Monday, June 1, 2026

အထွာ


❝ အထွာ ❞
( ငွေဇင်ယော်ဦး - မိုးကုတ် )

မှောင်ရီပျိုးစ ညနေခင်း၏ အေးမြမှုက ကျွန်မ အတွက် ပြီးပြည့်စုံသည့် ပေါ့ပါးလွတ် လပ်မှုကို မဆောင်ကြဉ်းပေး နိုင်ပါ ။ ပုံမှန်အားဖြင့် ဆိုလျှင် ဒီညနေခင်းဟာ ခါတိုင်းလိုပဲ တစ်လတာ အတွက် ကျွန်မ၏ အပျော်ရွှင်ဆုံး ညနေခင်း တစ်ခု ဖြစ်ရမည်သာ ။ အခုတော့ တစ်ဝက်တစ်ပျက်သာ ပျော်ရတော့သည် ။ ကျွန်မ မနက်က မှာထားခဲ့၍ ကျွန်မ မိသားစုကလည်း ကျွန်မ ဝယ်လာမည့် မာလာရှမ်းကော နှစ်ပွဲကို ထမင်းတစ်အိုး တည်ပြီး ထိုင်စောင့်နေကြတော့မည်ဖြစ်သည် ။ အချိန်တွေကလည်း နောက်ကျနေခဲ့ပြီ ။

နောက်ကျမည့်သာ နောက်ကျရသည် ။ တကယ်တမ်း ကျွန်မတို့ လစာထုတ် နောက်ကျရသည့် အကြောင်းရင်းက အရေးတကြီး ကိစ္စကြောင့်လည်း မဟုတ် ။

စာရင်းကိုင်တစ်ယောက် အဖြစ် ကျွန်မ အလုပ်ဝင် နေသော ပိုးထည်ဆိုင်မှာ ပိုင်ရှင် ဘော့စ်မမက မွေးထားသည့် ဂျီအာရ်ခွေးကြီး လေးကောင် ရှိသည် ။ တစ်ကောင်ချင်းစီပင် တန်ဖိုးမနည်းလှသော ထိုခွေးကြီးတွေကို ကျွန်မတို့ကလည်း ချစ်ပါသည် ။ သို့သော် တစ်ခါတစ်ရံကျတော့လည်း ဘော့စ်မမက အကဲပိုလွန်းသည်ဟု ထင်မိသည် ။ ခွေးလေးကောင်မှာ ကျွန်မတို့ တစ်သက်မှာ တစ်ခါမှပင် မပိုင်ဆိုင်ဖူးသော အဖိုးတန် မျက်မှန်ကိုယ်စီ ၊ သိန်းပိုင်း နီးပါး အဝတ်အစားဆန်းတွေ အပုံအပင် ။ ကားပင်လျှင် သူတို့နှင့် သွားလျှင် စီးဖို့ဆိုပြီး တစ်စီးသတ်သတ် ဝယ်ထားသည် ။ ထားသည့်နေရာ ၊ အိပ်သည့် အိပ်ရာတွေလည်း မြင်လိုက်တာနှင့်ပင် အိမ်က ကိုယ့် အိပ်ရာကိုပင် ပြန်မအိပ်ချင်အောင် ဖြစ်သွားမည် ။ တစ်ရက် တစ်ရက် ကျွေးမွေးနေသည့် ကုန်ကျစရိတ်တွေ ဆိုတာလည်း တစ်ကောင် ချင်းစီ၏ တစ်လစာ တွက်လျှင်ပင် ကျွန်မလစာ ကျော်သေးသည် ။ သုံးသိန်း ဆိုသည့် ကျွန်မ လစာက တစ်ရက်ချင်းစီ တွက်လျှင် တစ် သောင်းမို့ ဘဝတူ ဘွဲ့ရ ဝန်ထမ်းအချင်းချင်း မျက်နှာ မငယ်ရပေမဲ့ ခွေးညီနောင် လေးကောင်၏ စရိတ်နှင့် နှိုင်းချင့်မိလျှင်တော့ အလုပ်ပင် မလုပ်ချင်တော့ဟု အိမ်မှာ ရယ်ပွဲဖွဲ့မိရသည် ။ သူ့ခွေး လေးကောင်နှင့် ပတ်သက်လာလျှင် ကျန်တာ အားလုံးသည် ဘော့စ်မမအတွက် အရေးမကြီး ။

ဒီနေ့လည်း ခွေးလေးကောင် အတွက် အလုပ်ရှုပ်နေတာနှင့် ဘော့စ်မမက ကျွန်မတို့ အတွက် လစာပေးတာ နောက်ကျသည် ။ ဘော့စ်မမ မှာ သူ့လို ခွေးချစ်သူ မိတ်ဆွေ တွေရှိသည် ။ တစ်လမှာ ရက် သတ်မှတ်ထားပြီး သူတို့ခွေးတွေကို တွေ့ဆုံပေးကြသည် ။ ထိုနေ့ မတိုင်ခင် ခွေးလေးကောင်ကို Spa ပို့သည် ။ အဝတ်သစ် ဝယ်ပေးသည် ။ ဆွဲကြိုးနှင့် မျက်မှန် ဆိုတာ တစ်ပတ်နှင့် တစ်ပတ် မထပ်စေရ ။ ခါတိုင်းတော့ ခွေးတွေ တွေ့ဆုံပွဲမှာ ညနေ မတိုင်ခင် ပြီးဆုံးလေ့ ရှိပေမဲ့ ဒီနေ့တော့ ဘာကြောင့်ရယ် မသိ ။ ခုနစ် နာရီထိုးခါနီးမှ ဘော့စ်မမ ပြန်ရောက်လာသည် ။ မလာမချင်း ပြန်လာနိုး ၊ ပြန်လာနိုး ထိုင်စောင့် နေခဲ့သည့် ကျွန်မတို့မှာ ကိုယ်စီကိုယ်င မျှော်မောမှုတွေနှင့် ။ လစာကိစ္စမို့ ဖုန်းဆက်ရန်လည်း မဖြစ်ပြန် ချေ ။

ကျွန်မတို့ကသာ မျှော်နေကြပေမဲ့ ဘော့စ်မမ ကတော့ လစာကိစ္စ သတိရပုံပင် မပေါ်ပေ ။ ပြန်ရောက်ရောက်ချင်း သူ့ ထိုင်စောင့်နေကြသည့် ဝန်ထမ်းတွေကို မြင်တော့ “ ဟဲ့ ... မပြန်ကြသေးဘူးလား ” ဟု တအံ့တသြ မေးသည် ။ ထိုအခါမှ လစာကိစ္စကို သတိရပြီး ထည့်ပေးတော်မူသည် ။ တောင်းပန်စကား မပြောသည့်အပြင် ဒီနေ့အပြင်မှာ ပျော်လာသမျှ အရှိန်မသေသေးစွာ ပြောနေသေးသည် ။

“ အံမယ်လေး ... ကလေးတွေများ သူတို့ အချင်းချင်း တွေ့ကြတော့ ပျော်လိုက်ကြတာများ ။ မပြန်ချင်လို့ ထိုင်စောင့်ပေးနေရင်း မိုးချုပ်သွားတာ ။ သူတို့နဲ့ နေရတာ စိတ်ချမ်းသာဖို့ ကောင်းလိုက်တာ ။ ညည်းတို့လည်း အသက်ရှည်ချင်ရင် ၊ စိတ်ချမ်းသာချင်ရင် ခွေးလေးတွေ မွေးကြဟေ့ ။ ဒီဂျီအာရ်ကြီးတွေဆို လူနဲ့ သိပ်နီးစပ်တာ ။ အိုင်ကျူမြင့်တော့ လူအတိုင်းပဲ ”

ကျွန်မတို့သည် ငိုချင်သလို ၊ ရယ်ချင်သလို မျက်နှာထားဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်မိ ကြသည် ။ ဘော့စ်မမ၏ ခွေးတွေအားလုံးကို ကျွန်မတို့ ဝန်ထမ်း အားလုံး၏ လစာတွေ ပေါင်းပြီး ဝယ်လျှင် ရချင်ရမည် ။ ကျွေးစရိတ်ကိုတော့ ကျွန်မတို့ တစ်ယောက်ချင်းစီ၏ လစာဖြင့် စိတ်ကူးပင် ယဉ်ကြည့်၍ မရပါ ။ စကားတစ်ခွန်းကို အမှတ်တမဲ့ ပြောလိုက်သည့် ဘော့စ်မမသည် ထိုခဏမှာ သူ့ခွေး တစ်ကောင်၏ တန်ဖိုးထက် နည်းသော လစာငွေကြေးဖြင့် မိသားစု စားဝတ်နေရေး ကိစ္စအဝဝကို ဖြေရှင်းနေကြရသည့် တချို့သော ဘဝတွေကို မေ့လျော့နေပုံ ရလေသည် ။ တစ်သောင်းမျှသော လစာ တစ်ခါ တိုးဖို့ အရေး ကျွန်မတို့မှာ လည်ပင်းရှည်အောင် မျှော်ကြရသည် ။ တစ်ခါတစ်ရံ လစာ မတိုးသည့်အပြင် အလုပ် နောက်ကျတာ ၊ စာရင်း မှားတာတို့ ဆိုလျှင် ကိုယ့်လစာထဲက အဖြတ်ခံရတာပင် ရှိသေးသည် ။ ဟိုတစ်လက အထည် မှားဖြတ်သည့် ကောင်မလေး ဆိုလျှင် ဒဏ်ကြေး အနေနှင့် မှားဖြတ်သည့် အထည်စကို ယူလိုက်ရသည် ။ ပြန်ရောင်းလျှင် ရသည် ဆိုပေမဲ့ တစ်ကိုက်လျှင် သောင်းချီရှိသော ပိုးထည်စများကို ကိုယ်တိုင်လည်း ဝတ်စရာ နေရာ မရှိသလို ၊ ကိုယ့်ဝန်းကျင်မှာလည်း ပြန်ဝယ်ပေးနိုင်မည့်သူ မရှိသောအခါ ကောင်မလေးသည် လစာထုတ်ရက်မှာ ဆိုင်နောက်ခန်းထဲ ဝင်ပြီး မျက်ရည်ကလယ် ကလယ် ဖြစ်နေသည် ။ ဒါတွေ မြင်ရတော့ “ ငါသာ ထီဆုကြီးပေါက်လို့ ဘော့စ်မမ လို ဆိုင်ပိုင်ရှင် ဖြစ်ပြီး ခွေး တွေ မွေးဖြစ်ခဲ့ရင်တောင် ခွေးတွေကို သိန်းချီကုန်တဲ့ Spa တွေ ခဏခဏပို့ ၊ ကြက်ကြော်တွေ မကုန်နိုင်မခန်းနိုင် နေ့တိုင်း ဝယ်ကျွေးနေမယ့်အစား ငါတို့လို လိုအပ်နေတဲ့ ဝန်ထမ်းတွေကို ပိုကြည့်မယ် ။ အပိုသုံးတွေ လျှော့ပြီး တကယ် လိုအပ်နေတဲ့ နေရာတွေ အတွက် ပိုအကုန်အကျ ခံပစ်မယ် ” ဟု ကျွန်မဘာသာ စိတ်ကူးယဉ်မိသည် ။

ဒါပေမဲ့ ဘော့စ်မမ မဖြစ်သေးသော ကျွန်မသည် လက်ရှိ မှာတော့ နောက်ကျ လစာလေးကို စောင့်ထုတ်ယူပြီး မာလာရှမ်းကော နှစ်ပွဲနှင့် အိမ်ပြန်လာရပြီဖြစ်သည် ။

မကြာခင် ရှေ့လမ်းသွယ်ထဲ ချိုးရတော့မည် ။ လမ်းမကြီးအတိုင်း တည့်တည့် ဆက်သွားလျှင် ရပေမဲ့ ဒီလမ်းသွယ်ထဲ ဖြတ်ပြီး ဟိုဘက် ပြန်ကူးလျှင် ပိုမြန်သည်မို့ ကျွန်မတို့ လမ်းဘက် အခြမ်းက လူတွေက ဒီလမ်းကိုပဲ သုံးကြပါသည် ။ မှောင် လာပြီမို့ ဆိုင်ကယ် ရှေ့မီးကို ဖွင့်လိုက်သည် ။ ထိုခဏမှာ ကျွန်မသည် ထမင်းချိုင့်လေး ဆွဲကာ ငိုက်စိုက်ငိုက်စိုက် သွားနေသော ကောင်မလေး တစ်ယောက်ကို မြင်လိုက်ပါသည် ။ ကျွန်မတို့လမ်းထိပ် မုန့်ဆိုင်ဘေးအိမ်က ကောင်မလေး ။

ကျွန်မသည် ကိုယ့် တစ်လမ်းတည်းသားချင်းဟု သိလိုက်သည်နှင့် သူ့ဘေးမှာ ဆိုင်ကယ်ကို အလိုလို ထိုးရပ်မိလျက်သား ဖြစ်သွားသည် ။

“ သီတာ အိမ်ပြန်မှာမလား ၊ အစ်မနဲ့လိုက်ခဲ့လေ ”

သီတာသည် ချိုင့်လေး ကိုင်လျက် ကျွန်မဆိုင်ကယ် နောက်မှာ ကုပ်ကုပ်လေးပါ လာသည် ။

“ တစ်ခါမှတောင် မမေးမိဘူး ။ သီတာက ဘယ်မှာ အလုပ် ဝင်နေတာလဲ ၊ အဆင်ပြေရဲ့လား ”

“ အာလူးကြော်ဆိုင်မှာပါ အစ်မ ။ အာလူး အခွံနွှာပေးရတယ် ၊ ကြော်ပြီးသားတွေကို အိတ်ထဲ ထည့်ပြီး မီးပိတ်ပေးရတယ် ”

“ ဟုတ်လား ... ဘယ် လောက်ရလဲ ”

“ တစ်ရက် သုံးထောင်ပါ ”

တစ်ရပ်ကွက်တည်း ဖြစ်ပေမဲ့ ကျွန်မထက် လေး , ငါးခြောက်နှစ် ငယ်သည့် ကလေးမလေးကို ပထမဆုံးအကြိမ် သေချာ စကားပြောဖူးတာပင် ။ သူ့အမေက အရပ်ထဲမှာ အဝတ်လှည့်လျှော်တာ ၊ သူ့အဖေ အရက်သမား ဖြစ်နေတာတော့ သိသည် ။ တစ်ရက် သုံးထောင် ဆိုတော့ တစ်လ ကိုးသောင်းပေါ့ ။ မများဘူးဟု ထင်နေမိသည့် ကျွန်မလစာ အတွက် ညည်းညူမိဖူးတာ ကိုပင် ကျွန်မဘာသာ ပြန်အားနာသွားသည် ။

“ ဘာပဲဖြစ်ဖြစ် ကိုးသောင်း ဆိုလည်း အမေ့ အတွက် အထောက်အကူ ဖြစ်တာပေါ့ ”

“ အထောက်အကူ မဟုတ်ဘူး အစ်မရေ ။ ညီမလေးလစာနဲ့ တစ်အိမ်လုံး စားနေရတာရယ် ။ အမေကဖြင့် အဝတ်လျှော်တာ ခြေဆစ်လက်ဆစ်တွေ ကိုက်လို့ နား လိုက်ကတည်းက ညီမလေးရဲ့ တစ်ရက်သုံးထောင်နဲ့ မိသားစု လေးယောက် အသက် ဆက်နေကြတာ ကြာပေါ့ ”

ကျွန်မ ဘာပြောရမှန်း မသိ ဆွံ့အ,သွားသည် ။ ဒုက္ခရေ ... ဆိုးလိုက်တာပါလား ဟုလည်း ကျိတ်ပြီး ညည်းတွားမိသွားသည် ။ ဆက်လည်း မမေးရဲတော့ ၊ မမေးရက်တော့ ။ သီတာ့ အောက်မှာ အလယ်တန်းကျောင်းသားအရွယ် မောင်လေး တစ်ယောက် ရှိသည် ။ သီတာက ကိုးတန်းပြီးတော့ ကျောင်းထွက်ထားသည် ။ လူဆိုတာ မျှော်လင့်ချက်နှင့် အသက်ရှင်ကြသည်ဆိုလျှင် ပိုက်ဆံသုံးထောင်နှင့် မိသားစုလေးယောက် အသက်ဆက် နေကြသော သူတို့ ဘဝမှာ မျှော်လင့်ချက်တို့ ၊ အနာဂတ်တို့ ဆိုတာ ဘယ်မှာ ရှိနေမလဲ ကျွန်မ တွေးမရပါ ။ အိမ်ကို ပြန်အပ်ပြီး ကျွန်မ၏ တစ်လစာ တစ်ကိုယ်ရေ အသုံးစရိတ်ပင် သီတာ့လစာနီးပါး ရှိနေသည် ။ အိမ်ကို အကုန် ပြန်အပ်တာပင် စားရရုံဖြစ်မည့် သီတာ့ အနေနှင့်ကော တစ်လစာ တစ်ကိုယ်ရေ အသုံးစရိတ်တွေကို ဘယ်လို သုံးစွဲနေရှာလဲ ။ လစာထုတ်လာစ မကြည်လင်သည့် ခေါင်းက ကိုက်ပင် ကိုက်ချင်လာသလိုလို ။

ဆိုင်ကယ်အရှိန်နှင့် ည လေအေးအဝှေ့မှာ ဆိုင်ကယ် လက်ကိုင်ပေါ် ချိတ်လာသည့် မာလာရှမ်းကော အနံ့က သိသိသာသာကြီးကို သင်းပျံ့ကြိုင်လှိုင်နေသည် ။

“ မွှေးလိုက်တာ ။ ဘာတွေ ဝယ်လာတာလဲ အစ်မ ”

စကားလမ်းကြောင်း ပြောင်းသွားသဖြင့် စိတ်သက်သာရာ ရသွားသည့် ကျွန်မသည် ခပ်သွက်သွက်ပင် ပြန်ဖြေမိသည် ။

“ မာလာရှမ်းကောလေ ညီမလေးရေ ။ အိမ်က လူတွေ ကြိုက်လွန်းလို့ တစ်ပွဲ ရှစ်ထောင်လည်း လတိုင်း ဝယ် ကျွေးနေရတာပဲ ။ သီတာတို့ဆို လေးယောက်တည်း တစ်ပွဲနဲ့ လောက်တယ် ။ အိမ်က လူများလို့ နှစ်ပွဲ ဝယ်ရတာ ။ ဒီတစ်ခါ လစာထုတ်ရင် ဝယ် စားကြည့် ”

သီတာက ရယ်သည် ။

“ ညီမတို့က လကုန် အထိ မစောင့်နိုင်လို့ တစ်ရက် သုံးထောင်ထုတ်တာ အစ်မရဲ့ ။ မာလာရှမ်းကော ဘယ်လို ဝယ်စားနိုင်မှာလဲ ”

ဟုတ်သားပဲ ။ ကျွန်မသည် ကျွန်မတို့ကို “ ခွေးမွေး ပါလား ” ဟု ဆိုခဲ့သည့် ဘော့စ် မမကို မဆီမဆိုင် သတိရမိပြီး နှုတ်ဆိတ်သွားသည် ။ “ ငါ ဘာလို့များ ပြောလိုက်မိပါလိမ့် ” ဟုလည်း အမှတ်တမဲ့ ထွက်မိသွားသည့် စကားတစ်ခွန်းအတွက် ကျွန်မကိုယ် ကျွန်မ အပြစ်တင်မိသည် ။

“ ကောင်းတော့ ကောင်းမယ့်ပုံပဲ ။ ထီပေါက်မှပဲ ... ” ဟု သီတာက လျှာသိမ်းသံဖြင့် ပြောသည် ။ တစ်ရက် သုံးထောင်နှင့် မိသားစု ဝမ်းရေး ဖြေရှင်းနေကြသော သီတာတို့ မိသားစုမှာ ထီထိုးဖို့ကော ငွေပိုလျှံပါ့မလားဟု တွေးမိသည် ။

မာလာရှမ်းကော အနံ့သည် ကျွန်မကို စောစောတုန်းကလို ဗိုက်ပိုဆာလာအောင် မဆွဲဆောင်နိုင်တော့ဘဲ ဘာမှန်း မသိသည့် ခံစားမှုကြီးဖြင့် စိတ်အနှောင့်အယှက်ပင် ဖြစ်လာနေစေသည် ။ ကျွန်မ ဝယ်ခဲ့တာ နှစ်ပွဲဖြစ်သည် ။ ဒါသည် ကျွန်မတစ် လစာ အသုံးစရိတ် ထဲမှ ပိုလျှံသည့် ငွေဖြင့် ကျွန်မ မိသားစုကို ဝယ်ကျွေးခြင်းဖြစ်သည် ။ ကြုံတုန်း သီတာ့ကို တစ်ပွဲခွဲ ဝေပေးလိုက်လျှင် ကောင်းမည်လား ။ ခွဲပေးလိုက်လျှင် သီတာတော့ သိပ်ပျော်သွားမှာ သေချာသည် ။ ဒါပေမဲ့ ကျွန်မ မိသားစုက လတိုင်း ဒီလိုညမျိုးမှာ နှစ်ပွဲ စားနေကျ ဖြစ်သည် ။ မိသားစုခြောက်ယောက် ရှိသဖြင့် နှစ်ပွဲမှ လည်း အဝစားရသည် ။ ထမင်းနှင့် စားကြသည် ဆိုပေမဲ့ တစ်ပွဲတည်းနှင့် ကျတော့ စားလောက်ရုံပဲ ရှိမည် ။ ပြီးတော့ သူတို့ ကျွန်မ အပြန်ကို မျှော်လင့်တကြီး စောင့်မျှော်နေကြလိမ့်မည် ။ နောက်လည်းကျနေပြီမို့ ဗိုက်ဆာဆာနှင့် စားကြမှာ နှစ်ပွဲပင် နည်းနေမည်လား မသိသေး ။

“ အစ်မ ၊ ညီမလေး ဒီနားပဲ ဆင်းလိုက်မယ် ”

သီတာ့အသံ ကြားမှ သူ့ အိမ်နား ရောက်နေပြီ ဆိုတာ သတိပြုမိသည် ။ ကျွန်မစိတ်ထဲ ဘာတွေ ဖြစ်နေမှန်း မသိသော သီတာကတော့ ကျွန်မကို ကျေးဇူးတင်စကား ပြောရင်း “ ရှူးရှဲ လက်ဖက်ထုပ် ဝယ်ပြန်မယ် အစ်မရေ ။ ဗိုက်ဆာနေပြီ ” ဟုဆိုကာ နှုတ်ဆက် ထွက်ခွာသွားသည် ။ ကျွန်မ ပိုပြီး ချီတုံချတုံ ဖြစ်သွားသည် ။ သီတာ့ကို ခုပဲ လှမ်းခေါ်ပြီး မာလာရှမ်းကော တစ်ထုပ် ပေးလိုက်ရကောင်း နိုးနိုး စဉ်းစားရင်းနှင့်ပဲ ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်းဆက် မောင်းလာလိုက်သည် ။

ထိုခဏ၌ ကျွန်မဘာသာ ဆင်ခြေပေးမိသည် ။

“ အေးလေ ... ငါလည်း ထီဆုကြီးပေါက်လို့ ဘော့စ် မမလို ချမ်းသာရင်တော့ ဒါမျိုးတွေ လုပ်နိုင်တာပေါ့ ။ အခု ငါက ဘော့စ်မမမှ မဟုတ်သေးတာ ။ ငါ့မှာလည်း ငါ့အထွာနဲ့ငါ ရှိသေးတယ် ”

တစ်ကိုယ်စာ ကြားရုံ စကားပေမဲ့ မှောင်နေသည့် ညကို နည်းနည်း မျက်နှာ ပူမိသွားမှန်းတော့ ကျွန်မ ကိုယ်တိုင်သာ သိလိုက်ပါသည် ။

⎕ ငွေဇင်ယော်ဦး ၊ မိုးကုတ် ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၂ဝ၂

No comments:

Post a Comment