Thursday, October 9, 2025

ကြက်ဖကလေး နှင့် ကြက်မကလေး

 ❝ ကြက်ဖကလေး နှင့် ကြက်မကလေး ❞

         ( ပုံပြင် )


ရှေးသရောအခါ ကြက်မကလေး တစ်ကောင်သည် ကြက်ဖကလေး နှင့်အတူ တောင်ပေါ်သို့ သစ်သီးရှာရန် တက်သွားကြလေ၏ ။ ကြက်မကလေးနှင့် ကြက်ဖကလေး တို့သည် သစ်သီးရှာ၍ တွေ့ပါက ညီတူညီမျှ ခွဲဝေ၍ စားကြမည်ဟု ကတိ ထားကြလေ၏ ။ တောင်ပေါ်သို့ ရောက်လာကြသောအခါ ကြက်မကလေးသည် သစ်သီးတစ်လုံးကို ကောက်ရလေ၏ ။ သို့ရာတွင် သူ၏ သစ်သီးကို ကြက်ဖကလေးအား ခွဲဝေ၍ မပေးချင်သဖြင့် သစ်သီးကို အခွံနွှာ ပြီးလျှင် အတွင်းမှ ရရှိသော သစ်စေ့ တစ်စေ့လုံးကို တိတ်တဆိတ် မျိုချလိုက်လေ၏ ။ ထိုသို့ ကြက်မကလေး မျိုချလိုက်သောအခါ သစ်စေ့သည် ကြီးလွန်းနေ၍ ကောင်းစွာ မမျိုနိုင်ဘဲ လည်ချောင်း ထဲတွင် နင်နေလေ၏ ။ ထိုအခါ ကြက်မကလေးသည် ကြောက်လန့် လာ၍ ကြက်ဖကလေးအား “ ငါ ရေသောက်ချင်လို့ ရေသွား ရှာပေးစမ်းပါကွယ် ၊ ရေမှ မသောက်ရရင် ငါလည်ချောင်း နင်ပြီး သေရပါလိမ့်မယ် ” ဟုပြောလေ၏ ။


ထိုအခါ ကြက်ဖကလေးသည် တောင်အောက်သို့ ပြေးဆင်း သွားပြီးလျှင် စမ်းချောင်းတစ်ခု ရှိရာသို့ သွား၍ “ ငါ့ကို ရေနည်းနည်းလောက် ပေးပါကွယ် ။ တောင်ပေါ်မှာ ကြက်မကလေး သစ်စေ့ နင်နေလို့ ရေသောက်မှပဲ သက်သာပါလိမ့်မယ် ” ဟုတောင်းလေ၏ ။ ထိုအခါစမ်းချောင်း က “ အေး ... ရေရပါစေ့မယ် ။ ငါခိုင်းတာကို လုပ်ပေးပါဦး ။ ဟောဟိုက သတို့သမီး ရှိရာကို သွားပြီး ပိုးကြိုးအနီ တောင်းပြီး ငါ့ဆီကို ယူလာခဲ့ပါ ” ဟု စေခိုင်းလိုက်လေ၏ ။ ထို့ကြောင့် ကြက်ဖကလေး လည်း သတို့သမီး ရှိရာသို့ သွားပြီးလျှင် “ သတို့သမီး ခင်ဗျာ ... ကျွန်တော့်ကို ပိုးကြိုးအနီကလေး ပေးစမ်းပါ ။ စမ်းချောင်းကို သွားပြီး ပေးရပါလိမ့်မယ် ။ ရေရမှ ကျွန်တော့် ကြက်မကလေး သောက်ပြီး သစ်စေ့ နင်နေတာ ပျောက်ပါလိမ့်မယ် ” ဟု ပြောလေ၏ ။


ထိုအခါ သတို့သမီးက “ အေး ... ရေရပါစေ့မယ် ။ ငါခိုင်းတာကို လုပ်ပေးပါဦး ။ ဟောဟို မိုးမခပင်မှာ ချိတ်ထားတဲ့ ပန်းကုံးကို သွားယူပေးစမ်းပါ ” ဟု ခိုင်းလိုက်လေ၏ ။ ထို့ကြောင့် ကြက်ဖကလေးသည် မိုးမခပင်မှာ ချိတ်နေသော ပန်းကုံးကို သွား၍ ယူပြီးလျှင် သတို့သမီးအား ပေးလိုက်လေ၏ ။ သတို့သမီးလည်း ကြက်ဖကလေးအား ပိုးကြိုးနီကို ပေးလိုက်လေ၏ ။ ထို့နောက် ကြက်ဖကလေးသည် ပိုးကြိုးနီကို ယူပြီးလျှင် တောင်ပေါ်သို့ တက်လာခဲ့သောအခါ တောင်ပေါ်၌ သစ်စေ့ နင်နေသော ကြက်မကလေးသည် သေဆုံးနေသည်ကို တွေ့ရှိရလေ၏ ။ ကြက်မကလေးသေဆုံးသွားသောအခါ ကြက်ဖကလေးသည် ပူဆွေးစွာဖြင့် အော်၍ ငိုနေလေ၏ ။ ထိုသို့ ကြက်ဖကလေး ငိုနေသံကို တောင်ပေါ်မှ တောတိရစ္ဆာန်များ ကြားကြရလေ၏ ။ ထို့ကြောင့် တောကြွက်ကလေး ခြောက်ကောင် ရောက်လာပြီးလျှင် ကြက်မကလေးကို တင်ရန် ရထားကလေး တစ်ခု ဆောက်လုပ်ကြလေ၏ ။ ထို့နောက် ရထားကလေးကို ကောင်းစွာ ပြင်ဆင် ပြီးလျှင် ကြက်ဖကလေးက ရထားပေါ်သို့ တက်ကာ မောင်း၍ ကြွက်ကလေး ခြောက်ကောင်က ဆွဲသွားကြလေ၏ ။ လမ်းတွင် မြေခွေး တစ်ကောင်နှင့် တွေ့၍ မြေခွေးက “ မိတ်ဆွေ ကြက်ဖကလေး ဘယ်ကို သွားမလို့လဲ ” ဟု မေးလေ၏ ။ ကြက်ဖကလေး ကလည်း “ ငါ့ ကြက်မကလေး သေလို့ သွားပြီး မြုပ်မလို့ပါ ” ဟု ပြန်ပြောလေ၏ ။ ထိုအခါ မြေခွေးက “ ဒါဖြင့် ငါလည်း လိုက်ပို့မယ်လေ ” ဟု ပြောသောအခါ ကြက်ဖကလေးက “ အေး ...  ကောင်းပါရဲ့ ။ ဒါပေမယ့် နောက်ကပဲ လိုက်ခဲ့ပါ ။ ငါ့မြင်း ခြောက်ကောင်က ဆွဲနိုင်မယ် မဟုတ်ဘူးလို့ ပြောသဖြင့် မြေခွေး လည်း ရထားနောက်မှ လိုက်လာခဲ့လေ၏ ။ ထို့နောက် ဝံပုလွေ တစ်ကောင်နှင့် တွေ့၍ သူလည်း မြေခွေးကဲ့သို့ပင် ကြက်မကလေး မသာကို ရထားနောက်မှ လိုက်၍ ပို့ရလေ၏ ။ ထို့နောက် သူတို့ သွားကြသောအခါ လမ်းတွင် ဝက်ဝံကြီး ၊ သမင်ကလေး ၊ ခြင်္သေ့ကြီးနှင့် အခြားသော တောတိရစ္ဆန်များတို့သည် ကြက်မကလေး၏ မသာကို တစ်စီတစ်တန်းကြီး လိုက်၍ ပို့ကြလေ၏ ။ သူတို့ လမ်းခရီး၌ စမ်းချောင်းကလေး တစ်ခုသို့ ရောက်ကြ၍ မည်သို့ ကူးရမည် မသိနိုင်အောင် ဖြစ်နေကြလေ၏ ။ ထို့ကြောင့် ကြက်ဖကလေး က “ ဒီစမ်းချောင်းကို ဘယ်လို ကူးရပါ့မလဲနော် ” ဟု ပြောလိုက်ရာ စမ်းချောင်းဘေးတွင် ရှိသော ကောက်ရိုးကလေး တစ်ချောင်းက ကြား၍ “ မပူပါနဲ့ မိတ်ဆွေ ၊ ကျုပ်က ဟောဒီလို .. စမ်းချောင်းမှာ စင်းပြီး တံတားလို လုပ်ပေးပါ့မယ် ။ ကျုပ် ကျောပေါ်ကပဲ ဖြတ်ပြီး ကူးသွားပါ ” ဟု ပြောလိုက်လေ၏ ။ ထိုအခါ ကြက်ဖကလေး နှင့် ကြွက်ကလေး ခြောက်ကောင်တို့သည် ကောက်ရိုး ပေါ်မှ နင်းဖြတ်၍ ကူးသွားကြရာ ကောက်ရိုးချောင်းကလေးမှာ ရေထဲတွင် လျှော၍ နစ်သွားလေ၏ ။ ထိုကြောင့် ကြွက်ကလေးခြောက်ကောင်လည်း ရေထဲတွင်ကျပြီးလျှင် နစ်မြုပ် သွားကြလေ၏ ။


ထိုသို့ ကြွက်ကလေး ခြောက်ကောင် ရေနစ်၍ သေကုန်သောအခါ သူတို့သည် စမ်းချောင်း တစ်ဖက်သို့ မည်သို့ ကူးရမည်ကို မကြံနိုင် ဖြစ်နေကြလေ၏ ။ ထိုအခါ အနားတွင် ရှိသော မီးသွေးခဲကလေး တစ်ခဲက “ မပူပါနဲ့ မိတ်ဆွေ ကျုပ် ကျောပေါ်ကပဲ နင်းပြီး ကူးသွားကြပါ ” ဟု ပြောကာ သူ့ကိုယ်သူ တံတားအဖြစ် ပြုလုပ်ပေးလိုက်လေ၏ ။ ထို့ကြောင့် ကြက်ဖကလေးနှင့် တိရစ္ဆာန်များတို့သည် မီးသွေးပေါ်မှ နင်းဖြတ်၍ ကူးသွားကြသောအခါ မီးသွေးခဲလည်း သူတို့၏ နင်းဖြတ်ခြင်းကို မခံနိုင်၍ ရေထဲတွင် နစ်သွား ပြန်လေ၏ ။


ထိုအခိုက် ကျောက်တုံး တစ်တုံးက မြင်၍ ကြက်ဖကလေးကို သနားလာ ပြီးလျှင် သူ့ ကိုယ်သူ စမ်းချောင်းကို ဖြတ်၍ တံတားအသွင် ပြုလုပ်ပေးလေ၏ ။ ထိုအခါ ကြက်ဖကလေးလည်း ရထားကို သူကိုယ်တိုင် ဆွဲကာ ကျောက်တုံး ပေါ်မှ ဖြတ်၍ ကူးလိုက်သောအခါ စမ်းချောင်း တစ်ဖက်သို့ ကောင်းမွန်စွာ ရောက်ရှိသွားလေ၏ ။ ကြက်ဖကလေး တစ်ဖက်ကမ်းသို့ ရောက်သွားသောအခါ ကျန်ရစ်သော တိရစ္ဆာန်များတို့လည်း ကြက်ဖကလေး ကဲ့သို့ ကျောက်တုံးပေါ်မှ ဖြတ်၍ ကူးကြသောအခါ သူတို့အားလုံးသည် ကြက်ဖကလေး ကဲ့သို့ မဟုတ်ဘဲ လေးလံလှ သောကြောင့် ကျောက်တုံးနှင့်အတူ ရေထဲတွင် နစ်၍ သေဆုံး သွားကြလေ၏ ။


နောက်ဆုံး၌ ကြက်မကလေး၏ မသာနှင့် အတူ ကြက်ဖကလေးသည် တစ်ကောင်တည်း ကျန်ရစ်လေ၏ ။ ထို့ကြောင့် ကြက်ဖကလေး လည်း ကြက်မကလေး၏ အလောင်းကို မြှုပ်ရန် သူတစ်ကောင်တည်း မြေကို တူးနေရမလ၏ ။


ကြက်ဖကလေး လည်း ထိုသို့ ကြက်မကလေး၏ အလောင်းကို မြေကြီးများဖြင့် ပို့နေ အောင် ဖို့နေရင်း နောက်ဆုံး၌ စိတ်ဆင်းရဲစွာဖြင့် သေဆုံး သွားရရှာလေသတည်း ။


( ဘာသာပြန် ) 


〇 နုယဉ်

📖ရှုမဝ မဂ္ဂဇင်း

     ၁၉၅၉ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment