❝ စင်ဒရဲလား ❞
( ပုံပြင် )
တစ်ရံရောအခါ သူဌေးကြီး နှင့် သူဌေးကြီးကတော် တို့တွင် သမီးပျိုကလေး တစ်ယောက် ရှိလေ၏ ။ တစ်နေ့သ၌ သူဌေးကတော်သည် နာမကျန်းဖြစ်လာလေ၏ ။ ထို့ကြောင့် သူ၏ သမီးကလေးကို စိတ်မချသဖြင့် အနားသို့ ခေါ်ပြီးလျှင် “ မိန်းကလေး အမေ မသေမီ မှာခဲ့မယ် ။ အမေ မရှိတဲ့ နောက်မှာ လိမ်လိမ်မာမာ နေပါ ။ ဘုရားကို ကြည်ညိုပြီး ဝတ်ပြုဖို့လည်း မမေ့ပါနှင့် ။ ဘုရားသခင်က သမီးကို စောင့်ရှောက်ပါလိမ့်မယ်ကွယ် ” ဟု မှာကြားလေ၏ ။ ထို့နောက် များမကြာမီ၌ သူဌေးကတော်ကြီး ကွယ်လွန်လေ၏ ။ မိန်းကလေးသည် သူ၏ မိခင် ကွယ်လွန်ပြီး နောက် နေ့စဉ်ပင် မိခင်၏ ဂူသို့ ထွက်သွားပြီးလျှင် ဝမ်းနည်းစွာ ငိုကြွေးလေ့ ရှိလေ၏ ။ သူသည် မိခင်ကြီး မှာထားခဲ့သည့် အတိုင်း နေ့စဉ် ဘုရားကို ဝတ်ပြုလေ၏ ။ သူ့ကိုယ်ကိုလည်း မကောင်းမှု မဖြစ်ရအောင် လိမ်လိမ်မာမာ နေထိုင်လျက် ရှိလေ၏ ။
ဤသို့ဖြင့် ဆောင်းပေါက် ပြီး၍ နွေဦးအချိန်သို့ ရောက်သောအခါ မိန်းကလေး၏ ဖခင်သည် နောက်အိမ်ထောင် ပြုလေ၏ ။ မိန်းကလေး၏ မိထွေး၌ ဆူလာ နှင့် ရီကာ ဆိုသော ရုပ်ရည်လှပသော သမီးနှစ်ယောက် ရှိလေ၏ ။ သူတို့သည် ရုပ်ရည်လှသလောက် အတွင်း စိတ်သဘောက ယုတ်မာဆိုးဝါးကြ၏ ။ တစ်နေ့သ၌ မိထွေးသည် သူ၏ သမီးနှစ်ယောက်ကို အိမ်သို့ ခေါ်လာပြီးလျှင် မိန်းကလေးနှင့်အတူ ထားလေ၏ ။ ဆူလာ နှင့် ရီကာတို့သည် စိတ်သဘောဆိုးကြသည့်အလျောက် မိန်းကလေးနှင့် သင့်မြတ်အောင် မနေကြပေ ။ သူတို့သည် မိန်းကလေးကို မနာလိုကြဘဲ အမြဲ ရန်စကြသည် ။ မိန်းကလေး၏ လှပသော အဖိုးတန် အဝတ်များကို ချွတ်ယူကြပြီးလျှင် သူတို့ ဝတ်ဆင်ကြသည် ။ မိန်းကလေး ကိုမူ ဟောင်းသော ညဝတ်အင်္ကျီရှည်ကြီး ကိုသာ ဝတ်ဆင်၍ သစ်သားဖိနပ်ကို စီးစေသည် ။ သူတို့သည် မိန်းကလေးကို အိမ်ရှေ့တွင် မနေစေဘဲ မီးဖိုချောင် ထဲတွင်သာ နေ၍ အိမ်အလုပ်များကို မနားမနေ လုပ်ကိုင်စေသည် ။ ဆူလာ နှင့် ရီကာ တို့ ညီအစ်မ ရောက်လာသည့် နေ့မှ စ၍ မိန်း ကလေးသည် ကံကြမ္မာဆိုး ဝင်ရောက်လာခြင်းကို ခံနေရလေသည် ။ ဆူလာ နှင့် ရီကာ တို့သည် သူတို့၏ အမေနှင့် တိုင်ပင်ကြပြီးလျှင် မိန်းကလေးကို အလုပ်များစေရန် ပြာထဲတွင် ပဲရိုင်းစေ့များ ရောနှောပြီးလျှင် တစ်နေ့လုံး မနားမနေ ရွေးထုတ်စေသည် ။ ဤသို့ တစ်နေ့လုံး မနားမနေ အလုပ်များကို လုပ်စေပြီးလျှင် ညအချိန် ရောက်သောအခါ မိန်းကလေးအဖို့ အိပ်စရာ နေရာကို မပေးကြဘဲ မီးဖိုထဲရှိ ပြာများကို ခင်းကာ အိပ်ရာ ပြုလုပ်စေသည် ။ ထို့နောက် မိန်းကလေးသည် မီးဖိုထဲတွင် ပြာအလူးလူး အိပ်စက်ရလေသည် ။ ဤသို့ဖြင့် မိန်းကလေးသည် သူတို့ကို နေ့စဉ် ကျွန်ခံကာ သူ့ကိုယ်မှာ ပြာအလူးလူးနှင့် ညစ်ပတ်သော ရုပ်ရည် ဖြစ်နေသောကြောင့် သူ့ကို မိထွေးနှင့် သမီးများက “ စင်ဒရဲလား ” ဟု ပြောင်လှောင်ခေါ်ကြလေသည် ။
ဤသို့ ဆင်းရဲပင်ပန်းစွာ နေ့ထိုင်ရသောအခါ မိန်းကလေးသည် ဝမ်းနည်းလာသည့် အလျောက် သူ့မိခင်၏ အုတ်ဂူသို့ သွားပြီးလျှင် နေ့စဉ် ငိုကြွေးလေ့ရှိ၏ ။ သူသည် စိတ်ဆင်းရဲလာသည့် အခါများ၌ သူ့မိခင် မှာကြားခဲ့သည့်အတိုင်း ဘုရားကို အမြဲ ဝတ်ပြုလေ၏ ။ သည်းခံစိတ်လည်း ပိုမို၍ ထားလေ၏ ။ ဤသို့ဖြင့် မိန်းကလေးသည် မိထွေးနှင့် သမီး နှစ်ယောက်တို့ကို သည်းခံကာ နေလာရာ နေ့ရက်များစွာ ကြာညောင်းခဲ့လေ၏ ။
တစ်နေ့သ၌ မိန်းကလေး၏ ဖခင်သည် မြို့ဈေးသို့ သွားမည် ပြုစဉ် သမီးများကို ခေါ်၍ “ ဆူလာ နှင့် ရီကာ တို့ အဖေ ဈေးကို သွားမလို့ မှာချင်တာ မှာလိုက်ကြ ” ဟု ပြောရာ ဆူလာ နှင့် ရီကာ တို့က “ ကျွန်မတို့ဖို့ အင်္ကျီနှင့် ပုလဲပုတီး ဝယ်ခဲ့ပါအဖေ ” ဟု မှာကြားလေ၏ ။ “ ကဲ … စင်ဒရဲလား ကကော ဘာများ မှာလိုက်မလဲ ” ဟု မေးရာ မိန်းကလေးက “ ကျွန်မ အတွက်တော့ တခြားဟာ မဟုတ်ပါဘူး ။ အဖေ ပြန်လာလို့ရှိရင် လမ်းမှာ အဖေခေါင်းနှင့် ခိုက်မိတဲ့ သစ်ကိုင်း တစ်ခုကို ယူခဲ့ပါ ” ဟု မှာလိုက်လေ၏ ။
ဖခင်သည် ဈေးမှ ပြန်လာသောအခါ ဆူလာ နှင့် ရီကာ တို့အတွက် အင်္ကျီနှင့် ပုလဲပုတီးကို ဝယ်လာခဲ့လေသည် ။ မိန်းကလေး အတွက်မူကား သူ့ခေါင်းနှင့် ခိုက်မိသော သစ်အယ်ကိုင်း တစ်ကိုင်းကို ချိုးယူလာခဲ့လေ၏ ။ မိန်းကလေးသည် ဖခင်ယူလာခဲ့သော သစ်အယ်ကိုင်းကို ယူကာ သူ၏ မိခင်အုတ်ဂူ ပေါ်တွင် စိုက်ထားလိုက်လေ၏ ။ သူသည် နေ့စဉ် ထိုသစ်အယ်ပင်ကလေး ကို သွား၍ ကြည့်ရင်း ငိုကြွေးလေရာ မျက်ရည်များကြောင့် သစ်အယ်ပင်ကလေး ကြီးပြင်းလာလေ၏ ။ မိန်းကလေးသည် တစ်နေ့လျှင် သုံးကြိမ် ထို သစ်အယ်ပင်သို့ သွားကာ ငိုကြွေးရင်း ဆုတောင်းရလေ၏ ။ ထိုသို့ ဆုတောင်းစဉ် သစ်အယ်ပင် ပေါ်မှ ခိုကလေးနှင့် ချိုးကလေးများက ဆီး၍ နှုတ်ဆက်ကြသည် ။ မိန်းကလေး လိုချင်သော အရာများကို သစ်ပင်ပေါ်မှ ပစ်ချပေးကြသည် ။
တစ်နေ့သ၌ ရှင်ဘုရင်ကြီးသည် သူ၏ သားတော် မင်းသားကလေး အတွက် သတို့ သမီးရွေးရန် ကပွဲကျင်းပလေ၏ ။ ထိုကပွဲသို့ မိန်းမပျို မှန်သမျှ မည်သူမဆို တက်ရောက်ကြရန် ဘုရင်က ဖိတ်ခေါ် ကြေညာလေ၏ ။ ထိုသို့ ကြေညာသည်ကို ဆူလာ နှင့် ရီကာ တို့ ကြားသောအခါ ကပွဲသို့ သွားရန် ပြင်ဆင်ကြလေ၏ ။ သူတို့သည် စင်ဒရဲလား ကို ခေါ်၍ ဆံပင် အဖြီးခိုင်းသည် ။ ဖိနပ် အစီးခိုင်းသည် ။ အင်္ကျီ အဝတ်ခိုင်းသည် ။ ကပွဲသို့ သွားမည်ဟု ပျော်ရွှင်နေသော မိထွေး၏ သမီးနှစ်ယောက် ကို ကြည့်ကာ မိန်းကလေးလည်း လိုက်ချင်လာလေ၏ ။ ထိုအခါ ဆူလာ နှင့် ရီကာ တို့က “ နင့်လို ကျွန်မက လိုက်လို့ ဖြစ်နိုင်ပါ့မလားဟဲ့ ” ဟု ရန်တွေ့ကြသည် ။ ထိုအခါ မိန်းကလေးက သူ၏ မိထွေးအား “ ကျွန်မလည်း လိုက်ပါရစေ အမေရယ် ” ဟု တောင်းပန်လေ၏ ။ မိထွေး ကလည်း သူ၏ သမီးများကဲ့သို့ပင် “ ညည်းမလိုက်ပါနဲ့အေ ။ ညည်းလို ကျွန်မကို ဘယ်သူကမှ အဖက် မလုပ်ပါဘူး ” ဟု ပြောလေ၏ ။ ထို့ကြောင့် မိန်းကလေးသည် ဝမ်းနည်းကာ ငိုကြွေးနေလေ၏ ။ ထိုအခါမိထွေးက “ ကဲ ... ဒါလောက် လိုက်ချင်တာဖြင့် ဟောဒီ ပဲရိုင်းစေ့ တစ်ဘူးကို တစ်နာရီနှင့် အပြီး ရွေးထုတ်ပေတော့ ” ဟု ပြောကာ ပဲရိုင်းစေ့များကို ပြာထဲ တွင် ရောနှောက်၍ ချပေးလိုက်လေ၏ ။
မိန်းကလေးလည်း မင်းသား၏ ကပွဲသို့ လိုက်ချင်အားကြီးစွာဖြင့် ပဲရိုင်းစေ့များကို ယူပြီးလျှင် သစ်အယ်ပင် အောက်သို့ သွားကာ ...
“ ပဲရိုင်းစေ့လေးပိစိကွေး
ပြာမှုန်ထဲမှာ ရောလို့ပေး
ကောက်ပါ့ ... ကောက်ပါငှက်ဆွေလေး ”
ဟု ဆိုလိုက်လေ၏ ။ ထိုအခါသစ်အယ်ပင် ပေါ်မှ ချိုးကလေးနှင့် ခိုကလေးတို့က သူတို့၏ ငှက်အဖော်များစွာကို ခေါ်ပြီးလျှင် ပြာမှုန့်ထဲမှ ပဲရိုင်းစေ့များကို တစ်ပြိုင်နက် ရွေးကောက် ပေးလိုက်ကြလေ၏ ။ ပဲစေ့များ ရွေးပြီးသောအခါ မိန်းကလေးသည် ဝမ်းသာအားရဖြင့် မိထွေး ဆီသို့ သွား၍ ပြလေ၏ ။ ထိုအခါ မိထွေးက လိုက်ခွင့် မပေးသေးဘဲ “ အောင်မာ ... ဒါလောက်နှင့် ဘယ်ပြီးနိုင်ပါ့မလဲ ... ရော့ ... ဟောဒီ ပဲစေ့တွေကို ရွေးလိုက်ဦး ” ဟု ဆိုကာ ပဲစေ့နှစ်ဘူးကို ပြာမှုန့်များနှင့် ရောနှောက်ကာ ပေးလိုက်ပြန်လေ၏ ။
ထိုအခါ မိန်းကလေးသည် သစ်ပင်အောက်သို့ ပြေးသွားကာ ...
“ ပဲရိုင်းစေ့လေးပိစိကွေး
ပြာမှုန့်တွေနှင့် ရောလို့ပေး
ကောက်ပါ ... ကောက်ပါငှက်ဆွေလေး ”
ဟု ဆိုလိုက်ပြန်လေ၏ ။ ချိုးကလေးနှင့် ခိုကလေးတို့လည်း ငှက်အဖော်များကို ခေါ်ပြီးလျှင် ပြာထဲမှ ပဲစေ့များကို တစ်ပြိုင်နက် ရွေးထုတ်ပေးလိုက်လေ၏ ။ ထိုအချိန်၌ မိထွေး နှင့် သူ၏ သမီး နှစ်ယောက်တို့သည် မိန်းကလေးကို မခေါ်ဘဲ သတို့သမီးရွေးပွဲသို့ ထွက်သွားနှင့် ကြလေပြီ ။ ထိုအခါ မိန်းကလေးသည် ဝမ်းနည်းစွာဖြင့် သစ်အယ်ပင် အောက်သို့ သွားကာ ...
“ ယိမ်းနွဲ့သစ်ပင်
အိုသစ်ပင်
ရွှေစင်ငွေရေးအင်္ကျီလေး
ပေးပါ့ခုမနှေး ”
ဟု သီဆိုကာ တောင်းလိုက်လေ၏ ။ သစ်အယ်ပင် ပေါ်မှ ငှက်ကလေး နှစ်ကောင် ကလည်း မိန်းကလေး အတွက် ရွှေမျှင် ငွေမျှင်များဖြင့် ယက်လုပ်ထားသော အင်္ကျီလှလှကလေး နှင့် ပိုးဖိနပ်ကလေးတစ်ရံကို ပစ်ချပေးလိုက်ကြလေ၏ ။ မိန်းကလေးလည်း အင်္ကျီကလေးကို ဝတ်၍ ဖိနပ်ကလေးကို စီးကာ ကပွဲသို့ ထွက်သွားလေ၏ ။ ကပွဲတွင် မင်းသားကလေးသည် သူနှင့် တွဲ၍ ကရမည့် သတို့သမီးကို လိုက်၍ ရှာနေလေ၏ ။ စင်ဒရဲလား ရောက်သွားသောအခါ မင်းသားသည် ချစ်ခင်နှစ်သက်စွာဖြင့် လက်တွဲ၍ ကလေ၏ ။ မိန်းကလေးကို မိထွေး၏ သမီးများက မမှတ်မိကြပေ ။ ဤလှပသော မိန်းမပျိုသည် တခြား တိုင်းပြည်က မင်းသမီး တစ်ပါးပင် ဖြစ်ပေမည်ဟု မှတ်ထင်ကြလေ၏ ။ မင်းသားသည် ကပွဲတစ်ချိန်လုံး၌ မည်သူ့ကိုမျှ လက်မခံဘဲ နှင့် စင်ဒရဲလား နှင့်သာ တွဲ၍ ကလျက် ရှိလေ၏ ။ ဤသို့ဖြင့် ကပွဲ ပြီးဆုံးသွားလေ၏ ။ စင်ဒရဲလား သည် ပြန်မည်ပြုစဉ် မင်းသားက လိုက်ပို့မည်ဟု ပြောကာ နောက်မှ လိုက်လာခဲ့လေ၏ ။ မင်းသား လိုက်လာမှန်းကို သိသော မိန်းကလေးသည် သူ့အိမ်ကို သိရှိသွားမည် စိုး၍ ရှေ့မှ ခပ်သုတ်သုတ် ထွက်သွားကာ အိမ်အနီးသို့ ရောက်သောအခါ ဥယျာဉ် ထဲရှိ ခိုအိမ်တွင်းသို့ ခုန်ဝင်သွားလေ၏ ။ မိန်းကလေးကို မျက်ခြေပြတ်သွားသော မင်းသားသည် အိမ်ရှေ့သို့ သွားပြီး လျှင် ပျောက်သွားသော မိန်းကလေးကို လိုက်၍ ရှာလေ၏ ။ ထိုအခိုက် မိန်းကလေး၏ ဖခင်နှင့် တွေ့၍ အကြောင်းကို ပြောပြရာ စင်ဒရဲလား တော့ မဖြစ်နိုင်ရာဟု တွေးပြီးလျှင် မင်းသား ကျေနပ်စေရန် ခိုအိမ်ကို ဖွင့်၍ ပြလိုက်ရလေ၏ ။ ခိုအိမ် ထဲတွင် မိန်းကလေးကို မတွေ့ရသောအခါ မင်းသားလည်း ပြန်လှည့်သွားလေ၏ ။
မိန်းကလေးမူကား ခိုအိမ်တွင်းမှ နေ၍ သူ့မိခင် အုတ်ဂူရှိ သစ်အယ်ပင် အောက်သို့ သွားပြီးလျှင် ငှက်ကလေး နှစ်ကောင်ကို အင်္ကျီနှင့် ဖိနပ် ပြန်အပ်ခဲ့ကာ သူ့နေရာ မီးဖိုဆောင်သို့ တိတ်တဆိတ် ပြန်လာခဲ့ရလေ၏ ။ မိန်းကလေး၏ ဖခင်နှင့် မိထွေးတို့သည် မိန်းကလေးကို သူ့နေရာ၌ ခါတိုင်းကဲ့သို့ တွေ့ရသောအခါ ကပွဲသို့ ထွက်သွားသည်ဟု မည်သူမျှ မသိ လိုက်ကြပေ ။
နောက်တစ်နေ့မနက် ကပွဲအသစ် ဆက်လက်၍ ကျင်းပသောအခါ ဆူလာနှင့် ရီကာ တို့လည်း မနေ့က ကဲ့သို့ သူတို့ကိုယ်ကို အလှပြင်ကာ ထွက်သွားကြ ပြန်လေ၏ ။ မိန်းကလေး သည်လည်း ကပွဲသို့ သွားမည်ဟု သူ့မိခင်၏ ဂူရှိ သစ်အယ်ပင် အောက်သို့ ထွက်သွားပြီးလျှင်
“ ယိမ်းနွဲ့သစ်ပင်
အိုသစ်ပင် ၊
ရွှေစင်ငွေရေးအင်္ကျီလေး
ပေးပါ့ခုမနှေး ”
ဟု တောင်းဆို လိုက်ပြန်လေ၏ ။ ထိုအခါ သစ်အယ်ပင်ပေါ်က ငှက်ကလေးများက ကြား၍ မနေ့ကထက် ကောင်းမွန်လှပသော အင်္ကျီနှင့် ဖိနပ်ကလေးကို ပစ်ချပေးလိုက်ကြလေ၏ ။ မိန်းကလေးလည်း အင်္ကျီနှင့် ဖိနပ်ကလေးကို ဝတ်ဆင်ပြီးလျှင် ကပွဲသို့ ထွက်သွားလေ၏ ။ ကပွဲတွင် မိန်းကလေးကို မည်သူကမျှ မမှတ်မိကြပေ ။ မင်းသား ကလည်း မည်သူ့ကိုမျှ လက်မခံ ဘဲ မိန်းကလေးနှင့်ပင် လက်တွဲ ကလေ၏ ။ ကပွဲ ပြီးဆုံးသောအခါ မိန်းကလေးက ပြန်မည်ပြု၍ မင်းသားက နောက်မှ လိုက်လာခဲ့လေ၏ ။ မင်းသား လိုက်လာနေမှန်းကို သိသော မိန်းကလေးသည် သူ့အိမ်ကို သိသွားမည် စိုး၍ ဥယျာဉ်ထဲရှိ သစ်တော်ပင် ပေါ်သို့ အမှတ်မဲ့ ပြေးတက်သွား လေ၏ ။ မိန်းကလေးကို မျက်ခြေပြတ်သွားသော မင်းသားလည်း အိမ်ရှေ့သို့ သွားကာ ပျောက်သွားသော မိန်းကလေးကို ရှာလေ၏ ။ ထိုအခါ မိန်းကလေး၏ ဖခင်နှင့် တွေ့၍ အကြောင်းကို ပြောပြလိုက်သောအခါ သူတို့က စင်ဒရဲလား တော့ မဟုတ်နိုင်ဟု တွေးကာ မင်းသား ကျေနပ် စေရန် သစ်တော်ပင်ကို ခုတ်လှဲ၍ ရှာပေးကြရလေ၏ ။ ထိုသို့ ရှာသော်လည်း သစ်တော်ပင် ပေါ်၌ မိန်းကလေးကို မတွေ့ကြရပေ ။ မိန်းကလေးက မူကား သစ်တော်ပင် ပေါ်မှ ခုန်ချလိုက်ပြီးလျှင် သစ်အယ်ပင် အောက်သို့ ထွက်သွားကာ သူ့အင်္ကျီနှင့် ဖိနပ်ကလေးကို ငှက်ကလေးများထံ ပြန်အပ်ကာ သူ့နေရာ မီးဖိုဆောင်သို့ အနေမပျက် ပြန်သွားရလေ၏ ။ ထို့ကြောင့် သူ၏ ဖခင်နှင့် မိထွေး တို့က မသိလိုက်ကြပေ ။
နောက်တစ်နေ့တွင်လည်း ကပွဲအသစ် ကျင်းပပြန်၍ ဆူလာနှင့် ရီကာ တို့ ထွက်သွားကြ ပြန်လေ၏ ။ မိန်းကလေးလည်း သစ်အယ်ပင် အောက်သို့ သွားပြီးလျှင် ...
“ ယိမ်းနွဲ့သစ်ပင်
အိုသစ်ပင် ၊
ရွှေစင်ငွေရေးအင်္ကျီလေး
ပေးပါ့ ခုမနှေး ”
ဟု တောင်းဆို လိုက်ပြန်လေ၏ ။ ထိုအခါ သစ်ပင်ပေါ်မှ ငှက်ကလေးများက အလှဆုံး အင်္ကျီနှင့် ရွှေဖိနပ်ကလေးကို ပစ်ချပေးလိုက်ကြလေ၏ ။ မိန်းကလေးလည်း ထိုအင်္ကျီနှင့် ရွှေဖိနပ်ကလေးကို ဝတ်ဆင်လိုက်သောအခါ အလှဆုံး မိန်းမပျို တစ်ယောက် ဖြစ်နေလေ၏ ။ ထို့နောက် ကပွဲသို့ ထွက်သွားသောအခါ မင်းသားကတွဲ၍ ကလေ၏ ။ စင်ဒရဲလား ကိုမည်သူကမျှ မမှတ်မိကြပေ ။ ဤသို့ ကကြ၍ အတန်ငယ် ကြာသောအခါ မိန်းကလေးသည် အိမ်သို့ ပြန်မည် ပြုလေ၏ ။ ထိုနေ့တွင် မင်းသားက မိန်းကလေး မသိအောင် လှေကားတွင် ကတ္တရာစေးများဖြင့် သုတ်ထားလျက် ရှိလေ၏ ။ မိန်းကလေးလည်း ပြန်ရန် ထွက်သွားသောအခါ မင်းသားက နောက်မှ အပြေးလိုက်သွားရလေ၏ ။ ထိုခဏ၌ မိန်းကလေး စီးလာသော ရွှေဖိနပ်ကလေးသည် ကတ္တရာစေးများကပ်၍ လှေကားမှာ ကျွတ်ကျ နေခဲ့လေ၏ ။ မင်းသားလည်း ရွှေဖိနပ်ကလေးကို ကောက်ယူကာ မိန်းကလေး နောက်သို့ အပြေး လိုက်သွားသောအခါ မမီလိုက်ပေ ။ နောက်တစ်နေ့ မနက်တွင် မင်းသားသည် သူ ကောက်ရသော ဖိနပ်ကလေးကို ယူကာ မိန်းကလေး နေသော အိမ်ရှေ့သို့ သွားလေ၏ ။ အိမ်ရှေ့တွင် မိန်းကလေး၏ မိထွေးနှင့် ဖခင်ကို တွေ့ရ၍ ဤဖိနပ်ကို စီးနိုင်မည့်သူသာလျှင် သူ၏ ဖူးစာရှင် ဖြစ်မည် ဟု ပြောပြကာ လိုက်၍ ရှာခိုင်းလေ၏ ။ ထိုအခါ သူတို့၏ သမီးများကို ခေါ်၍ “ ဆူလာ နှင့် ရီကာ တို့ ညည်းတို့ ဤလှပသော ဖိနပ်ကလေးကို စီးကြည့်ကြပါ ။ စီးနိုင်မည့် သူသည် မင်းသား၏ ကြင်ရာတော် ဖြစ်ရမည် ” ဟုပြောကာစီးခိုင်းလေ ၏ ။ ဆူလာလည်း မင်းသား၏ ကြင်ရာတော် ဖြစ်ချင်လွန်း၍ ဖိနပ်ကို စီးကြည့်လိုက်သောအခါ ခြေမကြီးမှာ ကြီးလွန်းနေ၍ စီး၍ မဖြစ်နိုင်ပေ ။ ထိုအခါ သူ၏ မိခင်က “ အိုအေ ... ညည်းဟာ မိဖုရားဖြစ်ရင် ခြေထောက်နှင့် သွားရမှာမှ မဟုတ်ဘဲ ညည်းခြေမကြီးကို ဖြတ်ပစ်လိုက်ပါ ” ဟု ပြောကာ ဓားဖြင့် ဖြတ်ပစ်လိုက်လေ၏ ။ ထို့နောက် ခြေထောက်ကို သေးငယ်သော ဖိနပ်ကလေး ထဲသို့ အတင်း စီးသွင်းကာ မင်းသား ရှေ့တွင် ပြသောအခါ မင်းသားက တကယ်ပင် ယုံကြည်၍ ဆူလာ ကို မြင်းနှင့် တင်၍ ခေါ်သွားလေ၏ ။ သူတို့သည် စင်ဒရဲလား ၏ သစ်အယ်ပင်ကလေး အနီးသို့ ရောက်သောအခါ အပင်ပေါ်မှာ ရှိသော ငှက်ကလေးများက မြင်ကြ၍
“ သခင် ... သခင် ...
ကြည့်စေချင်
သွေးရှင်ရဲရဲ ဖိနပ်ထဲ
သတို့သမီး ဟုတ်ပါဘဲ ”
ဟု အော်မြည် လိုက်ကြလေ၏ ။ ထိုအခါ မင်းသားက ဆူလာ၏ ခြေထောက်ကို ငုံ့ ကြည့်လိုက်သောအခါ ခြေထောက်မှာ ဓားဒဏ်ရာဖြင့် သွေးများ နီရဲနေသည်ကို တွေ့မြင်ရလေ၏ ။ ထို့ကြောင့် မင်းသားက သတို့သမီး အစစ်ကို လိုက်ရှာခိုင်းလေ၏ ။ ထိုအခါ ရီကာ လည်း မင်းသား၏ ကြင်ရာတော် ဖြစ်ချင်လွန်း၍ လှပသော ရွှေဖိနပ်ကလေးကို စီး၍ ကြည့်လေ၏ ။ ရီကာ မှာလည်း ဆူလာ ကဲ့သို့ပင် ခြေဖနောင့်ကြီး ရှည်ထွက်နေ၍ စီး၍ မဖြစ်နိုင်ပေ ။ သို့ရာတွင် သူတို့ မိခင်က မလျှော့သေးဘဲ ၊ “ အိုအေ ညည်းဟာ မိဖုရား ဖြစ်ရင် ခြေထောက်နဲ့ သွားရမှာမှ မဟုတ်ဘဲ ဓားနဲ့ ဖြတ်ပစ်လိုက်ပါ ” ဟု ပြောကာ ဓားဖြင့် ဖြတ်ပစ်လိုက်လေ၏ ။ ထို့နောက် လှပသေးငယ်သော ဖိနပ်ကလေး ထဲတွင် အတင်း စီးပြီးလျှင် မင်းသားရှေ့၌ ပြလိုက်လေ၏ ။ မင်းသားလည်း တကယ်ပင် ယုံကြည်ကာ ရီကာကို မြင်းနှင့် တင်၍ ခေါ်သွားလေ၏ ။ သူတို့သည် စင်ဒရဲလား၏ သစ်အယ်ပင် အောက်သို့ ရောက်ကြသောအခါ သစ်ပင်ပေါ်မှာ ရှိသော ငှက်ကလေးများက မြင်၍ ...
“ သခင် ... သခင် ...
ကြည့်စေချင်
သွေးရှင်ရဲရဲ ဖိနပ်ထဲ
သတို့သမီး ဟုတ်ပါဘဲ ...”
ဟု အော်မြည် လိုက်ကြလေ၏ ။ ထိုအခါ မင်းသားက ရီကာ၏ ခြေထောက်ကို ငုံ့၍ ကြည့် လိုက်သောအခါ ခြေဖနောင့်ပြတ်ကာ သွေးများ နီရဲနေသည်ကို တွေ့မြင်ရလေ၏ ။ ထို့ကြောင့် သတို့သမီး အစစ်ကို လိုက်၍ ရှာခိုင်း ပြန်လေ၏ ။ စင်ဒရဲလား၏ ဖခင် ကလည်း သူတို့တွင် သမီးနှစ်ယောက်သာ ရှိပါသည် ။ သို့ရာတွင် အရင် အိမ်ထောင်မှ မွေးခဲ့သော စင်ဒရဲလား ဆိုသည့် မိန်းကလေး တစ်ယောက်တော့ ရှိပါသည် ။ ဘယ်နည်းနှင့်မျှ သတို့သမီး မဖြစ်နိုင်ပါကြောင်းကို ပြောပြလေ၏ ။ မိထွေး ကလည်း ထိုမိန်းကလေးသည် အလွန်ညစ်ပတ် ပေရေနေ၍ မင်းသား ရှေ့သို့ပင် မခေါ်သင့်ပါကြောင်းကို ပြောပြလိုက်လေ၏ ။ သို့သော်လည်း မင်းသားက မယုံကြည်ဘဲ စင်ဒရဲလား ကို သူ့ရှေ့သို့ ခေါ်ခဲ့စေ ပြီးလျှင် ရွှေဖိနပ်ကလေးကို စီးခိုင်းကြည့်လေ၏ ။ ထိုအခါ လှပသော စင်ဒရဲလား ၏ ခြေထောက်နှင့် ရွှေဖိနပ်ကလေးမှာ စီး၍ အတော် ဖြစ်နေလေ၏ ။ မင်းသားလည်း စင်ဒရဲလား ၏ မျက်နှာကို ငုံ့၍ ကြည့်လိုက်သောအခါ ကပွဲတွင် သူနှင့် တွဲ၍ ကခဲ့ရသော မိန်းမပျို ဖြစ်နေသည်ကိုတွေ့ရှိရလေ၏ ။ မင်းသားလည်း များစွာ ဝမ်းသာလျက် စင်ဒရဲလား ကို မြင်းနှင့် တင်၍ ခေါ်သွားလေ၏ ။ သူတို့သည် သစ်အယ်ပင် အောက်သို့ ရောက်ကြသောအခါ အပင်ပေါ်မှာ ရှိသော ချိုးလည်ပြောက်ကလေးနှင့် ခိုကလေးတို့က ဝမ်းသာအားရဖြင့်
“ သခင် ... သခင် ...
ကြည့်စေချင် ၊
သွေးရှင်မရဲ ဖိနပ်ထဲ ၊
သတို့သမီး လှရွှေခဲ... ”
ဟု တေးဆို လိုက်ကြလေ၏ ။
ထိုသို့ စင်ဒရဲလားနှင့် မင်းသားတို့ ပျော်ရွှင်စွာ ထွက်သွားကြသောအခါ ဆူလာ နှင့် ရီကာ တို့လည်း ငေး၍ ကြည့်နေစဉ် ငှက်ဆိုးကြီး နှစ်ကောင် ရောက်လာ ပြီးလျှင် သူတို့ ညီအစ်မ၏ မျက်လုံး နှစ်ဖက်ကို နှုတ်သီးဖြင့် ထိုးဖောက်လိုက်ကြလေ၏ ။ ထိုနေ့မှစ၍ ဆူလာ နှင့် ရီကာ တို့သည် မကောင်းမှုများကြောင့် တစ်သက်ပတ်လုံး မျက်ကန်းဘဝဖြင့် နေထိုင်လျက် ရှိကြလေသည် ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၅၉ ၊ အောက်တိုဘာ
No comments:
Post a Comment