❝ ဒီဆိတ်သိုး ငဖြိုး ❞
▢ ရေးသူ - ဆုရ
မိန်းမ၏ ရုပ်ဆင်းပြေပြစ် လှပခြင်းသည် တွေ့မြင်ရသူယောက်ျားအား ဆွဲငင်သွေးဆောင်တတ်၏ ။ တပ်မက်စွဲလမ်းခြင်းဖြင့် အလှ၏လှည့်စားရာ ချောက်နက်ကြီးထဲသို့ ကျရောက်ရသော ယောက်ျားတို့သည် များလှပြီ ။ ယင်းသို့ မိန်းမချောအတွက် အရှက်တကွဲ အကျိုးနည်းလျက် ဂုဏ်သရေယုတ်လျော့ခြင်းကို အထူးခံရသည့် ယောက်ျားတို့အနက် ၊ ရွှေတောင်မြို့သား ကိုအောင်ဖြိုးသည် တစ်ယောက် အပါအဝင်ဖြစ်ခဲ့၏ ။ “ ဒီဆိတ်သိုး ငဖြိုး ငဖြိုး ” နှင့် ကိုအောင်ဖြိုး ကျောခိုင်းသွားလျှင်သွားခြင်း လူကြီးလူငယ် ယောက်ျားမိန်းမမရွေး ပြုံးပြီး မေးထိုးလက်တို့ ခေါ်ပြောစမြဲ ပြုလေ့ရှိကြ၏ ။
အဘယ့်ကြောင့် နာမည်ကြီး ရွှေတောင်ပိုးကုန်သည်ကြီး တစ်ဦးကို အသရေပျက်လောက်အောင် လှောင်ပြောင်သရော်ခြင်း ၊ သူသူငါငါတို့က ပြုလုပ်ကြပါသနည်း ။ အကြောင်းမှာ....ကိုအောင်ဖြိုးသည် မကြာမကြာ ရန်ကုန်သို့ သွားရောက်ကာ မြန်မာရှပ်ဆိုင်ကြီးများသို့ မိမိတစ်ဦးတည်းပိုင် ဦးအောင်ဖြိုး ကုမ္ပဏီမှ အထူးရက်လုပ်သော ဆေးခိုင်ပိုးစစ် အာမခံနိုင်ငံကျော် ရွှေတောင်ပိုးထည် များကို ဖောက်သည်ပေးလေ့ရှိ၏ ။ ရွှေတောင်သားပီပီ စေးနည်းကုတ်ကပ်သော်လည်း ရန်ကုန်မြို့ကြီး၏ မကုန်ဆုံးနိုင်သည့် ပျော်ရွှင်မှုသွေးဆောင်ရာများပေါ်တွင် တစ်ခေါက်လျှင်ငွေတစ်ဆယ်မျိုး ဆယ့်ငါးကျပ်မျိုး ရက်ရက်ရောရော ဖြုန်းတီးလာလေ့ရှိသော မြို့ကလေးသား လူမော် လူမောက် တစ်ယောက်ဖြစ်သည်ပြင် ရန်ကုန် သွားရပြန်ရ အခါအခေါက်ပေါင်း အတော်ပင်များပြီဖြစ်ရာ လူပါးဝသူ တစ်ဦး၏ ဘဝထူးသို့ ကောင်းကောင်းကြီး ကူးပြောင်းရှိပေတော့၏ ။ ရုပ်ရှင်ပြပွဲ ၊ အငြိမ့်မိန်းမချော မိန်းမလှများ ၊ ခမ်းနားကြီးကျယ်သော အဆောက်အဦများနှင့် စည်စည်ကားကား နေ့ရောညဉ့်ပါ သွားလာလှုပ်ရှား အသက်ဝင်စားလျက်ရှိသော ရန်ကုန်မြို့ကြီးသည် ငြိမ်ဆိမ်သော မြို့ကလေးသား ကိုအောင်ဖြိုး၏ စိတ်ကို ရိုးရိုးရွရွ အစဉ် ဖြစ်ပေါ်စေလေ၏ ။ ကိုအောင်ဖြိုး မှာ ရန်ကုန်သွေးဝင်၍ ရန်ကုန်သား၏စိတ် ဝင်စားနေသူတစ်ယောက်ပင် ဖြစ်လေတော့၏ ။
တစ်နေ့သော ဆောင်းရာသီညတစ်ည၌ ကိုအောင်ဖြိုးသည် အင်္ကျီအိတ်ထဲတွင် ကုန်ဖိုးရခဲ့သော ငွေစက္ကူတစ်ထောင်ကျော်နှင့် ပြည်စာပို့မီးရထား ဒုတိယတန်းတွဲကို စီးရန် လက်မှတ်ခံယူ၍ တွဲလွတ် တစ်တွဲတွင်းသို့ ဝင်ထိုင်လေ၏ ။ ထိုနေ့ည ပြည်သွား မီးရထားမှာ တတိယတန်းတွဲများ အားလုံး လူပြည့်ကြပ်ပြီး ရှိနေသဖြင့် ကိုအောင်ဖြိုး မှာ နေရာမရဘဲ စီးသူတစ်ယောက်မျှ မပါသော ဒုတိယတန်း တွဲလွတ် တစ်တွဲတွင် စီးပါရခြင်းဖြစ်၏ ။ ထိုအကြိမ်သည် ကိုအောင်ဖြိုး နှမြောမြောနှင့်ပင် မီးရထားခ အပိုပေး၍ ဒုတိယတန်းတွဲတွင်းသို့ ပထမ ခြေချဖူးသော အကြိမ်လည်း ဖြစ်၏ ။ ဒုတိယတန်းတွဲ၏ သပ်ရပ်ခမ်းနားပုံ ၊ နေရာထိုင်ခင်း သက်သာခွင့်ရပုံများကို လူတိုးဝှေ့ထိုင်ရသော တတိယတန်းတွဲနှင့် နှိုင်းယှဉ်ပြီး အင်း လောက ၊ ပိုက်ဆံတတ်နိုင်တော့လည်း တယ်ဟုတ်ပါကလား ။ တယ်စည်းစိမ်ကြီး ပါကလား ။ ပိုက်ဆံ အကုန်ခံနိုင်ရင် ကောင်းတာပဲဟု ကိုအောင်ဖြိုးသည် ပျော့အိသော ထိုင်ဖုံပေါ်တွင် လွတ်လွတ်လပ်လပ် ခြေဆင်းထိုင်ရင်း စဉ်းစားမိလေ၏ ။ အမိုးမျက်နှာကြက်တွင် ကပ်ထားသော လျှပ်စစ်ယပ်ကလေးကို မျက်စိ စူးစိုက်မိပြန်လေလျှင် ချမ်းအေးသော ဆောင်းရာသီပင်ဖြစ်သော်လည်း အနာမခံလို ၊ ပိုက်ဆံပေးရကျိုးနပ်အောင် အကြောကြီးသောစိတ်ဖြင့် ထ၍ ခလုတ်ဖွင့်ကာ ယပ်ကလေးကို အသက်သွင်းပေးပြီး ကိုအောင်ဖြိုးသည် ပြန်ထိုင်လေ၏ ။ အင်း ပိုက်ဆံပေးနိုင်တော့ အမျိုးမျိုး ရနိုင်တာပဲ ။ အင်း အင်္ဂလိပ်လူမျိုးများ တယ်တော်တာပဲ ။ အင်း ပိုက်ဆံမျက်နှာ တယ်ကြီးတာပဲဟု တွေး၍ ချီးမွမ်းမိပြန်လေ၏ ၊ မိမိ ဒုတိယတန်းတွဲ စီးမှန်းသိအောင် အသိမိတ်ဆွေတို့ မြင်သွားရန်တစ်ကြောင်း ၊ သူစိမ်းများက အထင်ကြီးကြရန် အကြောင်းကြောင့် ကိုအောင်ဖြိုးသည် ခေါင်းအငြိမ် မနေနိုင်ဘဲ ပြတင်းပေါက်ဝကလေးမှ လိပ်ခေါင်းထွက်သလို အပြင်ဘက်သို့ ကိုင်းကိုင်းကြီး ကဲထွက်လျက် ဟိုကြည့်သည်ကြည့်နှင့် ရထား မထွက်မခြင်း အလုပ် အတော်ပင် ရှုပ်နေလေ၏ ။ မကြာမီ ခေါင်းလောင်းသံများ ပေး၍ ဘူတာရုံကြီး အတွင်း၌ရှိသော လူစုလူဝေးကြီးသည် အုံပျက်သော ပုရွက်ဆိတ်များပမာ ပြေးလွှား လှုပ်ရှား ရှိကြ၍ ဆူဆူညံညံအသံများ ပေါ်ထွက်လာလေ၏ ။ မီးရထားတွဲရှည်ကြီးသည်လည်း အိပ်ရာမှ ရုတ်တရက် နိုးလာသော ဘောက်ဖတ်ကောင်ကြီး ကဲ့သို့ လှုပ်လှုပ်ရှားရှား ရွေ့ပါးစပြုလေ၏ ။ တစ်ခဏကလေးအတွင်း ကြည့်မြင်တိုင်ဘူတာသို့ မီးရထား ရောက်လာလေ၏ ။ အသက်နှစ်ဆယ်ခန့် မိန်းမပျို တစ်ယောက် နှင့် လေးဆယ်ကျော်ရွယ်ခန့်ခန့် မိန်းမကြီးတစ်ယောက်သည် ဝင်လာသော မီးရထားတွဲများကို ဂရုခိုက်ကြည့်နေကြလေ၏ ။ မီးရထားရပ်တန့်သည်နှင့် တစ်ပြိုင်နက် ကိုအောင်ဖြိုးအနီးသို့ လာရောက်ကြ၍ မိန်းမကြီးသည် ကိုအောင်ဖြိုး မျက်နှာကို အကဲခတ်ကြည့်ပြီး “ ရှင် ဘယ်အထိ လိုက်ရမှာလဲ ” ဟု စတင် မေးမြန်းလေလျှင် ...
ကိုအောင်ဖြိုးသည် ထိုမိန်းမ၏ မျက်နှာကို စိမ်းစိမ်းကြည့်၍ “ လမ်းဆုံးလို့ပဲ ပြောပါတော့ခင်ဗျာ ။ ပြည်ကို အရောက် စီးရမှာပဲ ”
“ ဒါဖြင့် နေရာကျလိုက်တာ ။ ကျွန်မ တူမကလေးလည်း ပြည်ကို လိုက်မလို့ပဲ ။ အဖော် မရှိလို့ တစ်ဆိတ် ကြည့်ရှုခေါ်သွားလိုက်ပါရှင် ။ ပြည်ဘူတာ ရောက်ရင်တော့ အိမ်က လာကြိုကြမှာပါပဲ ”
“ ကိစ္စမရှိပါဘူး ခင်ဗျာ ၊ ကြည့်ရှုရတာပေါ့ ။ အခုလိုပေါ့ ခင်ဗျာ ။ ခရီးသွားတဲ့အခါ မသိကျွမ်းပေမယ့် ကူညီစောင်မရတာမျိုးပဲ ။ နေ့စဉ်ပြုအပ်တဲ့ ဝတ္တရားတွေပဲ ”
“ မှန်လှပါတယ် ။ တစ်ယောက်အကြောင်းရှိ တစ်ယောက်က တတ်အား သလောက် စောင်မဖို့ပေါ့ရှင် ”
မိန်းမကြီးသည် မိန်းမပျိုဘက်သို့ ကြည့်ပြီး “ ကဲ မခင်ခင် ၊ ဟောဒီ ဦးလေးကြီးနဲ့ပဲ တူမ စိတ်ချလက်ချ လိုက်သွားပေရော့ ။ ဘာမှ ကြောက်ရွံ့စရာမရှိဘူး သိလား ။ ဦးလေးကြီးကလည်း စောင့်ရှောက်နိုင်သမျှ စောင့်ရှောက်ပါလိမ့်မယ် ”
မိန်းမပျိုသည် ဝန်ထုပ်ဝန်ပိုးကလေး အနည်းငယ်မျှနှင့် ကိုအောင်ဖြိုး ရှိရာ တွဲထဲ ဝင်လာလေ၏ ။ မီးရထားသည် လှုပ်ရှားလာစ ပြုလေ၏ ။ မိန်းမပျိုသည် ပြတင်းပေါက်ဝကလေးမှ ခေါင်းပြူထွက်ပြီး
“ ကြီးကြီးရေ သွားပြီ သွားပြီ ”
“ သွားတော့ တူမရေ ။ အိမ်ရောက်ရောက်ခြင်းပဲ ကောင်းကောင်းမွန်မွန် ရောက်တဲ့အကြောင်း ကြီးကြီးတို့ဆီ စာဆက်ဆက်ရေးထည့်လိုက်နော် ”
“ စိတ်သာချ ကြီးကြီး ။ ခင် မမေ့ပါဘူး ”
မီးရထားကြီးသည် ဖြည်းညင်းရာမှ အရှိန်ယူကာ ညဉ့်မှောင်ကွင်းသို့ ဆက်လက်ခုတ်သွားလေသတည်း ။ မိန်းမပျိုသည် မိမိပစ္စည်းများကို နေရာတကျ ဖျတ်လတ်စွာချထားပြီးနောက် အဖုံးနီနီအင်္ဂလိပ်စာအုပ်ကလေးတစ်အုပ်ကို ကတ္တီပါလက်ဆွဲအိတ်ကလေးထဲမှ ထုတ်နှုတ်ယူ၍ ဖွင့်ကာ ဖတ်နေလေ၏ ။ ထို မိန်းမပျိုမှာ မဖြူမညိုဝင်းသော အသားအရေ တောက်ပကြည်လင်သော မျက်လုံး ၊ ချိုသာသောမျက်နှာနှင့် လုံးရပ်သဏ္ဌာန် ပြေပြစ်၍ ဝတ်ဆင်ပြီးလိမ်းထားပုံမှာလည်း သပ်သပ်ရပ်ရပ်ဖြင့် စာသင်ကျောင်းသူတစ်ယောက်ဟု ယူဆဖွယ်ရှိ၏ ။ နောက် နာရီဝက်ခန့်ကြာသောအခါ မိန်းမပျိုသည် စာအုပ်ကို ပိတ်၍ အိပ်ရာပြင်ဆင်ပြီး ဖြူဖွေးနုစွတ်သည့် သိုးမွေးစောင်ကလေးကို ကိုယ်ထက် လွှမ်းခြုံကာ လျောင်းလေ၏ ။ မကြာမီပင် မိန်းမပျိုကလေးသည် စိတ်ချလက်ချ အိပ်ပျော်သွားလေ၏ ။ ကိုအောင်ဖြိုး သည် မိန်းမပျို၏ ပြည့်တင်းဖောင်းအိ အချိုးအစားကျလှသော ကိုယ်လုံးသဏ္ဌာန်ကို မျက်စိစူးစိုက်မိလေ၏ ။ နုပျိုပြေပြစ်လှပခြင်းကို ဝေဖန် ခွဲခြား သိမြင်တတ်သော ကိုအောင်ဖြိုး၏ ယဉ်ပါးကျယ်ဝန်းသော မျက်စိများသည် မိမိ ရှေ့၌ ယခု အိပ်ပျော်လျက်နေသော မိန်းမပျို၏ ကိုယ်ခန္ဓာတစ်ခုလုံးထက်တွင် စွဲလမ်း မက်မောခြင်းဖြင့် ပန်းဝတ်ရည်၏ ချိုမွှေးသောရသာထူးကို ရောင့်ရဲတင်းတိမ်နိုင်ခြင်းငှာ မစွမ်းသော ပျားပိတုန်းအလား တပ်မက်လှစွာ ကျက်စားလျက်နေမိ၏ ၊ ယောက်ျား ယောက်ျား ။
မိန်းမပျိုသည် ယခုလို ပြုံးပြုံးကလေး အိပ်မောကျနေသောအခါ၌ နိုးကြားရှိနေသောအခါထက် တိုး၍ ချစ်ခင်စဖွယ် ကောင်းပေ၏ ။ အသက်ခပ်ပြင်း ပြင်းရှိုက်ရှူလျက် မျက်နှာတစ်ဘက်ပေးကာ စောင်းအိပ်နေသော မိန်းမပျို၏ သဏ္ဌာန်မှာ မငြိမ်သက်ပဲ အသက်ဝင်စားရှိသည့်အတိုင်း တင်သား ၊ ရင်သား စသည်များမှာ နိမ့်ချည်မြင့်ချည် မို့ချည်မောက်ချည်ဖြင့် နုပျိုသောဘာဝ၏ ထူးခြားပုံ အလုံးစုံကို အထူးဖော်ပြလျက်ရှိနေလေ၏ ။ အရွယ်၏ ကောင်းခြင်းကို ထိုးထွင်း သိမြင်တတ်သော ကိလေသာကုံသား ကိုအောင်ဖြိုး၏ စိတ်မှာ လှိုင်းလေမငြိမ်သက်သော ပင်လယ်ရေပြင်ကဲ့သို့ လှုပ်လှုပ်ရှားရှား ဖြစ်ပျက်ရှိနေလ၏ ။ နာမည်က ခင်ခင် ဆိုပဲ ။ နာမည်ကလေးယဉ်သလောက် လှလည်းလှပါပေရဲ့ ။ သူကလေး တစ်ကိုယ်လုံးဟာလည်း ကြည့်လေကြည့်လေ မက်မပြေနိုင်တဲ့ နံ့သာဆီ အမွှေးတုံးကြီးလို နုနုထွတ်ထွတ်ကြီးပါကလား ။ မီးယပ်သည် အိမ်က မိန်းမ ဒန့်သလွန်သီးခြောက်ကြီး နဲ့တော့ ကွာတာပဲ ။ အသက်က အို ရောဂါတွေ ပိုပြီး ကမ္မဋ္ဌာန်းရုပ်ပေါက် ကြည့်ချင်စရာ တစ်ချက်မှ အိမ်ကြီးရှင်မဟာ မကောင်းတော့ပါကလား ။ ငါတွေ့မှ တွေ့ရတတ်လွန်း ။ သူကလေးကတော့ မွှေးသမျှ အချိုတွေ လောင်းပြီး ပျံချင်သလို ပျို နုချင်သလိုနု ၊ ကောင်းသမျှ အဆီတွေ စုနေတဲ့ တစ်သက်လုံး မမေ့နိုင်တဲ့ တကယ့်ဟာ ကလေးပဲနော် ။ ဒါမျိုးများ ကိုအောင်ဖြိုး ရလို့ အနည်းဆုံး ဆယ်နှစ်လောက်သာ ပေါင်းရရင် အောင်ဖြိုး လူ့ပြည် လူဖြစ်ကျိုးနပ်ပြီး သေပျော်ပါပြီဟု တဏှာထိုးဆွ စိတ်ကူးရမိလေ၏ ။ ရုတ်တရက် လာတွေ့ရသော မိန်းမပျိုအား တပ်မက်လှသော အာရုံများကြောင့် ကိုအောင်ဖြိုး မှာ မအိပ်ဘဲ မျက်လုံးများကျယ်သည်ထက် ကျယ်လာပြီး တဏှာရူးကြီးဘဝသို့ လောလောဆယ်ဆယ် ရောက်ရလေ၏ ။ ရိုးရိုး ရွရွ ခုန်ဆွလျက် ရှိနေသော အာရုံကြောင့် မီးရထား ဘယ်ဘူတာ ဆိုက်၍ ဘယ်ကို ရောက်နေမှန်း သတိမထားမိ ။ တွဲတွင်းသို့ အနှောင့်အယှက် တစ်ယောက်မျှ နောက် ထပ်၍ မပေါ်လာသောကြောင့် မိန်းမပျို ကမ္မဋ္ဌာန်း တွင်တွင်ကြီး စီးဖြန်းလျက် နေသော မယားလက်ရှိ အသက်ကြီးရင့်သည့် ယောက်ျားမှာ ဆီးတားကန့်ကွက်ခြင်း မရှိသည့် နှစ်ဦးချင်းသာလျှင်ဖြစ်သော နေရာတွင် အချိန်ကုန်မှန်း မသိ ကုန်လွန်ရလေ၏ ။
ဒင်းကလေးက မိန်းမပျိုဣန္ဒြေရှင်ကလေးမို့ ရဲလည်း မရဲ ။ စကားစ မပြောဝံ့ဘဲ ရှိရှိပါစေတော့ ။ ရွတ်တွအို ငါက အာဆီးလျှာဆီး ကပ်ပြီး အိုးတိုးအတ ဖြစ်နေမိတာများ ရှိမနေခဲ့ရင် ဖြစ်သင့်သလောက်တော့ ဖြစ်ရတော့မှာ အမှန်ပဲ ၊ ရိုးရိုးက တဖြည်းဖြည်းဆန်းပြီး ရိတိတိ ချိတ်တိတ်တိတ် ပြောလာခဲ့ရင် ညဉ့်နက် သလောက် ခရီးတော်တော် ရောက်ရတော့မှာပဲ ။ ချစ်အောင် ပြောရင် ပြန်ချစ်ရမယ် ၊ ကြိုက်အောင်ပြောရင် ပြန်ကြိုက်ရမယ် ။ တစ်ဦးမေတ္တာ တစ်ဦးမှာဆို မဟုတ်လား ။ ဒင်းကလေး ဘယ်လိုပဲ ပျိုပျို ဘယ်လိုပဲ ဣန္ဒြေရှိရှိ မိန်းမဆိုတာ မိန်းမသဘော မိန်းမစိတ်ထား ရှိတာမျိုးချည်းပဲ ။ ယောက်ျား ချော့မော့ သွေးဆောင်လှည့်စားရာကို လွယ်လွယ်ကလေးနဲ့ လိုက်ပါတတ်တာချည်းပဲ ၊ မေတ္တာနဲ့ ဆွယ်ပြီး ပူပူနွေးနွေး တစ်ခါတည်း ချိုင်လိုက်ရရင် ဒင်းကလေး ငြင်းတင်းတင်း ရှောင်တောင်တောင် လုပ်နေမှာလည်း မဟုတ်ဘူး ။ မိန်းမ ဆိုတာ သူတို့ ထုံးစံအတိုင်း လက်ဦး ဘယ်လောက်ပဲ မူယာမာယာများများ နောက်ဆုံးကျတော့ ယောက်ျားဘက် ပြုံးပြီး တစ်ခါတည်းညွှတ်ယိမ်းပါလာတတ်တဲ့ “ မညှာ ” တွေချည့်ပဲ ။ တပင်တပန်း ဖမ်းနေစရာ အလုပ်လည်း မဟုတ်ပါဘူး ။ ခုလို ကိုယ့်လက်ထဲ အဆင်သင့် လာရှိတဲ့ ဟာကလေးကိုတောင် ဘေးမဲ့လွှတ်ထား လက်လျှော့ထားမိတာများ အောင်ဖြိုး ဝတ်ဖြူနဲ့ သူတော်စင်မို့လား ။ မာတုကာမကို ဝေးရာက ရှောင်ရှားရတဲ့ ဘုန်းကြီး ရဟန်းမို့လား ။ အပျိုထွက်ထွက် အချောအလှကို မျက်မုန်းကျိုးထားတဲ့ ယောက်ျား မို့လား ။ ဒီတစ်ခါ ငါအတယ် ၊ နတယ် ။ ဒီကနေ့ ညလို အေးအေးကလေး လာကြုံရတဲ့ စိတ်ထဲမှာ စွဲပြီး တစ်သက်လုံး မမေ့နိုင်တဲ့ တကယ့် ဇာတ်ကွက်ကို မနွှဲလိုက်ရတာ နာလှတယ် ။ လွဲသွားရတာများဟာ အသည်းကွဲလောက်က ငါ ဘာကြောင့် စကား မစမိပါလိမ့် ။ ငါ ဘာကြောင့် မရဲရင့်မိပါလိမ့် ။ ငါ ဘာကြောင့် နှောင့်နှောင့် နှေးနှေး ဖြစ်နေရပါလိမ့် ၊ ကြည့်စမ်း ခင်ခင် ဆိုတဲ့ အဟုတ် အဖိုးတန်ကလေးဟာ ငါ့အနီး ငါ့လက်ထဲမှာ ရှိနေတယ် မဟုတ်လား ။ ဒီလိုအချိန် ဒီလို လာဘ်လာဘကြီး မျိုးဟာ အင်မတန်မှ ကြုံကြိုက်ခဲတယ် မဟုတ်လား ။ ငါ ဘာပြုလို့ လက်လွှတ်ထား မိပါလိမ့်မလဲ ။ ခုကော အချိန်လွန်ပြီလား မဖြစ်နိုင်တော့ဘူးလား ဟု ကိုအောင်ဖြိုး သည် နဖူးရေ မြောင်းထ၍ လာသည်တိုင်အောင် ဆက်လက် စဉ်းစားကြီးလေးသော ပုစ္ဆာများနှင့် မိမိကိုယ်ကို မေးခွန်း ပြန်ထုတ်နေလေ၏ ။ အချိန် မကုန်သေးသောအဖြစ် မိန်းမပျိုကလေး အိပ်ပျော်လျက်ပင် ရှိနေသေးသော အဖြစ်ကို သတိရသိမြင်မိလေရာ အားသစ်တစ်ဖန် တိုးလာပြန်လေ၏ ။
မီးရထားတွဲမှာ တံခါးများလုံခြုံစွာ ပိတ်ထားသော်လည်း အလွန်အေးမြ ရှိလေ၏ ။ မိမိအင်္ကျီအိတ်ထဲမှ နာရီကို ထုတ်ယူကြည့်လိုက်ရာ နံနက် ၅ နာရီထိုးလုပြီကို အထင်အရှား သိမြင်ရလေ၏ ။ “ အချိန်လည်းများများ မကျန်တော့ဘူး ၊ ရဲ မင်းဖြစ် ဆိုသလို စွန့်စွန့်စားစား လုပ်လိုက်ဦးမှ ။ ငါအလို ပြည့်ရတော့မယ် ၊ ကြောက်ပြီးနေရင်လည်း လွဲရတော့မယ် ” ဟု ကိုယ့်ကိုယ်ကိုပြောလျက် ထိုဆိုး ယုတ်သောအကြံကို အလျဉ်းမရိပ်မိရှာသော မိန်းမပျိုအိပ်နေရာ ခုံရှည်ကြီးဆီသို့ ထသွားမည်ဆဲဆဲ မိန်းမပျိုသည် လှုပ်ရှားလာ၍ ရုတ်တရက် ထထိုင်ကာ မိမိ ရွှေလက်ပတ်နာရီကလေးကို ကြည့်ပြီး “ အမယ်ငါးနာရီတောင် နီးနေပါပ ကျွန်မလည်း အိပ်လိုက်တာ ကာလနဂါး မဖြစ်ရုံတမယ် ” ဟု ရွှင်ပြုံးသောမျက်နှာဖြင့် ကိုအောင်ဖြိုး ဘက်သို့ ပထမအကြိမ် စကားလှည့်ပြောလေ၏ ။ “ ရှင် ယောက်ျား ဖြစ်ပြီး အလိုက်တာ ကြည့်စမ်းပါဦး ။ ကျွန်မ မချောဘူးလား ။ ကျွန်မ မလှဘူးလား ။ ကျွန်မဟာ ရှင်ပြုရာကို ခံရမယ့်အခါ မဟုတ်ဘူးလား ။ ဒီလိုအချိန်ကောင်း နေရာကောင်းမျိုးမှာ ရှင် မကြံရဲဘာများ ကျွန်မ အံ့ပါရဲ့ ” ဟူ၍ပင် မိန်းမပျို၏ ပြုံးချိုသောမျက်နှာက အဓိပ္ပါယ်နက်နဲစွာဆောင်သည်ဟု အတွေးကြီးသော ကိုအောင်ဖြိုးသည် သဘောရမိလေ၏ ။ ထိုမိန်းမပျိုသည် ညဉ့်အချိန်စောစောကပင် အိပ်ခြင်းဖြင့် မိမိအား အချိန်ကောင်း ပေးခဲ့၏ ။ မိမိသည် မရဲသောကြောင့်သာ အလိုကျ မနွှဲရခြင်း ဖြစ်ခဲ့၏ ။ မစဝံ့သောကြောင့်သာ စိတ်ထင်တိုင်း မခိုင်းရခြင်းပင် ဖြစ်ခဲ့တော့၏ ။ ဣတ္ထိမနောကို တစ်ဖက်ကမ်းခတ် ပါးနပ်စွာသိမြင်တတ်သည်ဟု မိမိကိုယ်ကို အတော်အထင်ကြီးသော ကိုအောင်ဖြိုး သည် မိန်းမက စလာသော ကြောင့် အားတက်ဝမ်းမြောက်ခြင်း အထူးဖြစ်မိလေ၏ ။ ဆောင်းဥတုဖြစ်ရကား ၅ နာရီ ရောက်၍ နေအရုဏ်ကျင်းချိန် ဖြစ်သော်လည်း မြူနှင်းရစ်ဆိုင်း ရှိနေသောကြောင့် လင်းရောင်ခြည် မပေါ်ပေါက်နိုင်သေးပဲ မှုန်ရီရီ ရှိနေလေ၏ ။ ကိုအောင်ဖြိုး သည် ရုတ်ခနဲထိုင်ရာမှထကာ အမှတ်မဲ့နေသော မိန်းမပျိုအား အတင်းအဓမ္မ မိမိ ရင်နှင့်အပ်ပြီး တအားပွေ့ဖက်လိုက်၍ နုမို့သော ပါးပြင်ထက် သားတစ်ကို လောဘတကြီး သုတ်ထိုးသောငတ်မွတ်သည့် သိမ်းစွန်ရဲ၏ ချွန်ထက်သောနှုတ်ခမ်းအလား ကိုအောင်ဖြိုး ၏ နှာခေါင်းကြီးသည် စူးရှစွာ ကျရောက်လေ၏ ။ မိန်းမပျိုသည် ရွံ့ကြောက်ထိတ်လန့်ခြင်းဖြင့် မြဲမြံစွာဖက်ထားသော ကိုအောင်ဖြိုး၏ လက်တွင်းမှ အတင်းတွန်းဖယ် ရုန်းထွက်၍ ပြတင်းပေါက်တံခါးကို လျင်မြန်စွာ ပြေးဖွင့်ပြီ ..
“ လာကြပါဦးရှင် ... လာကြပါဦး ။ ဟောဒီမှာ အတင်းအဓမ္မ ကြံနေပါတယ် ၊ လာကြပါဦး ” ဟု အသံကုန် ဟစ်အော်လိုက်လေ၏ ။
ကိုအောင်ဖြိုး မှာလည်း ဘာလုပ်ရမည်ကို မသိ ။ အံ့အားသင့် ကြက်သေသေပြီး ငေးကြည့်နေလေ၏ ။ မိန်းမပျိုသည် ထိတ်လန့်တကြား အော်ဟစ်ရုံမက လူများကို လက်ရမ်းခေါ်ကာ ပြတင်းပေါက်ဝက အတင်းခုန်ချမည်ဟုပင် ဟန်ပြင်နေလေသော် ကိုအောင်ဖြိုး မှာ မိန်းမပျိုထဘီနားက ဒူးထောက်ကာ တုန်တုန်လှုပ်လှုပ် ဆွဲကိုင်လျက် “ မ မလုပ်ပါနဲ့ခင်ဗျာ မလုပ်ပါနဲ့ ။ ရှိ ရှိ ရှိကြီးခိုးပါရဲ့ ” ဟု ထစ်ထစ် အအ ကြောက်အားပိုလှစွာ တောင်းပန်ရှာလေ၏ ။ မီးရထားသည် အရှိန်သတ်၍ ရပ်လိုက်ပြီး ဂါတ်ဗိုလ်မီးရထားပုလိပ်နှင့် စီးပါသူအချို့တို့ အောက်သို့ ဆင်း၍ ဘေးဥပါဒ်တစ်စုံတစ်ရာ တွေ့ကြုံရသော မိန်းမပျိုထံ သုတ်သီးသုတ်ပြာ လာရောက်ကြလေ၏ ။ မိန်းမပျိုသည် ဘာဖြစ်ကြောင်းကို အထူး သိလိုသော ဂါတ်ဗိုလ်သို့ မိမိ ဖြစ်ရပုံကို မျက်ရည်ရစ်ဝိုင်း နီမြန်းသောမျက်နှာဖြင့် ကျူးလွန် ဖောက်ပြားသူ အဓမ္မလက်ကြမ်းသမား ကိုအောင်ဖြိုး ကို ညွှန်ပြပြီး အင်္ဂလိပ်လို ပြန်ပြောလေ၏ ။ မီးရထားအရာရှိကြီးသည် ဗိုလ်သံပါပါနှင့် အင်္ဂလိပ်စကား မိန်းမပျိုက ရောနှောပြောသောအခါ ခေါင်းတညိတ်ညိတ်နှင့် နားစိုက်ထောင်လျက် များစွာအရေးပါပုံ ပေါ်လေ၏ ။ ကိုအောင်ဖြိုးကို မီးရထားပုလိပ်လက်သို့ အပ်ပြီး ဂတ်ဗိုလ်သည် ဂါတ်ကွဲထဲသို့ ခေါ်သွားလေ၏ ။ ကိုအောင်ဖြိုးမှာ စကားတစ်လုံးမှ မပြောနိုင်ဘဲ တုန်တုန်လှုပ်လှုပ် ပြူးတူးပြဲတဲ ဖြစ်နေလေ၏ ။ အရှက်တကွဲ အကျိုးနည်းရလေအောင် ကြမ္မာမွှေပုံကို ယခုအခါ ကိုအောင်ဖြိုး သည် တွေးပြီး ယူကြုံးမရ ဖြစ်မိရှာလေ၏ ။ အင်္ဂလိပ်စကားကို ဗိုလ်မကလေးများလို လျင်မြန်သွက်လက်စွာ မိန်းမပျို ပြောဆိုနိုင်ပုံ ၊ မီးရထားအရာရှိကြီးက အထူးအရေးယူ၍ အလွန်ဂရုစိုက်ပုံများကို မောင်အောင်ဖြိုးသည် မြင်ရလေ၏ ။ မိမိ လက်သရမ်း မိုက်မှားမိ၍ ဘေးတွေ့ရတော့မည်ကို ရွံကြောက်တုန်လှုပ်မိလေလေ ဖြစ်လေ၏ ။ မာချောတောင့်တင်းသော လက်ထိပ် ၊ ခက်ထန်သော ရုံး ၊ ကျဉ်းကြပ်သော ထောင် ၊ အဝတ်ကြမ်းနှင့် ခေါင်းတုံးပြောင်တိုင်ရောက် ၊ တစ်ဆင့်တစ်ဆင့် ဆက်လက် ကူးပြောင်း တွေ့ကြုံရတော့မည် အဖြစ် ဆင်းရဲသော ထောင်သားဘဝ ရောက်ရတော့မည်ကို တရေးရေး တွေးမိပြန်ရာ ပူပန်သောကများပြီး စိတ်ချောက်ချားခြင်း ဖြစ်ရလေ၏ ။
ဪ တစ်ညလုံးဂြိုဟ်မမွေပါဘဲနဲ့ မိုးလင်းကာနီးမှ ခုလိုလာဖြစ်ရလေခြင်း ၊ အကျိုးလည်း ဒါလောက်မများဘဲနဲ့ ထောင်ဘေးကြီးသင့်ရောက်ရတော့မှာပါကလား ။ ငဖြိုး နင့်တစ်သက် ထောင်ထွက် ဆိုပြီး သူသူငါငါ လက်ညှိုးထိုး ကြလို့ နင်လူဖြစ်ကျိုးရှုံးရတော့မယ်နော် ။ အမေရေ မြင်လှည့်ပါဦးဟု ကိုအောင်ဖြိုးမှာ စိတ်မတင်းနိုင်ဘဲ မျက်ရည်ပေါက်ကြီးများ ဝမ်းပန်းတနည်း ကျ၍ နောင်တ ကြီးစွာရမိလေ၏ ။ များသောအားဖြင့် လွန်ပြီးကာမှ နောင်တတရား ကြီးစွာ ဖြစ် ပွားလာတတ်ကြလေသည် ။ ရွှေတောင်ပိုးကုန်သည်ကြီး ကိုအောင်ဖြိုး မှာ ပြည်မြို့ အထူးအာဏာရ သမာဓိမြို့ဝန်မင်း ၊ မြူနီစီပယ်ပြီဒီဒင် ဥက္ကဋ္ဌလူကြီးမင်း ။ ဘဏ္ဍာ တော်ထိန်း ဂေါပကဘုရားလူကြီး စသော ဂုဏ်ထူးများဆောင် ဦးကျော် - ဒေါ်မြမေ တို့၏ သမီး ရန်ကုန်မြို့တွင် ကျောင်းဆရာမကြီးအဖြစ် သင်ကြားနေသူ မခင်ခင် ဘီအေအား လက်ရောက်ကျူးလွန်မှုနှင့် စပ်လျဉ်း၍ အချုပ်ခံရရာ အာမခံပေးခြင်းဖြင့် အမှုစစ်ဆေးခြင်း မပြုလုပ်သေးမီ ရက်အနည်းငယ်မျှ လွတ်လပ်ခွင့်ကလေးများ ရနေသေးလေ၏ ။ ဤအမှုမှာ ထင်ရှားသောရာဇဝတ်မှု ဖြစ်သောကြောင့် အကယ်၍ ကိုအောင်ဖြိုး ဘက်မှ ရှေ့နေက တရားခွင်တွင် မနိုင်,နိုင်အောင် လျှောက်လဲထုချေချက် မပေးနိုင်လျှင် အမှန်နိမ့်ရှုံးရတော့မည့်ပုံ ပေါ်နေလေ၏ ။ ကိုအောင်ဖြိုးသည် အိမ်သို့ ပြန်ရောက်လာသောအခါ ငိုမိလေ၏ ။ ကိုအောင်ဖြိုးကို အကြောင်းပါသည်နေ့က စပြီး နိုင်လာရသော ဒေါ်စိန်ဝင်း သည် ပြင်းထန်သော ဒေါသအလျောက် မြည်တွန်တောက်တီး ဆဲဆိုရုံမက ဆံပင်ကို နာနာဆောင့်ဆွဲပြီး ကျောပြင်ကို ထိုးလား ကြိတ်လား အညိုအမည်းစွဲအောင် ပေါင်ကို လိမ်ဆွဲခြင်းများပင် ပြုလေ၏ ။ မယားကို အလွန်ကြောက်ရသူလည်း ဖြစ်လေ၏ ။ မိမိ မိုက်မှားခြင်းလည်း ဖြစ်ရကား ကိုအောင်ဖြိုး မှာ ကြိတ်ပြီး ခံနေလိုက်ရလေ၏ ။ ထိုအမှု ဖြစ်ရခြင်းသည် မိမိဂုဏ်နာမည်နှင့် အလုပ်အကိုင် စီးပွားရေးကိုပါ ပျက်စီး နစ်နာစေလိမ့်မည့် အကြောင်းကိုလည်း စိုးရိမ်မကင်း ဖြစ်မိလေ၏ ။ ကိုအောင်ဖြိုးသည် ခေတ်လိုက်၍ ကာလဆန်သူတစ်ဦး ဖြစ်သည်အားလျော်စွာ မိမိ အလုပ်အကိုင် ရောင်းဝယ်ရေး တွင်ကျယ်ကြီးပွားစေခြင်းကို မျှော်ကိုး၍ မိမိရှယ်ယာ အစုစပ်ငွေ အများဆုံး ပါဝင်သော ရန်ကုန်မြို့မှ အပတ်စဉ် ထုတ်ဝေသည့် သတင်းစာ “ သော်တာဂျာနယ် ” တွင် စာရွက်တစ်ရွက်လုံးပြည့် အဖိုးအခနှင့်အကြိမ်မှန် ကြော်ငြာများ ထည့်သွင်းသူ ၎င်းဂျာနယ်တည်ထောင်ရေး၌ ဒါရိုက်တာ လူကြီးတစ်ယောက် ဖြစ်နေလေရာ ၊ ထိုဂျာနယ်ကို ကြီးကြပ်ထုတ်ဝေသူ အယ်ဒီတာချုပ် မောင်စန်းမောင် ဘီအေသည် ရန်ကုန်မြို့သို့ မကြာသေးမီကပင် ပြန်ရောက်လာသော ဘိလပ်ပြန် ဝတ်လုံတော်ရရှေ့နေ မိမိ အသိမိတ်ဆွေ မောင်စောလှိုင် အမ်အေနှင့် အထူးနှီးနှော တိုင်ပင်ခြင်းပြု၍ ရုံးရောက်က တရားခံဘက်က လိုက်ပါထုချေရန် ထိုသို့ ဝင်ရောက် ကူညီခြင်းအတွက် အခငွေ တစ်ထောင် ပေးပါမည်ဟု ကိုအောင်ဖြိုး တိုက်တွန်း မှာကြားသောအတိုင်း ဝတ်လုံကို စိတ်မပါ , ပါအောင် တင်ကူး၍ လာဘ်လာဘကို ညွှန်ပြရလေ၏ ။ အမှုလိုက်ခ ဝတ်လုံစရိတ် ငွေတစ်ထောင်သည် စင်စစ်အားဖြင့် မောင်စောလှိုင် ကဲ့သို့သော အမှုသည်များ နည်းပါးလှသည့် ဝတ်လုံသစ်တစ်ဦး၌ ထီပထမ ပေါက်ဘိသကဲ့သို့ ဖြစ်၏ ။ ဝမ်းမြောက်အားရစွာနှင့် အမှုကို လက်ခံလိုက်၍ မိမိ ကျွမ်းကျင်လိမ္မာသလောက် ဥပဒေနှင့် ခုခံတိုက်ခိုက်ကာ မိမိအမှုသည် အရေး မသာသာအောင် မနိုင် , နိုင်အောင် အစအဆုံး ရွက်ဆောင်ပေးပါမည်ဟု ကတိဝန်တာ ထားလေ၏ ။ ကံအားလျော်စွာ အယ်ဒီတာ မောင်စန်းမောင် နှင့် သမာဓိမြို့ဝန် ဦးကျော် တို့သည် အသိအကျွမ်းများ ဖြစ်ကြလေ၏ ။ အကြောင်းမှာ ဦးကျော်သည် စာရေးစာသား ကောင်းသည့် “ သော်တာဂျာနယ် ” ကို ပေါ်ထွက်လာကတည်းက စွဲမြဲဖတ်သည်သာမက ထိုဂျာနယ် အတွင်း၌ မိမိဝါသနာ စူးစိုက်၍ ကျွမ်းကျင်ရာ ရှေးဟောင်းရာဇဝင်ခန်း ၊ ဗေဒင်ခန်းစသည်များကို ဝင်လျက် ရေးသွင်းနေသူ ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦးပင် ဖြစ်လေ၏ ။ မောင်စန်းမော င်သည် ဦးကျော် အား ကိုအောင်ဖြိုး အမှုရောက်၍ ဒုက္ခများ မနေစေရန် တတ်အားသမျှ တောင်းပန်ပေးရန် စိတ်ကူးမိလေ၏ ။ ထိုအမှုမှာ တရားလိုတို့ ဘက်က ကြေချမ်းသွားလိမ့်မည်ဆိုလျှင်လည်း ပေါ့လျော့သွားရန် အကြောင်း ရှိ၏ ။ သို့မဟုတ်လျှင် အမှုမှာကြီးလေးသည်ထက် ကြီးလေးရန်သာ ရှိနေလေတော့၏ ။ မခင်ခင် သည် မိန်းမပျိုဖြစ်၏ ။ သမာဓိမြို့ဝန်ရာထူး နှင့် အခြားဂုဏ်ထူးအလုပ်များကို ဆောင်ရွက်နေရသော လူကြီးလူကောင်း လူကုံထံတစ်ယောက်၏ သမီးလည်း ဖြစ်၏ ။ နာမည်တစ်လုံးနှင့် သြဇာကြီးမားသူ၏ ရင်သွေးသမီးပျိုကို ရာဇဝတ်မကင်းအောင် ကျူးလွန်မိခြင်းသည် တရားလိုတို့ ဘက်က အရေးယူသလောက် တရားခံမှာ နစ်နာ၍ ဒုက္ခများရန်သာ အကြောင်းရှိနေလေတော့၏ ။ ရုံးသို့ မရောက်သေးခင် ထိုအမှုကို တရားလိုတို့ ဘက်က အေးချမ်းသွားမည်ဆိုပါက အရှည်အရှည် မငြိမ်းဖွယ်ဆိုသလို နောက်ထပ်၍ နှစ်ဦးနှစ်ဖက်စလုံး ဒုက္ခမများကြရဘဲ ပြီးပြတ်သွားရန် အကြောင်းရှိသည်ကို မောင်စန်းမောင်သည် စဉ်းစားမိလေရာ ထိုအကြံကို ကိုအောင်ဖြိုး သဘောကျ မကျ အထူးတိုင်ပင်ရန် အလုပ်အားလပ်သော ဝတ်လုံမောင်စောလှိုင် နှင့် အတူတကွ ပြည်မြို့သို့ လိုက်လာကြလေ၏ ။ ထိုမှတစ်ဖန် ကိုအောင်ဖြိုး နေထိုင်ရာ ရွှေတောင်မြို့သို့ သွားရောက်ကြရလေ၏ ။ “ ဦးအောင်ဖြိုး ကုမ္ပဏီ ” ဟု ဝါဝင်းသော ရွှေစာလုံးဆိုင်းဘုတ်ရှည်ကြီးရှေ့ မျက်နှာဆွဲလျက်ရှိသည့် ကိုအောင်ဖြိုး နေထိုင်ရာ တိုက်မှာ ပြတင်းပေါက်တံခါးများ ပိတ်၍ ဆိတ်ငြိမ်ရှိနေသည်ကို ရှေးဦးစွာ တွေ့မြင်ကြရလေ၏ ။ အတွင်းသို့ ဝင်လာသောအခါ အခန်းထဲမှ ...
“ တော် သင်းချိုင်းခြေတစ်ဘက်လှမ်းပြီး သေခါနီးမှ ခုလို သရမ်းချင်သေးသလား ။ လော်မာချင်သေးသလား ။ ကိုယ့်ကိုယ်ကို ငယ်သေးတယ်များ ထင်နေလို့လား ။ တော် လူပျိုမဟုတ်ဘူး ဘူတာအို သေကာနီးကြီး သိရဲ့လား ။ သနား ညှာတာဖို့ဝေးလို့ ကိုယ့်အိမ်က မယားကိုတောင်မှ သတိမရနိုင်ပဲ ကွယ်ရာမှာ ထင်သလိုကြဲ ၊ ကျင့်ချင်တိုင်းကျင့် ၊ ကြံချင်တိုင်းကြံ ၊ လုပ်ချင်တိုင်း လုပ်ဝံ့တာများ ကျုပ်ဖြင့် အံ့ပါသေးရဲ့တော် ။ ကိုယ့်သမီးလောက်ဟာကလေး ခုလို သွားပြီး စော်ကားလိုက်တာများ တော့်ကိုတော် လည်လှပြီ ၊ ဟုတ်လှပြီ ထင်နေသလား ၊ ခုတော့ တော် ကောင်းသေးရဲ့လား ။ အရှက်လည်းကွဲ ၊ အမှုလည်း ရောက်ရတော့ မယ်မဟုတ်လား ၊ အိုကာမှ ပြန်ပျိုစိတ်ပေါက်ပြီး ဆိတ်သိုးကြီးလို ကြီးသောငယ်သော မရွေး မ , ကို မြင်ရင် ငမ်းငမ်းတက်တပ်တပ် စွဲလိုက်ရဲတာများတော် လူကြားလို့မှ မတင့်တယ်ဘူး ။ တော်က ရန်ကုန်ပြန်ရယ်လို့ ဆိုပြီး ထဝံ့တာ တော့်ကိုတော် ဂျင်ကြီး ထင်နေတယ် မှတ်တယ် ။ ဟဲ့ သေကာနီး တဏှာတုံးကြီးရဲ့ ” ဟု မာန်မဲ ကြိမ်းမောင်းနေသော စူးစူးရှရှ ပေါ်ထွက်လာသည့် မိန်းမသံကို မိမိတို့အား ခရီးဦးကြိုဆိုဘိသကဲ့သို့ လက်ဦးပထမ ကြားရလေလျှင် မောင်စန်းမောင် နှင့် မောင်စောလှိုင် တို့မှာ ရှေ့သို့ ဆက်လက်၍ ခြေမလှမ်းရဘဲ ကိုယ်ရှိန်သတ်ပြီး ရပ်တန့်ကြလျက် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ကာ “ လင်နိုင်ရတဲ့ အာဂနှုတ်သီးကောင်း မိန်းမပဲ ” ဟူ၍ သဘောပိုက်မိကြလေ၏ ။ မိန်းမအသံ ရပ်စဲသွားကာမှ
“ ဦးအောင်ဖြိုး ၊ အို ဦးအောင်ဖြိုး ” ဟု ယခုပင် ရောက်လာကြသလို မောင်စန်းမောင် က ခေါ်လိုက်လေလျှင် ကိုအောင်ဖြိုး က ဝမ်းသာအားရဟန်ဖြင့် “ မောင်စန်းမောင် တို့ ရောက်လာကြပြီလား ။ လာပါ ။ အထဲဝင်လာခဲ့ကြပါ ” ဟု ပျူပျူငှာငှာ ခေါ်လိုက်လေ၏ ။
ကိုအောင်ဖြိုးသည် ပက်လက်ကုလားထိုင်ပေါ်မှ နေ၍ ညှိုးငယ်သော မျက်နှာကို ပြုံးယောင်ဟန်ဆောင်ပြရသော်လည်း ရန်ကုန်ပြန် သတင်းဆိုးကို ကြားသိရလျှင် ကြားသိရခြင်း ဒေါသပြင်းထန်သော မယားက ကိုင်မိကိုင်ရာ ထင်းစနှင့် တအားပေါက်လိုက်သဖြင့် မိမိ နဖူးထက် ဖူးရောင်နေသော ဒဏ်ရာတွင် စည်းပတ်ထားသောအဝတ်ကို လက်နှင့် ဖိကာဖိကာ အမြန်ပျောက်ကင်းရန် ဂရုစိုက်နေရ ရှာလေ၏ ။ ဒေါ်စိန်ဝင်း မှာ လင်ယောက်ျားကို မာန်မဲ၍ အားမရနိုင်သေးပဲ မျက်နှာထားခက်ထန်လျက်ပင် ရှိနေသေးလေ၏ ။
“ ရှင်တို့လူ လုပ်လာပုံ ကြည့်ဦး ။ ခုတော့ အမှုကြီးပတ်လို့ ကောင်းနိုင် သေးရဲ့လား ” ဟု ဒေါ်စိန်ဝင်းသည် ဧည့်သည်တို့အား နှုတ်ဆက်မည့် အစား ရန်တွေ့သလို ဆီးကြို၍ ပြောလေ၏ ။
မောင်စန်းမောင် က ဣန္ဒြေမျက်နှာထားဖြင့် “ အပြစ်တင် ပြောချင်တာက နေစမ်းပါဦး ခင်ဗျာ ။ ခု ကျွန်တော်တို့ လာတာက ဦးအောင်ဖြိုးနဲ့ အထူးတိုင်ပင်ပြီး အမှုပေါ့ရအောင် ကြံဖန်ဖို့ပါ ။ လင်မယားစကားများတာ နားထောင်ချင်လို့ မဟုတ်ပါဘူး ။ တစ်ဆိတ်သည်းညည်းခံပါခင်ဗျာ ”
ဒေါ်စိန်ဝင်းသည် ရှုံ့မဲ့၍ “ ဩော် ဒီလိုလား ။ ကျုပ်က မသိလို့ပါမောင် ၊ လေးတဲ့အမှု ပေါ့အောင် လုပ်မလို့ ဟုတ်လား ၊ တော်တယ် ။ တော်တယ် ။ ကောင်းပါတယ် ” ဟု သရော်သလိုလို ၊ ပြောပြောဆိုဆို အပြင်သို့ ချာကနဲ လှည့်၍ထွက်သွားလေ၏ ။
မောင်စန်းမောင် မောင်စောကြိုင်နှင့် ကိုအောင်ဖြိုး တို့သည် သုံးပွင့်ဆိုင် ထိုင်နေကြလေ၏ ။
ဝတ်လုံ မောင်စောင်လှိုင် ကစ၍ “ ဘယ်လိုဖြစ်ရတာလဲ ခင်ဗျာ ။ ဟုတ်သလောက် သိရအောင်ဟာ ။ တစ်ဆိတ် ပြန်ပြောစမ်းပါဦး ”
ကိုအောင်ဖြိုးက သူတော်စင်မျက်နှာထားနှင့် အပြစ်ကင်းမဲ့သလို “ ယောက်ျားချင်းပဲ ။ ဘာကွယ်နေစရာ ရှိသလဲဗျာ ။ မီးရထားတွဲထဲမှာတော့ နှစ်ယောက်ချင်း ရှိကြတာကတော့ အမှန်ပါပဲ ။ အဲ့ အတင်းပွေ့ဖက်တယ် ဆိုတာက အလကား လိမ်စွပ်စွဲတာပါ ။ မဟုတ်တာပဲဗျာ ။ နမ်းဖို့တော့ ဝေးပါသေးရဲ့ ။ ရဲရဲကြီး ကျိန်ဝံ့ပါတယ် ။ ဘုရားစူးရပါစေ့ဗျာ ။ ကျုပ် ဒီလို လုပ်ပါ့မလား ဝတ်လုံတော်ရပဲ စဉ်းစားကြည့်ပါတော့ဗျာ ”
မောင်စောင်လှိုင်သည် ကိုအောင်ဖြိုး မျက်နှာကို အကဲခတ်ကြည့်ပြီး သက်မကြီး ချကာ
“ ဒါနဲ့ တရားလိုဘက်က ခုလို ဘာကြောင့် အမှု လုပ်နေရတာလဲ အကြောင်း မရှိဘဲ ၊ သက်သက်မဲ့ .. ”
“ ဒါတော့ မပြောတတ်ဘူး ။ ကျုပ်လည်း ”
“ အင်း အတော်ကြပ်တဲ့ အမှုကြီး ၊ တရားလို ကလည်း ဂုဏ်သရေရှိတဲ့ မိန်းမပျိုတစ်ဦး ဖြစ်နေတယ် ။ မိန်းမဆိုတာမျိုးဟာ တကယ့် အရေးမှာ အရေးသာတတ်ကြတဲ့ ဘက်ကချည်းပဲ ၊ တယ်ခက်တယ် ”
ကိုအောင်ဖြိုး က စိုးရိမ်မကင်းလှသော မျက်နှာဖြင့်
“ ဒါဖြင့် ဘယ့်နှယ် လုပ်မလဲဗျာ ။ မိန်းမက နိုင်မယ်ဆိုရင် ယောက်ျားက ရှုံးဘက်ကပေါ့နော် ၊ ဥပဒေ ဟာ မိန်းမကို တယ်မျက်နှာသာပေးပါလားဗျာ ”
“ ခုလိုပါ ခင်ဗျာ ၊ မိန်းမကို သတ္တိအင်အားနည်းပါးတဲ့ လူစားလို့ ဥပဒေက အယူရှိနေပါတယ် ။ တရားလို နိုင်မယ်ဆိုရင် နောက်ဆုံးတရားခံ နိမ့်ရှုံးဖို့ပေါ့ ၊ တစ်ယောက်သာရင် တစ်ယောက်နစ်နာရမှာ အမှန်ပဲ ”
မောင်စန်းမောင် က ကြားဖြတ်၍
“ ဒါကြောင့် ကျွန်တော်က ဦးအောင်ဖြိုး မနစ်နာရအောင် တရားလိုတို့ ဘက်က အကြီးအကဲဖြစ်တဲ့ ပင်ရင်းလုပ်တဲ့လူကို ဒီအမှု ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ဖို့ ကြံဖန်ပြီး သွေးဆောင် ပြောမယ်လို့ စိတ်ကူး မိတာပဲ ။ ပင်ရင်း ချိုင်ရင် အကိုင်းအခက်တွေလည်း ပါကုန်ရောပေါ့ ။ မိန်းကလေး အဖေနဲ့ ကျွန်တော်ဟာ အကြောင်းအပေါင်း သင့်ပြီး အတော်ခင်မင်ကြတယ် ။ ဒီတော့ ကျွန်တော် ဖျောင်းဖျပြောတာလည်း နားဝင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ ”
မောင်စောလှိုင် က မပြုံးချင် ပြုံးချင် ပြုံး၍
“ နားထောင်မယ် ဆိုရင်လည်း ကောင်းသားပေါ့ ကိုစန်းမောင်ရယ် ”
“ နားမထောင်ပဲ အမှု လုပ်ရင်လည်း ခင်ဗျား တစ်ယောက်လုံး ရှိနေသေးတာပဲ ။ မနိုင်နိုင်အောင် တရားခွင်မှာ လျှောက်လဲထုချေတာပေါ့ ။ ဘာခက်သလဲ ကိုစောလှိုင် ”
“ ဒီလို အမှုမျိုးမှာတော့ ကိုစန်းမောင် သိတဲ့အတိုင်း ကျုပ်ဘယ်လို ဆိုတာ ”
ကိုအောင်ဖြိုးက အားတက်သရော
“ အကြောင်းသိလို့ပဲ ။ ဝတ်လုံတော်ရကို ကျုပ်တကယ်ပဲ အားကိုးပါတယ်ဗျာ ”
မောင်စန်းမောင်က ခေါင်းကလေး တခါခါဖြင့်
“ ဒါဖြင့် ကျွန်တော်တို့လည်း ဦးကျော်အိမ် သွားဖို့ လိုမယ် မထင်ဘူး ”
“ သွားပြီး စုံစမ်းကြည့်သေးတာပေါ့ ။ ဟန်မယ် မဟန်ဘူးဆိုတာ စောစောစီးစီးက အေးချမ်းသွားမယ် ဆိုရင်လည်း သာကောင်းတာပေါ့ဗျာ ”
မောင်စောလှိုင် ကလည်း ကျေနပ်ဟန်ဖြင့်
“ တကယ်လို့ ကျေငြိမ်းသွားရင်လည်း ပြီးတဲ့ အလုပ်ပဲ ကိုစန်းမောင် ။ လောင်နေတဲ့မီးတောက် ငြိမ်းအေးသွားဖို့ဟာ အရေးကြီးဆုံးပဲ မဟုတ်လား ”
“ မှန်ပါတယ် ကိုစောလှိုင် ”
ထိုနေ့ ညနေချမ်း၌ပင် ၊ မောင်စန်းမောင် နှင့် မောင်စောလှိုင် တို့သည် ပြည်မြို့ ဦးကျော် နေအိမ်သို့ လာရောက်ကြလေ၏ ။ အိမ်ရှေ့ခန်းကြီးထဲတွင် ဦးကျော် မှာ ပုတီးစိပ်၍ မခင်ခင် သည် လောကကြီး၏ နေ့စဉ်အဖြစ်အပျက် အကြောင်းထွေရာများကို “ သူရိယသတင်းစာ ” ထဲ၌ ပါရှိသည့် အတိုင်း မိခင် မင်းကတော်ကြီးအား ဖတ်ပြနေလေ၏ ။
တံခါးဝသို့ လာရပ်ကြသော ယောက်ျားနှစ်ယောက်ကို မြင်လေလျှင် မခင်ခင် သည် ဖခင်ဘက်သို့ လှည့်၍ “ ဖေဖေ ဧည့်သည်တွေ ရောက်လာတယ် ” ဟု ပြောလိုက်လေ၏ ။
ပုတီးစိပ်နေရာမှ မြို့ဝန်မင်းသည် ခေါင်းထောင်ကြည့်လျက် “ ဪ လာကြပါ ။ လာကြပါ မောင်တို့ ဘာကိစ္စများ ရှိကြလို့လဲ ” ဟု ပျူငှာစွာမေးမြန်း လိုက်လေ၏ ။
မောင်စန်းမောင်သည် မိမိသည် အခြားမဟုတ် သော်တာဂျာနယ်ကို ထုတ်ဝေသော အယ်ဒီတာချုပ် ဖြစ်ကြောင်း ၊ ပြည်မြို့သို့ မရောက်ဖူးသေးသည်နှင့် အလည်အပတ်ဆိုသလို အဖော် ဝတ်လုံတော်ရ မောင်စောလှိုင် နှင့် အထူးရောက်လာကြောင်းနှင့် ဦးကျော် မိမိဂျာနယ်ထဲတွင် ဝင်ရောက် ကူညီ ရေးသွင်းနေသော စာသားများ အတွက် ကျေးဇူးအလွန် တင်ရှိကြောင်းများကို လူချင်း အထူးတွေ့ဆုံ ပြောကြားရန် လာခဲ့ရကြောင်း စသည်ဖြင့် သွယ်ဝိုက်၍ အယ်ဒီတာတို့ ပရိယာယ်နှင့် နားဝင်ချိုအောင် ကြံဆောင် ပြောပြလေ၏ ။ ဦးကျော် ကလည်း ဝမ်းမြောက်ဝမ်းသာစွာနှင့် ယင်းသို့ ခင်မင်အကျွမ်းဝင်ကြသူချင်း လာပြီး တွေ့ဆုံရခြင်းအတွက် အားရလှကြောင်း သဘောရိုးပြန်၍ ပြောပြလေ၏ ။ မခင်ခင်သည် ဧည့်သည် ယောက်ျား နှစ်ဦး၏ မျက်နှာများကို စေ့စေ့ကြည့်ပြီးနောက် ထသွားလေ၏ ။ မင်းကတော်ကြီး လည်း သမီးနောက်သို့ ထပ်၍ လိုက်သွားလေ၏ ။ မောင်စန်းမောင် နှင့် မောင်စောလှိုင် တို့၏ စိတ်ထဲ၌ “ ဪ မခင်ခင် ဆိုတာကလေးလည်း အဟုတ်ချော အဟုတ်လှတဲ့ ပညာတတ်မကလေးပါလား ။ နုပျိုပြေပြစ်ပါပေရဲ့ ။ ကိုအောင်ဖြိုး ရွပိုးထိုးပြီး လက်သရမ်းမိတာလည်း မကဲပေဘူး ။ ကမြင်းကြော ထတာ အဆိုးမချသာဘူး ၊ လွန်လည်း လွန်မိမှာပေါ့ ။ ဒီလောက်ချော ဒီလောက်လှတာကလေးဆိုတော့ ဘယ်လို ယောက်ျားမျိုးမှ ဒါကလေးလိုဟာ တွေ့ရကြုံရရင် ဘယ်စိတ်ချုပ်တည်းထား နိုင်ပါ့မလဲ ။ ဘယ်စိတ်တင်းပြီး သူတော်စင် လုပ်နိုင်ပါ့မလဲ ။ တယ်ဝေးတာပဲ ” ဟု မခင်ခင်၏ ရုပ်ရည်ကို ပက်ပင်းပါ တွေ့မြင်ရကြသောအခါ အသီးသီး တွေးမိကြလေ၏ ။
“ မောင်စန်းမောင် က ဆက်လက်၍ မီးရထားပေါ်မှာ မခင်ခင် အမှုတစ်မှု ဖြစ်တယ်လို့ ကြားရတယ်ဦးရယ် ။ မှန်ရဲ့လား ခင်ဗျာ ”
“ ဟုတ်တယ်မောင် ရွှေတောင်သား ဆိုထင်ပါရဲ့ ။ အရက်မူးလို့လား မသိဘူး ။ ကျုပ်သမီးကို စော်ကားလိုက်တယ် ၊ တယ်မိုက်ရိုင်းတဲ့လူ ”
“ အဲဒါဦးက အမှုလုပ်မယ်လို့များ ကြံရွယ်သလား ”
“ အို မောင် ၊ မလုပ် ဘယ်ဖြစ်နိုင်ပါ့မလဲ ။ ဒီလို ရမ်းကားတယ်ဆိုတော့ ”
“ မှန်ပါတယ် ဦးရယ် ။ ဒါပေမဲ့ ဖြစ်ရတဲ့ အမှုအရေးက အင်မတန်နူးညံ့ သိမ်မွေ့ပြီး သူတစ်ပါး မကြားသိအပ်တဲ့ အကြောင်းမျိုးလည်း ဟုတ်တယ် ။ ပေါ် ပေါက်ဖို့ကိစ္စမျိုးလည်း အလျဉ်းမဟုတ်ပါဘူး ခင်ဗျာ ။ ပြီးတော့လည်း ဦး တစ်ဆိတ် စဉ်းစားကြည့်စမ်းပါ ။ ဘယ်လိုလူမျိုးကမျှ ခုလိုသာ နှစ်ဦးချင်းရှိတဲ့ မီးရထား တွဲကြီးထဲမှာ ဒီလောက်ပဲ ဖြစ်ရကြတယ် ဆိုတာလည်း နည်းနည်းမှ ယုံကြမယ် မဟုတ်ပါဘူး ။ ဒီထက်ပဲ ကဲပြီး ဘေးလူတွေ အတွေး ကြီးကြဦးမှာ ခင်ဗျာ ။ ဦးတို့က တရားလိုပေမဲ့ ဂုဏ်သရေနဲ့ နူးညံ့သိမ်မွေ့လှတဲ့ မိန်းမပျိုဘက်က ဖြစ်နေပါတယ် ။ အမှုပဲ နောက်ဆုံး နိုင်သွားဦးတော့ သတင်းစာတွေ ထဲမှာပါ သူသူငါငါ သိကြလို့ ရှက်ဖို့လည်း အင်မတန် ကောင်းပါတယ် ခင်ဗျာ ။ တရားခံ ယောက်ျားကတော့ အရေးလည်း မကြီး ၊ ဂုဏ်လည်း မသိမ်ငယ်နိုင်ပါဘူး ။ ယောက်ျား ဆိုတော့ ဖက်ပေါ် ဆူးကျလည်း ဖက်ပေါက် ၊ ဆူးပေါ်ဖက်ကျပြန်လည်း ဖက်သာပေါက် ဆိုတာ မျိုးလို ဆူးဘက်က ကျနေတာကိုး ဦးရဲ့ ၊ ဒီတော့ လူအားလုံး မကြားမသိခင်က အရေးကြီးယူသင့်တဲ့ ကိစ္စပေပဲလို့ ကိုယ့်အကျိုး ကိုယ် မျှော်ကိုးပြီး လုပ်မယ့်အမှုကို ပြန်ရုပ်သိမ်းဖို့ တာဝန်မရှောင်မလွှဲသာအောင် ပေါ်ပေါက်ရှိနေပြန်တာပဲ ခင်ဗျာ ၊ မိန်းမပျိုရဲ့ ဂုဏ်သရေကို အဘယ်အကြောင်းနဲ့မျှ မထိခိုက်စေလိုလို့ ခုလို မဆိုင်ဘဲ နဲ့ ဝင်ပြီး ကျွန်တော်သဘောရမိတဲ့အတိုင်း ပြောပြရတာပါ ဦးရယ် ။ ကျွန်တော့် အပေါ် တစ်မျိုးထင်ပြီး စိတ်မဆိုးပါနဲ့ခင်ဗျာ ”
“ ပြန်တွေးလိုက်တော့လည်း မောင် ပြောတာလည်း မှန်ပါရဲ့ ။ ဒါပေတဲ့ ဦး သဘောတစ်ခုနဲ့လည်း မပြီးသေးဘူး ။ ကလေးမအမေနဲ့ တိုင်ပင်ကြည့်ပြီး သင့်သလို စီမံရတော့မှာပဲ ။ မောင် စိတ်ထားကောင်းနဲ့ ခုလို ပြောတာလည်း ကျေးဇူးများများ တင်ပါတယ်မောင် ”
အတော်မှောင်၍ မီးထွန်းချိန် ရောက်လာပြီ ဖြစ်ရကား ဦးကျော် သည် ဧည့်သည်ယောက်ျားနှစ်ယောက်တို့အား ထိုနေ့ညအဖို့၌ မိမိ အိမ်မှာပင် ညစာစားကြ၍ တည်းခိုကြရန် ပြောလေ၏ ။ ငြင်းပယ်နေစရာ မရှိသောကြောင့်တစ်ကြောင်း ၊ တရားမစွဲဖြစ်ဘဲ ကိုအောင်ဖြိုး အမှုပေါ့သွားရန် လှည့်ပတ်ပြောဆိုဖို့လည်း ရှိနေသေးသောကြောင့် မောင်စန်းမောင် သည် ဝမ်းသာစွာ သဘောတူလိုက်လေ၏ ။ မောင်စောလှိုင် မှာမူကား ပြန်ချင်ပုံ လက္ခဏာ ပေါ်လေ၏ ။ အကြောင်းမှာ ထိုအမှု အကယ်၍ ရုံးမရောက်လျှင် မိမိလည်း ရှေ့နေ လိုက်ရလိမ့်မည် မဟုတ်ကြောင်း တွေးမိသဖြင့် စိတ်လေးလျက်ရှိလေ၏ ။
မောင်စန်းမောင် သည် မိမိ၏ သဘောထားကို ရိပ်မိ၍ တီးတိုး
“ ခင်ဗျား မနစ်နာရပါဘူး ။ ကျု ပ်တစ်ယောက်လုံး ရှိပါသေးတယ် ။ ဒီအမှု ရုံးမရောက်ပေမယ့် မိတ်ဆွေအတွက် ဝတ်လုံခတော့ အမှန်ရပါစေ့မယ်ဗျာ ။ ကျုပ်တာဝန်သာ ထားလိုက်ပါ ကိုစောလှိုင် ”
“ ခုလို ခရီးထွက်လာရပြီး အကျိုးမရှိတော့ ကျုပ်တို့လိုလူမျိုး ကြပ်တယ်ဗျ ၊ အမှုလိုက် အနည်းပါးတုန်း တစ်ခါတလေ မုတ်ဆိတ်ပျားလာဆွဲတာ မခံစားရဘူး ဆိုတော့ အသည်းနာစရာ ကောင်းလှတယ်ဗျ ။ အမှုရမှ ကျုပ်လည်း ငွေရမှာပါ ၊ အမှန်ဖွင့်ပြီးပြောရမှာဖြင့် ကျုပ်လက်ထဲရှိတဲ့အမှု လက်လွတ်ပြီး မသွားစေချင်ဘူး ”
“ ကျုပ်လည်း ကိုယ်ချင်းစာပြီး အလိုက်သိတတ်ပါတယ် ။ ခင်ဗျား အတွက် ငွေတစ်ထောင်ဟာ ကျိန်းသေပြီးသားပါ ”
“ ကိုစန်းမောင် သိတဲ့အတိုင်းပဲ ။ ကျုပ် ဘယ်သူ့ အားထားပြီး လိုက်လာရတယ်ဆိုတာ .... ”
စားကွက်ကို ဖော်လျက် မောင်စန်းမောင်က ဝန်တာခံလိုက်ကာမှ စိတ်မသက်သာသော ဝတ်လုံခမျာမှာ အတော်အတန် စိတ်ကြည်အေးသွားလေ၏ ။
အိမ်ရှေ့ခန်းကြီး ထဲတွင် အိမ်သားတစ်စုနှင့် ဧည့်သည်ယောက်ျားနှစ်ဦး တို့သည် စားပွဲအနီး ဝိုင်း၍ လက်ဖက်ရည်သောက်ကာ နေကြလေ၏ ။ ဦးကျော် ဒေါ်မြမေ နှင့် မောင်စောလှိုင် တို့မှာ နိုင်ငံရေး ဝံသာနုရေး စသည်များကို မိမိတို့ ထင်မြင်သဘောရမိသလို တစ်ယောက်တစ်ခွန်း ပြောကြားခြင်းဖြင့် စကား လက်ဆုံ ကျနေလေ၏ ။ မောင်စန်းမောင် သည် မခင်ခင် နှင့် အသိအကျွမ်းဖွဲ့ကာ ပညာသင်ကြားရေး ၊ မိန်းမများ နိုးကြားရေးမှ စချီ၍ တဖြည်းဖြည်းတိုးပြီး မေးလား ပြောလားဖြင့် မီးရထားတွဲတွင်း၌ မခင်ခင် အမှုအခင်း ဖြစ်ပွားရပုံသို့ ရောက်လာလေ၏ ။ မခင်ခင် သည် ရိုးရိုးတန်းတန်း ပြောတတ်သောအတိုင်း ဟုတ်မှန် သလောက် ကို ပြန်ပြောလေ၏ ။ မောင်စန်းမောင် သည် မခင်ခင် ပြောသမျှကို စဉ်းစား၍ နားစိုက်ထောင်နေလေ၏ ။ မခင်ခင် စကားဆုံးသောအခါ ..
“ စဉ်းစားကြည့်စမ်း မခင်ခင် ။ အမှုလုပ်ရင် ရုံးရောက်ရတော့မယ် ၊ မခင်ခင် လည်း အေးအေးနေရမှာ မဟုတ်ဘူး ၊ ရုံးတက်ရပြီး စစ်ကြောမေးမြန်းတာတွေ အားလုံးကို တစ်လုံးမကျန် ပြန်ဖြေဆိုရတော့မယ် ။ ကြည့်သူက ကြည့် ၊ နား ထောင်သူက နားထောင်နဲ့ မခင်ခင် ဒီလို လူစုကြီးထဲ ဘယ်လို မျက်နှာထားပြမယ် ဒီအမှုသာ မဖြစ်ခဲ့ရင် ဒီလိုလည်း လူအသိအမြင် ခံပြီး မခင်ခင် ဒီရုံး တက်ရမှာမဟုတ် ဘူး ။ ဒီလူသရမ်းခဲ့ဦးတော့ သူနဲ့ နီးနီးကပ်ကပ် မနေဘဲ မီးရထားတွဲ ပြောင်းစီးလိုက်ရင် ပြီးတာပဲ ၊ ဒီလို မီးရထား ပါလာတဲ့လူတွေ အားလုံး သိကုန်အောင် အော်ဖို့လည်း မသင့်ပါဘူး ၊ ဒီလူ ရူးသလား ၊ မူးသလားမှ မသိဘဲ ။ လူကောင်း ဆိုရင် အပြစ် မကင်းအောင် ဘာလုပ်မလဲ ။ စဉ်းစားဦးမှပေါ့ ”
“ ဟုတ်ပါတယ်ရှင် ။ ကျွန်မလည်း ဘာလုပ်ရမှန်း မသိ ၊ ကြောက်အား လန့်အားနဲ့ အော်လိုက်မိတာပဲ ။ နောက် လူတွေ ဝိုင်းလာကြတော့မှ ခုလို အရှက်ရအောင် အော်လိုက်မိတာ မှားတယ်လို့ ပြန်စဉ်းစားမိတာပဲ ။ လုချင်လို့လား ။ သ,တ်ချင်လို့လား ။ သူ ဘာလုပ်ချင်မှန်း မသိဘူး ။ ဒီလူကြီး ကြည့်ရတာ မျက်နှာကြီးက ဆိတ်သိုးကြီးလို မျက်လုံးကြီး ပြူးတူးတူး နှုတ်ခမ်းကြီးထော်ထော်နဲ့ အကြမ်းပတမ်း အတင်းပဲ ... ” ဟု စကားမဆက်ပဲ မခင်ခင်သည် ခေါင်းကလေး အသာ ငုံ့သွားလေ၏ ။
လက်ဖက်ရည် သောက်ကြ၍ ဦးကျော် က “ ကဲ ဒီမှာ တစ်ညလုံး ထိုင်ပြီး စကားကောင်းနေကြလို့လည်း မဖြစ်သေးဘူး ။ လသာသာ သင်္ဘောဆိပ် ခပ်အေးအေး လမ်းလျှောက်ကြသေးတာပေါ့ ။ ကျုပ်တို့ မြန်မာပြည် မြစ်ဆိပ်ကမ်းတွေထဲမှာ ပြည်မြို့ဟာလည်း အတော် သာယာတယ် ။ တစ်ဖက်ကမ်း မှာတော့ ပြာမှိုင်းတဲ့ ရိုးမတောင်စွယ်နဲ့ နာမည်ကြီး ဘုရားတွေလည်းရှိတယ် ။ တောင်ရိုးတောင်ခြေ တစ်လျှောက် ယာခင်းတွေ ၊ ရွာကလေးတွေ ကွက်တိကွက်ကြားနဲ့ အင်မတန် လှတာပဲ ။ ဧရာဝတီမြစ်ရေဟာလည်း မိုးတွင်းအပ ကြည်ကြည်လင်လင်နဲ့ နေရောင် လရောင်ကလေးများ ကစားနေတဲ့ အခါများ လှိုင်းတန့်ကလေးတွေဟာ ရွှေရောင် ငွေရောင် ပြိုးပြိုးပြက်ပြက် လျှပ်ပြီး အသက်ဝင်စားနေတဲ့ သတ္တဝါကလေးများကို ကြည့်လို့ပဲ မငြီးနိုင်ဘူး ။ ရုပ်ရှုပ်ထွေးထွေး အလှတစ်ကွက်မျှ မရှိတဲ့ မောင်တို့ ရန်ကုန် သင်္ဘောဆိပ်ကမ်းနဲ့တော့ တယ်ခြားတာပဲ ။ လရောင်ထဲမှာ ဘယ်လောက် သာယာတယ် ဆိုတာ မောင်တို့ ကိုယ်တိုင် ရောက်တော့ မြင်ရပါလိမ့်မယ် ၊ ကိုယ့်မြို့မို့ ကိုယ် ချီးမွမ်း ပြောရတာ မဟုတ်ပါဘူး ”
မောင်စန်းမောင် က ပြုံး၍
“ ပြည် သာယာကြောင်းလည်း ကျွန်တော် ကြားမိဖူးပါတယ်ခင်ဗျာ ”
“ ပြီးတော့ ကျုပ်တို့ မြန်မာရာဇာဝင် အစမှာလည်း ပြည် ဟာ ထီးနဲ့ နန်းနဲ့ အတော်ထင်ပေါ်ကျော်စောတဲ့ မြို့ကြီးတစ်မြို့ပဲ ”
“ ဟုတ်ကဲ့ ခင်ဗျာ ”
မြူတိမ်ကင်းစင်သော ကောင်းကင်ထက်မှ လဝန်းကြီးသည် အစွမ်းကုန် သာလျက်ရှိ၏ ။ သင်္ဘောဆိပ်ကမ်းမှာ လူပြတ်လတ်၍ ဆိတ်ငြိမ်ရှိ၏ ။ ဦးကျော် တို့ အိမ်သားတစ်စုနှင့် ဧည့်သည်ယောက်ျား နှစ်ယောက်တို့သည် လမ်းလျှောက်၍ လာကြလေ၏ ။ သဲသောင်မှာ လရောင်ထဲတွင် သောင်ပြင်ကြီးကဲ့သို့ ဖြူဝင်းလျက်ရှိ၏ ။ တစ်ဖက်ကမ်းတောင်တန်းမှာ မြူနှင်းများပိတ်ဆီးရှိသဖြင့် မှုစ်မှုန်ရေးရေးကလေးသာ ပေါ်ထင်ရှိလေ၏ ။ တောင်ခြေရင်းရှိ အိမ်ကလေးများ ဆီမှ ဝါဝင်းသော မီးရောင်ကလေးများသည် မြူနှင်းကို ဖောက်ထွင်း၍ မှိတ်တုတ်မှိတ်တုတ်နှင့် ရှိလေ၏ ။ ရံဖန်ရံခါ လှော်ခတ်၍ သွားသော တံငါကလေးများ၏ တက်သံများ အပြင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လျက်ရှိနေလေ၏ ။ လမ်းလျှောက်လာကြသူ တစ်စုတို့သည် သဲသောင်ပေါ်သို့ ဆင်း၍ ထိုင်ကြလေ၏ ။ ဦးကျော် နှင့် မောင်စောလှိုင် တို့မှာ ညဦးယံက အိမ်တွင် အဆုံးမသတ်ခဲ့သေးသော တိုင်းရေး ပြည်ရေး ၊ ဝံသာနုအရေးကို တစ်ဖန်ဆက်လက် ပြောကြပြန်လေ၏ ။ ဒေါ်မြမေ မူကား ချမ်းအေးလှသဖြင့် ရှောစောင်ကလေးကို ကိုယ်ထက်တင်းတင်း ရစ်ပတ်ခြုံလျက် မျက်လုံးမှိတ်ပြီး ဆိတ်ဆိတ် နားထောင်နေလေ၏ ။ မခင်ခင် သည် ငြီးငွေ့ဖွယ်ကောင်းသော စကားကြီးစကားကျယ်များကို နားမထောင်ချင်သောကြောင့် ထိုင်ရာမှ ထ၍ ရေစပ်သို့ ဆင်းသွားလေ၏ ။ မောင်စန်းမောင် သည် ရုတ်တရက် ထပြီး မခင်ခင် နောက်လိုက်သွား၍ မခင်ခင် ထသွားသည်ကို လည်းကောင်း ၊ မောင်စန်းမောင် သွားသည်ကို လည်းကောင်း ၊ ပြောချင်ရာ ပြောနေရာ ဝေးနေကြသော လူစုသည် အလျဉ်း မသိလိုက်ချေ ။ မခင်ခင်သည် ရေစပ်ရှိ ကျောက်ဆောင်ကလေး ဘေးတစ်ဖက်တွင် ခြေတွဲလွဲချထိုင်လျက် အမှတ်မဲ့ နေလေ၏ ။
မောင်စန်းမောင် သည် အနီးသို့ ချဉ်းကပ်လာ၍ နောက်က “ မခင်ခင် တစ်ယောက်တည်း ဘာများ လုပ်နေသလဲ ” ဟု စတင် မေးမြန်းလိုက်လေသော် မခင်ခင်သည် နောက်သို့ လှည့်ကြည့်ပြီး “ အို ရှင်ကလည်း အလန့်တကြား နောက်က လာတဲ့ပြီး ”
မောင်စန်းမောင်သည် ရှေ့သို့ တိုး၍ ပြုံးချိုသော မျက်နှာထားဖြင့် “ ခုလို မခင်ခင် လန့်လို့ပဲ ထင်ပါရဲ့ဗျာ ။ ဟို ဆိတ်သိုး ကိုအောင်ဖြိုး အမှုပတ်သွားတာ ”
မခင်ခင်သည် ပြုံးလျက် မောင်စန်းမောင်၏ မျက်နှာကို စိုက်ကြည့်နေလေ၏ ။ မောင်စန်းမောင် က တစ်ဖန် ဆက်ပြန်၍
“ ညအချိန်အခါ ဆိုတော့ လန့်ချင်လည်း လန့်မှာပဲလေ ။ နေတာကလည်း နှစ်ယောက်တည်း ရှိတဲ့ နေရာကိုး ။ ကျုပ် ခုလို မခင်ခင်အနား လာတောကော ရင်များ တုန်မသွားဘူးလား ”
“ ဒီလောက်လည်း မလန့်လှသေးပါဘူး ။ ရှင်က ရိုးရိုးမို့ ”
“ ဪ ကျုပ်က ရိုးရိုး လာလို့လား ။ မဆန်းဘူးနော် ။ ဆန်းများဆန်းရင်ကော မုန်းမှာလား ”
မခင်ခင်သည် နားမလည်သော မျက်နှာနှင့် မောင်စန်းမောင်၏ မျက်နှာကို ပြူးသောမျက်လုံးကြီးများဖြင့် ငေးကြည့်နေလေ၏ ။
“ ကျုပ် ပြောတာ မခင်ခင် အတွေးရ ခက်နေတယ် ထင်ပါရဲ့ ။ လွယ်လွယ် ပြန်ပြောရမယ်ဆိုရင် ... ”
စကားမဆက်သေးဘဲ မောင်စန်းမောင်သည် သက်ပြင်းကြီး ပြင်းပြင်းချလိုက်လေ၏ ။
ယောက်ျားပျိုတို့၏ အသက်ပြင်းပြင်းချလိုက်သံကို ထိုအချိန်၌ ကြားရနိုင်လေ၏ ။ မခင်ခင်သည် ခေါင်းငုံ့လျက် နေလေ၏ ။ မောင်စန်းမောင် သည် စွဲလမ်းတပ်မက်စွာ မခင်ခင် အား မတုန်မလှုပ် ကြည့်နေလေ၏ ။ နေရာကလေးမှာ ကြည်နူးဖွယ် ကောင်း၍ အချိန်သည်ကား လရောင်ဖမ်းစားသည့် အခါပေတည်း ။ လရောင်သည် လူတို့၏ စိတ်ဝိညာဉ်ကို ဖမ်းစားတက်သည်ဟု ပြောကြ၏ ။ ကြည်လင်အေးမြသည့် မနောစိတ်ဓာတ်ကို လှုပ်ရှားစေနိုင်သော လင်းရောင်ခြည်သည် အဘယ်မှာ မဖမ်းစားဘဲ ရှိပါအံ့နည်း ။ အတန်ကြာကာမှ လေသံကလေးဖြင့် မခင်ခင် က
“ ကိုစန်းမောင် ရှင်ဘယ်လို အဓိပ္ပါယ်ရှိတဲ့ စကားမျိုး ခင့် ပြောချင်လို့လဲ ပြောစမ်းပါ ”
“ အဲဒီ စကားတစ်လုံးဟာ ရှည်ရှည် ပြောချင် ရှည်ရှည် ၊ တိုတို ပြောချင် တိုတို ၊ ဖွဲ့နွဲ့ပြောချင်လည်း ပြောနိုင်တယ် ။ လိုရင်းလောက်ကို ကောက်ပြီး အတို ပြောချင်လည်း ပြောနိုင်တဲ့ ကမ္ဘာပေါ်မှာ ဘယ်တော့မှ မမုန်းနိုင်တဲ့ စကားကြီး တစ်လုံးပါပဲ ။ ကဲ မခင် ရိပ်မိပြီလား ”
“ အယ်ဒီတာ ဆိုသလောက် ရှင်ဟာလည်း အကွေ့အကောက်တွေနဲ့ အတော် လျှာရှည်ပါလားရှင် ။ ရှင် ပြောတာ ဗလုံးဗထွေးနဲ့ ဘယ်နားလည် နိုင်ပါ့မလဲ ။ ဂျီသြမေတြီပုစ္ဆာထက် ရှင့်စကားက ရှုပ်သေးတယ် ”
“ မခင်ခင် ကလည်း ကျုပ်ကို ကျောင်းဆရာ လုပ်ပြီး အမေးပုစ္ဆာ ထုတ်ခိုင်းချင် မှတ်တယ် ။ တကုပ်ကုပ်နဲ့ ကျောင်းဆရာ မလုပ်ပါရစေနဲ့ ၊ အယ်ဒီတာ ဘဝဘဲ ရှိပါစေတော့ ။ ကျုပ် ပြောတာကိုလည်း တစ်ခါတည်း အဖြေပါ ဖွင့်ပြီး ပြောထားတယ်မဟုတ်လား ။ မမုန်းတော့ ဘာလဲခင် ” ဟု မောင်စန်းမောင် သည် ပြောပြောဆိုဆိုနှင့် မခင်ခင်၏ ပျော့ပျောင်းသော လက်ချောင်းကလေးများကို စွန်သုတ်သလို ရုတ်ကနဲဖမ်းကိုင်ထားလိုက်လေလျှင်
“ အို ရှင်မကောင်းပါဘူး လွှတ်ပါ ” စသည်ဖြင့် ၊ ရွံ့ကြောက်သော အမူအရာနှင့် မခင်ခင်သည် တုန်တုန်ရီရီ ပြောရှာလေ၏ ။
“ ခင့်ကို ကိုစန်း ကြိုက်နေတာ ခုမှမဟုတ်ဘူး ။ တစ်နှစ်တောင် ရှိပြီ ။ တစ်နှစ်လုံးစိတ်ထဲမှာ ဖုံးပြီး ထားခဲ့ရတဲ့ အချစ်ကို ကနေ့ည အချိန်ကောင်း ကြုံတာနဲ့ ဖွင့်ပြောရတော့တယ် ။ ဘယ်လောက် မေတ္တာရှိတယ်ဆိုတာ ကျုပ် လက်ချောင်းကလေးဟာ ခင့်လက်ချောင်းကလေးတွေနဲ့ ပူးယှက်ပြီး မခွဲနိုင်မခွာရက်အောင် ရှိနေလိုက်တာ ကြည့်စမ်းပါဦးတော့ ။ စွဲစွဲမြဲမြဲ ချစ်တယ်ဆိုတာ ဒါမျိုးပေါ့ခင် ” ဟု ပြောရင်း မောင်စန်းမောင် သည် မခင်ခင်၏ အကြောက်သွေးခုန်နေသည့် လက်ချောင်းကလေးများကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလေ၏ ။
“ လွှတ်ပါရှင် လူတွေ မြင်ကုန်တော့မယ် ” ဟု မခင်ခင် သည် ရုန်းရင်း တောင်းပန်ပြန်လေ၏ ။
“ ကျုပ်အချစ်ကို ကျုပ် မလွှတ်နိုင်ဘူး ။ ဘယ်သူ မြင်မှာတဲ့လဲ ။ ခင် နဲ့ ကိုစန်း အပြင် တခြား မြင်မှာက မိုးပေါ်က ဖိုးလမင်း ဒီကျောက်ဆောင်နဲ့ ရေထဲက ငါးကလေးတွေလောက်ပဲ ။ ခင် နဲ့ ကိုစန်း တခြား မြင်ကြမယ့် မနုဿလူ ဆိုလို့ ဒီ ကျောက်ဆောင်ကွယ်မှာ ရှိမှ မရှိဘဲ ။ ဟိုတုန်းကလို ခင် ကလည်း မအော်လိုက်ဦးနဲ့နော် ၊ ကိုစန်း ဒုတိယဆိတ်သိုး ငဖြိုး အစား ဖြစ်သွားရအောင် ”
“ အို ရှင် တယ်ခက်တဲ့လူ ပြောလည်းမရဘူး ။ လွှတ်စမ်းပါဆိုလည်း မလွှတ်ချင်ဘူး ”
“ ချစ်တာကိုး ဘယ်လွှတ်နိုင်ပါ့မလဲ ။ ဟိုနှစ် ကန်တော်ကြီး ထဲမှာ မြင်ကတည်းကစပြီး ချစ်လိုက်ရတဲ့ တစ်နှစ်အိုတဲ့ အချစ်ကြီး ခင်ရဲ့ ။ အင်မတန်ကို ကြီးလွန်းလှတဲ့အချစ် ”
“ ရှင် ချစ်ရင် ။ ဖေဖေ နဲ့ မေမေတို့ ပြောပြီးယူ ”
“ ခင့်ဖေဖေနဲ့ မေမေ့ကို မပြောခင်ခင့် မေးရသေးတယ် ။ ခင် စိတ်မျှမှ သူတို့က သဘောတူကြရမှာပါ ။ ကဲ ကဲ ကိုစန်း အချစ်ကို ခင်လက်ခံပြီ မဟုတ်လား ။ စဉ်းစားဖို့များ ရှိနေသေးသလားခင် ”
“ ရှင် ခင့်ကို အဟုတ်ပဲ ချစ်တာလား ”
“ အို မေးမနေပါနဲ့ ခင်ရယ် ၊ တစ်ကမ္ဘာလုံးမှာ မိုးအဆုံး မြေအဆုံး ရှာဦး တော့ ၊ ခင့်အထက် အချစ်ဆုံး ကိုစန်း မှာ ရှိမယ် မထင်ပါဘူး ။ ယုံပါခင် ”
လေပြေကလေးသည် မြစ်ရေကို ဖြတ်ကျော်၍ တရှူးရှူး တိုက်ခတ်လာလေ၏ ။ မခင်ခင်၏ ဆံစကလေးများသည် လေခရာတွင် ကစားလှုပ်ရှား ရှိနေလေ၏ ။ ပန်၍ထားသော နှင်းဆီဖြူပွင့်ကလေးများ၏ သင်းကြိုင်သောရနံ့သည် လေညှင်းဆောင်ယူရာတွင် ထုံကြိုင်၍ လာလေ၏ ။ မောင်စန်းမောင် ၏ လက်သည် မခင်ခင်၏ ပခုံးထက် ရုတ်တရက် ရောက်သွားလေ၏ ။ မခင်ခင်သည် မော်၍ ကြည့်နေလေ၏ ။ မောင်စန်းမောင်သည် ခေါင်းငုံ့လျက် မော့်ကြည့်နေသော မျက်နှာလှကလေးနှင့် နီးကပ်၍ သွားစေလေ၏ ။ ထုံဝတ်ရည်တွင်းသို့ သက်ဆင်းကာ မြူးထူးသော ပိုးပိတုန်းပမာ ချစ်သူတို့၏ ဘဝထူးသည် ထိုခဏချင်း၌ လရောင်အောက်တွင် ထင်လင်းရှိပေတော့၏ ။ ချစ်သူတို့၏ ဘဝသည် မကုန်ခန်းနိုင်သော ရွှင်ပျော်ကြည်နူး အထူးထူးပေတည်း ။
အတန်ကြာလျှင် မခင်ခင် က “ သူတို့ ရိပ်မိကုန်ကြလိမ့်မယ်ရှင် သွားစို့ ”
“ သွားတာပေါ့ခင် ။ သန်းခေါင်မှာ တစ်ခါ တွေ့ကြဦးစို့ ”
ချစ်သူတို့၏ ဇာတ်ကွက်ကို ကျောက်ဆောင်ကွယ်မှာ ပုန်းလျှိုးလျက် ခင်းလာခဲ့ကြသည့် မိန်းပျိုနှင့် ယောက်ျားပျိုတို့၏ အဖြစ်ကို မိဘလုပ်သူတို့နှင့် မိတ်ဆွေမှာ အလျဉ်း မသိကြချေ ။ ချိန်းချက်ပြီးထားသည်အတိုင်း ထိုနေ့ည သန်းခေါင်ယံ အိမ်ရှေ့ဝရန်တာ၌ ချစ်သူနှစ်ဦးတို့သည် တိတ်တဆိတ် တွေ့ကြပြန်လေ၏ ။ ထိုအချင်းအရာ အစအဆုံးကို အိပ်မပျော်ဘဲ မျက်လုံးကျယ်ကျယ်နှင့် စောင့်ဆိုင်းကြည့်နေသောသူမှာ အခြားမဟုတ် ။ ဝတ်လုံမောင်စောလှိုင် ပင် ဖြစ်၏ ။ မိမိ စိတ်၌ အင်း တော်တော်လာတဲ့ လူပဲ ။ မြင်မြင်ချင်း ဆောက်နဲ့ထွင်း ဆိုသလို သူပဲ တက်နိုင်ပါပေရဲ့ ။ ရိုးသလိုလိုနဲ့ ဒီနေရာမျိုးကျတော့ တယ်လည်တဲ့ ကြောင်ပါးကြီး ပါလား ။ ငါ့ထက်ပဲ သာသေးတယ်ဟု အောက်မေ့မိလေ၏ ။ မောင်စန်းမောင် ၏ ထူးချွန်သော ဘဝကိုပင် မရှုစိမ့် မနာလိုသလို ရုတ်တရက် ဖြစ်ပေါ်၍ လာလေ၏ ။ အကြောင်းမှာ မောင်စောလှိုင်သည် မခင်ခင် ကို မြင်ကတည်းကပင် စိတ်ရိုးရိုးရွရွ ဖြစ်နေသောကြောင့်တည်း ။ သို့သော် အသာကြိတ်ခဲ၍ ပညာရှိသူတို့၏ သဘောနှင့်သာ နေလိုက်ရလေ၏ ။ နံနက်ချိန်သို့ ရောက်လာလေ၏ ။ မိတ်ဆွေနှစ်ဦးချင်း ကွယ်ရာမှာ မျက်နှာဆုံမိကြသောအခါ ...
“ ကိုစန်းမောင် ခင်ဗျား အတော်ဟုတ်တဲ့ လူပါလားဗျာ ”
“ ဘာများတုန်းဗျာ ၊ ကျုပ် ဟန်ရအောင်ဟာ ”
“ အမယ် ခင်ဗျားကလား မသိချင်ယောင် ဆောင်ပြီး ကျုပ် ကိုပဲ မေးခွန်း ပြန်ထုတ်နေတယ် ။ တယ်ဟုတ်တဲ့လူ ”
“ ပြောပဲ ပြောစမ်းပါဦး ”
“ မနေ့ညက ဝရန်တာမှာ ခင်းပြီးလာခဲ့တဲ့ ဇာတ်လေ ၊ မေ့နေပြန်ပြီလား ”
မောင်စန်းမောင်သည် ပြုံးရယ်၍
“ ဩော် ဒါလား ။ မိုးပေါ်က လကြီးအပြင် ကျုပ်တို့ ဇာတ်ကွက်ကို ဘယ်သူမှ မသိမမြင်ဘူးလို့ မှတ်နေ ။ အိမ်တွင်းလူ ခင်ဗျား တစ်ယောက်လုံးလည်း သိမြင်လိုက်သေးသကိုး ။ ဘယ့်နှယ်လဲ ။ ခင်ဗျား သဘောတူရဲ့လား ။ ရန်ကုန်သား ဖူးစာ ပြည်သူနဲ့ ပါပြန်တော့ ခုလိုပဲ လာတွေ့ကြရတာ ပေါ့လေ ။ နဖူးစာရွာလည် ဆိုတဲ့ စကားမျိုးကျနေတာပဲ ကိုစောလှိုင် ”
“ ဒါပေမယ့် သတိကြပ်ကြပ် ထားဦးနော် ။ ရန်ကုန်က ဆူပူမဲ့ဟာများ ရှိနေရင် နောက်ခွကျနေဦးမယ်ဗျ ။ ကျုပ်လည်း ခုည ပြန်ချင်ပြီ ”
“ မြန်လှချည်ရဲ့ဗျာ ။ တစ်ရက်နှစ်ရက်လောက် နေပါဦးလား ၊ ရောက်တဲ့အခါ ”
“ ခင်ဗျားက နေချင်ဦးမှာပေါ့လေ ။ ကိုယ့်ဟာက နီးနီးနားနား ရှိနေတာကိုး ။ ကျုပ်မှာတော့ မျှော်လင့်စရာလည်း မရှိတော့ ပျင်းတယ်ဗျ ။ အင်မတန် ပျင်းတယ် ။ ခင်ဗျားလို မပျော်ဘူး ”
“ ခင်ဗျားလည်း ရန်ကုန် ပြန်ချင်မှာပေါ့ဗျာ ။ ခင်ဗျား ရိုစီကညာက ဟိုဆီမှာ ရှိနေသေးတာကိုး ၊ မဟုတ်ဘူးလား ပြောစမ်းပါဦး ”
“ ရှိတဲ့အကြောင်း ခင်ဗျားတစ်ယောက်ပဲ သိပါစေဗျာ ”
“ မသိစေချင်တဲ့အကြောင်း ဖွင့်မပြောတတ်ပါဘူး ။ ကျုပ်လည်း မနေ့ညပဲ ပြန်မယ်လို့ စိတ်ကူးထားပြီးသားပါ ၊ တူတူလာ တူတူပဲ ပြန်မှာပေါ့ ။ ရည်းစား အကွက် ရတက်ပွေတတ်တဲ့ လူစား မဟုတ်ပါဘူး ကိုစောလှိုင် ။ ဖြတ်နိုင်ပါသေးတယ် ”
မောင်စန်းမောင်သည် မိမိတို့ ထိုနေ့ညမှာပင် အလုပ်မအားလပ် ကြသည့် အတိုင်း ပြန်မည်အကြောင်း ဦးကျော် သို့ ပြောလေ၏ ။ ဦးကျော် ကလည်း အိမ်ရှင်တို့ ဝတ္တရားရှိသလောက် တစ်ရက်နှစ်ရက် ဆိုသလို နောက်ထပ်ပြီး နေကြသေးရန် ပြောလေ၏ ။ သို့စေကာမူ အလုပ်ရှိကြသေးလျှင် ပြန်ရန်ကိုလည်း ပြောရလေ၏ ။ ထို့ပြင် အမှုနှင့်ပတ်သက်၍လည်း ဆက်လက် မလုပ်ဘဲ ပြေငြိမ်းလိုက်လျှင် ကောင်းမည် ထင်ကြောင်း အကယ်၍ အမှုရုံးရောက်မည် ဆိုလျှင် လူများ သိကြရုံမက သတင်းစာများထဲမှာပင် အမှုဖြစ်ပျက်ရပုံ အကြောင်းစုံကို ဖော်ပြကြလိမ့်မည် ဖြစ်သဖြင့် သမီးပျို၏ ဂုဏ်သရေကို ထိခိုက်လိမ့်မည်ကိုလည်း တွေးမိကြောင်း ပြန်ပြောလေ၏ ။ ဦးကျော်၏ စိတ်သဘောထားပုံကို မောင်စန်းမောင် သည် ဝမ်းမြောက်စွာ ကြားသိရလေ၏ ။ ထိုသတင်းကောင်းကိုလည်း သိသင့်သလောက် ကိုအောင်ဖြိုး သိရှိစေရန် ကိုစောလှိုင်နှင့် အတူ ဦးကျော် အလျဉ်း မရိပ်မိစေဘဲ ရွှေတောင်မြို့ သို့ တစ်ဖန် လာရောက်ကြ၍ စိတ်ပူနေသော တရားခံ အတော်အတန် သက်သာစေခြင်းငှာ အရိပ်အမြွက်မျှ ပြောပြရလေ၏ ။ ကိုအောင်ဖြိုး မှာ ဆိတ်ငြိမ်စွာ နားထောင်လျက် နေလေ၏ ။
ဒေါ်စိန်ဝင်းက မကျေနပ်ခြင်းဖြင့် “ ဒီလိုလူမျိုး ဒုက္ခ မရောက်ဘဲနေတာ မကောင်းဘူး ။ တစ်သက်လုံး မှတ်သွားအောင် ဒုက္ခအကြီးအကျယ် တွေ့ဦးမှ ကောင်းမယ် ။ တစ်ခါသေဖူးမှ ပျဉ်ဖိုး နားလည်မယ် ။ ဒီလောက် သရမ်းလွန်း အားကြီးရင် စက်တိုင်တက်ရလိမ့်မယ် ။ မောင်တို့ လူငယ်တွေက ဘာသိသလဲ ”
မောင်စန်းမောင်မှာ မပြုံးဘဲ မနေနိုင်ဘဲ
“ ဟော ရန်တွေ့ နေပြန်ပါပြီ ။ ကျွန်တော်တို့ လာတိုင်းပဲ ဆီးဆီးပြီး အဒေါ် လောကမှာ မမှားတဲ့ ရှေ့နေ ၊ မသေတဲ့ ဆေးသမားရယ်လို့ ဘယ်ရှိပါ့မလဲ ခင်ဗျာ ။ တစ်သက်တစ်ခါ မှားကြစမြဲပါ အဒေါ် ၊ အပြစ်မတင်လွန်းပါနဲ့ ”
ဒေါ်စိန်ဝင်းက စိတ်ဆိုးမာန်ဆိုးဖြင့် “ မောင်တို့လူဘက် မောင်တို့ပဲ လိုက်ပြော ။ ကျုပ်တော့ မလိုက်နိုင်ပေါင်တော် ” ဟု ပြောကာ နှုတ်ခမ်းကြီးတစူစူ နှင့် လင်ယောက်ျားကို မျက်စောင်းကြီး တထိုးထိုး နေလေ၏ ။ မယား၏ ကြိမ်းမောင်း မာန်မဲရာကို မိမိ အပြစ်အတိုင်း ခံနေရရှာသော ကိုအောင်ဖြိုး သည် မတုန်မလှုပ် သစ်တုံးကြီးလုပ်ပြီး စိုက်မိစိုက်ရာ ငေးမောတွေဝေ ရှိနေလေ၏ ။ အတန်ကြာလတ်သော် ဒေါ်စိန်ဝင်း သည် ခြေဆောင့်နင်း၍ နောက်ဖေးခန်းထဲသို့ ဝင်သွား လေ၏ ။
မောင်စန်းမောင်သည် ကိုအောင်ဖြိုး အနီးသို့ တိုး၍ “ ကျွန်တော်တို့ ကနေ့ည ပြန်ကြတော့မယ် ။ ဝတ်လုံခကို တစ်ခါတည်း ပေးလိုက်ပါ ခင်ဗျာ ” ဟု ပြောလေလျှင် ကိုအောင်ဖြိုးမှာ အံ့အားသင့်လျက် မောင်စန်းမောင်ကို မျက်လုံးပြုးကြည့်ပြီး ... “ ခုချက်ချင်းပဲလား ၊ မြန်လှချည်ရဲ့ ။ အမှုအတွက်လည်း တစ်ခါမှ ရုံးမလိုက်ရသေးပဲနဲ့ ”
“ အမှု မလိုက်ရသေးပေမယ့် ငှားပြီးရင် ထုံးစံရှိပါတယ် ခင်ဗျာ ။ ပေးရမယ့် အတူတူ ခုပေးလိုက်ရင်သာ ကောင်းတာပဲ ၊ ငွေးကြေးနဲ့ ပတ်သက်ပြီး အထင်အမြင်အသေးခံရရင် မကောင်းပါဘူး ။ စေးနည်းတယ်လို့ ထင်သွားရင် ရှက်စရာကြီးပါ ခင်ဗျာ ”
ကိုအောင်ဖြိုးသည် အာမခံသေတ္တာကြီးထဲမှ ငွေစက္ကူများကို သွားယူ၍ မောင်စန်းမောင် လက်ထဲ တစ်ထောင်တိတိ ရေပြီး ပေးလိုက်လေ၏ ။ ပြတင်းပေါက်ဝနား ရပ်၍ တိုက်ရှေ့လမ်းမပေါ်တွင် မပြတ်စဲသော အသွားအလာများကို ဣန္ဒြေရရနှင့် ခါးထောက်ကာ စောင့်စားကြည့်ရှုနေသော မောင်စောလှိုင် ဘက်သို့ မောင်စန်းမောင်သည် လှည့်လျက် “ ကိုစောလှိုင် ဟောဒီမှာ ခင်ဗျားအတွက် ” ဟု ခေါ်၍ ပြောလိုက်လေ၏ ။
“ အို ” ဟု အသံတစ်လုံးသာ ထွက်ပြီး မောင်စောလှိုင်သည် ဣန္ဒြေမပျက် လာ၍ မောင်စန်းမောင် ပေးသော ငွေစက္ကူများကို အရေးမကြီးသလို ယူလျက် ဘောင်းဘီအိတ်ထဲသို့ သွတ်သွင်းလိုက်လေ၏ ။ ဘိလပ်ပြန်ဝတ်လုံ မောင်စောလှိုင် မှာ ဗိုလ်ဝတ်ဗိုလ်စားကို အမြဲအသုံးပြုသူ တစ်ဦးပင် ဖြစ်လေ၏ ။ ထို့နောက် မောင်စောလှိုင် သည် ကိုအောင်ဖြိုး အား အမှုအတွက် ကြောင့်ကြစိုးရိမ်ခြင်း မဖြစ်ရန် စိတ်ရောကိုယ်ပါ အားပေးစကား ပြောကြားလေ၏ ။ သို့သော် ကိုအောင်ဖြိုး မှာ ငွေတစ်ထောင်တစ်ခါတည်း ပေးလိုက်ရသည်အတွက် နှမြောလျက်ပင် ရှိသေးသောကြောင့် မျက်နှာမကြည်သာ စကားလည်း မပြန်နိုင်ဘဲ ရှိလေ၏ ။ မျက်နှာသည် ဝိညာဉ်၏ ကြေးမုံသဖွယ် ဖြစ်၏ ။ အတွင်းရိပ် ဟူသမျှကို ထိုးဟပ် ထင်ပေါ်စေနိုင်၏ ။ မိတ်ဆွေနှစ်ဦးလမ်းလျှောက်ရန် ထွက်သွားကြလေလျှင် ..
ဒေါ်စိန်ဝင်းသည် ကိုအောင်ဖြိုး အနီးလာ၍ “ မသေခင် လောလောဆယ်ဆယ် ပေးလိုက်ရတဲ့ တော့ ကူးတို့ခကလည်း ငွေတစ်ထောင်တောင်ပါလား ၊ သေတော့ကော ဘယ်လောက်များများ ကုန်ကျဦးမှာလဲ ။ ငွေရှားပါးတဲ့ ခေတ်ကြီး ထဲမှာ ခုလောက်များပေးရကာ အံ့ပါရဲ့ ။ ငွေတစ်ထောင် ကုန်အောင်ပဲ ကမြင်းကြော ထနိုင်ပါပေရဲ့ ။ အပျိုက ဘာများ တိုး အရသာ ထူးသေးလို့လဲ ။ မိစိန်ဝင်းလည်း ပျိုရာက အိုလာရတဲ့ မိန်းမပါ ။ တော်လည်း သိသား ” စသည်ဖြင့် မနားမနေ တတွတ်တွတ် ပြောလေလျှင်
“ တိတ်တိတ်နေပါကွယ် မင်း နားမလည်ပါဘူး ။ ဝတ်လုံဆိုတာ ဒီလိုပဲ ပေးရတယ် ။ ထုံးစံအတိုင်းပါ ။ ဒီအမှု ပြီးသွားရင် အေးတာပဲ ။ နောင်ကောင်းကောင်း နေဖို့ပေါ့ ”
“ ခုမှ နောင်တ မရသေးရင်လည်း ဒီထက် တော် ဒုက္ခများရုံပေါ့ ။ သေချင်းဆိုးကြီး ။ တယ် .... ” ဟု ကြိမ်းမောင်းရင်း ဒေါ်စိန်ဝင်းသည် ဒေါထလာပြန်လေ၏ ။
ဇနီးမယား ဒေါသကြီးလာက မိမိသာလျှင် အနာ ခံရတတ်ကြောင်းကို သိပြီးဖြစ်သော ကိုအောင်ဖြိုးသည် တုဏှိဘော ပြု၍ နေလိုက်ရလေ၏ ။ မောင်စန်းမောင်နှင့် မောင်စောလှိုင်တို့သည် လမ်းလျှောက်ရာမှ ပြန်လာကြပြီး ခေတ္တ ကိုအောင်ဖြိုးနှင့် စကားပြောဆိုကြ၍ နှုတ်ခွန်းဆက်ကာ ထိုနေ့ည ရန်ကုန်ပြန်ရန် အတွက် ပြည်မြို့ သို့ အပြီး လာကြလေ၏ ။ ဦးကျော်၏ အိမ်၌ပင် ည စာပို့ မီးရထား မထွက်မီ ဝင်ရောက်တည်းခိုကြရပြန်လေ၏ ။ မောင်စန်းမောင် နှင့် မခင်ခင် တို့မှာ နောက်ထပ်၍ နီးနီးကပ်ကပ် လူချင်း မတွေ့ဆုံရဘဲ မျက်စိချင်းမျှသာ မေတ္တာ၏ အစွမ်းကို နက်နဲသောအဓိပ္ပါယ်နှင့် တစ်ယောက် တစ်ပြန်စီ ဆောင်ယူကြလျက် အချိန်ကို ကုန်လွန်စေလေ၏ ။ ဦးကျော် ကလည်း အဘယ်အကြောင်းနှင့်မျှ အမှုနှင့် စပ်လျဉ်း၍ တရားစွဲဆိုခြင်း မပြုလုပ်လိုတော့ကြောင်း နောက်ဆုံးအကြိမ် ပြောပြ ပြန်သဖြင့် မောင်စန်းမောင် မှာ ကိုအောင်ဖြိုး ၏ အကျိုးကို လိုလားသူတစ်ဦး ဖြစ်သည်လျော်စွာ စိတ်သက်သာခြင်း များစွာ ရမိလေ၏ ။ ထိုနေ့ ည၌ပင် မိတ်ဆွေ နှစ်ဦးတို့သည် ရန်ကုန်မြို့သို့ ပြန်ကြလေ၏ ။
ကိုအောင်ဖြိုး မှာလည်း ရုံးမှ သမ္ဗာန်ပျာတာ လာရောက်၍ မိမိအား သမ္ဗာန်စာရွက်ကို လက်မှတ်ထိုးပြီး ယူခိုင်းစေလိမ့်မည့် အရေးကို တတွေးတွေး တမျှော်မျှော်နှင့် စောင့်စားနေပါသော်လည်း သမ္ဗာန်ပျာတာလည်း မပေါ်လာ ရုံးမင်း၏ အာဏာသံ ပြင်းပြင်းဖြင့် ဆင့်ခေါ်လိုက်သော သမ္မာန်စာလည်း မရောက်ရှိ နေသေးရကား တထင့်ထင့်စိတ်သောက များပြီး နေလေ၏ ။ ထိုနေ့ရက်များ အတွင်း ချစ်သူနှစ်ဦးတို့မှာ စာပေးစာပြန်ကာဖြင့် တစ်ယောက်နှင့် တစ်ယောက် ရင့်သန်သော မေတ္တာချင်း ဆက်သွယ်လျက် နှစ်သိမ့်ခြင်း ဖြစ်ကြရလေ၏ ။ လောက၌ ချစ်သူတို့၏ ဘဝထူးထက် ကြည်နူးရွှင်ပျခြင်းသည် မရှိပေ ။ မခင်ခင် ၏ မိဘတို့သည် သမီးပျို၏ ထူးခြားသောအဖြစ်ကို တွေ့မြင်ကြရ၍ မေတ္တာကို ရိပ်မိစ ပြုကြလေ၏ ။ မခင်ခင် သည် မကွယ်မဖုံးဘဲ မောင်စန်းမောင် အား ချစ်ကြိုက်ကြောင်းကို အတိအလင်း ထုတ်ဖော်၍ ပြောပြလေ၏ ။ ယင်းသို့ဖြင့် မိမိမေတ္တာရှိသူ ယောက်ျားကို ပေါင်းသင်းနိုင်ရန်အကြောင်းမှာ လွယ်ကူ၍ လာလေ၏ ။ အကြောင်းသော်ကား လျှို့ဝှက်ဖုံးကွယ်ခြင်းသည် ရုတ်တရက် ဖြစ်မြောက် အောင်မြင်နိုင်ခြင်းငှာ စွမ်းနိုင်ခဲလှ၏ ။ နှစ်ဦးနှစ်ဖက်မိဘများ သဘောတူ လိုလားကြသည်အတိုင်း မောင်စန်းမောင် မှာ အလုပ်အားလပ်သော တနင်္ဂနွေနေ့တိုင်းလိုလို မခင်ခင် ထံ လာရောက် လည်ပတ်လေ၏ ။ အချစ်ဇာတ်လမ်းသည် ယခုအခါ၌ အတော် ခရီးနက်လာပြီရကား ထိမ်းမြားမင်္ဂလာပြုလုပ်ရန်အခါ ကောင်းနေ့ရက် ရွေးချယ်ခြင်းပြုကြလေ၏ ။ နောက်ရက်များ မကြာမီ အယ်ဒီတာ မောင်စန်းမောင် ဘီအေ နှင့် မခင်ခင် ဘီအေ တို့၏ ထိမ်းမြားမင်္ဂလာ ကြော်ငြာပိုဒ်ကလေးများကို “ သူရိယနေ့စဉ်သတင်းစာ ” နှင့် အခြားအင်္ဂလိပ် မြန်မာသတင်းစာများတွင် တွေ့မြင်ကြရလေ၏ ။ ကိုအောင်ဖြိုး နှင့် ဒေါ်စိန်ဝင်းတို့မှာ သူတထူးထက် တင်ကူး၍ ထိမ်းမြားမင်္ဂလာဖိတ်ကြားစာကို လက်ထပ်မည့် သတို့သမီးဘက်မှ ဖိတ်ကြားသည်အတိုင်း လက်ခံရရှိထားလေ၏ ။ မောင်စန်းမောင် ကလည်း အတွင်းစာရေး၍ မိမိလက်ထပ်မင်္ဂလာဆောင် အခမ်းအနားသို့ ရှေးဖြစ်ရှေးဟောင်းအကြောင်းများကို မေ့လျော့ကာ ဆက်ဆက်ကြီး ကြွရောက်ရန် အထူး ဖိတ်ခေါ်လေ၏ ။ မင်္ဂလာပွဲထိုင် ကြွရောက်လာကြသည့် မြောက်မြားသော ဂုဏ်သရေရှိပရိသတ် လူလူစုဝေးကြီးထဲတွင် ကိုအောင်ဖြိုး ၊ ဒေါ်စိန်ဝင်း နှင့် မောင်စောလှိုင် တို့လည်း ပါဝင်ကြလေ၏ ။ ကိုအောင်ဖြိုး သည် လူကြီး လူကောင်းပီပီ ရွှေမျက်မှန်ကြီး တပ်ကာ ခေါင်းပေါင်းကြီး ခန့်ခန့်ပေါင်း၍ မန္တလေးတောင်ရှည် ပိုးပုဆိုး ၊ တာဖက်တာရင်ဖုံးအင်္ကျီကို ဝတ်ဆင်လျက် ကားရား ကားရားနှင့် ပရိသတ်အလယ်မှ ထလာပြီး ငွေဖလားကြီး ထဲတွင် ရွှေဒင်္ဂါး ၁၅ ပြား ထည့်၍ လန်းသော သပြေခက်ကြီး စိုက်ပြီး ရက်ရက်ရောရော လက်ဖွဲ့လိုက်လေ၏ ။ ကိုအောင်ဖြိုး၏ အဖြစ်ကို မောင်စန်းမောင်နှင့် မခင်ခင် တို့ မြင်ရကြလေလျှင် မပြုံးဘဲ မနေနိုင်ကြချေ ။ ကိုအောင်ဖြိုး နောက်မှ မောင်စောလှိုင် သည် ထလာ၍ ထူးခြားသော လက်ဖွဲ့ခြင်းကို ပြုပြန်လေ၏ ။ ထိုပစ္စည်းမှာ ချိုကောက်ကောက် မုတ်ဆိတ်ရှည်ရှည် စိတ်မာန်ကြီးမားပုံပေါက်သော ငွေကို သွန်းလုပ်ထားသည့် ၆ လက်မခန့် အမြင့်ရှိ စားပွဲအလှတင် ဆိတ်သိုးရုပ်ကြီးပင် ဖြစ်လေ၏ ။ လည်ပင်းတွင် ကပ်ဖြူကလေးကို ဖဲကြိုးနီနှင့် ဆွဲချည်ထားလေ၏ ။ ကတ်ကလေးတစ်ဖက်၌ “ ဒီ ဆိတ်သိုးကြီးဟာ လက်ထပ်မည့် သတို့သားကို ဖူးစာဆက်ပေးတဲ့ ဖူးစာရှင်ကြီး ဖြစ်ပေတယ် ” ဟု ရေးထားလျက် ကျောဘက်တွင် “ ဒီဆိတ်သိုး ..... ရဲ့ ၊ ရယ်ရွှင်ဖွယ် အရေးကိစ္စထဲမှာ တစ်နည်းနည်းနဲ့ ပါဝင်ခဲ့ရတဲ့ ချစ်ဆွေ တစ်ဦးရဲ့ အထူးမေတ္တာ လက်ဖွဲ့ ” ဟူ၍ ပါရှိလေ၏ ။
မင်္ဂလာဆောင်အခမ်းအနား ပြီးမြောက်သွား၍ လက်ဖွဲ့သော ပစ္စည်းပေါင်း မြောက်မြားစွာနှင့် လှပစွာပြင်ဆင်ပြီးထားသော အခန်းထဲတွင် မောင်စန်းမောင် နှင့် မခင်ခင် နှစ်ဦးချင်း တွေ့ဆုံကြသောအခါ မခင်ခင်သည် မောင်စောလှိုင် လက်ဖွဲ့သော ငွေဆိတ်သိုးရုပ်ကြီးကို ကိုင်ကြည့်ပြီး စာရေး၍ ဆွဲထားသော ကတ်ပြားကလေးကို လက်ညှိုးထောင်လျက် “ ဒီဆိတ်သိုး ... ရဲ့” စာမပါသောနေရာလွတ်ကို နားမလည် သောမျက်နှာဖြင့် ထိုးပြပြီး
“ ကိုစန်း ဒီဆိတ်သိုး နောက်က ဘာစာလုံးများ ဆက်မှာ လဲ ။ ခင် နားမလည်ဘူး ”
မောင်စန်းမောင် က ပြုံး၍ “ ခင် မသိသေးဘူး ထင်ပါရဲ့ ။ ကိုစန်း မိတ်ဆွေ ဝတ်လုံတော်ရ ကိုစောလှိုင် ရဲ့ ဉာဏ်လုံးပဲ ။ တရားလိုက တကယ်လို့ သူ့အသရေ ဖျက်မှုနဲ့ တရားစွဲဆိုရင် လျော်ကြေးမပေးနိုင်လို့ ထင်ပါရဲ့ ။ အပြစ်လွတ်ရေးရတာ ပဲ ။ “ သိုး ” ဆိုရင်တော့ ရှေ့သွားနောက်လိုက် ညီအောင် နောက်ကလည်း “ ဖြိုး ” ရလိမ့်မယ် ။ လွယ်လွယ်ကလေးနဲ့ အဓိပ္ပါယ်ပေါ်သားပါလား ခင် ”
မခင်ခင်က သိလိုလှစွာ
” ပြောစမ်းပါဦး ။ ခင် အဓိပ္ပါယ် မကောက်တတ်သေးဘူး ”
“ ဒီဆိတ်သိုး ငဖြိုးပေါ့ ခင်ရဲ့ ။ ကိုစန်း မိတ်ဆွေကတော့ ဒီလို နာမဝိသေသနမျိုး များများကြီး ရေးတတ် ပြောတတ်တဲ့ လူပါ ။ မကြီးမား ကြီးမားရအောင်ဟာ ”
“ ဪ ဒီဆိတ်သိုး ငဖြိုးတဲ့လား ” ဟု မခင်ခင် သည် ပြုံးရယ်၍ ပြောရင်း ဆိတ်သိုးရုပ်ကို အခြားလက်ဖွဲ့ပစ္စည်းများထဲတွင် အသာ ချထားလိုက်လေ၏ ။
“ ပန်းသတင်း လေညှင်းဆောင် ၊ လူ့သတင်း လူခြင်းဆောင် ” ဟူသည့် စကားအတိုင်း မောင်စောလှိုင်၏ ထူးခြားသော နာမဝိသေသနနှင့် တွဲဖက်၍ ခေါ်လိုက်သည်နေ့ကစပြီး ကိုအောင်ဖြိုး မှာ တစ်စတစ်စ “ ဒီဆိတ်သိုး ငဖြိုး ” ဟု ကွယ်ရာတွင် ပြောင်လှောင်ခေါ်ခြင်းကို မိမိပင် ဂရုမစိုက်မိစေကာမူ အနှံ့အပြား ခံရတော့လေသတည်း ။
▢ ရေးသူ - ဆုရ
📖သူရိယ ဝတ္ထုတိုများ
No comments:
Post a Comment