❝ ဝန်ထမ်းအလိုရှိသည် ❞
▢ လေးနွယ် ( ဒဂုံ )
“ ဝန်ထမ်းအလိုရှိသည် ”
ကျွန်မဖွင့်ထားသော ကွန်ပျူတာဆိုင်လေးအတွက် “ တစ်ယောက်အားနှင့် မပြီးသော် အများအားဖြင့် ပြီးမြောက်စေ ” ဆိုစကား ရှိသည့်အတိုင်း လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် များများစားစား လုပ်ချင်သူမို့ ဝန်ထမ်း ခေါ်မိသည် ။
“ အစ်မ ဝန်ထမ်းခေါ်တာ ဘာလုပ်ရမှာလဲ ”
“ အစ်မဆိုင်က ကွန်ပျူတာ မိတ္တူဆိုင်ဆိုတော့ ကွန်ပျူတာ ရိုက်တတ်တဲ့သူ မိတ္တူ ကူးတတ်တဲ့သူ လိုတာ ညီမလေးက ဘာတွေ လုပ်တတ်လဲ ”
“ ညီမ အရင်ကတော့ သင်ဖူးတယ် .. မလုပ်တာတော့ ကြာပြီ .. အဲဒါ လျှောက်လို့ရလား ”
ကျွန်မ အလုပ် လာလျှောက်သော မိန်းကလေးအား အကဲခတ် ကြည့်လိုက်ပါသည် ။ အဝတ်အစားက ခပ်နွမ်းနွမ်းလေး ဝတ်ထားပေမယ့် စကားပြော ရည်ရည်မွန်မွန်လေးတော့ ရှိသည် ။ ရုပ်ရည်က သိပ်မလှ ။ ကျွန်မဆိုင် အလုပ်တွေက ရုပ်ပြစားရမည့် အလုပ်တွေ မဟုတ်သည့် အတွက် သိပ်အရေးမကြီးပါ ။ အရည်အချင်းသာ လိုတာမို့ ပညာအရည်အချင်းကို မေးလိုက်သည် ။
“ ညီမလေး ပညာအရည်အချင်း ကရော ... ”
“ ပထဝီနဲ့ ဘွဲ့ရ ပြီးပါပြီ ”
သူ့စကားကြောင့် ကျွန်မ အနည်းငယ် ကျေနပ်မိသည် ။ ကျွန်မတို့လို ဆိုင်လေးတွေမှာ ဘွဲ့ရတွေက အလုပ် မလုပ်ချင်ကြပါ ။ ကုမ္ပဏီနဲ့ လစာ တူတူ ပေးရင်တောင် ကုမ္ပဏီဝန်ထမ်းက ဂုဏ်ရှိသည် ဆိုသော အတွေးဖြင့် ဆိုင်ကို စွန့်ခွာ ထားခဲ့ကြသည် ။ ခု ဘွဲ့ ရမိန်းကလေး တစ်ယောက် ကျွန်မ ဆိုင်မှာ အလုပ် လာလျှောက်သည့်အတွက် ကျွန်မ ကျေနပ်မိခြင်း ဖြစ်သည် ။
ဘွဲ့ရဆိုတော့ သင်ရ ပြုရ လွယ်ကူသည် ။ သဘောပေါက်လွယ်သည် ။ ကွန်ပျူတာ ရိုက်သည့်အခါ အင်္ဂလိပ်စာတွေအတွက် အဆင်ပြေနိုင်သည် ။ ဗဟုသုတသည် ဘွဲ့မရသူများထက် သာလွန်နိုင်သည်မို့ ကျွန်မ သူ့ရဲ့ အလုပ်လျှောက်လွှာကို လက်ခံလိုက်သည် ။
“ ညီမလေး CV Form ပါလား ”
“ ဟို အဲဒါ ... မပါလာဘူးအစ်မ ။ ဒီမှာ ဝယ်လို့ရလား ”
အလုပ် လာလျှောက်တာ CV Form မပါလာဘူး ။ ကျွန်မ အနည်းငယ် စိတ်ပျက်မိသည် ။
“ ကိစ္စမရှိပါဘူးလေ ၊ ငါ့ဆိုင်မှာလည်း အဆင်သင့် ရှိနေတာပဲ ” ဟု စိတ်ကို လျှော့ပြီး CV Form တစ်ရွက်ပေးကာ ဖြည့်ခိုင်းလိုက်မိသည် ။ ဘွဲ့ရဆိုတော့ အင်္ဂလိပ် CV Form ကို ပေးလိုက်ပါသည် ။ သူ့ အရည်အချင်းလည်း သိချင်သောကြောင့်ဖြစ်သည် ။
“ အစ်မ ... ဒီ Race က ဘာဖြည့်ရမှာလဲ ”
“ လူမျိုးလေ ညီမလေး ၊ ညီမလေးက ဘာလူမျိုးလဲ ”
“ အစ်မ Religion ကကော ”
“ ဟင် .. ကိုးကွယ်တဲ့ ဘာသာ ဖြည့်ရမှာလေ ”
ကျွန်မ စိတ်ထဲမှ ဘွဲ့ရ ဆိုသော မိန်းကလေးအား သေချာစူးစမ်းသည် ။ “ ဘယ်လိုများ ဘွဲ့ရလာပါလိမ့် ” ဟု စိတ်မှာ တွေးမိသည် ။
သူ့ကိုယ်ရေး အချက်အလက်တွေကို ကျွန်မ ဖတ်ကြည့်လိုက်သည် ။ ပထဝီဘာသာဖြင့် ဘွဲ့ရပြီးစ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး ။ နေရပ် လိပ်စာတွင် မကွေးမြို့ ဟု ရေးထားသည် ။
“ ညီမလေး လိပ်စာက မကွေးမြို့ လို့ ရေးထားတာ မကွေးမြို့ပေါ် ကလား ။ အခု ရန်ကုန် ကျတော့ ဘယ်မှာ နေတာလဲ ”
“ မကွေးမြို့ပေါ်က မဟုတ်ပါဘူး အစ်မ ။ မကွေးတိုင်းထဲက ရွာမှာပါ အစ်မ ။ အလွယ် ရေးလိုက်တာ ။ အခုက အဆောင်မှာ နေပါတယ် ”
ကျွန်မလည်း သန်းခေါင်စာရင်းမိတ္တူလေး ကိုင်ကာ သူမ မိသားစု အကြောင်း မေးမိသည် ။ အဖေ မရှိတော့သော မိသားစုမှ မောင်နှစ်မ ( ၃ ) ယောက် တွင် အငယ်ဆုံး သမီး ။ အစ်ကို အစ်မတွေက အိမ်ထောင်ကိုယ်စီ ကျနေပြီ ဖြစ်သည် ။ သူမက မကွေး မှ ရန်ကုန် သို့ လာကာ အဆောင်တွင် နေ၍ အထည်ချုပ်တွင် အလုပ်လာလုပ်နေခြင်း ဖြစ်သည် ။ အထည်ချုပ်တွင် လူစုံ ၊ စရိုက်စုံသောကြောင့် အလုပ်ပြောင်းဖို့ အလုပ်ရှာနေစဉ် ကျွန်မ ဆိုင်မှ အလုပ်ခေါ်တာ မြင်၍ လာလျှောက်ခြင်း ဖြစ်သည် ။ ကျွန်မ ကွန်ပျူတာ ရိုက်ခိုင်းကြည့်သည် ။ လက်ကွက်ပင် မရပေ ။ ဒီအတွက်တော့ ကျွန်မ စိတ်မပျက်ပါ ။ သူ တတ်ချင်သည့် ဆန္ဒရှိလျှင် ကွန်မ စနစ်တကျ ပုံစံကျအောင် သင်ပေးလိုက်ရင် ရသည် ။ အလွန်ဆုံး ( ၂ ) လ ယောက်တော့ သင်ရမည် ၊ ဘွဲ့ရအလုပ်သမားမို့ အတတ်မြန်နိုင်သည်လို့ ကျွန်မ တွေးနေဆဲ ဖြစ်သည် ။
“ ကွန်ပျူတာတော့ ညီမလေးရတာ သေချာပြီ ။ အဲဒါ ထားလိုက်တော့ ။ အစ်မက ညီမလေးကို ဗဟုသုတလေးတွေ မေးကြည့်မယ်နော် ”
ကွန်ပျူတာဆိုင် ဆိုတော့ အကြောင်းအရာအစုံ လာရိုက်ကြသည် ။ ဗဟုသုတများသူ ဆိုလျှင် လုပ်ငန်းအတွက် အဆင်ပြေသည် ။ တခါက ဦးလေး တစ်ယောက် ဂျာနယ်တွင် ထည့်ရန် ဆောင်းပါးတစ်ပုဒ် လာရိုက်သည် ။ ရုရှားသမ္မတအမည် “ ပူတင် ” ဟု ရေးထားသည်ကို “ ပူတင်း ” လို့ ရေးပေးလိုက်သည့် အဖြစ်တွေ ရှိဖူးတာကြောင့် ဗဟုသုတ ရှိခြင်းသည်လည်း အားသာချက် ဖြစ်သည် ။
ခုထိုတော့ ဘွဲ့ရဆိုသော မိန်းကလေးကို အင်တာဗျူးတာ ကျွန်မ ကျေနပ်လောက်သည့် အခြေအနေ မရှိသေးပေ ။ ကျွန်မ ဘက်ကသာ တစ်ထစ်ပြီး တစ်တစ် လျှော့ပြီး တွေးပေးလာခဲ့ရသည် ။
“ အစ်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့က ဘယ်နေ့လဲ ညီမလေး ”
“ လွတ်လပ်ရေးနေ့လား အစ်မ ”
“ အဲဒါ ဒီဇင်ဘာ ( ၂၅ ) ထင်တယ် အစ်မ ”
“ ဟင် .. ”
ကျွန်မ စိတ်ထဲမှာ မကျေနပ်ချင်တော့ ။ ဒီမေးခွန်း မေးမိတာ ကျွန်မ အမှားလား ။ မမှားဘူး ထင်ပါသည် ။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ကိုတော့ သိသင့်သည် ။ ကျွန်မက လွတ်လပ်ရေး ရသည့် ခုနှစ် မေးလို့ မရရင်ထားတော့ ။ ခုတော့ “ ဪ .... မိသားစု စားဝတ်နေရေး မပြေလည်တဲ့ မိသားစုက လာရသူမို့ ထင်ပါရဲ့ ” ဟု စိတ်မှာ ပြန်ဖြေ တွေးလိုက်သည် ။ အနားတွင် ချိတ်ထားသော ပြက္ခဒိန်အား ပေးကာ
“ ဒီဇင်ဘာ ၂၅ က ခရစ်စမတ်နေ့ မဟုတ်ဘူးလား ညီမရဲ့ ။ အစ်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့လေ ”
သူမ ကျွန်မ ရှေ့တွင် ပြက္ခဒိန်ကို လှန်လှောကာ -
“ ဪ ဟုတ်တယ် ဟုတ်တယ် .. အဲဒါ ခရစ်စမတ်နေ့ကြီး ... လွတ်လပ်ရေးနေ့က ဇန်နဝါရီလ ၄ ရက်နေ့တဲ့ အစ်မ ”
ကျွန်မဟာက အင်တာဗျူးတာနှင့် မတူတော့ဘဲ စာသင်နေသလို ဖြစ်နေပြီ ။ ဆိုင်မှ ဝန်ထမ်းကလေးတွေက ကျွန်မတို့ စကားပြောနေရာ စားပွဲသို့ ကွက်ကြည့် ကွက်ကြည့်နှင့် အကဲခတ် နေကြသည် ။
“ အင်း ဟုတ်တယ် ။ ဖေဖော်ဝါရီ ( ၁၄ ) ရက်နေ့ကော ဘာနေ့လဲ သိလား ”
သူမ မျက်နှာလေး ပြုံးလာသည် ။
“ သိတာပေါ့ အစ်မကလဲ ... ချစ်သူများနေ့လေ ”
အင်း ။ သင်းလေးက ဒါတော့ သိသားဟု စိတ်မှာတွေးလိုက်သည် ။
“ ဒါဆို ဖေဖော်ဝါရီ ( ၁၃ ) ကကော ဘာနေ့လဲ ”
သူ အဖြေမပေးနိုင်ဘဲ ပြက္ခဒိန်မှာ ဖေဖော်ဝါရီ ၁၃ ရက်ကို ကြည့်နေသည် ။
“ ဘာနေ့ မှ မဟုတ်ပါဘူး အစ်မရဲ့ ။ ဒီမှာလည်း ဘာမှ မရေးထားဘူး ”
“ ဪ ညီမရယ် ဖေဖော်ဝါရီ ( ၁၄ ) ချစ်သူများနေ့ကော ပြက္ခဒိန်ထဲ ရေးထားလို့လား ”
သူမ မျက်နှာသေလေးဖြင့်
“ အဲဒါကတော့ တစ်နိုင်ငံလုံး သိနေတာကိုး အစ်မရဲ့ ”
“ ဗုဒ္ဓေါ ... ”
မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးစားပေးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တော့ မသိ ။ ဘာမဟုတ်တဲ့ ချစ်သူများနေ့တော့ သိသည် ။ ခုခေတ်ကလေးတွေ ဗဟုသုတ နည်းပါးလာခြင်း အတွက် စိတ်မကောင်း ဖြစ်မိသည် ။
“ ဖေဖော်ဝါရီ ( ၁၃ ) က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပါ မှတ်ထားလိုက်နော် ညီမလေး ငယ်ငယ်က ကဗျာလေးနဲ့ သင်ခဲ့ရတယ်လေ ”
“ ကြာတော့ မေ့သွားလို့ပါ အစ်မ ”
“ အင်း ... ဒါဆို ဇူလိုင်( ၁၉ ) ကော သိလား ညီမလေး .. ”
“ အဲဒါ သိတယ် အာဇာနည်နေ့ပါ အစ်မ ... ပြီးခဲ့တဲ့ အာဇာနည်နေ့က ညီမတို့ အာဇာနည်ကုန်းမှာ အလေးသွားပြုကြသေးတယ် ။ တစ်နေကုန်ပဲ အစ်မရယ် ”
“ ကောင်းလိုက်တာ ၊ အစ်မတော့ မသွားဖြစ်ပါဘူး ။ ဒါနဲ့ အာဇာနည် ဘယ်နှစ်ဦး ရှိလဲ ပြောပါဦး ”
“ ( ၉ ) ဦးလေ အစ်မ ... ”
“ အင်း ဟုတ်တယ်... အဲဒီ ( ၉ ) ဦး ပြောပါဦး ”
* ဗိုလ်ချုပ်အောင်ဆန်း ၊ ရဲဘော်မောင်ထွေး ၊ ဒီးဒုတ်ဦးဘချို ၊ မိုင်းပွန် စော်ဘွားကြီး စစ်စံထွန်း ၊ ဦးရာဇတ် နောက်တော့ နောက်တော့ နာမည်တွေတော့ သိပ်မမှတ်မိတော့ဘူး အစ်မရယ် ... ( ၉ ) ဦးတော့ ( ၉ ) ဦး ပဲ ”
ကျွန်မ သက်ပြင်းခိုးချမိသည် ။ အာဇာနည်ကုန်းမှာ အာဇာနည်ကြီးတွေကို အလေးသွားပြုတဲ့ ဒီမိန်းကလေး အာဇာနည်ကြီးတွေကို တကယ်ပဲ သတိတရ ဝမ်းနည်းသတိရစိတ်နဲ့မှ ဟုတ်ပါရဲ့လား ။ အပျော် သွားကြတာလား ။ ကျွန်မ အတွေးတွေ များနေမိသည် ။
“ ဒါဆို ညီမလေးက ပထဝီနဲ့ ကျောင်းပြီးတော့ ပထဝီနဲ့ ပတ်သက်တာလေး မေးမယ် ။ မကွေးတိုင်းရဲ့ မြို့တော်က ဘာလဲ ညီမလေး ”
သူမ မျက်လုံးလေး ကလယ် ကလယ်ဖြင့် ကျွန်မအား ကြည့်နေသည် ။ ပြီးမှ
“ မကွေးတိုင်းရဲ့ မြို့တော်က မကွေးမြို့ ထင်တယ် အစ်မ ”
ကျွန်မလည်း စိတ်အနည်းငယ် ညစ်စ ပြုနေပါပြီ ။ ဘွဲ့ရ တစ်ယောက် ဖြစ်ပြီး ကိုယ့်နိုင်ငံရဲ့ အကြောင်းကို သေချာ မလေ့လာသူ ဖြစ်သည် ။ လူအများသည် ဘဝရဲ့ မပြည့်စုံမှုကို အပြစ်လွဲချတတ်ကြသည် ။ တချို့အရာတွေသည် ငွေမလိုဘဲ လေ့လာ သင်ယူမှတ်သား လိုသော ဆန္ဒတစ်ခုသာ လိုပါသည် ။
“ ထင်တယ် မလုပ်ပါနဲ့ ညီမရယ် ။ ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ဖြေမှပေါ့ ”
စကားပြောရင်း အနည်းငယ် ရင်းနှီးလာသောအခါ သူမသည် သက်တောင့်သက်သာ ရယ်မောတာကို ကျွန်မ တွေ့ရသည် ။
“ ညီမလေးက ဗုဒ္ဓဘာသာနော် ”
“ ဟုတ် အစ်မ ...”
“ အဲဒါဆို အစ်မတို့ အခု ကိုးကွယ်နေတဲ့ ဘုရားရဲ့ ဘွဲ့တော်က ဘာလဲ ညီမလေး သိလား ”
“ ဗုဒ္ဓလေ အမ ”
“ မဟုတ်ဘူးလေ ညီမရဲ့ အဲဒီ ဗုဒ္ဓဘုရားရဲ့ ဘွဲ့တော်ကို ပြောတာ ”
“ မသိဘူး အစ်မ ”
“ ဒါဆို ဘုရားရဲ့ ကြင်ယာတော်ကော သိလား ”
“ ကောတမီလား အစ်မ ”
“ မိထွေးတော် ကမှ ဂေါတမီလေ ညီမလေး ။ ကြင်ယာတော်ကို မေးတာ ”
“ ဟီး .. မသိဘူး အစ်မ ”
“ ဒါဆို ဘုရားရဲ့ သားတော်ပဲ ပြောတော့ ”
မိန်းကလေးက ရယ်လျက် -
“ အဲဒါလည်း မသိဘူး အစ်မ ”
ကျွန်မတို့ ဗုဒ္ဓဘာသာတွေဟာ ဗုဒ္ဓဘာသာ လို့သာ အမည်ခံထားကြသည် ။
ဗုဒ္ဓ အဆုံးအမကိုအား လိုက်နာဖို့ ဝေးစွ ။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်သော အသေးအဖွဲ့လေးတောင်မှ သိအောင် မကြိုးစားကြပါ ။ ဒါတွေက အလုပ်နဲ့ ဘာဆိုင်သလဲ မေးလျှင် ကျွန်မ ကတော့ ဆိုင်ပါသည် ။ လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးသည် အလုပ်တစ်ခု အတွက် တွေးတောကြံဆမှု မှတ်သားလေ့လာမှု အားလုံးအတွက် အဓိကမို့ ကျွန်မ အတွက် ဝန်ထမ်းတို့ကို ထိုသို့ ထိုသို့ မေးမိခြင်းဖြစ်ပါသည် ။
“ ညီမ မသိတာတွေ အရမ်း များတာပဲနော် ။ ညီမ သိသင့်တာတွေ အများကြီးပဲ ”
“ ညီမကို ဘယ်တော့ အလုပ်ခန့်မှာလဲ အမ ”
ကျွန်မ မည်သို့ စကားပြန်ရမည်နည်း ။
“ အစ်မတို့ ဘက်က အလုပ်ခန့်မယ်ဆို မနက်ဖြန် ညီမလေးကို ဖုန်းပြန်ဆက်မယ်နော် ”
“ ဟုတ်ကဲ့ ညီမကို ပြန်ခွင့်ပြုပါဦး အစ်မ ”
“ ကောင်းပါပြီ ညီမလေးရယ် ”
မိန်းကလေးသည် အလုပ်ချိန်နှင့်လစာ မည်မျှ ရမည်ကိုလဲ မေးမသွားပါ ။ ကျွန်မလည်း မပြောဖြစ်လိုက်ပါ ။
••••• ••••• •••••
ကျွန်မ ဆိုင်တွင်တော့ “ ဝန်ထမ်းအလိုရှိသည် ” ဆိုသည့် ဆိုင်းဘုတ်ကလေးကို ယနေ့တိုင် ချိတ်ဆွဲထားဆဲ ဖြစ်ပါသည် ။
▢ လေးနွယ် ၊ ဒဂုံ ၊
📖 တစ်ယောက်တစ်ဘဝ ( ၃ )
No comments:
Post a Comment