ကျွန်တော်ဆိုတဲ့ ကောင်ကလည်း တော်တော်ခက်တဲ့ ကောင်ဗျ ။ မိန်း ကလေးတွေနဲ့ ပတ်သက် လာရင် သနားမိတာတို့ ၊ ကူညီချင်တာတို့ ၊ မိတ်ရင်းဆွေရင်းလို ဆက်ဆံချင်တာတို့ ဝါသနာသိပ်ကြီးတယ် ။ နီလာ ဆိုတာ ကျွန်တော်နဲ့ ခေါင်းလျှော်ဆိုင်မှာ လေးငါးခါ တွေ့ဖူး ၊ ခင်ဖူးတယ် ။ သူက ဖုန်းနံပါတ် တောင်းလို့ ပေးထားခဲ့မိတယ် ။ ရေကျော်ဂိတ်နားက ဖုန်းပါ ။ သူ ခေါင်းလျှော်ဆိုင်က ထွက်သွားပြီး နှစ်လလောက်ကြာတော့ ကျွန်တော့်ဆီ ဖုန်းဆက်တယ် ။ တွေ့ချင်တယ်တဲ့ ၊ မြို့ ထဲ ရောက်ရင် ဝင်ခဲ့ပါတဲ့ ၊ စကားပြောစရာ ရှိလို့တဲ့ ။
မသိတဲ့ လူတွေကတော့ ကျွန်တော့်ကို ရွံတယ် ထင်မှာဗျ ။ ဒါပေမဲ့ ဒီလို ကျွန်တော် မတွေးပါဘူး ။ မိန်းကလေးတွေနဲ့ ရင်းနှီးခင်မင်ပြီးရင် မိတ်ဆွေရင်းတွေလို နေလိုက်တယ် ။ ဒါကြောင့် ကျွန်တော်နဲ့ ခင်မင်ပြီးရင် မိတ်ရင်းဆွေရင်းလို ဖြစ်သွားကြတာ များ တယ် ။ ဒါမျိုးက ရုပ်ဖြောင့်တာ မဖြောင့်တာနဲ့ မဆိုင်ဘူးဗျ ။ အိုက်တင်ပေါ့ဗျာ ။ ဒီလိုပဲ ကြွားရမှာပဲ ။ ကျွန်တော် စကားပြော ကောင်းတယ်လို့ သိတဲ့လူ တော်တော်များများက ပြောကြတယ် ။ ဒါလည်း ပါရမီ မဟုတ်လား ။ ထားပါတော့လေ ။
နီလာ့ဘဝက တကယ် သနားစရာ ကောင်းတယ် ။ မုဆိုးမ ဖြစ်လို့ နေရှာပြီလေ ။ သူ့မှာ နှစ်နှစ် သမီးလေး ရှိတယ် ။ ယောက်ျားက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်နှစ်ကြီးကျသွားပြီး ရဲဘက် ပါသွားရင်း မနှစ်က ဆုံးရှာပါတော့တယ် ။ နီလာက အရပ်အမောင်းတော့ နည်းနည်းပုတယ် ။ ရုပ်လေးကတော့ မဆိုးဘူး ။ ဘော်ဒီတို့ ဘာတို့ မတောင့်လှဘူး ။ ခြုံပြောရရင် သနားကမားရုပ်လေးဗျ ။ မိဘမောင်နှမတွေကလည်း ကိုယ့်ဟာကိုယ် ရုန်းကန်နေကြရတော့ သူ့ဒုက္ခကို ဝင်မကူနိုင်ကြဘူး ။ သူ့မှာ အဓိက အပူကြီးက အိမ်နဲ့ ဝိုင်းကို ပေါင်ထားတယ် ။ အဲဒါလေး ပြန်ရွေးပြီး ရောင်းချချင်တယ် ။ ပိုငွေနဲ့ ဗြူတီပါလာ ဖွင့်ချင်တယ် ။ ခေါင်းလျှော် ၊ ဆံညှပ်ဆိုင်ပါ ။ သိပ် ဆိုင်ကြီးကနားကြီးတော့ ဘယ်ဟုတ်မလဲ ။ အိမ်ကိုတော့ ပြန် ရွေးပြီးပြီ ။ ရောင်းလည်း ရောင်းပြီးပြီ ။ ဒီကြားထဲ သူ့ယောက္ခမကြီးက ပိုက်ဆံ လာတောင်းလို့ ပေးလိုက်ရသေးတယ် ။ ကြာရင် သူ့ ငွေလေး ကုန်သွားမယ့်အရေး ဆိုင်မြန်မြန် ဖွင့်ဖို့ ကျွန်တော့်ကို နားပူ နေရရှာတယ် ။ အားကိုးတယ် ၊ ယုံကြည်တယ် ၊ သိပ်ခင်တွယ်နေရှာတယ် ၊ ဒီနေရာမှာ ကျွန်တော်မှ မဟုတ်ပါဘူး ။ ဘယ်ယောက်ျားလေးပဲ ဖြစ်ဖြစ် ရိုင်းပင်းကူညီချင်မှာပါ ။
ခပ်ချောချော ၊ ခပ်ငယ်ငယ် မုဆိုးမ ဆိုရင် ကျွန်တော်တို့ က သနားပြီးသား မဟုတ်လား ။ ကိုယ့်ကို ခင်တွယ်အားကိုး လာတယ် ဆိုရင် ပိုသနား တာပေါ့ဗျာ ။ လောကနိယာမ ဖြစ်ချင် ဖြစ်နေမှာ ။ နှာဘူး ထတာတော့ မဟုတ်ဘူး ။ ဒီလို ကိစ္စကျတော့ ကိုမြတိုး က သိပ်အားကိုးရတယ် ။ ကျွန် တော် သူ့ကို ကာရာအိုကေ ခေါ်သွားပြီး နီလာနဲ့ မိတ်ဆက် ပေးထားတယ် ။ နီလာတို့ ကာရာအိုကေ မှာ မချောတွေက အစားစားရှိတယ် ။ ကျွန်တော် တို့ ဝင်သွားပြီ ဆိုရင် အကြောင်း သိနေတဲ့ မချောတွေ က မကပ်ချင်ဘူး ။
ကိုယ့်လူတွေကလည်း နည်းနည်း ကြမ်းချင်တယ်ဗျ ။ သဘောအကောင်းဆုံး လွှတ်လိုက်တာတောင် ကျွန်တော့် လူတွေ ဒဏ်ကို မခံနိုင်ကြဘူး ။ နီလာ့ ကို ကျတော့ ဘေးမဲ့ပေးပါတယ် ။ ထမင်းဆုပ် ၊ ဟင်းဆုပ် သဘောပေါ့ ဗျာ ။ ကျွန်တော်နဲ့ ခင်နေတာကြောင့် တစ်ကြောင်း ၊ သိပ်သားသားနားနား မရှိလှတာကြောင့် တစ်ကြောင်းနီလာ့ ကို ဆို ကျွန်တော်က လွဲပြီး ဘယ်သူမှ မခေါ်ချင်ကြဘူး ။ ကာရာအိုကေမှာ ဆိုရင် နီလာ့ အတွက် လူကြိုက်နည်းပါတယ် ။ အသံကတော့ သိပ်ကောင်းတယ် ။ သူမရတဲ့ သီချင်းကလည်း ခပ်ရှားရှား ။ ငယ်ကျွမ်းဆွေ ၊ နှစ်ကိုယ်တူချစ်သမျှ ၊ မှားလား ၊ စ တော်ဘယ်ရီချစ်သည်းရှင် ၊ တောင်းရမ်းလက်ထပ်ယူပါ့မယ် ၊ ဒီ စုံတွဲသီချင်းတွေက သူနဲ့ ကျွန်တော် ဆိုနေကျပေါ့ ။ နီလာ ကျွန်တော့်ကို သိပ်ခင်မင်အားကိုးတာ ကိုမြတိုး သိလို့ ဘာမှ မပြောတော့ဘူး ။ ကျွန်တော် ငြိသွားမှာ စိတ်ပူတယ် ။ ကြာတော့ ကျွန်တော် ထားတဲ့ သဘောထားကို သိလို့ ဘာမှ မပြောတော့ဘူး ။ ကျွန်တော် နဲ့ ဟိုမမတွဲနေတုန်းက ဆိုရင် နီလာ့ ဆီက အမှာစကားတွေတောင် ကိုမြတိုး သယ်လာ ပေးပါတယ် ။
“ ကောင်မလေးကတော့ မင်းကို မေးနေတာ ခဏခဏပဲ ၊ သွားလိုက်ပါဦးကွာ ”
“ ဘာအရေးကြီးလို့ လဲ ၊ အဆင်မပြေဘူးလား ”
“ မင်းကောင်မလေးက အေးတယ်ကွ ၊ သူဌေးကလည်း ဖောက်သည် မလာလို့ သူ့ကိုခဏခဏ ဆူနေတယ်တဲ့ ၊ သူနဲ့ မကိုက်ပါဘူးကွာ ”
“ အေးဗျာ ၊ သူက အေးတိအေးစက် လုပ်နေတော့ ဖောက်သည် ဘယ်ရမလဲ ၊ ပြောထားပါ ကျွန်တော် အားရင် လာခဲ့မယ်လို့ ”
“ ပြီးခဲ့တဲ့ အပတ်ကလည်း ကလေး နေမကောင်းလို့ အလုပ်ပျက်သေးတယ် ၊ ငါတောင် မုန့်ဖိုး ပေးခဲ့သေးတယ် ၊ ကြာရင်တော့ ပြုတ်မှာပဲဟေ့ ”
ဟုတ်တယ် ။ ဆိုင်မန်နေဂျာက မချောတွေ ကိုယ်ပိုင်ဖောက်သည် များများ မရရင် သိပ်မကြိုက်ချင်ကြဘူး ။ နီလာ က ရုပ်ရည်လေး သနားကမား ရှိပေမယ့် ဆွဲဆောင်မှုမရှိဘူး ။ “ ကိုကြီးနော် သူများကို မေ့နေလား မနက်ဖြန် မလာလို့ ကတော့ ဟွန့် ... ” ဘာညာ ဆိုပြီး မညုတတ်ဘူးဗျ ။ ငနဲတွေ သဘောက သိတဲ့ အတိုင်းပဲ ။ ကာရာအိုကေထဲ ရောက်ရင် မောင်ချစ်နှမချစ် သိပ်ရှိတာ မဟုတ်ဘူး ။ အသည်းလေး လာပါဦးကွာဆိုပြီး အဲဒီ အခါမျိုးမှာ မချောတို့ သဘောလည်း ကောင်းနိုင်မှ ၊ ညုလည်း ညုနိုင်မှ ဖြစ်တာ ။ သီချင်း ဘယ်လောက် အဆိုကောင်းကောင်း ဆွဲဆောင်မှုအပိုင်းကျတော့ ရှက်နေလို့ မရတော့ဘူး ။ ကိုယ့် အဘိုးအရွယ် လောက်ကိုလည်း “ ကိုကြီးနော် ဘာညာ ” နဲ့ ဖြီးရတာဗျ ။ နီလာ က အဲဒါတွေ မရဘူး ။
“ သမီးက သိပ်ရွံ့တတ်တာ ၊ ဘီယာနံ့ ၊ အရက်နံ့လည်း အရမ်းမုန်းတာ ”
“ နင့်နှယ်ဟာ ၊ ဒီနေရာမှာ ဒီအနံ့တွေပဲ ရှိမှာပေါ့ ”
“ ဟုတ်ပါတယ် ၊ ဒါပေမဲ့ သမီး အဲဒါတွေ မလုပ်ချင်ဘူး ၊ သူများတွေလို ဖောက်သည် မများရင် နေပါစေ ၊ ခပ်မှန်မှန်ပဲ နေချင်တယ် ”
“ နင်က လူတိုင်းကို ငါ့လိုချည်း အောက်မေ့နေလား ။ ငါလည်း အဲဒါတွေ ဝါသနာမပါလို့ နင်နဲ့ ထိုင်တာ ၊ ဒါပေမဲ့ သီချင်းဆိုဖို့ သက်သက်ချည်း ဘယ်သူ အမြဲလာမှာလဲ ၊ ဒီမှာ ၊ အပန်းဖြေတာ နင် အဲဒီလို အေးစက်စက်လုပ်နေရင် ဘယ်သူမှ ခေါ်ချင်မှာ မဟုတ်ဘူး ”
“ သမီးသိသားပဲ ၊ ကိုယ့်အချင်းချင်းတောင်မှ သမီးနဲ့ ဆို အတူတူ ဧည့်မခံချင်ကြဘူး ၊ သူတို့က သမီးနဲ့ဆို ဧည့်သည် မမြဲဘူးတဲ့ ၊ မတတ်နိုင်ဘူး အစ်ကိုလေးရယ် ၊ သမီးလည်း ကြာကြာ မလုပ်ချင်ပါဘူး ၊ ထွက်မှာပါ ”
ကျွန်တော်က သနားတတ်တယ်ဗျာ ။ မိန်းကလေးတွေနဲ့ ပတ်သက်ပြီး အောင်ပွဲကြီးတွေ ရခဲ့တာလည်း ရှိပါတယ် ။ ဒီလိုမိန်းကလေးတွေနဲ့ ဆိုရင် ဒီစိတ်တွေ ဝင်မလာဘူး ၊ ကယ်တင်ချင်တယ် ၊ လမ်းမှန်ပေါ် ပြန်ရောက်စေချင်တယ် ။ သူတို့ ဒုက္ခတွေ ကြားရင် အလိုလို ကူညီပေးချင်တယ် ။ ခက်တာက ပါးစပ်က ပြောပြီးရင် တကယ် လုပ်ပေးဖို့ ကြုံလာတိုင်း ပျက်သွားတာများတယ် ။ သနားတဲ့စိတ်နဲ့ နင်းကန်ပြောခဲ့ချိန်က တကယ် စိတ်ပါလက်ပါ ပြောတာပါ ။ ဒါပေမဲ့ ကျွန်တော် ဘယ်မှာ တ ကယ်ကူညီနိုင်ပါ့မလဲ ။
အခုလည်း တင်မြရီ နဲ့ နီလာ တို့ နှစ်ယောက်သား နေ့ကောင်းရက်မြတ်ရွေးပြီး ရှိစုမဲ့စုလေးတွေနဲ့ ကျွန်တော့်ကို မျှော်နေကြတယ် ။ ကျွန်တော်က ငါးသိန်း ထည့်မယ် ။ ခေါင်းလျှော် ၊ ဆံညှပ်ဆိုင် ဖွင့်မယ် ။ ကျွန်တော် ချမှတ်တဲ့ ဗျူဟာကို လိုလိုလားလား လက်ခံပြီးကာမှ ကျွန်တော် ငွေရှာလို့ မရဘူးဖြစ်နေတယ် ။ တကယ်တမ်းကျတော့ အဖေတို့ ကို မပြောရဲ ဘူး ။ သိတောင် အသိမခံဝံ့ဘူး ။ ကိုမြတိုး က ကျွန်တော့်ကို မေးခွန်းတွေ တော်တော်ထုတ်တယ် ။ ကောင်မလေးကို ဘာတွေ ပြောထားလဲတဲ့ ။ ဘာတွေဖြစ်နေကြတာလဲတဲ့ ။
“ ဖုန်းတွေ ဆက်နေတယ် ၊ အရေးကြီးလို့ မင်းကို လာခဲ့ပါတဲ့ ၊ မင်းဘာ တွေလျှောက်လုပ်နေတာလဲ ”
“ ကျွန်တော် သူတို့ နဲ့ ခေါင်းလျှော်ဆိုင် ဖွင့်မလို့ ”
“ ဟာ ... အဓိပ္ပာယ် မရှိတာကွာ ”
“ ဘာဖြစ်လို့ လဲ ”
“ အဓိပ္ပာယ် မရှိဘူးလေ ၊ မင်းဒါတွေနဲ့ သိပ်မရောနဲ့ကွ ၊ မင်းအဖေ ပြောတာကြားဖူးလား ၊ ခေါက်ဆွဲ စားပြီးရင် ဖက်ကို သယ်မလာနဲ့ ဆိုတာ ၊ သွားမလုပ်နဲ့ ဟေ့ကောင် ၊ မင်းနွယ်သွားလိမ့်မယ် ”
“ ပြောပြီးဆိုပြီး ဖြစ်နေတယ် ၊ ကျွန်တော် ဘာလုပ်ရမှန်းမသိဘူး ”
“ နေနေ ၊ ငါ ကြည့်ပြောလိုက်မယ် ၊ မင်း ရှောင်နေလိုက် ”
စိတ်တော့ မကောင်းဘူး ။ ဒါပေမဲ့ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ် ကယ်တင်လိုက်ရတယ် ။ အဓိက ပြဿနာက ငွေပေါ့ဗျာ ။ ကျွန်တော် အရမ်းကူညီချင်တယ် ။ ငွေလေးငါးသိန်း ဆိုတာ တက္ကစီသမားတွေ အတွက် ရှာမယ် ဆိုရင် ရှာလို့ တော့ရတယ် ။ ဒါပေမဲ့ စောစောက ကိုမြတိုး ပြောသလိုပေါ့ ၊ နီလာတို့ နဲ့ ခေါင်းလျှော်ဆိုင် ဖွင့်ဖို့ ဆိုပြီး လိုက်ရှာရင် ဘယ်သူကမှ မချေးချင်ဘူး ။ ကျွန်တော့်ကို ငတုံးတဲ့ဗျာ ။ တကယ်တော့ ဒီကိစ္စက ကျွန်တော်က စတာပါ ။ ဟီးရိုး လုပ်ကြည့်တာ ။ မချောလေးတွေရဲ့ ဘေးဒုက္ခကို ကယ်မယ့် သူရဲကောင်းပေါ့ ။ တကယ် မစခင်အချိန်က သိပ်တက်ကြွခဲ့ပေမယ့် အခုတော့ ကျွန်တော် သွေးအေးသွားပြီ ။ ကိုယ် မှားတယ် ၊ ငွေမရှာနိုင်ဘူး ဆိုတာတော့ လျှိုထားလိုက်တာပေါ့ ။ ကောင်မလေးတွေရဲ့ လှိမ့်လုံးကို ခံနေရတဲ့ ခပ်အအငနဲ အဖြစ် လုပ်လိုက်ရတာပေါ့ ။ ဒီသတင်းတွေ ကြားတော့ မမကြီး ပေါက်ချလာတယ်ဗျို့ ။
“ မင်း ဘာတွေ လျှောက်လုပ်နေတာလဲ ” တဲ့ ။
သူ့လေသံနဲ့ ဟန်ပန်က သူကျွန်တော့်ကို ပစ်သွားလို့ ကျွန်တော် ထင်ရာ စိုင်းနေတယ်လို့ အောက်မေ့နေပုံရတယ် ။
“ မမနဲ့ ဘာဆိုင်လို့လဲ ”
“ သိပါတယ် ၊ ငါ မင်းကို သံယောဇဉ်ရှိလို့ လာမေးတာပေါ့ ၊ ကဲ ... ပြောစမ်းပါဦး ၊ ငွေဘယ်လောက် ပါသွားလဲ ၊ မင်း ဒီကောင်မတွေအကြောင်း သိပြီမ ဟုတ်လား ။ ငါက ဒါတွေ သိလို့ မင်းကို ကြိုသတိပေးခဲ့တာ ၊ ငါ့ အသိုင်းအဝိုင်းမှာ ကာရာအိုကေဇာတ်လမ်းတွေနဲ့ ဒုက္ခရောက်နေတဲ့ မိသားစုတွေ တစ်ပုံကြီး ၊ စာရေးလို့တောင် မကုန်ဘူး ။ နေပါဦး ၊ မင်းကို ငါ လည်လှပြီ ထင်ထားတာ ၊ မင်း ကောင်မလေးကလည်း ဘာရုပ်မှ မပေါက်ပါဘူး ။ အေးပေါ့လေ ။ မင်းတို့ ဘာတွေ ဖြစ်ထားကြလဲမှ ငါမသိတာ ၊ ကောင်းပါတယ် ကောင်းပါတယ် ၊ ငွေလိုရင် ပြောနော် ၊ ကူညီချင်လို့ပါ ”
ကျွန်တော် စဉ်းစားကြည့်တယ် ။ မြေနိမ့်ရာ လှံစိုက်ဆိုတာ ဒါမျိုးနေမယ် ။ မချောကြီးက ဟန်ကြီး ပန်ကြီးနဲ့ သူ တွေးခေါ်မြော်မြင်မှုဒဿနတွေ ပုံကြီးချဲ့ပြီး နီလာတို့ ကို ပြစ်တင်ရှုတ်ချတယ် ။ ကိုမြတိုး ကလည်း ကျွန်တော် ဒုက္ခ ရောက်ပြီလို့ တွက်ဆပြီး နီလာတို့ ကို ရှင်းထုတ်လိုက်တယ် ။ ဒီလို အဖြစ်မျိုးတွေ ခံရပေါင်း များလာတဲ့ အခါ နီလာတို့လို မိန်းကလေးတွေ ဘဝဟာ မြေနိမ့်ရာ လှံစိုက်ခံရတာပဲ ။ ခေတ်သစ် သဘင်သည်တွေ ပေါ့ဗျာ ။ မီးမှိန်မှိန်အောက်မှာ အသုံးတော်ခံနေရတဲ့ ခေတ်သစ်သဘင် သည်တွေ ။ ဆိုင်ပိုင်ရှင်တွေ ၊ မန်နေဂျာတွေ က ခြယ်လှယ် ၊ ဧည့်သည်တွေ က လိုသလို အသုံးချ ၊ သူတို့ ခမျာ သဘော အကောင်းဆုံး ဆက်ဆံနေရင်းက နစ်မွန်းသွားရတာပဲ ။
“ ကဲ ... ပြောလေ ၊ ငါ ငွေထုတ်ချေးရမလား ၊ မင်းတို့ ဘဝ ထူထောင်မလို့ ဆို ”
သူက တစ်မျိုး ၊ သူ့ဇာတ်ကွက် ဇာတ်လမ်း ရအောင် ပြောချင်ရာ လျှောက်ပြောနေတော့တာပဲ ။ ကျွန်တော် ကလည်း လူတစ်မျိုး ။ ဒါမျိုး ဆရာကြီး လာလုပ်ရင် သိပ်မုန်းတာ ။ မိန်းမဆိုတာ သူတို့ သံသယ ဖြစ်ပြီ ဆိုရင် မှန်တယ်ချည်း ထင်တာဗျ ။ ဘယ်လို ဖြစ်တာလဲ ။ ပြဿနာ ဘယ်က စတာလဲတောင် မေးဖို့ စိတ်မကူးဘူး ။
“ ငါ မင်းကို အရှုံးပေးလိုက်ပြီ မိုးအောင် ၊ တကယ်ပါ တကယ်ပြောတာပါ ၊ မင်းကို သံယောဇဉ် မထားဘဲကို နေလို့ မရဘူး ၊ ငါက ချစ်မိတာကိုး ၊ ငါကံဆိုးပါတယ် ဟင့် ”
လာပြီဗျို့ ၊ လူကြားထဲ ရောက်ရင် သူ့ အကျင့်ဟောင်းကြီး ပေါ်လာပြီ ။ J ' DONUTS ဆိုင်ထဲမှာ နေရာကလည်း ထောင့်ကျကျ ၊ ဇာတ်အခံလေးကလည်း ရှိနှင့်နေတာဆိုတော့ သူ ငယ်ရုပ် ပြန်ပေါ်လာပါ လေရော ။ ကိုမြတိုး ခင်းတဲ့ ဇာတ်ပဲလေ ။ သူနဲ့ ကိုမြတိုး က ဖုန်း အဆက်အသွယ် ရှိတယ် ။ ကျွန်တော့် ကိစ္စတွေ ကိုမြတိုး သတင်းပို့ ထားပြီးပြီ ။ သူနဲ့ ကျွန်တော် မတွေ့ရတာ တစ်လလောက် ကြာနေပါပြီ ။ ကျွန်တော်လည်း ဒီ အမျိုးသမီးကို အောင်ပွဲကြီး မခံရသေးတာကြောင့် ကိုယ့်ဟာကိုယ် မကျေမချမ်း ဖြစ်နေတယ် ။ အကွက်ချောင်းတဲ့ သဘောပေါ့လေ ။ အယုံသွင်း ကြည့်လိုက်ဦးမယ် ။
“ မမရယ် ၊ ဒါတွေ ပြန်မပြောပါနဲ့ တော့ ၊ ထာဝရမိတ်ဆွေတွေလို နေသွားမယ်လေ ”
“ တော် ၊ ဟင့် ၊ ငါ့ကို မမုန်းခိုင်းနဲ့ ၊ မမေ့ခိုင်းနဲ့ ၊ သံယောဇဉ် မဖြတ်ခိုင်းနဲ့လို့ ဘယ်နှခါ ပြောရမလဲ ၊ ဟင် ၊ မင်း ငါ့ကို မုန်းနေလား ၊ ပြောစမ်းပါ ၊ ငါ့ကို ပြော ... စမ်း .. ပါ ”
“ ရှူး ... ”
မလွယ်ဘူး ။ ဇာတ်ရှိန် တော်တော်လေး တက်သွားတယ် ။ အလန့်တကြားပဲဗျာ ။ ဘေးနားက လူတွေ လှမ်းလှမ်းကြည့်ကုန်ပြီ ။ ဒါမျိုးကျတော့ ကျွန်တော်ကြောက်တယ် ။ သူ့ဟာသူ အိမ်သာထဲမှာ မြွေ တွေ့လို့ ကျုံးအော်တာမျိုး ။ ငယ်သံကို ပါနေတာပဲ ။
“ မင်းကို ငါ ဘာကြောင့် မယူလဲသိလား ၊ ဟွန်း ဒီအချိုးတွေကြောင့် မယူတာ ၊ ငါ့ကို ကမ်းလှမ်းတဲ့ လူတွေ အများကြီး ၊ မင်း ပြုပြင်မယ့် အချိန်ကို စောင့်ပြီး ငါငြင်းခဲ့တယ် ။ ဝဋ်ကြွေးပေါ့လေ ။ ရပါတယ် ၊ ငါ့ ကံကိုက ဖန်လာတာကိုး ”
သူ့မှာလည်း သူ့ဝဋ်နဲ့ သူ ။ ကျွန်တော့်မှာလည်း ကျွန်တော့် ဝဋ်နဲ့ ကျွန်တော် ။ သူက သူ့ကိုယ်သူ အချစ်ဧကရီမိဖုရား ထင်နေတာမျိုး ။ တကယ်တော့ သူနဲ့ ကျွန်တော် ချစ်ခဲ့ကြိုက်ခဲ့ကြတာမှ မဟုတ်တာ ။ သူ ဘယ်လိုပဲ ပြောပြောပါ ၊ ကျွန်တော် ကတော့ သူ့အလွမ်းဇာတ်ကို အံကြိတ်သည်းခံလျက်ပဲ ။ ဘာဖြစ်လို့လဲဆိုတော့ သူ ဝယ်လာတဲ့ ( G - 2000 ) ဆိုတဲ့ ဂျာကင်ကြီးက မိုက်တယ်ဗျ ။ ရာစုနှစ် အကူးအပြောင်း အတွက် အမှတ်တရ ထုတ်ထားတဲ့ ဂျာကင်ကြီး ။ ကျောဘက်မှာ ( G - 2000 ) ဆိုတဲ့ စာတန်းကြီးကို ချည်နဲ့ တံဆိပ်ဖောက်ထားတာ ။ ဒီလက်ဆောင် ရဲ့ မျက်နှာကြောင့် ဒီအလွမ်းဇာတ်ကို ဝင်ကတာပေါ့ ။ သူက တစ်မျိုးဗျ ။ သူ ငိုတဲ့ အခါ ဝင်ချော့ရင် ပိုတယ် ။ ခပ်တည်တည်သာ နေပေးလိုက် ။ သူ့ ဟာသူ ပြောချင်တာ လျှောက်ပြောပြီးရင် တို့ ပတ်လေး ထုတ်ရိုက် ၊ ဆံပင်လေး သပ်ပြီး ထွက်သွားရော ။
ခင်ဗျားတို့သာ ကျွန်တော့် နေရာမှာ ဆိုရင် ဘာလုပ်မလဲ ။ ကျွန်တော့် ကို ချူစားနှပ်စားတယ်လို့ ပြောမှာလား ။ ကျွန်တော်တော့ ဒီလို မခံယူဘူး ။ မချောကြီး လေသံအတိုင်းပြောရရင် “ ငါတို့ စာပေသမား တွေဟာ စိတ်နုတယ် ၊ အထူးသဖြင့် အချစ်နဲ့ ပတ်သက်လာရင် သိပ်ခံစားတတ်ကြတယ် ဒါကို အနုပညာသမားချင်းမှ နားလည်တယ် ၊ ဒါတွေ မင်းမသိပါဘူး ” တဲ့ ။ ဒါကြောင့် ကျွန်တော့် လုပ်ရပ်က အနုပညာဆန်တယ်လို့ ပြောချင်ပါတယ် ။ လူတစ်ယောက် ကိုယ့်ကို ငိုရှိုက်ကြီးနဲ့ အသည်းနင့်တာ တွေ လာလာ ရင်ဖွင့်တဲ့ အခါ လှောင်ပြောင်လွှတ်လိုက်ဖို့ ဘယ်ကောင်းမလဲဗျာ ။ သူ ပေးချင်တာက နှလုံးသားထဲက အချစ်တွေ ။ ကျွန်တော် မလိုချင်ပေမယ့် ဟန်တော့ ကောင်းရတာပေါ့ ။ ကိုယ့်ရဲ့ ပုံမှန်ဖောက်သည်လို သဘောထား ရတယ် ။ အသက် လေးဆယ်လောက် ရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ ချစ်ဒုက္ခကို နားလည်ပေးဖို့ မလိုပေမယ့် နားထောင်ပေးရင်း တံစိုးလက်ဆောင် အပူဇော်ခံရတာ ကုသိုလ်ရမှာပါ ။
သူ့ကို ကျွန်တော် တစ်စက်လေးမှ အထင်မကြီးဘူး ။ ချစ်ဖို့ ဆိုတာ ဝေးပါလေရော ။ ဒါပေမဲ့ သူ ပြောချင်တာပြော ၊ ခံစားချင်သလို ခံစားပါစေ ။ မဝေဖန်ချင်တော့ဘူး ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို ဒီလို ချစ်နေတဲ့ လူ ရှိတယ်ဆိုတာလေးလည်း လက်မလွတ်ချင်ဘဲကိုး ။
▢ မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး
No comments:
Post a Comment