❝ အရပ်ပျက်မကလေးမှ တဆင့် ❞
( မောင်သာရ )
[ ၁ ]
စစ်တိုက်နေသည် ။ သေနတ်သံများ မပြတ် ကြားနေသည် ။ ကျွန်တော်သည် ဒဏ်ရာနှင့် လဲနေသည် ။ ရင်ထဲ မှာလည်း မောနေသည် ။ ဤအထဲတွင် ညည်းသံများကိုလည်း ကြားနေသတည်း ။
အိပ်မက်မှ လန့်၍နိုးသော အခါ ကျွန်တော့်ဇနီး မိ သည် ညည်းလျက်ရှိသည် ။ မိ ၏ သွားကြိတ်သံများသည် မရပ်စဲသော သေနတ်သံများ အဖြစ် အိပ်မက်တွင် ထင်လာဟန်ရှိသည် ။ မိ ၏ လက်က တင်ထားသဖြင့် ကျွန်တော့် ရင်မှာ အသက်ရှူရ ကြပ်ကာ မောနေခြင်း ဖြစ်သည် ။
ကျွန်တော်သည် မိ၏ လက်ကို အသာကလေး ဘေးချကာ တွေး၏ ။
ညက အိပ်ရာသို့ သန်းကောင်မှ ဝင်ခဲ့သည် ။ ထိုအခါ မိုးသည် သည်းထန်စွာ ရွာနေသည် ။ ယခုထက်တိုင် မိုးသည် ရွာလျက်ပင် ။ ရုပ်ရှင် ကြည့်ဦးမည် ဆိုကာ မိုးရွာထဲတွင် မိ ထွက်သွားသည်ဟုဆိုသည် ။ မည်သည့်အချိန်က မိ ပြန်ရောက်နေသည်ကို မသိ ။ ယခု မိ၏ လက်ဖဝါးများမှာ ပူနေသည် ။ တန်တော့ သိပြီ ။ မိ မိုးမိသဖြင့် ဖျားနေလေပြီတည်း ။
[ ၂ ]
ကျွန်တော်သည် ဖျားနေသည့် မိ ကို စောင်ခြုံပေးရန် လည်းကောင်း ၊ ရေနွေးနှင့် ဆေးနီကလေး တခွက်ကို ချွေးထွက်စေခြင်း အလို့ငှာ တိုက်ရန် လည်းကောင်း ၊ မိ ၏ နဖူးပြင်ကလေးကို ပါး ဖြင့် တယုတယ စမ်းလျက် ချော့မော့ နှစ်သိမ့်ရန် လည်းကောင်း သတိမရ ။
ဆက်၍သာ တွေးနေသည် ။
မိ နှင့် ကျွန်တော်သည် ရွယ်တူတည်း ။ အသက် အစိတ် ရှိကြခါမှ ကိုယ့် သဘောကျ ကိုယ် နှစ်သက်ရာ ကိုယ် ရွေးယူကြသော မောင်နှံအစုံ ဖြစ်သည် ။ မည်သူ့ မိဘ၏ ဩဇာကြောင့်မျှ ယူရခြင်း ဖြစ်သည်ဟု ပြောစရာ အကြောင်းလည်း မရှိ ။ အခြေအနေ အကျပ်အတည်းမှာမို့ မချစ်ခင် မစုံမက်ပါ ဘဲလျက် လက်ဆက် ခဲ့ကြရသည့် လင်မယား လည်း မဟုတ် ။
သို့စဉ်လျက် မိ ကို ကျွန်တော် နှစ်နှစ်ကာကာ မချစ် ။ ကျွန်တော့် အပေါ် တွင် မိ က အလွန်တရာ ညှာတာယုယသော အခါမှသာလျှင် ကျွန်တော့် စိတ်လှုပ်ရှားသည် ။ လှုပ်ရှားသည် ဆိုရာ၌ လည်း တုံ့ပြန်ကာ ချစ်သည် မဟုတ် ။ သနား လာမိရုံသာ ရှိသည် ။ သို့သော် ဤသို့ မိ ၏ အလွန် ကြင်နာ ညှာတာမှု ဆိုသည်မှာလည်း ညားစ အခါက သာတည်း ။
ယခုတော့ မိ သည် ကျွန်တော့်ကို ကောင်းစွာ ဂလဲ့စား ချေလျက် ရှိလေပြီ ။ မိ ကို ကျွန်တော် မညှာတာ မစာနာခဲ့လေ သမျှ အကြင် မညှာတာ မစာနာခြင်းဖြင့်ပင် မိ သည် တုံ့ပြန်လျက် ရှိချေပြီ ။
“ တခါတလေ မောင် နဲ့ လိုက်ခွင့်ကလေးများ ပေးပါဦး မောင် ” ဟူ၍ တစာစာ ပူသော်လည်း ကျွန်တော် သွားလေရာ တွင် မိ အား မခေါ်ခဲ့ ။ ယခုတော့ မိ သည် ကျွန်တော် ခွင့်ပြုသည် ၊ ခွင့်မပြုသည်ကို စိုးစဉ်းမျှ ဂရုမစိုက် ။ အသိ အနန္တ နှင့် လိုက်ချင်ရာသို့ လိုက်သွားသည် ။ လည်ချင်ရာ လည်သည် ။ ထွက်ချင်ရာ ထွက်သည် ။ အိမ်မှာ ပြန်၍ ထမင်းပင် နပ်မှန်မှန် စားချင်မှ စားတော့၏ ။ တခါတရံ မေမေ့ အိမ်မှာ အိပ်မည် ဆိုကာ အိမ်သို့ ပြန်ချင်မှ ပင် ပြန်လာသည် ။
ဤသို့ မိ သည် ကျွန်တော့်ကို တု၏ ။ တုရာတွင် မိ မဆင်ခြင်မိသည့် အမှားမှာ ကျွန်တော်ကား ယောက်ျား ။ မိ ကား မိန်းမသားပါတကား ဟူသော ခြားနားချက်ပင်တည်း ။
ညဦး ကတည်းက သူငယ်ချင်းတသိုက်နှင့် ရုပ်ရှင်သို့ လိုက်သွားဦးမည်ဟု အိမ်မှာ ရှိသည့် သူ့အရီးကို ပြောကာ ဝတ်ကောင်းစားလှနှင့် ထမင်းကိုပင် သတိမရတော့မူ၍ ထွက်သွားသည်ဟု ကျွန်တော် အရက်သောက်၍ ပြန်အလာတွင် သိရသည် ။
မိ မည်သို့ ထမင်းစားမှာ ပါလိမ့် ။ မိ ကို မည်သူက မည်သည့်နေရာမှာ မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သည့်အစာများကို ကျွေးမှာပါလိမ့် ။ ပုလဲအစစ် ဘယက်နှင့် လက်ဝတ်လက်စား အတွက် မိ ၏ အသက်ကိုများ ရန်ရှာကြလေမည်လော စသည်ဖြင့် ရင်လေး ပူပန်သင့်သည့် ရတက်တို့သည် ညက ကျွန်တော့် ခေါင်းထဲသို့ ဝင်၍ မလာ ။ မူးကလည်း မူးနေ၍ ဖြစ်မည် ။ မကြင်နာတတ်သည်က လည်း အနည်းနှင့် အများ ပါမည်တည်း ။
အခုတော့ စဉ်းစားပူပန် နေမိပြီ ။ မိ သည် မတည့်သည့် အစာများကို စားလာလေမည်လော ။ မည်သူက မည်သို့ ဧည့်ခံ၍ မည်သို့ ကြံစည် လိုက်လေသနည်း ၊ စသည် စသည် ဖြင့် ရတက်ပွေရပြီ ။
မည်သူ၏ အတွက် မည်သည့် နေရာတွင် မည်မျှ သောက်လာသည် မသိ ။ မိ ၏ လှသော ပါးစပ်မှ အရက်နံ့ တသင်းသင်း ရှိလှသည် ။ ရုပ်ရှင်သို့ သွားသည် မှန် က ဆယ်နာရီကို နောက် အကျဆုံးထား၍ အိမ်သို့ ပြန် ရောက်ရန်သင့်သည် ။ ကျွန်တော် အိပ်ရာသို့ ဝင်၍ တနာရီမှ အိပ်ပျော်သည့်တိုင် မိ ပြန် ၍ မရောက်လာချေ ။ ကျွန်တော် အိပ်မောကျမှ မိ ပြန်ရောက်လာဟန် တူသည် ။ ထို့ကြောင့် အနားမှာ မိ လာ၍ အိပ်ခြင်းကိုပင် ကျွန်တော် မသိခြင်း ဖြစ်သည် ။ ဆိုကြစို့ ။ မိ အိမ်သို့ ပြန်ရောက်သော အချိန်သည် နှစ်နာရီ သာသာခန့် ။
[ ၃ ]
သူငယ်ချင်း တသိုက်နှင့် သွားသည်ဟု ဆိုသော်လည်း နံနက်တွင် အရီး ကို အသေအချာ စုံစမ်းကြည့်သောအခါ မိ ၏ အပြောမျှသာ ဖြစ်သည် ။ အိမ်ဝင်း၏ အပြင်ဘက်မှာ ကားအပြာနုကလေး တစီး ရပ်လှာသည် ။ ထို ကားကလေးနှင့်ပင် ထွက်သွားသည်ဟု အရီး က ဆိုသည် ။ ကားကလေးထဲတွင် မည်သူတို့ ပါကြသည်ကို မျက်စိ မှုန်သဖြင့် အရီး က မကွဲပြားဟု ဆိုသော်လည်း ကျွန်တော် သိသည် ။ ကား အပြာနုကလေးဟု ဆို ကတည်းက မည်သူ ဖြစ်သည်ကို ကျွန်တော် နားလည်သည် ။
ကားမလာမီ ကတည်းက ကြိုတင်ပြင်ဆင်၍ ကား အလာကို အိမ်ရှေ့ ဆင်ဝင်မှထွက်ကာ မကြာမကြာ ကြည့်မျှော်နေသည်ဟု လည်း အရီး က ပြောပြသည် ။
အရီး မှာ မိ ၏ အရီး ဖြစ်သည် ။ ကျွန်တော် နှင့် မည်သို့မျှ သွေးမတော် စပ်ချေ ။ သူ့ တူမကလေး မိ ကို ကျွန်တော် စွန့်ပစ်စေရန် ရည်ရွယ်၍ ပြောဆိုခြင်း မဖြစ်တန်ရာ ။ သူ့ တူမကလေး ကောင်းစားမှ သူလည်း ကောင်းစားရမည် ဖြစ်သည် ။ ထို့ကြောင့် အရီး ပြောပြသော စကားတို့ကို ကုန်းချောစကား ဆံလှသော်လည်း ကျွန်တော် ယုံသည် ။
မည်သို့ပင် ဖြစ်စေ ၊ ယနေ့ ကျွန်တော်၏ စိတ် အနည်းငယ် ပြောင်းလာသည် ။ ယခင်က ဆယ်နာရီတွင် အိမ်မှ ထွက်ရန် အကြောင်း ရှိပါက ရှစ်နာရီ ကတည်းက ထွက်လေ့ရှိသော ကျွန်တော်သည် ယနေ့ ကိုးနာရီခွဲ တိုင်အောင် ရုံးဘက်သို့ ခြေဦး မလှည့်ဖြစ်သေးချေ ။ ယခင်က အိမ်မှ ထွက်ရမည် ဆိုလျှင် စူဠလိပ် ရေမှာ ချသည့်ပမာ ဝမ်းသာ မိသော်လည်း ယနေ့ ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည် ။ ရုံးသို့ လူလွှတ်၍ ခွင့်တိုင်လိုစိတ်လည်း ပေါ်လာသည် ။ မိ အိပ်ရာက နိုးလာလျှင် မျက်နှာသစ်ရေ ယူပေးချင်သည် ။ မအေးစေခြင်းငှာ ဓာတ်ဗူးထဲသို့ စောစောက အရီး ကို ထည့် အထားခိုင်းသော ကာဖီ ပူပူကလေးကိုလည်း ကိုယ်တိုင် သွား၍ ခေါ်ပေး ချင်သည် ။ မိ အိပ်ရာက မထမချင်း မိ ၏ အနားတွင် ထိုင်၍ မိ ၏ မျက်နှာငယ်ညှိုးညှိုးကို မိုးကြည့် နေချင်သည် ။ အတိုကောက်အားဖြင့်မူ အလွမ်းသယ်ချင်သည့် စိတ်သစ်များ ဝင်လာသည် ။
သို့သော် မိ ၏ အနားမှာ လည်း ထိုင်၍ မနေဖြစ်ချေ ။ ရုံးသို့ ခွင့်တိုင်စာလည်း မရေးဖြစ်ချေ ။ စိတ်မှာ ပွေ နေသည် ။
အမှန်မှာ တော့ မိ ကို သူများနှင့် မတွဲစေလိုခြင်း ဖြစ်သည် ။ မနာလို ဝန်တိုခြင်း ဖြစ်သည် ။ ကိုယ့် အချစ်ကို မစွန့်ရက်ခြင်း ဖြစ်သည် ။ စင်စစ် မိ ကို ကျွန်တော် အသဲစွဲ ချစ်နေခြင်း ဖြစ်သည် ။ ဤသို့ ကျွန်တော် ပြန်၍ ဆင်ခြင်မိသည် ။
[ ၄ ]
ထို့ကြောင့် ရုံးသို့ ခွင့်စာ ပို့ခိုင်း လိုက်သည် ။ ခွင့်တိုင်စာတွင် တရက်လည်း မဟုတ်မူ၍ ၅ ရက်မျှ ရုံးတက် ပျက်ကွက်လိမ့်မည်ဖြစ်ကြောင်း ပါရှိသည် ။
“ မိရယ်လေ ၊ သည်လို အအေးမိလို့ ချည်း ဖျားပေါင်း ဖန်တရာ တေနေပါပြီ ။ မောင် နဲ့ ရမှသာ မောင် က ဂရုစိုက်လွန်းလို့ မဖျားတာ ၊ သိပ် မပူနဲ့ မောင် ၊ မကြာပါဘူး ၊ အလွန်ဆုံး တရက် နှစ်ရက် ပေါ့ ၊ နောက်တော့ သူ့ အလိုလို ပျောက်သွားမှာပေါ့ ” ဟူ၍ ကျွန်တော်က ယခင်ကနှင့် မတူသည့် ယုယမှုကို ပြသနေမိသဖြင့် မိ က ကျွန်တော့်ကိုပင် ပြန်၍ နှစ်သိမ့်လှာ၏ ။ မိ စိတ်တွင် နေမကောင်းသည့် အခါမှာတော့ မောင် က ဂရုအစိုက်သားဟု ထင်ရှာပေမည် ။
အမှန်ပင် ။ ကျွန်တော့် ယုယကြင်နာမှုကို မိ အလိုကျ တွေ့မြင် ခံစားရ၍လော မသိ ။ နှစ်ရက် တမွန်းတည့်နှင့် ပင် မိ သည် နေကောင်း၍လာ၏ ။
မိ နေကောင်းပါစေ ဟူသော ကျွန်တော့် ဆုတောင်းသည် ပြည့်လေပြီ ။
[ ၅ ]
မိ နေကောင်း၍ လာပြန်တော့လည်း ကျွန်တော် နဂိုက ကဲ့သို့ပင် ပြန်၍ ပျက်လာပြန်သည် ။
ညနေတွင် အရက်သောက်သည်မှာ များသောအားဖြင့် အိမ်သို့ ရောက်လျှင် သတိ မပါလာချေ ။ အတော် ထွေသည် ။
နံနက်တွင်လည်း မိုးလင်းသည် နှင့် တပြိုင်နက် အဝတ်လဲပြီး ဖြစ်လျက် ၊ ၈ နာရီ ထိုးသည်နှင့် တပြိုင်နက် အိမ်ရိပ်မှ အမြန် ထွက်မိသည် ။
အကြောင်းရင်းကို ရှာသော် မိ ကို ကျွန်တော် နှစ်နှစ်ကာကာ မချစ်ခြင်း ပင် ဖြစ်၏ ။ မိ ကို နှစ်နှစ်ကာကာ မချစ်ခြင်း မှာလည်း အကြောင်းရှိသည် ။ ထိုအကြောင်းမှာ ကျွန်တော့် နားထဲတွင် ထာဝစဉ် ကြားယောင်နေသည့် စကားတခွန်း ကြောင့်တည်း ။
“ တယောက်က သစ္စာ ပျက် ပေမယ့် တယောက်က သစ္စာ မပျက်ထိုက်ပါချေ မောင် ၊ မောင်က ငယ်က ချစ်သူကို အနှစ်တရာ တိုင်တိုင် မေ့နိုင်မည်ဟု ထင်သော်လည်း နု က မူ မမေ့နိုင်ပါချေ ။ နု သေသည် အထိ မောင့်ကို စောင့်ပါမည် ။ ယခုမူကား မောင် က ချစ်သည်ဟု ထင်နေသည့် မောင့်မိမိ ၏ အနားမှာသာ စိတ်ဒုက္ခ ခံ၍ နေချေဦး ” ဟူသော မခင်နုလွင် ၏ စကား တခွန်းသည် ကျွန်တော့် ကို တစ္ဆေချောက်၍ နေလေပြီ တကား ။
[ ၆ ]
ခုနစ်ရက်ခန့် ကြာသော အခါ လမ်းစဉ်အရ ကျွန်တော်သည် အရက် သောက်ရာမှ ပြန်လာသည် ။ အိမ်သို့ ရောက်သော် ည ၈ နာရီခွဲပင် ရှိချေပြီ ။
သည်တခါ ဆန်း၏ ။ မိ သာမက မိ ၏ အရီး ကိုလည်း အိမ်၌ မတွေ့ချေ ။
ထို့ကြောင့် ဝန်တိုစိတ်သည် ပြန်၍ ပေါ်လာပြန်၏ ။ ဒေါသအမျက်သည် မျက်နှာကျက်တွင် တပ်စွဲ၍ နေချေသည် ။ ကျွန်တော်သည် ကြောင်အိမ်ထဲ၌ သိမ်းထားသည့် အရက်ပုလင်းကို ယူ လိုက်၏ ။ စင်စစ် ဤအရက်ပုလင်းသည် မျောက်ညိုသွေးနှင့် ရော ၍ သောက်ရန် အတွက်သာ ဖြစ်သည် ။ မိ သည် အဝတ်လာချိန် ရောက်တော့မည်ဆိုလျှင် တရက် နှစ်ရက်ခန့် ကိုက်ခဲခြင်းဖြင့် လှိမ့်နေရ တတ်၏ ။ ထိုအခါ ဤ ဘရန်ဒီ အရက်နှင့် မျောက်ညိုသွေး ကို ရောစပ်၍ ထမင်း စားခါနီး တိုင်းမှာ ဆေးဝါးအဖြစ် သောက် ရ၏ ။ ထိုသို့ သောက်ပါလေမှ မိ အတွက် သက်သာရာ ရ၍ နေလို့ ကောင်းသည် ။ လွယ်သည်ဟု အဆို ရှိသည် ။
ထို ဆေးကို မိ သောက် ရသောအခါတိုင်း ကျွန်တော့်ကိုလည်း အရက်ချည့် အနည်းငယ် တိုက်တတ်၏ ။ ပထမကမူ ခေါင်းခါခဲ့သော်လည်း နောင်သောအခါများ၌ ကျွန်တော်သည် အရက်ကို များစွာ ခင်တွယ်ရမှန်း သိလာသည် ။ စိတ်၏ မချမ်းသာမှုကလည်း ကျွန်တော် နှင့် အရက်ကို သံယောဇဉ် ဖြစ်စေသည် ဆိုစို့ ။
ယခုမူ ကျွန်တော်သည် ပုလင်းကို ယူ၍ စိတ်ပြေ နပြေ သောက်နေလေပြီ ။ မကြာမီမှာပင် မိ ၏ အရက် ၊ မိ ကြောင့် သောက်ခဲ့ရသော အရက် သည် ကျွန်တော့်ကို မဟန်နိုင် မထိန်းနိုင် ယိမ်းယိုင်လာစေပြီ ။
ကြိုးစား၍ အိမ်အထက်ထပ်မှ အိပ်ရာ ရှိရာသို့ လှမ်းပါ သော်လည်း အချည်းနှီးပင် ။ မအောင်မြင်ချေ ။ လှေကားခြေရင်းမှာပင် အိပ်ရာ၏ အမှတ်ဖြင့် လဲလျောင်းလိုက်ရ တော့သည် ။
အတန်ကြာသော် တံခါး ခေါက်သံ ကြားရ၏ ။ အပြင်ဘက်တွင် မိုးပြင်းပြင်း ရွာနေသည် ။
အဝင်ဝတံခါးနှင့် ကပ်လျက် ရှိသည့် မှန်ပြတင်းမှ ကြည့် လျှင် လှေကားထစ်တွင် ကျွန်တော် လဲနေသည်ကို မိ မြင်ရမည်ဖြစ်၏ ။ ထို့ကြောင့် မိ က ကျွန်တော့်ကို ခေါ်၍ တံခါးခေါက်သည် ။
ကျွန်တော်သည် ပြန်လည်၍ မထူးမိ ။ ကျွန်တော့် ခြေရင်းတွင် လဲလျက် ကျွန်တော် နှင့် ဘဝတူ ကိုယ့် ဖာသာ ကိုယ် မထူနိုင်တော့သည့် အရက်ပုလင်း ကလည်း မိ ၏ ခေါ်သံကို မကြားလေရော့သလား မသိ ။
အဆက်မပြတ် ခေါက်သည် ။ နောက်တော့ ထုသည် ။ နောက်တော့ ခြေထောက်နှင့် ကန်သည် ။ နောက်ဆုံး တံခါးကို သွက်သွက်ခါအောင် ဆောင့်၍ ဆွဲလှုပ်သည် ။
ကျွန်တော် မထနိုင်ချေ ။ မထူနိုင်ချေ ။ မထူးနိုင်ချေ ။
“ မောင် ... မိ ကို ပြန်မလာစေချင်တော့ဘူးလား ၊ မိ ကို မောင် မလိုချင်တော့ဘူး မှုတ်လား ၊ မိ သိပါတယ် မောင် ရယ် ၊ မောင် ဟန်ဆောင်နေသမျှ မိ သိပါတယ် ။ မောင် မတွေ့ချင်တော့ရင် မိ သွားပါ့မယ် ၊ မိ သွားပါ့မယ် ”
မိ သည် ငိုရှိုက်၍ ပြောနေသည်ဟုပင် ကျွန်တော် ထင်၏ ။ သို့သော် ကျွန်တော် မည်သို့မျှ မလှုပ်ရှက်နိုင်ချေ ။
ထိုစဉ်က ကျွန်တော်သည် မူးနေသည် ။ ရူးလည်း ရူး နေသည် ထင်၏ ။ ကျွန်တော်သည် နိုးနေသည်လော ၊ အိပ်ပျော်နေသည်လော မသိ ။ ရတက်ပွေ၍ ခက်နေသည် ။
မိ ၏ အသံသာ ကြားသယောင်ယောင် စိတ်မှာ ထင်သည် ။ အိပ်မက်ပမာ တံခါးခေါက်သံများ ကြားရသည် ။ မိ ကို နှုတ်ဆက်သည့် အသံများလိုလို မိ က နှုတ်ဆက်သည့် အသံများ လိုလို ကိုလည်း ခပ်သဲ့သဲ့ ကြားသယောင်ယောင် ၊ အိပ်မက်ထဲမှာ ယောင်ယောင်တည်း ။
တံခါးသည် ကလန့်ချ၍ ပိတ်နေ၏ ။ ကျွန်တော့် စိတ်သည် အရက်မူး၍ အိပ်နေသည် ။ သတိလွတ်စဉ် နေသတည်း ။
[ ၇ ]
နောက်တနေ့ နံနက်တွင် အပြင်းအထန် ခေါင်းကိုက် လျက်ရှိသည် ။
အရီး ကိုလည်း အရိပ်မျှပင် မမြင်ရချေ ။ ကျွန်တော် ပြန်၍ အိပ်ပျော်သွားပြန်သည် ။
တဖန် ပြန်၍နိုးလာသော အခါ အိပ်ရာမှ လှိမ့်၍ ၊ ကိုက်လှသော ခေါင်းကို အေးစေရန်အတွက် ခေါင်းအုံးပေါ် မှ ချ လိုက်ရ၏ ။ ထိုအခါ ကျွန်တော့် ခေါင်းအုံးနှစ်လုံး ကြားမှ စာရွက်ကလေး တရွက်ကို ကျွန်တော် တွေ့ရ၏ ။
စာရွက်တွင် အရီး က မိ တို့ နှင့်အတူ မနေချင်တော့၍ မေမေ တို့ အိမ်သို့ ပြန်မည် ဆို သဖြင့် အရီး ကိုလည်း လိုက် ပို့ရင်း ၊ မေမေတို့ ထံ ခေတ္တ လိုက်သွားဦးမည် ။ မောင့် အတွက် ထမင်းပွဲ အရံသင့် ပြင် ထားခဲ့သည် ။ မောင့် ကို စောင့်သေးသော်လည်း မောင် ပြန်၍ မလာနိုင်သဖြင့် တကြောင်း ၊ အရီး က မိုးချုပ်မှာ စိုးသဖြင့် တကြောင်း ၊ အခါတိုင်းထက်လည်း မောင် က နောက်ကျနေသဖြင့် တကြောင်း ၊ မိ ပြန်အလာတွင် မှောင်နေမည် စိုးသဖြင့် တကြောင်း ၊ အကြောင်းကြောင်းတို့ ကြောင့် မောင် ပြန်လာသည့်တိုင် မစောင့်မူ၍ ဤစာကို ရေးကာ ထွက်သွားရခြင်း ဖြစ်ပါသည် ။ မောင် ခပ်စောစော အိမ်သို့ ပြန်ရောက်လျှင် မိ ကို လာ၍ ကြိုပါလား မောင် ... စသည် စသည်ဖြင့် ၊ မိ ရေးထားခဲ့သမျှကို ဖတ်ရသည် ။
ကျွန်တော်သည် ညက အိပ်မက် ယောင်ယောင် ဝိုးတဝါးဝါး နှင့် မိ လာ၍ တံခါးခေါက်သံကို သတိရ ကာ အိပ်ရာမှ အပြေးအလွှား ထမိသည် ။
ရင်ထဲတွင် နာလာသော ရောဂါက ခေါင်းကိုက်နာ၏ နေရာတွင် အစား ဝင်လာလေ၏ ။
[ ၈ ]
“ မိုး ဒါလောက် ရွာနေတဲ့ အထဲ သူ ပြန်လာတယ် ၊ အိမ်မှာ မင်း ကို မတွေ့ခဲ့လို့တဲ့လေ ၊ ပြီးတော့ အင်္ကျီပါး ကလဲ ကြိုက်လိုက်တာ မပြောပါနဲ့တော့ ၊ ညကလဲ နိုင်လွန်လက်ပြတ်ကလေးနဲ့ ဆိုတော့ အအေး မမိဘဲ ခံနိုင်ပါအုံးမလား ၊ ပြီးတော့ သူက လူများနဲ့လဲ တူတာ မှုတ်ဖူး ၊ နဲနဲလောက် အအေးခံ မိရင် ဖျား ၊ ဆောင်းတွင်းဆိုရင် တဆောင်းတွင်းလုံး နှာစေး ၊ ခုလဲ မင်း အိမ်ပြန်မရောက်သေးပေမယ့် ကိုယ့်အိမ်ဘဲ ၊ အိမ်ထဲ ဝင်ပြီး တံခါးပိတ်နေ လိုက်ပေါ့ ၊ ဘယ်သူလာ ဝင်နိုင်အုံးမှာတုန်း ။ အဲဒါကို မဟုတ်လိုက်သေးဘူး ၊ မင်း ကလဲ မရှိ ၊ မိုးကလဲ ရွာ ၊ အိမ်မှာ နေတဲ့ အရီး ကလဲ ဒို့အိမ် ရောက်နေ ဆိုတော့ သူ မနေဝံ့ဘူး ဆိုပြီး မိုးရေထဲ ပြန်လာ တာဘဲ ။ ဒိပြင် ဘာမှ မှုတ်ဖူး ၊ ခုတော့ ဘေးတွေ့ပြီလေ ၊ ဟိုမှာ စကားတောင် ကောင်းကောင်း မပြောနိုင်ဘူး ၊ ဖျားရော မဟုတ်လား ”
ဤစကားတို့သည် မိ ၏ မေမေက ခရီးရောက်မဆိုက် ကျွန်တော့်ကို ပြောပြသော စကားများ ဖြစ်သည် ။ ကျွန်တော် ရောက်သည်နှင့် တပြိုင်နက် ကျွန်တော့်ကို မည်မျှ ဆီးကြို၍ ရန်တွေ့ လိုက်ကြမည်နည်း ။ မည်မျှ ရှုတ်ချ ပြစ်တင်လိုက်ကြလေမည်နည်းဟု တွေးထင်ခဲ့သမျှ မိ က အလိမ္မာသုံး၍ ကျွန်တော့် အပြစ်များကို တတ်နိုင် သမျှ ဖုံးကာ လိမ်လည်ခဲ့ သဖြင့်သာ တော်တော့သည် ။ မိ သည် ကျွန်တော့်အပြစ် ဟူသမျှကို သူ့ အပြစ်ချည့် ဖြစ်စေ၍ ခံလေသည် ။
“ ဟုတ်ပါရဲ့ကွာ ၊ မင်းကလဲ မင်းဘဲ ၊ ဒီအချိန်တောင် အိမ်ကို ဘာပြုလို့ မပြန်ရသေးတာလဲ ၊ မင်း ကလဲ လည်အား ကြီးပါတယ် ” ဟူ၍ အရီး က ဝင်ထောက် လိုက်ပြန်၏ ။
ကျွန်တော် ပြန်၍ ဖြေမည်ပြုစဉ်မှာပင် မိ က အိပ်ရာထဲမှနေ၍ မပြောနိုင် ပြောနိုင်ဖြင့် ၊ “ မိုးက ဒါလောက် ရွာနေတာ ၊ မောင် ဘယ့်နှယ်လုပ်ပြီး မိုးရွာကြီးထဲ ပြန်လာ နိုင်မလဲ ၊ ကိုယ်ချင်းကလေးများ စာ ကြည့်ပါအုံး အရီးရယ် ” ဟု ကြားမှ ဖြတ်ကာ ဖြေလိုက်လေ၏ ။
“အေးပါတော် ... အေးပါ အေးပါ ၊ ညည်းတို့မှ ကိုယ်ချင်းစာနာ တတ်ကြပေသကိုး ...”
[ ၉ ]
ဆရာဝန်ကို ပြသောအခါ ဆရာဝန်က ဆေးရုံသို့ အမြန်ပို့ပါဟု ညွှန်သည် ။
ဆေးရုံသို့ ရောက်သောအခါ ဆရာဝန်ကြီးက လူနာကို လက်ခံသော်လည်း ခေါင်းခါ၍ပြသည် ။ ညနေတွင် မိ သည် အဆုတ်မှာ ရောင်ရာမှ အဆုတ်ပွသော ရောဂါဖြင့် ဆုံးသည် ။
ကျွန်တော်သည် မိ ဆုံးရ သဖြင့် မခင်နုလွင် ကို မုန်း သတည်း ။
[ ၁ဝ ]
ဤ ဇာတ်လမ်းကို အရပ်ပျက်မကလေး ခင်အေးတင့် ထံသို့ ယမန်နေ့ ညက လာရောက်သူ မိ ၏ ခင်ပွန်းသည်က ခင်အေးတင့် ကို ပြောပြ သွားခဲ့ခြင်းဖြစ်သည် ။ အလွန်မူးနေခိုက် ဖြစ်သဖြင့် သူ ပြောသမျှ မှန်မည် ၊ မမှန်မည်ကို မပြောနိုင် သော်လည်း ၊ သူ ပြောခဲ့သည့် အတိုင်းပင် ခင်အေးတင့် က ဤစာရေးသူကို တဆင့်ပြန်၍ ပြောပြသည် ။
◾ မောင်သာရ
📖 မြဝတီမဂ္ဂဇင်း
၁၉၅၆ ခု ၊ နိုဝင်ဘာလ
No comments:
Post a Comment