Friday, October 10, 2025

ပထမတန်း လက်ဝှေ့ကျော် ဖိုးကေ


 

❝ ပထမတန်း လက်ဝှေ့ကျော် ဖိုးကေ ❞

[ ရဲဇာနည်လမ်း က ဖိုးကေတို့ အိမ်ကို ကျွန်တော် ရောက်သွားတော့ ညနေ ၃းဝဝ နာရီ ။ ဖိုးကေ လေ့ကျင့်ခန်း လုပ်နေတဲ့ အချိန် ။

သံပုံးတစ်ပုံးရဲ့ ကိုင်းကို ကြိုးချည် ၊ ကြိုးကို သွားနဲ့ကိုက်ပြီး သံပုံးကို မြှောက်ချည်ချချည် လုပ်နေတယ် ။ သူ့ဖခင်လည်းဖြစ် လေ့ကျင့်ရေးဆရာလည်းဖြစ်တဲ့ ဦးအောင်မြင့် က ဘေးမှာ ရပ်ကြည့်နေတယ် ။

ဖိုးကေ လေ့ကျင့်ခန်း လုပ်တာ ခဏနားတဲ့ အချိန်မှာ သူ့သွားနဲ့ ကိုက်ချီတဲ့ သံပုံးကို ကျွန်တော်က လက်နဲ့ မကြည့်တယ် ။ ပုံးထဲမှာ ဝိတ်ပြားတွေ ထည့်ထားတာ ၊ ပိဿာချိန် ၃ဝ လောက်ရှိမယ် ။ ဒီလေ့ကျင့်ခန်းက လည်ပင်း ဘေးနှစ်ဖက်က ကြွက်သားတွေ သန်မာစေသတဲ့ ။ ဖိုးကေ က သူ့ လည်ပင်းကြွက်သားတွေကို ကိုင်ကြည့်ခိုင်းတယ် ။ ရာဘာတုံးကြီးတွေလိုပဲ မာကျောလိုက်တာ ။

ဖိုးကေ က အသက် ၁၉ နှစ်ပဲ ရှိသေးပေမဲ့ ပထမတန်း မြန်မာ့လက်ဝှေ့ကျော် ဖြစ်နေပြီ ။ မြန်မာနိုင်ငံထဲ မှာတော့ ဘက်တူရင် လူမရွေးဘူး ဆိုတဲ့ ထိပ်တန်း အဆင့်ကို ရောက်နေပြီ ။ အိမ်နီးချင်း ထိုင်းနိုင်ငံက လက်ဝှေ့ကျော်တွေနဲ့ စိန်ခေါ် ထိုးသတ်နေပြီ ။ နိုင်ငံတကာလက်ဝှေ့သမားအဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေလှမ်းပြင်နေပြီ ။

လက်ဝှေ့ဟာ အားကစား ဆိုပေမဲ့ ကြိုးဝိုင်းထဲမှာပဲ အသက်ဆုံးသွားနိုင်တယ် ။

ဖိုးကေတို့ အိမ်မှာ သူ့အဖေ ၊ အမေ ၊ နှမလေးတွေကို ကျွန်တော် တွေ့ခဲ့တယ် ။ ဖိုးကေရဲ့အမေ ဒေါ်မိမိမော် ကိုလည်း တွေ့ရတယ် ။ သူ့အသက် ကိုယ့်အသက် လောင်းကြေး ထပ်ပြီး ထိုးသ,တ်နေတဲ့ လက်ဝှေ့သမား တစ်ယောက်ရဲ့ မိခင် ဘယ်လို ခံစားသလဲ မေးကြည့်တယ် ။

ဒေါ်မိမိမော်က “ သူက ကစားပြီးတိုင်း ပွဲရုံထဲကနေ နိုင်ရင် နိုင်တယ် ၊ ရှုံးရင် ရှုံးတယ် ဖုန်းအမြဲ ဆက်တယ် ။ သူ့အသံ ကြားရမှ အိပ်ပျော်တာ ။ မွန်ပြည်နယ်ထဲ ကရင်ပြည်နယ်ထဲ တအား ဝေးတဲ့ နယ်တွေ သွားထိုးပြီး နောက်တစ်နေ့ မြို့တွေ ဘာတွေ ပြန်ရောက်မှ ဖုန်းဆက်နိုင်တယ် ။ အဲဒီ ညမျိုးဆို တစ်ညလုံး အိပ်မပျော်ဘူး ၊ သွေးတိုးနေတယ် ” တဲ့ ။

ဖိုးကေ ကတော့ လက်ဝှေ့ထိုးပြီး သူ့မိဘနဲ့ နှမတွေကို လူတန်းစေ့စေ့ ထားနိုင်တဲ့ အခြေအနေ တစ်ခု ရောက်လို့ ကျေနပ်နေတယ် ။ ဖိုးကေ ဘဝမှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲတွေကတော့ ခုလိုပါ ။ ]

••••• ••••• •••••

ကျွန်တော်မွေးတာ မန္တလေး မှာပဲ ။ သိတဲ့ အရွယ် သုံးနှစ်သားလောက် ကတည်းက လက်ဝှေ့ပညာကို ဝါသနာပါတာ ။

အဖေက ကရာတေးနည်းပြချုပ် ။ Kyoku - Shin ကရာတေးအဖွဲ့မှာ ။ အဖေ အမေက စပေးတဲ့ နာမည်ကတော့ ဇင်မော်စိုး ။ မော်ဖိုးကေတိုက်ပွဲ ဆိုတာ ရှိခဲ့တယ် ။ အဲဒီ တိုက်ပွဲကို အစွဲပြုပြီး မော်ဖိုးကေ ခေါ်ရာက ဖိုးကေ ဖြစ်လာတာ ။

အမှတ် ၁ အထက်တန်းကျောင်းမှာ ကိုးတန်းထိ ကျောင်းနေပြီး ဆယ်တန်းနှစ်မှာ အဖေက ကျောင်းထုတ်ပြီး ကစားခိုင်းတယ် ။ ပထမ စကစားတာက ကရာတေး ။ ကရာတေးမှာ ခါးပတ်နက် ဖြစ်လာတယ် ။ အဖေက သင်ပေးတာ ။ ပြီးတော့ ၁၆ နှစ် မပြည့်မီမှာပဲ ဆရာဦးခင်မောင်ကြည် ၊ ဆရာဂလောင်တို့ ဆီမှာ ဘောက်ဆင် တစ်နှစ် သင်တယ် ။ လက်သီးထိုးနည်း ၊ ခြေထောက် အလှည့်အပြောင်းတွေ သင်ပြီးနောက် မြန်မာ့လက်ဝှေ့ကို စထိုးတယ် ။

ပထမဆုံး ပွဲဝင်တော့ ကျွန်တော် ၁၆ နှစ် မပြည့်သေးဘူး ။ ရွာသစ်ကြီးဘုရားပွဲမှာ လုပ်တဲ့ ရွာစိန်ခေါ်ပွဲလေးပေါ့ ။ လက်ဝှေ့ဆရာ စစ်ကိုင်းကျောင်းသားက ဦးစီးပြီး လုပ်တာ ။ သူက ခေါ်တာနဲ့ ဆိုင်ကယ် ငါးစီးနဲ့ သွားကြတာ ။ ထိုးသ,တ်ဖို့ လူရွေးတော့ လူချင်း ပခုံးချင်း တိုင်းပြီး အရပ်တူတဲ့ လူနဲ့ လွှတ်ပေးတာ ။ ကျွန်တော်က ဘလိုင်း ၊ ကျွန်တော်နဲ့ ထိုးရတာက စစ်ကိုင်းမှာ နာမည်ကြီးတဲ့ ညီလေးသန့်စင် နဲ့ ။

အတွေ့အကြုံက မရှိဘူး ၊ စင်ပေါ်လည်း တစ်ခါမှလည်း မတက်ဖူးသေးတော့ ပရိသတ် အရှိန်နဲ့ စိတ်လှုပ်ရှားတာပေါ့ ။ သူက ပညာမြင့်တဲ့လူ ဆိုတော့ ထိုးလို့ ကောင်းတယ် ။ ပထမတစ်ချီမှာ ကျွန်တော် ခံရတယ် ။ ဒုတိယတစ်ချီမှာ ထိုးတော့ သူ့အားနည်းချက်တွေကို ကိုယ်က သိသွားပြီ ။ ကျွန်တော်က ကျွန်တော့်ကို ထိရင် ဒေါသ ထွက်တတ်တယ် ။ ပွဲနားချိန်မှာ စက္ကင်းလိုက်တဲ့ လူက ဒေါသမထွက်နဲ့ ပေမခံနဲ့ ရှောင်တိမ်းပြီး ကစားလို့ သတိပေးတယ် ။ သူ့နယ် ဆိုတော့ ပရိသတ်က သူ့ကို အားပေးတာ များတယ် ။ ဒုတိယအချီမှာ ကျွန်တော်က လိုက်ထိုးတော့ သူက ပြေးတယ် ။ တတိယအချီမှာ ကျွန်တော်က အောက်ပင့် လက်သီးနဲ့ ပွဲသိမ်းလိုက်တယ် ။ သူ သွားနှစ်ချောင်း ကျွတ်ပြီး မှောက်သွားတယ် ။

အဲဒီပွဲမှာ ဆုတော်ငွေ အဖြစ် ငွေကျပ် ၆ဝဝဝ ရတယ် ။ အတူ သွားတဲ့ လူတွေ ထမင်း စားလိုက်ကြတာ ကုန်ရော ။ ( ရယ်လျက် )

၂ဝဝ၆ ခုကျတော့ ပြည်နယ်နှင့်တိုင်း မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ဝင်ထိုးတယ် ။ စတွေ့တာက မွန်က ချစ်စမ်းမောင် နဲ့ တွေ့တယ် ။ ဒုတိယအချီမှာ နော့အောက် ( knockout ) နဲ့ နိုင်တယ် ။ ကရင်က မင်းရန်နိုင် နဲ့ တွေ့ပြီး ငါးချီမှာ ကျွန်တော် အမှတ်နဲ့ ရှုံးပြီး ကျွန်တော် ကြေးတံဆိပ်ပဲ ရတယ် ။ ပညာတော့ အများကြီး ရလိုက်တယ် ။

ရှုံးတဲ့အခါ ကိုယ် ကြိုးစားရဲ့သားနဲ့ ရှုံးသွားရင် ဒေါသလည်း ဖြစ် ၊ ဝမ်းလည်း နည်းမိတယ် ။ စိတ်ဓာတ်တော့ မကျဘူး ။ သူကိုယ့်ကို နိုင်တာ သူ ကိုယ့်ထက် သာလို့ပဲ လို့ မှတ်ယူလိုက်တယ် ။ ပိုပြီးလေ့ကျင့်တယ် ။ အရင်က နှစ်ကြိမ်သုံးကြိမ် လုပ်ရင် ခြောက်ကြိမ်လောက် အထိ လုပ်တယ် ။ ၂ဝဝ၇ ပြည်နယ်နှင့်တိုင်းပွဲကျတော့ ကျွန်တော် ရွှေတံဆိပ်ရတယ် ။ စတွေ့တဲ့ပွဲ ၊ နှစ်ချီမှာ နော့အောက်နဲ့ နိုင်တယ် ။ ဖိုင်နယ် ထိုးကြတော့လည်း သုံးချီမှာ နော့အောက်နဲ့ ကျွန်တော် နိုင်တယ် ။ ကျွန်တော့် လက်သီး ထိတိုင်း ထိတိုင်း နော့ကောက်ကျတော့ လက်သီးကောင်းတယ်လို့ နာမည်ရလာတယ် ။ ကျွန်တော် ထိုးတာက ဝိုက်လက်သီး ။

မြန်မာ့ရိုးရာလက်ဝှေ့ပွဲမှာ ကွဲရှုံးရှိတယ် ။ ထိုးလိုက်လို့ ကွဲသွားတယ် ၊ သွေးထွက်တယ် ၊ ဂွမ်းနဲ့ ဖိသိပ်ပေမယ့် ပြန်ဆယ်လို့ မရဘူး ၊ သွေးက တောက်တောက် တောက်တောက် ကျနေရင် အဲဒါ ကွဲရှုံးပဲ ။ နောက်တစ်မျိုး ကတော့ ကြောက်ရှုံး ။ ကြောက်ပြီး ယှဉ်မထိုးတော့ဘူး ၊ ထိုးလိုက် ပြေးလိုက် ထိုးလိုက် အိပ်လိုက် လုပ်နေရင် ဒိုင်ပွဲရပ်ပြီး ကြောက်ရှုံး သတ်မှတ်တယ် ။ နောက်တစ်မျိုးကတော့ မှောက်ရှုံး ။ နော့အောက်ပေါ့ ။ အဲဒါမှ မဖြစ်ဘဲ ငါးချီအပြည့် ထိုးနိုင်ကြရင် သရေ ။

စိန်ခေါ်ပွဲ အနေနဲ့တော့ ၂၀၀၇ ခုမှာ ရှမ်းသွေးလေး နဲ့ ရန်ကုန် မှာ ထိုးရတယ် ။ ရှမ်းသွေးလေး က တတိယတန်း ချန်ပီယံ ၊ ပြည်နယ်နဲ့တိုင်းမှာ အကောင်းဆုံးလက်ဝှေ့သမား ။ ကျွန်တော်က ဘာအတန်းမှ မရှိသေးဘူး ။ ဖိုးကေ ဆိုတဲ့ နာမည်လေး ထွက်လာလို့ ကန်ထရိုက်တာတွေက စိန်ခေါ်ပွဲ ပွဲသွင်းတာ ။ ကျွန်တော်က သူ့ကို ထိုးပြီးနိုင်မှ ကျွန်တော့် အတွက် အတန်းတစ်ခု သတ်မှတ်ခံရမှာ ။ မြန်မာ့လက်ဝှေ့မှာ တတိယတန်း ၊ ဒုတိယတန်း ၊ ပထမတန်း ဆိုပြီး ရှိတယ် ။ ပထမတန်း လက်ဝှေ့သမား ဖြစ်ဖို့က တော်တော် ခက်တယ် ။ အဲဒီတန်းတွေကို ပွဲသွင်းတဲ့ ကန်ထရိုက်တာတွေက သတ်မှတ်တာ ။ အဲဒီပွဲ ရှုံးခဲ့ရင် ကျွန်တော့်ကို ဘယ်သူကမှ အဖက်လုပ်မှာ မဟုတ်ဘူး ။ အောက်တန်းမှာပဲ တဝဲလည်လည် ဖြစ်နေမှာ ။ ဒီတော့ အရမ်းကြိုးစား အရမ်းလေ့ကျင့်ခဲ့ရတယ် ။

ရန်ကုန် မှာ ထိုးကြတာ ။ ပရိသတ်ကလည်း သူ့ဘက်ကချည်းပဲ ၊ ကျွန်တော့် ဘက်မှာ အားပေးမဲ့သူ မရှိဘူး ။ ကြေးကလည်း သူ့ဘက်က ချည်းပဲ လိုက်တယ် ။ စင်ပေါ် တက်လိုက်တော့ အော်တဲ့သူတွေက သူ့နာမည်ပဲ အော်ပြီး အားပေးတယ် ။ ပထမဆုံး သူက စထိုးတယ် ၊ ကျွန်တော်က ပြန်ကန်တယ် ။ ရှစ်စက္ကန့်မှာ ကျွန်တော့် လက်သီးထိပြီး သူက အနားတောင်းရတယ် ။ တစ်မိနစ်နဲ့ ရှစ်စက္ကန့်မှာ လုံးဝ မှောက်သွားပြီး သူ မထနိုင်တော့ဘူး ။ အဲဒီ တစ်ပွဲတည်းနဲ့ ကျွန်တော်လည်း နာမည် တော်တော် ကြီးသွားတယ် ။ ပရိသတ်က ဝါးရင်းတုတ်ဘိုးကေ လို့ နာမည်ပေးကြတယ် ။ ကျွန်တော့် လက်သီးက ပြင်းလို့ အဲဒီနာမည် ပေးကြတာ ။ ထိလိုက်ရင် လှည့်ကြည့်စရာ မလိုဘူး ။ အဲဒီလို လက်သီးပြင်းအောင် အများကြီး လေ့ကျင့်ခဲ့ရတာ ။

၂ဝဝ၇ ထဲမှာပဲ ရှမ်းသွေးလေး က မြစ်ကြီးနားမှာ စိန်ခေါ်ပွဲ ပြန်ခေါ်တယ် ။ သူ့ ဘက်ကလည်း သူ့သိက္ခာ ပြန်ဆယ်ရမယ် ။ ကျွန်တော့် ဘက်ကလည်း ဒီတစ်ပွဲ ပွဲသိမ်းနိုင်မှ ။

ပထမအချီမှာ သူ ကြိုးစားထားလို့ တော်တော်ကောင်းတယ် ။ ဒူးတိုက်ကွက်တွေကလည်း တော်တော်ကောင်းတယ် ။ ပထမအချီနဲ့ ဒုတိယအချီမှာ သူ့ တိုက်ကွက်တွေက လွတ်အောင် တော်တော် ရှောင်ပြီး ကစားနေရတယ် ။ သူ့ တိုက်ကွက်တွေကို ကိုယ်က သိလာပြီ ။ သူ့ ဒူးတိုက်ကွက် ထိရင် ကိုယ်ပြုတ်မှာ ။ သူက ဒူးကို အားထားလာတာ ကိုယ်က သိတော့ ကာပြီးရှောင်တယ် ။

တတိယအချီမှာ သူ ဒူးတိုက်လို့ မရတော့ဘူး ။ ကျွန်တော်က ရှောင်နိုင် တိမ်းနိုင်ပြီ ။ သူလည်း ဒူးတိုက်မရတော့ စိတ်ဓာတ် ကျလာပုံရတယ် ။ ကျွန်တော့် လက်သီးတွေ ထိပြီး တတိယအချီမှာပဲ သူ နော့အောက်နဲ့ ပြုတ်တော့တာပဲ ။ ကျွန်တော့်

နာမည် တက်လာတော့ မွန်ပြည်နယ်က စိန်ခေါ်ပွဲ ဖိတ်တယ် ။ ရွှေခါးပတ်ချန်ပီယံ စောဇွဲလေး နဲ့ နှစ်ကရင်ရွာမှာ ထိုးရတယ် ။ စတုတ္ထအချီမှာ သူ မှောက်သွားတယ် ။

ကျွန်တော် ရှုံးခဲ့တဲ့ ပွဲလည်း ပြောချင်သေးတယ် ။ ၂ဝဝ၇ ခု က ပုဂံ မှာ ၊ စစ်ကိုင်းကျောင်းသားရဲ့တပည့် မိုက်ခဲကျောက်ပွင့်နဲ့ ထိုးတာ ။ သူက ခေါင်းသုံးတယ် ။ ခေါင်းနဲ့တိုက်တာ ကျွန်တော် မျက်ခုံးတွေ ကွဲတယ် ။ ထင်မထားဘူး ။ ငါးချီမှာ အရှုံး ပေးလိုက်တယ် ။ ကျွန်တော် တော်တော် အထိနာတယ် ။ လက်ဝှေ့မှာ ခေါင်းနဲ့ တိုက်တဲ့ပညာ ရတယ် ။ နောက်ပိုင်းတော့ သူ တိုက်ရင် ကိုယ် ပြန်တိုက်လို့ ရသွားတယ် ။ ခေါင်းတိုက်တာလည်း ကာတတ်သွားတယ် ။ နောက်တစ်ပွဲ ရန်ကုန် မှာ မိုက်ခဲကျောက်ပွင့် နဲ့ ပြန်ဆုံတော့ ကျွန်တော်က သူ့ ခေါင်းကို ရှောင်နိုင်ပြီ ။ သူ ဘာမှ လုပ်မရတော့ဘူး ။ သုံးချီမှာ ကျွန်တော့် ညာဖြောင့် ထိပြီး သူ မှောက်သွားတယ် ။

ကျွန်တော့် ဘဝမှာ လက်ရှိချန်ပီယံ တွေ့မရှောင် နဲ့  ထိုးတဲ့ ပွဲက မှတ်မှတ်ရရပွဲပဲ ။ ၂၀၁၀ ခုနှစ် ထဲမှာ ထိုးတာ ။ ဆယ်စုနှစ် အတွင်းမှာ အကောင်းဆုံး လက်ဝှေ့ပွဲလို့ ပရိသတ်တွေက သတ်မှတ်ကြတယ် ။ ကျွန်တော်လည်း သူနဲ့ အတူတူ လက်ဝှေ့လောကမှာ ကြေးအမြင့်ဆုံး ဖြစ်သွားတယ် ။

ပွဲက ဒဂုံရွှေအောင်လံ စိန်ခေါ်ပွဲ ။ သူက လက်ဝှေ့လောကမှာ ဆရာကြီး ဆိုတော့ သူ့ပရိသတ်က ပိုများတယ် ။ ပွဲက အတော်ကြမ်းတယ် ။ သူ့ဘက်က အားသာချက်က တံတောင် ရိုက်တာ ကောင်းတယ် ။ လက်သီးနဲ့ ဗိုက်ထိုးတာ ၊ ခြေထောက် ကန်တာ ကောင်းတယ် ။ သူက သတ္တိကောင်းတယ် ၊ သေချင် သေသွားပါစေ နာမည်အကျ မခံဘူး ဆိုတဲ့ လူ ။ အဲဒီ စိတ်ဓာတ်မျိုးနဲ့ ထိုးတာ တကယ်တော်တဲ့ လူ ။

လက်ဝှေ့ ထိုးခဲ့သမျှ ကျွန်တော် အရုန်းရဆုံးနဲ့ အပင်ပန်းဆုံးပွဲပဲ ။ ပရိသတ်ရဲ့ အားပေးသံတွေက သူ့ဆီမှာ ၊ နောက် တဖြည်းဖြည်းနဲ့ ကိုယ့်ဆီ ရောက်လာတယ် ။ ပွဲပြီးတော့ ကျွန်တော်လည်း လုံးဝ အားကုန်သွားတာ ၊ လှုပ်တောင် မလှုပ်နိုင်တော့ဘူး ။ ငါးချီမှာ ကျွန်တော် အမှတ်နဲ့ နိုင်တယ် ။

ကျွန်တော် ပြုတ်တဲ့ပွဲ ကတော့ ရေးမြို့နယ် သောင်ပြင်ရွာမှာ ဝင်းထွန်းနဲ့ပွဲ ။ သူက ပွဲ ၁ဝဝ ကျော် ထိုးထားတာ ။ ကျွန်တော်က တွေ့မရှောင် ကို နိုင်ထားတော့ နည်းနည်းလည်း ပေါ့တယ် ။ ဝင်းထွန်း က ပရိယာယ်နဲ့ အထက်ပြပြီး အောက်က ကန်လိုက်တာ တတိယအချီ ပြီးခါနီးမှာ ပြုတ်ကျတယ် ။ လေးချီမှာ ပြုတ်ကျတာ ၊ နော့ကောက်ပဲ ။ ကျွန်တော် ထိတာ ။

ထိလိုက်လို့ ပြုတ်ကျသွားတဲ့ အချိန်မှာ သတိရှိတယ် ။ မူးပြီး စင်ကြီးက လည်နေတာ ။ ထချင်တယ် ။ ထဖို့ လက်ထောက်လိုက်ရင် ညွတ်ကျတယ် ။ ဒူးလည်း မထနိုင်ဘူး ညွတ်ကျတာပဲ ။ ပရိသတ်က ကိုယ့်နာမည် အော်ပြီး အားပေးတယ် ။ ဖိုးကေ … ဖိုးကေ ... ကိုယ်လည်း ကြိုးစား ထတာပဲ ၊ ဒါပေမဲ့ ဘယ်လိုမှ ထမရဘူး ။

အဲဒီလို ထိပေမဲ့ ကျွန်တော့်မှာ ကြောက်တဲ့စိတ် လုံးဝ မရှိဘူး ။ ကျွန်တော် ကြောက်ပြီး ရှုံးတဲ့ပွဲလည်း မရှိဘူး ။ လိုက်ထိုးရင်း သူက ပိုသာလို့ ကိုယ် ပြုတ်ကျတာပဲ ရှိမယ် ။ ကျွန်တော် နာမှာလည်း မကြောက်ဘူး ။ ကိုယ့်ကို စုတ်ပြတ်သတ်နေအောင် အထိုးခံရလည်း ကျေနပ်တယ် ။ သူက ကိုယ့်ထက် သာတာကိုး ။

ကျွန်တော် ရှုံးရင် ကိုယ့် အားနည်းချက်ကို အားပြန်ဖြည့်တယ် ။ ပြင်းပြင်းထန် ထန် လေ့ကျင့်တယ် ။ မြန်မာ့ရိုးရာ လက်ဝှေ့ထိုးတာက သေသွားနိုင်တယ် ။ မသေနိုင်လောက်အောင် ကိုယ့်ဘက်က လေ့ကျင့်ထားရတာ ။

ကြိုးဝိုင်းထဲမှာ ကျွန်တော် ဘယ်တော့မှ မညစ်ဘူး ။ လဲသွားတဲ့ လူကို ကျွန်တော် ဆက်မလုပ်ဘူး ။ ဒူးထောက် သွားရင်တောင်မှ ဆက်မထိုးတော့ဘူး ။ ကျွန်တော် ဘယ်တော့မှ ရန်မဖြစ်ဘူး ။

ကျွန်တော် ဒီဘဝ ရောက်အောင် ကြိုးစားခဲ့ရတာ ၊ ဒဏ်ရာဒဏ်ချက်တွေ အများကြီးပဲ ။ ဒါပေမဲ့ မိဘကို အဆင့်ရှိရှိ ထားနိုင်ပြီ ။ ညီမလေးတွေကို ကျောင်း ကောင်းကောင်း ထားနိုင်ပြီ ။ ဒါကို ကျေနပ်ပါတယ် ။

⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:

Post a Comment