“ ကိုမိုးအောင်ကို ကြားဖူးနေတာ ကြာပါပြီ ၊ လူကိုတော့ အခုမှပဲ မြင်ဖူးတော့တယ် ၊ ... ဖြောင့်တယ်နော် ၊ အဟိ ... ”
“ ဖြောင့်လို့ လည်း ဒီလောက် စွံတာပေါ့ ၊ ခင်မေ နော် ၊ ညည်း သတိထား ပေတော့ ၊ တော်ကြာ ကျန်ရစ်ဖြစ်နေဦးမယ် ”
“ ဒါကတော့လည်း ကံပေါ့ဟယ် ၊ ကံစီမံတဲ့ အတိုင်းပေါ့ ”
“ ကိုမိုးအောင်က ဒီလောက်တော့ ရက်စက်မှာ မဟုတ်ပါဘူးနော် ၊ ကိုမိုးအောင် ”
“ ဟင်း ... ဟင်း ... ”
“ နင်တို့ ကလည်းဟယ် ၊ ဧည့်သည်ကို ၊ ရော့ ... ကိုကိုလေး စား ၊ ဒါ တောင်သမန်အင်းရဲ့ နာမည်ကြီး ငါးကြော် ၊ စားပါ ”
“ ဟုတ်ကဲ့ ၊ ကျေးဇူးပဲ ”
“ အောင်မယ်လေး ... ကျေးဇူးတင်နေရသေးတယ် ၊ ဝယ်ကျွေးတဲ့ သူက ပြောင်းပြန် ”
“ ဟာ ... ဒီလိုမဟုတ်ပါဘူး ၊ မစားဖူးလို့ ပြောတာပါ ”
“ ကိုမိုးအောင် လှေစီးဦးမလား ”
“ ဟင့်အင်း ”
“ စီးကြည့်ပါ ၊ အင်းထဲမှာ နှစ်ယောက်တည်း ဆိုရင် အဟိ ”
“ ကောင်မနော် ၊ ငါကောက်ပေါက်လိုက်လို့ ”
ခင်မေနွယ်က ရေနွေးပန်းကန်လုံးနဲ့ ပေါက်မလို့ ပြင်တော့ တစ်ဖက် က ရယ်ကျဲကျဲနဲ့ လွယ်အိတ်မပြီး ကာလိုက်ပါတယ် ။ သူတို့က လေးယောက် ၊ ကျွန်တော်က တစ်ယောက်မို့ ခံစစ်ပေါ့ဗျာ ။ တောင်သမန်အင်းရဲ့ အကြော်ဆိုင်မှာ စကားစစ်ခင်းနေကြတာပါ ။ ခင်မေနွယ် နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို အကဲခတ်ဖို့ သူတို့ သူငယ်ချင်းတွေ စုပေါင်း ကြံစည်ထားကြတာနေမယ် ။ မချောတွေက ဒါမျိုးဆို သိပ်ဝါသနာပါတာကိုး ။ သူတို့ အမြင် ၊ သူတို့ အတွေး ၊ သူတို့ သုံးသပ်ချက်တွေ ၊ သူတို့ အကဲဖြတ်တာတွေ ၊ သူတို့ အယူအဆတွေ အတွက် ကျွန်တော့်မှာ တောင်သမန်အင်းကို လိုက်ပို့ခဲ့ရပါပြီ ။
ကျွန်တော့်ကို ဖြောင့်တယ်တဲ့ ။ အကြော် ဝယ်ကျွေးလို့ပါ ။ စွံတယ်ဆိုတာကျတော့ အန္တရာယ် ရှိတယ်ဗျ ။ ဘာစွံတာလဲ ။ တင်မြရီ ကိစ္စလား ၊ နီလာ ကိစ္စလား ၊ မမ ကိစ္စလား ၊ ခက်ခက်ဝေ ကိစ္စလား ... ဒါတွေကို သိထားလို့ လား ။ ဒါဆိုရင် ပြဿနာဖြစ်နိုင်တယ် ။ ဒီအချိန်မှာ အတိတ်က ကိစ္စတွေ ကျွန်တော် မဖြေရှင်းချင်ဘူး ။ မသိတာအကောင်းဆုံးပဲလေ ။
“ ကျွန်မ မသိလို့ မေးမယ်နော် ၊ ကိုမိုးအောင် အရင်က ရည်းစားနဲ့ ခင်မေနွယ် နဲ့ ဘယ်သူက ပိုချောလဲဟင် ”
“ ဟဲ့ ... ”
“ နေစမ်းပါဟာ ၊ နင်ကလည်း ”
တစ်ယောက်က မေးတယ် ၊ တစ်ယောက်က ဟန့်တယ် ။ နောက် တစ်ယောက်က ဟန့်တဲ့သူ ကို ဝင်ဖျက်တယ် ။ ခင်မေနွယ် ကတော့ ပြုံးလို့ ပါလား ။
“ ဟင်း .. ဟင်း .. ”
ဗိုလ်အောင်ဒင်လို ရယ်ရမလားပဲဗျို့ ။တဟင်းဟင်းနဲ့ ဘာသိဘာသာ ရယ်နေရပါတယ် ။
“ ဖြေလေ ၊ဘာလဲ ၊ ရည်းစား မရှိပါဘူးလို့ ဖြေမလို့လား ၊ ကျွန်မတို့ သိပြီးသားနော် ၊ ကိုမိုးအောင် ဘယ်လောက် စွံတယ်ဆိုတာ သိပြီးသား ”
“ မစွံလို့ ပါဗျာ ၊ ဟင်း .. ဟင်း ... ”
“ ဒါဆို မရှိဘူးပေါ့ ဟုတ်လား ”
“ ရှိပါတယ် ၊ ထက်ထက်နဲ့ စိတ်ကောက်ပြီး ကတည်းက ဘယ်ရည်းစားမှ မထားတော့ဘူး ”
“ ဝါး ... ”
“ တကယ်ပြောတာ ၊ ထွန်းအိန္ဒြာဗိုကို မေးကြည့်ပါလား ”
“ ဝါး ... ”
“ ကြည့် ... ကျွန်တော် ပြောတော့ မယုံဘူး ”
“ ကဲပါဟယ် ၊ တော်ကြပါတော့ ၊ နင်တို့ လှေစီးမှာ ဆို သွားစီးကြ ၊ အပြန်နောက်ကျနေဦးမယ် ”
“ အခုမှ သုံးနာရီခွဲပဲ ရှိသေးတယ် ”
တော်ပါသေးရဲ့ ဗျာ ။ သူတို့ မေးတာတွေ ဒီလောက်နဲ့တင် ရပ်သွားလို့ ပေါ့ ။ ကျွန်တော်မှာ တကယ်ပဲ ဟိုအကြောင်းဒီအကြောင်းတွေ မေးလာတော့မှာလား ဆိုပြီး ရင်တွေ ထိတ်နေရတယ် ။ ကိုယ့်အတိတ်ကြောင်း ကလည်း ဖွင့်ပြောလို့ မကောင်းလုပ်ကိုး ။ ဒါဟာ အချစ်ဒုက္ခ တစ်မျိုးပဲလား ။ ခင်မေနွယ် ကို မြင်တော့ ကျွန်တော် သိပ်ချစ်သွားမိ တယ် ။ ကြည့်စမ်း ၊ ကိုယ်နဲ့ ညားမယ့် ကောင်မလေးက တယ်လှပါလား ။ အရွယ်လေးကလည်း နှစ်ဆယ်ဝန်းကျင် ၊ ဘဝချင်းကျတော့လည်း ကျွန်တော့်ထက် အများကြီး အေးချမ်းတယ် ၊ ရည်းစားတွေ ဘာတွေ ရှိချင်လည်း ရှိမှာပေါ့လေ ။ ဒါကိုတော့ ခေါင်းထဲ သိပ်ထည့်ထားလို့ မဖြစ်ဘူး ။ သူ့ကို မြင်လိုက် ကတည်းက ကျွန်တော် ကံကောင်းပြီလို့ အလိုလို သိသွားတယ် ။ အချစ်စိတ်ဟာ တော်တော်ဆန်းတယ် ။ ကျွန်တော် သူ့ကို ရဲရဲတင်းတင်း စကား မပြောရဲဘူး ဖြစ်နေတယ် ။
ကျွန်တော့် အကြောင်းတွေ သိသွားမှာ လန့်နေတယ် ။ တော်ပြီ ၊ ဒီနေ့က စပြီး ဆေးလိပ်လည်း ဖြတ်မယ် ၊ အသောက်အစားလည်း ဖြတ်မယ် ၊ နီလာတို့ ကိုလည်း ကင်းကင်း နေတော့မယ် ။ အိုဗျာ ... တက္ကစီတောင် မမောင်းချင်တော့ဘူး ။ နို့မို့ဆို လမ်းပေါ်မှာ သွားရင်းလာရင်း ကျွန်တော့် စိတ်က ပြောလို့ရတာ မဟုတ်ဘူး ။ ဒါကြောင့် အခုလို ခင်မေနွယ်တို့ လေးယောက် တောင်တစ်ခွန်း ၊ မြောက်တစ်ခွန်းမေးခွန်းတွေ ထုတ်လာတော့ မသိချင်ယောင် ဆောင်နေရတာပါ ။
သူတို့ လှေသွားစီးတော့ ကျွန်တော် ပန်းချီကားတွေ ရောင်းတဲ့ ဆိုင်တန်းဘက်ကို လျှောက်လာခဲ့ ပါတယ် ။ ပန်းချီကားတွေ လျှောက်ကြည့်ရင်း မေးချင်တာလည်း ရှိနေတယ် ။ ဒီနားမှာ ဆရာမြသန်းတင့် အမှတ်တရကျောက်တိုင် ရှိတယ်လို့ စာစောင်ထဲမှာ ဖတ်ဖူးတယ် ။ နီးနီးနားနားဆိုရင် သွားကြည့်ချင်လို့ပါ ။
ကျွန်တော်က စာဖတ်ဝါသနာပါတော့ စာရေးဆရာတွေနဲ့ ပတ်သက်ရင် ကြိတ်ပုန်း အတွေးလေး တွေထားတတ်တယ်ဗျ ။ ပြီးတော့ ဆရာမြသန်းတင့်ရဲ့ စာတွေကို ကြိုက်တာကြောင့်လည်း သူ့ကို လေးစားတဲ့ စိတ်နဲ့ သွားကြည့်ချင်မိတာပါ ။ ပြီးရင် မဟာဂန္ဓာရုံကျောင်းတိုက် ကိုလည်း ဝင် လေ့လာချင်သေးတယ် ။ ဆရာတော်ရှင်ဇနကာဘိဝံသ ရဲ့ ကမ္ဘာကျော်စာသင်တိုက်ကြီးရဲ့ တည်ငြိမ်ခန့်ညားမှုကိုလည်း ကြည့်ချင်လို့ပါ ။ ကျွန်တော် စဉ်းစားကြည့်ဖူးတယ် ။ စာကောင်းပေကောင်းတွေဟာ ဘယ်တော့မှ တန်ဖိုးမမဲ့သလို စာကောင်းပေကောင်းကို ရေးသားပြုစုတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေဟာလည်း ဘယ်တော့မှ လူတွေ မမေ့နိုင်ကြတော့ဘူး ။ စာကောင်းပေကောင်း ဆိုတာလည်း တော်ရုံတန်ရုံ စေတနာမျိုးနဲ့ ဝီရိယ ထုတ်လို့ ရတာမှ မဟုတ်ဘဲ ။ ရေးသားပြုစုတဲ့ လူကိုယ်တိုင် စိတ်ရင်း စိတ်ခံ ကောင်းပါမှ ဖြစ်ပေါ်နိုင်မယ်လို့ မြင်မိပါတယ် ။ အရေးအသား ပြောင်မြောက်ရုံ ၊ ဖတ်လို့ ကောင်းရုံ ၊ အဓိပ္ပာယ် ရှင်းလင်းရုံ ၊ လူကြိုက်များရုံ ရေးတာမျိုး ကျတော့ အချိန်ကာလရဲ့ စမ်းသပ်မှုကို မခံနိုင်ရှာဘူး ။ အပျော်ဖတ်စာပေတွေ ၊ နာမည်နဲ့ ရေးတဲ့ စာပေတွေဟာလည်း တစ်ကြိမ်တစ်ခါတော့ ဖတ်ရတာ ကောင်းသလိုလို ရှိပေမယ့် စိတ်ထဲ စွဲနေလောက်အောင် ဖြစ်မလာတာမျိုး ကြုံရတော့ သူတို့ ပေးလိုက်ရတဲ့ အချိန်တွေကို ကျွန်တော် နှမြောမိတယ် ။ ရေးလို့ ရတဲ့ အချိန်မှာ စနစ်တကျစေတနာထားပြီး ဝီရိယ ထုတ်ပြီး ခေတ်အဆက်ဆက်တွင် ကျန်မယ့် စာပေမျိုး ရေးဖွဲ့စေချင်မိတယ် ။ တစ်ခါဖတ်ပြီး ပြန်မကိုင်ချင်တော့တဲ့ စာမျိုးတွေ အမြောက်အမြား ရေးနေမှာ ထက် တစ်ပုဒ်ဆို တစ်ပုဒ် ၊ တစ်အုပ်ဆို တစ်အုပ် မိမိရရ ရေးစေချင်မိတယ် ။ စာရေးဆရာတွေဟာ စာ မရေးရရင် မနေနိုင်မှန်း ကျွန်တော် ကြားဖူးပါတယ် ။ ဒါပေမဲ့ ရေးချင်တိုင်းသာ ရေးနေရင် အရေအတွက် များ ပြီး အရည်အချင်းမှာ အားနည်းသွားမှာ စိုးရိမ်ရပါတယ် ။
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ စာရေးဆရာ တစ်ဦး ရှိတယ် ။ သူ့နာမည်က ကိုလှအောင် ပါ ။ ကျွန်တော်က စာဖတ်ဝါသနာပါတော့ သူ့ဆီမှာ စာအုပ်တွေ သွားငှားဖတ်တယ် ။ ကျွန်တော့် ဆီက စာအုပ်တွေလည်း ပေးဖတ်တယ် ။ သူ့စာအုပ်စင်မှာ ရှိတဲ့ စာအုပ်တွေ မှန်သမျှ မဖတ်သင့်တာ တစ်အုပ်မှ မရှိဘူး ။ သူက ဟိုးတုန်းက ကဗျာတွေ ၊ စာတွေ ရေးဖူးတယ် ။ ရှုမဝ မှာ ချစ်ကိုယ်တွေ့ အခန်းက ဝင်ရေးဖူးတယ် ။ အခုတော့ အားကစား ဆောင်းပါးတွေပဲ ရေးပါတော့တယ် ။ သူဆို ရင် ဝတ္ထုတို တစ်ပုဒ်ကို ရေးပြီးချိန်မှာ အနည်းဆုံး အကြိမ်ငါးဆယ်လောက် ပြန်ပြန်စစ်ပြီးမှ စိတ်တိုင်းကျတယ်လို့ ပြောပါတယ် ။ သူ ရေးပုံနဲ့ တော့ ပုဒ်ရေများများ မထွက်နိုင်ဘူး ။ ဒါပေမဲ့ သူရေးလိုက်တဲ့ တစ်ပုဒ်ကလည်း ဘယ်နှကြိမ် ပြန်ဖတ်ဖတ် ၊ ဘယ်ရှုထောင့်က ကြည့်ကြည့် ၊ ဘယ်သူပဲ ဆုံးဖြတ်ဆုံးဖြတ် ကောင်းတယ်လို့ အပြောခံရတယ် ။
ဒါကြောင့် စာတစ်ပုဒ် ကောင်းကောင်း ကို ရေးထုတ်ရတာ ဘယ်လောက်ခက်ခဲမှန်း ကျွန်တော် တွေးဆမိပါတယ် ။ ဆရာတော်အရှင်ဇနကာဘိဝံသတို့လို ၊ ဆရာမြသန်းတင့်တို့လို စာကောင်းပေကောင်း မြောက်များ စွာကို ရေးဖွဲ့ပြန်ဆိုနိုင်ခဲ့တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ ကျွန်တော်တို့ လက်ထက်မှာ ပေါ်ထွန်း နိုင်ပါတော့မလားလို့ တွေးပြီးစိတ်မကောင်း ဖြစ်မိပါတယ် ။ သိပ္ပံပညာတွေ ၊ နည်းပညာတွေ ၊ လူ့အသုံးအဆောင်တွေ နောက်ကို လိုက်ရင်း ကျွန်တော်တို့ ဟာ စာပေစွမ်းအားကို ရှေးလူတွေလို မစွမ်းဆောင်နိုင်ကြတော့မှာ ကို စိုးရိမ် နေမိပါတယ် ။ စာကောင်းပေကောင်းတွေ ရေးသားဖို့ ဆိုတာ စာပေါင်း မြောက်များ စွာကို ဖတ်ရှုရမယ် မဟုတ်လား ။ စာကောင်းပေကောင်းတွေ မရေးသားနိုင်ကြတော့ဘူး ဆိုရင် လူတွေစာများများ မဖတ်နိုင်ကြတော့ဘူးလို့ ဝန်ခံတာနဲ့ အတူတူပါပဲ ။ ကြာရင် လူထူ လူအ တွေ ပေါများလာပြီး အတွေးအခေါ်အယူအဆပါ ချွတ်ခြုံကျလာမှာ သေချာတယ် ။ နောင်အနှစ်နှစ်ရာကျော်ရင် ဘယ်လိုလုပ်ကြမလဲ ။
တစ်ခုတော့ ကောင်းတယ်ဗျ ။ လူငယ် တော်တော်များများ စာ မဖတ်ကြတော့ ကျွန်တော်တို့လို စာဖတ်တဲ့ သူတွေ ဖြီးဖြန်းတဲ့ အခါ အဟုတ် ထင်သွားကြတယ် ။ စောစောတုန်း ကအဖြစ်ကို ကြည့်ပါလား ။ ခင်မေနွယ်နဲ့ ပတ်သက်ပြီး သူတို့ မေးကြမြန်းကြတာကို ကျွန်တော် မသိချင်ယောင် ဆောင်ပြီး ပေါက်ကရ ပြောလိုက်တာမို့ သူတို့ ဘာမှ ဆက်မမေးကြတော့ဘူး ။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ဟန်ဆောင်ထားသမျှ ဗေဒင်ဆရာရှေ့ ရောက်တော့ ဒုက္ခလှလှကြီး တွေ့ရပါလေရော ။
ကိုယ့်ဆရာက ကျွန်တော့် နေ့နံကို ကြည့်ပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဟောရမှာလားတဲ့ ။
“ ဟောပါဆရာ ၊ ဟောပါ ၊ ကျွန်မတို့ က မောင်နှမတွေလို နေလာကြတာပါ ၊ ဆရာ တွေ့တာသာ ပွင့်ပွင့်လင်းလင်း ဟောပါနော် ”
ဆိုပြီး ခင်မေနွယ့် သူငယ်ချင်းတွေက ဝိုင်းအော်ကြပါတယ် ။ ဗေဒင်ဆရာ ဟောသမျှ မှာတော့ ကျွန်တော်ဟာ ဗုဒ္ဓဟူးနံ အနှောင့်အယှက် ရှိတယ် ။ အသက်ကြီးကြီး အမျိုးသမီးတစ်ဦး ကို ရှောင်ရမယ် ။ အိမ်ထောင်ပြုမယ် ဆိုရင် မွေးနေ့ကျော်မှ ကောင်းမယ် ။ အထူး သတိထားရမှာက အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် မိသားစု ပြဿနာပေါ်မယ် ။ ဘဝတက်လမ်း ထိခိုက်မယ် ။ ဖြစ်နိုင်ရင် ရဟန်းဝတ်ပါ ။ နို့မို့ဆို ရုံးပြင်ကန္နား ရောက်ကိန်း ရှိတယ်တဲ့ ။
သူ ဟောတာတွေ နားထောင်ပြီး ကျွန်တော် ပြုံးပန်း မဆင်နိုင်ဘူး ။
ခင်မေနွယ် လည်း သူငယ်ချင်းတွေ ကြားမှာ မျက်နှာပျက်နေတယ် ။ သူ့အကြောင်း ဗေဒင်ဆရာ ဟောတဲ့ အခါ ကြာသပတေးသား အိမ်ထောင်ဖက် ဆိုရင် အထူး သတိထားရမယ်တဲ့ ။ ဒီအချက်နဲ့တင် ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး ။ အရေးထဲမှာ သူ့သူငယ်ချင်းက မေးလာပြန်တယ် ။
“ ကိုမိုးအောင် ဗေဒင်ဆရာ ပြောတာ မှန်ရဲ့လား ၊ ယတြာ ချေပါလားဟင် ” တဲ့ ။
ခက်တာက ဒီဗေဒင်ဆရာက ယတြာ မလုပ်ပေးဘူး ။ ဆိုင်းဘုတ်မှာ ရေးထားတာကိုက “ ပွင့်ပွင့်လင်းလင်း ဟောမည် ၊ မမှန်လျှင် ငွေပေးစရာ မလို ၊ ယတြာမချေပေးပါ ” တဲ့ ။ သူ ဟောတာတွေကို ကျွန်တော့်မှာ ငြင်းရ ခက်နေတယ် ။ ဘယ်တုန်းကမှ ဗေဒင် မမေးခဲ့ဘူးတော့ ကျွန်တော့် အကြောင်း ဟောလာတဲ့ အခါ လူကို ကြောင်တောင်တောင် ဖြစ်သွားပါတယ် ။ ဘယ်လို ဖြီးရမှန်းတောင် မသိတော့ဘူး ။
ကျွန်တော်တို့ အိမ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ခင်မေနွယ် ရော ၊ ကျွန်တော်ပါ တိတ်ဆိတ် နေကြပါတယ် ။ ကျန်တဲ့ လူတွေက ကျွန်တော်တို့ ကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်ကြတော့ပေမယ့် ကျွန်တော့် အတွေးတွေ ထဲမှာ ခင်မေနွယ်ကို သနားစိတ်နဲ့ ဖြစ်ခဲ့သမျှ ဖွင့်ဟ ပြောချင်နေပါတယ် ။ နောက်ဆုံး ကျွန်တော့ကို ခွင့်မလွှတ်ရင်လည်း နေပါစေတော့လို့တောင် ဆုံးဖြတ်မိပါတယ် ။ ကျွန်တော့် စိတ်ကို ကျွန်တော် မလုံမလဲ ဖြစ်ပြီး သူ့ကို မျက်လုံးချင်းဆိုင်ပြီး မကြည့်ဝံ့တော့ဘူး ။ အားနာနေတယ်ဗျာ ။ ကျွန်တော် သူ့ကို ဘယ်လို စပြောရင် ကောင်းမလဲလို့ တွေးပြီး ကိုယ့်ဟာ ကိုယ် ဒေါသတောင် ဖြစ်မိပါတယ် ။ ဖွင့်ပြောရမယ့် အကြောင်းတွေ ကလည်း ပြောလို့ ကောင်းတာက ခပ်နည်းနည်း မဟုတ်လား ။ မမ အကြောင်းပဲ ဖြစ်ဖြစ် ၊ တင်မြရီ အကြောင်းပဲ ဖြစ်ဖြစ် ၊ နီလာ့ အကြောင်း ပဲ ဖြစ်ဖြစ် သူ့ ဘဝအတွေ့အကြုံနဲ့ ယှဉ်ပြီး ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး ။ တစ်ယောက်နဲ့ တစ်ယောက် အသည်းနင့်အောင် ချစ်ကြရင်တော့ တစ်မျိုးပေါ့လေ ။
နောက်ဆုံး ကျွန်တော် ဖွင့်မပြောတာပဲ ပိုကောင်းမယ်လို့ တွေးပြီး အမေတို့ မလာခင် ပြင်ဦးလွင် ကို ကိုကာလာ နဲ့ အလည် ထွက်လာမိပါတယ် ။ ကျွန်တော့် စိတ်မှာ ခင်မေနွယ်ကို သနားမိတဲ့ စိတ်တွေဟာ နောက်နှစ်လ လောက်အထိ မပျောက်နိုင်တော့ဘူး ။ သူ့ကို သနားရင်း သနားရင်း ကိုယ့်ဟာကိုယ်တောင် သနားလာမိတဲ့ အထိပဲ ။ သူ့ကို ချစ်ရင်း ချစ်ရင်း နောက်ဆုံး ကိုယ့်ဟာကိုယ် ပြန်ချစ်လာမိတဲ့ အထိပဲ ။ ကျွန်တော် ဆိုလိုတာက ဒီလိုပါ ။ ကျွန်တော် ကြုံတွေ့ခဲ့တာတွေကို ပြန်တွေးမိရင် သူက အရမ်းဖြူစင်ပြီး ကျွန်တော်က ရှုပ်ထွေးပွေလီနေလွန်းတယ် ။ သူ ကျွန်တော့် ကို လက်တွဲရမှာ သူ့အတွက် နစ်နာမှာပဲလို့ တွေးမိပြီး သူ့ကို သနားနေမိရာကနေ ငါ ဘာလို့ သူ့ကို ဒုက္ခပေးတော့မှာ လဲ ၊ သူ့ကိုဒုက္ခပေးလို့ရော ငါ ပျော်နိုင်မှာ လား ၊ ငါတစ်သက်လုံး နောင်တရနေမယ် ၊ မဖြစ်သေးပါဘူးလို့ တွေးလိုက်မိတယ် ။ ကျွန်တော် ဖွင့်မပြောတော့ ကျွန်တော် စိတ်ဆင်းရဲရ တယ် ။ ဖွင့်ပြောရင် သူစိတ်ဆင်းရဲရမယ် ။ ဒါကြောင့် သူ့ကို ချစ်တာထက် ၊ ကိုယ့်ဟာကိုယ် ဒီလိုပဲ နေသွားရရင် ကောင်းမလားလို့ တွေးပြီး ရန်ကုန် ကို ပြန်လာခဲ့ပါတော့တယ် ။
လူကြီးတွေကတော့ ဘာမှ မသိဘူး ။ ကျွန်တော်တို့ချင်း သဘောကျရင် ကျန်တာစီစဉ်ပေးမယ်လို့ ပြောပါတယ် ။ သူတို့ သဘောထက် ကျွန်တော်တို့ သဘောကို ပြောပါတဲ့ ။ တော်တော် စဉ်းစားရ ခက်ပါတယ် ။ တကယ်လို့ သူတို့ ဘာသာ စီစဉ်လိုက်ရင် ကျွန်တော် ရေလိုက်ငါးလိုက် နေသွားမလို့ ပါ ။ အခုတော့ ကျွန်တော်တို့ ဖွင့်ပြောမှ မင်္ဂလာကိစ္စ ကို စီစဉ်ပေးမယ် ၊ အတင်းအကြပ် ဘာမှ မစီစဉ်ဘူးတဲ့ ။
အရေးထဲမှ မင်္ဂလာခန်းဝင်ပစ္စည်း ၊ မင်္ဂလာဆောင်အသုံးစရိတ် ကျွန်တော် တင်တောင်းမယ့် သတို့သမီးအတွက် မင်္ဂလာအသုံးအဆောင်တွေ ကလည်း အိမ်ရောက်တော့ ညီမဖြစ်သူက “ များတယ် ” ဆိုလို့ ကသိကအောက် ဖြစ်ရပြန်တယ် ။ သူ့အလှည့်တုန်းက ဘာမှ မရခဲ့ရှာဘူးလေ ။ ကျွန်တော်ကျမှ ဘာလို့ ဒီလောက် အကုန်ခံရမှာ လဲတဲ့ ။ သိပ် အတာပဲတဲ့ ။ ဒီခေတ်မှာ ဒီလောက် အကုန်အကျ မခံနဲ့တဲ့ ။ ယူပြီးရင် အကြွေး နင့်နေမယ်တဲ့ ။
အမေကတော့ ဒါတွေက ညှိနှိုင်းလို့ ရတယ်လို့ ပြောပါတယ် ။ ခန်းဝင်ပစ္စည်းတို့ ဘာတို့ ကိုလည်း အကုန်လုံး မဝယ်ရပါဘူးတဲ့ ။ ရန်ကုန်အိမ်မှာ လာနေကြမှာ ဆိုတော့ ကုတင် ၊ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံးလောက်ပဲ ဝယ်ရမှာပါတဲ့ ။ ပျဉ်းမနားမှာ တစ်ခါ ဆောင်မယ် ၊ ရန်ကုန်မှာ တော့ ဆွမ်းကျွေး လောက်ပဲ လုပ်ရမှာပေါ့တဲ့ ။ ထိုက်သလောက်တော့ တင့်တင့်တယ်တယ် ဖြစ်မှာပါတဲ့ ။
မလွယ်ပါလား ကိုယ့်လူရေ ... ။
အိမ်တစ်ဆောင် ၊ မီးတစ်ဆောင်ကိစ္စ မပါသေးတာတောင် ကျွန်တော့်မှာ ထွက်ပြေးချင်နေပြီ ။ ကျွန်တော့် ညီမတုန်းက အိမ်မှာ ရှိသမျှပစ္စည်းတွေ ရသလောက် သယ်သွားတာ အခုမှ သဘောပေါက်တော့တယ် ။ သူ လုပ်တာ မှန်တာပေါ့ ။ အခုခေတ်မှာ ပန်းကန်တစ်ချပ် စတီးဇွန်းတစ်ချောင်းဝယ်ဖို့ ဆိုတာ လွယ်လှတာ မဟုတ်ဘူး ။ ကျွန်တော်တို့လို လူလတ်တန်းစားတွေအဖို့ အသုံးအဆောင်ပစ္စည်းတွေ စုဆောင်းရတာ တန်ဖိုးကြီးမှန်း ကျွန်တော် တဖြည်းဖြည်း ကျွန်တော် နားလည်လာပါတယ် ။ နားလည်လာတော့ အိမ်ထောင်ပြုရမှာတောင် ကြောက်ကြောက်လာတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ ခင်မေနွယ် တို့ ဘက်က တောင်းဆိုတာတွေက ငွေဆယ်သိန်းကျော်ကျော် သုံးစွဲနိုင်မှ ဖြစ်မယ့် ကိစ္စတွေပါ ။ ကျွန်တော် ငွေဆယ်သိန်း ဆိုတာဟာ ဆရာသော်တာဆွေရဲ့ ဇာတ်လိုက်ကြီး ပတ္တမြားဝင်းထိန် နဲ့ ဆယ်ရက်အတွင်း ငွေနှစ်ရာ ဆိုတာနဲ့ အတူတူပါပဲ ။ ဘယ်လိုမှ မအပ်စပ်တဲ့ ကိစ္စ ဖြစ်နေပါရဲ့ ။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ကျွန်တော်ဟာ သုံးလေးသိန်း စုဆောင်းဖို့ကိုတောင် အကြိမ်ကြိမ် ကြံစည် အကြိမ်ကြိမ် ပျက်ခဲ့ရသူမို့ ငွေစုဖို့ ကိစ္စကို ပေယျာလကန် ပြုထားတာ ကြာခဲ့ပြီပဲ ။ ဒါကြောင့် ခင်မေနွယ် ကို ချစ်တဲ့ စိတ်ကလေးတွေဟာ ငွေဆယ်သိန်းကို တိုးလို့ မပေါက်နိုင်တော့ဘူး ။
ခင်မေနွယ်တို့ ဘက်က တောင်းဆိုတာတွေဟာ သိပ်အလွန်အကျွံကြီးတော့ မဟုတ်ဘူး ။ သူ့အစ်မ တုန်းက ဆိုရင် သည့်ထက် မကအောင် ခမ်းခမ်းနားနား လုပ်ခဲ့ကြတာလို့ ပြောပါတယ် ။ ကျွန်တော်နဲ့ ကျတော့ နှစ်ဖက်ဆွေမျိုးတွေလို ဖြစ်နေကြတာမို့ လျှော့လျှော့ပေါ့ပေါ့ ပြောရတာပါတဲ့ ။ ပစ္စည်းတွေက ဈေးတက်လာတာမို့ သူတို့ ဘက်က အားလည်း နာပါတယ်တဲ့ ။ ခင်မေနွယ့် အစ်မတုန်းက ခန်းဝင်ပစ္စည်းတွေ ဝယ်တဲ့ အပြင် မင်္ဂလာဆောင်စရိတ် ၊ ဆက်တီတစ်စုံ ၊ ဘုရားစင် ၊ ဗီရို ၊ ရှိုးကေ့စ်တွေ ဝယ်တာတောင် ငါးသိန်း မကုန်ခဲ့ဘူးတဲ့ ။ ဒါက လွန်ခဲ့တဲ့ ခြောက်နှစ်က အဖြစ်အပျက်တွေ မဟုတ်လား ။ ( ၂၁ ) ရာစု ကို ကူးပြောင်းတော့မယ့် ကာလမှာ ဒီ ငွေလေးငါးသိန်းနဲ့ ဒါတွေ ဝယ်ဖို့ လွယ်တော့ဘူး ။ လွယ်တယ်ပဲ ထားပါဦး ။ ကျွန်တော်လိုကောင်အတွက် ငွေလေးငါးသိန်း ဆိုတာ ဘယ်လွယ်ပါ့မလဲဗျာ ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:
Post a Comment