Monday, October 27, 2025

မြို့ဂျပိုး ( ၂၃ )


 

ကားပါကင်ကလည်း ရှားရှားပါးပါး J'DONUTS ဆိုင်ရှေ့မှာမှ ရတော့တယ် ။ ကျွန်တော် စိတ်မသက်မသာနဲ့ ဆိုင်ထဲကို လှမ်းကြည့်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ် ။ အဖေ မှာလိုက်တဲ့ ကာရာအိုကေ ဆိုဖို့ မိုက်တစ်လုံး လာဝယ်ရင်း ဒီဘက်ကို ရောက်ခဲ့ပါပြီ ။ ဒီနေရာကို မလာတော့ဘူးလို့ စဉ်းစားထားတာမို့ ရုတ်တရက် ရောက်လာတော့ ရင်ထဲမှာ တစ်မျိုးပဲ ။

ကျော်စတူရီယိုမှာ မိုက်ဝယ်ပြီး ပြန်လာချိန်မှာ ကျွန်တော် J' DONUTS ဆိုင်ထဲလှမ်းဝင်လာမိတယ် ။ နေ့လယ်နေ့ခင်းမို့ ကော်ဖီလေးတစ်ခွက်လောက်တော့ သောက်ချင်တာရယ် ၊ စိတ်က လွမ်းသလိုလို ဖြစ်နေတာရယ်ကြောင့် ဆိုင်ထဲကို ဝင်လာမိတာပါ ။

ကောင်တာမှာ ကော်ဖီဝယ်ပြီး ထောင့်ကျကျ စားပွဲကို ရှာရင်း ကျွန်တော့်အတွက် အံ့ဩစေတာက “ မမ ” ကိုတွေ့လိုက်ရလို့ပါ ။ သူက ကျွန်တော့်ကို မမြင်ဘူး ။ ကျောခိုင်းပြီး ထိုင်နေပါတယ် ။ ကျွန်တော် ကပျာကယာ ခုံလွတ်တစ်ခုမှာ ဝင်ထိုင်ပြီး သူ့ကို လှမ်း အကဲခတ်လိုက်တယ် ။ သူ့ ရှေ့မှာ ကော်ဖီက နှစ်ခွက် ၊ မုန့်က နှစ်ယောက်စာ ချထားပါတယ် ။ ဘယ်သူ နဲ့ လာတာပါလိမ့် ။ ကျန်တဲ့ တစ်ယောက်က ဘယ်သူ ဖြစ်မလဲလို့ အသာ စောင့်ကြည့်နေမိပါတယ် ။ တကယ်တော့ ကျွန်တော် ဒီလို ချောင်းကြည့်တာ ဘယ်ကောင်းပါ့မလဲ ။ သူ့ဟာသူ ဘယ်သူနဲ့ပဲ လာလာ ကျွန်တော် စောင့်ကြည့်ဖို့ မလိုဘူးလေ ။ သူကတော့ လက်ထဲမှာ ပါလာတဲ့ မဂ္ဂဇင်း စာအုပ်ကို ဖတ်ပြီး အေးအေးဆေးဆေး ထိုင်နေပါတယ် ။

ကျွန်တော် စောင့်ကြည့်နေတာ နာရီဝက်ကျော်ကျော် ကြာတဲ့ အထိ သူ့ရှေ့ကို ဘယ်သူမှ ဝင်မလာဘူး ။ ကျွန်တော် သူ့ကို သွားနှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ပြီး ထလိုက်ပါတယ် ။ ဘာပဲဖြစ်ဖြစ် တွေ့လို့မှ နှုတ်မဆက်ဘူးဆိုရင် ကျွန်တော် သိပ်ရိုင်းသွားမယ်လေ ။ သူ့ဆီကို လျှောက်လာရင်း ကျွန်တော့် ရင်တွေ တုန်တယ်ဗျ ။

“ မမ ... ”

ကျွန်တော် ခေါ်လိုက်တော့ သူပခုံး တွန့်ကနဲ ဖြစ်သွားပြီး လှည့်ကြည့်ပါတယ် ။ သူ့မျက်နှာက အောင်ပွဲရ သွားတဲ့ လူတစ်ဦးလို နှုတ်ခမ်းထောင့်လေးကစပြီး တဖြည်းဖြည်း ကွေးပြီး ပြုံးလာရင်း မျက်လုံးတွေကလည်း ဝင်းလက်လို့ လာပါတယ် ။ တော်တော်လေး စိုက်ကြည့်ပြီးတော့မှ ... ။

“ မင်းတကယ် လာပြီကိုး ” တဲ့ ။

“ မမ ဘယ်သူ့ကို စောင့်နေတာလဲ ၊ နေရာကောင်းရဲ့လား ၊ အဖေ့အတွက် မိုက် လာဝယ်ပေးရင်း ဒီဘက် ကြုံလို့ ဝင်လာတာ ၊ မမ ဘယ်သူ့ကို စောင့်နေတာလဲဟင် ”

“ ထိုင်ပါဦးလား ၊ ဘယ့်နှယ် မတ်တတ်ကြီး ရပ်နေတာလဲ ။ ထိုင်လေ ၊ ဘယ်သူ့မှ မစောင့်ပါဘူး ၊ ဒါထက် မင်းကိစ္စရော အဆင်ပြေပြီလား ” 

“ ဆိုပါတော့ ၊ မမ ဒါတွေက ... ”

ကျွန်တော် သူ့ရှေ့မှ ဝင်ထိုင်လိုက်ပေမယ့် ပြောစရာစကားတော့ သိပ် မရှိလှဘူး ။ သူကလည်း ကျွန်တော့်လိုပဲ တိတ်ဆိတ်နေပါတယ် ။ ကျွန်တော် တွေးနေတာက သူဘယ်သူနဲ့ လာတာလဲ ။ ဒီလောက် အကြာကြီး စောင့်နေပုံကတော့ တော်တော်ရင်းနှီးတဲ့ လူထဲက ဖြစ်ရမယ်လို့ ထင်ပါတယ် ။ ဒီနေရာဟာ သူနဲ့ ကျွန်တော် ထိုင်နေကျနေရာမို့ သူဘယ်သူနဲ့ လာတာလဲ ဆိုတာ မေးချင်နေမိပါတယ် ။

“ မမ ဘယ်သူနဲ့ လာတာလဲ ”

“ မင်းနဲ့ ဘာဆိုင်လဲ ”

“ ဪ ... ဆောရီး ... ဆောရီး ၊ ကျွန်တော် မှားသွားတယ် ။ ဆောရီးနော် ”

အလို .. သူ မျက်ရည်တွေ ဝဲနေပါလား ။ ကျွန်တော့်ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေက တစ်မျိုးကြီးပဲ ။ မဖြစ်ဘူး ၊ ပြန်တာပဲ ကောင်းပါတယ် ၊ ကျွန်တော် သက်ပြင်းချပြီး ပြန်ဖို့ ပြင်လိုက်ချိန်မှာ သူက ...

“ ငါ မင်းကို စောင့်နေတာ ”  တဲ့ ။

“ ဟာ ” 

“ ကိစ္စမရှိပါဘူး ၊ မင်း သွားချင်သွားပါ ”

“ ဟာ ... မမ ၊ ဟာဗျာ ၊ အဓိပ္ပာယ် မရှိတာ ”

ကျွန်တော်က အထိတ်တလန့် ပြောပြီး ဖုံးထားတဲ့ ကော်ဖီခွက်ကို ဖွင့်ကြည့်လိုက်ပါတယ် ။ ဟုတ်နေပါပြီ ။ ဒါ ကျွန်တော် သောက်နေကျ ဘလက်ကော်ဖီ ။ ဒုက္ခတော့ ရောက်ပြီ ထင်တယ်ဗျို့ ။

“ မမရာ အဓိပ္ပာယ်မရှိတာ ။

“ ငါ ဘာပြောလို့လဲ ၊ မင်း သွားချင် သွားတော့လေ ၊ သွားပါလားကွယ် ၊ သွားမှာ သွားပါ ” 

“ ဘာ ... သွား ၊ ဟာဗျာ ... မမ ”

ခံရခက်လိုက်ပုံတော့ မပြောချင်တော့ဘူးဗျို့ ၊ ဒေါသလည်း ဖြစ် ၊ မခံ မရပ်နိုင်လည်း ဖြစ် ၊ သူ့ကိုလည်း ဘာပြန်ပြောရမှန်း မသိတော့ဘူး ။

“ သွားပါတော့ မိုးအောင်ရယ် ၊ မင်း ထွက်သွားတာ အကောင်းဆုံးပဲ ၊ မင်းကို ဘယ်လို စိတ်နဲ့ မှ စောင့်နေတာ မဟုတ်ပါဘူး ၊ ငါ့စိတ် ငါ ဖြေသိမ့်နေတာပါ ၊ မင်း ထွက်သွားလည်း ဘာမှ အရေးမကြီးဘူး ၊ ငါ စောင့်နေတဲ့ မိုးအောင် က ငါ့ ရင်ထဲက မိုးအောင်ပါ ၊ နင် ထွက်သွားပါတော့ဟာ ”  

သူ့ရင်ထဲက မိုးအောင် တဲ့ ။

ဒီမိန်းမ ရူးများ သွားပြီလား မသိဘူး ။

“ ဒီမှာ .. မိုးအောင် ၊ မိန်းမတွေရဲ့ အချစ်ကို နင်ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး ၊ ဘာဖြစ်လို့ လဲသိလား ၊ နင်က ... နင်က ... နင့်ကိုယ်နင် သိပ်ဦးစားပေးနေတာကိုး ၊ သိပ်တစ်ကိုယ်ကောင်း ဆန်နေတာကိုး ။ ဒါကြောင့် နင့်မှာ ဘယ်တော့မှ ကိုယ်ချင်းစာစိတ် မရှိဘူး ၊ ငါကလည်း အဲဒါမျိုး အရမ်းမုန်းတာ ၊ နင့်ကို ငါ စောင့်နေတယ်ဆိုတာနဲ့ နင့်ကိုယ် နင် အထင် မကြီးလိုက်နဲ့ ဦး ၊ ငါချစ်တဲ့ မိုးအောင်က နင်နဲ့ ဘာမှ မဆိုင်ဘူးသိ လား ၊ နင်သွားတော့လေ ”

“ ကျွန်တော် မသွားတော့ ဘာဖြစ်လဲ ၊ သွားချင်မှ သွားမှာပေါ့ဗျာ ” 

“ နင်ဟာ တစ်စက်လေးမှ သစ္စာမရှိတဲ့ ကောင်ပါလား ၊ ဟင် ”  

“ ခင်ဗျား အခုမှ သိသလား ၊ တော်သေးတာပေါ့ ”

“ အေး ... နင့် မိန်းမကို နင် သစ္စာမရှိတာ အရေးမကြီးဘူး ၊ ငါ သူများ သမုတ်တာ မခံချင်ဘူး ၊ ရှင်းပြီလား ၊ နင် ငါ့ရှေ့က ထွက်သွားရင် ကောင်းမယ်နော် ၊ ဟွန်း ... ငါ့အဆိုးမဆိုနဲ့ ” 

“ ကျွန်တော့်မှာ မိန်းမဆိုလို့ ခင်ဗျား ပဲရှိတဲ့ ဟာ ၊ ဟင်း .. ဟင်း ”

“ မိုးအောင်နော် ၊ နင် မမိုက်ရိုင်းနဲ့  ၊ ဘာစကား ပြောတာလဲ ”

“ ဟုတ်တယ်လေ ၊ ခင်ဗျားပဲ ”

“ တော်တော့နော် မိုးအောင် ၊ တော်တော့နော် ၊ နင် ပေါက်ကရတွေ ပြောမနေနဲ့ ”

“ ဒါဆို ခင်ဗျားပေးတဲ့ ဝတ်စုံတွေ လာပြန်ယူဗျာ ၊ ကျုပ်မှာ ယူမယ့် မိန်းမ မရှိဘူး ”

“ ဟင် ... နင် ... ”

“ ဟုတ်တယ် ၊ ကျုပ် ဘယ်မိန်းမမှ မယူဖြစ်ဘူး ၊ ရှင်းပြီလား ၊ သွားမယ် ”

ကျွန်တော့် လုပ်ရပ်ဟာ မှန်သလား ၊ မှားသလားတော့မသိဘူး ။ ပြောပြီးတာနဲ့ ဆိုင်ထဲက ထွက်လာပြီး ကားဆီလျှောက် တံခါးဖွင့်ပြီး မောင်းထွက်လာခဲ့တယ် ။ အခုမှ ပဲရင်ထဲ ပေါ့သွားတော့တယ် ။ စောစောတုန်းက မမကို ကြည့်ပြီး ငိုချင်သလိုလို ဖြစ်မိတာလေး ဘယ်ပျောက်သွား မှန်းမသိဘူး ။ သူ့ကို မြင်ရတာ စိတ်မချမ်းသာဘူး ။ ကျွန်တော့်ကို လာစောင့်နေတာတဲ့ ဗျာ ။ ကျွန်တော် သောက်နေကျ ကော်ဖီ မှာပြီး တစ်ယောက်တည်း ငုတ်တုတ်ကြီး ထိုင်နေရှာတယ် ။ သူ့ဟာက ရုပ်ရှင်ရိုက် နေတာကျ နေတာပဲ ။ ဒီလိုဆိုတော့လည်း ကျွန်တော်ဟာ စွဲလောက်စရာ ဖြစ်လို့ကိုး ၊ ဘယ်ဆိုးလို့တုံး ။ ကျွန်တော်ကိုယ် ကျွန်တော် ဒီလောက် အထင်မကြီးမိခဲ့ ဘူး ။ မိန်းမတစ်ယောက်က ဒီလောက်တောင် သည်းသည်းလှုပ်နေပြီ ဆိုတော့ ကျွန်တော် ရုပ်ရှင်တွေဘာတွေ ဝင်ရိုက်ရင် ပေါက်သွားနိုင်တယ် ဟုတ်လား ။ မန္တလေးမှာ တုန်းက ခင်မေနွယ့် သူငယ်ချင်းတွေကို “ ထက်ထက် ” တို့  ၊ “ ထွန်းအိန္ဒြာဗို ” တို့ အကြောင်း ပါးစပ်ထဲ လျှောက်ပြောမိတာ နိမိတ်ပြနေပြီလား မဆိုနိုင်ဘူး ။ ဒါပေမဲ့ ဗေဒင်ဆရာဟောလိုက်တဲ့ ဗုဒ္ဓဟူးနံနဲ့ အမျိုးသမီးကိစ္စက မှန်နေပါရောလား ။ မမ က ဗုဒ္ဓဟူးသမီး ၊ အသက်ကလည်း ကျွန်တော့်ထက် ကြီးတယ် ။ ဒီအတိုင်းဆို သူနဲ့ ကျွန်တော့် ကိစ္စဟာ ဆုံးခန်းတိုင်ဦးမှာ မဟုတ်ဘူး ။ ကျွန်တော် ဘာဖြစ်လို့ သူ့ကို မိန်းမ မရသေးတဲ့ အကြောင်း ပြောလိုက်မိတာပါလိမ့် ။ တကယ်ဆို မပြောသင့်ဘူး မဟုတ်လား ။ သူ ခံစားနေရတာကို ကြည့်ပြီး ကိုယ့်ကြောင့် ဒီလောက် စိတ်ဒုက္ခရောက် နေတာကို ကိုယ့်ဟာကိုယ် ဒေါသဖြစ်ပြီး ပြောလိုက်မိတာ မှားသွားပြီနဲ့ တူတယ် ။ သူ့ဟာသူ အလွမ်းဇာတ် ခင်းနေတာကို ဝင်ရှုပ်မိပြန်ပြီ ။

သူ ဘာကြောင့် ကျွန်တော် မိန်းမရသွားပြီလို့ ထင်နေတာလဲ ။ ဧကန္တ ကိုမြတိုး လက်ချက်ပဲနေမယ် ။ ကျွန်တော် မန္တလေးမှာ နှစ်လလောက် ကြာသွားတာကို မိန်းမ ရသွားပြီလို့ သတင်းပေးလိုက်တာ နေမှာပါ ။ ဒါမှလည်း ဇာတ်လမ်းက ပြတ်မှာကိုး ။

အခုအချိန်ဟာ ကျွန်တော့် အတွက် ပြုပြင်ပြောင်းလဲရေးကာလ ဖြစ်နေတာကြောင့် အရင်က ကိစ္စတွေ ပြန်မဖြစ်အောင် သတိထားရပါတော့တယ် ။ ကျွန်တော့် လူမှုရေးပြဿနာတွေ ခင်မေနွယ် ကို မရိုက်ခတ်စေချင်ဘူး ။ ယူဖြစ်တာ မယူဖြစ်တာထက် ကျွန်တော် ဆင်ခြင်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အရင်ကိစ္စမျိုး ရှောင်နေမိပါတယ် ။ နီလာ့ ဆီ ကိုတောင် မသွားဖြစ်ဘူး ။ ကျွန်တော့် ခေါင်းထဲမှာ ရှိနေတဲ့ အဓိကပြဿနာဟာ ငွေ ဆယ်သိန်း ရှာမှာလား ၊ မရှာဘူးလား ၊ ဆိုတာပါပဲ ။ ခင်မေနွယ် ဟာ ဆယ်သိန်းမက တန်မှန်း ကျွန်တော် လက်ခံပါတယ် ။ ခက်တာက ကျွန်တော် စိတ်ရှုပ် မခံနိုင်ဘူး ။ ချေးရ ၊ ငှားရ ၊ ဟိုဟာပေါင်ရ ၊ ဒီဟာပေါင်ရ လုပ်ပြီး မင်္ဂလာဆောင်ရမှာကို သိပ်စိတ် မထက်သန်လှဘူး ။ ငွေမရှာဘဲ ချစ်ပြီ ၊ ကြိုက်ပြီ လုပ်ပြန်ရင်လည်း ခင်မေနွယ် ကို တန်ဖိုးမထားရာ ကျဦးမယ် ။ မယူဘဲ နေလိုက်ပြန်ရင်လည်း လူကြီးမိဘတွေကို မျက်နှာ ပူရသေးတယ် ။

ကိုမြတိုး ကတော့ ယူဖြစ်အောင် ယူဖို့ တိုက်တွန်းနေပါတယ် ။

“ သူတို့ ဘက်က တောင်းတာ တရားပါတယ်ကွာ ၊ မင်္ဂလာဆောင်တော့ ဟိုကဒီက လက်ဖွဲ့ရင် မင်း ပြန်ရဦးမှာပါ ၊ ခန်းဝင်ပစ္စည်းကလည်း မင်းတို့ တစ်သက်လုံး သုံးရမှာ ပဲဟာ ။ ငွေလေးငါးဆယ်သိန်း ကို ကြည့်မနေနဲ့ ၊ ကိုယ့် တစ်သက်လုံးစိတ်ချမ်းသာဖို့ အရေးကြီးတာကွ ။ ငွေလည်း ဒီလိုပဲ ဝိုင်းရှာကြတာပေါ့ ။ မင်္ဂလာဆောင်တာ တစ်ကိုယ်တည်း လုပ်လို့ မရဘူး ၊ ဝိုင်းပြီး လုပ်မှ အထမြောက်တာ ။ ယူစမ်းပါ ၊ မင်း ဘာမှ ကြောက်မနေနဲ့ ”

သူ ပြောတာ ဟုတ်ပါရဲ့ ။ ဒါပေမဲ့ ကျွန်တော်က ငွေတစ်သိန်းလောက်တောင် ရှာတတ်ဖွေတတ်တာ မဟုတ်ဘူး ။ လက်ထဲ ပိုက်ဆံရှိရင်သာ ဝတ်ဖို့ စားဖို့ သုံးဖို့ ဖြုန်းဖို့ နားလည်တာပါ ။ ရှာဖွေဖို့ စုဆောင်းဖို့ ဆိုရင် ဘယ်လိုမှ စိတ်အားမသန်လှဘူး ။ ငွေဆယ်သိန်းလောက် အကြွေးတင်ပြီး မင်္ဂလာဆောင်ရမယ် ဆိုတာကြီးကလည်း သိပ်လွယ်တဲ့ ကိစ္စ မဟုတ်ဘူး ။ မိန်းမယူမယ် ဆိုရင် ဒါတွေ ကြုံရမှာပဲလို့ တစ်ခါမှ မစဉ်းစားထားတော့ ကျွန်တော့်မှာ မနိုင်တဲ့ ဝန်ကို ဝင်ထမ်းရမလို ဖြစ်နေပါတယ် ။ ( ၂၁ ) ရာစု ကို တူမောင်မယ် ရွှေလက်တွဲပြီး သွားမယ်လို့ စိတ်ကူးယဉ်ထားတာတွေ တဖြည်းဖြည်းဝေးလို့ လာခဲ့ပြီ ။

လူ့စိတ်ဟာ တော်တော် ဆန်းတယ်ဗျ ။

အရင်က ကိုယ် လိုလားတောင့်တချိန်ကတော့ ခင်မေနွယ် သာလျှင် ကျွန်တော့် ဘဝရဲ့ ပန်းတိုင် ၊ အလှမဖုရား ၊ နှလုံးသားဧကရာဇ် ဖြစ်နေခဲ့ပါတယ် ။ ကိုယ် မတတ်နိုင်တဲ့ ကိစ္စလည်း ကြုံရော အလကားပါလို့ ကောက်ချက်တွေချနေမိတော့တယ် ။

အမေက မျက်စောင်း တခဲခဲပေါ့ဗျာ ။ ဘယ်လို လုပ်တာလဲ ။ လူကြီးတွေက ကောင်းပြီကောင်းရဲ့ ပြောထားပြီးတာကို ဘာအချိုး ချိုးတာလဲ ၊ လမ်းဘေးက ဟာတွေနဲ့ ပဲ နေသွားမှာလား ၊ မိဘမျက်နှာ ပျက်ရဦးမှာလား ဆိုပြီး ပြစ်တင်စကားတွေနဲ့ တိုက်နေပါတော့တယ် ။ နောက်ဆုံး ကျွန်တော့် ဘက်က ဘာမှ မထူးခြားလာတော့ ...

“ ငါ ဘာ ပြန်ပြောလိုက်ရမလဲ ၊ မင်း ရှင်းရှင်း ပြောစမ်း ” တဲ့  ။

“ ဘာကိုလဲ အမေရာ ၊ ကျွန်တော် စဉ်းစားနေတာပါ ”

“ ဘာစဉ်းစားတာလဲ ၊ ဘာစဉ်းစားတာလဲ ၊ ဟိုကောင်မတွေကို မပြတ်နိုင်ဘူးမဟုတ်လား ၊ ငါ အကုန်သိတယ်နော် ၊ ဟင်း ..... ”

“ မဟုတ်ပါဘူး အမေရာ ၊ ငွေရေးကြေးရေး စဉ်းစားနေတာပါ ”  

“ စုထားပြီးသား ဘယ်လောက်ရှိလဲ ၊ စောစောက ပြောပါလား ”  

ဒုက္ခပဲဗျို့ ။

ကျွန်တော်များ စုတတ်ဆောင်းတတ်တဲ့ လူ ထင်နေမှ ကိုး ။ စုထားတာ တစ်ပြားမှ မရှိဘူးဆိုရင်လည်း ယုံမှာ မဟုတ်ဘူး  ။

“ ငါသိတယ် ၊ နင့်ကောင်မတွေ ဆီက ပြန်တောင်းလို့ မရဘူး မဟုတ်လား ၊ ထင်သားပဲ ၊ ဘယ်ပြန်ရမှာ လဲ ၊ ဒါမျိုးတွေ ရိုးနေပြီ ။ နည်းတယ်လို့တောင် ထင်ဦးမယ် ၊ နင်ငတုံးပဲ ”

အလို .... သူ ထင်တာ တစ်မျိုးပါလား ။

ကျွန်တော် ဘာမှ မပြောဘဲ ငြိမ်နေလိုက်တယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ မစုထားဘူး ဆိုတာထက် စာရင် ဒါက နည်းနည်း အပြောခံရတာ သက်သာမယ်လေ ။ ကောက်ကျစ်တယ် ဆိုလည်း ဆိုတော့ဗျာ ။ လောလောဆယ် အပြောခံရတာ သက်သာဖို့ အရေးကြီးတယ် ။ တကယ်တော့ တင်မြရီတို့ အတွက် ကျွန်တော် ကုန်တယ် ဆိုတာ နှစ်သောင်းသုံးသောင်း ပါ ။ ဟိုချာတိတ်မလေးဆီက ကားခ မရတာတော့ ရှိတာပေါ့လေ ။

“ ဟွန်း ... နင် အခု သိပြီ မဟုတ်လား ၊ ဟင် မိုးအောင် ၊ ငါ မပြောချင်လို့ ကြည့်ကြည့်နေတာဟဲ့ ၊ နင် လည်း နင့်အဖေအမျိုးပဲ ။ ဘာမဟုတ်တာတွေနဲ့ ကျတော့ ကုန်လိုက်ရတာ သောက်သောက်လဲ ။ ဟင် ... မဟာကရုဏာရှင်ကြီးတွေပေါ့လေ ၊ နင်တို့ သားအဖ အဲဒါတွေနဲ့ပဲ သွားနေကြပါလား ”  

ပြဿနာက အဖေ့ဘက် လှည့်ပြီ ။

“ အမေရာ ... အဖေနဲ့ ဘာမှ မဆိုင်ပါဘူး ၊ ကျွန်တော့် ကိစ္စ ကျွန်တော့်ကိုပဲ ပြောပါ ”

ကျွန်တော် ဒီလို ပြောလိုက်တာဟာ အဖေ့ကို စာနာတယ်လို့ ထင်လိမ့်မယ် ။ တကယ်တော့ မြှောက်ပေးလိုက်တာဗျ ။ ကျွန်တော့် အိမ်မှာ “ အထာ ” ရှိတယ်လေ ။ ဒီလို ဝင်ဟန့်တားလိုက်ပြီ ဆိုရင် ပြဿနာက ပိုကြီးသွားတတ်တာကိုး ။

“ ဘာ ... အဖေနဲ့ မဆိုင်ဘူး ဟုတ်လား ၊ ဟင်း ... ငါ မပြောလိုက်ချင်ဘူး ၊ နင့်အဖေ ခေတ်ဆန်ပေါင်းများ နေပြီ ၊ ငါ့ကို အအကြီး ထင်တယ်ပေါ့လေ ၊ သိတယ်ဟေ့ ၊ သိတယ် ၊ နင့်အဖေ ... ” 

ပြောပြောပြော ကြိုက်သလိုသာ ပြောပေတော့ ။ ကိုယ် အပြောခံရတာ သက်သာဖို့ အရေးကြီးတယ် ။ အမေက ပြောပြီဟေ့ဆိုရင် တော်ရုံတန်ရုံ ပြီးတော့တာ မဟုတ်ဘူး ။ ဪ ... ဒီနေ့ ဘာနေ့ပါလိမ့် ။ သေချာတာပေါ့ဗျာ ။ အမေ ရိပ်သာဝင်ဖို့ နှစ်ရက်ပဲ လိုတော့တာကိုး ။ သွားခါနီးလေး လက်စွမ်းပြဖို့ လမ်းစ ရှာနေတာ မဟုတ်လား ။ ဒါမှ သူ သွားရတာ လမ်းဖြောင့်မှာလေ ။ ဒါမျိုးက ကြုံရပေါင်း များပြီမို့ ကျွန်တော် အသာလေး ငြိမ်နေပေးလိုက်တယ် ။ အမေ ဆူလို့ အော်လို့ ဝပြီ ဆိုရင် ကျွန်တော့်အတွက် တစ်ခုခု စီစဉ်ပေးမှာ သေချာပါတယ် ။ အဖေ ကတော့ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး မျက်နှာကြီး စူပုပ်လို့ နေရှာပြီ ။ သူ ခေတ်ဆန်ခဲ့သမျှ အခုတော့ ခံပေတော့ ။ ဒီ တစ်ရက်နှစ်ရက်တော့ အဖေ ဘယ်မှ သွားမှာ မဟုတ်တော့ဘူး ။ သူ့စာအုပ်အဟောင်းတွေနဲ့ နပမ်းလုံးတော့မယ် ။ ယာယီအပစ်အခတ် ရပ်စဲတဲ့ သဘောပေါ့ဗျာ ။ အမေက ဟင်းတွေ ဘာတွေ မချက်ဘဲနေမယ် ။ အဖေက ရှိတာလေးနဲ့ စားပြီး စာအုပ်တွေ ဖတ်နေမယ် ။ ကျွန်တော့် တာဝန်က အဖေ့အတွက် ညနေ ကားသိမ်းတဲ့ အခါ ပုဇွန်တောင် ပန်းခြံနားက ဆင်ဖြူတော်ဆိုင် ကနေ ခေါက်ဆွဲကြော် ဝယ်လာပေးရမယ် ။ ဒါက အမေ့ကို ကျွန်တော်တို့ သားအဖ အသံတိတ် ဆန္ဒပြနည်းပေါ့ ။

အမေကလည်း တစ်ခွန်းဆို တစ်ခွန်းမှ မပြောတော့ဘဲ ရိပ်သာကို သွားမယ် ။ ဒါပေမဲ့ သူ့အတွက် အရေးကြီးတဲ့ သောက်ဆေးတို့ ၊ မျက်မှန်တို့  ၊ ပုတီးတို့ ထားခဲ့နေကျ ။ အဖေက လိုက်ပေးနေကျ ။ အမေ့ အတွက် ရိပ်သာကို အအေးတို့ ၊ လက်ဖက်တို့ လိုက်ပို့နေကျ ။ အမေ မရှိတဲ့ အခါ ညီမက ဟင်းချက်ပြီး လာပို့မယ် ၊ ကိုကိုကြီးမိန်းမက ဟင်းချက်ပြီး လာပို့မယ် ။ ဒါကျွန်တော်တို့ မိသားစုရဲ့ ကိုယ်ပိုင် “ အထာ ” လေးပေါ့ဗျာ ။

အဖေက ကျွန်တော့်ကို အရင် အချိန်တွေမှာ ကဲ့ရဲ့ ပြစ်တင် သလောက် ၊ အခုလိုအချိန်မျိုးဆို ညီရင်းအစ်ကိုလို ဖြစ်နေပါရော ။ “ ကိုယ့် ရန်သူရဲ့ ရန်သူဟာ ကိုယ့်မိတ်ဆွေ ” ဆိုတဲ့ သဘောပေါ့ဗျာ ။ တကယ်လို့ ကျွန်တော် နဲ့ သူ ကတောက်ကဆ ထပ်ဖြစ်ရင် အမေနဲ့ ကျွန်တော် ပူးပေါင်း သွားနိုင်တာကိုး ။ ရိပ်သာကို ကျွန်တော် သွားတဲ့ အခါ အဖေ အိမ်မှာ စာဖတ်နေတယ် ၊ ဘယ်မှ မသွားဘူး ၊ တကယ်ပြောတာပါ ဆိုတဲ့ ကျွန်တော့်ရဲ့ ထောက်ခံချက်တွေက အဖေ့ အတွက် အရေးကြီးတယ်လေ ။ ကျွန်တော်က ဒါမျိုး ကျတော့ အဖေ့ကို ပိုပိုသာသာ ပြောပေးမိပါတယ် ။ “ အဖေတောင် ရိပ်သာ ဝင်မယ်ပြောတယ် ” တို့  ၊ “ ဒုလ္လဘ ဝတ်မယ် ပြောနေတယ် ” တို့ ကျွန်တော့် ပါးစပ်က ကြံဖန် ပြောပြတော့တာပဲ ။ ဒါမှလည်း အမေက သူ့ဘီရိုသော့ကြီးကို လွှဲအပ်တာကိုး ။ ဘီရိုသော့ကြီးဟာ အဖေ့အတွက် အမောပြေ မဟုတ်လား ။ သုံးဖို့ စွဲဖို့ လိုလာရင် ဒီ ဘီရိုသော့ကြီး ရှိမှ ၊ သွားတာလာတာ ဝတ်စားဖို့ လိုရင် အဝတ်အစားကောင်းတွေက ဒီဘီရိုသော့ကြီး ရှိမှ  ၊ ဘဏ်စာအုပ် လိုချင်လည်း ဒီဘီရိုသော့ကြီး ရှိမှ ဖြစ်တာမို့ ကျွန်တော် ရိပ်သာက ပြန်လာတိုင်း အဖေ့ မျက်လုံးတွေက “ ဘယ်လိုလဲ ” လို့ မေးနေကျပါ ။ နောက်ဆုံး ဘီရိုသော့ကြီး ပါလာပြီ ဆိုတော့မှ သူ အပူလုံးကြီးကျတော့တယ် ။ အမေက ခွင့်လွှတ်လိုက်ပြီကိုး ။

“ မင်းအမေ ဘာမှာ လိုက်သေးလဲ ”

“ နေလို့ သိပ် မကောင်းချင်ဘူးတဲ့  ၊ မနက်ကျရင် တစ်ခေါက် လာခဲ့ပါဦးတဲ့ ”

“ မင်း သွားလိုက်ပေါ့ကွာ ၊ ရိပ်သာဆိုတော့ ငါ ခဏခဏ မသွားချင်ဘူး ”  

“ ဟုတ်ကဲ့ ”

တကယ်တော့ အဖေ့ကို ကျွန်တော် တမင် “ စ ” လိုက်တာပါ ။ တကယ်လို့ အမေ ရုတ်တရက် ပြန်ရောက်လာရင် သူအပြင် သွားနေတာနဲ့ ကြုံမှာကို သူ စိုးရိမ်မှန်း သိလို့ မနက်ကျရင် အမေ ပြန်လိုက်လာ မလိုလို ပြောလိုက်ရတာ ။ အမေ ဘယ်တော့မှ ဒီလို ပြန်လာလေ့ မရှိဘူး ။ ဘယ်လောက်ပဲ ပင်ပန်းနေနေ ၊ ရိပ်သာဝင်ပြီ ဆိုရင် အမေက ဇွဲကောင်းတယ် ။ တစ်ခါ တော့ ဖျားလိုက်တာမှ ဆရာဝန် ခေါ်ပြီး ဆေးထိုး ရတယ် ။ ဒါလည်း အဖျားကျတာနဲ့ တရားဆက်ဝင်တာပဲ ။ အားလုံးက အိမ်ခဏပြန်ပါ ဆိုတာတောင် မပြန်ဘူး ။ ဒီလိုမျိုး သေရမယ်ဆိုရင် သူ အရမ်းဝမ်းသာတယ် တဲ့ ။ ကျွန်တော်လည်း မိဘကို “ စ ” တတ် ၊ “ နောက် ” တတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်ရမှန်း မသိဘူး ။ မနက်ကျတော့ အပြင်ကနေ ကျွန်တော် ဖုန်းလှမ်းဆက်ပြီး အဖေ့ကို အမေ နေကောင်းသွားတဲ့ အကြောင်း ပြောလိုက်ပါတယ် ။ သေချာတာကတော့ ဒီကနေ့ည မိုးကြီးချုပ်မှ အဖေ ပြန်ရောက်မှာပါပဲ ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:

Post a Comment