❝ ခွေးအိုကြီး စူလတန် ❞
( ပုံပြင် )
ရှေးရှေးတုန်းက လယ်သမားကြီး တစ်ယောက်မှာ စူလတန်ဆိုတဲ့ ခွေးအိုကြီး တစ်ကောင် ရှိသတဲ့ ။ တစ်နေ့တော့ စူလတန်ကြီးဟာ တဲရှေ့မှာ နေပူစာလှုံနေတုန်း လယ်သမားကြီးက သူ့မိန်းမကို ခေါ်ပြီး “ ဟေ့ ... ရှင်မရေ ... ငါတို့ခွေးကြီး စူလတန်ဟာ အိုလှပြီ ။ သူမှာ ရှေ့သွားတွေလည်း ကျိုးကုန်ပြီ ။ ဒါကြောင့် သူ့ကို ငါတို့သိုးတွေ ကျောင်းခိုင်းလို့လည်း မဖြစ်တော့ဘူး ။ ဒီတော့ သူ့ကို သုံးလို့ မရမယ့် အတူတူ နက်ဖြန်မနက် သ,တ်ပစ်ရလိမ့်မယ် ။ သူ့ကို ငါတို့ ဆက်ပြီး မကျွေးနိုင်တော့ဘူး ” လို့ပြောသတဲ့ ။
အဲဒီလို ပြောနေတာကို ခွေးအိုကြီး စူလတန် ကြားရတော့ “ အင်း ... ငါတော့ နက်ဖြန်မနက်မှာ သေရတော့မှာပါကလား ” လို့ဝမ်းနည်းပြီး ငိုရှာသတဲ့ ။ ဒါပေမယ့် စူလတန်ဟာ ညကျတော့ တောထဲကို တိတ်တိတ်ကလေး ထွက်သွားပြီး သူ့မိတ်ဆွေ ဝံပုလွေကို တိုင်ပင်တယ် ။ သူ့မိတ်ဆွေ ဝံပုလွေ ကလည်း စူလတန်ကို သနားတာနဲ့ “ အို ... ဘာမှ မကြောက်ပါနဲ့ ကွယ် ... မင်းကို သူတို့ အသုံးမကျဘူး ထင်လို့ သ,တ်မယ် ကြံကြတာပါ ။ ဒီတော့ မင်းက တစ်ခုခု လုပ်ပြလိုက်ပေါ့ ။ နက်ဖြန်မနက် ကျလို့ရှိရင် လယ်သမားကြီးနဲ့ သူ့မိန်းမဟာ လယ်ထဲမှာ ကောက်ရိုး လာသယ်ကြလိမ့်မယ် ။ ဒီအခါမှာ သူတို့ ကလေးကိုလည်း ခေါ်လာလိမ့်မယ် ။ ကလေးကို သစ်ပင်ရိပ်မှာ သိပ်ပြီး သူတို့ ကောက်ရိုး သယ်ကြတုန်း ငါက တောထဲက ထွက်လာပြီး ကလေးကို ကိုက်ချီပြေးမယ် ။ အဲဒီအခါမှာ မင်းက ငါ့နောက်က လိုက်ပြီး ကလေးကို လုဟန်ဆောင်ပါ ။ ဒီတော့ သူတို့ဟာ မင်းကို မသ,တ်ဘဲ “ ဟာ ... စူလတန်ကြီး တယ်တော်ပါကလား ” ဆိုပြီး ချမ်းသာ ပေးပါလိမ့်မယ် ။ ကဲ ... မင်း ပြန်ပေတော့ ” လို့ အကြံပေး လိုက်သတဲ့ ။ စူလတန်ကြီးလည်း အိမ်ပြန်လာပြီး မိုးလင်းအောင် စောင့်နေသတဲ့ ။ မိုးလည်းလင်းရော လယ်သမားကြီးနဲ့ သူ့မိန်းမလည်း ကလေးကို ချီပြီး လယ်ထဲကို ကောက်ရိုး သယ်ဖို့ ထွက် လာကြတယ် ။ လယ်တောကို ရောက်တော့ သူတို့ဟာ ကလေးကို သစ်ပင် တစ်ပင်အောက်မှာ သိပ်ထားခဲ့ကြပြီး ကောက်ရိုး သယ်နေကြသတဲ့ ။ တော်တော်ကြာတော့ တောထဲက ဝံပုလွေ ထွက်လာပြီး ကလေးကို ချီပြေးပါရောကွယ် ။ ဒီအခါမှာ အသင့် ထိုင်စောင့်နေတဲ့ စူလတန်က ဝံပုလွေ နောက်ကို အပြေးလိုက်ပြီး ကလေးကို လု ယူလာခဲ့သတဲ့ ။ လယ်သမားကြီး လင်မယားလည်း အံ့အားသင့်ပြီး ကြည့်နေရာက သူတို့ ကလေးဟာ စူလတန်ကြောင့်သာ မသေတာပါကလား ဆိုပြီး ကျေးဇူးတင်တာနဲ့ စူလတန်ကို မသတ်တော့ဘဲ “ ကဲ ... စူလတန် မင်းကို မသ,တ်တော့ဘူး ။ မင်း အသက်ထက်ဆုံး ငါတို့နဲ့ပဲ နေရမယ် ” လို့ပြောပြီးကောင်းစွာ ထားကြသတဲ့ ။
စူလတန်ကြီးဟာ သူ့သခင်နဲ့ပဲ နေပြီး သိုးတွေကို သစ္စာရှိရှိ စောင့်ထိန်းနေသတဲ့ ။ တစ်နေ့မှာ တောထဲက ဝံပုလွေ ပေါက်လာပြီး စူလတန် ဆီမှာ သိုးတစ်ကောင် တောင်းသတဲ့ ။ စူလတန် ကလည်း သူ့သခင်ရဲ့ သိုးကို မပေးနိုင်ကြောင်း ပြန်ပြောလိုက်တော့ ဝံပုလွေက “ ကဲ ... ဒါဖြင့် မင်းမပေးချင်ရင် ညကျတော့ ငါ လာပြီး ခိုးရမှာပေါ့ကွယ် ” လို့ ပြန်ပြောသတဲ့ ။ စူလတန် လည်း သူ့သခင်ကို သစ္စာရှိရှိနဲ့ပဲ ညကျရင် ဝံပုလွေ သိုးလာ ခိုးမယ့် အကြောင်း ပြောပြထားလိုက် သတဲ့ ။ ညကျတော့ ဝံပုလွေလည်း သိုးလာ ခိုးတယ် ။ အဲဒီအခါမှာ လယ်သမားကြီး ကလည်း အသင့် စောင့်နေရာက လိုက်ပြီး ရိုက်တယ် ။ ဝံပုလွေဟာ ကြောက်ကြောက်နဲ့ တောထဲကို ပြန်ပြေးရင်း “ အေး ... မင်းတော့ သတိသာကြပ်ကြပ်ထားပေဦး ။ မင်းကို တစ်နေ့နေ့မှာ ငါလာပြီး လက်စားချေမယ် ” လို့ကြိမ်းသွားသတဲ့ ။
ဝံပုလွေဟာ တောထဲကို ပြန်ရောက်တော့ တောဝက် တစ်ကောင်နဲ့ တိုင်ပင်ပြီး ညအချိန်မှာ စူလတန်ဆီ ပြန်လာသတဲ့ ။ စူလတန်ကလည်း ဒါကို သိထားလို့ သူ့မိတ်ဆွေ ကြောင်တစ်ကောင်ကို အဖော် ခေါ်ထားတယ် ။ အဲဒီ ကြောင်ဟာ ခြေထောက်သုံးချောင်းသာ ရှိတယ် ။ သူလမ်းလျှောက်လို့ ရှိရင် ထော့ကျိုးထော့ကျိုးနဲ့ နေတယ် ။ဒါနဲ့ ဝံပုလွေနဲ့ တောဝက်ဟာ စူလတန် ရှိရာကို လိုက်လာကြတော့ စူလတန်နဲ့ ကြောင်ထော့ကျိုးကိုတွေ့ကြတာပေါ့ ။ ကြောင်ထော့ကျိုးကလည်း သူ့အမြီးကို မိုးပေါ်မှာ ထောင်ပြီး ထော့ကျိုး ထော့ကျိုးနဲ့ လျှောက်လာတော့ ခပ်ဝေးဝေးက လာနေတဲ့ ဝံပုလွေနဲ့ တောဝက်တို့က သူတို့ဆီကို စူလတန်နဲ့ ကြောင်ထော့ကျိုး တို့ဟာ ဓားနဲ့ခုတ်မယ်လို့ ထွက်လာကြတာပဲလို့ မှတ်ထင်လိုက်ကြတယ်တဲ့ကွယ် ။ ကြောင်ထော့ကျိုးရဲ့ အမြီးက မိုးပေါ် ထောင်နေတော့ အမြီးက ဓားကြီးနဲ့ ရွယ်ထားသလို ထင်နေတာပေါ့ ။ ဒါနဲ့ ဝံပုလွေ နဲ့ ဝောာဝက်တို့ဟာ ကြောက်တာနဲ့ ရှေ့ဆက် မလာကြဘဲ တောဝက်က ချုံပုတ်တစ်ခု ထဲမှာ ဝင်ပြီးပုန်းရသတဲ့ ။ ဝံပုလွေ လည်း ကြောက်တာနဲ့ အနားမှာ ရှိတဲ့ သစ်ပင်ပေါ် တက်ပြီး ပုန်းသတဲ့ ။ ဒါပေမယ့် တောဝက်ရဲ့ ကိုယ်က ကြီးလွန်းနေ၍ လုံအောင် မပုန်းနိုင်ဘူးကွဲ့ ။ သူ့ကိုယ်သာ လုံပေမယ့် ခေါင်းနဲ့ နားရွက်ကတော့ ချုံအပြင်ဘက်ကို ရောက်နေတယ် ။ ဒါနဲ့ စူလတန် နဲ့ ကြောင်ထော့ကျိုးတို့လည်း အနားရောက်လာကြရော ကြောင်ထော့ကျိုးက တောဝက်ရဲ့ နားရွက်ကို မြင်တာပေါ့ ။ ဒီတော့ ချုံပုတ်ထဲမှာ ကြွက်တစ်ကောင် ရှိတယ် ထင်ပြီး ပြေးခုတ်သတဲ့ ။ တောဝက်ဟာ ကြောက်လွန်းတာနဲ့ တစ်ခါထဲ ချုံပုတ်ထဲက ပြေးထွက်သွားပြီး “ ဟောဟို သစ်ပင်ပေါ် မှာလည်း ဝံပုလွေ တစ်ကောင် ရှိနေပါတယ် ” လို့ အော်သွားသတဲ့ ။ ဒီတော့ သစ်ပင်ပေါ်က ဝံပုလွေက စူလတန် တို့ကို ကြောက်လွန်း၍ တုန်နေရှာသတဲ့ကွယ် ။
ဒါပေမယ့် သစ္စာရှိတဲ့ စူလတန်ကြီးကတော့ သူ့ကျေးဇူးရှင် ဝံပုလွေကို မဖမ်းတော့ဘဲ “ လာပါ ... ဆင်းခဲ့ပါ မိတ်ဆွေ ။ သင်နဲ့ ငါဟာ မိတ်ဆွေပါ ။ ရှေးကလိုပဲ ချစ်ချစ်ခင်ခင် နေကြရအောင်ပါ ” လို့ ပြောတာနဲ့ ဝံပုလွေဟာ သစ်ပင်ပေါ်က ဆင်းလာဝံ့ရှာသတဲ့ကွယ် ။
ကဲ ... ကလေးတို့ သစ္စာရှိတဲ့ အတွက် တိရစ္ဆာန်ပင် ဖြစ်သော်လည်း အဆွေခင်ပွန်း မပျက်ဘဲ တစ်သက်လုံး ခင်ခင်မင်မင် နေနိုင်ကြသတဲ့ကွယ် ။ ကလေးတို့လည်း ထာဝစဉ် သစ္စာတရားကို စောင့်ထိန်းနိုင်ကြပါစေ ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ ဩဂုတ်
No comments:
Post a Comment