Tuesday, May 28, 2024

သူတော်စင်

❝ သူတော်စင် ❞

ဟို ရှေးရှေးတုန်း က ဟိမဝန္တာ တောင်ခြေ အနီး တောအုပ် တစ်ခု မှာ “ သရဘင်္ဂ ” ဆို တဲ့ ဈာန်အဘိညာဉ် ရပြီး အလွန် တန်ခိုး ကြီး တဲ့ ရသေ့ကြီး တစ်ပါး ရှိခဲ့တယ် ။ တစ်နေ့ တော့ ရသေ့ကြီး ရဲ့ တပည့်ရင်း ဖြစ်သူ ကိသဝစ္ဆ ဟာ မိမိ တစ်ကိုယ် တည်း အေးချမ်း ငြိမ်သက်စွာ တရား အားထုတ် လိုတာ နဲ့ ဆရာ ရသေ့ ထံ မှာ ခွင့်ပန် ခဲ့ပြီး ကလိင်္ဂ တိုင်း ဂုမ္ဘာရမြို့ အနီး ၊ “ ဒဏ္ဍကီမင်း ” ရဲ့ ဥယျာဉ်တော် ထဲ မှာ သီတင်းသုံး နေထိုင်တော် မူတယ် ။

အခုလို သူတော်မြတ် ရသေ့ တစ်ပါး ထဲ သီတင်းသုံး နေထိုင်တာ ကို ဒဏ္ဍကီမင်းကြီး ရဲ့ လက်ရုံး တစ်ဆူ အားကိုး ရတဲ့ စစ်သူကြီး က တွေ့ တော့ အလွန်ပဲ ကြည်ညိုစိတ် ပြင်းထန်တာ နဲ့ ရိုရိုသေသေ ဆည်းကပ် ကိုးကွယ်တော် မူတယ် ကွဲ့ ။

တစ်ခါတော့ ဒဏ္ဍကီမင်း ရဲ့ အချစ်တော် ခေတ္တ ရာထူး က ချထားခြင်း ခံရတဲ့ ပြည့်တန်ဆာမ တစ်ယောက် ဟာ စိတ်နှလုံး ညစ်ညူးတာ နဲ့ စိတ်ပြေလက်ပြေ ဆိုသလို ပန်းမျိုးစုံ ပွင့်ဖူး နေ တဲ့ ဥယျာဉ်တော် ထဲ ကို ထွက် လာခဲ့တော့ ဥယျာဉ်တော် ထဲ မှာ မဲညစ်တဲ့ ဖန်ရည်ဆိုး သင်္ကန်း နဲ့ ဆံပင် ခပ်ပွပွ ချပြီး တရားကျင့် နေတဲ့ ကိသဝစ္ဆ ရသေ့မြတ် ကို မြင်ရတဲ့အခါ သူယုတ်မာ လို့ ထင်မှတ် တာ နဲ့ ရသေ့ ရဲ့ ဦးခေါင်း ပေါ် ကို တံတွေး ထွေး ၊ ညစ်ပတ်တဲ့ ရေ နဲ့လောင်း ၊ သွားတိုက် ပြီး တဲ့ ဒန်ပူဖတ် တွေ နဲ့ ပစ် စတဲ့ ညစ်ညမ်းယုတ်မာ တဲ့ အပြုအမူ တွေ ကို ပြုလုပ်ပြီး ဥယျာဉ်တော် ထဲ က ပြန်လည် ထွက်ခွာ လာခဲ့တယ် ။

ပြည့်တန်ဆာမ ဟာ အဲဒီ နေ့ မှာ ပဲ ကံကောင်းထောက်မ လို့ လား မသိဘူး ။ မူလ ပြည့်တန်ဆာ ရာထူး ကို ပြန်လည် ခန့်ထားခြင်း ခံရတယ် ကွဲ့ ၊ ဒါပေမယ့် ပြည့်တန်ဆာမ က သူ အခုလို ရာထူး ပြန် ခန့်ထားခြင်း ခံ ရတာ ဟာ ကံ အကြောင်းတရား ကြောင့် ရတယ် လို့ မယူဆ ဘဲ ရသေ့ ကို ပစ်မှား လို့ ရတယ်လို့ စွဲစွဲမြဲမြဲ ယုံကြည် နေခဲ့တယ် ။ နောက် သုံးရက် လောက် ကြာ ပြန်တော့ ပြည့်တန်ဆာမ လိုပဲ မင်းဆရာ ပုရောဟိတ် ပုဏ္ဏားကြီး က ရာထူး ပြန် ရအောင် ဘယ်လို လုပ်ရမလဲ လို့ ပြည့်တန်ဆာမ ထံ မှာ စုံစမ်း မေးမြန်းတော့ ပြည့်တန်ဆာမ က ဥယျာဉ်တော် ထဲ မှာ ရှိ နေတဲ့ ကိသဝစ္ဆ ရသေ့ ကို သူ့ လို သာ ပြစ်မှားပေတော့ လို့ လမ်းညွန် လိုက်တော့တယ် ။

ပုဏ္ဏားကြီး လည်း ပြည့်တန်ဆာမ ပြော လိုက်တဲ့ စကား ကို အဟုတ် ထင်မှတ် ပြီး ရသေ့မြတ် ကို ပြစ်မှား စော်ကား ပြန်တယ် ။

ပုဏ္ဏာကြီး ဟာ အဲဒီ နေ့ မှာ ပဲ “ မင်းဆရာ ပုရောဟိတ် ရာထူး ” ကို ပြန်လည် ခန့်ထားခြင်း ခံရ ပြန်တယ် ။ အခုလို ချက်ချင်း ရာထူး ပြန် ရတော့ ရသေ့ ကို ပြစ်မှား မိလို့ သာ ရာထူး ကို ပြန် ရတာပဲ လို့ မှားယွင်းစွာ ယူဆ ပြန်တယ် ။

ထို့နောက် ရက်ပေါင်း အနည်းငယ် ကြာတဲ့ အခါ ပြည်စွန်ပြည်နား မှာ ပုန်ကန်ထကြွ ကြောင်း ကို မင်းကြီး ထံ သတင်း ရောက် လာပါလေရော ။ ဒီ အခါမှာ မင်းကြီး လည်း မည်သို့ပြုလုပ် လျှင် ကောင်းမည် ကို ပုရောဟိတ်ပုဏ္ဏား အား တိုင်ပင်တဲ့ အခါ ပုဏ္ဏားကြီး က သူ့ ယုံကြည်ချက် အတိုင်း ကိသဝစ္ဆရသေ့ ကို တိုင်းသူပြည်သား အင်အား နဲ့ ဝိုင်းဝန်း ပြစ်မှား ရမယ် လို့ ညွန်ကြား လိုက်တော့တယ် ။

ဒဏ္ဍကီမင်းကြီး လည်း ပုရောဟိတ် ပုဏ္ဏားမိုက် ညွှန်ကြားချက် အတိုင်း တိုင်းသူ ပြည်သား လူအများ ကို စုရုံးစေပြီး ရှင်ရသေ့ ကိုယ် ပေါ် ကို တံတွေး ထွေး ၊ ဒန်ပူဖတ် တွေ နဲ့ ပစ်ခတ် စေတယ် ။ အခုလို ဝိုင်းဝန်း ပစ်ခတ်ကြတဲ့ ဒန်ပူဖတ်တွေ ဟာ ဘယ်လောက် များသလဲ ဆိုရင် ရှင် ရသေ့ တစ်ကိုယ်လုံး ကို ဖုံးလွှမ်း သွားတော့တာပဲ ။

အဲဒီလို ရှင်ရသေ့ အပေါ် မှာ ညစ်ညမ်းယုတ်မာစွာ ပြစ်မှားကြ တဲ့ သတင်း ကို စစ်သူကြီး ကြားသိတဲ့ အခါ ဥယျာဉ်တော် ထဲကို အလျင်အမြန် ပြေး လာပြီး အညစ်အကြေး ဟူသမျှ ကို သန့်ရှင်း သွားအောင် ဆေးကြော သုတ်သင် ရှင်းလင်း ပေးတော် မူတယ် ။ ပြီးမှ ရသေ့ ထံပါး ရိုသေစွာ ခစားပြီး ... “ အရှင်ဘုရား မင်း နှင့် တစ်ကွ ပြည်သူပြည်သား အားလုံး သည် မသင့်သော အမှု ကို ပြုကြကုန်ပြီ ။ ထိုသူ တို့ အား အဘယ်သို့သော မကောင်းကျိုး ကို ပေးပါမည်နည်း ... ” လို့ လျှောက်ထား မေးမြန်းတော် မူတယ် ။

ရှင်ရသေ့ က လည်း “ တကာတော် စစ်သူကြီး ။ ငါ ကား ဤကဲ့သို့ ပြုမူခြင်း ခံရပေမယ့် မည်သူ့ ကို မျှ မေတ္တာ မပျက်ပါ ။ သို့သော် ... နတ် တို့ သည် ပြင်းထန်စွာ အမျက် ထွက်ကြလေပြီ ။ ယနေ့ မှ စ၍ ခုနှစ်ရက် မြောက် လျှင် တစ်တိုင်းပြည်လုံး ကို ဖျက်ဆီးကြ လိမ့်မည် ။ သင် နှင့် အိမ်သူ အိမ်သား အားလုံး သည် ဤ ဘေး အန္တရာယ် မှ လွတ်ကင်း အောင် တိုင်း တစ်ပါး သို့ အလျင်အမြန် ပြေး ရှောင်ပါလော့ ” လို့ ပြန်လည် ဖြေကြားတော် မူလိုက်တယ် ။

စစ်သူကြီး လည်း ဆရာရသေ့ ရဲ့ မိန့်ကြားချက် ကို ကြားသိရတဲ့ အခါ အတော် ပဲ ကြောက်ရွံ့ စိုးရိမ် မိတာ နဲ့ ဇနီး သားသမီး စတဲ့ အိမ်သူ အိမ်သား အားလုံး ကို ခေါ်ဆောင် ပြီး တိုင်း တစ်ပါး ကို အလျင်အမြန် ထွက်ပြေး တိမ်းရှောင် သွား တော့တယ် ။

ဒါနဲ့ ... ရှင်ရသေ့ မိန့်ကြားချက် အတိုင်း ခုနှစ်ရက် လည်း စေ့ ရော ဒဏ္ဍကီမင်းကြီး နှင့် စစ်သည် ဗိုလ်ပါများ လည်း သူပုန်ရန် ကို နှိမ်နင်း ပြီးလို့ နေပြည်တော် ကို ပြန် ရောက်တဲ့ အချိန် မှာ နတ်တို့ ဟာ လက်နက်မိုး ၊ မီးကျီမိုး ၊ ကျောက်ခဲမိုး ၊ သဲမိုး တို့ ကို အပြင်းအထန် ရွာချ လိုက်တာ တစ်တိုင်းပြည်လုံး ပျက်စီး သွားတော့တာပဲ ။

သူတော်စင် ကိသဝစ္ဆရသေ့ ရဲ့ ဆရာ ၊ သရဘင်္ဂရသေ့ ဟာ ဒီ အကြောင်း ကို ကြိုတင် သိရှိထားတဲ့ အတွက် သူ့ တပည့် ကိသဝစ္ဆရသေ့ ထံ ကို တပည့် ရသေ့ငယ်နှစ်ပါး စေလွှတ် ပြီး တော့ ကောင်းကင် ခရီး က ညောင်စောင်း နဲ့ သယ်ယူ ကယ်တင်တော် မူစေခဲ့တယ် ။

ကလိင်္ဂတိုင်း ကို နတ်တို့ တိုက်ခိုက် ဖျက်ဆီး ကြလို့ သူယုတ်မာ အားလုံး သေကြေ ပျက်စီးကြ ပေမယ့် ဗာရာဏသီပြည် က ကုန် အရောင်းအဝယ် ကိစ္စ နဲ့ ခေတ္တ လာရောက် တဲ့ ရာမ လုလင် တစ်ယောက် က တော့ နတ် တို့ ဆောင်ယူပြီး မိဘ ရပ်ထံ ကို ပြန်ပို့ ပေးလို့ သေဘေး မှ လွတ်မြောက် သွားရတယ် ။ ဘာပြုလို့လဲ ဆိုတော့ ဒီ ရာမ လုလင်ဟာ လည်း မိဘနှစ်ပါး ကို ရိုသေ စွာ လုပ်ကျွေး ပြုစု နေတဲ့ သူတော်ကောင်း တစ်ယောက် ဖြစ်လို့ နတ်ကောင်းနတ်မြတ် တွေ က စောင့်ရှောက် ကူညီခြင်း ဖြစ်ပေတယ် ။

ဒါကြောင့် ... ကလေးတို့ ဟာ ဒီ ပုံပြင် ကို ဖတ်ရှုပြီး ဆရာသမား ၊ လူကြီးမိဘများ နဲ့ ရဟန်းသံဃာ စတဲ့ မိမိ တို့ ထက် မြင့်မြတ်တဲ့ သူများ ကို မပြစ်မှားကြပါနဲ့ ။ လိမ္မာ ယဉ်ကျေးစွာ ရိုရို သေသေ နဲ့ ပြုစုလုပ်ကျွေး ကြပါနော် ။

လိမ္မာ ယဉ်ကျေးသော ကလေးများ ဖြစ်ကြပါစေ ။

◾တက္ကသိုလ်စန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၈ ၊ ဇန်နဝါရီ

#ကိုအောင်နိုင်ဦး

.

 

No comments:

Post a Comment