲလေ ။ မိန်းမသား ဘက်က ဝင်ပြောပေးရမယ့် ဝတ္တရားက နုတ်ဖျားမှာ မွေးကတည်းက ပါလာသူချည်းပဲ ။ တစ်ခုတော့ ရှိတယ် ။ သူတို့ ဝင် သနားသူတွေဟာ သူတို့နဲ့ ပတ်သက်တဲ့ မိန်းမသားတွေ မဟုတ်ဘူး ၊ တခြားလူနဲ့ ပတ်သက်တဲ့ မိန်းမသားကိုမှ သနားတာတော့ ခပ်ဆန်းဆန်းပဲ ။

သူများနဲ့ ပတ်သက်တဲ့ မိန်းမသားကို ကိုယ်က သနား ၊ ကိုယ်နဲ့ ပတ်သက်တဲ့ မိန်းမသားကို သူများတွေက သနားနဲ့ ၊ ကိုယ်တွေ ယောက်ျားချင်းတော့ ဘယ်သူမှ မသနားကြဘူး ။ မိန်းမနဲ့ ပတ်သက်လို့ ခံလိုက်ရရင်တောင် “ အသုံးမှ မကျတာ ” လို့ စပြောတော့တာပဲ ။ ဒါက ထားပါတော့ ။

မမနဲ့ ပတ်သက်ပြီး ကျွန်တော် လွန်တယ်လို့ ကိုမြတိုး က ကောက်ချက်ချတယ် ။

“ ဟိုကောင်မလေးတွေနဲ့ ပတ်သက်လို့တော့ ငါ ဘာမှ မဝေဖန်ဘူး ၊ မင်း အဖေကလည်း ခဏခဏ တိုင်တယ် ၊ ဒါပေမဲ့ ... ငါ ဘာပြောလဲ ၊ မင်းလည်း လူငယ်ပဲ ၊ ခင်တာမင်တာတော့ ရှိမှာမို့ ဘာမှ မပြောတာ ၊ အခုဒီမှာ သူက အင်မတန် ရိုးပါတယ်ကွာ ၊ မင်းကိုလည်း တော်တော်ချစ်တယ် ၊ ဒါ မင်း အသိဆုံးပါ ၊ ငါ မင်းကို ပွင့်ပွင့်လင်းလင်း ပြောမယ်ကွာ ၊ မင်း သူ့ကို မယူနိုင်ဘဲ နှောင့်ယှက် မနေနဲ့ ၊ မလုပ်ကောင်းဘူးကွ ”  

“ ကျွန်တော် ဘာနှောင့်ယှက်လို့လဲ ”

“ သဘော ပြောတာပါ ၊ သူ့သိက္ခာကျမယ့် စကားတွေ မပြောနဲ့ပေါ့ကွာ ၊ သူ့ဟာသူ အိမ်ထောင်ပြုရင် ပြုပါစေ ၊ မကောင်းဘူးလား ”

“ ကိုမြတိုးကို သူ ဘာတွေပြောလဲ ”

“ အေးကွ ၊ မနေ့က မင်းနဲ့ သူနဲ့ လမ်းခွဲခဲ့ပြီလို့ ပြောတယ် ။ မင်း သူ့ကို တကယ် မချစ်ဘူးတဲ့ ၊ ယောက်ျား ယူပါလား ၊ ဘာလား ပြောတယ်တဲ့ ၊ ဒါ သူ ပြောတာနော် ၊ မင်းကို သူက တင်မြရီ တို့ နဲ့ မတွဲဖို့ တားတော့ မင်း စိတ်ဆိုးတယ်တဲ့ ၊ သူ့ဘက်က ကြည့်တော့လည်း ဟုတ်တာပဲ ၊ မင်း စဉ်းစားကြည့်လေ ”

သဲကိုးဖြာ နဲ့တော့ ပက်ပြီပေါ့ ။ တော်တော် ပုံကြီးချဲ့တာပဲဗျ ။ မနေ့က ကျွန်တော်သူ့ အပြုအမူတွေ သဘော မပေါက်ခဲ့ပေမယ့် အခုတော့ သဘောပေါက်သွားပြီ ။ မချောကြီးက တမင် ဇာတ်နာအောင် လုပ်နေတာကိုး ။ ခံရခက်လိုက်ပုံတော့ ပြောမနေပါနဲ့တော့ဗျို့ ။

  ▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment