❝ သားနှင့်မိဘ ❞
( ပုံပြင် )
ရှေးတုန်းက တရုတ်ပြည်ရှိ မြို့တော်ဟောင်းကြီး တစ်မြို့မှာ အလွန်တရာ ရက်စက် ကြမ်းကြုတ်သော တရားသူကြီး တစ်ဦး ရှိလေသည် ။ ထိုမှ လူများသည် သူ၏ ရက်စက်ကြမ်းကြုတ်တတ်ခြင်းကြောင့် အားလုံးကပင် သူ့အား ကြောက်ရွံ့မုန်းတီးကြ၏ ။ တစ်ခါက ချမ်းသာ ကြွယ်ဝသော သူဌေးတစ်ဦးသည် သူ့အား မရိုမသေ ပြုမိသဖြင့် ထိုသူဌေး၏ ဥစ္စာပစ္စည်း အားလုံးကို သိမ်းယူလိုက်ပြီးနောက် သ,တ်ပစ်လိုက်လေသည် ။ ထို့ပြင် သူ့အား မလေးမစားပြုမိသူ ဆင်းရဲသားများနှင့် သူ၏ ကျေးကျွန်များကိုလည်း မတရား ဖမ်းဆီး ချုပ်နှောင်ကာ အကျဉ်းထောင်သို့ ပို့၍ ကြိမ်ဒဏ်ရိုက်စေသည် ။
တစ်နေ့သ၌ ဝေါင် အမည်ရှိ သန်စွမ်းသော လူတစ်ယောက်သည် ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်သို့ ဝင်ရောက်ခစားကာ ထို တရားသူကြီး၏ ရက်စက်ကြမ်းကြုတ်ပုံများကို သံတော်ဦး တင်လေသည် ။ သို့သော် ဘုရင်မင်းမြတ်သည် ဝေါင်၏ သံတော်ဦးတင်သော အချက်အလက်တို့ကို မည်သို့မျှ အရေးမယူပေ ။ ထို့ကြောင့် ဝေါင်သည် စိတ်ပျက်စွာနှင့်ပင် နေအိမ်သို့ ပြန်လာခဲ့လေသည် ။
နောက်တစ်နေ့သို့ ရောက်သောအခါ ဝေါင်သည် အသားအချို့ကို ရောင်းချရန် အတွက် သူ၏ ဆိုင်သို့ ထွက်ခွာလာခဲ့လေသည် ။ ဆိုင်သို့ ရောက်၍ များမကြာမီမှာပင် သူ့အဖို့ အလွန်တရာ စိတ်မချမ်းမြေ့စရာကောင်းသောအဖြစ်အပျက် တစ်ခုနှင့်တွေ့ ကြုံလိုက်ရလေ၏ ။ ထိုအဖြစ်အပျက်မှာ အခြားမဟုတ် ။
ရက်စက်သော တရားသူကြီးသည် အလွန်တရာ ဆင်းရဲနွမ်းပါးသော အဘွားအိုကြီး တစ်ဦးအား ကြိုးများနှင့် တုပ်ကာ အချုပ်ထောင်သို့ ခေါ်ဆောင်သွားသည်ကို တွေ့မြင်လိုက်ရ သောကြောင့်ပင် ဖြစ်လေသည် ။ ထိုအခါ ဝေါင်သည် စိတ်မကောင်း ဖြစ်မိရုံမက ဒေါသအမျက်လည်း ထွက်မိလေသည် ။ ထို့ကြောင့် သူသည် သူ့ရှေ့မှ ချွန်ထွက်သော သားလှီးဓားကို ကောက်ယူကာ တရားသူကြီးနှင့် အဘွားအို ရှိရာ လမ်းမပေါ်သို့ လျင်မြန်စွာ ပြေးသွားလေသည် ။ အနီးသို့ ရောက်သောအခါ သူသည် တရားသူကြီးအား လက်ထဲမှ သားလှီးဓားဖြင့် ထိုးသတ်ကာ အမယ်အိုအား ဤနေရာမှ ထွက်ပြေးရန် ပြောဆိုလေသည် ။
ထို့နောက် သူသည် ဘုရင်မင်းမြတ်ထံ သွား၍ အကြောင်းမျိုးစုံကို ပြောပြကာ အဖမ်းခံလေသည် ။ ထိုအခါ ဘုရင်မင်းမြတ်သည် ဝေါင်အား အလွန်တရာ စိတ်ဆိုးစွာဖြင့် အချုပ်ထောင် ထဲတွင် ချုပ်ထားစေလေသည် ။ မကြာမီ သ,တ်ပစ်မည် ဟုလည်း အမိန့်တော်မှတ်လေသည် ။ ထိုသတင်းကို ကြားသိရသော ဝေါင်၏ မိတ်ဆွေများသည်လည်း များစွာ စိတ်မကောင်းခြင်း ဖြစ်မိကြလေသည် ။ ထို့ကြောင့် သူတို့သည် ဘုရင်မင်းမြတ်ထံသို့ သွားကာ ဝေါင်၏ အသက်ကို ချမ်းသာပေးပါရန် ဝိုင်းဝန်း သံတော်ဦး တင်ကြလေသည် ။ သို့သော် သူတို့၏ ကြိုးပမ်းခြင်း များသည် အချည်းအနှီးပင် ဖြစ်ပေ၏ ။ ဘုရင်မင်းမြတ်သည် ဝေါင်အား သ,တ်ပစ်ရန်ကိုသာ အလိုရှိလေသည် ။
နောက်ဆုံးတွင် သူငယ်ကလေး တစ်ယောက်သည် ဘုရင်မင်းမြတ်၏ တရားရုံးတော်သို့ ရောက်ရှိလာလေသည် ။ ထို့နောက် သူသည် ဘုရင်မင်းမြတ်နှင့် တွေ့ဆုံခွင့် တောင်းကာ ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်သို့ ဝင်ရောက် ခစားလေသည် ။
ဘုရင်မင်းမြတ်၏ ရှေ့တော်မှောက်သို့ ရောက်သောအခါ ဘုရင်မင်းမြတ်က သူ့အား အဘယ်ကိစ္စဖြင့် လာရောက်သည်ကို စတင် မေးမြန်းလေသည် ။ ထိုအခါ သူငယ်ကလေးက ... “ ယခု အကျဉ်းခံနေရသော ဝေါင်မှာ ကျွန်တော်မျိုး၏ ဖခင် ဖြစ်ပါသည် ။ ကလေး ငါးယောက် ရှိသည့်အနက် ကျွန်တော်မျိုးမှာ အကြီးဆုံး ဖြစ်ပါသည် ။ ကျွန်တော်မျိုး၏ မိခင် မှာလည်း ကျွန်တော်တို့နှင့် အတူ ဖခင်အား မှီခို နေထိုင်ရသူ ဖြစ်ပါသည် ။ ထို့ကြောင့် ကျွန်တော် တို့၏ ဖခင် မရှိလျှင် ကျွန်တော်တို့သည် အလွန်တရာ အတိဒုက္ခ ရောက်ကြရပါတော့မည် ။ ထို့ကြောင့် ကျွန်တော်မျိုး၏ မိဘနှင့် ညီငယ် ၊ ညီမငယ်များအတွက် ကျွန်တော့်အား ကျွန်တော် အလိုရှိသော အခွင့်အရေး တစ်ခု ပေးပါခင်ဗျား ” ဟု ရိုသေစွာ သံတော်ဦး တင်လေသည် ။ ထိုအခါ ဘုရင်မင်းမြတ်က “ လူကလေး သင်သည် မည်သည့် အခွင့်အရေးမျိုးကို အလိုရှိသနည်း ” ဟု မေးမြန်းလေသည် ။ ထို့နောက် သူငယ်ကလေးသည် ဘုရင်မင်းမြတ်၏ ခြေရင်းဝယ် ဦးနှိမ်ရှိခိုးလျက် ...
“ ကျွန်တော်မျိုး အလိုရှိသော အခွင့်အရေးမှာ အခြား မဟုတ်ပါ ။ ကျွန်တော်မျိုး၏ ဖခင် ကိုယ်စား ကျွန်တော်မျိုးအား ဖမ်းဆီး စီရင်စေလိုပါသည် ခင်ဗျား ” ဟု မကြောက်မရွံ့ သံတော်ဦးတင်လေ၏ ။
ထိုအခါ ဘုရင်မင်းမြတ်သည် သူငယ်ကလေး၏ မိဘအပေါ် ကျေးဇူး သိတတ်ပုံနှင့် ရဲရင့်တည်ကြည်သော စိတ်ထားရှိပုံတို့ကို မြင်တွေ့ ကြားသိရသောအခါ များစွာ ဝမ်းသာ ဝမ်းမြောက်ခြင်း ဖြစ်မိသည့် အပြင် သနားကရုဏာလည်း ဖြစ်မိလေ၏ ။ ထို့ကြောင့် ဘုရင်မင်းမြတ်သည် အကြိမ်ကြိမ် အဖန်ဖန် စဉ်းစားဆင်ခြင်ကာ နောက်ဆုံးတွင် ဝေါင်အား အကျဉ်းထောင်မှ လွှတ်၍ သူ့ သားသမီးများနှင့် အတူ နေအိမ်သို့ ပြန်လည် နေထိုင်စေလေသတည်း ။
( ဘာသာပြန် )
⎕ ညိုအောင်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ ဧပြီ
No comments:
Post a Comment