❝ စကားတစ်လုံး ❞
( ပီမိုးနင်း )
စကားတစ်လုံးသည် အခါများစွာ မိုးကြိုးသွား ထက် ကြောက်စရာ ကောင်း၏ ။ သို့ ဖြစ်သောကြောင့် “ သံစောင်းထက် - ကျောက်စောင်း ထက်သည် ၊ ကျောက်စောင်းထက် - ရေစောင်းထက်သည် ၊ ရေစောင်း ထက် - လေစောင်းထက်သည် ” ဟု ရှေးလူကြီးသူမများ ပြောကြလေသည် ။
သို့ပါလျက် လူများသည် စကားကို အလွတ်မဲ့ ပြောတတ်ကြ၏ ။ အခါများစွာသော သူတို့၏ စိတ်၌ တစ်စုံတစ်ယောက်အား အကျိုးယုတ်အောင် ပြောခြင်း မဟုတ် ၊ ပါးစပ် အားဖြင့် “ သာလိကာငှက် သည် နှုတ်သီးမှ သွင်းသမျှကို အောက်ဘက်မှ အမြဲ စွန့်သလို ” အချို့သော သူတို့သည် စကားကို နှုတ်မှ စွန့်တတ်ကြ လေသည် ။
မောင်ထွန်း နှင့် မမြ တို့၏ မင်္ဂလာအရေးသည် စကားတစ်လုံးကြောင့် အဘယ်ပုံ ဖြစ်သည်ကို တွေ့ ရှိရလေသည် ။
နက်ဖြန်ခါ မင်္ဂလာ ဆောင်တော့မည့် ဆဲဆဲ ရှိကြ၏ ။ ၎င်းနေ့ မတိုင်မီ ညဉ့်၌ မမြ၏ အဒေါ် က ဧည့်သည်များကို စောင်း ၊ အငြိမ့် နှင့် ဖျော်ဖြေရင်း ထမင်း ကျွေး၏ ။ မမြ၏ အဒေါ် ဒေါ်သိမ်း သည် မောင်ထွန်း ကို လွန်စွာ ချစ်သဖြင့် လွန်စွာ သဘောကျလျက် ထို မင်္ဂလာပွဲမှာ မိမိ တစ်ဦးတည်းက ငွေငါးထောင် လက်ဖွဲ့ရန် အသင့်ရှိ၏ ။ လာရောက်သော ဧည့်သည်များကလည်း အဘယ်လက်ဆောင်မျိုးတွေကို ပေးရမည့် အကြောင်း တိုင်ပင်ကြလေ၏ ။
ထို ဧည့်ခံပွဲ၌ မမြ နှင့် ၎င်း၏ မိန်းမဖော်များ ပါရှိကြလေ၏ ။ မောင်ထွန်း ကဲ့သို့ ကြီးပွား ထင်ရှား၍ နေသော ရန်ကုန်မြို့သား တိုက်ဆိုင်ကြီး တစ်ခု၏ ပိုင်ရှင်သူဌေးကလေး တစ်ယောက် နှင့် မမြ တွေ့ ရသည်မှာ လွန်စွာ ကံထူးသည်ဟု အများက ချီးကျူးကြလေ၏ ။
ထိုပွဲသို့ ဝတ်လုံတော်ရ မောင်မြင့် သည်လည်း ရောက်၍လာ၏ ။ မောင်မြင့် သည် မမြ မင်္ဂလာဆောင်မည့် အကြောင်းကို မသိ ၊ တခြားမြို့သို့ အမှုလိုက် သွားရာမှ ပြန်အလာ ခရီးလမ်း ကြုံသဖြင့် ဒေါ်သိမ်း ၏ အိမ်၌ လူတွေ စည်ကားလှချည်လားဟု အောက်မေ့ပြီး ဝင်၍ လာရခြင်း ဖြစ်လေ၏ ။ မမြ မည်သူနှင့် မင်္ဂလာဆောင်မည်ကိုလည်း မသိရချေ ။
မောင်မြင့်သည် နာမည်ရသော ဝတ်လုံကလေး ဖြစ်၏ ။ ရန်ကုန် မြို့မှ ဤဒိစတြိတ်မြို့သို့ ပြောင်းရွှေ့လာပြီး ထင်ရှား၍နေ၏ ။ ၎င်းသည် ဤမြို့သို့ ရောက်ပြီး များမကြာမီ ထင်ပေါ် ကျော်ကြားခဲ့ရာ လွန်ခဲ့သော ရက်သတ္တ တစ်ပတ် သာသာ လောက်က လူသ,တ်မှု တစ်ခု၌ တရားခံကို ကွင်းလုံးကျွတ် လွတ်အောင် လိုက်ခဲ့သဖြင့် များစွာ ပိုမို ထင်ရှား ကျော်ကြား၍ လာလေ၏ ။ ၎င်း ရောက်၍ လာသောအခါ ဧည့်သည်များသည် ထိုအမှုအကြောင်းကို ပြောဆို ဆွေးနွေး၍ နေကြခိုက် ဖြစ်လေ၏ ။
၎င်း အမှု၌ တရားခံဘက်က သက်သေ မလုံလောက် သဖြင့် သေသူဘက်က လွန်စွာ သက်သေခိုင်လုံလျက် နေရာ တရားခံမှာ လည်ပင်း၌ ကြိုးတပ်ပြီးလိုလို ဖြစ်၍ နေ၏ ။ ထိုအမှုနှင့် ပတ်သက်၍ ဝတ်လုံမောင်မြင့်ကို များစွာ ချီးမွမ်းကြလေ၏ ။ မောင်မြင့်က ...
“ ချီးမွမ်းစရာ မရှိပါဘူး ၊ ကျွန်တော်က ဘာမှ ဉာဏ်ထုတ်ရတာ မဟုတ်ပါဘူး ၊ အရေးအကြီးဆုံး သက်သေဟာ မဟုတ်မမှန် ထွက်တယ် ဆိုတာ တစ်ခုပဲ သိတာပါပဲ ၊ သည့်အတွက် လိမ်တဲ့ အရာဟာ လောကမှာ အဖုံးရ အခက်ဆုံးပဲ ၊ သူ့ အလိမ်ကို သူ့စကားနဲ့ ပေါ်အောင် လုပ်မှပဲ အောက်မေ့ပြီး ထင်ရာတွေ လျှောက်တွေးပြီး အရမ်း မေးတာပါပဲ ၊ အမေး များတော့ အဖြေ စကားတွေ များတာပေါ့ ၊ စကားများရင် အမှား ပါတတ်တယ် - မဟုတ်လား ၊ သူ့စကား အမှားနဲ့ သူ့အလိမ် ပေါ်တာပဲ ၊ ဘာမှ ကြီးကျယ်တာ မဟုတ်ဘူး ၊ စကားတစ်လုံး မှားရင် ပြီးတာပဲ ”
ထို့နောက် စကားဆက်ကာ ..
“ အမှုသာ မဟုတ်ပါဘူး ၊ တခြား စကားများလည်း အများကြီး သတိထားမှ တော်ရုံ ကျပါတယ် ၊ မတော်တဆ မပြောအပ်တဲ့ စကား တစ်လုံးကို ပြောမိရင် ပြောတဲ့လူ မှာတော့ ဘာမှ အရေး မကြီးဘူး ၊ မတော်တဆ တစ်ယောက် ယောက်မှာ ထိခိုက်သွားရင် အင်မတန် အကျိုး ယုတ်တာမျိုးပဲ ၊ စကား တစ်လုံးဟာ အင်မတန် ခရီးရောက်ပါတယ် ၊ စကား မှားလို့ ဘယ်လို ဖြစ်တယ် ဆိုတာ ကျုပ် ပြောပြမယ် ၊ ကျုပ် ကိုယ်တိုင် တွေ့ဖူးတာပါ ”
ဟု ပြောလေရာ ဧည့်သည် အားလုံးတို့သည် ၎င်းကိုမော် ကြည့်ကြ ပြီး နားထောင်ရန် ပြင်ကြလေ၏ ။
“ ကျုပ် ဘိလပ်က ပြန်လာပြီး ပထမရုံးကို စ လိုက်ရတဲ့ အမှုပေါ့ ၊ ကျုပ် သူငယ်ချင်း တစ်ယောက်က ကျုပ်ကို ကလပ် ခေါ်သွားတယ် ၊ နာမည်တွေကိုတော့ ပြောဖို့ မလိုပါဘူး ၊ ကလပ်ကို ရောက်တော့ စားရင်း သောက်ရင်း တောင်တောင်မြောက်မြောက် ပြောချင်ရာ ပြောနေကြတာပေါ့ခင်ဗျာ ၊ အများအားဖြင့်တော့ အရာမရောက်တဲ့ မရေမရာ စကားတွေပါပဲ ၊ ရန်ကုန်မြို့ မှာတော့ စားကြသောက်ကြ ၊ ပါတီကျွေးကြတဲ့ အခါ ဒီလို ပြောတတ်ကြတာပါပဲ ၊ အလုပ်အကိုင်စီးပွားရေးနဲ့ ပတ်သက်ပြီး တယ်ကြီး မပြောကြပါဘူး ။ ပညာရေး ၊ ဘာသာရေး ၊ အာလာပ သလ္လာပ ဆိုတာတော့ အင်မတန် ဝေးတာပဲ ၊ နို့ စင်စစ်အားဖြင့်လည်း ပျော်တဲ့နေရာမှာ လေးနက်တဲ့ အရေးကိစ္စတွေ အကြောင်းကို ပြောလို့လည်း မဖြစ်ဘူး ၊ ပြောရင် စားတဲ့ အစာ မကြေတတ်ဘူး ၊ ဗိုက်နဲ့ ဦးနှောက် ဟာ တစ်ပြိုင်တည်း အလုပ် မလုပ်ကောင်းဘူး ”
“ အဲဒီလို ပြောနေကြတဲ့ အခိုက်မှာ တခြား ဧည့်သည် တစ်ယောက် ရောက်လာ ၊ ဆီးပြီး တိုက်ကြ ၊ ကျွေးကြတာနဲ့ တခဏ အတွင်းမှာပဲ အရက်မူးပြီး အဲဒီ လူကမှ အထူးတွေကို စပြီး ပြောတာကိုးဗျ ”
“ ဒီလူက အခြား မိတ်ဆွေ တစ်ယောက်နဲ့ ပတ်သက်ပြီး လာပါတယ် ၊ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းနဲ့ က သူ့ကို ဘယ်သူဘယ်ဝါ ရယ်လို့ မသိကြဘူး ၊ ဒီတစ်ခါ ပထမ မြင်ဖူးတာပဲ ၊ သူ ပြောတဲ့ စကားတွေ ကတော့ အပျော်အပါး သူတွေ့ ကြုံတွေ့ ခဲ့တာတွေ များတာပါပဲ ၊ အဲဒီ စကားတွေထဲမှာ သူ နဲ့ တိတ်တဆိတ် ကြိုက်ဖူးတဲ့ လင်ရှိမိန်းမ တစ်ယောက် အကြောင်းပါတယ် ”
“ ကျုပ် ကတော့ ငရဲကြီးမှာပဲဗျာ ၊ နို့ပေမဲ့ သူက စတော့ ဘယ့်နှယ် လုပ်မလဲဗျာ ၊ နှစ်ယောက်တည်းလည်း တွေ့ ရတာကိုး ၊ နောက်တော့ တနင်္ဂနွေ တစ်ပတ်မှာ တစ်ခါချိန်း ၊ နှစ်ခါချိန်း ချိန်းပြီး တွေ့ ကြတာပဲ ၊ ကျုပ်မှာ ငွေကျပ်တယ် ဆိုရင်လည်း ချက်ချင်း ငွေ ရောက်လာတာပဲ ” ဟူသော စကားဖြင့် အဆုံးသတ်လိုက်တယ် ”
“ အဲဒီ စကားများထဲမှာ ဒီမိန်းမ၏ အမည်နာမ ၊ ပုံသဏ္ဌာန် ၊ သူ့ယောက်ျားက ဘယ်လို စသည်ဖြင့် ပါရှိတဲ့ အပြင် ဒီမိန်းမနဲ့ သူနဲ့ နှစ်ဦးတည်းသာ သိတဲ့ အချစ်၏ အထိမ်းအမှတ် စကား တစ်လုံးလည်း ပါ တယ် ၊ ဒီ အထိမ်းအမှတ် စကားဟာလည်း ဒီမိန်းမ သူ့လင်နဲ့ ရည်းစား ဖြစ်ကတည်းက စပြီး အသုံးပြုလာတဲ့ အထိမ်းအမှတ် စကားပဲကိုးဗျ ၊ သူတို့လင်မယားသာ သိတာပဲ ၊ သူတို့ သမီးရည်းစား အဖြစ်က စပြီး လင်မယား ဖြစ်သည့် တိုင်အောင် တစ်ယောက်နှင့် တစ်ယောက် ဝေးကွာ ၍ စာပေးစာယူ လုပ်ရင် ဒီအထိမ်းအမှတ် စကားကို သုံးကြတယ် ၊ ဒီစကားကို သတိရတိုင်း အချစ်ဟာ တိုးလာသလို ဖြစ်တယ်လို့ သူ့ လင်က နောက်တော့ ကျုပ်ကို ပြောပြဖူးတယ် ၊ သူ့လင် စိတ်ထဲမှာတော့ သူ့မယားထက် တော်တဲ့ မိန်းမ မရှိဘူးလို့ ထင်ပြီး အင်မတန်သစ္စာရှိတယ်လို့ အောက်မေ့တာပဲ ၊ ဒီလို ဖောက်ပြန်မယ် ဆိုတာ အိပ်မက် မက်ဖူးမယ့် လက္ခဏာ မရှိဘူး ”
“ အဲဒီ စကားတွေကို ပြောတော့ ကျုပ် သူငယ်ချင်းမှာ မျက်နှာ အများကြီး ပျက်သွားတာပေါ့ ခင်ဗျာ ၊ ပြောလိုက်ရယ်လိုက် နဲ့ အဖြစ်အပျက် ၊ အတွေ့ အကြုံတွေကို နှစ်နှစ်ကာကာ တအုံးအုံး ပြောနေကြတော့ ဘယ် ခံနိုင်ရှာမလဲ ခင်ဗျာ ၊ ပြောတဲ့ လူက သူ့ မိန်းမမှန်း မသိလို့ ပြောတာပါ ၊ ရယ်တဲ့ လူတွေကလည်း သူ့ မိန်းမရယ်လို့ မတွေးမိဘဲ ၊ တသောသော ရယ်ကြတာပါပဲ ”
“ ဇာတ်ထုပ်လည်း ဆုံး ညဉ့်သန်းခေါင်ကျော် လောက်လည်း ရောက်ကရော ပျော်ပွဲ လည်း ပြီးရော အသီးသီး ပြန်ကြတာပေါ့ ၊ ကျွန်တော့် သူငယ်ချင်းကတော့ အိမ်ကို မပြန်ဘဲ ဟိုလူ့နောက် တိတ်တဆိတ် လိုက်သွားပြီး အကျိုးအကြောင်းကို ဒေါနဲ့မောနဲ့ မေးထင်ပါရဲ့ ၊ ဟိုလူကလည်း အရက်မူးမူး နဲ့ “ မိန်းမ ဆိုတာ ဘယ်တော့မှ စိတ်ချလက်ချ မယုံရဘူးဗျ ၊ ခင်ဗျားမိန်းမကို ခင်ဗျား သေသေချာချာမှ မစောင့်ကြပ်ဘဲ ကျုပ်ကို ဘာစိတ်ဆိုးဖို့ ရှိသလဲ ” လို့ ပြန်ပြောသတဲ့ ။
“ ဒီတော့ သည်းမခံနိုင်ဘဲ လက်ထဲမှာ ပါတဲ့ တောင်ထန်းသားတုတ်နဲ့ အုပ်ဆက်ကို ချလိုက်တာ ဟိုလူ ပွဲချင်းပြီး သေတာပါပဲ ခင်ဗျာ ၊ နောက်တစ်နေ့ကျတော့ ကျုပ်သူငယ်ချင်း ကျုပ်ဆီ လာပြီး ကြောက် ကြောက်နဲ့ အကြံ တောင်းရှာတယ် ၊ သူ့ အထင်က ဒီအမှု ပေါ်လိမ့်မယ် ၊ ရန်ကုန် ပုလိပ်များလည်း အလွန် မွှတ်တယ် ထင်ပြီး ကြောက်တာကိုး ၊ အဲဒီ အမှုဟာ ဘိလပ်က အပြန်မှာ ပထမတွေ့ ရတဲ့ အမှုပဲ ၊ သူ့ မယားအတွက် စိတ်ပျက်ပြီး မိမိ ပြုမိတဲ့ အမှုအတွက် အစိုးရထံ ဝန်ချပြီး အပြစ်ကို ခံချင်သလိုလို ပြောရှာတယ် ၊ အင်မတန် ချစ်တဲ့ မယားက ဖောက်ပြန်တော့ အရူးဖြစ်သွားတာပေါ့လေ ၊ တစ်ဖက်က ခက်နေတာကလည်း မယားမှာ အပြစ် ရှိမှန်း သိလျက် အချစ်က မပြယ် ၊ နောင် ဒီအကြောင်းတွေကို အများ သိကြရင် သူ့မှာ ကြိုးပေးခံသေရမှာက အရေးမကြီးဘူး ၊ မယား ဖောက်ပြန်လို့ အခုလို ဖြစ်ရတယ်လို့ အများက ဝိုင်းပြီး သူ့မယားကို ကဲ့ရဲ့ကြမှာလည်း အင်မတန် စိုးရိမ်နေတာပေါ့ ”
“ ဒီတော့ ကျုပ်မှာလည်း အခက်တွေ့တာပဲ ၊ တစ်ခါမှ အမှုမရသေးသူမှာ ပထမအမှုဟာ အမှုကျပ် ဖြစ်နေတာကိုး ၊ ရာဇဝတ်မှု ကျူးလွန်သူ တစ်ယောက်ကို အသိသားနဲ့ ကာကွယ်ထားရမယ် ဆိုတာ ကျုပ် စိတ်ထဲမှာ လိပ်ပြာ မသန့်သလို ဖြစ်နေတာပေါ့ ၊ သို့သော်လည်းလေ သေသူ လည်း သေပြီ ၊ သေသူက သူ့ မယားကို ခိုးမိပေတာကိုး ၊ အမှုပေါ်ရင် ကိုယ့်သူငယ်ချင်း မှာလည်း ဒုက္ခဖြစ်မယ် ၊ ဟို မိန်းမမှာလည်း အရှက်ကွဲ ချည်ရဲ့လို့ တွေးပြီး … သူငယ်ချင်း ၊ ဘယ်သူမှ မမြင်ရတဲ့ ပြစ်မှုပဲ ၊ ငြိမ်ငြိမ်နေရင် ပြီးရောပေါ့ ၊ မင်းမယား ကို သဘော မကျရင် ပစ်လိုက်တာပေါ့ ” လို့ အကြံပေးရတာပေါ့ ”
“ ဒီအကြောင်းတွေ ဟာလည်း နှစ်အတော် ကြာပါပြီ ၊ အခုတော့ ဘာမှ မဖြစ်နိုင်တော့ပါဘူး ၊ ဒီအကြောင်းဟာလည်း အေးသွားတာပါပဲ ၊ ကျုပ် သူငယ်ချင်းလည်း ကျုပ် စကားအတိုင်း သူ့မိန်းမကို တစ်နည်းနည်းနဲ့ကြံပြီး ကွာပစ် လိုက်ရရှာတယ် ၊ ဒီ မိန်းမမှာလည်း သူ့အပြစ် ပေါ် မှာကို အင်မတန် ရှက်ကြောက်ပြီး လင်ငယ်သေသည့် အတွက် လင်ကြီးကို ရန်မရှာပါဘူး ၊ အကွာ ခံတာပါပဲ ၊ နောက် သုံးနှစ်လောက် ကြာတော့ ဒီမိန်းမ သေသွားရှာတယ် ၊ ဒီ့နောက် ကျွန်တော့် သူငယ်ချင်း မှာ အလုပ်အကိုင် ဖြောင့်တန်း ၊ စီးပွာလမ်း တည့်ပြီး ကြီးပွား နေတယ် ၊ ဂုဏ်အသရေရှိ ကုန်သည်ကြီး တစ်ယောက် ဖြစ်နေပါတယ် ၊ အခုအခါမှာတော့ ဒီလို လူတစ်ယောက်ဟာ မြန်မာလူမျိုးတို့၏ ဂုဏ်ထူး တစ်ခုပါပဲ ”
“ ကျုပ် ဆိုလိုရင်းကတော့ စကားကို သတိမထားဘဲ ပြောရင် ဘယ်လောက် ကြောက်စရာ ကောင်းတယ် ဆိုတာ ပြောလိုတာပါ ၊ အကယ်၍သာ ဟိုလူဟာ အထိမ်းအမှတ် စကား တစ်လုံးကို မပြောလိုက်ရင် ကျွန်တော့် သူငယ်ချင်းဟာ သောက်ရင်းစားရင်း ကြွင်းတဲ့ စကားတွေကို သတိ မထားဘဲ မေ့မေ့လျော့လျော့ ပျောက်ပျက် သွားမှာပါပဲ ၊ ဟိုလူ ပြောတဲ့ စကားထဲမှာ ဒီအထိမ်းအမှတ် စကားက အစချီ သလို ဖြစ်လာတော့ ကြွင်းတဲ့ စကားတွေကို ကျုပ် သူငယ်ချင်းဟာ စိုက်ပြီး နားထောင်လိုက်တာပေါ့ ၊ ဒီ စကား တစ်လုံးကြောင့် ပြောသူလည်း သေ ၊ ဟိုမိန်းမမှာလည်း အကျိုးနည်း ၊ ကျုပ် သူငယ်ချင်း မှာလည်း ငါ လူကို သ,တ်မိတယ် ၊ ငါလူ သ,တ်မှုကို ကျူးလွန်ခဲ့တယ် ဆိုတဲ့ စိတ်ဟာ သူ့မှာ အရိပ်လို လိုက်နေတာပဲ ၊ အပြစ်မခံရတောင် လူကိုသ,တ်မိတယ် ဆိုတဲ့ စိတ်ဟာ ဘယ်ချမ်းသာနိုင်တော့မှာတုံး ၊ ဒီ့အတွက် စကားများဟာ အင်မတန် ကြောက်စရာ ကောင်းတာပဲ ”
၎င်းပြောသော စကားများကို အားလုံး နားစိုက်၍ ထောင်ကြလေ၏ ။ ဝတ်လုံ ဖြစ်သဖြင့် အပြောကလည်း ကောင်းသောကြောင့် ဝတ္ထုလို ဖြစ်၍ နေလေ၏ ။ စကားအဆုံး၌ အားလုံး အဖြစ်အပျက် တရားလမ်း အကြောင်းကို ဆွေးနွေး၍ နေကြလေ၏ ။ အချို့က ဒီလို ဘယ်သူမှ မသိအောင် ဖုံးပစ် လိုက်တာက ကောင်းတာပဲ ဟု ပြောကြ၏ ။ မမြ ကမူ ...
“ ဖောက်ပြန်တဲ့ မိန်းမ အရှက်ကွဲ မှာကို ဘာမှ ညှာနေစရာ မရှိဘူး ၊ လူကိုသ,တ်တဲ့ လူလည်း ဘာမှ ညှာဖို့ မသင့်ဘူး ၊ ဒီလို အမှုမျိုး ကို ( Hush ) ထိမ်ချန်ထားတာ မတော်ဘူး ”
ဟု ပြောလေ၏ ။ မမြ သည် အိုင်အေ အောင်သူ ဖြစ်လေရာ မြန်မာ စိတ်ကူးမျိုးတွင် အင်္ဂလိပ်စိတ်ကူးပုံမျိုးတွေ ရော၍ နေလေရာ တရား လမ်းမှန်ကို လိုက်လေရာ၌ အပြစ်ရှိသူများကို ညှာလိုသော စိတ်များစွာ မရှိသူ တစ်ယောက် ဖြစ်လေ၏ ။ သို့ဖြစ်၍ ...
“ ဟို မိန်းမဟာ အင်မတန် ယုံကြည်တဲ့ ယောက်ျား အပေါ် မှာ သစ္စာဖောက်တဲ့ မိန်းမပဲ ၊ သင်းကို ဘာမှ ညှာဖို့မရှိဘူး ၊ သူ့လင်ကကော ဘာပြုလို့ ဟိုလူကို သ,တ်ရသလဲ ၊ လူကိုသ,တ်တဲ့လူဟာ ဘာကြောင့်ပဲသ,တ်သ,တ် လူဆိုးလူယုတ်ပဲ ၊ လူထဲဝင်ဖို့ မကောင်းဘူး ၊ ကျွန်မတို့ ပရော်ဖက်ဆာကြီးများ ကတော့ ရာဇဝတ်မှုကြီးများကို ပြုသူများဟာ ဆေးဖော် ကြောဖက် ၊ ပေါင်းသင်းဖက် မလုပ်ထိုက်ဘူးလို့ ဆုံးမတာပဲ ၊ ကျွန်မဖြင့် ဒီလို လူမျိုးကို ဘယ်တော့မှ ချမ်းသာမပေးဘူး ၊ သုဘရာဇာနဲ့ ပေါင်းမယ် ၊ လူကိုသ,တ်ဖူးတဲ့ လူနဲ့ မပေါင်းဘူး ”
ထိုအကြောင်း ကို ဆွေးနွေး နေခိုက်တွင် မမြ နှင့် ထိမ်းမြားရမည် ဖြစ်သော ရန်ကုန်မြို့ ဆိုင်ရှင် သူဌေးမောင်ထွန်း ရောက်၍လာရာ အားလုံး ထ၍ နှုတ်ဆက်ကြလေ၏ ။ မမြ မှာလည်း ဖိနှိပ်၍ ထားရသော ဝမ်းသာ လုံးကြောင့် တစ်ကြောင်း ၊ အနီးရှိ အဖော်များက တို့ကာ ၊ ဆိတ်ကာ ၊ မေးထိုးကာ ကစားကြသဖြင့် တစ်ကြောင်း မျက်နှာမှာ နီးမြန်းလျက် ရှက်ကိုးရှက်ကန်း ပြုံးရယ်ကာ ထသွားတော့မည် အပြုတွင် အဖော်များက ဆွဲထားကြရလေ၏ ။
မောင်ထွန်းသည် မမြကို အချစ်တွေ မိုးရွာသော မျက်လုံးများနှင့် ကြည့်ကာ ပြုံးလျက် ရပ်ကာ နေလေ၏ ။ မောင်ထွန်း သည် ဝတ်လုံမောင်မြင့် ကို မြင်လျှင် ပြေး၍ လက်ကို ဆွဲကိုင်လေ၏ ။
ဝတ်လုံ က ...
“ အလို - ငါက မမြ နဲ့ ထိမ်းမြားမယ့် လူမော်ဟာ တခြားလူ မှတ်တယ် ၊ သူငယ်ချင်း မင်းကိုး ၊ မတွေ့ ရတာ ကြာလှပြီ ”
ဟု ပြောလေ၏ ။
မမြ က ...
“ ကိုမြင့် ... ကိုထွန်း နဲ့ သိသလား ၊ ကျွန်မ သိပ်ဝမ်းသာတာပဲ ”
ဟု ပြောလေ၏ ။
မောင်ထွန်း က ..
“ ကျောင်းနေဖက် ငယ်သူငယ်ချင်းကွဲ့ ... မြ ရဲ့ ၊ တခြားလူ မဟုတ်ပါဘူး ”
ဟု ပြောပြီး မောင်မြင့် ဘက်သို့ လှည့်ကာ ...
“ သူငယ်ချင်း မင်း ဘိလပ် က ပြန်ပြီးနောက် ငါဟာ မင်းရဲ့ ပထမဆုံး အကြံဉာဏ် တောင်းတဲ့ အမှုသည်ပဲ ၊ ငါ ဒါကို ဘယ်တော့မှ မမေ့ဘူး ”
ဟု ပြောလေ၏ ။
ဤစကား တစ်လုံးသည် လည်း မင်္ဂလာပွဲသဘင်ကို ဖျက်ဖို့ရန် သားရဲအရိုင်းကို နှောင်အိမ်မှ လွှတ်လိုက်သလို ဖြစ်လေ၏ ။ မမြ သည် မျက်လုံးပြူး၍ နေလေ၏ ။ ထို့နောက် မျက်နှာမှာ သွေးမရှိဘဲ အခန်းထဲသို့ ဝင်ပြေးလေသတည်း ။
မှန်ရှေ့၌ ထိုင်ကာ မျက်ရည်သုတ်လျက် လူသ,တ်ဖူးတဲ့ တစ်ခုလပ် မုဆိုးဖိုကြီးပါကလားဟု ကြောက်မက်ဖွယ်သော အသိဖြင့် မချိတင်ကဲ ဖြစ်ရှာလေသတည်း ။
မောင်ထွန်း မှာလည်း မိမိ ၏ စကားတစ်လုံးကြောင့် နစ်မွန်းလုခမန်း ဖြစ်ကာ စိတ်ပျက်လျက် နောက်တစ်နေ့ ရန်ကုန်သို့ ပြန်သွားရလေသတည်း ။
( ၁၇ - ၈ - ၁၉၃ဝ )
⎕ ပီ - မိုးနင်း
📖 ဝတ္ထုပဒေသာ အမှတ် - ၁

No comments:
Post a Comment