Tuesday, October 14, 2025

ကတ်ရောဂါ


 

❝ ကတ်ရောဂါ ❞
( ဦးဆွေ - ဒဿနိက )

( ၁ )

အိမ်ပေါ် ပြတင်းပေါက် ကနေ အိမ်ရှေ့ လမ်းမကို လှမ်းကြည့်လိုက် ၊ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက် ၊ ဆေးပေါ့လိပ်ကို တထောင်းထောင်း ထအောင် ဖွာလိုက် လုပ်နေတဲ့ ကိုသာစိန်ကို မအေးမြက မျက်မှောင်ကုတ်ပြီး ကြည့်တယ် ။ ကိုသာစိန် ကတော့ သူ့အရှိန်နဲ့ သူမို့ လုံးဝ သတိမထားမိဘူး ။

“ တော်ကလည်းတော် ... ဂဏာကို မငြိမ်ဘူး ။ နည်းနည်းလေးများ ပြန်ထိုင်စမ်းပါဦး ”

မအေးမြက မျက်စိ နောက်လာတော့ မျက်စောင်းထိုးပြီး ခပ်ဆောင့်ဆောင့် ပြောလိုက်တယ် ။ ကိုသာစိန် ကတော့ အေးအေးဆေးဆေးပဲ သူ့မိန်းမကို ပြုံးကြည့်တယ် ။

“ ဪ ... ညည်းကလည်းအေ ... ဒါက မင်္ဂလာကိစ္စ မို့လား ။ သူတို့ လာခေါ်တဲ့အချိန် ကိုယ်က နောက်ကျနေလို့ ဘယ်ဖြစ်လိမ့်မလဲ ။ အားနာစရာကြီး .. ဒါကြောင့် စောစောစီးစီး ကိုယ့်ဘက်က ဝတ်စားပြီး အဆင်သင့် စောင့်နေရတာပါ ”

ကိုသာစိန်က သူ့ထုံးစံ အတိုင်းပါပဲ ၊ လေပြည်လေး နဲ့ အေးအေးလေး ပြန်ပြောတော့ ။ မအေးမြ တွေခနဲ တစ်ချက် ဖြစ်သွားတယ် ။ ဟုတ်တော့လည်း ဟုတ်တယ်လေ ။ ကိုသာစိန် ဆိုတာက သူများ ယောက်ျားတွေလို အရက်သောက် ၊ ဖဲရိုက် နေတဲ့သူ မဟုတ် ။ လူတကာနဲ့ သင့်တင့်အောင် နေတတ် ပြောတတ်တဲ့သူ ။ ဒါကြောင့် လည်း မအေးမြတို့ ကျွန်းဖိုစမ်း ရွာကတင် မပြောနဲ့ ၊ ရွာနီးချုပ်စပ်က ရွာတွေ အားလုံးက အလှူဆိုလည်း ကိုသာစိန် ပါမှ ၊ မင်္ဂလာဆောင် ၊ မင်္ဂလာစကား ပြောပါဆိုလည်း ကိုသာစိန် ပါမှ ဖြစ်နေတာမို့လား ။ တစ်ခုတော့ ရှိတာပေါ့လေ ... ကိုသာစိန် ဖတ်ထား မှတ်ထားသမျှ ပြန်ပြောတာ လေကြောရှည်တာတွေကိုတော့ သည်းခံရတာပေါ့ ။

ကိုသာစိန်တို့ မအေးမြတို့က လင်မယားနှစ်ယောက်တည်း မဟုတ်ကြပါဘူး ။ သားသမီး နှစ်ယောက်ရှိတယ် ။ အကြီးကောင်က အိမ်ထောင်ကျလို့ ကလေးတောင် နှစ်ယောက် ရနေပြီ ။ မအေးမြတို့ ရွာမှာပဲ .... ၊ အငယ်မလေးကတော့ ဆယ်တန်း အောင်ပြီး မကွေးနားက ကန်ပြားမှာ ဂျီတီစီ တက်နေတယ် ။ ယာခြေ ချောင်းခြေလေး ကလည်း အသင့်အတင့် ရှိတော့ ရွာအတိုင်းအတာနဲ့ ဆိုရင် သောင်သောင်သာသာ ရှိတယ်လို့ ဆိုရမှာပါပဲ ။ အခုလည်း တောင်ဘက်ကရွာ စမ်းကန်မှာ မင်္ဂလာစကား ပြောဖို့ ကိုသာစိန်ကို ဖိတ်ထားလို့ အစောကြီး ကတည်းက ကိုသာစိန် တက်ကြွနေတာ ။ မအေးမြက သူ့ဘာသူ တွေး ၊ သူ့ဘာသူ သဘောကျပြီး ကိုသာစိန် ကို ခပ်ပြုံးပြုံး မျက်နှာပေးနဲ့ ပြန်ကြည့်တယ် ။ ကိုသာစိန် ကတော့ သတိပြုမိဟန် မတူဘူး ။ လမ်းမဘက်ကို မျှော်ဆဲပါပဲ ။

လမ်းမဘက်က ဆိုင်ကယ်သံနဲ့ အတူ “ တီတီ ” ဆိုတဲ့ ဟွန်းသံ ပေါ်လာတော့ ကိုသာစိန်က “ ဟော ” ဆိုပြီး သောက်လက်စ ဆေးပေါ့လိပ်ကို ချတယ် ။ မအေးမြကို လည်း တစ်ချက် လှမ်းကြည့်လိုက်သေးတယ် ။ မအေးမြ က ခေါင်းတစ်ချက် ညိတ်ပြလိုက်မှ အိမ်ပေါ်က ဆင်းပြေးတော့တာပါပဲ ။

“ ကိုကြီးသာစိန် ကိုယ်ရောင် ကိုယ်ဝါတွေ တောက်ပနေလို့ပါလား ။ တိုက်ပုံနဲ့ ၊ နာရီနဲ့ မျက်မှန်နဲ့ ဆိုတာလို ဟဲ ... ဟဲ .... ”

ဆိုင်ကယ် စီးလာတဲ့ ကလေးက လှမ်းစတယ် ။ သူက သတို့သားရဲ့ အစ်ကိုလေ ။

“ မင်းတို့ကွာ ... နေနိုင်လိုက်တာ ၊ ဟိုတစ်ဖက်က မိန်းကလေးရှင်ကွ ၊ မျှော်နေကြမှာ ... ငါ့ဖြင့် စောင့်လိုက်ရတာ အစောကြီးကတည်းက ဘာလို့ ဒီလောက် ကြာနေရတာတုန်းကွာ ၊ ကိုယ်ချင်းများဖြင့် စာပါဦးတော့ ။ ကဲ နေပါဦး ။ အခု အုပ်ရွက်တဲ့ အမျိုးသမီးအဖွဲ့တွေရော ဘယ်မတုန်း ဘယ်တော့မှ သွားကြမှာတဲ့တုံး ။ ကြည့်လဲလုပ်ဦး ငါ့ညီရာ .. ။ သူစိမ်းရွာ သွားစပ်ရမှာ ... ”

ကိုသာစိန် က သူ့ထုံးစံအတိုင်း လေရှည်ဆွဲပြီး စကားပြောနေတယ် ။ ဆိုင်ကယ်ပေါ် တန်းမတက်ဘူး ။

“ ကဲပါ တက်စမ်းပါ ... ကိုကြီးသာစိန်ရာ .. ဟိုအဖွဲ့တွေက ရွာအရှေ့ဘက် လမ်းကနေပြီး လှည်းတွေနဲ့ သွားကုန်ပါပြီ ” ဆိုမှ ကိုသာစိန် ဆိုင်ကယ်ပေါ် တက်ခွတော့တယ် ။

ကိုသာစိန်တို့ နှစ်ယောက် ပြောတာကို အိမ်ပေါ်က လှမ်းနားထောင်နေတဲ့ မအေးမြ ကတော့ ခပ်ငေးငေးလေး ကြည့်ပြီး ကျန်ရစ်ခဲ့လေရဲ့ ။

( ၂ )

ရွာအခေါ် အုတ်တင်တယ် ဆိုတာ မြို့လိုတော့ စေ့စပ်ပွဲလို့ ဆိုရမယ်ထင်တယ် ။ နှစ်ဖက်မိဘတွေနဲ့ နှစ်ဖက်ဆွေမျိုးသားချင်းတွေ ၊ ရပ်မိရပ်ဖတွေစုပြီး သတို့သားဘက်က သတို့သမီးကို တောင်းတဲ့ ပွဲမျိုးပါပဲ ။ သည်လို ပွဲမှာ သတို့သားဘက်က မင်္ဂလာစကား ပြောမယ့်သူ ၊ သတို့သမီးဘက်က မင်္ဂလာစကား ပြန်ကြားရမယ့်သူ ရှိတယ် ။ အဓိက အရေးကြီးတာကတော့ သတို့သား ဘက်က ဦးဆောင် မင်္ဂလာစကား ပြောမယ့် ပုဂ္ဂိုလ်ပဲ ။ သူက ခရာပဲ ။ သူအပြောအဆို လိမ္မာပါးနပ်ဖို့ ၊ စကားချိုဖို့က သိပ်လိုတာ ။ နှစ်ဖက်မိဘ ကျေနပ်အောင် ပြောဆိုတတ်ဖို့ လိုသလို ခန်းဝင်ပစ္စည်းကိစ္စ ပြောရင်လည်း ညှိညှိ နှိုင်းနှိုင်း ပြောမှဖြစ်တာ ။ နောက်ဆုံး ကာလသားကြေး သူပြီးမှ ပြီးတာ ။

သည်လိုပွဲမျိုးတော့ ကိုသာစိန်က အပိုင်ပဲ ။

“ မင်္ဂလာဆယ့်နှစ်ပါး ဆိုတာ ... သုံးဆယ့်ရှစ်ဖြာ မင်္ဂလာ ထဲမှာကြတော့ သည်လို ဆိုသေးသဗျ ။ ဆွေတွေ မျိုးတွေနဲ့ ပတ်သက်လို့လည်း ဘုရားက ဟောထားခဲ့သေးတာ ။ ညာတကာနစ္စသင်္ဂဟော ... နောက်ပြီး အာဝါဟ မင်္ဂလာ ဝိဝါဟ မင်္ဂလာတဲ့ ။ သတို့သမီးအိမ်သို့ သတို့သားအား ဆောင်ယူခြင်း ၊ သတို့သား အိမ်သို့ သတို့သမီးအား ဆောင်ယူခြင်း .. နောက် ရှိသေးသဗျ ။ လင့်ဝတ္တရား ငါးပါးတဲ့ ၊ မယားဝတ္တရား ငါးပါးတဲ့ ”

အို ... စုံတကာစေ့လို့ ပြောလိုက်တာများ ဟိုဘက်က ပါးစပ် အဟောင်းသားနဲ့ နားပဲထောင်နေ လိုက်ရတယ် ။ ကိုသာစိန် ပြောပြီးတော့ ဘာပြန်ပြောရမှန်း တောင် မသိကြဘူး ။ သတို့သား ဘက်ကတော့ တပြုံးပြုံးပေါ့လေ ။ ကိုသာစိန် ကလည်း စကားပြောရင်း ဥပမာ ၊ ဥပမေယျတွေ ၊ ပုံတိုပတ်စတွေ ၊ ရယ်စရာ မောစရာလေး တွေလည်း ညှပ်ပြောတတ်တာဆိုတော့ ... ဘာပြော ကောင်းမလဲ .... အခု စမ်းကန်ရွာက မိန်းမတောင်းမယ့် ကောင်တွေက အစ ၊ ငါတို့ မိန်းမ သွားတောင်းရင် ကိုကြီးသာစိန်ကို မရရအောင် ခေါ်ရမယ်တွေ ဘာတွေ ဖြစ်ကုန် ကြတာကလား ။ ကာလသားကြေးလည်း ပြောမနေနဲ့တော့ ။

“ ကိုကြီးသာစိန် သဘော .. ကိုကြီးသာစိန် သင့်သလောက်သာ ထားခဲ့ပါ ” ဆိုတာတွေ ဖြစ်တော့ ကျွန်းဖိုစမ်းရွာမှာ ကိုသာစိန် မျက်နှာပွင့်တာ ဘာဆန်းလိမ့်မလဲ ။

အပြန်လမ်းမှာကြတော့ သတို့သားအစ်ကို ကျော်ရွှေ ဆိုတဲ့ကောင်က ကိုသာစိန်ကို ပြောတယ် ။ သူက ရပ်ရွာရဲ့ အုပ်ချုပ်ရေးမှူးလည်း ဖြစ်တယ်လေ ။

“ ကိုကြီးသာစိန် ”

“ ပြောလေကွာ ”

“ ဟိုးနေ့က ကျုပ်မြို့နယ် ထွေ/အုပ်ကို အစည်းအဝေး သွားတက်တယ် ”

“ အင်း ... အဲသည်တော့ ဘာဖြစ်သတုံး ၊ မင်းက ဥက္ကဋ္ဌပဲလေကွာ ။ အစည်းအဝေး သွားတက်တော့ ဘာများ ဆန်းနေလို့လဲဟ ”

ကျော်ရွှေက ဆိုင်ကယ်ကို ထိန်းမောင်းနေရင်း စိတ်မရှည်သလို ဖြစ်လာတယ် ။ နို့ သူ့စကား ဆုံးအောင်မှ နားမထောင်ပဲကိုး ။ စိတ်မရှည်သလို ဖြစ်နေတာမှ မဆုံးသေးဘူး ။

“ ဟိုးခဏခဏ ရပ်ဦးဟ ” .. ဆိုတဲ့ ကိုသာစိန် အသံကြောင့် ဆိုင်ကယ်ကို ကမန်းကတန်း ဘရိတ်အုပ် လိုက်ရတယ် ။ ကိုသာစိန်က လှည်းလမ်းဘေးမှာ ရပ်ပြီး လျှောက်နေတဲ့ လူကို စကားပြောချင်လို့ကိုး ။

“ ဟိတ် ဖိုးထွန်းစ ... မင်းနွားပြာကြီး ဘယ်လိုလဲ ၊ ကောင်းသွားပြီလား ။ အစာ မစားဘူး ..နှာတရှပ်ရှ ပ်.. အမှုတ် သံပြင်းပြင်း တောက်လျှောက် စွက်နေရင်တော့ ... မင်း ရွာအရှေ့ပိုင်းက ဘိုးလေးအောင်ဇံ ဆီကို သွားဗျ ။ သူ့ဆေးကမှ တကယ်စွမ်းတာ မောင် ။ ပေါ့တော့ မနေနဲ့ ၊ ခုနေခါ နွားတစ်ကောင်တန်ဖိုး နည်းတာမှတ်လို့  ”

ဖိုးထွန်းစက ခေါင်းညိတ်တယ် ။ ကျော်ရွှေက ဆိုင်ကယ် စက်နှိုးမယ် ပြင်တုန်း စကားက ဆက်ပြန်ပြီ ။

“ ဪ ... ဟေ့ကောင် ... မင်း ပဲစင်းငုံ ခင်းကတော့ တော်တော်ကောင်းဆိုပါလား ။ ဘယ်လောက် ထွက်တုံး ဟ ။ ဟေး ... အရအမိလေး ရှိတုန်း စုထားဟေ့ ။ အသုံး အဖြုန်းတွေထဲတော့ မပါစေနဲ့ပေါ့ ”

ကျော်ရွှေက စိတ်မရှည်တော့ဘူး ။ ဆိုင်ကယ်ကို နှိုးပြီး ဟွန်းသံ ပေးလိုက်တော့ ဒါတောင် ဆိုင်ကယ်ပေါ် နောက်က ခွပြီးမှ ..

“ ဟေး ဟေး မင်းမိန်းမ မိလှကြီး ကိုလည်း ပြောလိုက် ဦးဟေ့ ... အိမ်က တို့မအေးမြ က အိမ် မလာတာ ကြာလို့တဲ့ ” လို့ ပြောဖြစ်အောင် အော်ပြောလိုက်သေးတာ ။ အဲသည်လို ကိုသာစိန်ပါ ။ ကျော်ရွှေ ကတော့ ဆိုင်ကယ်ကို ဆောင့်ကြီးအောင့်ကြီးပဲ မောင်းထွက်ခဲ့တယ် ။

( ၃ )

“ ရွာတောင်ပိုင်းက ကိုသာစိန် ဖုန်းလာနေပါတယ် ။ အမြန်လာခဲ့ပါ ”

သည်စကားလုံးကိုပဲ အသံချဲ့စက်နဲ့ သုံးကြိမ်လောက် အော်တာ ။ ကိုသာစိန်က ညနေ ထမင်းစားတုန်း တန်းလန်းကြီး မြန်မြန် လက်စသတ် ၊ လက်ဆေး ၊ လက်သုတ်ပြီး ဖုန်းအိမ်ကို ထွက်ခဲ့ရတယ် ။ ကိုသာစိန်တို့ ကျွန်းဖိုစမ်းရွာ မှာ ဖုန်းက နှစ်လုံး ပဲ ရှိတယ် ။ လာသမျှ ဖုန်းတွေကို အဲသည် နှစ်အိမ်က ၊ ခေါ်ပေးရတာချည်းပဲ ။ ဖုန်းအိမ်က ကိုလှဝင်းနဲ့ မမြချစ်တို့ အိမ်ကို ကိုသာစိန် ရောက် ရောက်ချင်းပဲ မမြချစ်က တန်းပြောပါတယ် ။

“ တော့် သမီးဆီက လာတာ ” တဲ့ ၊ ကိုယ့်ရှေ့မှာ ပြော နေတဲ့သူ ရှိတော့ စောင့်နေရသေးတယ် ။ တော်ကြာမှ သမီးဆီက ဖုန်းဝင်လာတယ် ။

“ အေး ဟုတ်တယ် ။ သမီး နင့်အမေတော့ မပါဘူး ။ အိမ်မှာ ထမင်းပွဲသိမ်းရင်း ဆည်းရင်း ကျန်ခဲ့လေရဲ့ .... ၊ အော် ပိုက်ဆံ လိုလို့လား ၊ ဘယ်လောက် .. ငါးသောင်း ... ကျူရှင်ခ ပေးဖို့နဲ့ အဆောင်ခ ပေးဖို့ .. အော် .. အေးအေး .. အဖေပို့ လိုက်မယ်လေ ။ အင်း အင်း ... မနက်ဖြန် မဟုတ်တောင် သန်ဘက်ခါတော့ ရောက်အောင်ပို့လိုက်မယ် လေ ။ အေး .. အေး ... သမီးစာကြိုးစားနော် ... ကျန်းမာရေးလည်း ဂရုစိုက် ရတနာသုံးပါးကိုလည်း ဆည်းကပ် .. ကြားလား ။ သမီး ညအိပ်ရာဝင်တိုင်း ဘုရားကန်တော့ပြီး .. အိပ်နော် ။ အေး .. အေး ... အဖေတို့ အိမ်က နွားတွေ ကတော့ နေကောင်းပါတယ်ကွယ် ။ ရွာအပြင် တဲတိုက်က ဖိုးထွန်းစ နွားတစ်ကောင် ကတော့ အတော်ကို မမာ ဖြစ်နေသတဲ့ ”

ကိုသာစိန် ပြောနေတာ တော်တော်နဲ့ အတော မသတ်ဘူး ။ နောက်က ဖုန်းဆက်ချင်တဲ့ သူတွကလည်း “ ရှည်ရန်ကော ” ဆိုတဲ့ မျက်စောင်းတွေ ထိုး လှပြီ ။ သူပြောချင်တာ လေရှည်ရှည်နဲ့ ပြောပြီးမှ ကိုသာစိန် ဖုန်းချတယ် ။ မမြချစ်ကို ဘယ်လောက်လဲလို့ မေးဆက်ပြီး မေးလိုက်တော့ နှစ်ထောင်ပဲ ပေးပါတဲ့ ... ကဲ ။

ကာလသားတွေ ပြောသလို ကိုလှဝင်း မမြချစ်တို့ အိမ်က “ ဟဲလို .. ငါးရာ ၊ ဟုတ်ကဲ့ တစ်ထောင် ” ဆိုတာ ဒါပဲ ထင်ပါရဲ့လို့ တွေးရင်း ပြုံးမိသေးတယ် ။ ဘာမျှ မပြောရသေးခင် ... “ ဟဲလို ” ဆိုတာနဲ့ မမြချစ်တို့က ငါးရာ တောင်းဆိုသကိုး ။ “ ဟုတ်ကဲ့ ” လို့ နောက်တစ်လုံး ဆင့်လိုက်တာနဲ့ တစ်ထောင် ပဲတဲ့လေ ။ ဖြစ်ရပုံများ ။ ကိုသာစိန် ကတော့ သာသာကြည်ကြည်ပဲ ပေးလိုက်ပါတယ် ။ ကိုယ်သွားရင် ကားခနဲ့တင် လွယ်တာမှတ်လို့ လို့ တွေးလိုက်မိတာကိုး ။

အိမ်ပြန်ရောက်တော့ မအေးမြက မေးတယ် ။

“ ပိုက်ဆံမှာတာပါကွာ ” လို့ ပြောပြီး လင်မယား နှစ်ယောက် ကလေး ကျောင်းစားရိတ်ငွေ ပို့ဖို့ တိုင်ပင်ကြတယ် ။ အဲဒီမှာ မအေးမြက ကိုသာစိန်ကို စကားတစ်ခွန်းပြောတာပဲ ။

“ ကျုပ်တို့လည်း ဖုန်းဝယ်ရအောင်တော် ”

ကိုသာစိန် က သူ့မိန်းမကို ပြုံးပြီးကြည့်တယ် ။ မအေးမြက ဆက် ပြောတယ် ။

“ ဟုတ်တယ်တော့ ... ညနေက ဥက္ကဋ္ဌ ကျော်ရွှေက ပြောတယ် ။ ကျုပ်တို့ရွာ အတွက် လက်ကိုင်ဖုန်း ဆယ်လုံးရမှာတဲ့ ။ ကိုကြီးသာစိန် တစ်လုံး ယူချင်ယူတဲ့ ။ လက်ငင်း က ငွေလေးသောင်းပဲ သွင်းရမှာ နောက်မှ တစ်လချင်း ၊ တစ်လကို တစ်သောင်း သွင်းရင် ရပြီလို့ ပြောတယ် ။ အဲဒါ တော့်ကို မင်္ဂလာအုတ်တင်က အပြန် ပြောမှာကို .. တော်က လမ်းမှာ တွေ့တဲ့ လူတွေနဲ့ လေရှည်နေလို့ မပြော ဖြစ်ဖူးလို့ ကျုပ်ကို ပြောတယ် ”

ကိုသာစိန် တွေခနဲ ဖြစ်သွားတယ် ။ အင်း ... ဒါဆို ဘယ်ဆိုးလို့တုံး လို့လည်း တွေးမိတယ် ။ လုံးခနဲ ခဲခနဲ ပေးရတာမျိုး မဟုတ်ဘဲနဲ့ အရစ်ကျ ပေးရမယ်ဆိုတော့ ... အခက်အခဲ သိပ်မရှိပါဘူးပေါ့လေ ။ အခုတောင် သူဖုန်း ဆက်ခဲ့တာ နှစ်ထောင် ကုန်ခဲ့တာမို့လား ။

“ အေးကွာ .. မင်းသဘော .. မင်းသဘော ” လို့ပဲ ပြော လိုက်ပါတယ် ။

( ၄ )

နောက် ဆယ်ရက်လောက် ကြာတော့ ကိုသာစိန် လက်ထဲ ဖုန်းလေးတစ်လုံး ရောက်လာတော့တာပါပဲ ။ မအေးမြက ဥက္ကဋ္ဌကျော်ရွှေ ကို ငွေတစ်သိန်း ပေးလိုက်တယ် ။ အုပ်ချုပ်ရေးမှူး ဆိုတဲ့ အခေါ်အဝေါ် ပြောင်းနေပေမဲ့ သူတို့ ရွာမှာတော့ ဥက္ကဋ္ဌ လို့သာ ခေါ်နေတုန်းပါပဲ ။ ကျော်ရွှေ က ငွေလေးသောင်းကို သွင်းတယ် ။ ရတယ် ။ Hand Set လေးတစ်လုံးကို လေးသောင်းခွဲနဲ့ ဝယ်တယ် ။ ငွေဖြည့်ကဒ်က တစ်သောင်းတန်ကဒ် ထည့်ပေးလိုက်တယ် ။ ကျန်တဲ့ ငါးထောင်ကတော့ သူ့အတွက် ဝန် ဆောင်ခပေါ့လေ ။

ဖုန်းလေး လက်ထဲ ရောက်လာတော့ ဆက်ကြည့်ချင်လာတယ် ။ မန္တလေးက ဘကြီးတော်တဲ့ ဘုန်းကြီး ဆီကိုရော ရန်ကုန်မှာ အလုပ် လုပ်နေတဲ့ တူတွေဆီကို ရော ၊ နီးစပ်ရာတွေဆီက ဖုန်းနံပါတ် တောင်းပြီး ဆက်ပစ်လိုက်တယ် ။ အိမ်ရှေ့လမ်းမထွက် ခါးလေး ထောက် ၊ ဖုန်းကို နားနားကပ်ပြီး ပြောရဆိုရတာ တော်တော် အာတွေ့ သကိုး ။ ဟိုအိမ် သည်အိမ်တွေကလည်း ဝိုင်း ကြည့်ကြလို့ ။ ကိုသာစိန်တို့ စတိုင်ထွားတာ ဘာဆန်းသလဲ ။

ကိုယ့်လိုပဲ ရွာက ဖုန်းဝယ် ထားတဲ့ ကောင်တွေဆီလဲ “ ဟေ့ကောင် ... ထမင်းစား ပြီးပြီလား ။ ဘာဟင်းနဲ့တုန်း ကွ ။ ည ရေနွေးကြမ်း သောက်ရအောင် အိမ်ကို လာဦးလေကွယ် ” တို့ ဒါတွေကလည်း ပါသေးတယ် ။

မကြာပါဘူး ၊ တစ်သောင်းတန်ကဒ် ထည့်ထားတဲ့ ဖုန်း တစ်ပြားမှ မကျန်တော့ဘူး ။ ကိုသာစိန် ကလည်း သိတဲ့အတိုင်း လေက ခပ်ရှည်ရှည်မို့လား ။ ကုန်တာပေါ့ ။ ကိစ္စမရှိပါဘူး ... နောက်တစ်ကဒ်ကို မြို့က မှာပြီး ဖုန်းထဲ ထည့်တယ် ။ အဲသည် ကဒ်လည်း ငါးရက်လောက်ပဲ ပြောလိုက်ရတယ် ။

မအေးမြက မျက်စောင်းထိုးရုံတင်မကတော့ဘူး ပါးစပ်ကပါ ပွစိပွစိ လုပ်လာပြီ ။ ငွေကုန်နေမင့်ဟာကိုး ။ မိန်းမလဲ ဘယ် ကြည်လိမ့်တော့မလဲ ။ ကိုသာစိန် ကတော့ ဖုန်းကြီး ခါးချိတ်ပြီး ရွာထဲ သွားမြဲပဲ ။ လူထူထူ ရှိရင် ကိုယ်သိတဲ့ ဖုန်းနံပါတ် ခေါ် ဆက်မြဲပဲ ။ နောက်ဆုံး တတိယ တစ်သောင်းတန်ကဒ် ကုန်ကာနီးတော့မှ မအေးမြက ပြောတော့တယ် ။

“ ကိုသာစိန် ... တော့်ဟာ မလွန်လွန်းဘူးလား ”

ကိုသာစိန် မျက်လုံး ပေကလပ် ပေကလပ်နဲ့ ပြန် ကြည့်တယ် ။

“ ဘာလို့တုံးဟ ” လို့လဲ ပြန်မေးလိုက်သေးတယ် ။ ဒါပေမဲ့ သူ ရိပ်တော့ ရိပ်မိပါတယ် ။ သည်ဖုန်း အကြောင်း စကား စတော့မယ် ဆိုတာ ...

“ ဖုန်းဝယ်တာမှ ဘယ်လောက်မှ မကြာသေးဘူး ။ အခုကို သုံးသောင်း ကုန်နေပြီတော့.. သိရဲ့လား ။ သည်လိုသာ ဆက်သွားနေမယ် ဆိုရင်တော့ ကျုပ်တို့ ထမင်းရည် သောက်ရကိန်း မြင်တယ် ” လို့ ပြောရင်းက မအေးမြ ငိုသံပါလာတယ် ။ ကိုသာစိန် လည်း အခုမှပဲ သေချာ ပြန် စဉ်းစားကြည့်မိတယ် ။ ဟုတ်တယ် ... ငွေလည်း တော်တော် ကုန်လှပြီ မအေးမြက ဆက်ပြောတယ် ။

“ ပြီးတော့ ....တော်က .... စကားပြောရင် လေက ရှည်ရှည်ပါဘိသနဲ့ ၊ မပြီးနိုင်မစီးနိုင် ... ငွေဖြည့်ကဒ် ဘယ်ခံနိုင်မတုံး ။ စဉ်းစားလည်း ကြည့်ပါဦး ”

“ အေးပါကွာ .. ငါ နောက်ဆို တိုတိုပဲ ပြောပါမယ် ။ နောက်ပြီး ကျော်ရွှေ ကလည်း ပြောပါတယ် ။ အဝင် ဆိုရင် တစ်ပြားမှ မကုန်ဘူးတဲ့ ။ အထွတ်သာ တစ်မိနစ်ကို ငါးဆယ် ဆိုလား ”

“ အေးလေ ... ဒါကြောင့် တော့်ကို တိုတိုပြောလို့ ပြောနေတာပေါ့ ”

“ အင်းအင်း ”

အဲသည်နောက် ကိုသာစိန် ဖုန်းကို စပြီး စကားပြော ရင် လေမရှည်တော့ဘူး ၊ လိုရင်းတိုရှင်းပဲ ။

( ၅ )

“ ဟိုးနေ့က ဦးဇင်း ဆက်တဲ့ ရွာကို နှမ်းအလှူ လာခဲ့ဖို့ ကိစ္စလား ...တပည့်တော် ပြောပြီးပြီ .... ဒါပဲ ဘုရား ”

“ ဟဲလို ဟဲလို ဟဲ့ ... ဒကာသာစိန် ဒကာသာစိန် ”

မရတော့ဘူး ၊ ကိုသာစိန်က ဖုန်းကို ချပစ်လိုက်ပြီ ။ မန္တလေးက ကိုယ်တော်က ရွာကို နှမ်းဆွမ်းလာခံဖို့ ရက်တွေ ကြိုဆိုမယ့် ကိစ္စတွေ အသေးစိတ် သိချင်ပေမပေါ့ ။ ဒါပေမဲ့ ကိုသာစိန် ကတော့ လိုတိုရှင်းလေ ။

မနက်ကလည်း မအေးမြက ပြောတယ် ။ သူ့သမီးကို သတိရလို့တဲ့ အိပ်မက်တွေလည်း မကောင်းဘူး ။ ဖုန်းဆက်ကြည့်ပါဦးဆိုလို့ ကိုသာစိန် ဆက်လိုက်တယ် ။

“ ဟဲလို ... သမီးလား ၊ အေး .. နင့်အမေ အိပ်မက်မကောင်းဘူး ၊ ကျန်းမာရေး ဂရုစိုက် ။ ပိုက်ဆံ လိုရင်ပြော ဒါပဲ ကြားလား ” .. ပြီးရော ။

သမီးလုပ်တဲ့သူက “ ဟဲလို ” တစ်လုံးပဲ ပြောလိုက်ရတယ် ။ သူက ပြောတဲ့ အထွက် Call တွေမှာတင် မဟုတ်တော့ဘူး ။ နောက်ပိုင်း သူ့ဆီ ဝင်လာတဲ့ အဝင် Call တွေမှာလည်း တိုတိုရှင်းပဲ ။

“ အေး ... လိုရင်းကိုပြော ဘာပြောချင်တာတုံး ၊ မြန်မြန်ပြော ... ကြာကြာပြောရင် မင်းလည်း ပိုက်ဆံကုန်တယ် ”

သည်လိုနဲ့ ဖုန်းကို လိုတိုရှင်းပြောရင်းက အင်မတန် စကားကြောရှည်တဲ့ ကိုသာစိန် ၊ လေပြည်လေးနဲ့ ပြောတတ်တဲ့ ကိုသာစိန် ၊ စကားပြောတဲ့ နေရာမှာ တိုတိုပြတ်ပြတ်ကြီး ဖြစ်လာရုံတင်မကဘူး ၊ မျက်နှာပါ မျက်နှာကြော တင်းတင်း မှုန်ကုတ်ကုတ်ဖြစ်လာတယ် ။ ရွာက လူတွေက အစကတော့ သိပ် မသိကြသေးပါဘူး ။ တစ်နေ့ မင်္ဂလာစကား ပြောဖို့ ကြုံတဲ့ နေ့ကြမှပဲ သိကုန်ကြတာပါ ။ မင်္ဂလာစကား ပြောရမှာက ကိုသာစိန် တို့ရွာက သတို့သားက ဟိုးမြောက်ဘက်ရွာက ထနောင်းကုန်း ဆိုတဲ့ ရွာကို သွားပြောရမှာ ။ ထုံးစံအတိုင်း ကိုသာစိန် ကို ဆိုင်ကယ်နဲ့ လာခေါ်ပါတယ် ။ ကိုသာစိန် ကလည်း တိုက်ပုံတွေ ဘာတွေ ဝတ်ပြီး လိုက်သွားတာပါပဲ ။ လှည်းနဲ့ သွားတဲ့ သူတွေကလည်း သွားပေါ့ ။

လမ်းမှာ သူ့ကို လှမ်းနှုတ်ဆက်တဲ့ သူတွေကို ကိုသာစိန်က တချို့ကို ရှုတင်းတင်း ကြည့်ပြီး ခေါင်းပဲ ဆတ်ပြတယ် ။ မသကာမှ အင်း .. အဲ တစ်လုံးပဲ ။ သည့် ထက် မပိုဘူး ။ မင်္ဂလာအုတ်တင် လက်ခံမယ့် သတို့သမီး အိမ်မှာ ကိုသာစိန်ကို မင်္ဂလာစကား ပြောခိုင်းတော့ ကိုသာစိန်က ချောင်းတစ်ချက် ဟန့်ပြီး ရှင်းတယ် ။

“ အဟမ်း ... ဒါက ကျုပ်တို့ ရွာက သတို့သားနဲ့ မိဘ ဆွေမျိုးတွေ ခင်ဗျားတို့ သမီးကို လာတောင်းတာ ။ ကြိုက်ရင်လည်း အုတ်ကို လက်ခံလိုက်ကြ ။ မကျရင်လည်း လက်မခံနဲ့ .... ဒါပဲ ။ ကျုပ် ပြန်မယ် ၊ ဟေ့ကောင် ... သောင်းငွေ .... ဆိုင်ကယ် စက်နှိုး ” ... ဆိုပြီး အိမ်ပေါ်က တန်းဆင်းတာပဲ ။ နှစ်ဖက်မိဘတွေနဲ့ ဆွေမျိုးတွေ ရပ်မိရပ်ဖတွေ ငုတ်တုတ်ကြီး မေ့ပြီး ကျန်ရစ်ခဲ့ကြရတယ် ။ အဲသည်ပွဲကို လိုက်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုကျော်ရွှေ ကတော့ ခေါင်းတယမ်းယမ်းနဲ့ စကားတစ်ခွန်းတော့ ပြောရှာပါတယ် ။

“ ကျုပ်ကြောင့်ပါဗျာ ” တဲ့လေ ။

▢  ဦးဆွေ ( ဒဿနိက )
📖 ပင်းယ မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၁၃

No comments:

Post a Comment