Saturday, October 18, 2025

မသိခြင်း အညွန်းကိန်းများ


 

❝ မသိခြင်း အညွန်းကိန်းများ ❞
( သူထူးအိမ် )

“ ညီမ မေဦးခင် မလာတာကြာပြီနော် ”

“ ဟုတ် ဒီမြို့ကိုတော့ ဈေးလာ ဝယ်ပါတယ် ။ အစ်မဆိုင်ကို မဝင်ဖြစ်တာပါ ”

“ ဪ ဟုတ်လား ။ အခု ရော ဘာလုပ်ဦးမလဲ ညီမ ”

“ အပေါင်ဆုံး ပစ္စည်းလေးတွေ ယူလာတာ အစ်မရေ ။ ဈေးသင့်ရင် ရောင်းမလို့ ”

မေဦး ပြောပြောဆိုဆိုနဲ့ ပိုက်ဆံအိတ် ထဲက ရွှေထည်ပစ္စည်းလေးတွေကို ထုတ်ယူပြီး ရွှေဆိုင်က မှန်ဗီရိုပေါ်ကို တင်ပေးလိုက်တယ် ။ ဆိုင်ရှင် အစ်မကြီးက မေဦး ပေးလိုက်တဲ့ ရွှေထည်ပစ္စည်းတွေကို မှတ်ကျောက် တိုက်ပြီး နှစ်ပုံ ခွဲထားလိုက်တာ တွေ့တယ် ။

“ ညီမ ခဏစောင့်ပေးနော် ။ အစ်မ အမျိုးသား အပြင်ခဏ သွားနေလို့ ဖုန်းဆက်ထားတယ် ။ တော်ကြာဆို ပြန်ရောက်တော့မှာ ။ သူပြန်လာမှ ဈေးစကား ပြောပေးလိမ့်မယ် ”

“ ဟုတ် ၊ ရပါတယ် အစ်မ ”

မေဦး ဆိုင်ရှေ့မှာ ချထားတဲ့ ထိုင်ခုံမှာပြန် ထိုင်ရင်းနဲ့ ဆိုင်ထဲကို မသိမသာ ဝေ့ကြည့်လိုက်တယ် ။ ရွှေဆိုင်သာ ပြောတာ ။ ရွှေပေါင်ခံတဲ့ လုပ်ငန်းပါ တွဲလုပ်ထားတော့ ပေါင်တဲ့သူ ရွေးတဲ့သူ ရောင်းပြီးသားရွှေ ပြန်ရောင်းတဲ့ သူတွေနဲ့ ဆိုင်ရှင်အစ်မကြီး ဆိုတာ မအားလပ်အောင်ဘဲ အလုပ်များနေတယ် ။ ဆိုင်မှာ လူရှင်းသွားတော့

“ အစ်မ ရွှေပေါင်နဲ့ များများ ယူမယ် ဆိုရင်ကော အတိုး ဘယ်လောက် ရှိလဲ ”

“ နှစ်ကျပ်တိုးပဲ ညီမ ”

“ ဟုတ် ၊ အစ်မ ဆိုင်က လူရှုပ်တယ်နော် ။ ရွှေ‌‌ဈေးသာ မြင့်နေတာ အစ်မဆိုင် လူမပြတ်ဘူးပဲ ”

“ ညီမရေ အစ်မတို့ ရွှေဆိုင်တွေ ဆိုတာ ညီမတို့ လူမျိုးတွေ ရှိနေသရွေ့ အလုပ်ဖြစ် နေဦးမှာပါပဲ ။ ညီမတို့ လူမျိုးတွေကလေ လက်ထဲ ပိုက်ဆံ နည်းနည်း ရှိလာပြီဆိုရင် ရင်းဖို့နှီးဖို့ မစဉ်းစားကြဘူး ။ ရွှေဆိုင်ကိုသာ ပြေးလာပြီး ရွှေလာလုပ်ကြတာ ။ သူတို့ စိတ်ထဲ တစ်ရက်ပဲ ဝတ်ရ ဝတ်ရ ၊ တစ်လလောက်ပဲ ဝတ်ရဝတ်ရ ဝတ်ချင်ကြတာ ၊ တချို့ ဆိုရင် လယ်ဘဏ် ကိုင်းဘဏ်တွေ ထုတ်ပြီး လာလုပ်တဲ့ သူတွေတောင် ရှိကြတယ် ။ ဟော ဆပ်ချိန်လည်း ရောက်ရော ပေးစရာ မရှိတော့ လုပ်ထားတာလေးတွေကို ပေါင်ချင်ပေါင် ၊ မပေါင်လည်း ပြန်ရောင်းကြရော ။ ပြန်ရောင်းတော့ ရှုံးတာပေါ့ ။ အရော့တွက် ၊ အခွန် ၊ လက်ခ အကုန်နှုတ်တဲ့ အပြင် ဈေးနှုန်းပါ ကွာတော့ ရှုံးတာပေါ့ ။ ဒါလည်း အမှတ် မရှိဘူးပဲ ။ လက်ထဲ နောက်ထပ် ပိုက်ဆံလေး ရလာပြန် လုပ်ပြန်တာပဲ ။ သူတို့ အပြောက လက်ထဲ ပိုက်ဆံရှိရင် ပဲ့သွားမှာ စိုးလို့တဲ့လေ ။ အဲဒါကြောင့် အဲဒီလို လူမျိုးတွေ ရှိနေလို့ အစ်မတို့ ရွှေဆိုင်တွေ အပေါင်ဆိုင်တွေက မရောင်းရမှာ အလုပ် မကောင်းမှာ မပူပါဘူး ညီမရယ် ”

ရင်းနှီးမှုနဲ့ ပြုံးရယ်ပြီး ဘာရယ်မဟုတ် ဒိုးဒိုးဒေါက်ဒေါက် ပြောချလိုက်တဲ့ အသားဖြူဖြူ မျက်လုံးပိတ်ပိတ်အစ်မကြီးကို မေဦး ငေးကြောင်ပြီး ကြည့်နေမိတယ် ။ ကိုယ့်လူမျိုးတွေ အကြောင်း နောကျေနေအောင် သိနေတဲ့ သူတို့တွေ အတွက် သူပြောတဲ့ စကားတွေက မှန်နေမယ် ဆိုတာလည်း မေဦး သိနေတယ် ။ ကိုယ့်လူမျိုးရဲ့ အားနည်းချက်က သူတို့ အတွက်တော့ အားသာချက်ပဲ မဟုတ်လား ။ မေဦး ရင်ထဲ နင့်ကနဲ ဖြစ်မိရင်းက လှချင်ပချင်စိတ် များပြီး အကြွားသန်လွန်းတဲ့ ကိုယ့်လူမျိုးတွေ ကိုပဲ စိတ်ထဲကနေ ကရုဏာ ဒေါသ ဖြစ်နေမိတယ် ။ အဲဒါကြောင့် အဖေက ပြောတာ ။

“ သမီး လူမျိုးခြားတွေ ဆိုတာ ဘယ်ခေတ် စနစ်မှာပဲ ရောက်ရောက် ကြီးပွားတိုးတက်အောင် လုပ်နိုင်ကြတယ် ။ ခေတ်စနစ်ဆိုးလို့ သူတို့ အလုပ် မကောင်းဘူး မချမ်းသာဘူး ဆိုတာ မရှိဘူး ။ လှိုင်းပေါ်က ဗေဒါပင်လို လှိုင်းနိမ့်ရာ မြင့်ရာကို အလိုက်သင့် စီးမျောတတ်ကြတယ် ” တဲ့ ။ ဟုတ်မှာပါလေ ။

“ ညီမ ရွှေရောင်းမလို့လား ”

မေဦး ငေးငေးငူငူနဲ့ အတွေးကောင်းနေတုန်း ဆိုင်ရှင် အမျိုးသား ရောက်လာတယ် ။

“ ဟုတ် အစ်ကိုရေ ၊ ဈေးသင့်ရင် ရောင်းပြီး အရင်းအနှီးထဲ ပြန်ထည့်မလို့ပါ ”

ဆိုင်ရှင် အစ်ကိုကြီးက ၁၅ ပဲရည်က တစ်ဈေး ၁၄ ပဲ ၂ ပြားရည်က တစ်ဈေး အပုံလေးတွေကို ဈေးခွဲပြီး ပြောပါတယ် ။ သူပေးတဲ့ ဈေးက ပေါက်ဈေးထက် တစ်သိန်းခွဲကျော် ကွာနေတယ် ။ ဈေးတိုး တောင်းပေမယ့် ခုရက်က အဝယ်ထက် အရောင်းက များနေလို့ ဒီလောက်ပဲ ပေးနိုင်တယ် ပြောတာကြောင့် နောက်မှပဲ အခြေအနေကြည့် ရောင်းမယ်လို့ ပြောပြီး မေဦး မရောင်းခဲ့တော့ဘဲ နှုတ်ဆက်ကာ ထွက်လာခဲ့တယ် ။

••••• ••••• •••••

“ ဟာ သမီး မေဦးပါလား ။ ဘယ်က လှည့်လာတာလဲ ။ သမီးအဖေရော နေကောင်းလား ”

“ ဟုတ် ကောင်းတယ် ဦးရေ ။ ဦး ဆီပဲ သက်သက်လာတာ ။ ငွေလိုနေလို့ ပစ္စည်းလေးတွေ ပေါင်မလို့ပါ ”

ပြောပြောဆိုဆိုနဲ့ စောစောက ရွှေဆိုင် ကနေ ပြန်ယူလာတဲ့ ပစ္စည်းတွေကို ထုတ်ပြီး ဦးစိန်ဝင်း ကို ပေးလိုက်တယ် ။

“ သမီး သိန်းတစ်ရာ ယူမယ် ဦးရေ ရမလား ”

“ အင်း ယူလေ ခုရက်ထဲ ပိုက်ဆံက လွယ်ပါတယ် ”

ဦးစိန်ဝင်းက မေဦး ပေးလိုက်တဲ့ ပစ္စည်းတွေကို အမယ် ရေတွက်ပြီး ပလပ်စတစ် အိတ်ထဲထည့် ချိတ်ကာ ဗီရိုအံဆွဲထဲ ထည့်ပြီး သိမ်းလိုက်တယ် ။ ပြီးတော့ ဘောင်ချာ ရေးပြီး စားပွဲပေါ်ကို သိန်းတစ်ရာ ချပေးတယ် ။ မေဦး လည်း သူချပေးတဲ့ သိန်းတစ်ရာကို အုပ်ရေစစ်ပြီး အိတ်ထဲထည့် နှုတ်ဆက်ကာ ထွက်လာခဲ့တယ် ။ ဦးစိန်ဝင်းက လူမျိုးခြား ဆိုပေမယ့် မေဦး ငယ်ငယ်လေးထဲက အဖေတို့နဲ့ မိတ်ဆွေရင်းချာတွေ ။ ရန်ကုန်ဘုရင့်နောင်မှာ ကိုယ်ပိုင်ကုန်စည် ဂိတ်ရှိသလို ကုန်ကားတွေ အများကြီးလည်း ပိုင်တယ် ။ ဈေးထဲမှာ ကုန်စုံဆိုင် ရှိသလို အိမ်မှာလည်း ရွှေပေါင်ခံ တယ် ။ အဖေတို့ နဲ့တော့ ယုံကြည်မှုနဲ့ ဆက်ဆံခဲ့ကြတဲ့ မိတ်ဆွေတွေ ။ ရွှေပေါင်ရင် ငွေကို လိုသလောက် ပြောရင် ပြောသလောက် ထုတ်ပေးတယ် ။ ပေးလိုက်တဲ့ ရွှေကိုလည်း ဘယ်တော့မှ မချိန်ဘူး ။ အဖေ ကလည်း ပေါင်ထားတဲ့ ပစ္စည်းကို နှစ်လ ၊ သုံးလပဲ ထားပြီး တစ်ခုမကျန် ပြန်ရွေးတယ် ။ ရွှေဆိုင်မှာ ရောင်းရင် သိန်း ကိုးဆယ်လောက်ပဲ ရမယ့် ရွှေက ပေါင်တော့ သိန်းတစ်ရာ ရတယ် ။ ယုံကြည်မှုကို ဘယ်တော့မ အလွဲသုံးစား မလုပ်ခဲ့တဲ့ မေဦး မိဘရဲ့ လက်ဆင့်ကမ်း အမွေ တစ်ခုကို မေဦး ဆက်ခံရတာပါပဲ ။ တကယ်တော့ မေဦး မိဘတွေက အရင်တုန်းကတော့ လယ်သမား ကိုင်းသမားတွေပါ ။ ပဲမျိုးစုံ သီးနှံပေါ်ချိန် ရောက်ရင် ဝယ်လှောင်ပြီး ဈေးတက် ချိန်ဆိုရင်တော့ ရန်ကုန်အထိ ဆင်းရောင်းပါတယ် ။ စီးပွားရေးကို မျက်စိပွင့် နားပွင့်နေပြီ ဖြစ်တဲ့ အဖေက ရွာက လယ်တွေ ကိုင်းတွေ ကမ်းပြိုတဲ့ အထဲပါ သွားတဲ့အခါ မြို့ပေါ်ကို ပြောင်းရွှေ့ ခဲ့တယ် ။ ကုန်စုံဆိုင် တစ်ခု ဖွင့်လှစ်ပြီး တစ်ဖက်ကလည်း မိတ်ဆွေ ဦးစိန်ဝင်း ရဲ့ တိုက်တွန်းဖေးမမှုနဲ့ ရွှေပေါင်ခံတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတော့တယ် ။ ကိုယ့်ကိုယ်ပိုင် ငွေတွေ ကုန်တဲ့အခါ ဒီလိုပဲ တစ်ဖက်ကနေ အတိုးယူပြီး ပြန်ချေးရတာပါပဲ ။

“ ဈေးရောင်းတယ် ၊ ရွှေပေါင်ခံတယ် ဆိုတာ မပင်မပန်းဘဲနဲ့ သူများ အညွန့်အဖူးကို ခူးယူ စားသုံးတာပဲ ။ ငွေကို ငွေနဲ့ ရှာတာ အသက်သာဆုံးပဲ ။ လယ်ကိုင်း လုပ်နေတဲ့ တရုတ်ကုလားတွေကို သမီး တွေ့ဖူးလား ။ ဆင်းဆင်းရဲရဲနဲ့ တောင်းစားနေတဲ့ တရုတ်ကုလားရော တွေ့ဖူးလား ။ အေး ဘယ်တွေ့ဖူးမလဲ သူတို့မှာ တို့ လူမျိုးတွေထက် သာတဲ့ အချက်တွေ ရှိတယ် ။ ပါးနပ် လိမ္မာတယ် ။ အမြော်အမြင် ရှိတယ် ။ ဘယ်အရာမဆို တွက်တတ်ချက်တတ်တယ် ။ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲနဲ့ တစိုက်မတ်မတ် လုပ်တတ်တယ် ။ သူတို့က ကတိသစ္စာ တည်ကြည်သလို သူတို့ အပေါ် ပြန်တည်မှလည်း ကြိုက်တယ် ။ သူတို့က သူများပစ္စည်းကို အလကား မယူတတ်သလို သူတို့ ပစ္စည်း ကျရင်လည်း တစ်ပြားနှစ်ပြားက အစ အလကား ပေးဖို့ ခဲယဉ်းတယ် ။ သူတို့မှာ အားနာတယ် ဆိုတာ လည်း မရှိဘူး ။ ခုလို အဖေ ပြောပြနေတာက သူတို့ကို အထင်ကြီးဖို့ မဟုတ်ပေမယ့် သူတို့ဆီက အတုယူသင့်တာတွေ ဆိုရင်တော့ အတုယူရမှာပဲ သမီး ”

တစ်ဦးတည်းသော သမီးကို ပဲပွဲရုံက တရုတ်တွေနဲ့ ရင်းနှီးကျွမ်းဝင် လာတဲ့ အဖေက ဆုံးမစကားတွေ ပြောရင်း လုပ်တတ်ကိုင်တတ်အောင် သင်ပေးခဲ့တယ် ။

မေဦး ဈေးရှေ့ကနေ ဆိုင်ကယ် စီးလာရင်းက သံဆိုင်ကို မြင်မှ သံဝယ်ဖို့ကို သတိရ သွားတယ် ။

“ ဦးရေ သမီးကို သံရောင်းပေးပါဦး ”

“ ဟဲ့ ဘယ်သူများလဲလို့ ၊ မေဦးခင် ကိုး ဘာလာလုပ်တာလဲ ”

“ ရွှေလာပေါင်တာ ဦးရေ ။ ပြန်တော့ မလို့ပဲ ။ သံကုန်နေမှန်း သတိရလို့ ဝင်ဝယ်တာ ”

“ အရင် ငါ့ဆီမှာ ပေါင်တာ မဟုတ်ဘူးလား ”

“ ဦးဆီမှာ ပေါင်တာက ဦးစိန်ဝင်း မှာ ပိုက်ဆံပြတ်တဲ့ အချိန်မို့ လာပေါင်တာပါ ။ ဦးစိန်ဝင်း နဲ့က မိတ်ဆွေတွေလေ ။ ပြီးတော့ အတိုးလည်း သက်သာတယ် ”

“ ဟဲ့ သူက ဘယ်လောက် အတိုးမို့လို့လဲ ”

“ တစ်ကျပ်ခွဲတိုး ဦးရေ ”

“ ဟာ ဒီကောင် ဈေးဖျက်တာ ။ လူတိုင်း နှစ်ကျပ်အောက်ကို လျော့မပေးကြပါဘူးဟ ။ အဲဒီကောင်ကို မကြိုက်တာ အဲဒါပဲ ။ လက်ထဲ ပိုက်ဆံ ရှိရင် ရှိသလို လုပ်ပစ်တာ ”

“ သမီးမို့လို့ လျှော့ပေးတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ သမီးတို့က တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေအဆင့် ဆက်ဆံကြတာလေ ”

အသက် ၈၀ နား ကပ်နေတဲ့ ဦးမျိုးအောင်က အခုထိ အရောင်း စားပွဲမှာ အလုပ်လုပ်တုန်း ။ သူတွက်တဲ့ ဘောင်ချာက မှားလို့ ပြန်ပြောရတယ် ဆိုတာမျိုး မရှိရလောက်အောင် တိကျတဲ့သူ ။ သံဆိုင်ကို ဟန်ပြထားပြီး ရွှေအပေါင်ခံတဲ့ လုပ်ငန်းကို တွင်ကျယ်စွာ လုပ်နေတဲ့သူ ။ သူ့ ဆိုင်ကို မေဦး ရောက်တဲ့ အခါတိုင်း စီးပွားရေး နိုင်ငံရေး အစရှိသဖြင့် စပ်မိစပ်ရာ ပြောတတ်သူ ။ အခုလည်း ဦးမျိုးအောင် က ဘောင်ချာ ရေးနေရင်းက မေဦး ဘက်ကို လှည့်ပြီး ..

“ ဒါနဲ့ နင်တို့ဆီမှာကော စီးပွားရေးတွေ ကောင်းကြလား ။ တို့ဆီမှာတော့ နင်မြင်တဲ့ အတိုင်းပဲ အရောင်းအဝယ်တွေ အကုန်အေးစက်နော ”

“ မကောင်းပါဘူးဦးရာ ။ သီးနှံဈေးက မကောင်းတော့ ပေါင်ထားတဲ့ ရွှေတွေတောင် အကုန် ရွေးနိုင်ကြမယ် မထင်ဘူး ။ ခုခေတ်က ငွေတိုးချေးစားတဲ့ ဦးတို့လို လူတွေပဲ အလုပ်ဖြစ်ကြတာပါ ”

“ အေး နင်တို့ လူမျိုးတွေကလည်း လက်ကြောမှ မတင်းကြတာကိုးဟ ။ ငါ့မိတ်ဆွေ တရုတ်မ တစ်ယောက်နဲ့ စကားပြောဖူးတယ် ။ တခြားနိုင်ငံမှာ အထည်ချုပ်စက်ရုံထောင်တာ ကိုက်တယ် ။ မြန်မာပြည်မှာ မကိုက်ဘူးတဲ့ ။ သူများနိုင်ငံမှာ အထည် နှစ်ထောင် ပြီးရင် ဒီလူ အရေအတွက် အတိုင်းကို မြန်မာပြည်မှာ ( ၁၅ဝဝ ) ပဲ ပြီးသတဲ့လေ ။ အထည်သာ မပြီးတာ ပိုက်ဆံကျ ပိုလိုချင်ကြတယ်တဲ့ ။ ဟုတ်လည်း ဟုတ်တာပဲ ။ ဟိုတလောက ငါ့အိမ် နောက်ဆောင်လေး ပြင်ဖို့ လက်သမား ခေါ်တာ နေမြင့်မှ အလုပ်လာ ဆင်းတယ် ။ ခေါင်မိုးပေါ် တက်ပြီး သံလေး နှစ်ချက်သုံးချက် ရိုက်ပြီး ပြန်ဆင်းလာတယ် ။ ရေနွေးသောက် နားတာတဲ့ ။ အံ့ရော ။ ဒီလို လူမျိုးတွေ ဘယ်လိုလုပ် ကြီးပွားမလဲ ။ လုပ်တာက နည်းနည်း နားတာက များများ ။ နောက်ပြီးတော့ ကွမ်းယာ ၊ ဆေးလိပ် ၊ အရက် ဘယ်ဟာမှ မလွတ်ဘူး ။ ဒီကြားထဲ နှစ်လုံး သုံးလုံးက ထိုးသေးတယ် ။ ဝင်ငွေက နည်းနည်း ထွက်ငွေက များများကိုး ။ ဒီလိုလူမျိုးတွေ ရှိတဲ့ နိုင်ငံမှ မဆင်းရဲရင် ဘယ်နိုင်ငံ ဆင်းရဲမလဲဟယ် ”

လာပြန်ပြီ နောက်တစ်ယောက် ။ နင်တို့ လူမျိုးတွေတဲ့ ။ ကိုယ့်လူမျိုး အပေါ် နှိမ်တာမျိုး မဟုတ်ဘဲ အားမလို အားမရသံနဲ့ ပြောနေမှန်း သိပေမဲ့ မေဦး စိတ်ထဲ လူမျိုးစွဲဆိုတဲ့ အသိကြောင့် ဖျင်းကနဲ ဖြစ်မိသွားတယ် ။ သူပြောတာတွေ ကလည်း အများအားဖြင့် ဟုတ်နေတော့ ပြန်လည်း မပြောသာပါဘူး ။

“ ဦးတို့ လူမျိုးတွေ ကရော လူအဖြစ် မွေးလာတယ် ဆိုကတည်းက စီးပွားရေးပဲ ခေါင်းထဲရှိတာ ။ မိုးလင်းက မိုးချုပ် စီးပွားပဲရှာ နေကြတာ ။ ပြည့်တယ်ဆိုတာကို မရှိဘူး ။ ဗုန်းခနဲ သေမှသာ ရပ်ချင်ရပ်မယ် ။ သက်မဲ့ဖြစ်တဲ့ ငွေကို ရှာဖို့သက်သက်နဲ့များ လူဖြစ်လာသလားတောင် ထင်ရတယ် ။ ရှာသာ ရှာနေတာ အကျိုးရှိရှိ အသုံးချဖို့ကျ ခေါင်းထဲမှာ မရှိဘူး မဟုတ်လား ”

နှုတ်သီးကောင်း လျှာပါးနဲ့ ပြန်ပြောနေတဲ့ ဒီစကားတွေက တကယ်တန်းတော့ မေဦး စိတ်ထဲကနေ အပြင်ကို ခုန်ထွက်လာခြင်း မရှိပါဘူး ။

••••• ••••• ••••• 

ဒီတစ်မနက်လုံး မေဦး အနား မရသေးပါ ။ မင်္ဂလာဆောင် ရာသီ ရောက်ခါနီးပြီမို့ ဆိုင်မှာ ရွှေရွေးတဲ့သူ ၊ ရွှေပေါင်တဲ့သူ အပေါင်ဆုံး ရွှေလာဝယ်သူတွေနဲ့ လက်မလည်နိုင်အောင်ပါပဲ ။ မင်္ဂလာဆောင်အမီ ဝတ်ချင်တဲ့ သူတွေက ရွှေပြန် ရွေးကြသလို တချို့လည်း ဒုံးရွှေကို လာဝယ်တဲ့ သူတွေလည်း ရှိကြတယ် ။ ပိုက်ဆံပြတ်နေတဲ့ သူတွေ အတွက်တော့ မင်္ဂလာဆောင်တွေ လက်ဖွဲ့ဖို့ အတွက် ရွှေလာပေါင်ကြတာပေါ့ ။ ရွှေပြန် ရွေးတဲ့ သူတွေကို သူတို့ဆီက ရတဲ့ အတိုးငွေနဲ့ ချိန်ဆပြီးတော့ တစ်ထောင်ဖိုး ၊ နှစ်ထောင်ဖိုး ၊ သုံးလေးငါးထောင်ဖိုး အထိ ဆီဘူး ၊ အချိုမှုန့်ထုတ် ၊ လက်ဖက်ခြောက် ဆပ်ပြာဘူး အစရှိသဖြင့် လက်ဆောင်ပြန်ပေးတဲ့အခါ သူတို့တွေ ကျေနပ်ဝမ်းသာသွားကြတာ မြင်ရပြီး မေဦး လည်း စိတ်ပျော်ရွှင်ရပါတယ် ။ နဖူးကချွေး ခြေမကျအောင် ရှာထားခဲ့ကြတဲ့ သူတို့ ချွေးနည်းစာတွေကို အပြည့်အဝ မယူရက်တာ မေဦး ရဲ့ စိတ်စေတနာပါ ။အဲဒါကြောင့်လားတော့ မသိပါဘူး ။ အနီးနား ပတ်ဝန်းကျင် ရွာကလူတွေ ဆိုရင် ရွှေပေါင်မယ် ဆိုတာနဲ့ မေဦးတို့ ဆိုင်ကိုပဲ ပြေးမြင်ပြီး အားကိုးတကြီး လာကြတာ ။ ရွှေပေါင်တော့လည်း ပေးနိုင်တာထက် ပိုလိုချင်တဲ့ သူတွေ များတဲ့အခါ အဆင်ပြေအောင် ပြောဆိုပြီး လက်ခံပေး လိုက်ရတာတွေလည်း ရှိတယ် ။ အပေါင်ဆုံး ပစ္စည်းတွေ ကြည့်လိုက်ရင် မရွေးတဲ့ ပစ္စည်းတွေဟာ အများအားဖြင့် ပိန်လိန်ကျိုးပဲ့ နေတာတွေနဲ့ မတန်တဆ ယူထားတဲ့ ပစ္စည်းတွေသာ ဖြစ်နေတတ်တယ် ။ ရွှေဈေး တက်ရင်တော့ ပြန်ရွေးကြတဲ့သူတွေ များတယ် ။ မရွေးနိုင်ရင်တောင် အတိုးသတ်ထားကြတယ် ။ ရွှေဈေးကျတဲ့နှစ် ဆိုရင်တော့ အပေါင်ပစ္စည်းတွေကို အဆုံးခံ ကြတာတွေ များတယ် ။ အတိုးအရင်း ပေါင်းလိုက်ရင် အသစ်ဈေးလောက် ဖြစ်နေတဲ့ အခါမှာ ပြန်မရွေးကြတော့ဘဲ အဆုံးခံပြီး အသစ်ပဲ လုပ်လိုက်ကြတော့တာ ။ အဲဒီ အပေါင်ဆုံးတွေထဲက ကောင်နိုးရာရာ အထည်ပစ္စည်းတွေကို ဒုံးရွှေ ဆိုပြီး ပြန်ရောင်းရတယ် ။ အသစ်လုပ်ပြီး မဝတ်နိုင်တဲ့ သူတွေ အတွက်တော့ ဈေးနှုန်း အရော့တွက် လက်ခ သက်သာတဲ့ ဒုံးရွှေတွေက အဆင်ပြေလှတယ် ။

“ ညီမရယ် အစ်မကို ငွေသုံးသိန်းလောက် ခဏချေးပါ ။ ရွှေလည်း ပေါင်စရာမရှိတော့ပါဘူး ”

ဆိုင်ထဲကို နေ့ခင်းကြောင်တောင်ကြီး ချွေးတလုံးလုံးနဲ့ မောကြီးပန်းကြီးပေါက်ချလာသူက ဟိုဘက်ရွာက မေဦး နဲ့ ဆွေမျိုးနီးစပ်တော်တဲ့ မသန်းနု ။

“ ညီမတို့က အလွတ်မချေးဘူး အစ်မရဲ့ ။ ရွှေပေါင်နဲ့ပဲ ချေးတာ ။ ကိုယ်လည်း ပိုက်ဆံပြတ်တော့ သူများဆီကို ရွှေပေါင်ပေးပြီး တဆင့် ယူထားရတာပဲ ”

မေဦး မလုပ်ချင်ဆုံး အရာတွေထဲမှာ ပိုက်ဆံကို အတိုးကြီးကြီးနဲ့ အလွတ်ချေးငှား တဲ့ အလုပ်လည်းပါတယ် ။ အိမ် ခြံတွေ လယ်ကိုင်းတွေ လည်း အပေါင် မခံချင်ပါ ။ ရွေးနိုင်တဲ့ အိမ်ခြံတွေကို အိမ်ရှင်တွေကို နှင်ထုတ်ပြီး သိမ်းယူဖို့ အထိ မေဦး နှလုံးသားက လက်မခံပါ ။ အဲဒါကြောင့် ကိုယ့်အကြောင်း ကိုယ်သိသူမို့ အိမ်ခြံမြေ လာပေါင်တဲ့သူတွေ ဆိုရင် ခေါင်းကို တွင်တွင်ခါပြီး ငြင်းလွှတ်လိုက်တာပါပဲ ။

“ ကူညီပါ ညီမရယ် ။ တခြားလည်း ဘယ်မှ သွားစရာမရှိတော့လို့ ညီမဆီ အားကိုးတကြီးနဲ့ ပြေးလာခဲ့တာပါ ။ သားကြီးကို ဂိုက်ထားတာ ဒုတိယအရစ် ဂိုက်ဖိုးပေးစရာ မရှိလို့ပါ ”

ခေါင်းပေါ် ပေါင်းလာတဲ့ ပုဆိုးနဲ့ နဖူးက ချွေးတွေကို သုတ်ပြီး ယက်ခပ် နေတဲ့ မသန်းနု ကို နှီးယပ်တောင်လေး တစ်ချောင်း ကမ်းပေးလိုက် ရင်းက

“ အစ်မသားက ဒီနှစ်နဲ့ဆို ဘယ်နှစ်နှစ် ရှိပြီလဲ ဆယ်တန်းက ”

“ သုံးနှစ်ရှိပြီ ညီမ ”

“ သူ့အောက်မှာ ကလေးက ဘယ်နှစ်ယောက် ရှိသေးလဲ ”

“ အလတ်မက ကိုးတန်းနဲ့ အငယ်ကောင်က လေးတန်း တက်နေတာ ရှိသေးတယ်ညီမ ”

“ အခုနှစ်ရော အစ်မသားကို အောင်မယ်လို့ ထင်လား ”

“ ဂိုက်ဆရာကတော့ ဒီနှစ်တော့ မနှစ်ကထက် တိုးတက်တယ် အောင်လောက်တယ်လို့ ပြောတာပဲ ညီမရယ် ”

“ အစ်မသားရဲ့ ဉာဏ်ရည်ဉာဏ်သွေးကရော အစ်မ ဘယ်လို ထင်လဲ စာတော်လား ”

“ တစ်နှစ်တစ်တန်းတော့ မှန်မှန် အောင်လာတာပဲ ။ ရှစ်တန်း ကိုးတန်း ရောက်တော့ မဖြေနိုင်တဲ့ ဘာသာရပ်တွေကို ဆိုင်ရာ ဆရာဆရာမတွေကို လိုက်ကန်တော့ ရတာတော့ရှိတာပေါ့ ညီမရယ် ”

“ ညီမ ပြောမယ်နော် အစ်မတို့ စီးပွားရေး အခြေအနေက ဘယ်လိုလဲ အဆင်ပြေလား ”

“ ဘယ်ပြေပါ့ မလဲ ညီမရယ် ။ အစ်မအမျိုးသားက မသောက်မစားဘဲနဲ့ အလုပ်ကို ကြိုးစားလုပ်တာတောင် အစ်မတို့မှာ အကြွေး တင်နေတာ ။ အခု သူတစ်ယောက်တည်း ဂိုက်သုံးနှစ်လည်း ထားလိုက်ရော အစ်မတို့မှာ ဖြူခါပြာခါ ကျသွားတာပဲ ။ ကိုင်းတွေက သီးနှံက မထွက် ၊ ရတဲ့ဟာ ကျတော့လည်း ဈေးက မကောင်းနဲ့ အတိုးယူပြီးထားတော့လည်း ပြန်မဆပ်နိုင်တော့ အတိုးပေါ် အတိုးဆင့်နဲ့ ကြွေးပတ်လည်ဝိုင်းနေတာပါ ။ သားသမီးအတွက် တာဝန်ကျေချင်လို့သာ ကုန်းရုန်းထားရတာ တဖြည်းဖြည်းနဲ့ နစ်သထက် နှစ်နေပြီ ညီမ ”

“ ညီမ ပြောချင်တာလည်း အဲဒါပဲ အစ်မ ။ သားသမီး အကြောင်းကို မိဘတွေက သိထားသင့်တယ် ။ သူ့မှာ ဆယ်တန်းအောင်နိုင်တဲ့ ဉာဏ်ရည် ဉာဏ်သွေး ရှိလား ဆန်းစစ်သင့်တယ် ။ အဲလို မရှိဘဲနဲ့ မရှိတဲ့ ကြားက နှစ်ရှည်လများ ငွေကုန်ခံ ထားနေရင် ကိုယ့်ဆင်းရဲတွင်း ကိုယ်တူးနေသလိုပဲ ။ မိဘ ပြေလည်မှ သားသမီးတွေ ဘဝ တိုးတက်မှာ ။ အခု သူတစ်ယောက်နဲ့ တင် ကျန်တဲ့မိသားစုပါ ဒုက္ခရောက်နေပြီ ။ အဲဒီတော့ ညီမ ပြောချင်တာက အဓိကနဲ့ သာမညကို ခွဲတတ်ဖို့ အရေးကြီးတယ် ၊ အခုနှစ်မှ မအောင်ရင် အစ်မသားကို ဆက်မထားနဲ့တော့ ။ တစ်နေရာရာမှာ အသက်မွေး ဝမ်းကျောင်းပညာသာ သင်ခိုင်းတော့ ။ ညီမ မှာလည်း ခုရက်က ငွေကြပ်နေတော့ တစ်သိန်းတော့ ချေးလိုက်မယ် ”

“ အေးပါ ညီမရယ် သားကြီးကို အခုနှစ် မအောင်ရင် နောက်နှစ်ကို မထားတော့ပါဘူး ၊ ပိုက်ဆံချေးပေးလို့ ကျေးဇူးတင်ပါတယ် ။ အစ်မ အဆင်ပြေအခါ ညီမ ပိုက်ဆံကို ပြန်ဆပ်ပါ့မယ် ”

ကြွေးလည်ပင်း ကြပ်နေတဲ့ မသန်းနု ဆီက ပြေလည်ရင် ပြန်ဆပ်မယ် ဆိုတဲ့ စကားကို ကြားတော့ မေဦး အသာ ပြုံးလိုက်မိတယ် ။ သူ ပြန်မဆပ် နိုင်လည်း ဒီတစ်သိန်းလောက်နဲ့တော့ ငါ့အတွက် ဘာမှမဖြစ်ပါဘူးလေ ဆိုတဲ့ စိတ်နဲ့ ချေးလိုက်တာမို့ မေဦး စိတ်ထဲမှာ ချေးလိုက်တဲ့ ငွေအပေါ်လည်း မျှော်လင့်ချက်ထား မနေတော့ပါဘူး ။ အခြေအနေနဲ့ အချိန်အခါ ၊ အကြောင်းအကျိုး ၊ အကောင်းအဆိုးတွေကို ဉာဏ်လွှာ မသုံးတတ်ကြဘဲ ဖြစ်ချင်မှု တစ်ခု အတွက်သာ ရုန်းကန်နေကြတဲ့မသန်းနု လို လူတန်းစားတွေကရော ဘ၀ရေယာဉ်ကြောမှာ နစ်သထက် နစ်နေဦးမှာလား ။ မေဦး မတွေးတတ်တော့ပါ ။

“ ဟူး ...”

သက်ပြင်းမော တစ်ခုကို မှုတ်ထုတ်မိရင်းက ဟိုတစ်နေ့က ဆိုင်ထဲက ပြန်အထွက်မှာ ဦးမျိုးအောင် ပြောလိုက်တဲ့ စကားသံ တချို့ကို မေဦး နားထဲမှာ ပြန်လည်ကြားယောင်မိပါတော့တယ် ။

“ နင်တို့ လူမျိုးတွေကို ငါ ကြည့်နေတာ အကြွေးယူလည်း ပက်စက်ကြတယ် ။ ဟိုအဖွဲ့က ပေးလည်းယူ ၊ ဒီအဖွဲ့က ပေးလည်းယုနဲ့ ။ အတိုး ကြီးကြီးသေးသေး အကုန်ယူတယ် ။ အကြွေးယူပြီး ဂိုက်ထားတယ် ။ အကြွေးယူပြီး မင်္ဂလာဆောင်တယ် ။ အကြွေးယူပြီး ဆိုင်ကယ်ဝယ်တယ် ။ ရွှေဝယ်တယ် ။ ကိုင်းဝယ် လယ်ဝယ်တယ် ။ ဒီလို လွယ်လွယ်နဲ့ အကြွေးယူပြီး ဆပ်ချိန်ကျရင် ဘာနဲ့ ပြန်ဆပ်မလဲ မစဉ်းစားကြဘူး ။ လွယ်လွယ်ယူပြီး လွယ်လွယ်သုံးနေကြတာပဲ ။ ဒီလူဆီက ယူ ဟိုလူကို ဆပ် ၊ ဟိုလူဆီက တစ်ခါယူ ဒီလူဆီကို ဆပ်နဲ့ အကြွေးသံသရာမှာ နစ်နေကြတာ ။ မှတ်ထား မေဦးခင် ။ ကြွေးယူပက်စက်ပြီး အသုံးနဲ့ အဖြုန်းကို မခွဲခြားနိုင်သေးသမျှ ဘယ်တော့မှ မချမ်းသာနိုင်ဘူး ။ ဒီတော့ ချမ်းသာချင်သလား ၊ ချမ်းသာချင်ရင် အရင်ဆုံး အကြွေးကင်းအောင်လုပ် ”

▢  သူထူးအိမ်
📖 တစ်ယောက်တစ်ဘဝ ( ၃ )

No comments:

Post a Comment