❝ မင်းသမီးဆယ့်နှစ်ပါး နှင့် ဖိနပ်စုတ်ကလေးများ ❞
( ပုံပြင် )
ရှင်ဘုရင်ကြီး တစ်ပါး၌ လှပသော သမီးတော် ဆယ့်နှစ်ပါးရှိ၏ ။ သမီးတော် ဆယ့်နှစ်ပါးသည် အိပ်ခန်းဆောင်ကြီး တစ်ခုထဲတွင် အိပ်ရာများ စီတန်းကာ အိပ်ကြရသည် ။ ညစဉ်ညတိုင်း သူတို့ အိပ်ရာဝင်ကြပြီးနောက် ဘုရင်ကြီးက လာ၍ အိပ်ခန်း တံခါးကို သော့ခတ်၍ ပိတ်လေသည် ။
တစ်နံနက်၌ ရှင်ဘုရင်ကြီးသည် အိပ်ခန်းတံခါးကို လာ၍ ဖွင့်ရာတွင် သမီးတော်များ၏ ဖိနပ်ကလေးများသည် ညက တစ်ညလုံး ကခဲ့ကြ၍ စုတ်ပြတ် နေကြောင်း တွေ့ရှိရသည် ။ ညက သမီးတော်များ ဘယ်သို့ သွား၍ ကကြသည်ကိုမူ မည်သူမျှ မသိနိုင်ကြပေ ။ ထို့ကြောင့်ဘုရင်ကြီး အလွန် စိတ်ဆိုးလေ၏ ။
ရှင်ဘုရင်ကြီးသည် တိုင်းပြည်၌ ဤသို့ ကြေညာစေ၏ ။
“ တိုင်းသူပြည်သားတို့ ကျွန်ုပ်၏ သမီးတော်များ ညအချိန်၌ ဘယ်မှာ ကခုန်ကြသည်ကို တွေ့အောင် ရှာဖွေနိုင်သူအား ယောက်ျား ဖြစ်ပါက ကျွန်ုပ်၏ သမီးတော် အလှဆုံးနှင့် လက်ဆက်ပေးမည် ။ ထို့နောက် ကျွန်ုပ် မရှိသည့်နောက် ကျွန်ုပ်၏ ထီးနန်း ကိုလည်း လွှဲပေးရန် ကတိပြုပါမည် ။ အကယ်၍ သုံးညတိတိ စောင့်ကြည့်၍မျှ မသိနိုင်ပါက ထိုသူအား ခေါင်းဖြတ်၍အသ,တ်ခံစေရမည် ”
ထိုသို့ ကြေညာ၍ မကြာမီ၌ မင်းသား တစ်ပါးသည် မင်းသမီးများ ကခုန်ကြသည့် နေရာကို ရှာဖွေရန် ရောက်ရှိလာ၏ ။ ရှင်ဘုရင်ကြီးက အခန်းတွင် ထိုမင်းသားကို နေစေ၍ ညအချိန်တွင် သမီးတော်များကို စောင့်ကြည့်ခိုင်းထား၏ ။ မင်းသားသည် အိပ်ခန်းတံခါးကို ဖွင့်ကာ စောင့်ကြည့်နေသော်လည်း ဘာသံမျှ မကြားရ၍ မကြာမီ အိပ်ပျော်သွားလေ၏ ။
မနက်မိုးလင်း၍ မင်းသား နိုးလာသောအခါ၌ မနေ့က ကဲ့သို့ပင် မင်းသမီး ဆယ့်နှစ်ပါးတို့ ညအချိန်တွင် ကခုန်ကြ၍ သူတို့ ဖိနပ်ကလေးများ စုတ်ပြဲလျက် ရှိသည်ကို တွေ့ရလေ၏ ။ ထို့နောက် ဒုတိယညနှင့် တတိယညများတွင်လည်း ထိုသို့ပင် အိပ်ပျော်သွား သဖြင့် မိုးလင်းသောအခါ မင်းသားသည် သမီးတော် ဆယ့်နှစ်ပါး၏ ဖိနပ်များကို စုတ်မြဲ စုတ်လျက်ရှိသည်ကို တွေ့ရှိရလေ၏ ။
ထိုသို့ သုံးညတိတိ ဆက်ကြည့်၍မျှ သမီးတော်များ၏ ကခုန်ကြရာ နေရာကို မတွေ့ နိုင်သောအခါ ထိုမင်းသား အသ,တ်ခံရပြီး နောက်တွင်လည်း မင်းသားများစွာတို့သည် ဤကဲ့သို့ပင် အသ,တ်ခံကြရလေသည် ။ မင်းသမီးများ ကခုန်ကြသည့် နေရာကိုမူ မတွေ့နိုင်ကြသေးပေ ။
တစ်နေ့သ၌ စစ်ပွဲတွင် ဒဏ်ရာရ၍ ပြန်လာခဲ့သော စစ်သား တစ်ယောက်သည် ထို တိုင်းပြည် အနီးသို့ ရောက်လာ၏ ။ သူသည် လမ်းတွင် အဘွားအို တစ်ယောက်နှင့် တွေ့၍ သမီးတော် ဆယ့်နှစ်ပါး အကြောင်းကို ကြားသိရ၏ ။ ထိုအခါ စစ်သားက “ သမီးတော်များ ကခုန်တဲ့ နေရာမှာ တွေ့အောင် ရှာနိုင်ရင်တော့ ကောင်းမှာပဲ ။ မင်းသမီးနဲ့လည်း လက်ဆက်ရမယ် ။ ရှင်ဘုရင်လည်း ဖြစ်မယ် ။ ဒါပေမယ့် ရှာဖို့လည်း ခဲယဉ်းတာပဲ အဘွားရယ် ... ” ဟု အဘွားအိုကို ပြောလိုက်၏ ။
အဘွားအိုက ... “ အိုကွယ် ... ဘာ ခက်တာလိုက်လို့ ။ ညကျရင် သူတို့ လာတိုက်မယ့် အရက်ခွက်ကို မသောက်ဘဲနေပြီး အိပ်ချင်ဟန် ဆောင်နေပေါ့ ။ နောက်တော့ မင်းသိပါလိမ့် မယ် ” ဟု ပြောပြ၏ ။ ထို့နောက် သူက စစ်သားအား အင်္ကျီရှည်ကြီး တစ်ထည် ပေးလျက် “ ရော့ ... ဟောဒီ အင်္ကျီရှည်ကြီးကို ဆောင်ထား ။ ညကျတော့ အင်္ကျီကို ဝတ်လိုက်ရင် မင်းကို ဘယ်သူမှ မမြင်နိုင်တော့ဘူး ။ မင်း သူတို့ သွားတဲ့ နေရာကို နောက်က လိုက်ပြီး ကြည့်ရုံပဲ ” ဟု ပြောလိုက်လေ၏ ။
စစ်သားသည် မင်းညီမင်းသား ကဲ့သို့ ဝတ်ဆင်လျက် ဘုရင့် ရှေ့တော်သို့ ဝင်ပြီးလျှင် ခွင့်တောင်းကာ မင်းသမီးများ၏ အိပ်ခန်းဆောင်ကြီးနှင့် ကပ်လျက်ရှိသော အခန်းမှ နေ၍ စောင့်ကြည့်လျက် ရှိလေ၏ ။ ညအချိန် ရောက်သောအခါ သမီးတော် အကြီးဆုံးက အရက်ခွက်ကို ယူလာပြီးလျှင် စစ်သားအား တိုက်၏ ။ စစ်သားလည်း အရက်ခွက်ကို အမှတ်မဲ့ သွန်ပစ်လိုက်ပြီးလျှင် အိပ်ဟန်ပြုနေလိုက်လေ၏ ။
မင်းသမီး ဆယ့်နှစ်ပါး တို့လည်း ... အဝတ်သစ်များ ဝတ်ကာ ဖိနပ်အသစ်များကို စီးကြ၏ ။ သမီးတော် အကြီးဆုံးက သူ၏ ညီမများအား “ ဟေ့ ... ကြည့်ကြစမ်းပါဦး ။ ဒီမင်းသားလည်း နောက်နှစ်ည ကျရင် အသ,တ်ခံရမှာပဲ ။ အခုပဲ အိပ်ပျော်နေပြီအေ ” ဟု လှမ်းပြောလိုက်၏ ။ သို့ရာတွင် မင်းသမီး အထွေးဆုံးကလေးကမူ “ ဒါထက် အမတော်များရယ် ကျွန်မ ဒီည စိတ်လေးလိုက်တာ ။ ဘာများဖြစ်မယ် မသိပါဘူး ” ဟု ပြောလေ၏ ။ အမကြီးများက “ ဘာဖြစ်ရမှာလဲအေ ညည်းက စိတ်အား ငယ်တတ်လို့ပါ ... ” ဟု ပြောကာ ရှေ့မှ ထွက်သွားကြလေရာ အိပ်ဟန် ဆောင်နေသော စစ်သားလည်း အဘွားအို ပေးသော အင်္ကျီရှည်ကြီးကို ဝတ်လိုက်ပြီးလျှင် သူတို့ နောက်မှ လိုက်ပါ သွားလေ၏ ။
မင်းသမီးများသည် အိပ်ရာ တစ်ခုဆီသို့ လျှောက်သွားကာ သမီးတော် အကြီးဆုံးက ထိုအိပ်ရာကို လက်ဖြင့် ပုတ်လိုက်သောအခါ အိပ်ရာ နိမ့်ကျ သွားပြီးလျှင် ကြမ်းပေါက်ကြီး ဖြစ်သွားလေ၏ ။ ထိုကြမ်းပေါက်မှ အောက်သို့ သမီးတော် အကြီးက ရှေ့မှ ဆင်းသွားလေရာ နောက်မှ ညီမများလည်း ဆက်၍ လိုက်သွားကြလေ၏ ။ စစ်သားလည်း သူတို့၏ နောက်မှ တစ်ပါတည်း လိုက်သွားရာတွင် လမ်းတစ်ဝက်သို့ ရောက်သောအခါ သမီးတော် အထွေးဆုံးကလေး၏ အင်္ကျီ အောက်နားကို အမှတ်မဲ့ တက်နင်း မိလေ၏ ။ ထိုအခါ သမီးတော်လေးက လန့်၍ “ ဟဲ့ ... ငါ့အင်္ကျီကို ဘယ်သူ တက်နင်းတာလဲ ” ဟု အော်လိုက်ရာ အမများက “ ကြံကြီးစည်ရာအေ ... ဘယ်သူမှ မရှိပါဘူး ။ ညည်းထင်လို့ပါ ” ဟု ပြောကာ မြေအောက် လှေကားမှ ဆင်းသွားကြ၏ ။ မြေအောက်၌ အံ့ဩဖွယ်ရာ ကောင်းသော တောကြီးတွင် ငွေသစ်ပင်ကြီးများကို စစ်သား တွေ့ရှိရသည် ။ စစ်သားသည် အမှတ်တစ်ခု ရစေရန် ထိုငွေသစ်ပင်ကြီးများမှ အကိုင်းကလေး တစ်ကိုင်းကို ဆွဲဖြုတ်လိုက်ရာ သစ်ပင်က လန့်ကာ “ အလိုလေး ” ဟု အော်လေ၏ ။ ထိုအခါ မင်းသမီးက “ တစ်စုံတစ်ခုတော့ ဖြစ်ပြီ ထင်တယ် အမတော်များ ။ ဘာသံလဲ ဆိုတာ သိကြရဲ့လား ” ဟုပြောရာ အမတော်များက “ အိုအေ ... ဘာသံ ဖြစ်ရမှာလဲ ... မင်းသားများ ဆီက လာတဲ့ အသံဖြစ်မှာပေါ့ ” ဟု ပြောကာ ဆက်သွားရာ နောက်ထပ် တောကြီးတစ်တောသို့ ရောက်လေ၏ ။ ထိုတောကြီးတွင် ရွှေသစ်ပင်ကြီးနှင့် တစ်လက်လက် တောက်ပြောင်သော ရွှေရွက်များကို တွေ့ရပြန်၏ ။ စစ်သားလည်း ရွှေသစ်ကိုင်း တစ်ကိုင်းကို ဆွဲဖြုတ်လိုက်ရာ သစ်ပင် က လန့်၍ “ အလိုလေး ” ဟု အော်လေ၏ ။ မင်းသမီး အကြီးကမူ ထိုအသံမှာ မင်းသားများ၏ အသံဟုပင် မှတ်ထင်ကာ ဆက်လျှောက်သွားရာ လှပသော ရေကန်ကြီး တစ်ကန်နှင့် လှေကလေး ဆယ့်နှစ်စင်းတွင် မင်းသား ဆယ့်နှစ်ပါး စီးလျက် ရှိနေသည်ကို တွေ့ရလေ၏ ။
မင်းသမီးများသည် လှေပေါ်တွင် မင်းသားများနှင့် တွဲ၍ စီးကာ ရေကန်ကြီး တစ်ဖက် ကမ်းရှိ ရဲတိုက်ကြီး ရှိရာသို့ လှော်သွားကြ၏ ။ စစ်သားသည် နောက်ဆုံး သမီးတော်လေး စီးသော လှေတွင် တက်ကာ စီးလိုက်ရာ လှေမှာ အခါတိုင်းကဲ့သို့ မမြန်ဘဲ နှေးနေသဖြင့် မင်းသားလေးက “ ဒီနေ့ လှေစီးရတာ လေးလှပါကလား ။ ဘာဖြစ်လို့ပါလိမ့် ” ဟု ပြောလိုက်လေ၏ ။ မင်းသမီးလေးကမူ “ ဘာမှ မဖြစ်ပါဘူးကွယ် ။ ရာသီဥတုက ပူလို့ပါ ” ဟု ပြောကာ ရဲတိုက်ကြီး ရှိရာသို့ တက်လာခဲ့ကြသည် ။ ရဲတိုက်ကြီးထဲ၌ မင်းသမီးများသည် မင်းသား တစ်ဆယ့်နှစ်ပါးနှင့် တွဲကာ တစ်ညလုံး ကကြခုန်ကြလေသည် ။ သူတို့သည် အရက်ခွက်များကို သောက်ရန် ယူလိုက်ကြ သောအခါ၌ ခွက်ထဲတွင် အရက်ကို မတွေ့ရဘဲ ခွက်ချည်းသာ တွေ့ကြသဖြင့် သမီးတော်လေးက ထိတ်လန့် သွားလေ၏ ။ အရက်များကို ကိုယ်ဖျောက်ထားသော စစ်သားက သောက်ပစ်လိုက်မှန်း သူတို့ မသိနိုင်ပေ ။
မနက် လင်းခါနီးသော် မင်းသမီးများသည် မင်းသားများကို နှုတ်ဆက် ပြီးလျှင် သူတို့၏ နန်းတော်သို့ ပြန်ခဲ့ကြရာ စစ်သားသည် သူတို့ ရှေ့မှ သွားနှင့်ကာ အိပ်ပျော်ဟန်ဆောင် နေလျက် ရှိလေသည် ။ ဤသို့ဖြင့် ဒုတိယညနှင့် တတိယညများတွင် မင်းသမီးများ သွားရာသို့ စစ်သား လိုက်ကြည့်ပြီးလျှင် အရက်ခွက် တစ်ခွက်ကို ယူဆောင် လာခဲ့လေသည် ။ သုံးရက် မြောက်နေ့၌ ရှင်ဘုရင်ကြီး ရှေ့တော်သို့ စစ်သားက ဝင်ရောက်ပြီးသော် သူ ယူလာခဲ့သော ရွှေခက် ၊ ငွေခက်များ နှင့် အရက်ခွက်များကို ဆက်သကာ ပြောပြလေရာ မင်းသမီးများက ဟုတ်မှန် ပါကြောင်းကို ဝန်ခံကြလေသည် ။ ထို့ကြောင့် ထိုစစ်သားမှာ အသ,တ်မခံရဘဲ သူ နှစ်သက်ရာ မင်းသမီးကို ဘုရင်ကြီးက ရွေးချယ်စေရာ စစ်သားသည် အကြီးဆုံး သမီးတော်ကို ရွေးချယ်လိုက်လေသည် ။
နောင်နှစ်များစွာ ကြာ၍ ရှင်ဘုရင်ကြီး သေလွန်သော အခါ၌ သူသည် ထီးနန်းအုပ်ချုပ်ကာ မင်းလုပ်ရလေသည် ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၈ ၊ မေ
No comments:
Post a Comment