Thursday, October 30, 2025

ကိန်းပျောက်ပုစ္ဆာ


 

❝ ကိန်းပျောက်ပုစ္ဆာ ❞
⎕ လဲ့ဝင်းကြည် ၊ ချို ၊

ဤရွာတွင် ဆရာမလေး အဖြစ် အမှုထမ်းသက် ဆယ်နှစ်အတွင်း ဝင်လာပြီမို့ ဒေသစရိုက်၏ ထိတွေ့မှု၌ နေသားတကျ ရှိလာခဲ့၏ ။ ညနေက ရွာရှေ့ပိုင်းမှ ဦးကြီးမြိုင် လာဖိတ်သည့် မင်္ဂလာပွဲသတင်းကို ကြားတော့ ကျွန်မ အတော်လေး အံ့သြမိသွားသည်  ။ ရွာမင်္ဂလာဆောင်ပွဲတွေ မကြုံဖူးလို့လည်း မဟုတ် ၊ ကြုံဖူး၏ ။ အခု အရီး ကျေးဥသား မင်္ဂလာပွဲက ... ။

••••• ••••• •••••

အရီး ကျေးဥသား မင်္ဂလာပွဲကို ကျွန်မ ရောက်တော့ မင်္ဂလာပွဲ အတော် စည်ကားနေပြီ ။ မဏ္ဍပ်တွင်း တစ်ရွာလုံးvအိမ်များရှိ ပြက္ခဒိန်များကို ငှားယူပြီး အလှချိတ်ဆွဲ ပြထားသည်ကလည်း ရွာ၏ ချစ်စရာဓလေ့ တစ်ခုပင် ။ သာကူပျစ်ပျစ် ထန်းလျက်နှင့် ကျို၍
ပေါင်မုန့်ကြမ်းကြမ်းများကို လက်နှစ်လုံးအထူ လှီးကာ တည်ခင်း ကျင်းပနေသည့် မင်္ဂလာပွဲက တောသဘာဝအတိုင်း လှပနေ၏ ။

ကာလသားတစ်သိုက်၏ နောက်ပြောင်ကျီစယ် စကားလုံးတို့ ကို လုံးစေ့ပတ်စေ့ နားလည်သည် မဟုတ်ဘဲ တဟီးဟီး သဘောကျနေသော သားနှင့် တောစံပယ်ပန်းများ ဝေအောင်ပန်လျက် အိုက်တင်လုပ်နေသည့် ချွေးမကို ကြည့်ပြီး မဏ္ဍပ်ထောင့် ကွယ်ချိုးမှ မျက်ရည်ကြည် သုတ်နေသော အရီး ကျေးဥကို တွေ့၍ ကျွန်မ ခံစားလိုက် ရသည် ။

“ လာ ... လာ ... ဆရာမလေး ၊ အရီး မမြင်လို့ ”

အရီး ကျေးဥ ကျွန်မကို တွေ့သွား၍ အိမ်ပေါ်သို့ တက်ရန် ပြော၏ ။

“ အမေရေ ... ညကျ ခဲဖိုးပေးရမယ်တဲ့ ၊ မပေးရင် အတူ မအိပ်ရဘူးလို့ ကိုသာထွန်းကြီးက ပြောနေတယ် ”

မဏ္ဍပ်တွင်းမှ အားပါးတရ လှမ်းအော်လိုက်သည့် လှကြိုင် စကားကြောင့် ကျွန်မ မျက်နှာ အထားရ ခက်သွားသည် ။ အိမ်ဦးခန်းတွင် ကြိုရောက်နေသည့် ရွာလူကြီး အချို့မှာလည်း ...

“ ဒီကောင်တွေကလည်း ခက်ပါ့ ”

ညည်းပြော ပြောရင်း မဏ္ဍပ်တွင်း ပြန်ဆင်းသွားသည့် အရီး ကျေးဥ ကို ကြည့်ပြီး “ ကျေးဥတော့ အပူထပ်ရှာပြန်ပေါ့ကွာ ” ဟု အဘညိုက ဆို၏ ။

ကျွန်မ ဒီရွာ စရောက်ကတည်းက အရီးကျေးဥသည် မုဆိုးမ ဖြစ်နေပြီ ။ သားကလည်း လုံးဝရူးသွပ်နေသူ မဟုတ်ပေမဲ့ အသက်အရွယ်လိုက်၍ စိတ်ဉာဏ် ဖွံ့ဖြိုးမလာသည့် စကားမပီသော ပေါချာချာ တစ်ဦး ဖြစ်၏ ။ ထိုသားက ဆယ့်ရှစ်နှစ်ခန့်တွင် သစ်ပင်ပေါ်မှ ပြုတ်ကျ၍ မြို့ဆေးရုံတွင် တစ်လနီးပါး တက်ကုရသေးသည် ။ ယခု ထို သားကို မင်္ဂလာဆောင် ပေးနေသည့် မြင်ကွင်း ၊ မင်္ဂလာပွဲလေးက ပကာသနမဲ့ စည်ကားနေဆဲ ။

••••• ••••• •••••

မင်္ဂလာပွဲပြီးရက် နောက်ပိုင်း အရီး ကျေးဥနှင့် တွေ့၍ “ အရီးကျေးဥ ဘယ်လို စိတ်ကူးရသွားတာလဲ ” ကျွန်မ မေးတော့ -

“ မိန်းကလေး အများ ရှိတဲ့ နေရာတွေ လှကြိုင် သွားသွားနေလို့ တချို့က မညှာမတာ ပြောပြော လွှတ်တာတွေ အရီး ကြားရတော့ စိတ်မကောင်းဘူး ဆရာမလေးရယ် ” ၊ အရီးကျေးဥ စကားကို ခဏနားပြီး “ သူများတွေ မသိပေမဲ့ အရီးက အမေ ဆိုတော့ သူ့စိတ်အခြေအနေကို သိတယ် ဆရာမလေး ” ဟု ဆက်ပြောပြ၍ “ ဆရာမလေး ကျွန်မတို့ ရေချိုးတဲ့နား လှကြိုင် လာပြီး ဟို … ”

တစ်လောက ကျွန်မ ထံ လာရင်းပြောသွားသည့် ထွေးနု စကားတို့ ကို ပြန်ကြားယောင်ကာ ခေါင်းညိတ်မိသည် ။

“ ဒါနဲ့ မချစ် ကို ဘယ်က တွေ့လာတာလဲ ”

“ မြို့ဈေးနား ကားဂိတ်ထမင်းဆိုင်မှာ ပန်းကန်ကူဆေးတဲ့ မချစ် ကို အမှတ်ရပြီး ဆိုင်ရှင်တွေ ပြော ခေါ်လာတာ ဆရာမလေး ၊ မချစ် က လှကြိုင် ထက် နည်းနည်း ပိုတော်ပါတယ် ” ဆို၍ သက်ပြင်းတစ်ချက် ရှိုက်ထုတ်၏ ။ ပြီး ...“ ဆရာမလေးရယ် အမေ ဆိုတော့ လုပ်နိုင်တာလေး လုပ်ပေးရတာပေါ့ ” ဟု ပြောသည် ။

အရီး ကျေးဥ သားထိန်း ချွေးမ ကြည့်ရင်း ဝမ်းသုံးထွာတိုက်ပွဲ ကို ခြေကုန် လက်ကုန် ဖွင့်ရှာရ၏ ။ ချွေးမဖြစ်သူက ကလေးများ နှင့် ဖန်ခုန်တိုင်းကစား ၊ သားတော်မောင် က ဆေးလိပ်တစ်တို နှင့် ထိုင်ကြည့်နေသည် ကို ယာထဲ ၊ ကိုင်းထဲ မှ အပြန် ထမင်းတည် ကျွေးရသည် ။

တစ်ခါတလေ မချစ် အဝတ်လျှော် ၊ ရေခပ်နေတတ်သလို ပဲလှော်ဖို ၊ ထန်းလျက်ချက်ဖို ၊ ကြံသကာချက်သည့် နေရာများ တွင် အလုပ်လုပ် နေတတ်သည် ။ စိတ်ကူးရလျှင် မြို့က ထမင်းဆိုင်မှာ ပန်းကန် သွားဆေးနေပြီး ညနေစောင်းမှ အိမ်ပြန်လာ၏ ။

လှကြိုင် ကတော့ မိန်းမ ပါလာသည့် မုန့်သရေစာလေးများ စားပြီး ကျေနပ်နေ၏ ။ လှကြိုင် ကြွားတတ်တာ ဆို၍ အိမ်ကို ဧည့်သည် လာလျှင် “ သောက် ဦးကြီး ကျွန်တော် မိန်းမရနေပြီဗျ ” ဟု ရေနွေး ငှဲ့ပေးရင်း ပြောသည် ။ အကြောင်းသိ ဧည့်သည် က “ ဟုတ်လား ၊ မင်းတို့ ဘယ်လို တွေ့တာလဲ ” လို့ မေးလျှင် “ အမေ ပေးစားတာဗျ ”  ဖြေရင်း “ မိန်းမရေ .. မိန်းမ ” ဟု မချစ် အနားတွင် ရှိရှိ ၊ မရှိရှိ လှမ်းခေါ်၏ ။

“ မချစ် လှကြိုင်နဲ့ ဘယ်လို တွေ့တာတုံး ” အမေးကို မချစ်ကလည်း “ အမေက ငါ့သားကို ယူမလား မေးတော့ ၊ ကျွန်မက ယူမယ် ပြောတာပေါ့ ” မျက်နှာ ကလေးချီကာ ဆိုတတ်သည် ။

••••• ••••• ••••• 

တစ်နေ့ ကျွန်မ ကျောင်းဆင်းချိန် စုပို့ပို့ ဗိုက်ကလေးဖြင့် မန်ကျည်းရွက်ခူး ပြန်လာသော မချစ်နှင့် တွေ့သည် ။

“ ဆရာမ ဒီမှာ ကြည့် ကျွန်မ ဗိုက်ပူနေပြီ ၊ ကလေးမွေးတော့မယ် ” ဟု အပူအပင်မဲ့ ဗိုက်ကို ပုတ်၍ ပြောလိုက်သည့် မချစ်၏ ဟန်ကို ကြည့်ပြီး ကျွန်မ ကရုဏာသက်မိ၏ ။ အရီး ကျေးဥ ကိုလည်း ... ။

ကျောင်းအားရက်တွင် ကျွန်မ ခါးရှည် ဘလောက်ပွပွ အင်္ကျီနှစ်ထည် ယူ၍ အရီး ကျေးဥအိမ်သို့ ထွက်ခဲ့သည် ။

“ အမေရေ ... ဆရာမ လာတယ် ”

ကျွန်မ ခြံဝင်းထဲ ဝင်သည်နှင့် မချစ် က အိမ်ပေါ်သို့ လှမ်းအော်၏ ။

“ မချစ် ရော့ မချစ်ဝတ်ဖို့ ”

အင်္ကျီထုပ်လေးကို ကျွန်မ ကမ်းပေးလိုက်သည် ။

“ လှကြိုင်ရေ ဆရာမ ငါ့ကို အင်္ကျီဝယ်ပေးတယ် ” ပြောပြီး အင်္ကျီကို ကိုယ်ပေါ် ပတ်ပြီး အားပါးတရ ခုန်၍ “ ဟဲ့ဟဲ့ မချစ် ဒုက္ခပါပဲ ” ဟု အရီး ကျေးဥ လှမ်းအော်သံကို ကြားရသည် ။

“ အဲဒါသာကြည့် ဆရာမလေးရယ် ”

ကျွန်မကိုလည်း လှမ်းပြောရင်း အိမ်ပေါ်တက်ဖို့ ခေါ်သည် ။

“ အရီး ကျေးဥရယ် သောကတွေ များလိုက်တာ ” ဟု သာ ကျွန်မ ဆိုနိုင်ပြီး အိမ်ရှေ့ သရက်ပင် အောက်တွင် ပဲလှော်ထိုင် ဝါးနေသည့် ဇနီးမောင်နှံကို ကြည့်နေမိ၏ ။

“ ဆရာမလေးရယ် အရီးလေ ... အရီး ... ” စကားမဆက်ဘဲ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို အငွေ့ထောင်းထောင်း ထသွား အောင် ဖွာလိုက်သော အရီး ကျေးဥ ကို ... ။

နောက် မကြာခင် မချစ် ယောက်ျားလေး မွေးသည် ။ အရီး ကျေးဥ လည်း သာမန်နှင့် မတူသော မိသားစုကို ပြုစုစောင့်ရှောက်ရင်း ဘဝအမောတွေ ကြားမှာ လူးလွန့်ကူးခပ်နေ၏ ။

“ အရီးခင် ဘယ်က ပြန်လာတာလဲ ၊ နေပြင်းတယ် ” 

“ ကျေးဥမြေး ဖျားလို့ သွားတာ ၊ သုံးရက်ရှိပေါ့ ”

“ ဟုတ်လား ၊ ကျွန်မ သွားကြည့်ပါဦးမယ် ”

“ အေးအေး ... သွားသွား ၊ ကျေးဥ လည်း သနားစရာ ”

“ ဟုတ်ကဲ့ ၊ အရီးခင် ” ဟု ပြောပြီး နှုတ်ဆက်၍ ကျောင်းသို့ ကျွန်မ ထွက်ခဲ့သည် ။

အမှောင်ထု က အလင်းအားကို ဝါးမျိုအနိုင်ယူပြီးစချိန် ကျွန်မ အရီး ကျေးဥအိမ် သို့ ထွက်ခဲ့၏ ။

“ အရီး ကျေးဥ အိပ်ပြီလား ”

ခြံဝမှ ကျွန်မ လှမ်းခေါ်နှုတ်ဆက်လိုက်သည် ။

“ မအိပ်သေးဘူး ၊ မအိပ်သေးပါဘူး ဆရာမလေးရေ ၊ လာ ... လာ ... အိ မ်ပေါ်တက် ” ဟု ပြန်အော်၍ မီးတိုင်ငယ် မြှောက်ပြရင်း “ ချော်လဲမယ်နော် ” လို့ ဆက်ပြော၏ ။

“ ရပါတယ် ၊ အရီး - ကျေးဥ ကလေး နေမကောင်းဘူးဆို ၊ သက်သာသွား ပြီလား ”

အိမ်ပေါ်တက်ရင်း ကလေးကိုပါ တစ်ခါတည်း မေးလိုက်၏ ။

“ သက်သာပါတယ် ၊ ညနေက သားဖွားဆရာမလေး စုရီ ဆေးလာပေးတယ် ” ပြောပြီး “ ထန်းလျက်စား ၊ ရေနွေးသောက် ” ဆို၏ ။ ပြီး ကလေး ကို တိုက်ရသည့် ဆေးလုံးများကို ထုတ်ပြသည် ။ အဖေနှင့် အမေက တီဗွီ သွားကြည့်သည်ဟု ပြောသည် ။

ကျွန်မတို့ စကားပြောနေစဉ် ကလေး ထံမှ ညည်းသံ ထွက်လာ၍ အရီးကျေးဥ ကလေးထံ ကပျာကသီ ထသွားသည် ။ ကလေးငယ်ကို ချီထွေးပြီး ကျွန်မနား ပြန်လာထိုင်သည့် အရီး ကျေးဥ ကို ကျွန်မ .... ။ ရှစ်လသားအရွယ် ကလေးမှာ မီးတိုင်ငယ် အလင်းအောက်မှာ ဖျော့လျော့နေသည် ။

ဇရာ၏ ဖိထောင်းမှု ၊ ဘဝ၏ ကြမ်းထော်မှုများ ကြားမှာ အသိမပြည့်သည့် လင်မယားနှစ်ဦးနှင့် ကလေးငယ် တာဝန်ပါ ထမ်းပိုးနေရသည့် အရီး ကျေးဥ ကို ကြည့်ပြီး ကျွန်မ -

“ အရီး ကျေးဥ စိတ်တော့ မဆိုးနဲ့ နော် ၊ ကျွန်မ တကယ့် စေတနာနဲ့ ပြောတာ ။ အရီး ကျေးဥ လည်း အသက်ကြီးပြီ ကျွန်မ သနား ... ”

“ ပြောပါ ဆရာမလေးရယ် ပြောပါ ၊ အားနာစရာ လူမှ မဟုတ်ဘဲ ပြော ” ဟု ဆို၍ လေပူတစ်ချက် ကျွန်မ ရှိုက်ထုတ်ပြီး ...

“ လှကြိုင်နဲ့ မချစ်ကို ဟို ... ခု ကလေး တစ်ယောက်နဲ့ တင် အရီး ကျေးဥ ပင်ပန်းနေပြီ ၊ အဲဒါ ဟို ကျန်းမာရေးမှူး နဲ့ တိုင်ပင်ပြီး ... ”

ကျွန်မ စကား မဆုံးခင်မှာဘဲ “ ဆရာမလေးရယ် အရီး သိတာပေါ့ ။ လှကြိုင် သစ်ပင်ပေါ်က ပြုတ်ကျလို့ ဆေးရုံ တက်ရတယ်လေ ၊ ဆေးရုံက ဆင်းတော့ ဆရာဝန်ကြီးနဲ့ ဆရာမလေးတွေက “ အမေကြီး အမေကြီးသားမှာ မျိုးဆက်မ ရနိုင်တော့ဘူး ” လို့ သေချာပြောလိုက်တာ ဆရာမလေးရဲ့  ၊ ဒါကြောင့် လှကြိုင်ကို ဒီလို အခြေအနေနဲ့ မိန်းမ ပေးစားတာ ။ ခု မသိ နားမလည်တဲ့ အချစ်ကို ကြားက .. ကြားက ...“  ပြောရင်း အသံနစ် ဝင်သွားသည့် အရီး ကျေးဥ စကားသံ အောက်မှာ ကျွန်မ သွေးပျက်မတတ် ဖြစ်သွားသည် ။

မီးတိုင်ငယ်မှ မီးညွန့်လေးသာ လေသင့်ရာ ယိုင်နေ၏ ။ တအင်းအင်း ကလေး ချော့နေသည့် အရီးကျေးဥ အသံမှ လွဲ၍ ညက ကြောက်စရာ ကောင်းအောင် ငြိမ်ကျသွားသည် ။

အရီးကျေးဥ ကို နှုတ်ဆက် အိမ်ပြန်ချိန် ညက ပိုနက်ရှိုင်းစွာ မှောင်နေသည် ။ အသိ သိမဲ့နေသည့် လူတချို့ ကြောင့် တန်ဆာခံ ဖြစ်လာကြရသည့် ကလေးငယ်များ ဟူး .. ဟူး .. ။ ကျွန်မ မိုးပေါ် မော့ကြည့်တော့ ကောင်းကင်ကြီးမှာ အဘိုးအို ပျောက်နေ၏ ။

▢  လဲ့ဝင်းကြည် ၊ ချို ၊
📖 ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၇၀
      ဇန်နဝါရီလ ၊ ၂၀ဝ၄

No comments:

Post a Comment