Thursday, October 9, 2025

မြို့ဂျပိုး ( ၀၃ )


 

ကျွန်တော် မောင်းရတဲ့ ဒုတိယကားက ကိုရိုနာ ၊ ( ၈၄ ) မော်ဒယ် ၊ ဒီဇယ်အင်ဂျင်နဲ့ ဗ ... အက္ခရာကားလေးပါ ။ ဒီမှာတော့ သင်္ဘောဦး လို့ ခေါ်တယ် ။ ကားရဲ့ ခေါင်းပိုင်းက သင်္ဘောဦးပိုင်းလို ချွန်နေတာမို့ မြန်မာအမည်ပေးထားတာနေမယ် ။

ဗိုလ်အောင်ဒင် လေသံနဲ့ ပြောရရင် “ ဒါမြန်မာပြည်မှာ ကျွန်တော်တစ်ယောက်တည်း စီးတဲ့ ကားလေ ” လို့ ဆိုရမှာပဲ ။ ဘာဖြစ်လို့ လဲဆိုတော့ အတွင်းထိုင်ခုံတွေ ၊ အတွင်းကာဗာတွေ ၊ အင်ဂျင်ပိုင်းနဲ့ ဒက်ရှ်ဘုတ်လို့ ခေါ်တဲ့ အချက်ပြသင်္ကေတတွေပါတဲ့ အပိုင်းတွေ အားလုံးဟာ ပြန်လဲထည့်ထားတာချည်းပဲ ။ သူ့ နဂိုမူလအင်ဂျင်က ဓာတ်ဆီအင်ဂျင်ပါ ။ ကျွန်တော့်လက်ထဲ ရောက်တော့ ဒီဇယ်အင်ဂျင် ဖြစ်သွားပြီ ။ မြန်မာပြည်မှာ ဒါမျိုးကား ( ၂ ) စီး ဘယ်မှာ ရှိပါ့မလဲ ။ မောင်းလို့တော့ ဘာကောင်းသလဲ မမေးနဲ့ ။ ဓာတ်ဆီကား ကိုတောင် ယှဉ်မောင်းနိုင်ပါတယ် ။ ဒီကားဟာ မြန်မာပြည်ထဲ ရောက်လာလို့ သက်တမ်းစေ့ နေရတာဗျ ။ နှစ်ပေါင်း နှစ်ဆယ် နီးပါးရှိပြီ ။ လမ်းပေါ်မှာ ပြေးလွှားနေဆဲပဲလေ ။ မူလအသွင်အပြင်တော့ မဟုတ်တော့ဘူးပေါ့ ။ ဟိုပစ္စည်းဆိုလည်း ပြုပြင်ပြီးသား ၊ ဒီပစ္စည်း ဆိုလည်း အသစ်လဲထားတယ် ။ ကျွန်တော်တို့ ဆီမှာက ကားရဲ့ သက်တမ်းကို ဒီလိုပဲ ဆွဲဆွဲဆန့်ရတာပဲ ။ ဘာပဲပြောပြော သူ့ထက် အသက်ကြီးတဲ့ ကားတွေတောင် လမ်းပေါ်မှာ ပြေးနေတာမို့ သူကမှ ဆလွန်းကား စစ်တယ်လို့ ပြောနိုင်ပါသေးတယ် ။ သူ့လို မျိုးတူ ကားတွေ ကိုယ်ပိုင်ကားအဖြစ်နဲ့ ကျကျနန သွားနေတာ မြင်တိုင်း ကျွန်တော် စိတ်မကောင်းဖြစ်မိတယ် ။ ကိုယ့်ကားလေးကို အဲဒီလို အိမ်စီးကား သန့်သန့်လေး လုပ်ပြီးစီးချင်တာပေါ့ ။ ဒါပေမဲ့ ဒီနေ့အထိ တက္ကစီ အဖြစ်နဲ့ ပဲ သုံးနေရပါတယ် ။ ခြောက်နှစ်ဆိုတဲ့ ကာလထဲမှာ သူနဲ့ ကျွန်တော် ကြုံခဲ့ရတဲ့ လောကဓံတရားမျိုးစုံကို ပြောပြရင်း မြို့ပြရဲ့ လူမှုဘဝတွေထဲက ထေ့စရာ ၊ ထွေစရာလေးတွေလည်း ရင်ဖွင့်ချင်ပါရဲ့ ။ တစ်နေ့ကို လူ ဆယ်ယောက်နဲ့ ပဲ ဆက်ဆံတယ်ပဲထား ။ ရက်ပေါင်း ၃၆၅ဝ မှာ ဆိုရင် လူပေါင်း ၃၆၅၀၀ ဦး ရှိလောက်ပါပြီ ။ အဲဒီမှာ ကြုံတွေ့ရတဲ့ လူမှုဘဝတွေ ဟာလည်း ဘာစုံသလဲ မမေးပါနဲ့  ။ မြို့တော်မှာ ကျင်လည်နေတဲ့ လူတန်းစားပေါင်းစုံရဲ့ စရိုက်မျိုးစုံဟာ ကျွန်တော့် ကားထိုင်ခုံတွေပေါ်မှာ ထိုင်သွားဖူးကြပါတယ် ။ သူတို့ ပေးခဲ့တဲ့ သင်ခန်းစာတွေ ၊ သူတို့ ဖွင့်ဟခဲ့တဲ့ စကားလုံးတွေ ကျွန်တော့် အတွက် စဉ်းစားစရာတွေဖြစ်လို့ နေပါတ ယ် ။ လူ့ဘ၀ရဲ့ အနှစ်သာရ ဘာမှ ရှာလို့ မရတဲ့ မြို့ပြထဲမှာ သူတို့ ရော ကျွန်တော်ပါ တမေ့တမော ဖြတ်သန်းနေရတာ ဘဝလား ။ ကျွန်တော်တို့နဲ့ ခေတ်ကို အပြိုင်အဆိုင် ဖြတ်သန်းနေသူတွေ ဖြစ်တဲ့ ရာဇာနေဝင်း ၊ ဇော်ဝင်းထွဋ် တို့ ကို လူတွေ သိပေမယ့် တင်မြရီ နဲ့ ခက်ခက်ဝေ ကို ကျတော့ ကျွန်တော် ပြောပြမှ သိပါမယ် ။ ဘယ်သူမှ မသိကြပေမယ့် သူတို့လေးတွေဟာလည်း သည်ခေတ်ကြီးကို ဖြတ်သန်းနေကြဆဲပါ ။ ကျွန်တော်နဲ့တော့ သိပ်တည့် ။

တင်မြရီ က ဝေဇယန္တာလမ်းမကြီး ပေါ်မှာ ကျင်လည်တယ် ။ ခက်ခက်ဝေ က ကန်တော်ကြီး တစ်ဝိုက်မှာ ကျင်လည်တယ် ။ ကျွန်တော်က အဲဒီ လမ်းတွေကို ဒိုးယိုပေါက် အခေါက်ခေါက် ဖြတ်သန်းနေသူ ။ ကျွန်တော် ဟာ သူတို့ ရဲ့ ပုံမှန်ဖောက်သည် မဟုတ်ပေမယ့် သူတို့ ဖောက်သည်တွေ နဲ့ ပတ်သက်နေတာမို့ ကြာတော့ ကျွန်တော်တို့ ရင်းနှီးလာကြပါတယ် ။ တင်မြရီ က တော်တော် လှတယ်ဗျ ၊ သူ့ ပါးစပ်ကလည်း မကြာမကြာ ပြောပါတယ် ။

“ ဟေ့ ... မိုးအောင် ၊ ငါက အထည်ကြီးပျက် ၊ ငါ ဘယ်လောက်ချမ်းသာခဲ့တယ်ဆိုတာ နင့် ပြောရင် ယုံမှာ မဟုတ်ဘူး  ၊ ဒီဘဝ ရောက်ရပေမယ့် ငါတော့ စိတ်မပျက်ပါဘူး ၊ ကံကောင်းရင် နန်းပြန်တက်မှာပဲ ၊ ငါ့မှာ အရွယ်လည်း ရှိတယ် ၊ ရုပ်လည်း ရှိတယ် ... ”

“ နင် လှတာတော့ ဟုတ်ပါတယ် ၊ ဒါပေမဲ့ နင့်ထက် လှတာတွေ တစ်ပုံကြီး ငါတွေ့ဖူးတာပဲ ၊ နောက်ဆုံး ရေထဲ ရောက်သွားတာ နင်ဘယ်လောက် မြင်ချင်လဲ ”

ကျွန်တော်က ဘုပြောတတ်တယ် ။ ဘယ်ဗျာ ... သူ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာ စိတ်ဝင်စားနေလို့ ဘာလုပ်မှာလဲ ။ အဓိကက သူ့အတွက် တစ်နေ့ကို ဖောက်သည် ဘယ်နှဦး ရမယ် ၊ ဆက်ဆံရေး အဆင်ပြေရမယ် ဆိုတာ အရေးကြီးပါတယ် ။ သူ့ရုပ်ကလေးကို မြင်ရင် တော်ရုံတန်ရုံ လူက မထင်ဘူးဗျ ။ မေးရ ပြောရမှာ လန့်တယ် ။ တိုက်ရိုက်ကြီး သွား မေးလို့ ထင်သလို မဟုတ်ရင် ပြဿနာ တက်မှာ ကိုး ။

ဝေဇယန္တာလမ်းမကြီး ဆိုတာ ကားမျိုးစုံ ဖြတ်သန်းသွားလာနေတဲ့ နေရာ မဟုတ်လား ။ ကောင်မလေး တစ်ယောက် သူ့ဟာသူ အသိ ကားစောင့်နေတာလည်း ဖြစ်နိုင်တယ် ။ သူ့ရည်းစားကို ချိန်းထားတာကို စောင့်နေတာလည်း ဖြစ်နိုင်တယ် ။ သူ့ရုပ်ကို ကြည့်လိုက်ရင် ဘယ်လိုမှ မေးရဲစရာ မရှိဘူး ။ တချို့ ငနဲတွေဆိုရင် တင်မြရီ က ပြုံးစစ လုပ်မှ ကားကို ဝုန်းကနဲ ရပ်ပြီး လမ်းဘေး ထိုးချ ၊ နောက်ပြန်ဆုတ် ၊ ပြီးတော့မှ လှမ်းခေါ်ရဲတာ ။ များသောအားဖြင့် တစ်ယောက်တည်းသမားတွေ ဆိုတာ တင်မြရီ ကားပေါ် ရောက်လာတဲ့ အထိ အလုပ်ကိစ္စ ပြောရဲတာ မဟုတ်ဘူး ။ နာမည်လေးကို မေးလိုမေး ၊ ဘယ်မှာ နေလဲလို့ မေးနဲ့ ပိုးရပမ်းရမလို ဖြစ်သွားတယ် ။ ဒါကိုတော့ တင်မြရီ က ဖြေရှင်းတတ်ပါတယ် ။

“ ကဲ ... အဲဒါတွေ မေးနေလို့ အပိုပဲ ၊ အခု ဘယ်ခေါ်သွားမှာ လဲ ၊ အချိန်က ဘယ်လောက်ကြာမှာလဲ ဒါပဲပြော ၊ ကျွန်မ နေပူခံပြီး ရပ်နေတာ နှလုံးသားရေးရာ ဖြေရှင်းဖို့ မဟုတ်ဘူး  ၊ ဝမ်းစာ ရှာနေတာ ရှင်းပြီလား ”

“ အစ်ကိုကြီးက အားနာလို့ ပါ ၊ တော်ကြာ စော်ကားတယ်ထင်မှာ စိုးလို့ ”

“ ဘုရားရေ ... အံ့ပါရဲ့ ၊ မိန်းကလေးတစ်ယောက် မပြောမဆို ရှင့် ကားပေါ် ဝင်ထိုင်ပြီ ဆိုရင် ဘာလဲ ဆိုတာ ရှင် မသိဘူးလား ၊ ဒါဆို ကျွန်မ ဘာသာပြောမယ် ”

မချော က အဲဒီလိုဗျ ။ တစ်ခါတလေ မေတ္တာလိုက်ရှာနေတဲ့ လူမျိုးနဲ့ တွေ့ရင်လည်း ပြန်ပြောပြရင် ဟားနေရတယ် ။

“ နင်စဉ်းစားကြည့်ဟယ် ၊ ငါက အလုပ်ကြီး ဖြစ်ချင်တာ ၊ အဲဒါကို လူကြီးက မပြီးတော့ဘူးလေ ၊ စားသောက်ဆိုင်ထဲဝင် ၊ ငါ့ကိုအအေးခွက်လေးထဲ အအေးလေးထည့်ပြီးတိုက် ၊ စားစရာလေးတွေ ခွံ့ကျွေးပြီးရင် ကာရာအိုကေထဲသွား ၊ စုံတွဲသီချင်းတွေ ဆိုရပြန်ရော ။ အဲဒီက စားပွဲထိုး ကောင်မလေးတွေကလည်း ငါတို့ ပါသွားရင် သိပ်ကြိုက်တာ မဟုတ်ဘူး ။ သူတို့ ကပ်လို့ မရဘူးဟယ် ၊ ရှင်းပြီလား ။ ကပ်လာရင်လည်း ငါတော့ ကိုယ့်ဘက်ပါအောင် လုပ်ရတာပဲ ။ အဲဒီနေရာမျိုးကျတော့ မာန တင်းလို့ မရဘူးတဲ့  ၊ သူ့ကို မနာလို ၊ သဝန်တို ပြရတယ် ။ ပြီးရင် ကိုယ်အလုပ်ဖြစ်အောင် မြန်မြန်ပြောရတာပဲ ။ တော်ကြာ စိတ်ပြောင်းသွားရင် ကိုယ့်မှာ အချိန်လည်း ကုန် ၊ အလုပ်လည်း မဖြစ်နဲ့ မကိုက်ဘူးဟဲ့ ”

“ ဟားဟ ... နင့်ဟာကလည်း တစ်ခါတလေ ကြုံတာပဲ ၊ အလုပ်မဖြစ်ည်း ဘာဖြစ်လဲ ၊ တော်ကြာ ကိုယ့်ကို တကယ် ယူမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ”

“ သေလိုက်ပါလား ၊ အဲဒီလို လူမျိုးကို ၊ ငါတို့က ရိုးနေပြီ ၊ သူတို့ စိတ်မှ အဲဒီလောက် မေတ္တာငတ်နေမှတော့ ဘယ်လိုလုပ် အကောင်းမြင်စိတ် ရှိတော့မှာ လဲ ။ သူတို့ မှာ ရှိတာ သံသယပဲ ။ ဘယ်တော့မှ တို့လို မိန်းမတွေကို မယုံဘူးဟဲ့ ။ တစ်နေ့ကို ဆယ်ခါလောက် သံသယဖြစ်နေရင် ဘယ်လိုလုပ် သာယာတော့မှာ လဲ ၊ ငါက ကြုံဖူးပါတယ် ။ ဒီလို လူမျိုးတွေဟာ ဘယ်တော့ဖြစ်ဖြစ် လွမ်းနေ ၊ ဆွေးနေဖို့ပဲ ရှာကြံနေတာတဲ့  ၊ ဘာမှန်းတော့ ငါ မသိဘူး ၊ တကယ်ကြောင်တယ် ”

“ နယ်အော်ဒါ ရရင်ကော နင် လိုက်မလား ၊ တွေ့ရင် ငါခေါ်လာခဲ့မယ် ”

“ နင် တာဝန်ယူရဲလား ”

“ ဟ ... နင့်ဟာ နင် လိုက်မယ့်ဟာ ၊ ငါက ဘာတာဝန်ယူရမှာလဲ ”  

“ အဲဒါခက်တာပေါ့ မိုးအောင် ၊ ငါတို့ လောကကို နင် ဘာမှ မသိဘူး ၊ နယ်ခေါ်သွားတယ်ဆိုတာ အမျိုးမျိုး ရှိတယ် ၊ တချို့က တကယ် အလုပ်လုပ်ဖို့ ခေါ်တာ ၊ တချို့ကျတော့ သူတို့ ပြဿနာထဲ ကိုယ့်ကို ဆွဲထည့်တာဟဲ့ ၊ ငါ ချောင်းသာ လိုက်တုန်းက တစ်ခါ ကြုံဖူးတယ် ၊ ဇာတ်လမ်းက ခပ်ရှုပ်ရှုပ် ” 

“ လုပ်စမ်းပါဦးဟ ၊ ဘာဇာတ်လမ်းတွေ ရှုပ်တာလဲ ၊ ငါ သိချင်လို့ ” 

“ အဘိုးကြီးက ခပ်ကြောင်ကြောင်ပါဟာ ၊ သူ့မှာ မိန်းမရှိတယ် ၊ ငါ ထင်တာ အဲဒီမိန်းမက ထွင်တဲ့ ဇာတ်လမ်းလား မသိဘူး ၊ အဲဒီနေ့က ငါ ခေါင်းကိုက်လို့ ဆိုပြီး ညနေမှ အလုပ်ဆင်းတယ် ။ ငါ ရောက်ပြီး နာရီဝက်နေတော့ ကောင်လေး တစ်ယောက် ရောက်လာတယ်တဲ့ ၊ သူက ငါ့ကို ချောင်းသာခေါ်ရင် လိုက်နိုင်မလားတဲ့  ။ ငါ တောင်းသလောက် ပေးပါတယ် ၊ လာခေါ်တဲ့ ကားကြီးကလည်း ပါဂျဲရိုးကြီး ၊ ခေါ်ခိုင်းတဲ့ ဦးလေးကြီး က ကား ပေါ်က မဆင်းဘူး ။ ငါ ကားထဲ ရောက်တော့ သူ့မျက်နှာက ရှက်သလိုလို ၊ ဘာလိုလိုဟဲ့ ၊ ငါ ကတော့ မရှက်ပါဘူး ။ အလုပ်သဘောအရ စရံငွေတစ်ဝက် တောင်းတယ် ။ သွားကြတာက ငါရယ် ၊ စောစောက လာခေါ်တဲ့ ကားမောင်းတဲ့ ကောင်လေးရယ် ၊ ဦးလေးကြီးရယ် သုံးယောက်တည်း ၊ သူက စပြီးစကား မပြောတော့ ငါလည်း ဘာပြောရမှန်းမသိဘူး ။ ဟွန်း ... ဒီလို လူမျိုးတွေ ငါက ရိုးနေပြီ ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ အလုပ်ရှင် မဟုတ်လား ၊ ငါကပဲ စရတာပေါ့ ။ ဦးလေး နေမကောင်းဘူးလား ၊ ဆေးရော ပါရဲ့လားဆိုတော့ “ ဟင့်အင်း ” ဆိုပြီးမျက်နှာကြီး နီသွားတာဟဲ့  ။ တကယ့်ကို ရိုးရိုးကြီးပါဟယ် ။ ဘာလုပ်ဖို့များ ငါ့ကို ခေါ်တယ်ဆိုတာ စဉ်းစားလို့တောင် မရဘူး ။ ဒါနဲ့ ငါလည်း ရေခဲဘောက်စ်ထဲက ဘီယာတစ်ဗူး ဖွင့်ပြီး သူ့ကို ပေးတော့ “ အန်ကယ် ဟိုရောက်မှ သောက်မယ် ” တဲ့  ။ ငါကလည်း သိပ်ကြိုက် ၊ သူ့ဟာသူ လွတ်လွတ်လပ်လပ် နေစေတော့ ဆိုပြီး ကားမောင်းတဲ့ ကောင်လေးနဲ့ပဲ စကားတွေ သွားပြောနေလိုက်တယ် ။ တချို့ ယောက်ျားတွေက တစ်မျိုးပဲဟဲ့ ၊ ငါတို့နဲ့ တွေ့ရင် ထိန်းချုပ်ထား သလိုလို ၊ စည်းကမ်း မဖောက်ဖျက်ချင်သလိုလိုနဲ့ ကြည့်ရတာ မအီမသာကြီးဟာ ။ ဒါနဲ့ နေစမ်းပါဦး ၊ နင်သာ ဆိုရင် ကားပေါ်မှာ ဘာလုပ်မလဲ ”

“ ဘာ .. ငါဆိုရင် ”

“ အေးလေ ၊ ဥပမာပြောတာ ၊ နင်သာဦးလေးကြီးဆို ဘာလုပ်မလဲ ”

“ ငါငတုံးမှ မဟုတ်တာ ၊ ဘာလုပ်မလဲဆိုတာ ပြောနေဖို့တောင်မလိုဘူး ၊ ကဲပါ ၊ နင်ဘာ ဆက်ဖြစ်တယ်ဆိုတာ ပြောစမ်းပါ ”

“ အေးဟေ့ ၊ အဲဒီလိုနဲ့ ချောင်းသာ ရောက်ရော ၊ ငါတို့ ရောက်တော့ ညနေ ၅ နာရီ ထိုးတော့မယ် ၊ သင်္ကြန်ပြီးကာစ ဆိုတော့ လူရှင်းတယ်ဟ ၊ ဟဲ့ .. ဟဲ့ ... မိုးအောင်ဟိုမှာ ပတ္တရောင် လှည့်နေတယ် ၊ ကားပေါ် မြန်မြန်တက် ၊ သွားရအောင် ၊ သွားရအောင် ၊ အဲဒီ ရဲတွေ ငါ့ကို သိတယ် ၊ မြန်မြန်လုပ် ”

တကယ်တော့ အန်ကယ်ကြီးခမျာ မအူမလည် ခံရတာဗျ ။ ချောင်းသာ ရောက်တော့ တင်မြရီ နဲ့ နှစ်ယောက်ခန်းမှာ တည်းကြတယ် ။ နောက်တစ်နေ့ မနက်ရောက်တော့ အန်ကယ်ကြီးရဲ့ အမျိုးသမီး ရောက်လာပြီး ပြဿနာရှာတော့တာပဲ ။ နောက်ဆုံးလင်မယားကွာရှင်းဖို့ သဘောတူလိုက်ရပါတယ် ။ ဒါပေမဲ့ ပြဿနာတွေ စဖြစ်ချိန်ကနေ ပြီးသွားတဲ့ အထိ ဒရိုင်ဘာကောင်လေး ပေါ်မလာဘူး ။ အဲဒီ ကောင်လေးက အမျိုးသမီးရဲ့ တူ တော်တယ်လို့ နောက်တော့ သိရတယ် ။ အန်ကယ်ကြီးက ပထမတော့ ရေငုံနှုတ်ပိတ်နေပါတယ် ။ တင်မြရီ ကိုပါ သက်သေလုပ်မယ် ဘာညာဖြစ်လာတော့မှ သူ့အမျိုးသမီးကို ပေါက်ကွဲပါတော့တယ် ။ ဒါဟာ မင်းရဲ့ အကြံအစည်မကင်းဘူး ဆိုတာ ငါသိတယ် ၊ မင်း ငါ့ ကို ကွာပြီး နောက်ထပ် ... ။ ဇာတ်လမ်းက အဲဒီလိုဗျ ။ အမျိုးသမီးက လွန်ခဲ့တဲ့ တစ်ပတ်လောက် မှာတည်းက ခရီးသွား နေပါလျက် ဘာကြောင့် ချောင်းသာကို ရောက်လာရတာလဲ ။ လွန်ခဲ့တဲ့ နှစ်လလောက်က လင်မယား ကတောက်ကဆ ဖြစ်လို့ စိတ်ညစ်နေတဲ့ အန်ကယ်ကြီး ကို ဒရိုင်ဘာကော င်လေးက ချောင်းသာ မှာ အနားယူဖို့ အတင်း စည်းရုံးတာ အခုမှ သဘောပေါက်ကြတယ် ။

“ ဒါမျိုးတွေ ငါတို့ အတွက် ရိုးနေပါပြီဟာ ၊ ဒါတွေ ကြုံရလို့ စိတ်မပျက်ပါဘူး ၊ ပိုက်ဆံရှိရင် ကျော့နေအောင် ဝတ်မယ် ၊ ဒီဇိုင်းအသစ် ပေါ်ရင် ဦးအောင် ဝယ်မယ် ၊ မော်ဒယ်ရှိုးပွဲတွေ လိုက်ကြည့်မယ် ၊ ကိုယ့်အရွယ် ကိုယ့်အလှအပကို ထိန်းထားမယ် ၊ ဒါပဲ ”

ကဲ ... ကျွန်တော် ဘာပြောရမလဲ ။ တင်မြရီနဲ့ ရင်းနှီးတာ ဒီကနေ့ဆို လေးနှစ် ကျော်ပြီ ။ မနက် ဆိုရင် ကျွန်တော်အော်ဒါရလို့ သူတို့ ဘက်ရော က်ရင် လက်ဖက်ရည်သွားသောက်ကြမယ် ။ တစ်ခါတလေ သူ့မှာ အလုပ် ချိန်းထားရင် လက်ပြနှုတ်ဆက်ကြတယ် ။ ညနေဘက်မှာ သူ သွားစရာရှိရင် ကျွန်တော် ဂိတ်ထိုးတဲ့ နားက အိမ်ကို ဖုန်းဆက်ပြီးမှာ ထားမယ် ။ တစ်ခါတလေ သူက ကျွန်တော့်ကို တရုတ်တန်းမှာ ဘီယာ လိုက်တိုက်သလို ကျွန်တော်လည်း သူ့ကို ကာရာအိုကေမှာ သီချင်းဆိုဖို့ အဖော်လိုက်ပေးတာ ရှိတယ် ။ တင်မြရီ ဘယ်လောက် လှတယ် ၊ ခေတ်ဆန်တယ်ဆိုတာ လူတစ်ယောက်ကို နှစ်ခါ ခေါ် မေးနေစရာ မလိုဘူး ။ တင်မြရီ နဲ့ ပတ်သက်ပြီးရင် တင်မြရီ ကို တမ်းတနေသူ များတယ် ။ အပြင်ကို တွဲသွားလို့ သူများ ကြည့်ရင်လည်း ထင်ရက်စရာ မရှိအောင် ခေတ်ဆန်နေတဲ့ မိန်းကလေးကို ခင်မင်မိတာ ကျွန်တော် မမှားဘူး ။

“ ဒါပေမဲ့ မိဘဘက်က ကြည့်ရင် မင်းမှားတယ် ငမိုး ၊ ယောက်ျားဆိုတာ မိန်းကလေးတွေနဲ့ ပတ်သက်ရင် ပျော်ရုံပါးရုံ တွဲတာ ဝါသနာရှိတယ်ပဲထား ၊ ဒါအပြစ် မဟုတ်ဘူး ၊ မင်းအဘိုးက ငါ မင်းအရွယ်တုန်းက ဆုံးမဖူးတယ် ၊ ယောက်ျားဆိုတာ ခေါက်ဆွဲ ကြိုက်လို့ ဝယ်စားရင် ဖက်ကို အိမ်ယူလာရဘူးတဲ့ ၊ အဲဒါ မင်းမှတ်ထား ” 

ဟိုခေတ်ကတော့ ခေါက်ဆွဲကြော် ဆိုတာ ပါဆယ်ဝယ်ရင် ဖက်နဲ့ ထုပ်ပေးတာကို ပြောတာပါ ။ အခုခေတ်တော့ ပါဆယ်ဘူးတွေနဲ့ ဖြစ်ကုန်ပါပြီ ၊ ဒါကသိပ်တော့ အဓိကမကျဘူး ။ ဆိုလိုရင်း အဓိပ္ပာယ် ကတော့ ပြဿနာ ဖြစ်မှာကို အိမ်မသယ်လာနဲ့လို့ သတိပေးတာပဲ ။ ဒါဟာ အဖေနဲ့ ကျွန်တော်နဲ့ ကွဲလွဲချက်ပါ ။ ပြီးတော့ ခေတ်တစ်ခေတ်နဲ့ တစ်ခေတ်ရဲ့ ကွာဟချက်လို့ ကျွန်တော် မြင်တယ် ။ ကျွန်တော်အရင်က ရှင်းပြဖို့ ကြိုးစားပါတယ် ။ သူက ...

“ ဟေ့ကောင် ဒီမှာကြည့် ... ” 

ဆိုပြီး သူ့ပါးစပ်ထဲ လက်ညှိုး ထိုးပြတယ် ။ အန်တိုနေပြီပေါ့လေ ။

“ မင်းက ရန်ကုန်မြို့ထဲတင် ကျင်လည်တာပါ ၊ ငါက အရှေ့တောင်အာရှကုန်သွားပြီကွ ၊ မင်း မှတ်ထားဖို့ ဒီအရှေ့တောင်အာရှမှာ မြန်မာသင်္ဘောသားဟာ အလည်ဆုံးပဲ ၊ အဲဒီထဲမှာ ငါ ပါတယ် ။ ကြာရင် ဒီကောင်မ ငါ့အိမ်ပေါ် ရောက်လာလိမ့်မယ် ၊ မင်းကိစ္စတွေ ရပ်တော့ ” 

“ ဘာတွေ လာပြောနေတာလဲ ”

လို့ စိတ်ထဲက ပြန်ပြောမိပါတယ် ။ နောက်နောင်တော့ သူ ပြောတာ သူ့စကားပဲ ။ ကျွန်တော်ကတော့ တင်မြရီ တို့ နဲ့ ခင်မင်မြဲပါပဲ ။ တကယ်ပါ ၊ သူ ဘာပြောပြော ပြန်မပြောတာ ကျွန်တော့် တာဝန် ကျွန်တော် လုပ်နေတာ ၊ ဆက်လုပ်တာက ကျွန်တော့် သဘောပဲလေ ။ ဒါဟာ ခေတ်ရဲ့ ဗျူဟာပဲဗျ ။ ငရဲမကြီးအောင်နေတဲ့ နည်းပဲ ။ ကြာတော့ အဖေလည်း ကျွန်တော့် ကို နားလည်လာတယ် ။ ဒီထက် ပိုကောင်းတဲ့ အချက်က ခေတ်လူငယ်တွေကို သဘောပေါက်လာတဲ့ အချက်ပါပဲ ။ သူ့ဘဝ ၊ သူ့အတွေ့အကြုံ ၊ သူ့ အသက်အရွယ်တုန်းက ဖြတ်သန်းရတဲ့ လူငယ်ဘဝ နဲ့ ကျွန်တော် ဖြတ်သန်းနေရတဲ့ လူငယ်ဘဝဟာ မတူတော့ဘူး ။ မနက် မိုးလင်းလို့ ကားစထွ က်ပြီ ဆိုတာနဲ့ အရင်ဆုံး ဆုတောင်းရတာက ကားမပျက်ဖို့ ၊ လမ်းမှာ ပြဿနာ မဖြစ်ဖို့ ၊ ခရီးသည် ရဖို့ ၊ ပြီးတော့မှ ကျွန်တော့် အတွက် နံနက်စာကို စဉ်းစားရပါတယ် ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment