Sunday, October 19, 2025

တစ်ညချမ်းဝယ်


 

❝ တစ်ညချမ်းဝယ် ❞
          ( ဇဝန )

ညနေစောင်းကတည်းကပင် မိုးတစိမ့်စိမ့် ရွာသွန်းလျက်ရှိကာ ပိန်းမှောင်နေသော အာကာသကို ဖောက်ထွင်း ဝင်းလက်လိုက်သည့် လျှပ်စစ်နှင့်အတူ မြည်ဟိန်းသွားသော မိုးချုန်းသံမှာ ကောင်းကင် အပေါ်ထပ်က သံတလိမ့်လုံးကြီးကို လှိမ့်ဆွဲလိုက်သလို ရှိပေ၏ ။

ဒေါက်တာ သင်းကြည် သည် အိမ်ရှေ့ခန်းတွင် ထိုင်၍ စာဖတ်နေရာက အဆက်မပြတ် မိုးရေပက်နေသည့် မှန်ပြတင်းများကို တစ်ချက်တစ်ချက် လှမ်း၍ ကြည့်မိရင်း ဒီညအဖို့တော့ဖြင့် ဘယ်ကမျှ အရေးတကြီးကိစ္စဖြင့် လာရောက်ခေါ်ငင်ခြင်း မရှိပါစေနှင့်ဟု စိတ်ထဲက ကျိတ်၍ ဆုတောင်းမိလေသည် ။

၉ နာရီအချိန်လောက်သို့ ရောက်လာခဲ့ပေပြီ ။ ထိုအချိန် အထိ ဘယ်ကမျှ အခေါ်ရောက် မလာသဖြင့် ထိုညအဖို့ အပြင်ထွက်ရန် အကြောင်း မပေါ်တော့ဘဲ နွေးနွေးထွေးထွေး အိပ်ရပေတော့မည်ဟု စိတ်ချမ်းသာ သွားလေသည် ။

ထိုအခိုက်မှာပင် တယ်လီဖုန်းခေါ်သည့် ခေါင်းလောင်းသံ ကြားရသဖြင့် စာအုပ်ချပြီး ထိုင်ရာမှ ထကာ တယ်လီဖုန်း ရှိရာသို့ သွား၍ စကားပြောခွက်ကလေးကို ကောက်ယူ နားထောင်ရလေသည် ။

တယ်လီဖုန်းထဲမှ ပြောနေသည့် အသံမှာ မိမိ အသိထဲက မဟုတ်သော ယောက်ျား တစ်ယောက်၏ အသံ ဖြစ်ပြီးလျှင် တုန်တုန်ယင်ယင်နှင့် မပြတ်မသား ရှိသောကြောင့် ဂရုစိုက်၍ နားထောင်နေရလေ၏ ။

“ ဒေါက်တာ ဒေါက်တာ ... ကျွန်တော် ပြောနေတာ ကြားရဲ့ မဟုတ်လား ၊ ကျေးဇူးပြုပြီးတော့ အမြန်ဆုံး ဆက်ဆက်လာပါ ဒေါက်တာရယ် အသက်တစ်ချောင်းကို ကယ်ပါ ဒေါက်တာ ”

စကားပြောနေသူ၏ အသံမှာ တည်ငြိမ်ခြင်း မရှိဘဲ စိတ်ထဲ၌ အလွန် လှုပ်ရှားနေခြင်းကို ဖော်ပြနေလေသည် ။ ထိုသို့ ပြောရင်းက တစ်ချက်တစ်ချက် အမောဖြေ သကဲ့သို့ ရပ်ဆိုင်း ရပ်ဆိုင်းသွားသည် ။ ထိုသူ၏ အသနားခံနေသည့် စကားအရ အလောသုံးဆယ် အရေးတကြီး ဖြစ်နေပုံရလေသည် ။

ဤအချိန် ဤအခါမျိုးတွင် ရိုးရိုး ကိစ္စနှင့်ပင် အပြင်သို့ ထွက်ရန် မကောင်းလှပေ ။ ယခု သွားရမည့် နေရာမှာ လူသူ အသွားအလာ ပြတ်သော ကန်တော်ကြီးစောင်းရှိ ပတ်လမ်းမှ ဝင်ရသော ဖိုးစိန်လမ်း ခေါ်သည့် တာမွေလမ်းရှိ အိမ်တစ်အိမ် ဖြစ်နေပြန်လေရာ သာ၍ပင် သွားရန် မတော် ၊ စိတ်ကူးထဲ၌ပင် မထည့်စကောင်းပေ ။

ထိုလမ်းထဲရှိ ကွယ်လွန်သူ စစ်ကဲကြီး ဦးဖေသော် နေထိုင်သွားသည့် အိမ်ကြီးမှာ အလွန် တစ္ဆေခြောက်သည်ဟု သတင်းကြီးလေရာ ဒေါက်တာသင်းကြည်သည် တစ္ဆေသူရဲကို ယုံကြည်သူတစ်ယောက် မဟုတ်သော်လည်း ထိုအိမ်ကြီး အနီးသို့ ရောက်သည့် အခါတိုင်း စိတ်ထဲတွင် မသိုးမသန့် ဖြစ်ခဲ့ရဖူးလေသည် ။

ထိုအိမ်ကြီးမှာ နှစ်ဆောင်ပြိုင် တိုက်ခံပျဉ်ထောင် အိမ်ဖြစ်၍ ရှည်ရှည်လျားလျား နေသောကြောင့် အိမ်ကြီးကိုကပင် ကြောက်စရာ ကောင်းနေသည် ။ အိမ်မျက်နှာစာ အထက်ပိုင်းရှိ ဘဲဥပုံမှန် ပြတင်းပေါက် နှစ်ဖက်မှာ လူ့ မျက်လုံးများနှင့် တူလျက် နှစ် ဆောင်ပြိုင် အလယ်တည့်တည့်မှ ဆင်ဝင်နှင့် အိမ်ရှေ့ခန်းမှာ လူ့နှာခေါင်းကြီး ကဲ့သို့ ရှိသည် ။ ယခု ဒေါက်တာ သင်းကြည်သည် တနင်္ဂနွေ တစ်ပတ် ၊ နှစ်ပတ် ထက် ပို၍ နေထိုင်သူ မမြဲသော ထိုအိမ်ကြီး ရှိသည့် လမ်းထဲသို့ သွားရမည်ဖြစ်၍ စိတ်လေးမိသည် ။

“ ခေါ်တဲ့ လူကလည်း ငါ့ပဲ ခေါ်စရာရှိသလား ”

ဒေါက်တာ သင်းကြည်သည် ထိုသို့ စိတ်ထဲက မေးခွန်းထုတ်လိုက်ရာမှ အမှန်ပင် အနီးအပါး တစ်ဝိုက်တွင် ဆရာဝန်ဆို၍ မိမိ တစ်ယောက်သာ ရှိသည်ကို အဖြေထွက်၍ လာလေသည် ။

ဆရာဝန် ဆိုသည်မှာ အချိန် တော်သည် ၊ မတော်သည်ကို ရွေး၍ နေခွင့် မရ ၊ အရေးတကြီး အကြောင်းရှိ၍ ခေါ်လျှင် သွားရစမြဲပင် ဖြစ်၏ ။ ဒေါက်တာ သင်းကြည်သည် သူ၏ မွန်မြတ်သော အလုပ်ကို အလွန် နှစ်သက်မြတ်နိုးသည်  ။ ကျောင်းမှ ထွက်စဉ်က သူပန်ဆင်ခဲ့ရသော သစ္စာအဓိဋ္ဌာန်ကို သူအမြဲ စောင့်ထိန်းခဲ့သည် ။ ကျောင်းမှ ထွက်၍ ဆေးရုံကြီး၌ ဝင်ရောက် လုပ်ကိုင်ခဲ့ရပြီး နောက် နှစ်စေ့၍ ဆေးရုံကြီးမှ ထွက်ကာ ကိုယ့်လုပ်ငန်းကိုယ် လုပ်ကိုင်ရသည့် အခါတွင် လွတ်လပ်မှု၏ အရသာကို ခံယူခဲ့ရသည် ။ သို့သော် ယခုကဲ့သို့ အချိန်မတော် သွားရလာရမည့် အလုပ်ပေါ်သည့် အခါ ဆေးရုံကြီးသို့ ပြန်၍ အလုပ်လုပ် နေချင်မိတော့သည် ။

ယခုမူကား မိမိ အား ခေါ်ငင်သည့် နေရာကို မသွားလျှင် မဖြစ် သကဲ့သို့ ရှိနေသည် ။ ထိုကိစ္စမှာ အသက်နှင့် နီးစပ်သည့် ကိစ္စဖြစ်နေရာ အသက်တစ်ချောင်းကို တတ်စွမ်းသမျှ ကယ်ဆယ်ရန်မှာ မိမိ၏ ဝတ္တရား တစ်ခု ဖြစ်နေပေသည် ။

သို့ဖြစ်၍ ဒေါက်တာ သင်းကြည်သည် လက်ဆွဲသားရေအိတ်ထဲတွင် ဆေးပစ္စည်းများကို ထည့်ကာ မိုးကာ အင်္ကျီအပျော့ကလေးကို ကမန်းကတန်းဆွဲငင်ဝတ်လျက် ညနေကပင် ကားဒရိုင်ဘာကို ပြန်၍ လွှတ်လိုက်ပြီ ဖြစ်သောကြောင့် ကိုယ်တိုင် ကားမောင်းပြီး ထွက်ခဲ့ရလေသည်  ။

လမ်းတွင်ကား လူသွားလူလာ ကင်းလျက် လူခြေတိတ်နေပြီ ဖြစ်သည့်အပြင် အိမ်များမှာ တံခါးပိတ်ထားကြပြီ ဖြစ်သောကြောင့် အင်းအားချည့်နဲ့သော လမ်းဓာတ်မီးအလင်းရောင်ရှိသည့် နေရာမှ တစ်ပါး မှောင်မည်း၍ နေတော့၏ ။ ဖိုးစိန်လမ်းထဲသို့ ကားကလေး ချိုး၍ဝင်လိုက်သည့် အခါ၌ကား သစ်ပင်များ အုပ်နေသည့် အတွက် သာ၍ပင် မှောင်မိုက်နေလေသည် ။

တယ်လီဖုန်းထဲမှ ပေးလိုက်သည့် အိမ်နံပါတ်မှာ ဖိုးစိန်လမ်းနှင့် တာမွေလမ်း ဆက်နေသည့် နေရာလောက်တွင် ရှိမည်ဟု ဒေါက်တာသင်းကြည် ခန့်မှန်းမိသည့် အလျောက် စစ်ကဲကြီး ဦးဖေသော်၏ အိမ်ရှေ့က ဖြတ်၍ သွားရမည်ကို တွေးမိလေသည် ။ သို့သော် မိမိမှာ ကားမောင်း၍ လာခြင်းကြောင့် ဘာမှ ကြောက်စရာ မလို ။ အကယ်၍ ကားရှေ့က ကိုးရိုးကားရား ရပ်၍ ပြကာ ခြောက်လှန့်ပါမူ ကားကို တစ်ရှိန်ထိုး မောင်း၍ တိုက်ခိုက် ထိုးဖောက်သွားမည်ဟု နှလုံးပြုကာ သီချင်းဆို၍ စိတ်တင်းလာခဲ့ရသည် ။

ဒေါက်တာ သင်းကြည်သည် ကားပေါ်မှ နေ၍ အိမ်နံပါတ်များကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရလေရာ ကားကို မြန်မြန် မမောင်းနိုင်ဘဲ ဖြည်းဖြည်းမောင်း နေရလေ၏ ။

၂၃ ... ၂၅ ... ၂၇ ။

ပေးထားသည့် အိမ်နံပါတ်နှင့် တဖြည်းဖြည်း နီး၍ လာပြီဖြစ်ရာ မိမိ သွားရမည့် အိမ်မှာ စစ်ကဲကြီးအိမ်နှင့် ကပ်နေလိမ့်မည်ဟု တွက်ကြည့် လိုက်မိသေးသည် သို့သော် အိမ်နံပါတ်ကိုတွေ့၍ ကားရပ်ပြီး ကြည့်လိုက်ရာတွင် တစ္ဆေ ခြောက်သည်ဟု နာမည်ကြီးနေသော စစ်ကဲကြီး ဦးဖေသော်၏ အိမ်ပင် ဖြစ်နေသည်ကို တွေ့ရလေတော့သည် ။ ဒေါက်တာ သင်းကြည်သည် ကားပေါ်တွင် မလှုပ်မရှားဘဲ မျက်လုံးများ ပြူး၍ အိမ်ကြီးကို ကြည့်နေမိသည် ။ ရင်ထဲကလည်း ခုန်၍ နေတော့သည် ။ အိမ်ခေါင်မိုး တံစက်မြိတ်အောက်၌ ကပ်နေသော မျက်လုံးကြီးများနှင့် တူသ ည့် ဘဲဥပုံ ပြတင်းပေါက် နှစ်ခုထဲမှ မှေးမှိန်သော အလင်းရောင်ကို မြင်နေရသည်မှာ မျက်လုံးမှိတ်တုတ် မှိတ်တုတ် လုပ်ပြနေသလားဟု ထင်ရသည် ။ ထိုအိမ်တွင် ကြာကြာ လူနေလေ့ မရှိ ။ တစ်ခါတစ်ရံ နေထိုင်သူ ရောက်လာသော်လည်း မည်သူမည်ဝါ ဖြစ်သည်ဟု မသိရ ။ နေ့ခင်းတွင် တံခါးများ အမြဲပိတ်ထားလေ့ရှိပြီး ညဘက်မှာမှ မီးရောင် တွေ့ရ၍ လူရှိမှန်း သိကြရ လေသည် ။

မသင်းကြည် သည် မိမိအား တစ်စုံတစ်ယောက်သော သူက နောက်ပြောင်ပြီး ထိုအိမ်ကြီးသို့ ရက်ရက်စက်စက် ပို့လိုက်ခြင်းပေလောဟု တွေးကာ မဝင်ဘဲ ပြန်ရလျှင် ကောင်းမည်လားဟူ၍ စိတ်၌ ဖြစ်လိုက်မိသည် ။ သို့သော် အိမ်ထဲသို့ လှမ်း၍ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်လိုက်ရာ ဆင်ဝင်အောက်တွင် မော်တော်ကားတစ်စင်း ဆိုက်ထားသည်ကို တွေ့ရသောကြောင့် အနည်းဆုံး အပြင်က လာသူ တစ်ဦးတစ်ယောက်တော့ ရှိနေရမည် ဖြစ်၍ မဝင်ရဲစရာ မရှိဟု ယူဆရလေ၏ ။ ဆရာဝန် တစ်ယောက် ဖြစ်ခြင်းကြောင့်လည်း သတ္တိ ရှိရပေမည် ။

မသင်းကြည်၌ ဆရာဝန်၏ သတ္တိ ရှိသော်လည်း မိန်းမသား၏ နူးညံ့ထိတ်လန့်တတ်သော စိတ်နှင့် ယှဉ်၍ နေလေသည် ။ သို့ဖြစ်၍ အိမ်ထဲသို့ ဝင်ဝံ့သော သတ္တိကို ရုတ်တရက် ဖော်ထုတ်၍ မရသေးပေ ။ သဘာဝ လောကဓာတ်ကြီး ကလည်း ကြောက်ရွံ့စိတ် ပိုလာအောင် မိုးချုန်းသံပေး၍ လျှပ်ပန်း လျှပ်နွယ်များ ပြိုးပြက်နေလေသည် ။ သစ်ပင်သစ်ရွက်များ အကြားမှ တိုးဝှေ့၍ တဟဲဟဲမြည်သည့် လေသံကလည်း ကြက်သီး ထချင်လာအောင် လုပ်နေသေးသည် ။

ထိုအခိုက်မှာပင် အိမ်ထဲက စူးရှသော မိန်းမသံ တစ်သံ ထွက်လာလေရာ မသင်းကြည်မှာ ခေါင်းနားပန်းကြီး သွားသည် ။ ပြီးမှ မနည်းစိတ်ကို တင်းလိုက်ရသည် ။ ထိုသို့ စိတ်ကို တင်းလိုက်သည် နှင့် အမျှ ဆရာဝန်စိတ် ပေါ်၍ လာလေ၏ ။ အိမ်ကြီးထဲ တွင် ပြင်းပြစွာ ဝေဒနာ ခံစားနေရသူ တစ်ဦး ရှိနေရာ ဒေါက်တာသင်းကြည်မှာ ထိုဝေဒနာကို သက်သာအောင် လုပ်ပေးရမည့် တာဝန်ဝတ္တရားရှိသူ ဖြစ်သည့် အလျောက် သူရဲဘောကြောင်စွာဖြင့် နောက်ဆုတ်သွားခြင်းကို မပြုအပ်ပေ ။

ထိုစိတ်ဓာတ်ပေါ်ပေါက် တက်ကြွလာသည်နှင့် တစ်ပြိုင်နက် မသင်းကြည်သည် ကားကို ဆက်၍ မောင်းပြီး အိမ်ဝင်းထဲသို့ ချိုးဝင် လိုက်လေ၏ ။ အိမ်ရှေ့တံခါးမှာ ဖွင့်၍ ထားရာ လေတိုက်သဖြင့် တံခါးရွက်များ စေ့လိုက် ပွင့်လိုက်နှင့် လူမျက်နှာနှင့် တူသော အိမ်ကြီးက ပါးစပ်ပိတ်လိုက် ၊ ဟလိုက် လုပ်နေသည်ဟု ထင်ရပေ၏ ။

အိမ်ထဲသို့ ကြည့်လိုက်ရာ အောက်ထပ်တွင် မှောင်၍ နေသဖြင့် လက်နှိပ်ဓာတ်မီး ပါလာစေကာမူ အရမ်းစွတ်၍ ဝင်မသွားဘဲ တံခါးကို တဒုံးဒုံး ပုတ်၍ လူခေါ် လိုက်ရလေ၏ ။

သို့သော် အပြင်က မိုးသံလေသံများကြောင့် တံခါးပုတ်သံကို မည်သူမျှ ကြားရဟန်မတူ ။ တစ်ဦးတစ်ယောက်မျှ ထွက်ပေါ်၍ မလာချေ ။

လူနာကား အိမ်ပေါ်ထပ်တွင် ရှိနေမည် မှန်ပေသည် ။ သို့သော် စွတ်၍ တက်သွားလျှင် ဘာကို တွေ့ ရမည် မသိနိုင်သဖြင့် တက်သွား၍ မဖြစ် ။ တစ်ကြောင်းမှာလည်း မိမိ မှာ မိန်းမသားတစ်ဦး ဖြစ်နေပြန်သည့်အတွက် အတင့် မရဲသင့် ဟူ၍လည်း တွေးမိသည် ။

ဆေးရုံကြီးတွင် လုပ်ရစဉ်က မသင်းကြည်အား ဆရာဝန်ကြီးဒေါက်တာ ဘင်းနက်က ‘ မင်းဟာ လူကတော့ ဖယောင်း ၊ စိတ်ကတော့ သံချောင်း ' ဟု ချီးကျူးခဲ့ဖူးလေသည် ။ ယခုမူ မသင်းကြည်၏ စိတ်မှာ သံချောင်းကဲ့သို့ ခိုင်မာခြင်း မရှိတော့ဘဲ သိုးမွှေးချည် အပြတ်ကဲ့သို့ ပျော့ဖပ်ဖပ် ဖြစ်၍ နေတော့သည် ။

တံခါးကို ပုတ်၍ ခေါ် သော်လည်း မရသဖြင့် မသင်းကြည်မှာ အော်၍ ခေါ်လိုက်ရလေ၏ ။

“ ဘယ်သူမှ မရှိကြဘူးလား ”

ဤအသံမှာပင် ငိုသံနှင့် ငယ်သံပါ၍ နေလေသည် ။

သို့သော် ထိုအသံကြောင့် အိမ်ပေါ်ထပ်မှ ခြေနင်းသံ ပေါ်လာကာ လူတစ်ယောက် ဖယောင်းတိုင်ကို ကိုင်လျက် အိမ်ပေါ်မှ ဆင်း၍ လာလေ၏ ။ ထိုသူ၏ လက်ထဲက ဖယောင်းတိုင် မီးရောင်အားဖြင့် အသက်အရွယ် မတိမ်းမယိမ်းလောက်ပင် ရှိမည့် ပျိုပျိုရွယ်ရွယ် လူတစ်ယောက် ဖြစ်သည်ကို တွေ့ရသည့်ပြင် စိုးရိမ် ထိတ်လန့် ရလောက်သော ရောဂါဝေဒနာ တစ်ခုခု ခံစားနေရသူ တစ်ယောက် ဖြစ်သည်ကို ဆရာဝန်၏ အမြင်ဖြင့် အကဲခတ်လိုက်မိလေသည် ။

“ ဒေါက်တာ သင်းကြည်လား ”

သူမေးလိုက်သည့် စကားသည် ဒေါက်တာသင်းကြည်မှာ ယောက်ျားဆရာဝန် မဟုတ်ဘဲ မိန်းမတစ်ဦး ဖြစ်နေသည်ကို တွေ့၍ အံ့အားသင့်သည့် လေသံ ပါ၍နေပေသည် ။ သူ၏ စကားများမှာ ကြီးလှစွာသော ဝေဒနာထဲ မှ ထွက်လာရသည့် စကားများ ကဲ့သို့ ရှိသည် ။ သူ၏ မျက်လုံးများတွင် သူ၌ ကာယိက ဒုက္ခ ခံစားနေရသည် တစ်ခုတည်းသာ မဟုတ်ဘဲ စိတ္တဒုက္ခပါ ခံစား နေရခြင်းကို ဖော်ပြနေလေသည် ။

“ လူမမာဟာ ရှင်ပဲလား ”

“ မဟုတ်ပါဘူး ၊ မိန်းကလေး တစ်ယောက်ပါ ၊ အပေါ်မှာ ပါ ”

“ ရှင့် ကြည့်ရတာလည်း အတော့် ကို မမာနေပုံရတယ် ”

“ ကျွန်တော်က ကိစ္စ မရှိပါဘူး ။ အပေါ်က မိန်းကလေးကိုသာ မြန်မြန် လာပြီး ကြည့်စေချင်ပါ တယ် ... လိုက်ခဲ့ပါ ”

သူသည် လက်တစ်ဖက်ဖြင့် လှေကားလက်ရန်းကို မှီတွယ် အားပြုကာ ရှေ့က တက်သွား၍ ဒေါက်တာသင်းကြည် က နောက်က လိုက်သွားရလေ၏ ။ သူကား အပေါ် ရောက်အောင် မနည်း ကြိုးစား၍ တက်နေရလေသည် ။

အပေါ်ထပ်သို့ ရောက်သည် နှင့် တံခါးပွင့်နေသော အခန်းတစ်ခုကို လက်ညှိုးညွှန်ကာ‘ ဟိုထဲမှာ ’ ဟု လေသံဖြင့် ပြောလေသည် ။

အခန်းထဲမှ ဝေဒနာ ခံစားနေ ရသဖြင့် ညည်းညူနေသော မိန်းမ တစ်ယောက်၏ အသံကို မသင်းကြည် ကြားရ လေ၏ ။ သို့ ကြားလိုက်ရသည်တွင် ကြောက်စိတ်များ အားလုံး မေ့ပျောက်သွားကာ အခန်းထဲသို့ တောက်လျှောက် ဝင်သွားလေ၏ ။ အထဲသို့ ရောက်သည့် အခါ ခုတင် တစ်လုံးပေါ်တွင် ခွေ၍ လဲနေသော မိန်းမငယ်တစ်ဦးကို တွေ့ရသဖြင့် ရပ်ပြီး ငုံ့ကြည့်နေမိသည် ။

အခန်းထဲတွင် ဖယောင်းတိုင် နှစ်တိုင်၏ အလင်းရောင်သာ ရှိပေ၏ ။ မိန်းမပျိုမှာ အတော်ပင် ငယ်လေသေးသည် ။ သူ၏ မျက်နှာမှာ ဝေဒနာကြောင့် ရှုံ့မဲ့နေ သော်လည်း မိန်းမချောကလေး တစ်ယောက် ဖြစ်သည်ကိုကား သိသာလေသည် ။

အခန်းတွင်း၌ ကမန်းကတန်း ရှင်းလင်းထားသည့် လက်စ ခြေစများ နှင့် ကြမ်းပေါ်တွင် သွေးများ စွန်းပေနေသော အဝတ်တစ်ခု ပုံထားသည်ကို တွေ့ရ၏ ။

မိန်းမပျိုကလေးသည် မျက်လုံးများကို ဖွင့်၍ ဒေါက်တာသင်းကြည် အား ကြည့်လေသည် ။ သူ့ မျက်လုံးများမှာ ဝေဒနာ၏ ဒဏ်ကြောင့် ပြူးနေလေသည် ။ သူ၏ လက်ဝါးနှစ်ဖက်ကို ရင်ဘတ် အထက်တွင် ဖိထားသည် ။

ဒေါက်တာ သင်းကြည်က ထိုလက်နှစ်ဖက်ကို အသာအယာ ဆွဲ၍ ရင်ဘတ်မှ ခွာလိုက်ရာ ဒဏ်ရာတစ်ခု ရ၍ အဝတ်ဖြင့် မတတ်တတတ် ပတ်တီး စည်းပေးထားသည်ကို တွေ့ရလေ၏ ။

“ ဒါ ... သေနတ်မှန်တာနဲ့ တူတယ် ” ဟု မသင်းကြည်၏ ပါးစပ်မှ အသံကျယ်ကျယ် ထွက်သွားသည် ။

ယောက်ျားပျိုသည် ခေါင်းညိတ်၍ ဝန်ခံကာ စကားကို မပြောဘဲ ကုလားထိုင် တစ်လုံးရှိ ရာသို့ ဒယီးဒယိုင် လျှောက်၍ သွားလေ၏ ။

ကုလားထိုင်ပေါ်တွင် ထိုင်မိပြီးမှ ယောက်ျားပျိုက ‘ ကျေးဇူးပြုပြီး ကုပေးပါ ဒေါက်တာ ’ ဟု ခြောက်ကပ်ကပ် အသံဖြင့် တောင်းပန်လေ၏ ။

“ မဖြစ်ဘူး..မဖြစ်ဘူး ၊ သူ့ကို ကျွန်မ မကုနိုင်ဘူး ။ ဆေးရုံကို ချက်ချင်းပို့မှ ဖြစ်မယ် ”

“ ဆေးရုံ မသွားပါရစေနဲ့ ရှင် ... ဆေးရုံ သွားမယ့် အစား ကျွန်မ သေလိုက်ပါရစေတော့ ” ဟု မိန်းမပျိုက အသံ သဲ့သဲ့ဖြင့် ပြောလေ၏ ။

“ ဟုတ်တယ် ဒေါက်တာ ၊ သူ့ကို ဆေးရုံပို့လို့ တော့ မဖြစ်ဘူး ။ ဒီအကြောင်း ဘယ်သူမှ မသိစေချင်ပါဘူး ။ ဒေါက်တာ တတ်နိုင်သမျှ ကြိုးစားပြီးတော့သာ ပြုစုပေးပါ ”

“ ဒီလို ဖြစ်တဲ့ ဒဏ်ရာမျိုးကို တိတ်တိတ်ကျိတ်ပြီး ကုလို့ မဖြစ်ဘူး ။ ဒီအမှု ပေါ်သွားရင် ဘယ့်နှယ် လုပ်မလဲ ။ ဆရာဝန်မှာ အပြစ်ကြီးတယ် ။ နောက်ပြီး လူနာ သေသွား ရင် မခက်ဘူးလား ။ သေနတ် ကျည်ဆန် ဝင်နေရင် ခွဲထုတ်ရလိမ့်မယ် ။ ဆေးရုံသွားမှ ကုနိုင်မယ် ” ဟု မသင်းကြည်က ခပ်တင်းတင်း ပြောရလေ၏ ။

“ ကျည်ဆန်ကို ကျွန်တော် တွေ့ပြီးပါပြီ ။ မရှိတော့ပါဘူး ။ အမှုလည်း မဖြစ်ပါဘူး ၊ ဘယ်သူမှလည်း မသိစေ ရပါဘူး ။ ဒဏ်ရာကလည်း မကြီးလှဘူးလို့ ထင်ပါတယ် ဒေါက်တာရယ် ကျကျနန ဆေးထည့်ပေးပြီး အနာသက်သာအောင် အိပ်ဆေးကလေးသာ ပေးပါ ”

“ အတော်ခက်တယ် ၊ ဒါဟာ ကုပေးလို့ မဖြစ်ဘူး ။ ဆေးရုံကိုသွားပါ ”

“ တောင်းပန်ပါရစေ ဒေါက်တာရယ် ဆေးရုံ သွားရရင် ပုလိပ်မှု ဖြစ်နေပါလိမ့်မယ် ။ ကျွန်တော်တို့ အဖြစ်ကို ဘယ်သူမှ မသိစေချင်လို့ပါ ၊ သူကလည်း ဆေးရုံတော့ မသွားဘူး သေလိုက်မှာပဲ ”

ယောက်ျားပျိုမှာ စကားပြောရင်း မောလာသကဲ့သို့ ရှိကာ မနည်းအားယူ၍ ပြောနေရ၏ ။

ဒေါက်တာ သင်းကြည်ကား တွေပြီး နေလေသည် ။

“ ကျွန်တော်တို့ ကို သနားတဲ့ စိတ်နဲ့ ကျေးဇူးပြုပြီး ကူညီမစပါ ဒေါက်တာရယ် ”

“ နေပါဦး အခုဟာ ဘာဖြစ်ကြ တာတုံး ၊ ဒီမိန်းကလေးကို ဘာပြုလို့ ဒီအိမ်ကြီးပေါ် ခေါ်လာတာလဲ”

“ ဒီအကြောင်းကို မပြောပါရစေနဲ့ ဒေါက်တာရယ် ၊ တစ်ခုမှ ပြောလို့ မဖြစ်ပါဘူး ၊ ဆေးသာ ထည့်ပေးပါ ။ မနက်ကျရင် ကျွန်တော်တို့ ဒီအိမ်ကြီးမှာ ရှိနေကြမှာလည်း မဟုတ်တော့ပါဘူး ။ အခု တွေ့ရတဲ့ အဖြစ်အပျက်ကိုလည်း ဒေါက်တာ ဆေးကု ပေးလိုက်ပြီးတဲ့ နောက် တစ်ခါတည်း မေ့လိုက်မယ် ဆိုရင် ကျွန်တော့် တစ်သက်လုံး ကျေးဇူးတင်လို့ မဆုံးပါဘူး ”

ဒေါက်တာ သင်းကြည်မှာ ဘာမျှ မစဉ်းစားတတ်အောင် ဖြစ်၍ သွားလေတော့၏ ။ သူ မြင်တွေ့ရသည့် အခင်းမှာ ဆန်းပြားသလောက် ကြားရသည့် စကားများကလည်း ထူးခြားလှလေသည် ။

“ ရောက်လာလို့ ရှိမှ တော့ဖြင့် ကုပေးပါ ဒေါက်တာရယ် ”

မသင်းကြည်၏ စိတ်ထဲတွင် သနားကရုဏာ ဝင်၍ လာလေသည် ။ သို့ဖြစ်၍ သူ၏ ဆေးအိတ်ကို ဖွင့်ရင်း “ အင်း ... တတ်နိုင် သလောက်တော့ ကျွန်မ လုပ်ပေး သွားမယ် ” ဟု ပြောလိုက်လေ၏ ။

သို့နှင့် ဒေါက်တာ သင်းကြည်သည် သတ္တုခွက်ကလေး တစ်ခုတွင် ရေထည့်၍ အရက်ပြန်မီးခွက်ကလေး တစ်ခုဖြင့် ဆူအောင်လုပ်ပြီး ပတ်တီးများကို ထုတ်လေ၏ ။ ထိုသို့ လုပ်နေစဉ် မိန်းမပျိုကလေးသည် အသံ တိုးတိုးဖြင့် ကြောင်ညည်းသလို ညည်း၍ နေရှာလေသည် ။ ယောက်ျားပျိုကား ထိုင်ရာမှ ထ,ကာ ဝေဒနာ ခံစားနေရသော မိန်းကလေးကို မကြည့်ရက် သကဲ့သို့ အနိုင်နိုင် သယ်ရသော ခြေလှမ်းများ ဖြင့် အခန်းထဲမှ ထွက်၍ သွားလေ၏ ။

ထို့နောက် ဒေါက်တာ သင်းကြည်သည် မိန်းမပျို၏ ဒဏ်ရာစည်းထားသည့် အဝတ်များကို ဖြေလိုက်ရာ ဒဏ်ရာမှာ မနက်လှသည်ကို တွေ့ရသောကြောင့် စိုးရိမ်မှု အနည်းငယ် ပြေ၍ သွားလေသည် ။ ထိုဒဏ်ရာကို ဆေးဝါး ထည့်၍ ပတ်တီးစည်းပေးပြီးသည့် နောက်တွင် အနာ သက်သာစေရန် အိပ်ချင်လာစေသော ဆေးခဲ အဖြူကလေးများကို မိန်းကလေးအား စားစေပြီးလျှင် သူ၏ နံဘေးတွင် ချထားသည့် မိန်းမဝတ် ကုတ်အင်္ကျီကလေးကို ယူ၍ ခြုံပေးလိုက်သည် ။

ထိုသို့ လုပ်ကိုင်ပေး ပြီးသည့်နောက် ယောက်ျားပျိုကိုလည်း ကြည့်ရှုရန် လိုသေးသည်ကို သိ၍ ထိုအခန်းထဲမှ ထွက်ခဲ့ရ၏ ။ သူ့ထံသို့ ရောက်သည့်အခါ ထိုသူမှာ အိပ်ရာခင်း မရှိသော ခုတင်နှင့် မွေ့ရာပေါ်တွင် ကန့်လန့်ဖြတ် လှဲချကာ ပက်လက် ဖြစ်နေသည် ကို တွေ့ရလေ၏ ။ ထိုအခန်းမှာ ပင့်ကူမျှင်များ ယှက်သန်းလျက် ဖုန်များ မလှည်းမကျင်းဘဲ ထားသောကြောင့် မှိုတက်သည့် အနံ့ ထွက်နေလေသည် ။ သို့ဖြစ်၍ ပြတင်းပေါက် တစ်ခုကို ဖွင့်ကာ မိုးရေဆွတ်ဖျန်းသည့် ညချမ်းလေအေးကို ဝင်စေလျက် လေကောင်းလေသန့် ရအောင် လုပ်လိုက်ရလေသည် ။ ထို့နောက်တွင် ယောက်ျားပျိုထံသို့ သွားပြီး ငုံ့ကြည့်လိုက်ရာတွင် သူ၏ ရှပ်အင်္ကျီ၌ သွေးများ စွန်းထင်းနေသည်ကို တွေ့ရ၍ အသည်းထဲတွင် ထိတ်ခနဲ ဖြစ်သွားလေ၏ ။

“ ဟင် ... ရှင့်မှာ လည်း ဒဏ်ရာနဲ့ပါကလား ”

သူသည် သူ၏ နံဘေးကို လက်နှင့် တင်းကျပ်စွာ ဖိထား လျက် “ ကျွန်တော့် ဒဏ်ရာက ဘာမှ မဖြစ်လောက်ပါဘူး ။ သူ့ကိုသာ ကြည့်ပါ ၊ သူ ဘယ့်နှယ်နေသလဲ ၊ မသေနိုင်ဘူး မဟုတ်လား ” ဟု ပြောဆို မေးမြန်းလေ၏ ။

“ သူ ခဏကြာရင် အိပ်ပျော်သွားမှာ ပါပဲ ၊ ဒဏ်ရာလည်း မကြီးလှပါဘူး ။ ရှင်က အရေးကြီးပုံရတယ် ၊ ရှင့်ဒဏ်ရာကို ကြည့်စမ်းပါရစေဦး ”

“ အို ... မလိုပါဘူး ... မလိုပါဘူး ။ သူ့ကိုသာ ဂရုစိုက်ပါ ၊ သူ စိတ်ချရပြီ ဆိုတော့မှ ကျွန်တော့်ကို ကြည့်တာပေါ့ ။ သူ့ အသက်ဘေးအတွက် မစိုးရိမ်ရတော့ဘူး ဆိုတာ အမှန်ပဲလား ။ ဒီအတိုင်းဆိုရင် မနက်ကျရင် ထနိုင်မလား ”

“ သူ့ကိုတော့ စိတ်ချရပါပြီ ၊ ဒါထက် အခု ဖြစ်ရပုံကလေးကို ပြောနိုင်ဘူးလား ၊ ပြောစမ်းပါ ”

“ ကျွန်တော် ဘာမှ မပြောပါရစေနဲ့ ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှလည်း ပြောမပြဖို့ ကျွန်တော် တောင်းပန်ပါရစေ ၊ သူ ဒါကို လူမသိစေချင်ဘူး ။ သိရင်လည်း သ,တ်သေလိမ့်မယ် ၊ ကျွန်တော့်လည်း ဒီအတိုင်းပဲ ”

မသင်းကြည်သည် ဖြူဖပ်ဖြူရော် ဖြစ်လျက် နွမ်းနယ်နေသော ယောက်ျားပျို၏ မျက်နှာကို ကြည့်ကာ သူ၏ ကရုဏာနှလုံးသားကို ကရုဏာ စိတ်များက ဆောင့်၍ ဆောင့်၍ ဆွဲနေ သကဲ့သို့ ရှိလေသည် ။

“ ကဲ .. ဒါဖြင့် ရှင့်ဒဏ်ရာကို ဆေးထည့်မယ် ၊ အဲဒါ လုပ်မှ ဒါတွေကို မေ့ပစ်ပါ့မယ်လို့ ကတိပေးနိုင်မယ် ”

ထိုအခါမှ ယောက်ျားပျိုသည် သူ၏ ဒဏ်ရာကို ပြလေတော့၏ ။ သူ့မှာလည်း သေနတ်မှန်၍ ဒဏ်ရာရနေခြင်း ဖြစ်လေသည် ။ သူ့ဒဏ်ရာမှာ အကြည့်ရဆိုးသည့်ပြင် အနည်းငယ် ပို၍ နက်သဖြင့် အတော်ပင် မချိမဆံ့ ခံရပေလိမ့်မည် ။

သို့ဖြစ်၍ ဒေါက်တာသင်းကြည်သည် ရေနွေးနှင့် အနာစည်းသည့် ပတ်တီးကို ယူရန် တစ်ဖက်ခန်းသို ခပ်သွက်သွက်ကလေး ပြေးသွားလေ၏ ။ မိန်းကလေးမှာ အိပ်ပျော်နေ ပုံရ၍ စိတ်အေးရသည် ။ ရေနွေးနှင့် ပတ်တီးများ ယူ၍ လာသည့်အခါ ယောက်ျားပျိုမှာ ညည်းညူသံ မထွက်ရအောင် လက်သီးများ ဆုပ်လျက်  နှုတ်ခမ်းများ စေ့ပြီး ကိုက်ထားသည် ကို တွေ့ရလေ၏ ။ သင်းကြည်သည် မိမိ၌ ပါလာသည့် ဆေးဝါးပစ္စည်းဖြင့် အစွမ်းကုန် ပြုစုပေးပြီးနောက် နဖူးကို လက်ဝါးဖြင့် စမ်းကြည့်လေသည် ။

“ အိပ်ဆေး သောက်လိုက်ရင် ကောင်းမယ် ”

“ ဟာ ... ဒါတော့ မသောက်ပါရစေနဲ့ ကျွန်တော် အိပ်လို့ မဖြစ်သေးဘူး ၊ သွားစရာ ရှိသေးတယ် ”

“ မိုးထဲလေထဲမှာ ဒီအနာကြီးနဲ့ သွားလို့ မတော်ဘူး ၊ သေသွားလိမ့်မယ် ”

“ သေရင်လည်း ကောင်းတာပါပဲလေ ” ဟု သူက သူ့ဘဝကို နာကြည်းစွာဖြင့် ပြောလိုက်ပြီးမှ “ ဟိုဘက်ကို သွားကြည့်လိုက်ပါဦး ၊ ကျွန်တော့် အတွက်ကတော့ ကောင်းသွားမှာပါပဲ ” ဟု ပြောလေသည်  ။

ထိုသို့ ပြောရင်း ဝေဒနာ ပြည့်လျှမ်းနေသည့် သူ၏ မျက်လုံးများက ဒေါက်တာ သင်းကြည်အား စူးစိုက်လျက် ရှိကြသည် ။ ထိုအခါမှပင် ဒေါက်တာ သင်းကြည်ကို သူ သေသေချာချာ ကြည့်မိပုံရလေ၏ ။

“ အို ”

“ ဘာဖြစ်တာလဲ ”

“ ကျွန်တော် ဒေါက်တာ့ကို ဒီ အရွယ်လောက်ပဲ ရှိသေးမှန်း မသိ လို့ ခေါ်လိုက်မိတာပါ ။ ဒီလို အချိန်မဲ့ကြီးမှာ ဆရာဝန်မိန်းမသား ပျိုပျိုရွယ်ရွယ် တစ်ယောက်ကို ဒီနေရာမျိုး ခေါ်မိတာ အပြစ်လွှတ်ပါ ၊ တယ်လီဖုန်းစာအုပ်ထဲ ကြည့်လိုက်တော့ အနီးဆုံး ဆရာဝန်ဟာ ဒေါက်တာပဲ ရှိနေပါတယ် ”

ယောက်ျားပျို၏ မျက်နှာတွင် အားနာခြင်းကို ပြလျက်ရှိရာ ဒေါက်တာ သင်းကြည်သည် မချိဘဲ ပြုံးနေရှာသော မျက်နှာကို ကြည့်၍ ရင်ထဲ၌ ဆွေးမိလေသည် ။

“ ကိစ္စ မရှိပါဘူး ၊ ကျွန်မ ဒီကိုလာမိလို့ ဒီလို အကူအညီ ပေးနိုင်တာကိုပဲ ဝမ်းသာနေပါတယ် ။ ရှင်တို့ နှစ်ဦးစလုံးရဲ့ ဒုက္ခဟာ အတော်ပဲ ဆိုးနေပုံရတယ် ”

“ ဆိုးပါတယ် ၊ သိပ်ဆိုးတာပါပဲ ” ဟု ဆို၍ သူသည် အစွပ် မရှိဘဲ မှိုတက်နေသော ခေါင်းအုံးပေါ်တွင် သူ၏ မျက်နှာကို မြှုပ်နှံလိုက်ပြီး “ သူ့ဆီ သွားပါဦး ၊ တစ်ယောက်တည်းမို့ ကြောက်နေပါဦးမယ် ” ဟု ပြောပြန်လေသည် ။

မသင်းကြည် အဖို့မှာ နှစ်ယောက်စလုံးကို ဆေးထည့် စည်းကျပ်ပေးပြီးပြီ ဖြစ်၍ ပြန်ရန်သာ ရှိလေသည် ။ သို့သော် အမည် မခေါ်တတ် ၊ အကောင်အထည် မဖော်ပြတတ်သော အရာတစ်ခုက ဆွဲငင် ညှို့ဖမ်းထားသကဲ့သို့ ရှိနေသဖြင့် ပြန်ဖို့ရန် သတိမေ့သည့်ပြင် ယောက်ျားပျို အတွက် စိုးရိမ်သဖြင့် အနားမှ မခွာချင်သလို ရှိလေ၏ ။

သို့နှင့် စိတ်မပါ့တပါဖြင့် သူ၏ အခန်းထဲမှ ထွက်ခဲ့ပြီးလျှင် မိန်းကလေး၏ အခန်းကို ကူးခဲ့ရပြန်လေသည် ။ မိန်းကလေးမှာ ငြိမ်သက်၍ နေသဖြင့် မနိုးစေလိုသောကြောင့် ကုလားထိုင် တစ်လုံးကို ပြတင်းပေါက် အနီးသို့ သယ်ယူကာ အပြင်ဘက်ရှိ မိုးရေဖြင့် ဖျန်းပက်စိုရွှဲနေသော လမ်းကို ထိုင်၍ ကြည့်နေလိုက်လေသည် ။ စောစောက ကြောက်စိတ်များ လုံးဝ ပျောက်သွားခဲ့လေပြီ ။

ယောက်ျားပျိုသည် အဘယ် အချိန်က အောက်သို့ တိတ်တဆိတ် ဆင်းသွားသည် မသိ ။ အောက်ထပ်က မော်တော်ကားစက်နှိုးသံ ကြားလိုက်ရပြီး ကားထွက်နေသည်ကို တွေ့ရ၍ သူ သွားလိုသည်ကို မတားစေလိုသောကြောင့် မိမိအား သည်ဘက် အခန်းကို ခဏခဏ ပြန်လွှတ်နေခြင်းကို စဉ်းစား မိလေတော့သည် ။

ကားမှာ ထွက်သွားပြီ ဖြစ်၍ ဘယ်လိုမျှ တားဆီး မရနိုင်တော့ပေ ။ သူ့၌ ဒဏ်ရာကြီး ရှိနေသည့် အပြင် အနာရှိန်ဖြင့် အဖျားတက်လျက် ရှိသည်ကို တွေးမိ၍ ဒေါက်တာသင်းကြည်၏ နှလုံးသားထဲ၌ မိန်းမသား တစ်ယောက်အနေဖြင့် ငိုချင် ပက်ကျိ ဖြစ်မိခြင်းနှင့် ဆရာဝန် အနေဖြင့် စိတ်ခိုင်ခြင်းတို့သည် အပြန်အလှန် လုံးသတ်နေကြလေတော့သည် ။ ဤမျှ ပြင်းပြသော ဒဏ်ရာကို ရနေပါလျက် အရေးတကြီး ကိစ္စရှိ၍ ထွက်သွားခြင်းသည် သူတို့ နှစ်ဦး၏ ကြီးလှစွာသော အဖြစ်ဆိုးကို သိသာစေနိုင်သလောက် သူ၏ ကိုယ်ပေါ်က အနာမှာ အသည်းထဲက ဒဏ်ရာ၏ အစိတ်အပိုင်းကလေး မျှလောက်သာ ရှိမည်ဟု တွေးမိပေ၏ ။

ထိုခဏမှာပင် မသင်းကြည်သည် စိတ်ထဲ၌ မသိုးမသန့် ဖြစ်လာကာ မိန်းကလေး ထံသို့ ထသွားပြီး ကြည့်လိုက် ပြန်လေ၏ ။ ယင်းသို့ ကြည့်မိသည်နှင့် တစ်ပြိုင်နက် မသင်းကြည်၏ ပါးစပ်မှ လန့်ထိတ်၍ အော်လိုက်သော အာမေဍိတ်သံ ထွက်သွားလေသည် ။

မိန်းကလေးသည် မသင်းကြည်၏ အလစ်တွင် ဆေးအိတ်ထဲမှ လွန်လျှင် ဘေးဖြစ်တတ်သော ဆေးခဲများကို ယူ၍ စားကာ ကိုယ့်ကိုယ်ကို သ,တ်ပြီး သေနေသည် ကို မိန်းကလေး၏ လက်ထဲရှိ ဆေးပုလင်းက သက်သေခံနေလေ၏ ။

မသင်းကြည်သည် ချက်ချင်း အနီးဆုံး ရဲဌာနသို့ တိုင်ကြားရန် ဝတ္တရားရှိသည်ကို သိသည် ။ သို့သော် ယောက်ျားပျို၏ ဒုက္ခဝေဒနာနှင့် အသနားခံထားချက်တို့က မတိုင်ရက်အောင် ဖြစ်ရလေသည် ။ သို့ဖြစ်၍ သူ ပြန်လာအောင် စောင့်ဦးမည်ဟု ဆုံးဖြတ် လိုက်ရလေ၏ ။

မသင်းကြည်သည် ပြတင်းပေါက်သို့ ပြန်၍ သွားကာ ယောက်ျားပျိုကို မျှော်လေ၏ ။ ဤသို့ ရပ်မျှော်နေစဉ် ရုတ်တရက် ကြီးလှစွာသော ကြောက်ရွံ့ တုန်လှုပ်ခြင်း ဖြစ်ပေါ် လာလေ၏ ။ မိမိ ရောက်နေသည့်နေရာမှာ တစ္ဆေ ခြောက်သည်ဟု နာမည်ကြီးသော စစ်ကဲကြီး ဦးဖေသော်၏ အိမ်ဖြစ်သည် ။ သေနေသော မိန်းကလေး တစ်ယောက်၏ အလောင်းမှာ မိမိ အနီး၌ပင် ရှိနေပါကလားဟု တွေးလိုက်မိခြင်းဖြင့် ထိုအိမ်ကြီးနှင့် စပ်လျဉ်း၌ လူအများ ပြောဆိုဖူးသည့် ကြောက်လန့်စရာ အဖြစ်အပျက်မျိုးစုံ သူ၏ အသိဉာဏ်ထဲတွင် ပြန်၍ ပေါ်လာ ကာ မျက်လုံး ပြူးနေတော့၏ ။

ယခု မိမိ တွေ့ကြုံရသည့် အဖြစ်မှာ တစ္ဆေသူရဲ ခြောက်ခံနေရခြင်းလော ၊ သို့မဟုတ် ကြောက်စရာကောင်းလှသော ရာဇဝတ်မှုကြီး တစ်ခု၏ အလယ်တွင် ကျရောက် နေခြင်းလော ၊ သို့မဟုတ် အချစ်မီးတောက် လောင်နေသူနှစ်ဦး၏ အဖြစ် ဆိုးလှသော ဇာတ်လမ်းကို ကိုယ်တွေ့မျက်မြင် တွေ့ကြုံရခြင်းလောဟု မဝေခွဲနိုင်အောင် ဖြစ်ရ လေသည် ။

တိတ်ဆိတ်နေခဲ့သော အိမ်ကြီး မှာ စောစောက ကဲ့သို့ မဟုတ် တော့ဘဲ သူရဲတစ္ဆေ ခြောက်လှန့် သကဲ့သို့ ညည်းတွားသော အသံများသည် လည်းကောင်း ၊ ရှပ်တိုက်သော ခြေသံများ သည် လည်းကောင်း ဟိုက - ဒီက ပေါ်လာသည် ကို မသင်းကြည်၏ နားထဲတွင် ကြားလာရလေသည် ။ တစ်ချက် တစ်ချက် တဗြုန်းဗြုန်း ပြေးသည့် ခြေသံများ လည်း ကြားလိုက်ရသည် ။ လူလျှောက်ပြေးသည့် ခြေသံများလော ၊ တိတ်ဆိတ်နေသဖြင့် ကြွက်များ ပြေးလွှားသည့် ခြေသံကိုပင် လူ ပြေးသည် ထင်ရလောက်အောင် ဖြစ်ခြင်းလော ။

မသင်းကြည်မှာ ကြောက်မက် ထိတ်လန့်ကာ မဟစ်အော်လိုက်မိအောင် မိမိ၏ ပါးစပ်ကို မနည်း ပိတ်ထား ရလေသည် ။ သူ့ခမျာ ထိုအိမ်ထဲတွင် နောက်ထပ် အနည်းငယ်မျှ ကြာမြင့်စွာ မနေရဲတော့ပေ ။ သို့နှင့် အခန်းထဲမှ ပြေးထွက်၍ လှေကားပေါ်မှ သုတ်သီးသုတ်ပျာ ဆင်းခဲ့ရာ ထိုသို့ ပြေးဆင်းသည့် ခြေသံများမှာ အိမ်ကြီးကို ပဲ့တင်ထပ်ကာ နောက်မှ ပြေးလိုက်လာကြ သလားဟု ထင်ရပေတော့သည် ။ မသင်းကြည်သည် ကားမောင်း၍ ထွက်လာပြီးခါမှ အိမ်ပေါ်တွင် မိမိ၏ ဆေးအိတ် မေ့ကျန်ရစ်ခဲ့သည်ကို သတိရလေ၏ ။ သို့သော် သူ၏ နားထဲတွင် လိုက်ဟ ပြေးဟ ဟူသော အသံများ နောက်မှ ကပ်၍ လိုက်ပါလာ သကဲသို့ ကြားနေရသောကြောင့် အိမ်ကြီးဘက်သို့ ပြန်၍ မလှည့်ရဲဘဲ လမ်းထဲက ထွက်ခဲ့မိသည့် တိုင်အောင် ကားကို အမြန်ဆုံး မောင်းခဲ့ရလေသည် ။

အိမ်သို့ ပြန်၍ ရောက်သည့် တိုင်အောင် မသင်းကြည် မှာ အကြောက် မပြေသေးချေ ။ ထို့ထက် မိမိ ထွက်သွား ပြန်လာသည်ကို ဂရုပြုနေသူများ ရှိလေမည်လားဟု စိုးရိမ် လိုက်ရပြန်သေးသည် ။ အိမ်ရှိ အဒေါ်ကြီး တစ်ယောက်နှင့် အခြား အစေအပါးများမှာကား ထိုသို့အချိန်မတော်မှာပင် အလုပ်ကိစ္စဖြင့် သွားတတ်လာတတ်ခြင်းကို တွေ့နေကျဖြစ်၍ သူတို့ အတွက် ကိုယ်ကား စိုးရိမ်ရန် မရှိပေ ။

အနီးအပါးတွင် နေထိုင်သော အခြားသူများ တွေ့မြင်မိကြမည်ကိုသာ စိုးရိမ် လေသည် ။ အကယ်၍ ထိုအိမ်ကြီးတွင် ဆေးအိတ် မကျန်ရစ်ခဲ့ပါမူ ဘာကိုမျှ စိုးရိမ်စရာ မရှိချေ ။ သေနေသော မိန်းကလေး၏ အလောင်းနှင့် ဆေးအိတ်ကို ညကင်း လှည့်သည့် စက်ဘီး ပတ်တရောင် သို့မဟုတ် ဝိုင်ယာလက် ရဲအဖွဲ့က ထိုအိမ်ကြီးကို မသင်္ကာ၍ တက်ရောက်ရှာဖွေ တွေ့ရှိသွားခဲ့သော် မိမိမှာ ထိုအမှုကြီးတွင် ပါဝင်ပတ်သက်နေတော့မည်ကို တွေးမိသဖြင့် ထိတ်လန့်နေရခြင်းပင် ဖြစ်ပေသည် ။

မသင်းကြည်မှာ အိပ်ဖို့ ကို သတိ မရနိုင် ၊ အငြိမ် နေ၍လည်း မရ ၊ အိမ်ကြီးပေါ်က ဆင်းပြေးမလာမီ ကြားနေရသည့် အသံများကို နားထဲတွင် ကြားလျက်ပင် ရှိလေသည် ။ ထိုအခါမှ မိမိ၏ ဦးနှောက် ချောက်ချား၍  ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်းကို သိလေသည် ။ သို့ဖြစ်၍ မိမိ၏ သူရဲဘော နည်းခဲ့ခြင်းကို တွေးပြီး တစ်ယောက်တည်း ဒေါသ ဖြစ်နေမိသည် ။ ယခုအချိန် ရောက်မှ ပြန်ပြီးသွားဖို့ရန် လုံးဝ မသင့်တော် တော့ချေ ။ စောစောက ယောက်ျားပျို ပြန်၍ ရောက်လာသည့် တိုင်အောင် စောင့်၍ မနေခြင်းကို အပြစ်တင်ချင်လေတော့သည် ။ သူ၏ မျက်စိထဲတွင် တစ်ကိုယ်လုံး မိုးရေရွှဲလျက် အဖျားတက် ပြီး တုန်တုန်ယင်ယင်နှင့် ပြန်လာသော ယောက်ျားပျို၏ သဏ္ဌာန်ကို မြင်ယောင်မိလေသည် ။

လောလောဆယ်အားဖြင့် ဒေါက်တာ သင်းကြည်အဖို့ အရေးအကြီးဆုံး အရာမှာ မိမိ၏ ဆေးအိတ်ကို ပြန်၍ ရဖို့ ရန်ဖြစ်လေသည် ။ သို့သော် ယခုညတော့ဖြင့် ပြန်၍ မသွားတော့ဘဲ မနက် စောစော လူများ အိပ်ရာ မနိုးမီ ထ၍ သွားရန် စိတ်ပိုင်း ဖြတ် လိုက်ရလေတော့၏ ။

နံနက်ဘက်တွင် မိုးမှာ ရပ်စဲသွားသော်လည်း ကောင်းကင်တစ်ပြင်လုံးမှာ ရီဝေအုံ့မှိုင်းလျက်ပင် ရှိနေသေးသည် ။ အိမ်ကြီးလမ်းထဲ၌ နေထိုင်ကြသူများမှာ မိုးအေးအေးနှင့် ကွေး၍ ကောင်းတုန်း ဖြစ်နေကြသဖြင့် လမ်းထဲတွင် အသွားအလာ မရှိသေးသောကြောင့် မသင်းကြည် မှာ အတော်ကလေး စိတ်သက်သာမှု ရရှိလေ၏ ။

အိမ်ကြီးမှာ တံခါး ပွင့်မြဲ ပွင့်နေသော်လည်း အိမ်ရှေ့တွင် မော်တော်ကားကို မမြင်ရပေ ။ပြန်ပြီး မလာဘဲရှိနေသေးသလော ၊ လာပြီး ပြန်သွားလေပြီလောဟု တွေးရင်းပင် မသင်းကြည်သည် အိမ်ရှေ့တွင် ကားဆိုက်ကာ အိမ်ပေါ်သို့ တက်သွားလေ၏ ။

အိမ်ပေါ်တွင် ဘာကိုမျှ မတွေ့ရ ၊ အခန်းများမှာ ရှင်းလင်းနေလျက် မိန်းကလေး၏ အလောင်းလည်း ပျောက် ၊ ဆေးအိတ်လည်း မရှိတော့ချေ ။ ဒေါက်တာ သင်းကြည် မှာ မစဉ်းစားတတ်အောင် ဖြစ်သွားလေ၏ ။ ယမန်နေ့ ညက တွေ့ရ ၊ ကြုံရသည်တို့ မှာ တကယ်မှ ဟုတ်ပါလေစဟု သံသယရှိ၏ ။ တစ္ဆေခြောက်ခြင်းမျှ ဖြစ်သည် ဆို လျှင်လည်း ဆေးအိတ်က အဘယ်ကြောင့် ပျောက်နေရသနည်း ။ မိန်းကလေး၏ အလောင်းနှင့် ဆေးအိတ်ကို ပုလိပ်ဘက်က တွေ့၍ ဆေးရုံများ ပို့လိုက်လေရော့လား ။

မသင်းကြည်သည် ထိုသို့ မေးမိတွေးမိလျှင်ပင် ထိုအိမ်ပေါ်တွင် ကြာကြာနေရန် မသင့်တော်ကြောင်းကို စဉ်းစားမိကာ ချက်ချင်းပင် ပြန်၍ ဆင်းခဲ့လေ၏ ။

မသင်းကြည်သည် အိမ်သို့ ပြန်ရောက်လာသည့် အခါတွင် စိတ်သက်သာရာ တစ်ချက်ကိုတွေးလိုက်မိသည်  ။ စစ်ကဲကြီးအိမ်တွင် ယောက်ျားပျိုနှင့် သေသူ မိန်းကလေးတို့၏ ခြေရာလက်ရာ ပျောက်သွားခြင်းသည် မိမိအား ကြီးလေးသော အမှုအခင်းကြီး တစ်ခုမှ ရှင်းလင်း ကင်းလွတ် သွားစေလေပြီဟု စိတ်အေးရလေသည် ။

သို့သော် မနက် သတင်းစာများရောက်၍ လာသည့်အခါ သတင်းစာ တစ်စောင်တည်းတွင် စက်ရပ်သတင်း အဖြစ် စာလုံးမည်းကလေးများ ဖြင့် ပါလာသော သတင်း အတိုကလေး တစ်ပုဒ်ကို တွေ့ရသည့် အခါ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့၏ ။ ထိုသတင်းမှာ ဘောင်ဒရီလမ်းပေါ်တွင် မိန်းကလေး တစ်ယောက်ကို သ,တ်၍ ကားထဲတွင် ပစ်ထားခဲ့ခြင်းနှင့် မိန်းကလေး၏ ကိုယ်တွင် သေနတ်ဒဏ်ရာ တွေ့ရ၍ ပတ်တီးစည်းထားပြီး ကားမှာ နံပါတ် ဖြုတ်ထားကြောင်း ဖော်ပြပါရှိလေရာ မသင်းကြည် သည် ထို အမည်မသိ မိန်းကလေးမှာ မည်သူဖြစ်သည်ကို စဉ်းစားမိလေ၏ ။

ဒေါက်တာသင်းကြည် မှာ ဝတ္တရားရှိသည့် အတိုင်း ဆိုင်ရာသို့ တိုင်ကြားရမည်လော ၊ ယောက်ျားပျို၏ စကားကို လိုက်နာရမည်လော ဟု စိတ်ထဲ တွင် အချေအတင်ဖြစ်လျက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိလေ၏ ။

ထိုအခိုက်တွင် အိမ်၌ စေပါးသည့် မိန်းကလေး တစ်ယောက် ဆေးအိတ်ကြီးကို ပိုက်၍ ယူလာကာ “ မမ ... စောစောက အပြင် ထွက်သွားတုန်း ဆိုက်ကားသမား တစ်ယောက် လာပေးသွားတယ် ” ဟု ပြောပြရာ မသင်းကြည် မှာ များစွာ အံ့အားသင့်သွားတော့သည် ။ ဆေးအိတ်မှာ အိမ်ကြီးပေါ်တွင် ကျန်ရစ်ခဲ့သော မိမိ၏ ဆေးအိတ် ဖြစ်နေလေသည် ။

“ ဆိုက်ကားသမား မှတ်မိလိုက်သလား ”

“ ကျွန်မလည်း သူ့ကို ဂရုစိုက် မကြည့်လိုက်မိဘူး ၊ ပေးလိုက်ပါလို့ ပြောပြီး ထွက်သွားတာနဲ့ ကျွန်မလည်း ယူထားလိုက်တာပဲ ၊ ဟောဒီ စာပါ ပေးသွားတယ် ”

မသင်းကြည်သည် ဆေးအိတ်နှင့် စာကို ယူထားပြီး ကလေးမ ထွက်သွားမှ စာကို ဖွင့်ဖတ်ကြည့်လေသည် ။

စာထဲတွင်

“ ဒေါက်တာ လက်လွန်သွားသည်ဟု ယူဆပါသည် ။ ကျွန်တော့် လျှို့ဝှက်ချက်ကို နှုတ်လုံပါ ၊ ဒေါက်တာ့ အတွက်လည်း ကျွန်တော် ဖုံးဖိထားပါမည် ” ဟူ၍ ပါလာလေ၏ ။

သူကား မိန်းကလေး သေရခြင်းမှာ ကိုယ့်ကိုယ်ကို သ,တ်သွားခြင်းကို မသိရှာ၍ ရေးလိုက်ခြင်း ဖြစ်ပေမည်ဟု မသင်းကြည် တွေးလိုက်မိသည် ။ သူ့စိတ်ထဲကတော့ ငါ့ကို အတုံ့အလှည့် ကာကွယ်ပေးလိုက်ရတယ်လို့ ထင်နေမှာပဲ ၊ မိန်းကလေး အလောင်းကိုပဲ သူ ဖျောက်ဖို့ ကြိုးစားသေးဟန် တူတယ် ။ ဒါပေမဲ့ သူ့ဝေဒနာက ဖိစီးလာလို့ သူ့ကိုယ် သူတောင် အနိုင်နိုင် သယ်ရတဲ့ အဖြစ် ရောက်ပြီး ကားရော မိန်းကလေး အလောင်းပါ ပစ်ပြေးရတာ ဖြစ်လိမ့်မည်ဟု စဉ်းစား လိုက်ပြန်သည့် အခါ တိုင်ကြားရန် သင့်တော်သည့် အချိန်မှာ လွန်နေပြီ ဖြစ်ပြီး မိမိ ပင်လျှင် ထိုမိန်းကလေးကို အဆိပ် ကျွေး၍ သ,တ်မှုဖြင့် အမှု ပတ်လာဦးမည်ကို စိုးရိမ်စရာဖြစ်လာရလေသည် ။ ယခုအတိုင်းမူကား ထိုအိမ်ကြီးသို့ သွားခြင်း လာခြင်းနှင့် ထိုအကြောင်းအရာများ မိမိသိရှိခြင်းကို ထိုယောက်ျားပျို က လွဲပြီး မည်သူမျှ မသိ ၊ သူ ကလည်း မိမိနှင့် ပတ်သက်သမျှ လျှို့ဝှက်ဖုံးဖိထားမည် ဖြစ်လေရာ မိမိ ကလည်း နှုတ်ပိတ် နေလိုက်ခြင်းသာလျှင် အကောင်းဆုံး ဖြစ်မည်ဟု ဆုံးဖြတ် လိုက်ရလေ၏ ။ ဒေါက်တာသင်းကြည်သည် ဤအမှုမှာ ဤသို့နှင့် သဲလွန်စ မပေါ်ဘဲ ပြီးပျောက်သွားလိမ့်မည်ဟု ယူဆလိုက်သည် ။ သို့သော် သူ ထင်သည့်အတိုင်း မဟုတ်ဘဲ နောက်နေ့ သတင်းစာ အားလုံးတွင် ထိုမိန်းကလေးအား သ,တ်မှုကို အကျယ်တဝင့် ပါရှိရုံမျှမက ဒဏ်ရာနှင့် လူတစ်ယောက် ဆေးရုံသို့ ရောက်လာပြီး သတိမရတစ်ချက် ရတစ်ချက်ဖြင့် ကယောင်ကတမ်း ပြောဆိုနေသည့် စကားများအရ ထိုသူမှာ မိန်းကလေးသ,တ်မှုနှင့် ပတ်သက် လိမ့်မည်ဟု ယူဆကြခြင်းကို ဖော်ပြ ပါရှိလာတော့၏ ။

ထိုသတင်းကို တွေ့ရသဖြင့် ဒေါက်တာသင်းကြည်မှာ ခေါင်းရှုပ်သွားလေသည် ။ သူ၏ စိတ်ထဲတွင် ပထမဆုံး ဖြစ်ပေါ်လာသည့် ဆန္ဒမှာ ဆေးရုံရောက်နေသည် ဆိုသော သူသည် ထိုအိမ်ကြီးတွင် မိမိ တွေ့ခဲ့သူ ဟုတ်မဟုတ် သိရအောင် စုံစမ်းပြီးမှ ဟုတ်ခဲ့လျှင် သူနှင့် ပြောဆိုတိုင်ပင်ရန် အကြံတစ်ခုလည်း ပေါ်လာလေသည် ။

မသင်းကြည် မှာ အခြား ဘာကိုမျှ မစဉ်းစားနိုင် ၊ အခုအခါမှာ သူ ဟာ ငါ့ဆီက အကူအညီကို ပိုပြီး လိုနေရှာတော့မယ် ။ သူ့မှာ ဘာမျှ အပြစ်မရှိခြင်းကို ငါသာလျှင် သက်သေခံနိုင်မယ် ။ သူ့ကိုတော့ ငါ ကယ်ရမှာပဲ ဟု ကရုဏာစိတ်များ သာလျှင် ဖြစ်ပေါ်၍ နေတော့၏ ။ သို့သော် သူ့အဖို့ ဆေးရုံသို့ သွား၍ ကြည့်ရန် မလွယ်လှပေ ။

အသိအကျွမ်း တစ်ယောက် သို့မဟုတ် မိမိ ကုသခဲ့ရသော လူနာတစ်ယောက် မဟုတ်ဘဲ ဆေးရုံသို့ လာ၍ ကြည့်သည် ဆိုခြင်းမှာ ဘာမှ အဓိပ္ပာယ် မရှိသည်ထက် မိမိအား မသင်္ကာစရာပင် ဖြစ်နိုင်လေသည် ။ သို့ဖြစ်၍ ဆရာဝန်ကြီးထံ အလည်လာသည့် အနေမျိုးဖြင့် လူနာများကို ဆရာဝန်ကြီး လှည့်၍ ကြည့်ရှုတတ်သည့် အချိန်တွင် ဆေးရုံသို့ သွားရောက် ရလေသည် ။ ဆရာဝန်ကြီးသည် တပည့်ဟောင်းနှင့် မတွေ့ ရသည်မှာ ကြာပြီဖြစ်၍ ဝမ်းသာအားရ စကားတပြောပြော နှင့်ပင် လူနာများကို လိုက်ကြည့်လေရာ မသင်းကြည် လည်း စကား မဆုံးနိုင်ဘဲ ဆရာဝန်ကြီးနှင့် ကပ်၍ လိုက်ခဲ့လေသည် ။

“ ဟောဒီ လူနာဟာ မနက်က သတင်းစာထဲ ပါလာတဲ့ လူပဲ ”

မသင်းကြည်သည် မိမိ တွေ့လိုသူ ဖြစ်နေသည်ကို သိရလေ၏ ။ သို့ဖြစ်၍ ဆရာဝန်ကြီးက အခြား လူနာများကို လှည့်ကြည့်နေခိုက် မသင်းကြည်က မိမိ၏ လူနာကို ကြည့်လိုက်ရာ သူက ပြန်၍ မျက်စိ ဖွင့်ကြည့်နေသည်ကို တွေ့ရတော့၏ ။

‘ ဒေါက်တာ ’ ဟု သူက တိုးတိုး ခေါ်လိုက်ပြီး ‘ ဆေးပေးတာ လွန်သွားသလား ဒေါက်တာရယ် ’ ဟု မေးလေသည် ။

“ မဟုတ်ဘူး ၊ အလစ်မှာ သူ့ဟာ သူ ယူပြီး သောက်လိုက်တာ ”

“ အင်း .. သိပ်မိုက်ပါကလား ” ဆရာဝန်ကြီးမှာ ခပ်လှမ်းလှမ်းတွင် ရှိနေ၍ သူတို့၏ စကားများကို မကြားရချေ ။ ထို့ပြင် မသင်းကြည် မှာ ဆေးရုံကြီးတွင် လုပ်ဖူး သဖြင့် ယခင်က အလေ့အကျင့် ရှိနေ၍ လူနာအား မေးမြန်းနေသည်ဟု ယူဆနေလိုက်၏ ။

“ ဘယ်လို ဖြစ်ကြတာလဲ ပြောစမ်းပါ ။ မပြောရင် ရှင့်ကို ကျွန်မ မကူညီနိုင်ဘူး ”

“ မပြောပါရစေနဲ့  ၊ ကျွန်တော် သူ့ကို သ,တ်တယ်လို့ စွပ်စွဲခံနေရပါဦးမယ် ”

“ မပြောချင်လို့ မဖြစ်ဘူး ၊ ရှင် မပြောရင် ကျွန်မ သိတာတွေ ဖွင့်ပြောလိုက်ရလိမ့်မယ် ”

လူနာသည် သက်ပြင်း ချလိုက်လေ၏ ။

“ ကဲ ပြောပါတော့မယ်လေ ၊ သူဟာ ကျွန်တော့် ဇနီးကလေးပါ ၊ သို့ပေမဲ့ သစ္စာ မရှိဘူး ။ လူတစ်ယောက်နဲ့ ပြေးမယ်လုပ်လို့ ကျွန်တော်က လိုက်ပြီး တားတာမှာ သူက ကျွန်တော့်ကို သ,တ်ဖို့ ကြံတာပဲ ။ သူ့အကြံ မအောင်တော့ သူ့ကိုယ်သူ ပြန်သ,တ်ဖို့ ကြိုးစား ပြန်တယ် ။ ကျွန်တော်ကလည်း သူ့အသက်ကို လုရအောင် ဒေါက်တာကို ခေါ်ရတာပဲ ”

“ ဪ ... သူ့အပေါ်မှာ ရှင် ဒါလောက်ပဲ ချစ်သကိုး ”

“ အခုတော့ ကျွန်တော့်မှာ တွယ်တာစရာ မရှိလို့ သေသွားလည်း မထူးတော့ပါဘူး ။ ဒါပေမဲ့ ဒီအကြောင်းတွေကိုတော့ ဘယ်သူမှ မသိပါစေနဲ့ ၊ ကတိပေးပါ ဒေါက်တာရယ် ”

ဒေါက်တာ သင်းကြည်သည် ခေါင်းကလေးကို ညိတ်လိုက်ပြီးနောက် “ သူ့ကို ဘာပြုလို့ ဟိုအိမ်ကြီးကို ခေါ်သွားရတာတုံး ”

“ ဒါ ကျွန်တော် ပိုင်တဲ့ အိမ်ကြီးပဲ ၊ ဒီမှာ ဘယ်သူမှ မရှိမှန်း သိလို့ သူ့ကို ခေါ်ခဲ့ရတာ ၊ ကျွန်တော်က ဦးဖေသော်ရဲ့ တစ်ဦးတည်းသောသား မောင်အောင်သော်ပါ ”

ထိုအချိန်တွင် ဆရာဝန်ကြီးက လှမ်းကြည့်နေသဖြင့် သွားရန် ခေါ်သည့် သဘောဖြင့် ရပ်စောင့်နေခြင်းကို ရိပ်မိကာ ဒေါက်တာသင်းကြည် လည်း အောင်သော် ၏ အနားမှ ခွာခဲ့ရလေတော့သည် ။

စစ်ကဲကြီး ဦးဖေသော်၌ တစ်ဦးတည်းသောသား မောင်အောင်သော် ရှိသည်ကို ထိုလမ်းထဲ၌ နေသူများ သိကြသော်လည်း ခပ်ငယ်ငယ် ကသာ မြင်ဖူးကြ၍ ဦးဖေသော် သေပြီးနောက်မှ တစ်ခါမျှ မတွေ့ကြတော့ပေ ။ အောင်သော်လည်း ထိုအိမ်ကြီးသို့ ဖခင် ဆုံးပြီးမှ ယခု ပထမအကြိမ် ပြန်၍ ရောက်လာခြင်း ဖြစ်သည် ။

အောင်သော်သည် မိမိ၏ အကြောင်း လူအများ သိသွားမည်ကို မပူ ၊ သူ၏ ဇနီးသည် ကလေး အကြောင်း ဘယ်သူမျှ မသိလျှင် စိတ်ချမ်းသာနိုင်ပေပြီ ။ သို့နှင့် အောင်သော်သည် အခြေအနေကို ထုတ်ဖော်ပြောကာ အထူးခန်းသို့ ပြောင်း၍ ကုသရာက ရောဂါလည်း သက်သာလာလေသည် ။

မိန်းကလေး၏ အမှုမှာ ကိုယ့်ကိုယ်ကို သေနတ်နှင့် ပစ် ၊ အဆိပ်ပါသော ဆေးသောက်၍ သ,တ်သေခြင်း ဖြစ်သည်ဟု ဆရာဝန်များ ၏ အစီရင်ခံစာအရ အမှုပိတ်လိုက်လေတော့သည် ။ အောင်သော်၏ အမှုမှာလည်း အချိန်မတော် သွားလာခိုက် မတော်တဆ သေနတ်ပစ်ခံရခြင်း ဖြစ်၍ စုံထောက်၍ မရသော အမှု အဖြစ် ပိတ်လိုက်ရလေသည် ။

အောင်သော်သည် ဆေးရုံမှ ဆင်းခဲ့ပြီး တစ်ပတ်ခန့် အကြာတွင် မသင်းကြည် ထံသို့ ရောက်၍ လာလေ၏ ။

“ ဒေါက်တာ ကျွန်တော့်ကို မှတ်မိသေးလား ”

“ ကျွန်မ အမြဲ သတိရနေပါတယ် ရှင် ၊ အခု ကျန်းမာလာလို့ ဝတောင် လာတယ် ”

“ ဒါပေမဲ့ ကိုယ်ခန္ဓာက ဝေဒနာသာ ပျောက်တယ် ။ အသည်းထဲက ဝေဒနာက ပိုဆိုးနေတယ် ။ ဒီ ဝေဒနာကို ဒေါက်တာ ကုနိုင်မလား ”

ဒေါက်တာ သင်းကြည်မှာ အနည်းငယ် ရှက်အမ်းအမ်း ဖြစ်သွားရာက ပြုံးရွှင်လာလေသည် ။

“ ရောဂါဝေဒနာသည် တစ်ဦးကို ကုသဖို့ ဆိုတာ ဆရာဝန်ရဲ့ ဝတ္တရားပါပဲလေ ”

ဒေါက်တာသင်းကြည်သည် သွေးတစိမ့်စိမ့် ယိုစီး ပေါက်ကွဲနေသော အောင်သော်၏ အသည်းနှလုံးကို မေတ္တာ ဂါထာဖြင့် မန်းမှုတ်ပေး လိုက်လေတော့သည် ။

သို့သော် အောင်သော်၏ အတိတ်နှင့် တစ်ညချမ်း က အဖြစ် ကို မေ့ပျောက်ပစ်နိုင်ကြရန် ဖိုးစိန်လမ်းထဲမှ အိမ်ကြီးကို ပြင်ဆင် မွမ်းမံ၍ သံရုံးတစ်ခုသို့ ရောင်းချပစ် လိုက်ရလေတော့သည် ။

▢  ဇဝန

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ်လ ၊ ၁၉၅၃

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာလ ၊ ၂ဝဝ၃

No comments:

Post a Comment