❝ မနက်ကသာတဲ့ ကျီးကန်းချက်ထားတာ ❞
( ညီပုလေး )
ကိုလူညို တစ်ယောက် ဦးလေးဘဖြူကို မကြာခဏ သတိရမိတယ် ။ အရက် ဝေးလို့ စီးကရက်တောင် မသောက်တတ်တာ လေးကောင်ဂျင်တို့ ၊ ဖဲတို့ မပြောနဲ့ ... ဘိလိယက်တောင် မထိုးတတ်တာ ... အပျော်အပါး မလိုက်စားဖြစ်တာတွေဟာ ဦးလေးဘဖြူ ရဲ့ ကျေးဇူးတွေပဲ ။ ဦးလေးက နှုတ်နဲ့ ဆုံးမရုံတင်မကဘူး ၊ စာဖတ်ဝါသနာ ပါအောင်ပါ သွန်သင်ပြီး စာအုပ်တွေနဲ့ ဆုံးမခဲ့တယ်လေ ။
ရွှေဥဒေါင်း ၊ ဒဂုန်ရွှေမျှား ၊ ဗိုလ်တာရာတို့က စ ဖတ်လိုက်တာ ၊ ကလျာ ၊ တက္ကသိုလ်ဘုန်းနိုင် ၊ ခင်ဆွေဦးတို့အလယ် ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၊ သခင်မြသန်း ၊ ဒဂုန်တာရာ ၊ ဗန်းမော်တင်အောင်တို့ရဲ့ စာအုပ်တွေအထိ စာအုပ်တော်တော်များများ သူဖတ်ခဲ့ဖူးတယ် ။ သူများကို စာအုပ်ငှားရမှာ အလွန်နှမြောတယ်လို့ နာမည်ကြီးတဲ့ ဦးလေးဘဖြူ က ကိုလူညို ကိုတော့ စာအုပ်ဗီရို ဖွင့်ပေးတယ် ။ ကိုလူညို ကလည်း ကိုယ်မှ ဝယ်မဖတ်နိုင်တာလေ ။ ဒီတော့ စာအုပ်တွေကို လေးလေးစားစား ဖတ်မိတာပေါ့ ။ ပြီးတော့ ဦးလေးဘဖြူရဲ့ စာအုပ်တွေက ဖတ်ပြီး သိမ်းထားတဲ့ စာအုပ်တွေ ဆိုပေမဲ့ စာအုပ် အခြေအနေက အသစ်နီးပါး လတ်ဆတ်ကောင်းမွန်နေလေတော့ သူက ရိုရိုသေသေ ဖတ်ပြီး မှန်မှန်ကန်ကန် ပြန်အပ်တယ်လေ ။
ဦးလေးဘဖြူတို့ အိမ်ကို ရောက်သွားတဲ့အချိန်က သူတို့မိသားစု စားချိန်သောက်ချိန် ( ဒါမှမဟုတ် ) စာအုပ်တွေအကြောင်း ၊ စာရေးဆရာတွေ အကြောင်း စကားကောင်းကြရင်းနဲ့ စားချိန်သောက်ချိန် တိုင်သွားရင်တော့ ထမင်းချိန်တန် ထမင်း ၊ ကော်ဖီချိန် ဆိုရင် ကော်ဖီ သောက်ပြီးမှ ပြန်ပေတော့ ။
ဒီလို ခေါ်ပြီး ကျွေးတာကို ဦးလေးဘဖြူက နှုတ်မလေး သလို ဇနီးသည် ဒေါ်ဒေါ်မိ ကလည်း လက်မနှေးဘူး ။ ဦးလေးရဲ့ ဖိတ်မန္တက စကားသံမှ မဆုံးသေးဘူး ၊ ဒေါ်ဒေါ်မိ က ထမင်းပန်းကန် ထဲမှာ ထမင်း ခူးပြီးနေပြီ ။
သားတွေသမီးတွေ ကလည်း ကိုလူညို ထိုင်စရာ ခွေးခြေတစ်လုံး မီးဖိုထဲ သွားယူသူယူ ၊ စားပွဲဝိုင်း ရောက်နှင့်သူတွေ ကလည်း သူ့အတွက် လူတစ်ကိုယ် ဝင်ဆံ့အောင် နေရာချုံ့ပေးသူပေးနဲ့ ။
ထမင်းဝိုင်းမှာ ဘာဟင်းနဲ့ စားရမယ်မှန်း မသိသေးပေမဲ့ သူတို့ မိသားစုရဲ့ နွေးထွေးဖော်ရွေပုံကို ကြားရမြင်ရတာနဲ့ပဲ ထမင်းဝင်စားချင်စိတ် ပေါ်လာမိတယ်လို့ ထမင်းဝင်စားကြဖူးသူတွေက ပြောကြတယ် ။
ဦးလေးဘဖြူနဲ့ ဒေါ်ဒေါ်မိ တို့က ဈေးချိုထဲမှာ ဖိနပ်ဆိုင်ထွက်ခဲ့ကြတယ် ။ အသက်ကလေး ထောက်လာတော့ သားတွေသမီးတွေနဲ့ ဆိုင်ကို လွှဲပြီး အိမ်မှာပဲ နားနားနေနေ နေကြတယ် ။ သူတို့ အိမ်ဟာ ဈေးမိတ် ၊ အဝေးမိတ် ၊ ဖောက်သည်ဟောင်း ၊ ဖောက်သည်ကောင်းတွေ ဝင်ထွက် စားသောက်တဲ့ အိမ်တစ်အိမ်လေ ။
ခးချဉ်သီးနဲ့ ငါးခြောက်ရိုး ၊ ခွေးတောက်ရွက်နဲ့ ပဲဟင်းချို ၊ အာပြဲခြောက်နဲ့ ငရုတ်သီးကြော် စသည်ဖြင့် ဒေါ်ဒေါ်မိ ဟင်းစပ်တွေ လက်ရာတွေက ဟင်းချိုမှုန့် တစ်မှုန့်မှ မပါဘဲ လျှာရင်း မြက်စေတယ် ။
တမိတ်ဆွေတွေကတော့ ဦးလေးဘဖြူ ကို ခွကျတတ ပုဂ္ဂိုလ်ကြီးလို့ ထင်မြင်ကြတယ် ။ ဦးလေးကလည်း မပြောသေးနေရော့ ... ပြောလိုက်ရင် ပိဿာလေးနဲ့ ဘေးပစ် ၊ တုတ်ထိုးအိုးပေါက် သူ့စိတ်ထဲရှိ ရှိသလို ပြောတတ်တယ် ။ ဈေးသည် ဖြစ်ခဲ့ဖူးပေမဲ့ စကားပရိယာယ် သုံးလေ့ မရှိဘူး ။ ဒီလိုလူ ရောင်းတဲ့ ဆိုင်မှ ကြိုက်သူလည်း ရှိတယ်လေ ။
တစ်ခါတလေ ဒေါ်ဒေါ်မိ နဲ့ သားတွေ သမီးတွေ အားနာပြီး မျက်နှာပူရတယ် ။ ဒါပေမဲ့ ဦးဘဖြူ ကတော့ သူ့မူကို မပြောင်းဘူး ။ မလျှော့ဘူး ။ သေရာပါမယ့် အကျင့်လို့ ပြောသူတွေက ပြောကြတယ် ။ ဘွင်းဘွင်းပြောတတ်တဲ့ ဦးလေးဘဖြူ ဟာ နာမည်လိုက်အောင် မနောဖြူသူ ဆိုတာတော့လည်း သူ့အသိုင်းအဝိုင်းက သိကြတယ် ။
သူတကာအိမ်မှာ လိုက်လံတောင်းရမ်း စားသောက်တဲ့ သူတွေကို ဦးလေးဘဖြူ က ပိုက်ဆံ ငါးပြားတစ်စေ့မှ မထည့်ဖူးဘူး ။ သူ့မိသားစုဝင်တွေကိုလည်း ပိုက်ဆံ မထည့်ဖို့ တားမြစ်ထားတယ် ။ လက်ကြော မတင်းဘဲ အခုလိုပဲ လိုက်လံတောင်းရမ်းသူဦးရေ တိုးလာမှာ စိုးလို့တဲ့ ။
တစ်ခါတလေလည်း ဦးလေးဘဖြူတို့ အိမ်မှာ ဈေးထွက်ဖော်ထွက်ဖက် မိတ်ဆွေဟောင်းတွေ ၊ သားတွေသမီးတွေရဲ့ သူငယ်ချင်းတွေနဲ့ တွေ့တတ် ၊ ဆုံတတ်တယ် ။ ဦးလေး တို့ကို ခင်မင်ရင်းစွဲ ရှိလို့ လာကြတာ ဖြစ်သလို ဒေါ်ဒေါ်မိ နှပ်ထားတဲ့ လက်ဖက်နှပ်ကို ကြိုက်လို့ လာကြသူတွေလည်း ပါတယ် ။ သူတို့ အိမ်ဟာ မိတ်ဆွေသင်္ဂဟတွေ ပြက်လှတယ်လို့မှ မရှိဘဲ ။
၈၈ အရေးအခင်းကြီး ပြီးတဲ့ နောက်မှာ ကိုလူညို တစ်ယောက် ဦးလေးတို့ မိသားစုနဲ့ ဝေးသွားတယ် ။ သရက်တောရကျောင်းမှာ ဧကစာရီ ကျင့်နေတယ် ။ အဲဒီကာလတွေမှာ ဦးလေးဘဖြူတို့ မိသားစုကို ခဏ ခဏ သတိရမိတယ် ။ ဒေါ်ဒေါ်မိ ရဲ့ လက်ရာ ဟင်းလျာတွေကို တမ်းတမိသလို ဦးလေးဘဖြူ ရဲ့ စာအုပ်ဗီရိုတွေ ကိုလည်း လွမ်းမိတယ်လေ ။ ဒါကြောင့် ဦးလေးတို့ ဒေါ်ဒေါ်တို့ မိသားစု ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့မိတယ်လေ ။
ကိုလူညိုနဲ့ အလားတူလိုပဲ ဦးလေးဘဖြူ တို့ရဲ့ သားအကြီးဆုံးလည်း သာယာဝတီတောရမှာ ကျင့်ကြံအားထုတ်နေရှာသတဲ့ ။
ဧကစာရီကျင့်နေရင်း ကိုယ်မြို့ ကိုယ် ပြန်ရောက်ရင် ဂါရဝပြုရမယ့် ပုဂ္ဂိလ်တွေ ၊ သွားပြီး နှုတ်ဆက်ရမယ့် မိသားစုတွေရဲ့ စာရင်းမှာ ဦးလေးဘဖြူ တို့ မိသားစုက အပေါ်နားက ပါတယ် ။
အချိန်တန်လို့ နွားပိန်ကန်တာ မဟုတ်ဘူး ။ အပတ်စေ့တော့ နဘတ် ( နှမ်းဖတ် ) ဖြစ်သွားတာပါ ။ အပတ်ရေတော့ များတာပေါ့ ။ ဂါရဝပြုမယ့် သူတွေ ၊ သွားပြီး နှုတ်ဆတ်ရမယ့်သူတွေ တစ်နေ့ တစ်ဦးစ နှစ်ဦးစ သွားပြီး မေးရ မြန်းရတယ် ။ နှုတ်ဆက်ရတယ် ။
ဦးလေးဘဖြူတို့ အိမ်ကိုတော့ ကိုလူညို မနည်း ရှာဖွေပြီး သွားရတယ်လေ ။ အဲဒီ ရပ်ကွက်ထဲမှာ အဆောက်အအုံသစ်တွေ တိုးလာလိုက်တာ ။ ခေတ်မီပုံစံတိုက်သစ်တွေ ၊ အထပ်မြင့်တိုက်တွေ ကြားမှာ ဦးလေးတို့ အိမ်လေးဟာ သေးကွေးပြီး ဟောင်းမြင်းသင့်တာထက် ပိုပြီး ဟောင်းမြင်းသွားသလိုပဲ ။
ဒီအိမ်ဟောင်းလေးကို ပြင်ဖို့ စုထားတဲ့ ငွေလေးတွေဟာ ဧကစာရီ ကျင့်နေရှာတဲ့ သြရသ ဆီ သွားရင်း လုံးပါးပါးသွားတာ ထင်ပါရဲ့ ။
ဦးလေးဘဖြူ နဲ့ ဒေါ်ဒေါ်မိတို့ကို ကိုယ့်မိဘအရင်းလို အောက်မေ့မိပြီး ထိခြင်းကြီးငါးဖြာနဲ့ထိပြီး ကန်တော့မိတယ် ။ ကိုလူညို ရောက်သွားချိန်ဟာ မနက် ၁ဝ နာရီတောင်မှ မထိုးသေးဘူး ။ မတွေ့ကြတာ ကြာတဲ့ နှစ်တွေကို ပြန်ပြောင်းအောက်မေ့ သတိရတဲ့ စကားတွေ ပြောကြရင်း ထမင်းစားချိန် တိုင်ပါလေရော ။
ထုံးစံအတိုင်း ဦးလေးဘဖြူက ထမင်းစားရအောင် ခေါ်တယ် ။ ကိုလူညို ကလည်း ဒေါ်ဒေါ်မိ ဟင်းချက်လက်ရာတွေကို နှစ်ပေါင်းများစွာ တမ်းတခဲ့သူ မဟုတ်လား ။ လက်ဆေးရေ ခပ်ဖို့ နောက်ဖေးခြံဝင်းထဲ ဆင်းတော့ မန်ကျည်းပင် အခြေမှာရော ရာဝင်အိုးအဖုံးပေါ်မှာရော ကွပ်ပျစ်ကြီးပေါ်မှာရော ပြဒါးသုတ်ကြည့်မှန်တွေ တင်ထား ထောင်ထားတယ် ။ ကွပ်ပျစ်ပေါ်မှာ ဆိုရင် ဗန်းတစ်ချပ် ထဲမှာ လောက်လေးခွရော လောက်စာတွေရော တွေ့ ခဲ့ရတယ် ။
ထမင်းဝိုင်းကတော့ ခါတိုင်းလို တိုးဝှေ့ မစားရပါဘူး ။ သားကြီး သြရသက အိမ်ပြန်မှ မရောက်သေးတာ ။ သမီး နှစ်ယောက်ကလည်း ဈေးထွက်နေကြတာ ဆိုတော့ ထမင်းဝိုင်းက သမီးထွေးလေးနဲ့ သူပါမှ လေးယောက်တည်း ။ ထမင်းဝိုင်းမှာ ဦးရေ လျော့ပေမဲ့ ဒေါ်ဒေါ်မိ ရဲ့ လက်ရာ ကတော့ လျော့သွားပုံမရဘူး ။ မတ်ပဲဟင်းချို ထဲမှာ ဆူးပုပ်ညွန့်လေးတွေ ခပ်ထားလေတော့ ထမင်းဝိုင်းဟာ ဆူးပုပ်နံ့လေး ကြိုင်သင်းနေတယ် ။ ကြက်သွန်ဖြူ နဲ့ ငရုတ်သီး ရောထောင်းရာက ရတဲ့ ရနံ့လေးလား ။ နှမ်းဆီ သန့်သန့် အနံ့လေးမှာ ကြက်သွန်နဲ့ ငရုတ်သီးနံ့လေး ရောစွက် ပါဝင်နေကြတယ် ။ ငါးအိုးကပ်ဟင်းမှာ ကြက်သွန်နီ အကွင်းလိုက် ၊ ခရမ်းချဉ်သီး အကွင်းလိုက်တွေကို ကြည့်ရင်း မနက်က လက်ဖက်ရည်ဆိုင်မှာ တံတွေး သီးတာ အခုလို ဟင်းကောင်းတွေ စားရမှာမို့ ထင်ပါရဲ့လို့ အောက်မေ့မိတယ် ။
အရင်တုန်းကလည်း ဒီအိမ်က ထမင်းဝိုင်းကို ထိုင်ဖူးပါရဲ့ ။ ဒီတစ်ခါတော့ ထူးထူးခြားခြားပါလား ။ ဟင်းပန်ကန်နှုတ်ခမ်းတွေမှာ နံပါတ်တွေ ရေးထားပါလား ။ ဒေါ်ဒေါ်မိက ဟင်းပန်းကန်တွေ ထဲက ဟင်းနည်းနည်းစီ ဦးလေးဘဖြူ ထမင်းပန်ကန်ထဲ ဦးချတယ် ။ ပြီးတော့ ကိုလူညို ပန်းကန်ထဲကို ဟင်းတွေ ထည့်ပေးတယ် ။ ဒေါ်ဒေါ်မိ ပန်းကန်ထဲ ဟင်းထည့်ပြီးမှ သမီးထွေးက သူ့ပန်းကန်ထဲ ဟင်းထည့်ရှာတယ် ။
ကိုလူညိုကတော့ ဟင်းအရသာ တစ်မျိုးပြီး တစ်မျိုး အရသာ ခံစားရင်း ပန်းကန်ပေါ်က နံပါတ်တွေ အကြောင်းကို စဉ်းစားနေမိတယ် ။ ဘကြီးဖြူ က ဆူးပုပ်ဟင်းရည် သောက်မယ် ဆိုရင် ဆူးပုပ်ဟင်းရည် ပန်းကန်မှာ ရေးထားတဲ့ နံပါတ်တစ်ကို ခပ်တိုးတိုး ပြောပြီး ကြွေဇွန်းဆီ လက်လှမ်းလိုက်တယ် ။ အဲဒီအချိန်မှာ ဘယ်မိသားစုဝင်မှ ဆူးပုပ်ဟင်းချို ရည်ကို လက်မလှမ်းကြဘူး ။ သမီးထွေးက ငရုတ်သီးထောင်းပန်းကန်ကို လက်လှမ်းမယ် ဆိုရင် ငရုတ်သီးထောင်းပန်းကန်မှာ ရေးထားတဲ့ နံပါတ်နှစ် ကို အတူ စားနေကြသူတွေ ကြားလောက်ရုံ လေသံနဲ့ ပြောပြီးမှ ငရုတ်သီး ထောင်းကို နှိုက်ရတယ် ။
ဒေါ်ဒေါ်မိက နံပါတ်သုံး လို့ ပြောရင်း ငါးအိုးကပ်ပန်းကန် လှမ်းယူပြီး ကိုလူညို့ ပန်းကန်ထဲ ငါးအိုးကပ်ဟင်း ထည့်ပေးနေတယ် ။ ပန်းကန်မှာ ဒီနံပါတ်တွေ ရေးထားတာ ဘာလုပ်တာလဲ ။ ကိုလူညို စားရင်း စဉ်းစား ၊ စဉ်းစားရင်း စားနေမိတယ် ။
ထမင်းဝိုင်းအကြောင်း သဘောပေါက်လာတဲ့ ကိုလူညိုလည်း နံပါတ်တစ်လို့ အသံပြုပြီး ဆူးပုပ်ဟင်းချိုဆီ လက်လှမ်းလိုက်တယ် ။ ဦးလေးဘဖြူ က အစ ဒေါ်ဒေါ်မိ အလည် သမီးထွေးလေး အဆုံး ထမင်းဝိုင်းရှိ လူအားလုံး ကိုလူညိုကို ပြုံးပြီး လှမ်းကြည့်လိုက်ကြတယ် ။ ကြည်နူးနှစ်လိုဖွယ် အပြုံးတွေပေါ့ ။ အဓိပ္ပာယ်တော့ အများကြီး ဆောင်တဲ့ အပြုံးတွေလေ ။ ဒီအကြည့်နဲ့ ဒီအပြုံးတွေကို ကိုလူညို တစ်သက်လုံး မေ့မှာ မဟုတ်ဘူး ။
ကိုလူညိုဟာ ဦးလေးဘဖြူ တို့ မိသားစုမှာ ဧည့်သည်မှ မဟုတ်တာ ။ ခေတ္တ အလည်ရောက်နေတဲ့ သြရသ မဟုတ်လား ။
▢ ညီပုလေး
📖တတိယမြို့တော်သားရဲ့ အလွမ်း
No comments:
Post a Comment