“ မင်းတို့ချင်းက ဘာတွေလဲ ၊ ငါ့ကို အရူးလုပ်နေတာလား ” တဲ့ ။ ဆောင့်ကြီးအောင့်ကြီးနဲ့ ကျုံးအော်တယ်ဗျ ။ ပန်းဆိုးတန်းလမ်းမကြီးပေါ်က J DONUTS မုန့်ဆိုင်ရဲ့ နေ့လယ် နှစ်နာရီ အချိန်ကြီး ၊ ထိုင်တဲ့ နေရာက လမ်းကျကျ စားပွဲမှာ သူ့ဆီကပိုက်ဆံ တစ်သိန်း ချေးထားမိတော့ သူ့မျက်နှာ ကိုကြည့်ရတာ ငွေရှင်ကြေးရှင်ရုပ်ပေါက်နေတယ် ။ ဒါမျိုးက ဖြစ်တတ်ပါတယ် ။ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ ရင်းနှီးကျွမ်းဝင်နေပါစေ ၊ ကိုယ့်အကြွေးရှင် ဖြစ်သွားပြီ ဆိုတာနဲ့ အဲဒီ လူရဲ့ မျက်နှာဟာ ငွေရှင်ကြေးရှင်ပုံ ပေါက်နေတယ်လို့ မြီစားတွေမှာ ခံစားရတာပဲလေ ။
“ ဒီလောက်ထိ မအော်ပါနဲ့ မမရယ် ၊ သူနဲ့ ကျွန်တော် လုပ်ငန်းကိစ္စလေးတွေ ရှိလို့ပါ ”
“ ဘာ ”
“ ရှူး ... တိုးတိုး ”
“ မတိုးနိုင်ပါဘူး ၊ ဒီဟာမနဲ့ များ လုပ်ငန်းကိစ္စလေး ဘာလေးနဲ့ ၊ နင် ... ခေါင်း ၊ ငါ ဟာ ... ပါးစပ်ထဲမှာ ယားနေပြီ ၊ ဟွန်း ”
“ ကျွန်တော် ပြောတာလည်း ဆုံးအောင်နားထောင်ပါဦး ၊ သူလည်း ကောင်းကောင်း မွန်မွန် ... ”
“ တော် ”
မရဘူး ၊ ကျုံးအော်တာပဲ ။ တစ်ခွန်းမှကို ခွင့်မပေးဘူး ။ အောင်မယ်လေးလေး ... မိန်းမတွေ ဒီလောက် မုန်းအားကြီးမှန်း အခုမှ သိတော့တယ် ။ တင်မြရီ ကို ကျွန်တော် ထောင်ဝင်စာ သွားတွေ့တာကို သူ မခံမရပ်နိုင် ဖြစ်နေတယ် ။ သူ့ကိုတော့ ဂရုမစိုက်ဘူးတဲ့ ။ လိုမှ လာတယ်တဲ့ ။ ဘယ်လို အချိုးချိုးတာလဲတဲ့ ။ အပျော်သဘောလားတဲ့ ။ သူ့စကားကြီးတွေက ကျွန်တော် သိပ်ဟော့ရှော့ ဖြစ်နေသလိုလို ။ အပျိုကြီး တွေဟာ စိတ်ရူးပေါက်ရင် ပေါက်သလို ပြောတတ်တယ်နဲ့ တူတယ် ။ ဘုရားစူးရပါစေရဲ့ ၊ သူ့ကို ကျွန်တော် ဒီနေ့အထိ အဆင့် မကျော်နိုင်သေးပါ ဘူး ။ အရင်ကတော့ အကြံကြီး ကြံဖူးပါတယ် ။ အခုလို လူကြားထဲမှာ ခဏခဏ အရှက်ခွဲခံရလို့ နောက်ဆုတ်နေတာ ကြာကြာလှပြီ ။ သူကတော့ အရင်တုန်းက အရှိန်လေးနဲ့ ဆက်လှိမ့်နေတုန်းပဲ ။ သူ့ဘဝကို အညွန့်ချိုး ခဲ့တယ်ပေါ့ဗျာ ။ မှန်တာ ပြောရရင်“ ဒီမှာ ... ခင်ဗျားကသာ ကျုပ်ဘဝကို အညွန့်ချိုး နေတာဗျ ၊ မိုးအောင် ဘဝမှာ ခင်ဗျားကြောင့် အညွန့်ကျိုးနေတာသိရဲ့လား ၊ သုဘဒ္ဒါကြီးရဲ့ ” လို့ ပြောလို့ ရတယ် ။ မပြောတော့ မပြောရဲဘူး ၊ ပြောလိုက်လို့ လဲသေသွားရင် ပြဿနာ တက်မှာ ။ ပြီးတော့ လာဘ်လာဘလည်း ပိတ်သွားနိုင်တယ် ။ သူ့ငွေက ကိုယ့်မှာ စူးနေမင့်ကိုး ။ ချစ်တီးမကြီး လည်ပင်း ညှစ်သမျှ ခံရပြီပေါ့ဗျာ ။ သူ့အချစ်တွေနဲ့ ခြေတော်တင်ထားပါရောလား ။ ငွေ ... ငွေ ... ငွေ ။ ငွေမျက်နှာများ တယ်ကြီးပါလား ။ ဆရာသိန်းဖေမြင့် ရေးတဲ့ ဝတ္ထုထဲကလို အသက်ကြီးကြီး မိန်းမကြီး ယူမိလို့ ဒုက္ခဖြစ်ရတဲ့ လယ်သူရင်းငှားကိန်းတော့ ဆိုက်တော့မယ် ထင်တယ် ။
“ မမ ... ကျွန်တော် နှစ်သောင်း ပြန်ဆပ်ထားမယ် ၊ ကျန်တာ ... ”
“ လာပြန်ပြီ ငွေစကား ၊ မင်းငွေစကား တယ်ပြောပါလား ၊ မင်း ငွေကို ငါ ဘာလုပ်ရမှာ လဲ ၊ ငါ့စေတနာတွေ မင်း ခုထိ နားမလည်သေးဘူး ၊ ဟင်း .. ဟင်း ... ဟင်း .. ဒါပေါ့လေ ၊ ငါလို ချုံးချုံးကျ .. ”
“ ဟာ ... မမ တိုးတိုးဗျာ ၊ အဲဒါတွေ ဘာလို့ လျှောက်ပြောနေတာလဲ ”
“ မပြောစေချင်ရင် မင်း ငွေစကား မပြောနဲ့ လေ ၊ ကဲ ... ”
သူက မျက်ခုံးနှစ်ဖက် ပင့်ရင်း စာချုပ် ချုပ်လာပါပြီ ။ မပြောကြေးပေါ့လေ ။
“ မမဆီက ယူထားတာ ပြန်ပေးရမှာ ပဲမမ ၊ ဒါ ကျွန်တော့် မူဝါဒပဲ ”
“ ဪ ... တော်တော် ၊ မူဝါဒတွေ ဘာတွေသုံးလို့ ပါလား ၊ ကောင်းပြီ ၊ ဒီမှာ ငါ့ မူဝါဒကလည်း ရှင်းပါတယ် ၊ လုံးဝ ပြန်မယူဘူး ၊ မင်း ငါပြောသမျှ မလိုက်နာသရွေ့ လုံးဝလုံးဝပဲ ”
“ ဒါတော့ သူတို့ ကို မမ ထက် အရင် ခင်လာတာ ၊ ကျွန်တော် ကတိ မဖျက်နိုင်ဘူး ”
“ ဟင် .... ”
ငိုတော့မယ် ၊ ငိုတော့မယ် ။ ဟော ... ပြောရင်း ဟင့်ကနဲ ရှိုက်ပါပြီ ။ လက်ဦးသွားပြီ ကိုယ့်လူရေ ၊ ဘေးနားက ဝိုင်းတွေကလည်း ကြည့်ကုန်ပြီ ။ အကြောင်းသိတဲ့ ကောင်တာက ကောင်မလေးက မချိပြုံးလေး ပြုံးပြတယ် ။ ရှင့် တိုက်ပွဲ စပြီလားပေါ့လေ ၊ သူတို့က မြင်ဖူးနေကျ ဆိုတော့ ရိုးသွားပြီ ။ ခဏနေရင် ကျွန်တော် ရေနွေးထ ယူမယ် ၊ ဆေးလိပ် ဖွာမယ် ၊ မမ နှပ်တွေဘာတွေ ညှစ်မယ် ၊ တစ်ရှူး ထုတ်သုံးမယ် ၊ ဒီလိုတိုက်ပွဲကြီးမှာ အကြောင်း သိတွေလည်း သူ့အခန်းနဲ့ သူ ပါလာရမယ် မဟုတ်လား ။ ကိုယ့် လူတို့ ရေ ... ကိုယ့်ထက် ဆယ်နှစ်လောက် ကြီးတဲ့ လှကညာတစ်ပါးကို ဆက်နွယ်ပတ်သက်မယ်များ ကြံရင် ပန်းဆိုးတန်းလမ်းမကြီးပေါ်က J'DONUTS ဆိုင်မှာ မောင်မိုးအောင် ရဲ့ ချစ်ဒုက္ခကို အရင် လာကြည့်ပြီးမှ ပတ်သက်ကြပါလို့ အော်လိုက်ချင်တော့တယ် ။ ဒုက္ခ ရောက်လိုက်ပုံကတော့ ပြောမနေပါနဲ့တော့ ။ နောင် ရာဇဝင်သမိုင်းဆရာတွေ အချစ်အကြောင်း ရေးရင် ကျွန်တော့် ပြဿနာတွေလည်း ကောက်ချက်ချချင် ချနိုင်ပါရဲ့ ။
ရာဇဝင် ဆိုလို့ ပြောရဦးမယ် ။ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းထဲမှာ ဆရာနိုင်ပန်းလှ ရေးထားတဲ့ မိန်းမအို တစ်ယောက်ရဲ့ ချစ်ဒုက္ခကို သွားသတိရမိတယ် ။ အချစ်စိတ်တွေ လွန်ကဲပြီး သားအရွယ် ဘုရင်ကို နန်းတင်ချင်ဇောနဲ့ ရာဇဓိရာဇ်မင်းလောင်းကို နို့တိုက်မိခင်မေတ္တာတွေ ဖယ်ပြီး လုပ်ကြံသ,တ်ဖြတ်ခိုင်းတော့တယ် ။ ရာဇဓိရာဇ် ပဲခူးကို ရှောင်တိမ်းပြီး ပြန်တိုက်လို့ မွန်ထီးနန်းကို သိမ်းရင်း ရာဇဝင်မှာ ကျော်ကြားတဲ့ မင်းတစ်ပါး ဖြစ်လာခဲ့ရတယ် ။ အချစ်စိတ်ဟာ သိပ်ကြောက်ဖို့ ကောင်းနေပါရော့လား ။
ကျွန်တော် ဆိုလိုချင်တာက အသက်ကြီးလာတဲ့ မိန်းမတွေ ချစ်သွေးကြွပြီ ဆိုရင် စစ်ပွဲတွေတောင် နွှဲရတယ် ။ ဒါကြောင့် မမ ခမျာ တင်မြရီ တို့ကို အမုန်းကြီး မုန်းတာ ၊ ဘာဟုတ်သေးလဲ ၊ မုန်းပါစေပေါ့ဗျာ ။ ကျွန်တော် သူ့ကို မှားနေပြီလို့ မထောက်ပြတော့ဘူး ။ မှားတယ်လို့ ပြောရင် မိန်းမတွေက ဘယ်တုန်းက ဝန်ခံဖူးလို့လဲ ။ စစ်ပွဲ မကလို့ စကြဝဠာကြီးကို မီးလောင်တိုက်သွင်း ပစ်ခဲ့ရစေဦးတော့ ၊ မိန်းမတွေဟာ ဘယ်တော့မှ မမှားဘူးလို့ လက်ကိုင်ပြုလျက်ပဲ ။
“ ငါလေ နည်းနည်းများ ပြန်ချစ်လာမလားလို့ အချိန်ယူပြီး စောင့်ခဲ့တယ် ၊ နင် ငါ့ကိုချစ်တဲ့ မျက်လုံးနဲ့ တစ်ခါလောက် ကြည့်ပါလား မိုးအောင်ရယ် ၊ ချစ်တဲ့စိတ်နဲ့ တစ်ခါလောက် ချိုချိုသာသာ ပြောကြည့်ပါလား ။ ငါ ဖွင့်မပြောဘူးလို့ နေတာ ကြာလှပြီ ၊ နင်များ သိတတ်လာမလား ၊ နားလည် လာမလားလို့ ငါစောင့်ခဲ့တယ် ၊ အခု ငါက မိန်းမရိုင်းကြီး ဖြစ်ပြီ ၊ ဟင် .. ဟုတ်တယ် မဟုတ်လား ၊ အေးပါ မိုးအောင်ရယ် ၊ ရိုင်းတယ်ပဲ ထင်ထင် ၊ နင့်ကို ဘယ်မိန်းမနဲ့ မှ သဘော မတူနိုင်ဘူး ၊ ငါ့လောက် ဘယ်မိန်းမမှ နင့်ကို ချစ်မှာ မဟုတ်ဘူး ၊ နင့်ကို ချစ်မယ့် မိန်းမတွေ ခေါ်ခဲ့စမ်းပါ ၊ ငါနဲ့ တွေ့ ပေးစမ်းပါ ”
“ နေပါဦး ၊ ကျွန်တော်က ဘယ်သူနဲ့ ဘာတွေ ဖြစ်နေလို့လဲ ”
ဆင်ခြေ ပေးရပြီဗျ ။ သူ တကယ် ပြောလာပြီ ဆိုတော့ ကိုယ့်အပြစ် ကိုယ် လွတ်အောင် လုပ်ရတော့တယ် ။ ဒါက ပုရိသအဋ္ဌာရသ မဟုတ်လား ။
“ ဒါကတော့ နင့်ကိုယ်နင် အသိဆုံးပါ ၊ နင်နဲ့ ပတ်သက်တဲ့ ကောင်မတွေကို နင် ဒီလောက် ဂရုစိုက်နေတာ လက်တွေ့ပဲဟာ ၊ သူတို့ ကရော နင်မှ နင် ဘာကြောင့်ဖြစ်နေရတာလဲ ”
“ သိပ်ဖြောင့်လို့ ပေါ့ဗျာ ” လို့ စိတ်ထဲက ပြောမိတယ် ။ ပါးစပ် ကတော့ ...
“ ကျွန်တော် အားလုံးကို မောင်နှမသားချင်းလို သဘောထားတယ် ၊ မမ ကိုလည်း အတူတူပဲ ”
“ ဪ ... ငါ့ကို နင့်ဟာမတွေနဲ့ အတူတူ သဘောထားတယ် ဟုတ်လား ”
“ ဟာ ... ဒါတော့ မမ ကတ်သတ်ပြောတာပဲ ၊ ကျွန်တော် ဘယ်သူနဲ့ မှ ဘာမှ မဖြစ်ဘူး ဆိုတာ ပြောပြတာပါ ”
“ ဒါဆို နင့်ကောင်မတွေက ငါ့လို နင့်ကို ချစ်တယ်လို့ ပြောတာပဲလား ဟင် ”
သူက မျက်ခုံးနှစ်ဖက် ပင့်တယ် ။ ဘာတတ်နိုင်သေးလဲ ဆိုတဲ့ သဘောပေါ့လေ ။
“ သူတို့မှာလည်း ဘယ်သူ့ကိုမှ ချစ်ကြိုက်နေဖို့ မအားပါဘူး ၊ ဝမ်းစာရှာနေရတာ ”
“ ဟုတ်ပါ့ ၊ ငါက အားအားယားယား ၊ ဟွန်း ... နောက်ဆုံး ငါ့အပြစ်ပဲလေ ”
ငိုပြန်ရော တစ်ချီ ။
ကျွန်တော်လည်း သူ့ကို တရားချပါတယ် ။ အချစ်ဆိုတာ ပူလောင်တဲ့ အကြောင်း ၊ တစ်ဦးနဲ့ တစ်ဦး ပူလောင်မှုတွေကို ဖယ်ထားပြီး အေးအေးချမ်းချမ်း နေသွားကြရင်လာမယ့် တူးသောင်စင် မှာ ပျော်ရွှင်ကြမှာ ဖြစ်တဲ့ အကြောင်း ၊ ကျွန်တော် လူအားလုံးကို မေတ္တာစေတနာ အပြည့် ထားကြောင်း ၊ ကျွန်တော့်ကြောင့် ခုလို ပူပင်သောကရောက်နေတာမြင်တော့ များစွာ စိတ်မကောင်း ဖြစ်မိကြောင်း ၊ ကျွန်တော်ဟာ ရှေ့အဖို့ ပူလောင်မှုတွေကို ဘယ်တော့မှ မစဉ်းစားဘဲ တစ်ကိုယ်တည်းဘဝ နဲ့ နေသွားမှာ ဖြစ်တဲ့ အကြောင်း ... ။
ပြောရင်းပြောရင်းနဲ့ စိတ်ပါလာတော့ ကိုယ့်ဟာကိုယ် တယ်ဟုတ်ပါလားလို့ ထင်မိတယ် ။ သူတော်စင်ကြီးပေါ့ဗျာ ၊ ဟုတ်လား ။ ဒါမျိုးတွေက လေတည့်သွားရင် သိပ်ပြောလို့ ကောင်းတယ် မဟုတ်လား ။ ကိုယ့်ဟာ ကိုယ် အဗြဟ္မစရိယ ကျင့်နေတဲ့ သူ လိုလို ။ မေတ္တာဝါဒီကြီး လိုလို ၊ သာမန် လူ မဟုတ်တော့ သလိုလိုတောင် ခံစားလာမိတယ် ။
အဲဒီလို တရားပြလို့ ကောင်းနေတုန်း အဖျက်အမှောင့်က ဝင်လာပါ လေရော ။
ဘယ်သူ ရှိမလဲ ၊ “ ခက်ခက်ဝေ ” ပေါ့ဗျာ ။ သူက ခုတလော ပန်းဆိုးတန်းဘက်မှာ အလုပ်ဖြစ်နေသလား မသိဘူး ၊ ခဏခဏ တွေ့နေရတယ် ။ အခုလည်း ကျွန်တော့်ဆီ တည့်တည့်ဝင် လာပြီး
“ ဟဲ့ ... မိုးအောင် ၊ ဘာလာလုပ်တာလဲ ၊ ယောက္ခမကြီးကော ” တဲ့ ။
ကျွန်တော် မျက်လုံးမှိတ်ပြပြီး နှင်လွှတ်ပေမယ့် နောက်ကျသွားပြီ ။ မမ က ဆတ်ကနဲ မော့ကြည့်တယ် ။ မျက်ရည်တွေ မခမ်းသေးဘူး ။ ဒါကိုမြင်တော့မှ ...
“ ဪ ... ဆောရီးနော် ၊ ဟဲ့ ... ကန်တော်ကြီးဘက် လာခဲ့ဦး ၊ ငါ သွားမယ် ”
သူက မျက်စပစ်ရင်း ထွက်သွားပါလေပြီ ။ ယမ်းပုံတော့ မီးကျတော့မယ်ဗျို့ ။ ကျွန်တော် စားပွဲအောက်ကို မျက်လွှာချရင်း ဘာသိဘာသာ လုပ်နေတယ် ။ မမ က ကျွန်တော့်ကို ဘယ်လောက်လောင် မီးဒီဂရီရှိတဲ့ မျက်လုံးနဲ့ ကြည့်နေမယ် ဆိုတာ တွေးတောင်မ တွေးရဲဘူး ။
“ ဟွန်း ” ဆိုပြီး တိုက်ပွဲကို ပြန်စတယ် ။ ပြီးတော့မှ ...
“ ဟွန်း .. ဟွန်း .. ဟွန်း ... မိုးအောင် ... မိုးအောင် နင့်ကိုယ် နင် သူတော်ကောင်းကြီးပေါ့ ”
“ ............. ”
“ ဒီမှာ ... ဟဲ့ ငါ့ကို ကြည့်စမ်း ”
စားပွဲကိုလက်နဲ့ ပုတ်ရင်း စိန်ခေါ်နေပြီ ။ ဘယ်ကြည့်လို့ ဖြစ်မလဲဗျာ ။ စိတ်ထဲမှာ ခက်ခက်ဝေ ကိုသာ ကျိန်ဆဲနေမိတယ် ။ မြွေပွေးမ ၊ ဘာတဲ့ ၊ ယောက္ခမကြီးကော ဆိုလား ဘာလား ၊ သူနဲ့က တွေ့လိုက်တာနဲ့ ပေါက်ကရ ပြောနေကျပါ ။ အခြေအနေက ဒီလို ဖြစ်သွားပုံရတယ် ။ မမ က ခေါင်းငုံ့ပြီး ကျွန်တော် ဟောတဲ့ တရားကို နှလုံးသွင်းနေခိုက် ကျွန်တော် ကလည်း ဘာဆက် ဟောရမလဲလို့ အကြံထုတ် နေတုန်း ခက်ခက်ဝေ ကို ရုတ်တရက် တွေ့တော့ ယောင်ပြီး နှုတ်ဆက်ဖို့ အပြင် ဒီဆိုင်တွေမှာ က လူပြည့်တဲ့ အခါ နှစ်ယောက်ခုံမှာ လည်း မသိတဲ့ လူချင်း ထိုင်ကြရတာ မဟုတ်လား ။ ခက်ခက်ဝေ က ကျွန်တော် သူစိမ်းနဲ့ ထိုင်နေတယ် မှတ်ပြီး လာနောက်တာပါ ။ သူ့လည်း အပြစ် သိပ်မြင်လို့ မဖြစ်ဘူး ။ ကျွန်တော့် ကံပေါ့လေ ။
“ နင့်ကို ငါသ,တ်ပစ်ချင်တယ် ၊ သိလားဟင် ”
“ မမ သဘောပါ ၊ သူနဲ့ က .... ”
“ တော် ... တော်ပါတော့ ၊ တော်ပါတော့ မိုးအောင် ၊ မကြားပါရစေနဲ့တော့ ၊ နင် ဒီလိုပဲ လိမ်တော့မယ် ဆိုတာ သိပြီးသား ၊ နင့် ဗိုက်ထဲမှာ ဘယ်နှခွေ ရှိတာက အစ ငါ သိတယ် ၊ နင်ဒါ တွေနဲ့ ကမြင်းနေသမျှ .. ”
“ မမ ”
“ ဘာလဲ ”
“ ကျွန်တော့်ကို မစော်ကားနဲ့ ၊ ကျွန်တော့်မှာ ဒီစိတ်တွေ မရှိဘူး ”
“ အမယ်လေး တိုးတိုး ပြောစမ်းပါ ၊ တိုးတိုး ပြောစမ်းပါ ။ နတ်ပြည်က ကြားရင် သာဓုခေါ် နေဦးမယ် ၊ နော် ၊ နင့်အကြောင်း ငါအသိဆုံး ၊ ဘာလဲ ၊ ဒါ နင်မွေးထားတာတွေလား ၊ ဟင် .... ငါ့ ငတုံးများ မှတ်နေလား ၊ နင်ဟာလေ ”
သိပ်စော်ကားလွန်းပြီ ၊ ကျွန်တော်များ ဇယ်မွေးစားတဲ့ သူတဲ့ ။
“ ကဲ ... ထင်ချင်သလို ထင် ၊ ပြောချင်သလို ပြောတော့ဗျာ ၊ ရှင်းပြလည်း အပိုပဲ ”
“ ဒါပဲပေါ့ ၊ အခု နင် ဝန်ခံပြီ မဟုတ်လား ၊ ဟွန်း ”
ပညာတတ်တဲ့ မိန်းမတွေများ သိပ်ကြောက်ဖို့ ကောင်းပါတယ် ။ ကျွန်တော့်ကို ရုန်းမရအောင် လုပ်တာဗျ ။ တက္ကစီကား မောင်းတယ် ၊ ကောင်မလေးတွေနဲ့ ရင်းနှီးနေတယ် ၊ တင်မြရီ ကို ထောင်ဝင်စာ သွားတွေ့တယ် ၊ နီလာ့ ကို ငွေကြေး ထောက်ပံ့တယ် ၊ ဒါတွေကို အကွက်ချပြီး ကျွန်တော့် ကို ဇယ်မွေးစားတယ်လို့ သူ အထင်မှားလေပြီ ။ သူတော်ကောင်းကြီးကို ပြစ်မှားလေပြီ ။
“ တော်ပါတယ် သိပ်တော်တယ် ၊ နင် သိပ်တော်တယ် မိုးအောင် ၊ ငါ နင့်ကို ချီးကျူးပါတယ် ၊ ငါ တွေ့ဖူးသမျှ ယောက်ျားတွေ ထဲမှာ ဟန်ဆောင်နိုင်ဆုံး ၊ အပြော အကောင်းဆုံး ၊ မာယာ အများဆုံးဟာ နင်ပဲ ”
အမယ်လေး ... အဖေ့ကို မတွေ့သေးလို့ ဒီစကား ပြောတာ ။ အဖေက အရှေ့တောင်အာရှမှာ ဟန်ဆောင် အကောင်းဆုံး သင်္ဘောသား တဲ့ ၊ သူ့ ကိုယ်သူ ကြားဖူးပါတယ် ။ ရုတ်တရက် သူ့စကားကို အကျကောက်ပြီး ပြောလိုက်မိသေးတယ် ။
“ မမ က ယောက်ျားတွေကို သုတေသန လုပ်နေတာလား ”
“ ဒါက ငါ့အလုပ်ပါ ၊ နင့် အလုပ် မဟုတ်ဘူး ၊ စကားဖြတ်ဖြတ် မပြောနဲ့ ”
“ ............... ”
“ ငါ နင့်ကို ဘယ်လို နားလည်ရမှာလဲ မိုးအောင် ၊ နင် မိန်းမတွေကို အငြိုးထားပြီး လှည့်စား နေတာလား ”
ကြံကြံဖန်ဖန်ဗျာ ၊ သူမို့လို့ ပြောတတ်တယ် ။
“ ဟုတ်မှာ ပါ ၊ ဟင်း .. ဟုတ်တယ် မဟုတ်လား ၊ ငါ့ကို နင် ဘာအငြိုး ရှိလို့လဲ ၊ နင်နဲ့ ပတ်သက်တဲ့ လူတစ်ယောက်ယောက် ငါ့ကြောင့် ဒုက္ခရောက်ဖူးလား ၊ ဟဲ့ ... ငါ မေးနေတယ် ”
ကျွန်တော် ခေါင်းရမ်းရင်း စိတ်ထဲမှာ ရယ်ချင်လာမိတယ် ။ စိတ်ထဲ ရှိတာသာ ပြောလိုက်ရင် သူ့စကတ်ထဘီကြီးနဲ့ ထ အုပ်မလားမသိဘူး ။ သူ့ ပုံကြီးကို ဘယ်သူက အငြိုးထားမှာလဲဗျာ ။ သူ့ဟာသူ ကုလားဖန်ထိုး ၊ သူ့ဟာသူ ဝေ ၊ သူ့ဟာသူ ကစားပြီး ရှုံးပါပြီလို့ အော်နေတာ ဟာသပဲ ။
ဒါနဲ့ သူ ပြောသွားတဲ့ စကားက ကျွန်တော်ဟာ သိပ် “ ဟော့ ” ဖြစ်နေပါရောလား ။ မိန်းမတွေကို အငြိုးထားပြီး ကစားနေတယ် ဆိုလား ဘာလား စောစောက ဘာအဓိပ္ပာယ်
“ မမ စောစောက ဘာပြောလိုက်တာလဲ ၊ ကျွန်တော် မိန်းမတွေကို ကစားတယ် ဟုတ်လား ၊ ဘာအဓိပ္ပာယ်လဲ ”
“ နင်မိန်းမတွေကို လိုက်လှည့်စားနေတာလားလို့ ပြောတာ ၊ ရှင်းပြီလား ”
“ နေပါဦး ၊ ကျွန်တော့်ကြောင့် ဘယ်မိန်းမ ကိုယ်ဝန်ဖျက်ချရဖူးလို့လဲ ”
“ နင်မမိုက်ရိုင်းနဲ့ နော် ၊ စကားကို ကောင်းကောင်း ပြော ၊ မမိုက်ရိုင်းနဲ့ ”
အပျိုကြီး ခမျာ ကိုယ်ဝန်စကား ကြားတာနဲ့ မျက်နှာ နီသွားတယ် ။ သူတို့ သိပ်လန့်တဲ့ စကားလုံး မဟုတ်လား ။ အပိုင်ပဲ ကိုယ့်လူရေ ...
“ ကျွန်တော် မရိုင်းပါဘူး ၊ ကျွန်တော် ဘယ်သူ့ကိုမှ ကလေးဖျက်မချခိုင်းခဲ့ဘူး ”
“ နင်နော် ... နင် ”
ဒါမျိုးကျတော့ တောင်ကြည့် မြောက်ကြည့်နဲ့ ပတ်ဝန်းကျင်ကို တော်တော် ဂရုစိုက်တယ် ။ သူ့ အနားတစ်ဝိုက်မှာ ကိုယ်ဝန်တို့ ၊ ကလေးဖျက်ချတာတို့ ကြားသွားတဲ့ လူရှိရင် သူ့ကို အထင်လွဲမယ် မဟုတ်လား ။
အပျိုကြီးတွေဟာ ဒါတွေနဲ့ ဝေးလေ ကောင်းလေ မဟုတ်လား ။ အပျိုကြီး “ အထာ ” ပေါ့ဗျာ ။ ဟော ... ထင်တဲ့ အတိုင်းပဲ ။ “ နင်သိပ်မိုက်ရိုင်းတယ် ” ဆိုပြီး လစ်ပါလေရော ။ ဂိတ်ရောက်ရင်တော့ ကိုမြတိုး က ဆီးပြီး ပြောတော့မယ် ။ မမက သူ့ဆီ ဖုန်းဆက်ပြီး ကျွန်တော် သူ့ကို စော်ကားလိုက်ကြောင်း ၊ လူကြားထဲ မကြားဝံ့မနာသာတွေ ပြောလွှတ်ကြောင်းတွေ လျှောက်ထားမှာ သေချာတယ် ။ ကြုံခဲ့ပေါင်း များပြီ မဟုတ်လား ။ ကျွန်တော်နဲ့ ကတောက်ကဆ ဖြစ်ပြီ ဆိုတာနဲ့ သူက ဦးအောင် အသံကောင်း ဟစ်နေကျ ။
“ ဟဲ့ ... မိုးအောင် ၊ အောင်မယ်လေး လိုက်ကြည့်နေလိုက်တာ ။ ဟိုက ဘူတာကြီးတောင် ရောက်တော့မယ် ၊ ကားငှားပြီး ထွက်သွားပြီဟဲ့ ၊ ဒါနဲ့ နေစမ်းပါဦး ၊ အဲဒီ အဘွားကြီးက ဘယ်သူလဲ ၊ ငါ တစ်ချိန်လုံး ကြည့်နေတာ ၊ နင့်ကို တော်တော် နိုင်ပုံရတယ် ၊ ဝတ်စားထားတာတော့ မိုက်တယ်နော် ၊ ဟီဟိ ”
“ သွားစမ်းပါဟာ ၊ နင် လုပ်လို့ တော်တော်ပြဿနာ တက်သွားတယ် ၊ နင်ကော ဘာလာလုပ်တာလဲ ၊ သတိလည်း ထားဦးနော် ။ စီမံချက် ရှိတယ် ”
“ ဟုတ်တယ်ဟေ့ ၊ ဟိုဘက်မှာ လမ်းတောင် လျှောက်ဖို့တောင် မလွယ်လို့ ဒီဘက် ရွှေ့လာတာ ၊ ဒီမှာ အလုပ် မဖြစ်ပါဘူးဟာ ၊ ဟဲ့ ငါ့ကို ရုပ်ရှင်လိုက်ပြဟယ် ”
“ ဘာကားလဲ ”
“ ကုလားကား ကြည့်မယ်လေ ၊ နင်ရော ”
“ နင့်ဘာသာ ကြည့် ၊ ရော့ ... ငါ ကားဆွဲရဦးမယ် ၊ နင်လည်း သတိထားဦးနော် ”
ခက်ခက်ဝေ က ကျွန်တော် ပေးတဲ့ တစ်ထောင်တန်ကို ခေါက်ထည့်ပြီး ဆီချက်ဖိုးပါ ရပြီ ၊ ကျေးဇူးပဲ ဆိုပြီး ထွက်သွားပါတော့တယ် ။ ကျွန်တော်က ဒီလိုပဲ ။ သူတို့ကို ဆိုရင် တွေ့တာနဲ့ ကျွေးချင် ၊ မွေးချင် ၊ ပေးချင် ၊ ကမ်းချင် နေရော ။ အင်း .... ဂိတ်ရောက်ရင်တော့ ကိုမြတိုး နဲ့ ပြောရဆိုရဦးတော့မယ် ။ ကျွန်တော့်မှာ လူဆိုးကြီးကို ဖြစ်လို့ ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

No comments:
Post a Comment