❝ ရွှေရစ်တံ ၊ရွှေလွန်းနှင့် ရွှေအပ်ကလေး ❞
( ပုံပြင် )
တရံရောအခါ လိမ္မာသော မိန်းကလေး တစ်ယောက် ရှိလေ၏ ။ မိန်းကလေးသည် မိဘနှစ်ပါး သေဆုံးသွား၍ သူ၏ အဘွားက သူ့ကို ဆက်လက်၍ မွေးမြူခြင်းကို ခံရလေ၏ ။ သူ၏ အဘွားသည် နေ့စဉ် ရက်ကန်းရက်ခြင်း ၊ ဗိုင်းငင်ခြင်း ၊ အပ်ချုပ်ခြင်းဖြင့် အသက်မွေး နေထိုင်သူ ဖြစ်လေ၏ ။ မိန်းကလေးသည် သူ၏အဘွား တတ်သော ပညာများကို သင်ယူနေရင်း အသက် တစ်ဆယ့်ငါးနှစ်အရွယ်သို့ ရောက်ရှိလာလေ၏ ။
တစ်နေ့သ၌ သူ၏ အဘွားသည် နာမကျန်း ဖြစ်လာ၍ မိန်းကလေးကို ခေါ်ပြီးလျှင်“ ငါ့ မြေး ၊ အဘွားတော့ ဒီတစ်ခါ သေရလိမ့်မယ် ၊ အဘွား မရှိရင် ငါ့မြေးကို ဟောဒီ အိမ်နှင့် အဘွား လုပ်ကိုင် စားသောက်နေတဲ့ ရွှေရစ်တံကလေး ၊ ရွေလွန်းနှင့် ရွှေအပ်ကလေးကို ပေးအပ်ခဲ့မယ် ၊ ငါ့မြေး လိမ္မာသလိုသာ ကြည့်နေရစ်ခဲ့ပေတော့ ” ဟုမှာခဲ့လေ၏ ။
မိန်းကလေးသည်လည်း သူ့အဘွား သေဆုံးသွားသောအခါ ပထမ၌ ပူဆွေး နေသော်လည်း မကြာမီ စိတ်ကို တင်းပြီးလျှင် သူ့အဘွား ကဲ့သို့ နေ့စဉ် ရက်ကန်းရက်ခြင်း ၊ အပ်ချုပ်ခြင်း ၊ ဗိုင်းငင်ခြင်း အလုပ်တို့ကို မရပ်မနား လုပ်ကိုင်လျက် ရှိလေ၏ ။ မိန်းကလေး ထိုသို့ လုပ်ကိုင်ခြင်းကြောင့် သူ စားသောက်ရန် မပူမပင်ရတော့ဘဲ အဘွားရှိစဉ်က ကဲ့သို့ပင် ကောင်းစွာ နေထိုင်နိုင်လေ၏ ။ မိန်းကလေးသည် အလွန် လိမ္မာ၍ အိမ်နီးချင်းများက သူ့ကို သနားချစ်ခင်ကြလေ၏ ။ တစ်နေ့သ၌ မိန်းကလေး နေသော တိုင်းပြည်တွင် ပြည့်ရှင်မင်းကြီး၏ သားတော် တစ်ပါးသည် ကြင်ဖက်ရှာရန် ထွက်လာလေ၏ ။ မင်းသားက သူနှင့် ကြင်ဖက် ဖြစ်ရမည့် သူသည် တိုင်းပြည်၌ အချမ်းသာဆုံးလည်း ဖြစ်ရမည် ။ အဆင်းရဲဆုံးလည်း ဖြစ်ရမည် ။ ထိုသို့ နှစ်ဖက် ပြည့်စုံသူကိုမှ သူ လက်ထပ်နိုင်မည်ဟု ဆိုလေ၏ ။ မင်းသားသည် တိုင်းပြည်တွင်းသို့ လှည့်လည်၍ ရှာလာရာ အလွန် ချမ်းသာသော မိန်းမပျိုများကို တွေ့ရလေ၏ ။ သူတို့က မင်းသား ရောက်လာသောအခါ ကောင်းမွန်စွာ ဝတ်စား ဆင်ယင်ကြပြီးလျှင် ဧည့်ဝတ် ကျေပွန်စွာပင် ပြုစုကြလေ၏ ။ သို့ရာတွင် မင်းသားက မကျေနပ်နိုင်ဘဲ အလွန်ဆင်းရဲ၍ လိမ္မာသော ကြင်ဖက်ကို ရှာရန် ဆက်လက် ၍ ထွက်လာခဲ့လေ၏ ။ မင်းသားသည် လိမ္မာသော မိန်းကလေးရှိရာ အိမ်ကလေး အနီးသို့ရောက်လာလေ၏ ။ ရောက်သောအခါ အိမ်ကလေး သေးသေးထဲမှ ရက်ကန်းရက်သံကို ကြားလိုက်ရလေ၏ ။ ထို့ကြောင့် မင်းသားက ရပ်ပြီးလျှင် မိန်းကလေး၏ အိမ်ပြတင်းပေါက်မှ နေ၍ အတွင်း ဘက်သို့ ချောင်းကြည့်လိုက်လေ၏ ။ မိန်းကလေး ကလည်း ရက်ကန်း ကိုသာ ဝီရိယ ကောင်းကောင်း ရက်လျက်ရှိလေ၏ ။ ထိုသို့ မင်းသားလာ၍ ချောင်းကြည့်နေသည်ကို အလုပ် လုပ်နေသော မိန်းကလေးက မမြင်ပေ ။ ခဏကြာ၍ မိန်းကလေးက ခေါင်းမော့၍ ကြည့်လိုက်သော အခါမှ မင်းသားကို မြင်ရလေ၏ ။ သို့ရာတွင် မိန်းကလေးသည် သူ့အလုပ် ပျက်မည်စိုး၍ မင်းသားကို ဧည့်ဝတ် ပြုရန် သတိမေ့နေမိလေ၏ ။ မင်းသား ကလည်း သူ့ကို မိန်းကလေးက ဧည့်ဝတ် မပြုသော်လည်း အလုပ်ကောင်းစွာ လုပ်ကိုင်လျက် ရှိသည်ကို သဘောကျလျက် သူ့နန်းတော်သို့ ရုတ်တရက် ပြန်ထွက်သွားလေ၏ ။ မိန်းကလေးလည်း ရက်ကန်းရက်နေရာမှ ထလာပြီးနောက် မင်းသား သွားရာဘက်သို့ မျက်စိတဆုံး မျှော်ကြည့်ကာ ကျန်ရစ်ခဲ့လေ၏ ။ ထို့နောက် ရက်ကန်း ရက်ရန် စင်ပေါ်၌ ထိုင်လိုက်သောအခါ ရက်၍ မရနိုင်ပေ ။ ထို့ကြောင့် သူ့အဘွား ရှိစဉ်က သီဆိုလေ့ ရှိသော သီချင်းကလေးကို တစ်ယောက်တည်း သီဆိုနေလေ၏ ။
“ ရွှေရင်တံကလေး သေးငယ်ငယ် ဖူးစာရှင်ကို ခေါ်ခဲ့ကွယ် ရက်ကန်းသည်နှမလေး ဆီးကြိုပါ့မယ်လေး ”
မိန်းကလေးက ထိုသို့ သီချင်း ဆိုလိုက်သောအခါ ရွှေရစ်တံကလေးသည် အိမ်ထဲမှ ပြေးထွက်လာ ပြီးလျှင် ရွှေချည်မျှင်ကလေး တန်းကာ မင်းသား နောက်သို့ လိုက်သွားလေ၏ ။ ထို့နောက် မိန်းကလေးက ဆက်လက်၍ ..
“ ရွှေလွန်းကလေး သေးငယ်ငယ် ဖူးစာရှင်ကို ခေါ်ခဲ့ကွယ် ရက်ကန်းသယ်နှမလေး ဆီးကြိုပါ့မယ်လေး ”
မိန်းကလေး ထိုသို့ သီဆို လိုက်သောအခါ ရက်ကန်းစင်မှ ရွှေလွန်းကလေးသည် အိမ်ထဲမှ ပြေးထွက်ပြီးလျှင် မင်းသား နောက်သို့ လိုက်သွားလေ၏ ။ ထို့နောက် မိန်းကလေးက မရပ် သေးဘဲ ……
“ ရွှေအပ်ကလေး သေးငယ်ငယ် အိမ်သာယာအောင် ပြင်ပါ့ကွယ် ရက်ကန်းသည်နှမလေး ဆီးကြိုပါ့မယ်လေး ”
မိန်းကလေးက ထိုသို့ သီဆို လိုက်သောအခါ စက်ခုံထဲမှ ရွှေအပ်ကလေးသည် ပြေး ထွက်လာပြီးလျှင် မိန်းကလေး၏ အိမ်ထဲတွင် လိုက်၍ ထိုင်ခုံများ ချုပ်လုပ်လေ၏ ။ ထို့နောက် ကုလားထိုင်များ ၊ လိုက်ကာခန်းဆီးများ ၊ စားပွဲခင်းများ ၊ ကော်ဇောများ စသည်တို့ကို ပြည့်စုံအောင် လိုက်၍ ပြင်ဆင်ပေးလေ၏ ။ မင်းသား မှာလည်း သူ့ နောက်မှ ရွှေရစ်တံကလေး နှင့် လွန်းကလေးက လိုက်လာ၍ များစွာ အံ့သြပြီးလျှင် မြင်းကို ပြန်လှည့်ကာ မိန်းကလေး ရှိရာသို့ ရောက်လာလေ၏ ။ မိန်းကလေး၏ အိမ်ထဲသို့ ဝင်လိုက်သောအခါ ခုတင်ကဲ့သို့ မဟုတ်တော့ဘဲ နန်းတော်ထဲမှာ ကဲ့သို့ ပြင်ဆင်ထားလျက်ရှိသည်ကို အံ့ဩစွာ တွေ့မြင်ရလေ၏ ။ ထိုအခါ မင်းသား ကမိန်းကလေးကို ကြည့်ကာ “ ကဲ ... မင်းဟာဖြင့် ငါ ရည်မှန်းထားခဲ့တဲ့ အဆင်းရဲဆုံး ၊ အချမ်းသာဆုံးနှင့် ပြည့်စုံတဲ့ အတွက် ကြင်ဖက် ဖြစ်ထိုက်ပေတယ် ” ဟုဆိုကာ မိန်းကလေးကို မေးလေ၏ ။ မိန်းကလေးကလည်း အလွန်လိမ္မာ၍ တည်ကြည်သောကြောင့် မင်းသားမေးသည်ကို နှုတ်ဖြင့် ပြန်၍ မဖြေဘဲ ခေါင်းညိတ် ပြလိုက်ရာ မင်းသားကလည်း ချစ်ခင်စွာဖြင့် မြင်းနှင့် တင်၍ ခေါ် ဆောင်သွားလေသတည်း ။
( ဘာသာပြန် )
〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
၁၉၆ဝ ၊ ဇွန်
No comments:
Post a Comment