❝ မျောက် နှင့် ကဏန်း ❞
( ပုံပြင် )
ရှေးသရောအခါ မျောက်နှင့် ကဏန်းတို့ အသိမိတ်ဆွေ ဖြစ်ကြလေ၏ ။ တစ်နေ့သ၌ သူတို့သည် လမ်းလျှောက် လာကြရင်း မျောက်က ဆီးစေ့တစ်စေ့ ကောက်ရလေ၏ ။ ကဏန်းက မူ ထမင်းဆုပ်တစ်ဆုပ် ကောက်ရလေ၏ ။ မျောက်သည် ကဏန်း ထံမှ ထမင်းဆုပ်ကို စားချင်သည် ဖြစ်၍ ကဏန်းအား “ မင်း ကောက်ရတဲ့ ထမင်းဆုပ်နဲ့ ငါ့ဆီးစေ့နဲ့ လဲပါကွာ ” ဟု ချော့၍ တောင်းလေ၏ ။ သဘောကောင်းသော ကဏန်းကလည်း မျောက်ထံမှ ဆီးစေ့နှင့် သူ၏ ထမင်းဆုပ်ကို လဲလိုက်လေ၏ ။ မျောက်လည်း ထမင်းဆုပ်ကို ရသောအခါ ချက်ချင်း စားပစ်လိုက်လေ၏ ။
ကဏန်းလည်း သူ ရသော ဆီးစေ့ကို အိမ်သို့ ယူလာခဲ့ပြီးလျှင်ဥယျာဉ်ထဲတွင် မြှုပ်ထား လိုက်လေ၏ ။ မကြာမီ ကဏန်း မြှုပ်ထားသော ဆီးစေ့မှ ဆီးပင်ကလေး တစ်ပင် ပေါက်လာလေ၏ ။ ဂဏန်းလည်း ဝမ်းသာအားရစွာဖြင့် သူ့ ဆီးပင်ကလေးကို နေ့စဉ် ရေလောင်းပေးလေ၏ ။ ဆီးပင်ကလေးသည် တော်တော် ကြီးလာသောအခါ ဆီးသီးများ သီးလာလေ၏ ။ ထိုအခါ ကဏန်းသည် ဆီးပင် ပေါ်သို့ မတတ်နိုင်ဘဲ ဆီးသီးကို စားချင်စိတ်ဖြင့် မကြံတတ်အောင် ဖြစ်နေလေ၏ ။ မကြာခင်မှာပင် သူ့အိမ်သို့ မျောက် အလည် လာသောကြောင့် ကဏန်းက အဆွေ မျောက် ၊ ဆီးပင် ပေါ်မှာ ဆီးသီးတွေ သီးနေပါတယ် ၊ တက်ပြီး ခူးပါလား ၊ သင်နဲ့ ငါ စားကြရအောင်ပါ ” ဟု ပြောလေ၏ ။ မျောက်ကလည်း ဆီးပင် ပေါ်သို့ မော့ကြည့် လိုက်ပြီးလျှင် “ ကောင်းသားပဲ တက်မယ် ” ဟု ဆိုကာ တက်သွားလေ၏ ။ မျောက်သည် ဆီးပင်ပေါ်သို့ ရောက်သောအခါ ဝင်း မှည့်သော ဆီးသီးများကို ခူးလိုက်ပြီးလျှင် မြိန်ယှက်စွာ တစ်ယောက်တည်း စားနေလေ၏ ။ ကဏန်း ထံသို့ ပစ်ချပေးရန် သတိမပြုတော့ချေ ။ စားသောက်၍ ဝသောအခါ မျောက်သည် ကဏန်းကို သတိရလာသဖြင့် ကျန်ရှိသော ဆီးသီးအစိမ်း တစ်လုံးကို ခူးလိုက် ပြီးလျှင် ကဏန်း ထံသို့ ပစ်ချ ပေးလိုက်လေ၏ ။ ကဏန်းလည်း ဝမ်းသာအားရစွာဖြင့် ဆီးသီးကို ကိုက်၍ စားလေ၏ ။ သို့ရာတွင် ဆီးသီးသည် အမှည့် မဟုတ်၍ ကိုက်၍ မရနိုင်ပေ ။ ထို့ကြောင့် ကဏန်းသည် ဆီးသီးကို သူ၏ ခေါင်းနှင့် ရိုက်၍ ထုခွဲလိုက်ရာ ဆီးသီး မကွဲဘဲ ခေါင်း ပေါက်သွားလေ၏ ။ ကဏန်းလည်း ခေါင်းကွဲသွားသောအခါ မျောက်ကို စိတ်ဆိုး လာလေ၏ ။ ထို့ကြောင့် သစ်ချသီး ၊ ကျောက်ဆုံ နှင့် နကျယ်ကောင် တို့ ထံသို့ သွား၍ မိတ်ဆွေဖွဲ့ကာ မျောက် ကို ဆုံးမရန် စီစဉ်ကြလေ၏ ။
သူတို့ လေးယောက်သည် မျောက်ကို ကဏန်းအိမ်သို့ လက်ဖက်ရည်သောက် ဖိတ် ခေါ်လိုက်ကြလေ၏ ။ မျောက် ရောက်မလာမီ သစ်ချသီးသည် မီးပုံဘေးရှိ ပြာထဲတွင် ဝင်၍ ပုန်းနေလေ၏ ။ ကျောက်ဆုံသည် တံခါး အပေါ်၌ တက်၍ ပုန်းနေလေ၏ ။ နကျယ်ကောင် ကမူ အမှတ်မဲ့ စောင့်ကြည့် နေလေ၏ ။
မကြာမီ မျောက် ရောက်လာ၍ ကဏန်းက ဆီးကြို ပြီးလျှင် “ လာပါ မိတ်ဆွေ ၊ မီးလှုံကြ ရအောင် ” ဟု ခေါ်လိုက်လေ၏ ။ ထိုခဏ၌ မီးပုံဘေးရှိ ပြာထဲတွင် ဝင်၍ ပုန်းနေလျက် ရှိသော ဝက်သစ်ချသီးသည် မီးကျက်လာပြီးလျှင် ဖောင်းခနဲမြည်ကာ ပေါက်ကွဲလေ၏ ။ ပေါက်ကွဲပြီးနောက် မျောက်က လန့်ပြီးလျှင် တံခါးပေါက် ဘက်သို့ ပြေးထွက်သွားလေ၏ ။ ထိုအခါ စောင့်ကြည့်နေ လျက်ရှိသော နကျယ်ကောင်က ပျံထွက်လာပြီးလျှင် မျောက်ကို လိုက်၍ တုပ်လေ၏ ။ မျောက် လည်း နာလွန်းလှ၍ ပြေးမည် ပြုစဉ် တံခါးပေါ်မှာ ပုန်းနေသော ကျောက်ဆုံက သူ့ ကိုယ်နှင့် မျောက်ပေါ်သို့ လှိမ့်၍ ချလိုက်လေ၏ ။ မျောက် ပေါ်သို့ ကျောက်ဆုံ လိမ့်ကျသောအခါ မျောက် သည် အလွန် နာကျင်စွာဖြင့် အော်ဟစ်၍ နေရလေ၏ ။ နောက်ဆုံး၌ ကဏန်းကို စော်ကားခဲ့မိ သည့် အပြစ်ကို သတိရ လာပြီးလျှင် ကဏန်း ၊ သစ်ချသီး ၊ နကျယ်ကောင် နှင့် ကျောက်ဆုံ တို့ကို “ နောက်နောင် သူတစ်ပါး မခံသာအောင် မစော်ကားတော့ပါ ၊ အပြစ်မှ ချမ်းသာပေးပါ ” ဟုထိုင်၍ တောင်းပန်ရလေ၏ ။ ကဏန်းလည်း မျောက်က ထိုသို့ သူ့အမှားကို သတိရလာ၍ တောင်းပန်သောအခါ တစ်ကြိမ်တစ်ခါ မှားသည်ကို သည်းခံကြမည်ဟု ဆို၍ မျောက်ကို ရှေးကကဲ့သို့ ပြန်၍ မိတ်ဆွေအဖြစ် လက်ခံလျက် ပျော်ရွှင်စွာပင် နေထိုင်လျက် ရှိကြလေသတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆၀ ၊ ဧပြီလ
No comments:
Post a Comment