❝ မိုးရေထဲမြစ်ထဲမှာ ❞
( ယုဒါ )
မိုးဖြိုင်ဖြိုင်ရွာသွန်းနေသော နေ့လယ်ခင်းတစ်ခု မှာ ကျွန်မ လမ်းမများပေါ်ရောက်နေခဲ့သည် ။ ပုံမှန်အား ဖြင့်တော့ မိုးသည်းသောနေ့များတွင် လမ်းထွက်ခြင်းကို ကျွန်မ ရှောင်လေ့ရှိသည် ။ မိုးမိရုံဖြင့် ခြေလက်များ ကိုက်ခဲလျှက် ဖျားနာလွယ်တတ်သော ခန္ဓာကိုယ်ကို ထောက်ထား၍ မိုးရေနှင့် မထိတွေ့ ရအောင် ကာကွယ် ခြင်းဖြစ်သည် ။ မဖြစ်မနေသွားရမည့် ပွဲလမ်းမျိုးမရှိလျှင်ပေါ့ ။ မိုးရွာလျှင် အိပ်ခန်းတွင်းအောင်း၍ စာဖတ်နေလိုတာက ကျွန်မနှစ်သက်မှုဖြစ်သည် ။ မိုးရွာသည်ဖြစ်စေ ၊ မရွာသည်ဖြစ်စေ ခိုင်မာစွဲမြဲပြီးသော ဝါသနာကြောင့် ဖတ်ဖြစ်သော်လည်း မိုးရွာလျှင်ဖြင့် ထွေလီကာလီ အလုပ် တွေ ရှာဖွေလုပ်ဖို့ ဆန္ဒမရှိတော့ဘဲ ကော်ဖီတစ်ခွက်နှင့် အိပ်ခန်းတွင်းအောင်းကာ စာဖတ်လိုသည့်အာသီသ ပြင်းပြလာတာတော့ အမှန်ပါပဲ ။
သို့သော် တစ်ခါတစ်ရံမှာတော့ ကျွန်မ၏စိတ် အလိုအတိုင်း မိုးသည်းသည်း မိုးဖွဲဖွဲ ဘာကိုမှ ဂရုမပြု မိတော့ဘဲ အိမ်ပြင်ထွက် လမ်းသလားချင်မိသည် ။ အထူးသဖြင့်တော့ ကျွန်မ စိတ်လက်မကြည်သာသော အခါမျိုး ၊ မိသားစုကို ဆန့်ကျင်လိုသောအခါမျိုးတွင် ထိုအလုပ်ကို ကျွန်မ လုပ်တတ်လေသည် ။ မိုးရွာထဲထွက် လျှင် မိုးမိ၍ ဖျားနာတတ်သည်ကိုသိလျှက် ကျွန်မကို စိတ်ပူတတ်သူတွေ သောကရောက်အောင်လုပ်လိုခြင်းပေလားမသိ ။ တစ်စုံတစ်ရာ စိတ်အလိုမကျလျှင် လမ်းတွေပေါ် လျှောက်သွားလျှက် တွေ့ရာမြင်ရာ ငေးမော နေချင်မိတတ်သည် ။ အိမ်ထဲမှာ မရနိုင်သည့် အရောင်အသွေး စုံမြင်ကွင်းတွေက ကျွန်မစိတ်ကို သက်သာရာ ရစေသည် ။ အတွေးတွေကို ရင့်ကျက်စေသည် ။ တစ်စုံ တစ်ခုအတွက် စိတ်အနာတရဖြစ်စေသော ခံစားမှုတွေကို ပြေလျှော့စေသည် ။
ကျွန်မအကျင့်ကို သိသည့် အစ်မတစ်ယောက်ကတော့ “ ကလေးနော် လူကြီးတွေစိတ်ပူအောင်လုပ်ချင်တာ ကိစ္စမရှိဘူး ။ စိတ်မကြည်လင်တဲ့ အချိန်မျိုးမှာ လမ်းထွက် ချင်တော့ ကားတိုက်သေနေဦးမယ် ” ဟု ဂရုဏာဒေါ သောနှင့်ပြောတတ်လေသည် ။ ပေါက်ပေါက်ရှာရှာတွေ စဉ်းစားတွေးတော ပြောထားသော ကျွန်မက ကျွန်မသေ လျှင် မိတ်ကပ်လှလှလေး လိမ်းပေးဖို့ ၊ နေကာမျက်မှန် တပ်ပေးဖို့ ပြောထားလေရာ အိမ်သားတွေက ကျွန်မဘယ် သွားသွား စိတ်ပူလို့ မဆုံးနိုင်တော့ ။ မိုးရွာထဲ လမ်းထွက်ခြင်းကို မည်သူမျှ သဘောမကျသော်လည်း ကျွန်မကတော့ စိတ်အလိုမကျ၍ မိုးရွာထဲလမ်းထွက်ခြင်းကို အထူးပင် နှစ်ခြိုက်မိသူဖြစ်သည် ။ မိုးရွာထဲမှာ ဆိုတော့ လူတွေကလည်း ကျွန်မကို ဂရုတစိုက်ကြည့်မနေနိုင် ။ ကျွန်မကသာ လူတွေကို တမင် ဂရုတစိုက်လိုက် လျှောက် ကြည့်နေမိလျှက် အာရုံဖြန့်ကြက်ထားနိုင်သည်လေ ။
ကြည့်စမ်း .. ။ ဝေါခနဲ ရွာချလိုက်သော မိုးရေ စက်တွေအောက်မှာ လူတွေ ဘယ်လောက်တောင် ယောက် ယက်ခတ်သွားလိုက်သလဲဆိုတာ ၊ မိုးတွင်းမှန်း သိလျက် တစ်ချိန်ချိန်မိုးရွာချမယ်မှန်းသိလျှက် ကြိုတင် ထီးမဆောင်တာတွေက တဝုန်းဝုန်းတဒိုင်းဒိုင်းရွာချလိုက် သော မိုးကို တိမ်းရှောင်ဖို့ ခိုလှုံစရာရှာနေကြရလေသည် ။ မိုးတွင်းမှာ မိုးရွာမည်မှန်းသိလျှက် ကိုယ်နှင့်မကွာရှိနေ သင့်သော ပစ္စည်းတစ်ခုကို အဆင်သင့်ဆောင်မထားသူ တွေ ဣန္ဒြေပျက်ကြရှာလေပြီ ။
ထီးမဆောင်ခဲ့သော်ငြား အိမ်အပြင်သို့ တင့်တယ် စွာ ထွက်လာသည့် အဝတ်အစားတွေကို မိုးစိုမှာ စိုးတာ ကြောင့် မိုးကို မရှောင်တိမ်းဘဲ ခေါင်းမော့ရင်ဆိုင်နိုင်သည့်လူမျိုးကိုတော့ မတွေ့ရတတ် ။ ခိုလှုံစရာ အမိုး အကာတစ်ခု မရှိ၍သာ ရုတ်တရက် ကျရောက်လာသော မိုးဒဏ်ကို ဒေါသတကြီး ခံလိုက်ရသူတွေသာ များလေသည် ။ ထီးပါလာသူတွေကတော့ ထီးတွေကို အဆင် သင့် ဖွင့်ဆောင်းကြသည် ။ သို့ပေမယ့် အဆင်သင့်မဖြစ်ဘဲ ကိုးရိုးကားရားနိုင်စွာ လူကို ဒုက္ခပေးတတ်သော ခေါက်ထီးပိုင်ရှင်တွေကတော့ အနည်းငယ်စိတ်တို တောင်းစွာ ခဏတစ်ဖြုတ် မိုးဒဏ်ကိုခံရင်း ဣန္ဒြေမပျက် ခရီးဆက်ကြလေသည် ။
ကားတွေကလည်း တဝေါဝေါ ရွာသွန်းနေသည့် မိုးဒဏ်ကို မိုးရေသုတ်တံတွေ တရမ်းရမ်း ခါလျှက် သုတ်ဖယ်ကြသည့်တိုင် မိုးရေစက်တွေက အမြင်အာရုံကို ဝေဝါးမှု ပေးတတ်မြဲ ။ တချို့လည်း ကားဘေးပြတင်း ပေါက်မှ မရမက လက်ကိုပြန်ထုတ်ကာ ရှိရာ အဝတ် စုတ် ၊ စက္ကူပျော့တွေနှင့် ကပျာကယာသုတ်ရရှာလေ သည် ။ မိုးတွင်းမှာ ကားလမ်းကူးရသည်ကတော့ အခက် ခဲဆုံးပါပဲ ။ ထီးဆောင်ထားသည့်လူတွေက ကားရှေ့မှာ ကားဦးခေါင်းစက်ဖုံးကိုပင် လက်ထောက်၍ လမ်းကူးသူတွေ လည်းရှိသည် ။ လူကူးမျဉ်းကြားလည်း မဟုတ်ပါဘဲ ရေများရေနိုင် မီးများမီးနိုင်ဆိုသလို လူထုအားဖြင့် ကားတွေကို ပင်ဟိုးကြလေသည် ။ တချို့နေရာတွေမှာတော့ မိုးရေထဲမှာပင် အရှိန်လျှော့ မမောင်းသည့် ကားတွေကြောင့် လမ်းဖြတ်ကူးဖို့ကို လူတွေက အချိန်အတော် ကြာ စောင့်ဆိုင်းနေကြရသည် ။ မိုးတွင်းရယ်မှ မဟုတ် လမ်းမတွေ ပေါ်မှာဖြင့် စည်းကမ်းမဲ့သော ကားတွေနှင့် စည်းကမ်းမဲ့သောလူတွေ အချိုးညီစွာ လှုပ်ရှားနေသည် ဟု ကျွန်မထင်သည် ။
အော်တိုမဟုတ်သည့် ရိုးရိုးဂီယာကားကိုပင် ဂီယာဝမ်းတူးလောက်နှင့် အေးဆေးစွာ သတိထား ဂရုတစိုက်မောင်းနေလျှက် ကားရှေ့မှာ မထီမဲ့မြင် လုပ်ရင်း ကားမောင်းသူကို ဘုကြည့်ကြည့်သွားသော လမ်းပေါ်က လူတွေကို ကျွန်မ တွေ့ဖူးသည် ။ ကိုယ်တိုင်ကားမောင်းနေရသည့် ခံစားမှုနှင့်လမ်းပေါ်တွင် လမ်းလျှောက်နေရသည့် ခံစားမှုမတူညီနိုင်ဘူးဆိုတာ တော့ ထိုအလုပ်နှစ်ခုလုံးကို လုပ်ဖူးသူတွေကမှ ထဲထဲ ဝင်ဝင်သိနိုင်မည်ထင်သည် ။ တစ်ခါ တစ်ခါ လူတစ် ယောက်ကို ကားပေါ်ကနေ ဒေါသတကြီး ဆဲရေးသွား တတ်သောလူမျိုးကို ကျွန်မ အင်မတန် မုန်းတီးသည် ။ သို့သော် တချို့လူတွေက တော်ရုံစိတ်တို ဒေါသထွက် လေ့မရှိသည့် လူတစ်ယောက်ကိုပင် ရုတ်တရက်သွေး ဆူသွားစေလောက်သည့် ကိုးလိုးကန့်လန့်နိုင်မှုမျိုးဖြင့် အသက်ကို လောင်းကြေးထပ်လျှက် လမ်းမများပေါ် ဖြတ်သန်းသွားနေတတ်လေသည်ပဲ ။
တစ်ခါတစ်ရံကျပြန်တော့ ကျွန်မ ကိုယ်တိုင်ပင် ကားတစ်စီးလုံးကိုဖြစ်စေ ကားမှန်တစ်ချပ်လောက်ကိုပဲ ဖြစ်စေ အုတ်ခဲဖြင့် အားပါးတရ ထုကာ အလျော်အစား ပေးပစ်လိုက်ချင်လောက်အောင် ကားပေါ်က လူတွေကို မုန်းတီးခဲ့ဖူးသည် ။ ကားလက်ကိုင်ခွေကို ကိုင်ရရုံဖြင့် လူတကာကို စော်ကားမော်ကြွားလိုသော လူတွေကလည်း ကားတွေပေါ် အမြောက်အမြားရောက်လာကြပြီ ဖြစ်သည် ။ ကွမ်းတံထွေးကို ကားပေါ်မှနေ၍ လမ်းမပေါ် သို့ ဗျစ်ခနဲ ထွေးချပစ်တတ်သော လူမျိုးတွေ ၊ ယာဉ်စည်း ကမ်း ၊ လမ်းစည်းကမ်း အချက်ပြမီးစနစ်တို့ကိုပင် နားလည်မှုမရှိဘဲ ကားမောင်းခြင်း အတတ်ပညာကို သေချာသင်ကြားထားမှု မရှိဘဲ မော်တော်ကား လက် ကိုင်ခွေကို ကိုင်နေသော လူတွေက လမ်းမများပေါ်မှာ အနန္တ ။
ကားပေါ်က လူတွေက လမ်းပေါ်က လူတွေကို အလေးမထား ။ လမ်းပေါ်က လူတွေက ကားပေါ်က လူတွေကို မလေးစား ။ လောကကြီးကဖြင့် အချိုးညီစွာ သဟဇာတကျလျှက် ရှိနေပါပေါ့လား ။ စိတ်ထွေထွေ ရှိနေသော ကျွန်မကလည်း မိုးရေထဲမှာ ထီးတစ်ချောင်း၏ အကာအကွယ်ဖြင့် လမ်းမများပေါ်က မြင်ကွင်းတွေ ကို ဟိုငေးသည်ကြည့်လုပ်၍ ကောင်းနေသည် ။ အောင်မယ် ဟိုရှေ့က အတွဲတစ်တွဲကတော့ ကျွန်မ မျက်လုံးအစုံကို ဖြားယောင်းခေါ်ဆောင်နိုင်လောက်အောင် စွဲဆောင်မှုအပြည့်ရှိလှပါပေရဲ့ ။ အသားညိုရင့်ရင့် ခြေ သလုံးတုတ်တုတ် ကောင်မလေးပခုံးကို ဖက်လျက် ထီးမိုးပေးထားသော ကောင်ကလေးကို ကျွန်မ ပိုစိတ်ဝင် စားသည် ။ ဒီကောင်လေးက ကောင်မလေးကို အမှန် တကယ် ချစ်မြတ်နိုးမှုတွေဖြင့် ဖက်တွယ်ထားတာတဲ့လား ။
ကျွန်မက သူတို့နောက်မှ ပါလာသူဆိုတော့ ပေါင်လယ်လောက် ဘောင်းဘီတိုဝတ်ထားသည့် ကောင်မလေး၏ မဖွယ်ရာမှုတွေကို အတိုင်းသားမြင်တွေ့ နေရသည် ။ အရပ်ငါးပေလောက်သာရှိသည့် ကောင်မလေး၏ ခန္ဓာကိုယ်အလေးချိန်က ပေါင်တစ်ရာ့ငါးဆယ်ဝန်းကျင်တော့ ရှိလိမ့်မည် ။ ဒီလိုဆိုတော့ အသက်အရွယ်နှင့် မလိုက်ဖက်အောင် ပိုလျှံတိုးပွားနေသည့် အသားဆိုင်တွေက ပုသည့်အရပ်ကို အရုပ်ဆိုးစေလေပြီပေါ့ ။ တကယ်တော့ လူတစ်ယောက် ပုခြင်း ၊ ရှည်ခြင်း ၊ ပိန်ခြင်း ၊ ဝခြင်းတို့အပေါ် ကျွန်မက ကဲ့ရဲ့ဝေဖန်လေ့ရှိ သူတစ်ယောက်မဟုတ်ပါ ။ သို့သော် လူတို့ ရွေးချယ် ဝတ်ဆင်ထားသည့် ခြုံထည်တို့ကိုတော့ ကျွန်မစိတ်ဝင် စားတတ်သည် ။ ဘောင်းဘီတိုနှင့် တွဲဖက်ဝတ်ဆင်ထား သည့် ကောင်မလေး၏ အင်္ကျီနောက်ကျောက ဖောက် ထားသည့် အပေါက်ကြီး နှစ်ပေါက်ကလည်း ကျယ်လွန်း လှသည်ဆိုတော့ မိုးရေထဲမှာ ပိုအေးနေရှာ တော့မှာပေါ့ ။
ဘာပုံစံမှန်းမသိသည့် လက်ပြတ်အင်္ကျီပေါ်တွင် ဖိုးရိုးဖားရားထပ်ဝတ်ထားသည့် ပါးလွှနေသော အဝတ်စ ရှည်ရှည်တစ်ခုကလည်း ခန္ဓာကိုယ်၏ ဘေးဘယ်ညာ ကို ခွဲဖြာကျလျှက် ကျပ်ထုပ်ထုပ် ပေါင်တိုဘောင်းဘီ ကို ဖုံးကွယ်မထားနိုင်ဘဲ ပေါင်လုံးတုတ်တုတ်တွေကို အထင်းသားပေါ်လွင်နေစေသည် ။ သူအိမ်ကထွက်လာ တော့ သူ့အိမ်သားတစ်ယောက်ယောက်က သူ့ဝတ်ပုံစားပုံကို မကြည့်မြင်လိုက်ကြဘူးတဲ့လား ။ အင်းလေ ။ သူ့ကို ကြည့်မြင်ပေးမဲ့ မိသားစုတစ်ယောက်တလေ တောင် ရှိချင်မှ ရှိမှာပေါ့ ။ ကျွန်မတို့ အိမ်မှာဆိုလျှင်တော့ အိမ်သားတစ်ဦးဦး အပြင်ထွက်မည် ဆိုလျှင် ကျန်ရှိနေခဲ့ သည့် အိမ်သားများကို နှုတ်ဆက်၍ သူတို့ ဝေဖန်သုံးသပ် မှုတွေကို ခံရပြီးမှ အိမ်က ထွက်ခွာလာရဘာထုံးစံဖြစ်၏ ။ ကျွန်မတို့ မိသားစုဝင်တွေကလည်း မိသားစုတစ်ယောက်ယောက်က တစ်စုံတစ်ရာ ဝေဖန်လိုက်လျှင် ဝတ်ထား သည့် အဝတ်အစားကို ချက်ချင်း ပြန်ချွတ်လဲလေ့ရှိကြ၏ ။ အေးလေ ။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ဝတ်ချင်သလို လွတ်လပ်စွာ ဝတ်ဆင်ခွင့်ရှိသည်ပဲ ။
အိမ်သားတစ်ယောက်ယောက်က အပြစ်တင် ဝေဖန်ချက်ပေးရုံနှင့် ကိုယ်ရွေးချယ်ထားသည့် အဝတ်အစားကို ပစ်ပယ်လိုက်သည်ဆိုတာ ပျော့ညံ့ရာတော့ကျသည်ပေါ့ ။ သို့သော် ကျွန်မက အဲဒီလို ပျော့ညံ့သည့် အမျိုးအစားဝင်ဖြစ်လေသည် ။ ခုကောင်မလေးကတော့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသူလည်း ဖြစ်ကောင်း ဖြစ်နိုင်သည် ။ သို့မဟုတ်လျှင် ခေါင်းမာစွာ ပေကပ်ကပ် နိုင်သူလည်း ဖြစ်ချင်ဖြစ်မည် ။ ကျွန်မက သူတို့အတွဲကို စိတ်ဝင်စားစွာ ကျော်တက်လိုက်မိသည် ။ အသားခပ် လတ်လတ် အရပ်မြင့်မြင့် ကောင်ကလေး၏ရုပ်ကို ကျွန်မ အရင်မြင်သည် ။
လူချောတစ်ယောက်ပဲ ။ ကောင်မလေးကတော့ ကျွန်မ ထင်မှတ်ထားသလောက်ပင် ရုပ်ရည်ရူပကာ မရှိရာ ။ နှုတ်ခမ်းထူထူ နှာခေါင်းပြားပြားဟု အလွယ် သတ်မှတ်နိုင်သည့် မျက်နှာကို ဆေးရောင်စုံခြယ်သထားသည့်တိုင် အဆင်ပြေစွာ ကြည့်ကောင်းသော ရုပ်ထွက် မလာခဲ့ ။ ကောင်လေးက သူနှင့် လားလားမှ မလိုက်ဖက်သော ကောင်မလေးရဲ့ ဘယ်အချက်ကို ချစ်မက်ခဲ့ တာပါလိမ့် ။ ကောင်မလေး ပခုံးပေါ်က နာမည်ကြီး တံဆိပ် အဖိုးတန်ဘေးလွယ်အိတ်ကြောင့်လား ။ လက်ထဲက ပန်းသီးတစ်ခြမ်းပဲ့ လက်ကိုင်ဖုန်းကြောင့်လား ၊ ကြည့်စမ်း ကျွန်မက သူတစ်ပါး ချစ်သူစုံတွဲကို ဘာမသိ ညာ မသိ စော်ကားနေလိုက်တာက တစ်ဆိတ်တော့ လွန်လာပြီ ။ အချစ်တစ်ခု ဖြစ်ပေါ်ဖို့ အကြောင်းပြချက်မလို ဟူသော ဒဿနကို ကျွန်မ သိလျက်နှင့် အချစ်နှင့် အလှဆိုတာက ကြည့်မြင်သူ၏ မျက်လုံးအပေါ်မှာ သာ မူတည်တတ်သည်ပဲ ။
ဘာပဲဖြစ်ဖြစ် ကောင်ကလေးအတွက် ကောင်မလေးက မိုနာလီဇာသာ ဖြစ်နေပေလိမ့်မည် ၊ ဒါကိုဖြင့် ကျွန်မက မနာလိုစရာမရှိသင့် ။ တစ်သက်လုံး မိုနာလီဇာ ဖြစ်နေဖို့တော့ မည်သူမျှ အာမခံချက်မပေးနိုင် ။ သို့သော် ကျွန်မစိတ်ထဲတွင် ငါသာဆို ဒီကောင်မလေးကို မကြိုက်ပါဘူးဟု တွေးလိုက်မိသေး၏ ။ ကောင်မလေးမှာ ကျွန်မ မသိမမြင်နိုင်သည့် စိတ်ကောင်းလေး တစ်ခု ရှိနေနိုင်သော်လည်း သူမ၏ ရုပ်ထက် ဝတ်စားပြင်ဆင်ပုံကို ကျွန်မ ဘယ်လိုမှ မနှစ်မြို့နိုင်သည့်အတွက် အမှတ်တစ်မှတ်မှ မပေးချင် ။ ကျွန်မ ကိုယ့်ဘာသာသဘောကျစွာ လှစ်ခနဲ တစ်ချက်ပြုံးမိသွားလျှက် သူတို့က ကျော်တက်ကာ ခပ်သွက်သွက်ဆက်လျှောက်လာမိသည် ။ နေရင်းထိုင်ရင်း အကုသိုလ်တော့ ယူမိပြီထင်သည်နော် ။
ရုတ်တရက် မိုးရွာချလိုက်သဖြင့် ကစဉ့်ကလျား ဖြစ်သွားသော လမ်းဘေးဈေးဆိုင်လေးတွေက သူတို့မှာ ရှိသမျှ ပလတ်စတစ်စတွေဖြင့် ပစ္စည်းတွေ မိုးမစိုအောင် ဒရောသောပါး ကာကွယ်နေကြလေသည် ။ ခါတိုင်း မြို့ထဲပလက်ဖောင်းတစ်လျှောက် တွေ့ရတတ်သော ဗွီဒီယိုအခွေဆိုင်ကလေးတွေနေရာမှာ တယ်လီဖုန်း ဆင်းမ်ကဒ်ရောင်းသည့်ဆိုင်လေးတွေ တန်းစီလျှက် တွေ့ရတော့ ကျွန်မ အံ့သြနေမိသည် ။ အပူးဂဏန်းနံပါတ်လှလှ ဖုန်းဆင်းမ်ကဒ်တွေပင် မြန်မာကျပ်ငွေ နှစ်ထောင်နှင့် ရောင်းချနေ၏ ။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလက ထိုဆင်းမ်ကဒ်တစ်ခုကို ငွေကျပ် နှစ်ဆယ့်သုံးသိန်း ပေး၍ ကျွန်မ မိုက်မဲစွာ ဝယ်ယူခဲ့ခြင်းကို နှမြောမဆုံး ဖြစ်နေလေသည် ။ အင်း ... ဒါပေမဲ့လည် ထိုဖုန်းတစ်လုံးကို ကျွန်မ လက်ထဲ ကိုင်ထားနိုင်ခဲ့သည့်အတွက် ကျွန်မ ခပ်နွမ်းနွမ်း အဝတ်အစားဖြင့် စူပါမားကတ်ကြီးတွေပေါ် ဈေးဝယ် သောအခါတွင်ပင် အရောင်းစာရေးမလေးတွေ၏ အထင်တကြီး အရေးပေးဆက်ဆံမှုကို ခံခဲ့ရဖူးတာ သတိရမိသေး၏ ။
လူတွေက ဘာမဟုတ်သည့် အပေါ်ယံမြင်ကွင်း တွေပေါ်မှာ အလွယ်တကူ နှစ်ခြိုက်လျှက် သုံးသပ်ချက် ချတတ်လို့သာ အန္တရာယ်ဖြစ်စေသည့် အရောင်စုံ
ဆိုးဆေးတွေ ပေါပေါများများ ပေါ်ထွက်လာရခြင်းဖြစ် လိမ့်မည် ။ သဘာဝကို တန်ဖိုးမထားတတ်သူတွေက ဤကမ္ဘာမြေပေါ်မှာ ဘယ်လောက်တောင် အင်အားများ နေပြီမသိ ။ သူ့အရွယ်နှင့် သူ့ သဘာဝအတိုင်း သေး သည့် အသီးအနှံတွေကို မကြီး ကြီးအောင် လုပ်ကြသည် ။ ကြီးပြီးသား အသီးအနှံတွေ သစ်ပင်ပန်းပင်တွေ ကိုဖြင့် မသေးသေးအောင် လုပ်ကြပြန်သည် ။
သဘာဝကို အားအားယားယား မလိုအပ်ဘဲ ဖျက်ဆီးနေတာက ပညာတတ်တွေ မဟုတ်ဘူးလား ။ သဘာဝကို နည်းပညာဖြင့် ဖျက်ဆီးပစ်ကြသည့်အထဲ ကျွန်မ အင်မတန်နှစ်သက်သည့် လိမ္မော်သီးစစ်စစ်တွေ ပျောက်ဆုံးသွားကြသည်ကိုတော့ နှမြောမဆုံးဖြစ်ရ သည် ။ သက်မဲ့ပစ္စည်းတွေကိုသာမဟုတ် သက်ရှိသတ္တဝါ တွေကိုပင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးနေကြသည် ကိုဖြင့် ကျွန်မ နည်းနည်းမှ မကြိုက် ။ လူတွေက အရောအစပ်တွေကို အလွန်နှစ်သက်နေမှတော့ အတုအယောင်တွေ ပေါများလာတာကို အံ့သြနေစရာမရှိ ။ ပြောတော့ဖြင့် လမ်းဘေးမှာ အတုအယောင် ဆိုးဆေးတွေများသည် တဲ့ ။ တကယ်တမ်းကျတော့ အထက်တန်းလွှာဟု သတ်မှတ်သည့် လူတွေကြားမှာက အတုအယောင်တွေ ပိုများတာ မဟုတ်ဘူးလား ။ စကားလုံးအတုတွေ ၊ အပြုံးအတု တွေကို တစ်နေ့တစ်ဆယ့်ခြောက်နာရီလောက် ပေါပေါ များများသုံးနေသည့် လူတွေကပဲ အတု ... အတု ဆိုသည့် အသုံးအနှုန်းကို ချိုးချိုးနှိမ်နှိမ် ပြောချင်ကြသေးသည် ။ ရယ်စရာပင်ကောင်းသေးရဲ့ ။
ကြည့်စမ်း ။ ဟိုကလမ်းမတွေပေါ်မှာ ရေတွေ ဒလဟော လှိမ့်ဝင်လာပြီ ။ သဲသဲမဲမဲ ရွာချလိုက်သော မိုးကြောင့် ချက်ချင်းပင် လမ်းမပေါ်မှာ မြစ်တစ်စင်း ဖြစ်ထွန်းသွားခဲ့ပြီ ။ လွန်ခဲ့သည့် နှစ်အတန်ကြာက မိုးရွာထဲ သွားရင်း လမ်းဘေး ရေမြောင်းဖုံး ကွန်ကရစ်တစ်ချပ် အဖုံးလွတ်နေ၍ မြောင်းပုပ်တွေထဲ ကျွန်မတို့ ညီအစ်မ နှစ်ယောက် တစ်ကိုယ်လုံးပြုတ်ကျခဲ့ဖူးတာ သတိရမိ သည် ။ အဲဒီကတည်းက ရေနုတ်မြောင်းအုတ် ချပ်တွေ ကို ကျွန်မ စိတ်ဝင်တစား သတိထားတတ်လာခဲ့မိခြင်း ဖြစ်သည် ။ လူဆိုတာက ကိုယ်ခံလိုက်ရသည့် အဖြစ် အပျက် တစ်ခုအပေါ်တွင်တော့ စွဲစွဲထင်ထင် နာကျင်မှတ်မိလေ့ရှိတာ သဘာဝပဲ ထင်ပါရဲ့ ။
ဘုရားရေ ဟိုမိန်းမကတော့ မိုးထဲလေထဲမှာ ဆိုက်ကားသမားကြီးကို မညှာမတာ မလုပ်သင့် မလုပ်ထိုက်တာတွေ လုပ်နေပြန်ပြီရော ၊ ရေလမ်းမကြီးကို ဖြတ် ကူးရမှာ စိုးသည့်အတွက် ဆိုက်ကားသမားတင်ဆောင် ရမည့် ခရီးသည်က သုံးယောက်တဲ့ ။ ပေါင်တစ်ရာ့ငါး ဆယ်ကျော် မိန်းမနှစ်ယောက်နှင့် ဆယ်နှစ်ဝန်းကျင် ကောင်မလေးတစ်ယောက် ၊ မြင်းလှည်းစီးရခြင်း ၊ ဆိုက် ကားစီးခြင်းတို့အပေါ် အလွန်ဝန်လေး တွန့်ဆုတ်တတ် သော ကျွန်မသည် “ ဒါ သူ့ကို အသက်မွေးဝမ်းကျောင်းမှုပဲ ၊ သူတို့ကို ကူညီအားပေးတဲ့အလုပ်ဟု ပြောင်းလဲ နှလုံးသွင်းတတ်တာ မကြာသေးပေ ။ သို့ပေမယ့် ဒီလို မတော်မတန် ကူညီအားပေးခြင်းမျိုးကတော့ တစ်ဆိတ် လွန်လွန်းပြီ ။ ဆိုက်ကားနှစ်စီးအတွက် ပေးရမည့် စရိတ်ကို ချွေတာလိုသဖြင့် ဆိုက်ကားတစ်စီးတည်းကို အလေးချိန် ပိုလွန်းနေသည့် လူသုံးယောက် လိုက်ပါစီးနင်းတာကဖြင့် နိုင်လိုမင်းထက် ဆန်လွန်းသည့်ပေါ့ ။
အဲဒီမြင်ကွင်းမျိုးတွေကို ညောင်ပင်လေးဈေး တစ်ဝိုက်မှာ ဆိပ်ကမ်းတွေနားမှာလည်း ကျွန်မ မကြာခဏ မြင်တွေ့ခဲ့ဖူးသည် ။ ဆိုက်ကားသမားသည် ထိုင်ခုံပေါ် ပင် မထိုင်နိုင်ဘဲ ဝန်နှင့်အား မမျှတစွာ ရှိသမျှ အင်အားများကို အားကုန်ထုတ်ပေးဆပ်လျှက် လုပ်အားကို ခေါင်းပုံဖြတ်ခံနေရသည့်မြင်ကွင်းတွေ ။ ခရိုနီဆိုသည့် ဝေါဟာရတစ်ခုကို ၂ဝ၁ဝ ခုနှစ်နောက်ပိုင်းကာလများမှာ ကျွန်မ သတိထားရင်းနှီးလာမိသော်လည်း ထိုဝေါဟာရ၏ အနှစ်အသားကို ကျွန်မ နက်နက်နဲနဲ ပိုင်းစစ်ဝေဖန်မှု မပြုခဲ့မိ ။
ခရိုနီလို ပြောခံရသူတွေကို လူချမ်းသာတွေဆိုတာလောက်ပဲ အပေါ်ယံ ကျွန်မသိခဲ့သည် ။ သို့သော် ခရိုနီဟူသည် နည်းနည်းလောက် အပေးပြ၍ များများ ယူနိုင်စွမ်းသူတွေ ဆိုတာတော့ သေချာသည် ။ ဒါကတော့ သူတို့၏ အခင်းအကျင်း ဗျူဟာကျွမ်းကျင်မှုပေါ် မူတည်လိမ့်မည် ။ ဘာပဲဖြစ်ဖြစ် ဆိုက်ကားသမားတစ်ယောက်၏ ခွန်အားတွေကို မတရားသဖြင့် မမြတ်ထုတ်ယူလိုသူ တွေကရော ခရိုနီတွေ မဟုတ်ကြဘူးလား ။ ခရိုနီဆိုတာ လက်တစ်ဆုပ်စာမက ဟောဒီ လူ့ဝန်းကျင် အသီးသီးမှာ ရှိနေတာပါ ။ ဒါတွေကိုတော့ မည်သူကမျှ စာနာထောက်ထားစွာ ဝေဖန်လိုမှု မရှိကြပေဘူးတဲ့လား ။ ကြည့်စမ်း ပါဦး ။ ပေါင်လယ်လောက်ရှိသည့်ရေစီးကြောင်းကြီးကို ဆန်တက်လို့ သူ့ခမျာ ဆိုက်ကားခြေနင်းပေါ်ပင် လှမ်း မတက်နိုင်ဘဲ လက်အားတစ်ခုတည်းဖြင့် အားကုန်သုံး၍ ရုန်းနေလိုက်ရတာ ။ အကြင်နာတရား မရှိကြသူတွေ ၊ သူ တို့ သွေးသားရင်းတစ်ယောက်ယောက် အနာတရဖြစ်မယ်ဆို သွေးပျက်လောက်အောင် စိုးထိတ် ရင်ပူနေတတ် မည့်သူမျိုးတွေပေါ့ ။ ဒီနားနှင့် ဒီနားနီးနီးနားနားကိုများ တန်ရာတန်ကြေး ပေးလိုက်တော့ သူတို့ အိတ်ထဲက ငွေ ဘယ်လောက်များ လျော့ပါးသွားမှာမို့တဲ့လဲ ။ မုန်းစရာ ကောင်းလိုက်တာ ။
မိုးရေမြစ်ကြီးထဲ လမ်းလျှောက်နေမိရင်း ဆိုက်ကားပေါ်က မိသားစုတစ်စုကို ကျွန်မ လိုက်ငေးနေမိသည် ။ ဒီတော့မှ စူပါမားကတ်တစ်ခု ရှေ့ရောက်နေမှန်း ကျွန်မသတိထားမိ၏ ။ အိမ်ကထွက်လာစဉ် ဘာမှ စားမလာမိ၍ ကျွန်မအတော် ဆာလောင်နေပြီဖြစ်သည် ။ စိတ်အလိုမကျမှုနှင့် ဒေါသက ဆာလောင်မှုကို မေ့လျော့ စေပြီး ဆာလောင်မှုကြောင့်လည်း စိတ်အလိုမကျမှုနှင့် ဒေါသဖြစ်ထွန်းလေ့ရှိသည် ဆိုတော့ ။ ရှေ့ဆက်သွား နေလျှင် ကျွန်မ၏ စိတ်အရောင်တွေ ပြောင်းလဲနိုင်ခြေ ရှိနေပြီ ။
နာမည်ကြီး ဈေးဆိုင်ကြီးထဲသို့ ဝင်၍ ကျွန်မ အလွယ်တကူ တစ်ခုခုဝင်စားဖို့ ပြင်သည် ။ ကျွန်မ ကြိုက်သည့် ဝက်ခေါက်ကြော်တစ်ထုပ် ၊ နို့အေးတစ်ဘူး ဝယ်ကာ ပိုက်ဆံရှင်း၍ ကျွန်မ မတ်တတ်ရပ်လျှောက်ရင်း စားလိုက်မိသည် ။ ကျွန်မ အာရုံက ဆိုင်ထဲက ပစ္စည်း တွေပေါ်ကျရောက်သွားသည် ။ အိမ်မှာဝယ်ဖို့ လိုအပ် နေတာတွေ သတိရသွားသည် ။ ခြင်းတောင်းတစ်လုံး ဆွဲယူမိလျှက် ကျွန်မ လိုချင်တာတွေ ဝယ်မိသွားသည် ။ ခေါင်းလျှော်ရည်တစ်ဘူး ကောက်ယူလိုက်မိသည် ။ တကယ်တော့ ထိုခေါင်းလျှော်ရည်တံဆိပ်က ကျွန်မနှင့် အချေအတင်ဖြစ်လာသည့် အိမ်သားတစ်ယောက် သုံးသော တံဆိပ်ဖြစ်သည် ။ ကျွန်မကို မှာထားတာ ကြာပြီ ဖြစ်သည် ။
ကျွန်မအတွက် ခေါင်းလျှော်ရည် မလိုအပ်သေး ။ ဒါကြောင့်မို့ သူငယ်ချင်းတချို့ က ကျွန်မကို ဝေဖန်ကြခြင်းဖြစ်လိမ့်မည် ။ “ နင်ဟာ ဘယ်လိုမိန်းမလဲ မသိဘူး ။ တစ်ခါတလေ ဦးနှောက်အကန့် တစ်ခုခု ပျက်နေသလား ထင်ရတယ် ။ အမှတ်သည်းခြေကို မရှိဘူး ။ နင့်လောက် အနာအကျင်မရှိတာ နင်ပဲတဲ့ ။ လူတကာကို နင်ဘာလို့ အောက်ကျခံနေရတာလဲ ” ဟုပင် ပြစ်တင်ဝေဖန်ချက် ပေးတတ်၏ ။ ကလေးဘဝ ကတည်းက သူငယ်ချင်းတွေ ရန်ဖြစ်ကြလျှင် ငိုယို၍ ခေါင်းခံကြားဝင်တတ်သော ကျွန်မ၏အကျင့်ကို သူငယ်ချင်းတွေက မကြိုက်တတ် ။ မာနနည်းပါးသူအဖြစ် အောက်ကျို့ခံခြင်းကို မိန်းမ တော်တော်များများက ဝန်လေးတတ်ကြသည် ။ မရှိ ရှိ သည့် မာနလေးတွေပြကာ မာနတံခွန် ထူချင်ကြသည် ။ လူတစ်ယောက်ကို ငါက ဒါဆိုတာ ပြချင်ကြသည့် မိန်းမစာရင်းမှာ ကျွန်မ ဘယ်တုန်းကမှ မပါဝင်ဖူးခဲ့ ။
ဒါကြောင့် တစ်ခါတစ်ရံ လူတွေ မထီမဲ့မြင် လုပ်တာမျိုး ၊ လှလှပပ စော်ကားသွားတာမျိုးကို ခံရတတ်သည် ။ သို့မို့သာ လူတွေက နဂါးမှန်းသိအောင် အမောက်ထောင်ပြရတယ် ဆိုသောစကားကို လက်ခံကျင့်သုံးနေကြတာ ထင်ပါရဲ့ ။ ခုပဲကြည့် ကျွန်မအိမ်က ထွက်လာတုန်းက မိုးလား ကဲလားပုံဖြင့် ။ နာရီပိုင်းမျှ ကာလ အတွင်းမှာပဲ ကျွန်မ စိတ်အရောင်တွေ ပြယ်ပျက်စပြုပြီ ၊ အိမ်မှာလိုအပ်သည့် ပစ္စည်းတွေ ကောက်ဝယ်နေမိပြီ ။ ပစ္စည်းတွေ ဝယ်ပြီး ကောင်တာမှာ ရှင်းတော့မှ ကျွန်မ၏ ကြည်လင်စပြုနေသည့် စိတ်တွေ အရောင်ပြန်ဝင်လာ ခြင်းဖြစ်၏ ။
“ အစ်မ ဒီနေ့က စီးတီးမတ်ဆိုင်တွေ ထည့်ဖို့ ပလတ်စတစ်အိတ် မပေးတဲ့နေ့ ။ နှစ်ဆယ့်ကိုးရက်နေ့ပါ အစ်မ ။ ဟိုကောင်တာက အိတ်နဲ့ ထည့်သွင်းလို့ရပါ တယ် ။ တစ်လုံးငါးရာ ” မြတ်စွာဘုရား ၊ စီးတီးမတ်ဆိုင်တွေမှာ ပစ္စည်းထည့်စရာ အိတ်မပေးသည့်နေ့ ရှိမှန်းမသိအောင် ကျွန်မ ဗဟုသုတခေါင်းပါးမှန်း ကိုယ့်ဘာသာ မသိခဲ့ပါလား ။ သဘောကတော့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် ပြန်လည်အသုံးပြုလို့မရသည့် စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးမှုနည်းပါးရအောင် ကူညီသည်ပေါ့ ။ လွန်ခဲ့သည့် နှစ် အတန်ငယ်ကတည်းက ပညာတတ်လူတန်းစားဖြစ်သည့် ကျန်းမာရေး လိုက်စားသူ ၊ သဘာဝပတ် ဝန်းကျင်ကို ချစ်မြတ်နိုးသူတွေက ဒီကိစ္စအတွက် အား တက်သရော စွမ်းဆောင်သည့် လှုပ်ရှားမှုကလေးတွေ ကိုဖြင့် ကျွန်မ သိထားခဲ့သည် ။
ကျွတ်ကျွတ်အိတ်တွေအစား ပလတ်စတစ်ပျော့ အိတ်တွေ ပြောင်းလဲသုံးတာလည်း အချို့နေရာတွေမှာ တွေ့လာရသည် ။ စီးတီးမတ်ဆိုင်တွေမှာလည်း အိတ်ပျော့တွေနှင့် ထည့်ပေးနေတာပဲ ။ ဒီနေ့တစ်နေ့လေးလောက်နဲ့ သဘာဝပတ်ဝန်းကျင်ကြီးက ဘယ်လောက် များပြောင်းလဲလှပသွားမှာမို့လဲ ။ ကျွန်မလိုပင် စီးတီးမတ် ၏ စည်းမျဉ်းဥပဒေသတွေကို သတိမထားမိဘဲ ဈေးဝယ် လာသူတွေ ဒုက္ခရောက်အောင် စိတ်အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်အောင် ပြုလုပ်ခြင်းနှင့်တူမနေဘူးလား ။ အခုလို ပစ္စည်းဝယ်သည့်အနေအထားနှင့် ပုံစံမှာတော့ လက်ဗလာချည်းလာသော ကျွန်မကို ထည့်စရာ အိတ် တစ်လုံးတလေမှ မပေးသင့်ပေဘူးလား ။ ထည့်စရာအိတ် ကို ငွေငါးရာနှင့် ဝယ်ထည့်ရမည်ဆိုသည့် စည်းမျဉ်းက တော့လူလည်အတော်ကျသည့် အလုပ်မဟုတ်ဘူးလား ။
သို့ပေမယ့် ကျွန်မဝယ်ထားသော ပစ္စည်းတွေက ကွန်ပျူတာစာရင်းထဲ ဝင်သွားခဲ့ပြီ ။ ကျွန်မ၏ မကျေလည်မှုအတွက် ဓားစာခံရမည့်သူက အရောင်းစာရေးမလေး ဖြစ်နေပြီ ။ ကျွန်မက စိတ်မလိုလျှင် ဝယ်ထားသည့် ပစ္စည်းတွေကို မယူတော့ဘဲ ချန်ထားခဲ့တော့မည် ။ ဒါက ကျွန်မ သေရေးရှင်ရေးအတွက် ဒီနေ့ အပါ ယူဆောင်သွားရမည့် ပစ္စည်းတွေ မဟုတ်သဖြင့် ငွေငါးရာပေး၍ အိတ် ဝယ်မထည့်ချင် ။ ငွေငါးရာက ကျွန်မအတွက် ထိခိုက် စေလောက်အောင် ပမာဏ မဟုတ်ဘဲလျှက် ကျွန်မ စိတ်ကိုတော့ အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေခဲ့ပြီ ၊ အရေးကြီး ပစ္စည်း ဆိုလျှင်တော့ အောင့်သက်သက်နှင့်ပင် ငွေငါးရာပေး၍ အိတ်ဝယ်ထည့် ယူရတော့မည် ။ ဆိုတော့ ကျွန်မ အနေနှင့် ပစ္စည်းများကို အရှုံးမရှိ ချထားခဲ့ နိုင်သော အခြေအနေရောက်နေပြီဖြစ်သည် ။
“ မမ မမမှာ ထည့်စရာအိတ်မပါဘူး မဟုတ်လား ။ ညီမအိတ်နဲ့ ထည့်ပေးလိုက်ပါ့မယ် ။ ပိုက်ဆံပေးစရာမလို ဘူး ”
ကောင်တာမှ ကောင်မလေးနှစ်ယောက် အနက် ပစ္စည်းထည့်ပေးသည့် အကူမိန်းကလေးကို ကျွန်မ ရုတ်တရက် ကြည့်လိုက်မိသည် ။
ကောင်မလေးက တချက်ပြုံးပြရင်း ကျွန်မပစ္စည်း တွေကို ငွေငါးရာတန် လက်ဆွဲအိတ်ပျော့တစ်လုံးထဲ ကောက်ထည့် နေလေသည် ။ ကောင်မလေးကို ကျွန်မ သနားသွားမိသည် ။ ပြီးတော့ ကောင်မလေး၏ စွမ်းဆောင်ရည်နှင့် စိတ်ဓာတ်ကို လေးစားသွားမိသည် ။ ကောင်မလေးက ငွေငါးရာကျပ်နှင့် သူ၏ အရည်အချင်း ကို ပြသသွားခဲ့သည် ။ ငွေငါးရာကျပ်နှင့် လူတစ်ယောက် ၏ စိတ်ထားကို ရုတ်ခြည်းပြောင်းလဲအောင် ဆောင်ရွက် သွားခဲ့သည် ။ သူဟာ လူတွေရဲ့ စိတ်ကို ထည့်တွက်လျက် လုပ်ငန်းဆောင်ရွက်တတ်သူပဲ ။ တစ်နေ့မှာ လူချစ်လူခင် များသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာနိုင်
သူပေါ့ ။
“ ညီမလေးရဲ့ စိတ်ထားလေးကို သဘောကျလို့ မမက မုန့်ဖိုးပေးတာ ”
ကျွန်မငွေရှင်းပြီး ကောင်တာက မထွက်ခွာမီ ကောင်မလေး လက်ထဲသို့ ငါးထောင်တန် ငွေစက္ကူတစ်ရွက် လက်ဆောင်ထည့်ပေးခဲ့သည် ။ ကောင်
မလေးတစ်စုံတစ်ရာ တုံ့ပြန်မှု မရှိနိုင်သေးချိန်တွင်ပင် ဆိုင်တွင်း မှန်တံခါးချပ်ကို ကျော်ဖြတ်ကာ ဆိုင်အပြင်သို့ ရောက်ခဲ့လေသည် ။ ဆိုင်ပြင်ရောက်ရောက်ချင်း ရေစပ် စပ်ချိုင့်ခွက်များနှင့် ခြေလှမ်းပင် ဘယ်နေရာချရမှန်း မသိလောက်အောင် ဖုထစ်ရွတ်တွလျက် ပျက်ယွင်းနေသော လမ်းကြောင်း ၊ ကျွန်မ ထီးတစ်ဖက်နှင့် ဗရုတ်သုတ်ခ ဖြစ်သွားရလေသည် ။ ဈေးဆိုင်ခန်းမအတွင်း အပြင်အဆင်နှင့် ခြေတစ်လှမ်းစာ ဆိုင်ပြင်ပ အခင်း အကျင်းက ကွာခြားလွန်းလှချည်ရဲ့ ။
ကြည့်စမ်းပါဦးတော့ ။ ဟိုးအဝေးကြီးက ပတ်ဝန်း ကျင်တစ်ခုကို လှပအောင် ဖန်တီးဖို့နေနေသာသာ မိမိ နှင့် အနီးကပ် သက်ဆိုင်နေသော ဝန်းကျင်တစ်ခုကိုပင် ချောမွေ့အောင် ဖန်တီးပေးမထားတတ်သူတို့က သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည်ဆိုတာ ယုံကြည်စရာ ကောင်းသည်တဲ့လား ။
ကျွန်မ စိတ်တိုတောင်းစွာဖြင့် ကားလမ်းမပေါ်သို့ လှမ်းတက်လိုက်မိသည် ။ ထုံးစံအတိုင်း ကျွန်မ စိတ်တို လျှင် ခြေထောက်နှင့် မြေပြင်ကို ခပ်ကြမ်းကြမ်းတွေ့ထိ စေလျက် လမ်းလျှောက်ပစ်လေ့ရှိသည် ။ သို့သော် ခြေလှမ်းချစရာ လမ်းမသည် ကျွန်မ စိတ်တို့ကို အာသာပြေအောင် အနင်းခံနိုင်သည့် အနေအထား မရှိ ၊ မိုးရေမြစ်က ဆက်လက် ရွေ့ရှားရန် နေရာ မရှိတော့သဖြင့် လမ်းမပေါ်သို့ လျှံတက်လာခဲ့လေပြီ ။ လူတို့သည် အရောင်မျိုးစုံသော စိတ်ကူးတို့ဖြင့် မိုးရေမြစ်၏ ကျီစားပြက်ရယ်မှုကို ခေါင်းငုံ့ခံနေကြဆဲ ။
▢ ယုဒါ
📖 Beauty မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂ဝ၁၅
No comments:
Post a Comment