❝ ဟင်ဆယ် နှင့် ဂရီထယ် ❞
( ပုံပြင် )
တစ်ရံရောအခါ တောကြီး တစ်တော အနီးရှိ အိမ်ကလေး တစ်အိမ်၌ သစ်ခုတ်သမား တစ်ယောက်သည် ဟင်ဆယ် ဆိုသော သားကလေး တစ်ယောက် ၊ ဂရီထယ် ဆိုသော သမီးကလေး တစ်ယောက်နှင့် အတူ နေထိုင်လျက် ရှိလေ၏ ။ ဟင်ဆယ်သည် သူ့ဖခင်နှင့် အတူ တောသို့ လိုက်၍ ထင်းခွေရသည် ။ ဂရိထယ်မှာမူ အိမ်တွင် နေရင်း စားသောက်ဖွယ်ရာများကို ချက်ပြုတ်ရသည် ။ သူတို့သားအဖ သုံးယောက်သည် အလွန်ပျော်ရွှင်ကြလေ၏ ။
တစ်နေ့သ၌ သစ်ခုတ်သမားသည် နောက်ထပ် အိမ်ထောင်ပြုလိုက်လေ၏ ။ ထိုအခါ မိထွေးက လင်ပါသားကလေး ဟင်ဆယ် နှင့် သမီးကလေး ဂရီထယ် ကို မနားမနေ ခိုင်းစေခြင်း ပြုလေ၏ ။ ဟင်ဆယ် နှင့် ဂရီထယ် မောင်နှမသည် မိထွေးနှင့်အတူ နေထိုင်ရသောအခါ အရင်ကလို မပျော်ရွှင်ကြပေ ။ မိထွေး ကလည်း အလွန်ပင် နှိပ်စက်ညှင်းဆဲလျက်ရှိသည် ။ တစ်နေ့သ၌ သူတို့ နေထိုင်သော အရပ်၌ အစာ ငတ်မွတ်ခေါင်းပါးသော ဘေးရန်ကြီး ဖြစ်ပေါ်လာလေ၏ ။ ဟင်ဆယ် နှင့် ဂရီထယ် ကလေးနှစ်ယောက်တို့သည်လည်း အစာကို ဝအောင် မစားကြရပေ ။ ကလေးနှစ်ယောက်သည် အိပ်ရာ ဝင်ကြသောအခါ ဝမ်းဟာလွန်းသောကြောင့် အိပ်၍ပင် မပျော်နိုင်ပေ ။ တစ်ည၌ သူတို့၏ မိထွေးက ဖခင်အား သူ၏ ကလေးနှစ်ယောက်ကို တောသို့ စွန့်ပစ်ရန် တိုက်တွန်းနေသည်ကို အိပ်မပျော်သော ကလေး နှစ်ယောက်က ကြားလိုက်ရလေ၏ ။ ထိုအခါ နှမကလေး ဂရီထယ် က တောသို့ သွား၍ စွန့်ပစ်မည်ကို ကြောက်လွန်းလှ၍ တိတ်တဆိတ် ငိုယိုလေ၏ ။ အစ်ကိုဟင်ဆယ် က မူကား ကြောက်စိတ် မရှိဘဲ သူ့နှမကလေးအား “ မကြောက်နဲ့ညီမ ၊ အစ်ကိုကြံစည်မယ် ” ဟု ဆိုကာ လသာသော အိမ်ပြင်ဘက်ကို ငေးစိုက်ရင်း တွေးလျက်ရှိလေ၏ ။ သူသည် အကြံတစ်ခု ရလာ၍ ဖခင်နှင့် မိထွေးတို့ အိပ်ပျော်သောအခါ အိမ်နောက်ဘက် တံခါးကို အသာ ဖွင့်ပြီးနောက် အိမ်ပြင်ဘက်သို့ ထွက်သွားကာ ကျောက်စရစ်ခဲ ကလေးများကို ကောက်ပြီးလျှင် အင်္ကျီ အိတ်ထဲသို့ ထည့်လာခဲ့လေ၏ ။
နောက်တစ်နေ့မနက်၌ သစ်ခုတ်သမားနှင့် သူ၏ မယားတို့သည် ကလေးနှစ်ယောက်ကို တောသို့ ထင်းခွေ သွားမည်ဟု ညာ၍ ခေါ်လာခဲ့ကြလေ၏ ။ သူတို့ အိမ်မှ ထွက်လာကြသော အခါ ဟင်ဆယ် သည် နောက်မှ လိုက်လာနေရင်း သူ့ အိတ်ထဲမှာ ယူလာသော ကျောက်ခဲကလေး များကို မိထွေး မသိအောင် တိတ်တိတ် ပစ်ချလျက် ရှိလေ၏ ။ ထိုအခါ သူ၏ ဖခင်က “ ဟဲ့ ... ဟင်ဆယ် နောက်ကျနေမယ် ” ဟု အော်ခေါ်သောအခါ ဟင်ဆယ်က “ လာပါ့မယ် အဖေ ၊ ကျွန်တော့် ကြောင်ကလေးကို အောက်မေ့လို့ နောက်ပြန် ကြည့်နေတာပါ ” ဟု ပြန် ပြောလိုက်လေ၏ ။ ထို့နောက် သူတို့သည် တောနက်ထဲသို့ ရောက်သွားကြလေ၏ ။ ရောက်သောအခါ သူတို့၏ မိထွေးက ကလေးနှစ်ယောက်အား “ ကဲ …. မင်းတို့ နှစ်ယောက် ဟောဒီ သစ်ပင် အောက်မှာ စောင့်နေခဲ့ကြ ။ ညနေစောင်းရင် ငါတို့ လာခေါ်မယ် ။ ဟောဒီ ပေါင်မုန့်ကလေး တစ်ဖဲ့ကို စားနှင့်ပေတော့ ” ဟု ချော့မော့ပြောဆိုကာ ထားပစ်ခဲ့လေ၏ ။ ဟင်ဆယ် နှင့် ဂရီထယ် လည်း သစ်ပင် အောက်တွင် ထိုင်နေခဲ့ကြရာ ဂရီထယ် မှာ မောမောနှင့် မကြာမီ အိပ်ပျော်သွားလေ၏ ။ ဟင်ဆယ် လည်း နောက်မကြာမီ၌ အိပ်ပျော် သွားပြန်လေ၏ ။ ညနေစောင်း သော်လည်း သူတို့၏ မိထွေးနှင့် ဖခင်တို့သည် ကလေးနှစ်ယောက်ကို ပြန်မခေါ်ကြပေ ။ နေဝင် သွားသောအခါ ကလေး နှစ်ယောက်တို့သည် အိပ်ရာမှ နိုးလာကြလေ၏ ။ ဂရီထယ်မှာ တောနက်ကြီး ထဲတွင် မိုးချုပ်နေသည် ဖြစ်၍ ကြောက်လန့်ကာ ငိုလေ၏ ။ ထိုအခါ အစ်ကိုဟင်ဆယ် က “ မကြောက်နဲ့ ညီမ ငါတို့ လာခဲ့ကြတုန်းက အိမ်ပြန်ဖို့ လမ်းမှတ်မိအောင် လမ်းမှာ ကျောက်စရစ်ခဲကလေးတွေ ချရစ်ခဲ့တယ် ။ လသာအောင် စောင့်ပြီးမှ ပြန်ကြတာပေါ့ ” ဟုဆိုကာ လသာ လာအောင် စောင့်ဆိုင်း နေကြလေ၏ ။
လထွက်လာသောအခါ ဟင်ဆယ် သည် မနက်က သူချထားခဲ့သော ကျောက်စရစ်ခဲ ကလေးများကို လရောင်ဖြင့် ကြည့်ကာ အိမ်သို့ ပြန်လာခဲ့ကြလေ၏ ။ သူတို့သည် တောထဲမှ ထွက်လာခဲ့ကြသောအခါ ခပ်လှမ်းလှမ်းတွင် မီးကလေး လက်လက်ကို တွေ့ကြ၍ ဆက်လက် သွားကြသောအခါ သူတို့ ဖခင်၏ အိမ်သို့ ရောက်ကြလေ၏ ။ သူတို့ ပြန်လာသည်ကို တွေ့ရသော မိထွေးသည် စိတ်ဆိုးလေ၏ ။ သို့ရာတွင် စိတ်မဆိုးဟန် ဆောင်ကာ “ ဟဲ့ ... နင်တို့ ဘယ်လို ပြန်ရောက် လာကြတာလဲ ။ တောထဲမှာ လိုက်ပြီး ရှာလိုက်ရတာ မတွေ့တာနဲ့ ငါတို့အိမ်ကို ပြန်လာခဲ့ကြရတယ် ” ဟု ပြောဆိုကာ အိမ်ထဲသို့ ခေါ်သွားလေ၏ ။ သူတို့အဖေ သစ်ခုတ်သမားမှာမူ ကလေးများ ပြန်လာ၍ များစွာ ဝမ်းသာနေလေ၏ ။
နောက်များမကြာမီ သူတို့ နေသော အရပ်၌ အစာငတ်မွတ်ခြင်းဘေး ဆိုက်ရောက် လာပြန်လေ၏ ။ ထိုအခါ သစ်ခုတ်သမားသည် သားကလေး ဟင်ဆယ် ကို ခေါ်ကာ တောသို့ အမဲလိုက် ထွက်လာခဲ့ကြလေ၏ ။ သို့ရာတွင် ဘာမျှ မရနိုင်ပေ ။ သူတို့မှာ အစာ ရှားပါးလာပြန် သောအခါ သူတို့၏ မိထွေးက တစ်ညသ၌ ကလေးများကို တောသို့သွား၍ စွန့်ပစ်ရန် ပြောဆို နေသည်ကို ကြားလိုက်ကြရပြန်လေ၏ ။ ဂရီထယ်သည် တောသို့ သွား၍ စွန့်ပစ်မည်ကို ကြောက်၍ ငိုနေရာ အစ်ကိုဟင်ဆယ် က “ မကြောက်နဲ့ ညီမ အစ်ကို အရင် တစ်ခါတုန်းက လိုပဲ ကြံစည်မယ် ” ဟုပြောဆိုကာ လူကြီးများ အိပ်ရာဝင်ချိန်ကိုသာ စောင့်နေလေ၏ ။ သစ်ခုတ်သမား နှင့် မိထွေးတို့ အိပ်ရာ ဝင်ကြသောအခါ ဟင်ဆယ်သည် အိမ်နောက်ဘက် တံခါးမှ အပြင်သို့ ထွက်မည်ဟု ထလာသောအခါ တံခါးမှာ ပိတ်လျက်ထားသည်ကို တွေ့ရ၍ ကျောက်စရစ်ခဲများကို မကောက်နိုင်ဘဲ ပြန်အိပ်နေလိုက်ရလေ၏ ။
မနက် မိုးလင်းသောအခါ မိထွေးက သူတို့ကို ပေါင်မုန့် အနည်းငယ်ပေးကာ တောသို့ ညာခေါ်လာခဲ့ပြန်လေ၏ ။ ဟင်ဆယ်သည် လမ်းတွင် သူ့အတွက် ရသော ပေါင်မုန့်ကလေး အနည်းငယ်ကို ဖဲ့ကာ ဖဲ့ကာ ချလာခဲ့လေ၏ ။ တောနက်ထဲသို့ ရောက်ကြသောအခါ သူတို့၏ မိထွေးနှင့် ဖခင်က “ ကဲ ... ကလေးတို့ ၊ ဟောဒီ သစ်ပင်အောက်မှာ နေရစ်ခဲ့ပေဦး ။ အဖေတို့ ထင်းခွေပြီးရင် ပြန်ခေါ်မယ် ” ပြောကာ ထားပစ်ခဲ့လေ၏ ။ ကလေး နှစ်ယောက်သည် သစ်တုံး တစ်တုံးပေါ်တွင် ထိုင်ရင်း နေရစ်ခဲ့ကြရာ သူတို့နှင့် ဝေးသော နေရာမှ သစ်ခုတ်သံကို ကြားနေရလေ၏ ။ ထိုအသံမှာ သစ်ခုတ်သံ မဟုတ်ဘဲ သူတို့၏ မိထွေးက သစ်ပင် တစ်ပင်နှင့် သစ်ကိုင်း တစ်ကိုင်းကို ကြိုးဖြင့် တုတ်ချည်၍ ထားကာ သစ်ခုတ်သံနှင့် တူအောင် ပြုလုပ်ထားခဲ့ခြင်း ဖြစ်လေ၏ ။ ထို့နောက် မကြာမီ သူတို့ နှစ်ယောက် မောမောနှင့် အိပ်ပျော်သွားလေ၏ ။ အိပ်ရာမှ နိုးလာသောအခါ နေအတော် မြင့်နေသည်ကို တွေ့ရ၍ စောင့်နေကြရင်း မိုးချုပ်သွားပြန်လေ၏ ။ ထိုအခါ ဂရီထယ် က ကြောက်အားနှင့် ငိုနေလေ၏ ။ ဟင်ဆယ် ကမူကား “ မကြောက်နှင့် ညီမ အစ်ကိုတို့ လာခဲ့ကြတုန်းက လမ်းကို မှတ်မိအောင် ပေါင်မုန့် အစကလေးတွေကို ဖဲ့ပြီး ချပစ်ခဲ့ တယ် ။ လ ထွက်လာရင် ငါတို့ ပြန်ကြတာပေါ့ ” ဟု ပြောကာ လ ထွက်လာသောအခါ မောင်နှမ နှစ်ယောက်သည် တောထဲတွင် ချထားခဲ့ကြသော ပေါင်မုန့် အစများကို လိုက်ရှာကြလေ၏ ။ သို့ရာတွင် ပေါင်မုန့်အစများကို မနက်က ငှက်များက ကောက်ယူ စားသောက်သွားကြသောကြောင့် လမ်းစပျောက်နေလေ၏ ။ ထို့ကြောင့် သူတို့သည် တောထဲတွင်ပင် တစ်ညလုံး မနားမနေ လိုက်ရှာနေကြရလေ၏ ။
မနက် မိုးလင်းသောသော အခါ မောင်နှမ နှစ်ယောက်သည် တောထဲတွင် မောမော နှင့် အိပ်ပျော်သွားကြလေ၏ ။ သူတို့ အိပ်ရာမှ နိုးလာသောအခါ နေမြင့်နေသည် ဖြစ်၍ တောထဲတွင် လိုက်ရှာကြပြန်ရာ လမ်းစကို ပြန်မတွေ့ရဘဲ ခပ်လှမ်းလှမ်း တစ်နေရာ၌ အိမ်ကလေး တစ်အိမ်ကို ထူးဆန်းစွာ တွေ့မြင်ကြရလေ၏ ။ ဂရီထယ်သည် ထိုအိမ်ကလေး ရှိရာသို့ ပြေးသွားလေ၏ ။ ထိုအိမ်ကလေးမှာ ရိုးရိုးအိမ်ကလေး မဟုတ်ဘဲ မုန့်များကို ဆက်စပ်ကာ ဆောက်ထားသော အိမ်ကလေး ဖြစ်နေသည်ကို တွေ့ရလေ၏ ။ ဂရီထယ် ကလည်း ဝမ်းသာအားရဖြင့် ပြေးသွားကာ မုန့်များ ကိုက်ဖဲ့၍ စားလေ၏ ။ ဟင်ဆယ် ကလည်း ဆာဆာနှင့် ဂရီထယ် နှင့် အတူ မုန့်များကို ကိုက်ဖဲ့၍ စားလေ၏ ။ ထိုသို့ စားနေစဉ် အိမ်တွင်းမှ အဘွားအိုကြီး တစ်ယောက်သည် ကလေးများ ရှိရာသို့ ရောက်လာလေ၏ ။ ကလေးများသည် အဘွားအိုကို မြင်ကြသောအခါ ကြောက်လန့်၍ “ အမေကြီးရယ် ။ ဆာလွန်းတာနဲ့ မုန့်နည်းနည်း ယူစားလိုက် မိပါတယ် ။ ခွင့်လွှတ်ပါ ” ဟု ကောင်းမွန်စွာ တောင်းပန်ကြလေ၏ ။ အဘွားအို ကမူကား စိတ်ဆိုး ဟန် မပြဘဲ “ ကောင်းပါလေ့ကွယ် ။ မင်းတို့ လိုက်ခဲ့ကြဦး ။ အိမ်ထဲမှာ ဒီထက် ကောင်းတဲ့မုန့်တွေ ရှိတယ် ” ဟု ချော့ခေါ်ရာ ကလေးများ ကလည်း သူ့နောက်မှ လိုက် ဝင်သွားလေ၏ ။ သူတို့သည် အိမ်ထဲသို့ ရောက်ကြသောအခါ အဘွားအို ပြင်ထားသော စားပွဲမှ မုန့်များကို ထိုင်၍ စားကြလေ၏ ။ ထို့နောက် အဘွားအိုက “ ကဲ ... မင်းတို့ စားပြီးရင် ဟောဟို အခန်းထဲမှာ အိပ်ရာ ပြင်ထားတယ် ။ တစ်ရေးတမော အိပ်ကြဦး ” ဟုဆိုကာ အခန်းထဲသို့ ပို့ထားခဲ့လေ၏ ။
မနက်လင်းသောအခါ ကလေးများ အိပ်ရာမှ မနိုးသေးမီ အဘွားအိုသည် အခန်းတွင်းသို့ ဝင်လာပြီးလျှင် ဟင်ဆယ် ရှိရာသို့ လာ၍ “ ဟဲ့ ... အမဲကောင်ကလေး ။လာ .. လိုက်ခဲ့ ။ နင့်ကို ဝဝစားရအောင် လှောင်ချိုင့်ထဲမှာ လှောင်ထားရဦးမယ် ” ဟု ဆိုကာ ဟင်ဆယ်ကို အိပ်ရာထဲမှ ဆွဲခေါ် သွားလေ၏ ။ ဟင်ဆယ်ကို လှောင်ခဲ့ပြီးသောအခါ အဘွားအိုသည် ဂရီထယ် ရှိရာသို့လာ၍ “ ဟဲ့ ... အပျင်းမကလေး ၊ လာလိုက်ခဲ့ ။ နင့်အစ်ကိုကို အစာဝဝ ကျွေးပြီး လှောင်ထားရအောင် ရေတွင်းက ရေ သွားခပ်ချေ ” ဟု ဆိုကာ အိပ်ရာမှ နှိုးလေ၏ ။
ထိုအဘွားအိုသည် စုန်းမကြီး တစ်ယောက် ဖြစ်လေ၏ ။ သူသည် တောထဲတွင် နေ၍ ကလေးများကို မုန့်အိမ်ကလေး သဏ္ဌာန် ဖန်ဆင်းကာ ညှို့၍ ဖမ်းနေကျဖြစ်လေ၏ ။ ထိုနေ့၌လည်း ဟင်ဆယ် နှင့် ဂရီထယ် တို့ တောထဲသို့ ရောက်လာသည်ကို သိ၍ မုန့်အိမ်ကလေးကို ဖန်ဆင်းပြီးလျှင် ဖမ်းထားလိုက်ခြင်း ဖြစ်လေ၏ ။ ဂရီထယ်သည် ရေတွင်းမှ ရေကို ခပ်ပေးရလေ ၏ ။ ဂရီထယ်သည် အဘွားအိုကို စုန်းမကြီး ဖြစ်မှန်း သိလေ၏ ။ စုန်းမကြီးများသည် မျက်စေ့ ကောင်းစွာ မမြင်နိုင်ပေ ။ သူ့မျက်လုံးမှာ ပန်းရောင် ဖြစ်၍ သူတို့ မောင်နှမကို ကောင်းစွာ မမြင်နိုင်မှန်း သိရသောအခါ ဂရီထယ် သည် စုန်းမကြီးကို မကြောက်ပေ ။
စုန်းမကြီးသည် ဟင်ဆယ် ကို ဝလာအောင် အစာကောင်းကောင်း ကျွေး၍ ဂရီထယ် ကိုမူကား အကြွင်းအကျန် လောက်သာ ကျွေးလေ၏ ။ နေ့စဉ်နေ့တိုင်း စုန်းမကြီးက ဟင်ဆယ် ရှိရာသို့ လာပြီးလျှင် လှောင်အိမ် အပြင်ဘက်မှ နေ၍ ဟင်ဆယ် ဝ ၊ မဝ သိရအောင် သူ့လက်ကြီးဖြင့် စမ်း၍ ကြည့်လေ၏ ။ ထိုအခါ ဉာဏ်ကောင်းသော ဟင်ဆယ်က ကြက်ရိုးကလေး တစ်ရိုးကို ဆောင်ထားကာ စုန်းမကြီး လာစမ်းသော အခါ၌ ကြက်ရိုးကလေးကို လှောင်အိမ် အပြင်ဘက်သို့ ထုတ်၍ ပြလေ့ရှိလေ၏ ။ ကြက်ရိုးကလေးကို စမ်းမိသောအခါ စုန်းမကြီးက ဟင်ဆယ် မဝသေးဟု ထင်ကာ ပြန်ထွက်သွားပြန်လေ၏ ။ ဤသို့ဖြင့် ဟင်ဆယ်ကို စုန်းမကြီးက လာ၍ စမ်းသွားသည်မှာ ခုနှစ်ရက် ကြာသောအခါ စုန်းမကြီးက ဟင်ဆယ် ဝလာအောင် မစောင့်နိုင်ဘဲ စားချင်စိတ် ဖြစ်ပေါ်လာလေ၏ ။ ထို့ကြောင့် နောက်တစ်နေ့၌ ဂရီထယ် ကို မီးဖိုကြီး၌ မီးမွှေး ခိုင်းလေ၏ ။ မီးမွှေး ပြီးသောအခါ ဂရီထယ်အား “ ဟဲ့ ... ကောင်မကလေး မီးတောက်လာပြီလား ဆိုတာ သိရအောင် မီးဖိုပေါ်ကို တက်ကြည့်လိုက်စမ်း ” ဟု လည်ဆယ်၍ ခိုင်းလိုက်လေ၏ ။ ဂရီထယ် ဟာလည်း စုန်းမကြီးက လည်ဆယ် ခိုင်းမှန်း သိ၍ “ ကျွန်မ မတက်တတ်ပါဘူးရှင် ဘယ်လိုလုပ်ပြီး တက်ရသလဲ ” ဟု ပြန်ပြောလိုက်လေ၏ ။ ထိုအခါ စိတ်တိုနေသော စုန်းမကြီးက “ ကဲ ... နင် မတက်တတ်လို့ရှိရင် ငါအရင် တက်ပြမယ် ။ ကြည့်ထား ” ဟု ဆိုပြီးလျှင် သူကိုယ်တိုင် မီးဖိုပေါ်သို့ တက်ပြလေ၏ ။ ထိုအခိုက် ဂရီထယ် လည်း စုန်းမကြီးကို မီးဖိုထဲသို့ နောက်မှနေ၍ တအားတွန်းချ လိုက်လေ၏ ။
ထိုသို့ စုန်းမကြီး မီးဖိုထဲသို့ လိမ့်ကျသွားသောအခါ ဂရီထယ်သည် သူ့အစ်ကို ရှိရာသို့ ပြေးသွား ပြီးလျှင် “ အစ်ကို အစ်ကို စုန်းမကြီး မီးဖိုထဲမှာ ကျပြီး သေသွားပြီ ။ လာ ... ကျွန်မတို့ ထွက်ပြေးကြပါစို့ ” ဟု ဝမ်းသာအားရ ပြောကာ ဟင်ဆယ်၏ လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်လေ၏ ။ ဟင်ဆယ်လည်း လှောင်အိမ်ထဲမှ ထွက်လာပြီးနောက် စုန်းမကြီး၏ အိမ်တွင်း၌ လှည့်လည်၍ ကြည့်ကြသောအခါ အဖိုးတန် ရတနာများကို တွေ့ကြ၍ ယူနိုင်သမျှ ယူကာ အိမ်ပြင် ဘက်သို့ ထွက်လာခဲ့ကြလေ၏ ။
သူတို့သည် တောထဲတွင် လမ်းစကို ရှာရင်း အိမ်သို့ ပြန်ရန်ကြိုးစားကြလေ၏ ။ မိုးချုပ်ခါ နီးသောအခါ ဟင်ဆယ် နှင့် ဂရီထယ် တို့သည် တောထဲမှ ထွက်ကြ၍ မီးကလေးလက်လက် တစ်ခုကို တွေ့မြင်ကြရလေ၏ ။ မီးရောင်ရှိရာသို့ ဆက်လက်၍ သွားကြသောအခါ အိမ်ကလေး တစ်အိမ်ကို ခပ်ဝေးဝေးမှ မြင်ကြရလေ၏ ။ ထိုအိမ်ကလေးမှာ စုန်းမကြီး၏ အိမ် မဟုတ်မှန်း ဟင်ဆယ် က သိ၍ သူ့ နှမကလေးကို လက်တွဲကာ ဆက်လက်၍ ခေါ်သွားလေ၏ ။ မကြာမီ သူတို့သည် အိမ်ကလေး ရှိရာသို့ ရောက်သွားကြလေ၏ ။
ထိုအိမ်ကလေးသည် သူတို့၏ ဖခင် အိမ်ကလေး ဖြစ်လေ၏ ။ ဖခင်ကြီးသည် သူ၏ မယား သေဆုံးပြီး၍ တောထဲတွင် ပျောက်ဆုံး နေသော သူ၏ သားကလေး ဟင်ဆယ် နှင့် သမီးကလေး ဂရီထယ် တို့ကို အောက်မေ့ကာ တစ်ယောက်တည်း နေထိုင်လျက် ရှိလေ၏ ။ ထိုအခိုက် ဟင်ဆယ် နှင့် ဂရီထယ် မောင်နှမ တို့သည် အိမ်ထဲသို့ ဝမ်းသာအားရ ပြေးဝင်သွားကြ သောအခါ ဖခင်ကြီးသည် သူ၏ သားနှင့် သမီးတို့ကို လက်နှစ်ဖက်ဖြင့် ဖက်ကာ ဝမ်းသာ၍ မဆုံးနိုင်အောင် ဖြစ်နေလေ၏ ။
ထို့နောက် ဟင်ဆယ် နှင့် ဂရီထယ် တို့က တောထဲတွင် သူတို့ မောင်နှမ နှစ်ယောက် မည်ကဲ့သို့ စွန့်စားခဲ့ရကြောင်းများကို ဖခင်အား ပြန်ပြောပြကြရင်း အသက်ထက်ဆုံး ချမ်းသာစွာ နေထိုင်လျက်ရှိကြလေသတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆ဝ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment