❝ အိမ်ထောင်ဦး ❞
( မဏိစိန် )
အခန်း - ၁
စာရေးမောင်မြင့် ။ ။ မစောမြ သည်ယနေ့ ရုံးကို စောစော သွားရလိမ့်မယ် ၊ ထမင်း ပြင်ပေတော့ကွယ် ဆို၍ မျက်နှာထားနှင့် ခပ်မှန်မှန် နေတတ်သော ၊ ပဲခူးမြို့အရေးပိုင်ရုံးတွင် စာရေးအဖြစ်နှင့် လုပ်ကိုင်နေသော မောင်ဘမြင့်သည် မိမိ ဇနီးသည်အား များစွာ အရေးမယူသလို သဏ္ဌာန်ဖြင့် ခပ်မှန်မှန် ပေါင်းသင်းနေထိုင်လေ့ရှိ၏ ။ မယားဖြစ်သူ မစောမြ မှာ ကာလသမီး ဖြစ်၍ သွားအတူ လာအတူ ရုပ်ရှင်ကြည့်ခြင်း ၊ ပွဲလမ်းသဘင် ပွဲသွားခြင်းတို့၌ နှစ်သက်မည် ဖြစ်၍ ဣန္ဒြေကြီးရင့်သော မောင်ဘမြင့် အား တစ်ခါတစ်ရံ၌ ပေါင်းသင်းနေရန် များစွာ စိတ်ပျက်ခဲ့၏ ။ ၎င်းပြင် မောင်ဘမြင့်သည် တစ်လ လျှင် ၁၅ဝိ မျှ ရသော်လည်း မိမိ မယားအား တစ်နေ့လျှင် အိမ်သုံးစရိတ် ၁ိ မျှ သာ ပေးသဖြင့် မစောမြသည် ချုပ်ချယ်စွာ သုံးစွဲရ၍ လခထဲမှ ကျန်သော ငွေများကို မအပ်သောကြောင့် အခြား မယားငယ် ထားရှိသည် ဟူ၍ စိတ်၌ စွဲမြဲထားရှိလေ၏ ။
အခန်း - ၂
စာတိုက်အင်စပက်တော် မောင်တင့် ။ ။ လှရေသည်ယနေ့ဗန္ဓုလ ရုပ်ရှင်က ချစ်တဲ့သူရယ် ကားကို ပြမလို့တဲ့ ၊ ထမင်းစောစော စားပြီး သွားကြစို့ရဲ့နော် ဟု ကြည်လင်ရွှင်ပျသော မျက်နှာဖြင့် မိမိ၏ ဇနီးသည် မစောလှ အား ပြောလိုက်ရာ မစောလှ သည် ပြည့်ဖောင်းစင်ကြယ်သော ကိုယ်ကို နွဲ့ပြီး အခန်းထဲမှ ထွက်လာပြီးလျှင် ထမင်းပွဲကိုပြင်၍ အတူတူ စားသောက်ကြလေ၏ ။ မစောလှ သူငယ်မမှာ အခြားသူ မဟုတ် ၊ အခန်း - ၁ က မစောမြ ၏ ညီမပင် ဖြစ်သည် ။ မစောမြ သည် ၁၉ နှစ် အရွယ်က အိမ်ထောင်ပြုပြီးနောက် ၊ နောက်တစ်နှစ်တွင် စာတိုက်နယ်လှည့် အင်စပက်တော် မောင်တင့် နှင့် အိမ်ထောင်ပြုကြရာ တစ်နှစ်ကြာမြင့်သော်လည်း အိမ်ထောင်ပြုကာစ လင်မယားကဲ့သို့ တစ်ယောက်နှင့် တစ်ယောက်အား ချစ်လို့ အားမရ ၊ နေ့ တတိုးတိုး ၊ ည တတိုးတိုးနှင့် ကနွဲ့ကလျ ပျော်ရွှင်စွာ သုံးစွဲစားသောက်နေထိုင်ကြလေ၏ ။
မစောလှ ။ ။ ကိုကိုတင့် ကလည်း ရုံးမသွားခင်က ပြောမသွားဘူး ၊ ယခုမှ ပြောတယ် ၊ ဆံထုံးထုံးလို့ ပြီးမှာ မဟုတ်ဘူး ၊ သူ့အကျင့်က သည်လိုချည်းပဲ ၊ လှတော့ မလိုက်တော့ဘူး ဆို၍ မျက်နှာ စူစူဆောင့်ဆောင့် ပြောလိုက် ရာတွင်
တင့် ။ ။ လှ ကလည်းကွယ် အကျိုးအကြောင်း ကိုတော့ မေးမကြည့်ဘဲနှင့် ၊ စိတ်ဆိုးတာချည်းပဲ ၊ အခုညနေမှ ကြော်ငြာစာကို ရလို့ ကပျာကယာ ရုံးက ဆင်းပြီး ပြေးလာခဲ့ရတာ ၊ ရော့ ကြော်ငြာစာကို ဖတ်ကြည့်စမ်းတော့ ဆို၍ ပေးလိုက်ရာ မစောလှသည် ယူ၍ ဖတ်နေတုန်း သဘောကျသော အခန်းကို တွေ့ရှိ၍ မျက်နှာရွှင်လန်းလာလေ၏ ။
တင့် ။ ။ ကဲ မြင်ပလား ၊ သည်ယနေ့မှာ ကြော်ငြာပြီး သည်ယနေ့မှာပဲ ပြမှာကွ ၊ မစိတ်ဆိုးမြန်ကြီးရဲ့ ဆို၍ ပါးကို လိမ်ဆွဲလိုက်လေ၏ ။
လှ ။ ။ ကြည့်စမ်းပါဦး ၊ ပေါင်ဒါမှုန့် လိမ်းထားတာ ပျက်ကုန်ပြန်ပြီ ၊ ကဲ .... လုပ်ဦး ဆို၍ လက်နှင့် ရိုက်မည်ဟု ရွယ်လိုက်ရာ မောင်တင့် သည် ဟေ့ .. တကယ်ရိုက်မိတယ် ၊ တကယ်ရိုက်မိတယ် ဆို၍ လက်ညှိုးနှင့် ထိုး၍ အိမ် နောက်သို့ ထွက်ပြေးပြီး ချောင်တစ်ခု၌ ပုန်းနေပြီးနောက် တူတူး ဟု အော်လိုက် လေ၏ ။ မစောလှ သည် နောက်မှ လိုက်လာ၍ မောင်တင့် ပုန်းသော နေရာကို လိုက်ရှာရာ မတွေ့သဖြင့် တစ်နေရာသို့ ရှာမည်ဟု လှည့်လိုက်သည်တွင် မောင်တင့် က နောက်မှ နေ၍ မစောလှ ကို တအားကုန် ပွေ့ဖက်ပြီး မျက်နှာချင်း အပ်ပြီး အခန်းထဲသို့ ချီယူသွားလေ၏ ။
လှ ။ ။ ကိုကိုတင့် ကလည်း ဘယ့်နှယ် လုပ်မှန်းလဲ မသိဘူး ၊ သွားမယ့်ဆဲဆဲသား ပေါင်ဒါမှုန့် လူးထားတာဟာ မရှိတော့ဘူး ၊ ဟော ၆ နာရီ ထိုးပြီ ဖယ်ပါ ၊ ကဲ အင်္ကျီများဝတ်ရှင့် သွားကြစို့ရဲ့ ။
အခန်း - ၃
မယ်ခ ။ ။ ဟေ့ မယ်လှ ဟို စုံတွဲပြီး ရုပ်ရှင်ရုံက ထွက်လာတာဟာ ဘသူလဲ အေ ။
မယ်လှ ။ ။ မသိဘူးလားအေ ၊ စာတိုက်အင်စပက်တော် မောင်တင့် တဲ့ ၊ မျက်နှာကလေး သနားကမားနှင့် ၊ မျက်နှာကို သုနက္ခာ ရက်တော့မတိုင်း ၊ ပြုံးပြုံး ၊ ပြုံးပြုံးနှင့် မြာတွေကို ကျုံးပြီး ရသလောက် ယူတဲ့ အကောင် ၊ အခု သူ့ဟာမကလေးကတော့ သေလွန်သူ လှေသူကြီးဦးဘိုးမြရဲ့ သမီးပေါ့ ၊ တစ်ယောက် အကြီးကတော့ ရုံးစာရေး ဘမြင့်ရဲ့ မယားပေါ့ ၊ ညည်းက သွားရည် ကျလို့ မေးတာလားအေ့ ။
မယ်ခ ။ ။ ညည်းက ပြောလိုက်မှဖြင့် ဒီလိုချည်းပဲ ၊ မေးတာက တခြား မဟုတ်ဘူးအေ့ ၊ ဟိုတစ်နေ့က သနပ်ပင်လမ်းကို လျှောက်ပြီး မော်တော်ကားထဲမှာ မိန်းမ နှစ်ယောက်နဲ့ မောင်းသွားတာ မြင်ရလို့ ဘယ်သူလဲလို့ မေးတာပါ ။
မယ်လှ ။ ။ သူ့ဟာတွေပေါ့အေ့ ၊ အပြင်မှာတော့ ဖာလိုက် ၊ အိမ်က မြာကိုတော့ ၊ အိမ်ကျတော့ ခရာလိုက်ပေါ့အေ့ ။
အခန်း - ၄
ညီအစ်မနှစ်ယောက်တို့သည် စာရေးမောင်ဘမြင့် မရှိသည့်အခိုက် တွေ့ဆုံကြရာ တစ်နေ့သောအခါ ။
မစောလှ ။ ။ မမရယ် ၊ မမကို ကြည့်ရတာ ၊ စိတ်မကောင်းပါဘူး ၊ ကိုဘမြင့် ဟာ အစက တော်လိမ့်မယ် ထင်တယ် ၊ ယခုတော့ တယ်ဆိုးပါကလား ၊ ကျွန်မတို့ဟာကတော့ ကောင်းလိုက်တာ မပြောနဲ့တော့ ၊ ၁၅ိ တန် အဝတ်ကို ဝတ်ချင်ပါတယ် ပြောလိုက်ရင်ပဲ ၂၅ိ တန်လောက် ဝယ်လာတယ် ၊ ဘယ်ကို သွားချင်ပါတယ်ဆိုရင် သူ့ကိုယ်တိုင် လိုက်ပို့ရှာတယ် ၊ အခုတော့ မမတို့များ ကျွန်သပေါက်မ ဖြစ်နေတာပဲ ။
မစောမြ ။ ။ မမ ဖြင့် မပြောချင်တော့ပါဘူး ၊ ဒီလူကို ယူရတာ အပုံကြီး မှားတာပဲ ၊ တစ်လင်က နှစ်လင် မပြောင်းချင်လို့သာ အောင့်အည်းပြီး နေရတယ် ။
မစောလှ ။ ။ မမရယ် ဘယ်တတ်နိုင်တော့မလဲ ၊ လင်ဆိုတာ အိမ်ငှား နေသလိုပေါ့ ၊ မကောင်းရင် ပြောင်းတန်ပြောင်းရတာပေါ့ ။
ဤကဲ့သို့ ညီအစ်မ နှစ်ယောက်တို့သည် အဆိုး ၊ အကောင်း စကားတို့ကို ပြောဆိုပြီးနောက် ၄ နာရီ ထိုးချိန်တွင် မစောလှသည် မိမိအိမ်သို့ ပြန်သွားလေ၏ ။
အခန်း - ၅
စာရေး မောင်ဘမြင့်သည် ရွှင်ပျသော မျက်နှာဖြင့် ရုံးမှ ဆင်း၍ အိမ်သို့ ရောက်သောအခါ ခါတိုင်း မခေါ်ဘူး ၊ မပြောဘူးသော မြရေ ၊ လာပါဦး ၊ ဟင်း ချက်ပုံက ကောင်းလိုက်တာ ၊ ထမင်းစားလို့ မြိန်လိုက်တာ ဟူသော စကားတို့ ကို အသုံးပြုသည်ကို မစောမြ ကြားရလေသည် ။ သည်ကနေ့ မိမိလင်သည် အရက်ကို သောက်လာထင်ပါရဲ့ ၊ တော်တော်ကြာ ဒေါသထွက်ပြီး ငါ့ကို ကြိမ်းမောင်းလိမ့်မယ်ဟူသော စိတ်ဖြင့် မျက်နှာ မကောင်းဘဲရှိလေ၏ ။
မောင်ဘမြင့်သည် ထမင်းစားပြီးနောက် ည ၇ နာရီအချိန် လသာသာ၌ အိမ်ရှေ့ဝင်း ပန်းခြံထဲရှိ ကုလားထိုင်ရှည် တစ်ခုပေါ်တွင် ထိုင်လျက် “ မြရေ ၊ ဆေးလိပ် တစ်လိပ် အိတ်ထဲက နှိုက်ယူခဲ့စမ်းပါ ” ဟု ပြောလိုက်သဖြင့် မစောမြသည် လာ၍ ဆေးလိပ်ကို လှမ်းပေးလိုက်ရာ ဘမြင့်သည် ဆေးလိပ်ကို မယူသေးဘဲ မစောမြ၏ လက်ကို လှမ်းဆွဲ လိုက်ပြီးနောက်...
ဘမြင့် ။ ။ သည်အနားမှာ ထိုင်ပါဦး မြရဲ့ ၊ ကိုမြင့် ကို မချစ်လို့လား ၊ လက်က ဘာတုန်း ဖယ်စမ်းပါဦး ။
မြ ။ ။ သနားပါ ကိုကိုမြင့်ရယ် ၊ ကျွန်မ ဘာလုပ်လို့တုန်း ၊ လွှတ်ပါ ။
ဘမြင့် ။ ။ ( ရယ်လျက် ) ခက်နေပါပြီ ၊ မြကို ဘာမှ မလုပ်ပါဘူး ၊ လာပါ ဆို၍ ရင်ခွင်ထဲသို့ ထည့်သွင်း ထားပြီးလျှင် ကြည်လင်တောက်ပသော မျက်စိဖြင့် မစောမြ၏ မျက်နှာကို ကြည့်၍နေ၏ ။
မြ ။ ။ ကိုကိုမြင့် ဘာပြုလာရတာတုန်း ၊ အခုမှ လူများကို အရော ဝင်တာဟာ ဘုရားများပွ င့်ချင်လို့လား မပြောတတ်ဘူး ၊ စိတ်များ နောက်သလား ။
မြင့် ။ ။ မြ က မသိသေးဘဲကိုး ၊ အခု ကိုကိုမြင့် ဟာ မြို့အုပ်စာမေးပွဲ ဝင်တာ အောင်လာပြီ ၊ ဒီ ၁ဝ ရက်အတွင်းမှာ မိတ္ထီလာမြို့ သွားပြီး အလုပ် တစ်နှစ် သင်ရမယ် ။ မြကို ပွတ်ပွတ်သပ်သပ် မလုပ်တာဟာ အခြားကြောင့် မဟုတ်ဘူး ။ ပညာကြောင့်ပေါ့ ၊ သည့်ပြင် မြကို အိမ်သုံးစရိတ် ၁ိ သာ ပေးခြင်း မှာတော့ မြကို ပြရဦးမှာပေါ့ ဆို၍ စောမြ၏ လက်ကိုဆွဲလျက် အိမ်ပေါ်သို့ တက်သွားကြလေ၏ ။
မြင့် ။ ။ ကြည့်စမ်းမြ ၊ ဒီဟာဘာလဲ ၊ စိန်နားကပ်အစစ် မဟုတ်လား ။
မြ ။ ။ အောင်မယ် ပြစမ်း ၊ အရည်ကောင်းလိုက်တာ ၊ မြနှင့် သိပ် တော်မှာပဲနော် ၊ တယ်ပြီး လိမ္မာတဲ့ ကျွန်မ ယောက်ျားရှင့် ဆို၍ မိမိ လက်ဖြင့် မောင်ဘမြင့်၏ လည်ပင်းကို ဖက်လိုက်လေ၏ ။
မောင်ဘမြင့်သည် မစောမြအား မိမိ ရင်ခွင်ထဲ၌ ထားပြီးလျှင် အမျိုးသော အချစ်ပန်းကို ပန်ဆင်ပြီးလျှင် နောက်တစ်နေ့၌ ပြုလုပ်ဖွယ်ရာ အလုပ်များကို ပြင်ဆင်ပြီးနောက် များမကြာမီ မိတ္ထီလာမြို့သို့ ပြောင်းရွှေ့သွားကြလေ၏ ။
အခန်း - ၆
စာတိုက် စာရေး တစ်ယောက် ။ ။ စာတိုက် အင်စပက်တော် အိမ်သို့ လာ၍
အဒေါ်ကြီး အင်စပက်တော်မင်းတို့ ဇနီးခင်ပွန်း နှစ်ယောက် သနပ်ပင် သွားကြတာ မပြန်လာကြသေးဘူးလား ခင်ဗျာ ၊ ယခု ကျွန်တော်တို့ စာတိုက် ဗိုလ်က တွေ့ချင်လို့ပါတဲ့ ။
မစောလှသည် အခန်းတွင်းမှ ရုတ်တရက် ထွက်လာပြီးလျှင်
ကိုမောင်တင့် တစ်ယောက်တည်းသာ သနပ်ပင်ရွာကို သွားပါတယ် ၊ ကျွန်မ မလိုက်ပါဘူး ၊ စာတိုက်ဗိုလ်ကို မရောက်သေးဘူးလို့ ပြောလိုက်ပါ ။
စာတိုက်စာရေး ။ ။ ဩော် တစ်နေ့က ကျွန်တော် မော်တော်ကား ထဲမှာ မြင်လိုက်တာ မမလေး မှတ်လို့ ၊ လက်စသပ်တော့ မမ မဟုတ်ဘဲကိုး ၊ ဒါဖြင့် စာတိုက်ဗိုလ်ကို မရောက်သေးဘူးလို့ ပြောလိုက်ပါ့မယ် ဆို၍ ထွက်သွားလေ၏ ။
မစောလှသည် မော်တော်ကားထဲမှာ မြင်လိုက်တာ မမလေး မှတ်လို့ ပြောလိုက်သည့် စကားကို တွေးမိတိုင်း မချိမဆံ့ ဖြစ်သွားပြီးလျှင် တိုင်ပင်ရန် အစ်မ ဖြစ်သူလည်း မရှိသောကြောင့် အနီးအပါးရှိ အဖော်အလှော် မိန်းမ တစ်ယောက်ကို စရိတ်ကြေးငွေ ပေး၍ စနည်းနာ ခိုင်းလိုက်၏ ။ မိမိ မှာလည်း ကိုယ်ဝန် အရင့်အမာ ဖြစ်၍ ဒုက္ခော အပေါ်မှာ ဒုက္ခ ဆင့်မည်ကိုသာ တွေးတောတိုင်း စိတ်နှလုံး မကောင်းဖြစ်ခဲ့၏ ။
နောက်တစ်နေ့၌ ဟော ပြန်လာပြီ ဆို၍ မစောလှသည် အိမ်ခန်းထဲသို့ ဝင်သွားလေ၏ ။ မောင်တင့် သည် “ မစောလှရေ အစ်ကို ပြန်လာပြီ ” ဆို၍ အိမ်ခန်းထဲသို့ ဝင်သွားသော်လည်း ခါတိုင်းကဲ့သို့ တွတ်တီးတွတ်တာ မကြားရဘဲ ဒေါသံ ၊ မောသံ ၊ ငိုညည်းသံတို့ ကိုသာ ကြားရ၏ ။ ၎င်း ဇနီးမောင်နှံတို့မှာ အခါတိုင်းလို အချစ်သစ္စာ မနှံကြဘဲ ဒေါသစ္စာနှံနေကြသည်ကို ကြားသိရ၍ မစောလှသည် မိန်းမတို့ ဓမ္မတာအတိုင်း မွေးဖွားပြီး၍ ၆ လမြောက်တွင် မောင်တင့် မှာလည်း ခါတိုင်းထက်ပို၍ အစွမ်းမြောက် လာသဖြင့် ပြောမရနိုင် သလောက်ပင် ဖြစ်၍နေ၏ ။
အခန်း - ၇
တစ်နေ့သ၌ မောင်တင့်သည် ပဲခူးနယ် အတွက် စာတိုက်များသို့ လှည့်လည်ကြည့်ရန် ထွက်သွားရာ မစောလှသည် ၁ နှစ် သမီးကလေး တစ်ယောက်ကို ရင်ဝယ်ပိုက်လျက် အထုပ်တစ်ခုကို လက်က ဆွဲပြီးလျှင် ပဲခူးဘူတာရုံ အတွင်း၌ မန္တလေးမြို့သွား ညအမြန်ရထားကို စောင့်စား၍ နေသည်ကို တွေ့ မြင်ရ၏ ။ ထို မစောလှသည် အဘယ်ကို သွားမည်နည်း ။
အခန်း - ၈
ပညာသင် မြို့အုပ် မောင်ဘမြင့်သည် စာမေးပွဲ အောင်သဖြင့် ရမည်းသင်းမြို့သို့ ရွှေ့ပြောင်းလာရ၏ ။ ပဲခူးမြို့ရှိ ညီမထံ စာပေးပါသော်လည်း ပြန်စာ မရ ။ နောက် လကြာမြင့်မှ လူတစ်ယောက် စေလွှတ်၍ မေးခိုင်းရာ ရုတ်တရက် ပျောက်သွားကြောင်း သိရသဖြင့် အရပ်ရပ်ကို စာပေး၍ အကြောင်း ကြားထား၏ ။ တစ်နေ့သ၌ မြို့အုပ်ဦးဘမြင့် နှင့် မစောမြ တို့သည် တစ်နှစ်မြောက် ဖြစ်သော သားတစ်ယောက်ကို နောက်ပါ မိန်းမတစ်ယောက် ကို ချီစေ၍ အဖော်အသင်း နောက်ပါတို့နှင့် ဝမ်းတွင်းတောရ ရှိ သီလရင်တို့အား လှူဒါန်းရန် ဝတ္ထုတို့ကို ယူဆောင်၍ လှည်းဖြင့် လာခဲ့ကြလေ၏ ။
သီလရင် ဇရပ်တစ်ဆောင်က သုသဒ္ဓမ္မဂဏုတ္တမံ အဘိဝါဒိယ ဘာသိဿံ ဟူသော သင်္ဂြိုဟ်စာကို ချိုသာသော အသံဖြင့် ရွတ်ဖတ်နေသော အသံကို ကြားရသဖြင့် မစောမြသည် အလျင်အမြန် ဇရပ်ပေါ်သို့ တက်ကြည့်ရာ ရွတ်ဖတ်နေသော သီလရင်ကို မြင်ရသဖြင့် အမယ်လေး ညီမရဲ့ ဆို၍ ပြေး၍ ပခုံးကို ဖက်ထားလေ၏ ။ မြို့အုပ်မင်းတို့ လူတစ်စုသည် သီလရင် တစ်ပါးကို ချန်၍ ကျန်သီလရင်တို့အား အလှူဝတ္ထုများ လှူဒါန်း၍ ဆူဆူညံညံနှင့် ရမည်းသင်းမြို့သို့ ပြန်လာကြရာ ၎င်းတို့ထဲတွင် ကလေးတစ်ယောက် နှင့် အဝတ်ဖြူ ဝတ်ထားသော သီလရင်တစ်ပါး ပါရှိ၏ ။
မြို့အုပ် ဦးဘမြင့် နှင့် မစောမြ ဇနီးမောင်နှံတို့သည် ည ၈ နာရီ အချိန်၌ အိမ်ရှေ့ပန်းခြံထဲတွင် နှစ်ဦး ယှဉ်ပြိုင်လျက် စကားပြောနေရာမှ
မြ ။ ။ ကိုကိုမြင့် ဟာ တော်တော် ဆန်းတဲ့ လူပဲနော် ။
မြင့် ။ ။ ဘာလဲ မြရဲ့ ၊ ပြောစမ်းပါဦး ဆို၍ မိမိရင်ခွင်သို့ ပွေ့ယူပြီးလျှင် လည်ပင်းကို ကလိလျက် မေးလေ၏ ။
မြ ။ ။ ဘာရမလဲ ၊ သူများမှာတော့ အိမ်ထောင်ကျစ ဆိုရင် မယားကို မြူကာ ချော့ကာနှင့် ကျီစယ်ကြတယ် ။ သူ့မှာတော့ သည်လို မဟုတ်ပေါင် ။ တေမိမင်းသားလို လုပ်ပြီး မယားကို စကားပြောချင်မှ ပြောတာ ၊ ယခုသား တစ်ယောက် ရပြီးမှ သူများမယား ရစထက် ကဲပြီး ချစ်နေလိုက်တာ လွန်တောင် အားကြီးသေးတယ် ။
မြင့် ။ ။ ဪ .... မြက အကြောင်းကို နားမလည်သေးဘူး ၊ သည်လိုသာ မယားကို ညုနေရင် ဟောသည်လို စိန်နားကပ်ကြီး ၊ ဟောသည်လို မြို့အုပ်ကတော် ဖြစ်ပါ့မလား ဆို၍ ကြာဝတ်ဆံပေါ်ကို ပျားပိတုန်း နားသလို မြ၏ မျက်နှာပေါ်သို့ ထပ်ကာထပ်ကာ ပျံဝဲလျက်ရှိ၏ ။
မြ ။ ။ ကြည့်ပါလား အိမ်ပေါ်က လူတွေ မြင်ကုန်ပါ့မယ် ၊ ဖယ်ပါ ၊ လူကြီးတန်မယ့်နဲ့ မရှက်ဘူးလား ။
ဤကဲ့သို့ ပြောဆိုနေတုန်း အိမ်ပေါ်မှ ကလေးငိုနေရာ အချစ်ပြန်ပေါင်း ဇာတ်ကို သိမ်း၍ လက်တွဲပြီးလျှင် မီးရောင်တွင် ယှဉ်ပြိုင်လျှောက်လာသည်ကို အိမ်ပေါ်မှ သီလရင်လူထွက် မစောလှ က မြင်ရာ ငါသည် အိမ်ထောင်ကျစ ချစ်တုန်းအခါက အချစ်ကို ခိုလှုံ၍ ပျားပိတုန်းကဲ့သို့ ပျော်ရွှင်စွာ နေခြင်းဟာ အမှားကြီး မှားလေစွ ၊ သုံးမိဖြုန်းမိ ပျော်လုံးမိခြင်းသည် အဆုံး၌ ဒုက္ခနှင့် တွေ့ရှိရပါကလား ဆို၍ ယခင်အခါက အစ်မ ဖြစ်သူအား အထင်သေး ပြီးလျှင် ပြောဆိုမိသမျှကို နောင်တရ၍ ပါးပေါ်သို့ မျက်ရည်ပေါက်များ ကျလာသည်ကို ဝတ္ထုရေးသူ ကျွန်ုပ်သည် ဝမ်းနည်းပက်လက် ရှိသဖြင့် တိုတိုနှင့် ဤဇာတ်ကို သိမ်းလိုက်ရသောဟူ ။
▢ မဏိစိန်
📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

No comments:
Post a Comment