Friday, May 31, 2024

မိုးရွာ သော ညများ

❝ မိုးရွာ သော ညများ ❞

“ ဟိုး ဆရာ ... ဟိုး ”

ကမ်းနားလမ်း မှ ကုန်တင်ကုန်ချ အလုပ်သမားများ ကို တင်ဆောင်၍ မောင်းနှင်လာ သော ကားကြီး တစ်စင်း သည် မအူကုန်း ထိပ် တစ်နေရာ တွင် ထိုး ရပ် လိုက်လေသည် ။ ကား ပေါ် မှ အင်္ကျီကာကီရောင် တစ်ပတ်နွမ်း ၊ ပုဆိုးအကွက် ခပ်ဟောင်းဟောင်း ဝတ် ထားသော ကူလီခေါင်း ကိုဘမောင် သည် ခပ်ကိုင်းကိုင်း ဟန် ဖြင့် ဆင်း လိုက်သည် ။

“ ထွက်နိုင်ပြီ ဆရာ ”

အလုပ်သမားများ တင်ဆောင် ထားသော ကားကြီး သည် ကိုဘမောင် မျက်စိ ရှေ့မှ တရွေ့ရွေ့ ထွက်ခွာ သွား လေသည် ။ ကိုဘမောင် သည် ရွှံ့ဗွက်များ ကြား တွင် ရပ် နေရင်း အလုပ်သမား ကားကြီး ကို အတန်ကြာ စိုက် ကြည့် နေမိ၏ ။ မိုးတဖွဲဖွဲ ကျနေရာ မှ တစိမ့်စိမ့် မိုး ရွာ လာ သဖြင့် ကိုဘမောင် သည် လည်ပင်း တွင် ချိတ်ထားသော ထီး ကို ဖွင့်၍ ဆောင်း ကာ ကု,လားထမင်းဆိုင် ထဲ သို့ ဝင် ခဲ့ပေသည် ။ မအူကုန်း ထိပ် ကု,လားထမင်းဆိုင် သည် ညနေစာ အိမ် တွင် မချက် သော ဇနီးမောင်နှံ များ ၊ ကားမောင်းသမားများ ၊ ထမင်းကျွေးမည့် သူ မရှိသော လူပျိုလူလွတ်များ ဖြင့် စည်ကားမြဲ ဖြစ်သည် ။ ကိုဘမောင် သည် ထမင်းဆိုင် ထောင့်ကျကျ တစ်နေရာ တွင် ထိုင်၍ ကု,လားကလေး အား ထမင်း ယူခဲ့ရန် လက်ဖြင့် ပြ လိုက်၏ ။ ကု,လားကလေး သည် ပေးနေကျ အတိုင်း ထမင်း တစ်ပန်းကန် နှင့် ဟင်း တစ်ပန်းကန် ယူ လာပေးသည် ။ ကိုဘမောင် သည် လာ ချ သွားသော အမဲသားဟင်း ကို ကြည့် ၍ မျက်နှာ ရှုံ့ သွား လေ၏ ။

“ ဟေ့ကောင် ငါးရံ့ခေါင်းဟင်း မရဘူးလား ” 

“ ရတယ် ဗရားဆပ် ၊ ယူခဲ့ရမလား ” 

“ မေးနေရသေးသလား ကွ ။ မင့် အမဲသား ပြန် ယူသွား ။ ငါးရံခေါင်း ယူခဲ့ ”

ကိုဘမောင် သည် အမဲသားဟင်း ကို အရက် ခပ်မူးမူး အခါများ တွင် သာ စား မိပေသည် ။ အရက် မမူးသော အခါများ တွင် အမဲသား မြင်သော အခါ ရင်နာ မိ၏ ။ သူ သည် ထွန်တုံး မှ ငကွက် နှင့် ချိုးထိုး တို့ ကို ဟင်းချက် ၍ မစားရက်နိုင် ။ နွားတို့ သည် မြက် စား ၍ လူတို့ အတွက် အလုပ် လုပ် ပေး၏ ။ လူတို့ သည် သာ နွားသား ကို စားရက်ကြကုန်၏ ။ လူ သည် တိရစ္ဆာန် နွား ထက် အသိဉာဏ် ပို သဖြင့် အသက် သတ်လွတ် စား ရသော အရသာ ထက် အမဲသား အရသာ ကို လျှာ တွင် တင်၍ ရသာရုံ တွင် နစ်မြူး ချင်ကြ ပေသည် ။

ကိုဘမောင် သည် ငါးရံ့ ခေါင်း ကို ကိုက် ၍ ထမင်း ကို ပြီးစလွယ် စား လိုက်၏ ။ သူ သည် မိုးရာသီ ၌ အလုပ် အားသော အချိန် ကို မလိုချင်ပေ ။ အလုပ် အား နေလျှင် စိတ် သည် အလိုလို လေ၍ ရှေး က မကောင်းခဲ့ သော အကြောင်းများ ကို စဉ်းစား မိလျက်သား ဖြစ် သွား တတ်ပေသည် ။ မိုး ပေါက်မိုးစက် တို့ ကို ကြည့်ပြီး သူ မျက်ရည် ကျခဲ့ရသည့် အဖြစ်များ ကို သွား ၍ သတိ ရ တတ်သည် ။ မိုးဖွဲများ တသဲသဲ သွန်ချ နေသည် ကို ကိုဘမောင် မကြည့်ချင်ရှာပေ ။ “ မိုးရေတွေ မဟုတ်ဘူး ။ မျက်ရည်တွေ ။ မျက်ရည် အသွင်သွင် ကျနေတာ ။ မငိုပါနဲ့ ကောင်းကင်ကြီး ရယ် ။ ကျွန်တော့် ကို သနားရင် မငိုပါနဲ့ဗျာ ။ ခင်ဗျား ငိုတာ မြင် ရရင် ကျွန်တော် လည်း ငို ချင်လာတယ် ” ဟု အရက် သိပ်မူး နေသော ည က အော်ခဲ့မိသည် ။

ထမင်းဆိုင် ထဲ တွင် မိုး တိတ်သည် ကို စောင့်၍ တစ်ညလုံး ထိုင် မနေချင် သဖြင့် လမ်း တစ်ဖက် ရှိ တရုတ်သင်္ချိုင်း နှင့် မျက်နှာချင်းဆိုင် ကု,လားလက်ဖက်ရည်ဆိုင် သို့ ထွက် ခဲ့လေသည် ။ မိုးပေါက်များ မှာ တဖျောက်ဖျောက် ဖြင့် ထီးပေါ် သို့ ကျလျက် ရှိသည် ။ ရွံ့ဗွက်များ ဖြစ်နေသည့် နေရာများ ကို ကွင်းရှောင်၍ လက်ဖက်ရည်ဆိုင် ထဲ သို့ ဝင်ရသည် ။ လက်ဖက်ရည်ဆိုင် မှာ လူ ရှင်း နေ သော်လည်း ကိုဘမောင် သဘော ကျသည့် ကု,လားသီချင်း ကို ခပ်ကျယ်ကျယ် ဖွင့် ထား လေ၏ ။ 

လက်ဖက်ရည်ဆိုင် ရှေ့ရှိ ကဗတာပလာတာ ရောင်းသော ကု,လားအဘိုးကြီး သည် မိုး ရွာ သဖြင့် ဝယ်သူ မလာ၍ ဆိုင်တွင် ထိုင် ငိုက် နေ လေသည် ။ လက်ဖက်ရည်ဆိုင် မှ လက်ကိုင်ပဝါ ခေါင်း တွင် ချည် ထားသော ကာကာကု,လားသည် လာနေကျ ဖြစ်သော ကိုဘမောင် ကို သိ နေပြီ ဖြစ်ရာ အကြမ်းတစ်အိုး ကို လာ ချရင်း ပြုံးပြ သွား လေသည် ။ ထို့နောက် ကု,လား သည် ကိုဘမောင် မမှာ မီ လက်ဖက်ရည်ကျကျ တစ်ခွက် ကို လာ ချ ပေး သွားလေ၏ ။ ကိုဘမောင် သည် လက်ဖက်ရည် ကို တစ်ကျိုက် လောက် မော့ပြီး ဆိုင် နှင့် ခပ်ဝေးဝေး နေရာ ရှိ ဈေးဆိုင်ကလေး ကို ငုံ့ ကြည့် လိုက်လေသည် ။
ဈေးဆိုင်ကလေး တို့ သည် မီးခွက်ရှည်ကြီးများ နှင့် မိုးရွာ ထဲ တွင် ပြားပြားဝပ် ၍ ဝယ်သူ မလာ ဘဲ ခပ်ငြိမ်ငြိမ် ခပ်ခြောက်ခြောက် ရှိကြ၏ ။ ဈေးဆိုင်ကလေးများ တွင် ချိုချဉ် ၊ သစ်သီးအစိမ်း များ ဖြစ်ကြသည့် ရှောက်ချိုသီး ၊ ဆီးသီး စသည်များ နှင့် မုန့်ပေါင်း ၊ မုန့်ပျားသလက် ၊ မုန့်ရည် စသည်များ ကို ရောင်းချ ကြပေသည် ။ ထိုနေရာ တွင် ဆင်းရဲနွမ်းပါး သော မိန်းကလေးများ သည် မုန့် ရောင်း၍ စီးပွား ရှာကြရ လေသည် ။

ကိုဘမောင် ငုံ့ ကြည့်ခြင်းမှာ ဓနိ မလုံ့တလုံ ကာရံ၍ မုန့်ပျားသလက် ရောင်း နေသော အမီနာ ကို သတိ ရ လာသောကြောင့် ဖြစ်ပေသည် ။ အမီနာ သည် မုန့်ပျားသလက် တစ်ဖက် က ရောင်း၍ တစ်ဖက် က တစ်မျိုး စီးပွား ရှာသူ ဖြစ်လေသည် ။ သူ့ အဖို့ ငွေ ရှာရသည် မှာ လွယ်ကူ သယောင် ရှိ၏ ။ သို့သော် ရေ ထဲ က ရသော ငွေ ရေထဲ ပြန်သွားမြဲ ဖြစ်လေ၏ ။ ကိုဘမောင် ထံ မှ ရသော ငွေ သည် ဂျိုတီရုံ ၊ ရောက်စီရုံ စသည် တို့ တွင် ကု,လားဘိုင်စကုတ် ကြည့် ၊ ညဈေးတန်း တွင် ဖြုန်း ကာ ပိုက်ဆံ မကျန် ရန် ဖာလူဒါ သောက် ပြီး ဆိုင်စောင့် အဒေါ်ကြီး အတွက် ဒန်ပေါက် တစ်ထုပ် ပါ အောင် ဝယ် လာရ သဖြင့် ငွေ သည် ပိုသည် ။ ကျန်သည် ၊ စုမိသည် မရှိ ။ တစ်ခါတစ်ရံ ကိုဘမောင် ကဲ့သို့ ဝယ်သူ မလာသော အခါ တွင် ညဈေးတန်း မှ ဝယ်ခဲ့သော ပစ္စည်းများ သာမက  ထီးစုတ် က အစ အပေါင်ဆိုင် ကို သွား သိမ်း ထား ခိုင်းရသည့် အဖြစ် နှင့် ကြုံလေ့ ရှိပေသည် ။ အမီနာ သည် အိုးအိမ် ဖြင့် အတည်တကျ မနေ သော်လည်း ဈေးဆိုင်ကလေးများ တွင် ရောင်းချ ကြသော ဈေးသည်ကလေးများ ထဲ တွင် ဝင်ငွေ အများဆုံး ဝင်သူ ဖြစ်ပေသည် ။

ကိုဘမောင် လက်ဖက်ရည်ဆိုင် မှ ငုံ့ကြည့် သကဲ့သို့ အမီနာ က လည်း မျှော်တလင့်လင့် ဖြင့် ကိုဘမောင် ကို စောင့်ဆိုင်း နေပေသည် ။ သူတို့ နှစ်ဦး ကြာကြာ တွဲမိခြင်း မှာ ကိုဘမောင် သည် သဘော ကောင်း ၍ အမီနာ က တခြား မိန်းမများ ကဲ့သို့ ပိုက်ဆံ ခိုးခြင်း ၊ လိမ်ခြင်း ၊ ညာခြင်း မပြု လုပ်သော ကြောင့် ဖြစ်လေသည် ။ အမီနာ သည် ပိုက်ဆံ မှန်မှန် ပေး လျှင် တည်တံ့မည့် သူ ပင်တည်း ။ စူးရှစွာ အော်ဟစ် သီဆို လိုက်သော ကု,လားသီချင်းသံ ကြောင့် ကိုဘမောင် ဖြုန်းခနဲ ထ ၍ ပိုက်ဆံ တစ်မတ် ကို စားပွဲပေါ် တင် ထား ခဲ့ပြီး ဆိုင် ထဲ မှ ထွက် ခဲ့ပေသည် ။ ထီး ကို လည်ပင်း ၌ ချိတ်လျက် နှင့် ထောင့်ဆိုင်ကလေး တွင် စီးကရက် ဝင် ဝယ်လေသည် ။ သူ သည် စီးကရက်ဘူး ကို အိတ် ထဲ ထိုး ထည့်၍ ထီး ဖွင့်ပြီး အမီနာ ၏ ဆိုင်ကလေး သို့ သွားလေသည် ။

မိုး ရွာနေဆဲ ဖြစ်သဖြင့် ကိုဘမောင် လည်း စိတ် ညစ်ညူး နေဆဲ ၊ မပျော်မရွှင် ဖြစ်နေဆဲ ပင် ။ သူ သည် လေးကန်သော ခြေလှမ်း တို့ ဖြင့် ဈေးဆိုင်ကလေး နှစ်ဆိုင် သုံးဆိုင် ကို ကျော်ပြီး လျှောက် လာလေ၏ ။ ကိုဘမောင် လာသော အခါ အမီနာ သည် မုန့်ပျားသလက်အိုး ကို မီး ကုန်း မှုတ် နေ သဖြင့် သတိ မပြုမိပေ ။ အမီနာ သည် ဆေးဆိုး ထားသော နိုင်လွန်ခရမ်းရောင် ကို ကြယ်သီး နှစ်လုံး မတပ်ဘဲ ဝတ် ထားလေသည် ။ မျက်နှာ တွင် သနပ်ခါး ခပ်ကျားကျား လိမ်း ထားပြီး ပင်ပန်း စွာ သွား တိုး ရသော တစ်ကိုက် နှစ်ကျပ်တန် လုံချည်ခပ်နီနီ ကို ဆင်သ ထား သဖြင့် ထို ည အဖို့ လှပ နေသူ တစ်ယောက် ဖြစ်နိုင်သည် ။

“ ဟေ အမီနာ ။ ငါ့ ကို မမြင်ချင်ယောင် ဆောင် နေတာလား ”

အမီနာ သည် ကိုဘမောင့် အသံ ကြား သော် ဒီ ည လည်း ငွေ ရဖို့ လမ်းစ ပေါ်ပြီ ဟူသော အသိ ဝင်လာ သဖြင့် ပျော်မြူးခြင်း ဖြစ်ကာ..

“ ကိုဘမောင်ကြီး ။ မမြင်လို့ပါ တော် ။ ထီး ပိတ်ပြီး အထဲ ဝင်ခဲ့လေ ”

“ ဒီနေ့ တစ်နေ့လုံး ထီး တစ်ကိုင်ကိုင် နဲ့ ငါ ဖြင့် စိတ်ညစ် ရော ။ တောက် ၊ မိုး က လည်း ရွာ လိုက်တာဟာ ”

“ မိုး ရွာ မှ စပါး စိုက်နိုင်မှာပေါ့ ကိုဘမောင် ရဲ့ ”

“ ဟေ့ အမီနာ ၊ စပါး စိုက်တာတွေ ဘာတွေ ငါ့ ကို မပြောစမ်းပါနဲ့ ။ ငါ့ ကို တော ပြန် သတိရ အောင် မဆွ စမ်းပါနဲ့ ။ ငါ က လယ်တော ထဲ မှာ ကြီးပြီး ၊ မွေး ကတည်း က စပါး စိုက် လာတဲ့ အကောင် ပါ ဟ ။ နင် တို့ လို နောက်ဖေးလမ်း ၊ လမ်းကြိုလမ်းကြား ၊ တိုက်ပြိုတိုက်ပျက်ကြား မှာ ဗယာကြော် နဲ့ နံပြား စားပြီး ကြီး လာတာ မဟုတ်ပါဘူး ။ နင်တို့ သိတဲ့ ဆီးစေ့ လောက် ကို တောင် လောက် မထင် ပါနဲ့ ဆိုင် ကို အစောင့် ခိုင်း ဖို့ အဒေါ်ကြီး ကို သာ သွား ခေါ်လေ ” 

ကိုဘမောင် သည် ထီး ပိတ်ပြီး ခေါင်းငုံ့ ၍ တဲကုပ်ကုပ်ကလေး ထဲ သို့ ဝင် လာ ပေသည် ။

“ ဒါနဲ့ ကိုဘမောင် ” 

“ ဈေး ရောင်းပေးဖို့ မဟုတ်လား ” 

“ ဒါပေါ့ ရှင် ။ မုန့်အိုးတွေ အကုန် ချခဲ့မယ် ။ ဝယ်သူ လာရင် မုန့်တစ်ခု ငါး ပြား ”

“ မရှည်စမ်းပါနဲ့ ဟာ ၊ ငါ မုန့် ရောင်းနေတာ ဘယ်နှစ်ည ရှိပြီလဲ ။ ငါးပြား မှန်း သိပါတယ် ။ မြန်မြန် သာ သွား စမ်းပါ ”

ကိုဘမောင် သည် မုန့်သည် ဟန် ဖြင့် ဝင် ထိုင်၍ ဈေး ရောင်းရန် ဝယ်သူ စောင့်သော အခါ အမီနာ သည် ကိုဘမောင် ၏ ထီး ဆွဲပြီး ခုံဖိနပ် တရှပ်ရှပ် ဖြင့် ထွက် သွား လေ၏ ။ အမီနာ ၏ ထီး အပေါင်ဆိုင် ရောက် ပြန်ပြီ ဟု ကိုဘမောင် သိသဖြင့် အစဉ်အမြဲ ညစ်ညူး နေသော ကိုဘမောင် ၏ ဘဝ တွင် ရယ်ချင်စရာ အဖြစ် ဝင်ရောက် ရိုက်ခတ် သောကြောင့် အဆီပြန် နေသော မျက်နှာကြီး သည် ပြုံး ရောင် သန်း သွားပေသည် ။ လမ်းကွေ့ ရောက်သောအခါ အမီနာ သည် တစ်ခု ခု ကို သတိ ရ ၍ ဈေးဆိုင်ကလေး ဆီ သို့ ပြန် လှည့် လာလေ၏ ။

“ ကိုဘမောင် ”

“ ဟေ မြန်လှချည်လား ”

“ မြန်တာ မဟုတ်ဖူး တော့် ။ မသွားရသေးတာ ” 

“ ဘာဖြစ်လို့လဲ ဟ ”

“ ဒီလို ရှင့် ။ ဟို ... ဟိုဟာ ။ အခန်း က လေ ။ ဒိုဘီဆိုင် နောက် က အခန်းကလေး ဟာ လေ ။ ဒီ ည မငှား နိုင်တော့ဘူး တဲ့ ။ ကျွန်မ ပြော မလို့ မေ့ နေလို့ ”

“ ဟင် ဘာဖြစ်လို့လဲ ဟ ။ တို့ ငှားနေကျ ပဲ ” 

“ ဒီနေ့ ည မငှားနိုင်ဘူး လို့ ဆာမိ အစောကြီး က လာ ပြောတယ် ။ ဘယ်မှာ အိပ် မှာလဲ ။ ရှင် ပြန်မလား ”

“ အမီနာ နင် ဘာ စကား ပြောတာလဲ ။ ငါ ပြန်ဖို့ အိမ် ရှိလို့လား ။ အင်း ခွေးကု,လားဆာမိ က လည်း သူ့ အခန်း သူ ပြန် ငှား နေသလား မသိဘူး ။ ဒီကောင် အမဲဈေးနား သပြေပင် အောက် က ကောင်မလေး ကို ရစ်သီရစ်သီ လုပ် နေတာ ငါ မနေ့ က တွေ့တယ် ။ ကဲ ဆာမိ အခန်း မငှား ရင် တို့ တရုတ်သင်္ချိုင်း ထဲ က ဇရပ်ပျက်ကြီး ထဲ သွား အိပ် တာပေါ့ကွာ ” 

အမီနာ သည် ကျော ကို တွန့် လိုက်ပြီး ... 

“ အမယ်လေး ကြောက်စရာကြီး ကိုဘမောင် ရယ် ”

“ ငါ ရှိသားပဲ ဟာ ။ သရဲတွေ ကလည်း အိပ်တဲ့ လူ ကို ချောက် မှာ မဟုတ်ပါဘူး ။ သူတို့ အဖော် ရတာပေါ့ ။ နင် ကြောက်ရတဲ့ အတွက် သရဲကြေး ပို ပေးပါ့မယ် ဟာ ။ အဘွားကြီး သာ သွား ခေါ်ပါ ”

အမီနာ သည် ခုံဖိနပ် တရှပ်ရှပ် ဖြင့် ပြန် ထွက်သွားလေ၏ ။ ကိုဘမောင် ဈေး ရောင်းနေ စဉ် လမ်းလျှောက် ထွက်လေ့ ရှိသော သားအဖ နှစ်ယောက် သည် မုန့် ဝင် ဝယ်ကြလေ၏ ။ အဘိုးကြီး သည် ထီး ခပ်ကုပ်ကုပ် ဆောင်း၍ သစ်ပင်ရိပ်အောက် တွင် ရပ် စောင့် နေလေသည် ။ အင်္ကျီ ခပ်နွမ်းနွမ်း ၊ ဆံပင် မသပ်မရပ် ၊ လုံချည်အကြမ်း နှင့် ခုံဖိနပ် စီးထားသော မိန်းကလေး သည် ဆိုင်ကလေး ရှေ့ တွင် ရပ် လေသည် ။ 

“ မုန့် ငါးမူးဖိုး ပေး ပါ ဦးကြီး ”

“ ဟုတ်ကဲ့ ခင်ဗျား ”

“ ဟင် ၊ ရောင်းနေကျ အမီနာ ဘယ် ရောက်သွားလဲ ”

ကိုဘမောင် သည် စိတ် တိုချင်ချင် ဖြစ် သွားပေသည် ။ ကောင်မကလေး သည် မုန့် ဝယ် မှာ ဝယ်တာ မဟုတ် ။ စပ်စု နေပြန်ချေ သေး၏ ။ သူတို့ သားအဖ မို့ မိုးရေ ထဲ မညည်းမညူ ဘဲ ထီး တစ်လက် စီ နှင့် လမ်းလျှောက် ကြ ပေသည် ။ ကိုဘမောင် သည် ပြီးစလွယ် ပင် ။

“ ကလေး ငိုလို့ ပြန် သွားတယ် ” 

“ ဪ အမီနာ က ကလေးတွေ ဘာတွေ ရနေမှ ကိုး ”

“ အင်း .. အဲ ... ကလေးမ ၊ ဒီမှာ မုန့်ထုပ် ”

ကိုဘမောင် သည် ရှက်စိတ် ၊ အံ့သြစိတ် တို့ ဖြင့် ကောင်မကလေး သားအဖ မိုးရေ ထဲ တွင် လျှောက်သွား သည် ကို ငေး ကြည့် နေမိလေ၏ ။

“ ကိုဘမောင် ” 

“ အမယ်လေး ဟာ လန့် လိုက်တာ ” 

“ ရှင် ဘာ ငေးနေတာလဲ ” 

“ ဟို ကောင်မလေး သားအဖပါ ။ ဒါနဲ့ နင့် အမယ်ကြီး ကော ” 

“ ၉ နာရီခွဲ ကျော်မှ လာ မှာတဲ့ ။ ဈေး ကိုင်နေတယ် ”

“ ဈေး ကိုင် နေရင် ဈေး ပေး လိုက်ပေါ့ ဟာ ။ ဒီမှာ အမီနာ ။ မုန့် ဝယ် လာတဲ့ လူတွေ တို့ အကြောင်း သိနေပါလား ။ နင် ပြောထားလား ”

“ ကြံကြံဖန်ဖန်ရှင် ”

“ ခုနက ကောင်မကလေး က နင့် မှာ ကလေး မရှိမှန်း ၊ ငါ နဲ့ ဘာမှ မတော်မှန်း သိတယ် ဟ ”

“ ကိုဘမောင် ကလည်း ရှင် စိတ် မလုံတိုင်း ”

“ အေးလေ ဘာပဲ ဖြစ်ဖြစ်ပေါ့ ။ ကဲ ငါ နေရာ သွား ကြည့်ဦးမယ် ။ နင် ရောင်းနေ နှင့် ။ နင် လာ ရင် ဒီက ဖျာကြမ်း နဲ့ ကိုင်းခွက် တစ်ခု ရယ် ၊ မနေ့က ကျန်တာ ရယ် ယူခဲ့ ။ ကြားလား ”

“ ကျွန်မ ကြောက်တယ်ရှင့် ”

“ နင် အဝနား ရောက်ရင် အသံ ပြုလိုက် ။ ငါ လာ ခေါ်မယ် ” 

“ ကျွန်မ တော့ အရဲ စွန့်ရတော့ မှာပေါ့ ။ အလ္လာအရှင် ကယ်တော်မူပါ ” 

“ သွားနှင့်ပြီ ဟေ့ ။ နင် လိုက်ခဲ့နော် ”

ကိုဘမောင် သည် ထီး ကို ဆွဲ၍ လမ်းတစ်ဖက် ကို ကူး လိုက်ပြီး ဓနိဆိုင် ၊ ဝါးဆိုင် ၊ မီးသွေးဆိုင်များ ကြား ရှိ တရုတ်အဘိုးကြီး ၏ ချက်အရက်ဆိုင် ကို ချိုး ဝင်လိုက်၏ ။

“ အား ဆရာကြီး တစ်ပုလင်း လား ”

“ တစ်ဝက် ပဲ လုပ်ပါဗျာ ။ ကျွန်တော့် မှာ မနေ့က တစ်ပုလင်း ဝယ် ထားတာ လည်း ကျန်သေး တယ် ။ ကျွန်တော် က တစ်ဝက် ဆို ရင် တောင် တော်တော် မူးတာ ။ တစ်ဝက် ပဲ ထည့်ပါ ။ ဒီမှာ ပိုက်ဆံ ”

ပိုက်ဆံ ကို မခိုင့်တခိုင် ဖြစ် နေသော စားပွဲကလေး ပေါ် တင်၍ တရုတ်အဘိုးကြီး ယူ လာသော ချက်အရက်ပုလင်း ကို သတင်းစာစက္ကူ နှင့် ပတ် လေ၏ ။

“ ပေါက်ဖော်ကြီး ဖယောင်းတိုင် ရှိလား ။ ရှိရင် တစ်တိုင်နှစ်တိုင် လောက် ပေးစမ်းဗျာ ”

“ ရမယ် ရမယ် ” 

တရုတ်အဘိုးကြီး သည် သူ ၏ ကျဉ်းမြောင်းလှသော တဲကလေး အတွင်း ဖယောင်းတိုင် လှည့် ရှာလေ၏  ။ အရက်ပုလင်းများ မှာ သူ အိပ်သော ကွပ်ပျစ်ကလေး အောက် တွင် ယစ်မျိုးများ ကို ကြောက် သဖြင့် ပုန်းအောင်း နေကြ လေသည် ။ အတော် ကြာအောင် ရှာ မှ ဖယောင်းတိုင် လေးချောင်း ကို ရလေသည် ။ ညိုစို့စို့ နှင့် ကောက်ညှင်းအချဉ် ပေါက် နေသော အရက်များ ၏ အနံ့ သည် တဲကျဉ်းကလေး ထဲ တွင် လှိုင် နေပေ၏ ။ 

ကိုဘမောင် သည် ဖယောင်းတိုင် ကို ယူ၍ လူသူ ကင်းရှင်းသော တရုတ်သင်္ချိုင်းကြီး ထဲ ဝင်ခဲ့ ပေသည် ။ တရုတ်ဂူများ သည် အပြောက်အပြိန်းများ ဖြင့် ပန်းပုလက်ရာ မြောက်စွာ ထုလုပ် တည်ဆောက် ထားသော်လည်း အချို့ ဂူများ သည် ရေညှိများ ဖုံးလွှမ်းလျက် ၊ ဆင်ငိုမြက်များ ဖုံး လွှမ်းလျက် ၊ ဆူးပင် ထိကရုံးပင် ဆူးယားပင်များ ဖုံးလွှမ်းလျက် ရှိ နေပေသည် ။

မြေကြီး မှာ လည်း ရွံ့မြေ ကပ်စေးစေး ဖြစ် သဖြင့် ခြေထောက် ကို ပင်ပန်းစွာ ပြန် ခွာ ယူပြီး ချော် မလဲရန် သတိ နှင့် ထိန်း၍ လျှောက် ရ ပေသည် ။ ကိုဘမောင် သည် သင်္ချိုင်းကုန်းမြင့် တစ်နေရာ ရောက်သော အခါ အမီနာ တို့ ဈေးဆိုင်တဲကလေးများ နှင့် လက်ဖက်ရည်ဆိုင် ကို ပြန် လှည့် ကြည့် လိုက်၏ ။

တဲကလေးများ လည်း မီး မှိတ်တုတ်မှိတ်တုတ် ဖြင့် မိုးရေများ အောက် တွင် အားတင်း၍ ကြံ့ကြံ့ ခံ နေကြရ လေသည် ။ ဝယ်သူ မှာ လည်း ခြောက် လှ၏ ။ လက်ဖက်ရင်ဆိုင် သည် လူ နည်း သော်လည်း ဝယ်သူများ ကျိုးကျဲ ရှိသေး၏ ။ လက်ဖက်ရည်ဆိုင် သည် ဓာတ်မီးချောင်းများ ကို လင်းထိန်စွာ ထွန်း၍ ကု,လားသီချင်း ကျယ်ကျယ် ဖွင့် ထား တုန်းပင် ရှိသေး၏ ။ တရုတ်သင်္ချိုင်း ထောင့် မှ လွဲ လျှင် အခြား သုံးဘက် တွင် ကု,လားလက်ဖက်ရည်ဆိုင်များ ရှိသဖြင့် အပြိုင် ရောင်းကြ ရပေ သည် ။ အခြားသော လက်ဖက်ရည်ဆိုင်များ သည် လည်း ဓာတ်မီးများ လင်းထိန် စွာ ရှိသည် ကို မိုးရေ ထဲ တွင် ဝိုးဝါး မြင်ရ ပေသည် ။ 

ထို လမ်းမကြီး တွင် ဘတ်စကားများ မှာ ပြေး နေဆဲ ဖြစ်ပေသည် ။ ကတ္တရာလမ်းမ ပေါ် သို့ မိုးရေပေါက်များ ခုန်ပေါက် ကျ လာပြီး တည်ငြိမ်စွာ လွင့်စဉ် သွားကြရ ကုန်၏ ။ ဗွက် ထဲ ကျသော ရေစက် တို့ သည် တည်ငြိမ်စွာ စုပ်မြုပ် ဝင်သွားရ ပေသည် ။ မိုးရေပေါက်တို့ သည် လည်း လူ့ ဘဝ ကဏ္ဍများ နှင့် နှိုင်းယှဉ် နိုင်၏ ။ သို့သော် ကိုဘမောင် သည် စိတ္တဗေဒ ၊ အဘိဓမ္မာ ၊ လူ့ဘ၀ အကြောင်း တို့ ထက် အရက် သောက်ရန် ပိုမို၍ စိတ် အာသီသ သန် နေသူ ဖြစ်သည် ။ အမှန် မှာ ဘာဘာ ညာညာ  သူများ အကြောင်း ၊ ဟို အကြောင်း ၊ သည် အကြောင်း စဉ်းစားကာ စိတ် ပင်ပန်းရခြင်း ထက် အရက် သောက် စီးကရက် ခဲ၍ ကိုယ့် နောင်ရေး ၊ ကိုယ့် အကြောင်း တွေးချင်သည် မှာ ကိုဘမောင် လည်း လူ တစ်ယောက် ဖြစ်၍ လူ့ သဘာဝ အတိုင်းပင် ဖြစ်ချေ၏ ။

ကိုဘမောင် သည် မြင်ကွင်း ကို ကျော ခိုင်းပြီး ပြန် လှည့်၍ သင်္ချိုင်း ထဲ ဝင် ခဲ့ပေသည် ။

တစ္ဆေ ၊ သရဲ ၊ သဘက် ၊ မှင်စာ တို့သည် ပွဲသဘင် ဆင်နွှဲ၍ ရော့အင်ရိုး ကချင် က နေကြ မည် ။ ဖက်ရှင် နှင့် အနောက်တိုင်း ယဉ်ကျေးမှု သည် လည်း နာနာဘာဝ လောက သို့ ရောက်ချင် ရောက် နေမည် ။ ထို ကိစ္စ သည် အရေး မကြီးပေ ။ ဘယ် သရဲ က မှ ကိုဘမောင် ကို မချောက် ၊ မလှန့် ၊ ကျော ကို လက် ဖြင့် လှမ်း မပုတ် သဖြင့် ဝမ်းသာစရာ လိုလို ပျင်းစရာ လိုလိုပင် ။ သို့သော် ကိုဘမောင် သည် ငယ်စဉ်က အောက်လမ်းဆရာ ၊ အထက်လမ်းဆရာ တို့ နှင့် ရွာ ရှိ သင်္ချိုင်း ကို သူ့ ဦးလေး လူပွေ အတွက် ပီယဆေး ဖော်ရန် လိုက် ဖူး သဖြင့် သင်္ချိုင်း သတ္တိ တော့ သိသ လို ရှိ၏ ။

မည်သည့် သရဲအမျိုးအစား က မှ မရောက်သေး သော်လည်း တစ်ယောက် တည်း ဖြစ် နေ၍ ကြောက်စိတ် ဝင် လာ သဖြင့် ကိုဘမောင် သည် လက် ထဲ တွင် ပါ လာသော ပုလင်း ကို ဖွင့်၍ မမှန်း မဆ ဘဲ တအား မော့ ချ လိုက်လေသည် ။ ချက်အရက်များ သည် ဒလဟော လည်ချောင်း ထဲ မှ စူးရှရှ ဖြင့် ဝင် သွား ကာ ဗိုက် ထဲ တွင် ပူ သွား လေသည် ။ စား ထားသော အစာ ရှိ သဖြင့် ခေါင်း မူးချင် သလိုလို ဖြစ် လာပေသည် ။ သို့သော် ချက်အရက် သည် အစွမ်း ပြစ ပြု သဖြင့် ကိုဘမောင် သည် အကုန်လုံး မေ့၍ တရုတ်သင်္ချိုင်းဇရပ်ကြီး ကို သူ့ အိမ်ခန်း အနေနှင့် ပိုင်နိုင်စွာ ပင် တက် လိုက်လေသည် ။

ဇရပ်ကြီး သည် တရုတ်လူမျိုးများ သင်္ချိုင်း ကန်တော့သော အချိန် တွင် သာ ဝေဆာတင့်တယ် လေ့ ရှိ၏ ။ အခြား အချိန်များ တွင် ပင့်ကူများ ၊ ဖုတ်များ ၊ သစ်ရွက်ခြောက်များ ဖြင့်သာ ဖုံးလွှမ်း နေရ ရှာသည် ။ ဖုတ် နှင့် မိုးရေ တွေ့ ၍ ဖြစ်ပေါ် လာသော စိုထိုင်းထိုင်း ခပ်ပြင်းပြင်း အနံ့ တစ်မျိုး မှာ လည်း စိတ်ပျက်စရာ ပင် ။ ကိုဘမောင် သည် အဝေး ရှိ လမ်းဓာတ်မီး မှ ခပ်ဝါးဝါး မြင် ရသော နေရာ တွင် ရှိသည့် သပေါ့ဗျာစုတ် တစ်ခု ကို ဆွဲ ယူ၍ ဖုတ်များ ခါ ကာ မီးရောင် အနီးအနား တွင် ခင်း လိုက် ပေသည် ။ သူ သည် လေကွယ်ထောင့် နေရာကလေး တွင် ဖယောင်းတိုင် ထွန်း၍ သူ ၏ အပေါ် အင်္ကျီ ကို ချွတ် လိုက် လေသည် ။

မိုး ရွာ နေသော်လည်း ကိုဘမောင် သည် အဆီပြန် ပြီး အိုက်စပ်စပ်ကြီး ဖြစ် နေ လေသည် ။ ဖယောင်းတိုင် ရောင် ဖြင့် ပင့်ကူကြီးများ ပြေး နေသည် ကို အသည်းယားဖွယ် မြင် ရပေသည် ။ သူ သည် ပင့်ကူ ကို မြင်သော် “ အေးကြိုင် ပင့်ကူ ကြောက်တတ်သည် ” ကို သွား သတိရ သဖြင့် အသည်း မနာ
ချင်တော့ ၍ ချက်အရက် ကို ကပျာကရာ မော့ ချလိုက်ရ၏ ။ မော့ ချကာ မှ အေးကြိုင် ၏ ရုပ်သွင် သည် မှုန်မွှား ရာ မှ ပို၍ ထင်ရှားစွာ ပေါ် လာ ပေသည် ။

“ အင်း အေးကြိုင် အေးကြိုင် ။ မြို့ကြီး ပြကြီး လာပြီး အသေဆိုး နဲ့ သေ ရရှာတယ် ။ ငါ အသုံး မကျလို့ အေးကြိုင် သေခဲ့ရတာပဲ ။ အေးကြိုင် ဟာ လူကုံထံတွေ လို အမေရိကန်ဆေးရုံ တို့ ဆေးခန်းကြီး တို့ မှာ မကုရဘဲ ဝါးခြမ်းပြား နဲ့ ဖျာစုတ် ပေါ် မှာ အိပ် ၊ ကောက်ရိုး ထည့်ထားတဲ့ ခေါင်းအုံး ကို အုံး ၊ ဂွမ်းစောင် အပြဲ ကို မလုံ့တလုံ့ ခြုံပြီး ရောဂါ ခံစားရ ရှာတယ် ။ ဒုက္ခ ခံစားရ ရှာတယ် ။ အေးကြိုင် ရေ ငါ့ အပြစ်တွေပဲဟ ။ ငါ က ကား ကောင်းကောင်း စီးနိုင်ဖို့ လက္ခဏာ နဲ့ ကံ မပါလာတဲ့ လူ ဆိုတော့ တစ်သက်လုံး ပင်ပင်ပန်းပန်း တစ်ယောက် တည်း ချွေးရင်းပြီး ထမင်း ရှာ ခဲ့ရတဲ့ အကောင်ပဲ ။ အခုတောင် ကြည့် ပါလား ၊ ထွီ သင်္ချိုင်း ထဲ မှာ လာ အိပ်ရတယ် တဲ့ ။ သူများ တွေ လို မြို့ပြင် ဟိုတယ် တို့ အိပ်ခန်း ကောင်းကောင်းကြီး တို့ ကို မသွားနိုင်ဘူး ။

ကိုဘမောင် စိတ် မညစ်ချင် သဖြင့် အရက် ထပ် မော့ လိုက် ပြန်၏ ။ ချက်အရက် သည် တစ်ခွက် နှစ်ခွက် ဆိုလျှင် ပင် ကောင်းကောင်း အစွမ်း ပြ သဖြင့် ခပ်များများ မော့ ထားသော ကိုဘမောင် အား ရီဝေအုံ့မှိုင်း မူးနောက် လာ စေသည် ။ စိတ် ထဲ တွင် ပေါ့ သွား သလိုလို ရှင်း သွား သလိုလို ဖြစ် လာပေသည် ။ 

ကွဲ နေသော အသည်း မှာ နာကျင်စွာ ခံစားရလေ့ ရှိသော ဒဏ်ရာ ကို ကိုဘမောင် သည် အရက် တည်း ဟူသော ဆေး ကို ထည့်၍ အနာ သက်သာရန် ကြိုးစား ရခြင်း ဖြစ်ပေသည် ။ ကွဲ ပြီးသော အသည်း သည် ပြန် မဆက်နိုင်တော့ သကဲ့ သို့ ကိုဘမောင် သည် လည်း မအေးကြိုင် နှင့် ဝေးခဲ့ ရလေပြီ ။

မအေးကြိုင် ကို ရွာ ရှိ လူများ က အသေအလဲ ပိုးပန်းကြ ပေသည် ။ ကိုဘမောင် သည် ခြေသလုံး မြုပ် နေသော လယ် ရွံ့များ ထဲမှ အေးကြိုင် ကို စပါးပင်များ ဖြင့် ပျော်မြူးစွာ လှမ်း ပေါက် ဖူး၏ ။ မအေးကြိုင် ပန်သော တောပန်းရိုင်းများ ကို အမြတ်တနိုး သိမ်း ထားဖူး၏ ။ မအေးကြိုင် ကြောင့် ရူး ကြသော ကာလသား တို့ တွင် ကိုဘမောင် သည် ထိပ်ဆုံး က ဖြစ် ခဲ့ပေသည် ။

မအေးကြိုင် ကို သူကြီးသား နှင့် ပေးစားမည် ဆို တုန်းက သူ ပူပင်ခဲ့ ရသည် ။ မအေးကြိုင် ကို မြို့အုပ် က ကြည့် လျှင် ပင် သူ ရင်တဖိုဖို ဖြစ်ခဲ့ရသည် ။ မအေးကြိုင် ကို ယူနိုင် ၊ တောင်းနိုင် ရန် နွားတွေ နှင့် ဖက် ၍ ရုန်း ခဲ့ရသည် ။ နွား မောသော အခါ နွား နေရာတွင် ဝင်၍ ရုန်း ခဲ့ဖူးသည် ။ အချင်း မရှိသော သူကြီးသား သည် မအေးကြိုင် နှင့် မယူဖြစ်ခဲ့ပေ ။ လူကြီးမိဘများ က ကိုဘမောင် တစ်ယောက် သာ မအေးကြိုင် နှင့် သင့်တော်သူ ဟု မြင် ခဲ့ကြသည် ။ ထိုစဉ်က ကိုဘမောင် အဖို့ ပျော်ရွှင် သာယာသော အချိန်များ ဖြစ်ခဲ့သည် ။

မအေးကြိုင် တို့ က သူ တောင်းရမ်း သည် ကို လက်ခံ လိုက်သော အခါ ကိုဘမောင် သည် မနေတတ် ၊ မထိုင်တတ် ဖြင့် “ ကျွန်တော် ရူးပြီဗျ ။ ကျွန်တော် ရူးပြီဗျ ” ဟု ဆို၍ နွားကြီးများ ၏ ဗိုက် ကို ခေါင်း နှင့် ခွေ့ ခဲ့ ၊ ရူးခဲ့ ၊ မြူးခဲ့ ဖူးသည် ။

“ အင်း ... အေးကြိုင် ... အေးကြိုင် ။ ငါ့ ကို တကယ် အားကိုးရမယ့် ယောက်ျား တစ်ယောက်  အနေနဲ့ ပုံ အပ် ခဲ့တယ် ။ ဒါပေမဲ့ နင် အားကိုး တဲ့ ဆိုတဲ့ အကောင် က အသုံးမကျဘဲ နင့် ရောဂါ ကို ပျောက်အောင် ကုဖို့ ငွေ မရှာနိုင် တဲ့ ငဖျင်း ဖြစ်လိမ့်မယ် လို့ နင် ကြိုတင်ပြီး မတွေးမိ လို့ သာ ငါ့ ကို ယူ ခဲ့တာဖြစ်မှာပဲ ”

မအေးကြိုင် သည် အိမ်ထောင် ကျသော အခါ မိန်းမကောင်း ပီသည် ။ လင် အပေါ် တွင် သစ္စာ ရှိသည် ။ အိမ် ကို နိုင်နင်းစွာ ထိန်းသိမ်းနိုင်သည် ။ စီးပွားရေး လုပ်ငန်း တွင် လည်း ကူညီ ၍  လုပ်၏ ။ ကိုဘမောင်ကို ရှေးခေတ် က ထုံး အတိုင်း ခြေထောက် က အစ လိုလိုချင်ချင် နှိပ် ပေး တတ် ပေသည် ။ မအေးကြိုင် ခေါ်သော “ ကိုဘမောင် ” ဆိုသော အသံ က ပင် နားဝင် ချိုလှပေသည် ။

“ ကိုဘမောင် ၊ ကိုဘမောင် ”

နားဝင် မချို သော မာကျောကျော အသံ တစ်ခုကို ကြား ရသည် ။

“ ဪ ... မချော အမီနာ ကိုး ”

ကိုဘမောင် သည် ဇရပ်ကလေး ထဲ မှ ယိုင်ထိုး ယိုင်ထိုး နှင့် သင်္ချိုင်းဝ သို့ ထွက် သွားလေသည် ။

“ အင်း ... အမီနာ ၊ နင့် အဘွားကြီး ရောက် နေပြီလား ”

“ မလာသေးဘူး ကိုဘမောင် ရေ ။ အခု ဝယ်သူ လည်း မလာတာ နဲ့ ရှင့် ဖို့ အရက် ကျန်တာ နဲ့ ဖျာ ရယ် ၊ ခေါင်းအုံး ရယ် လာပို့တာ ”

“ လာလေဟာ သွားကြစို့ ”

“ မဟုတ်တာ ကိုဘမောင် ရယ် ၊ အစောကြီး ရှိသေးတယ် ၊ နောက်ပြီး ကျွန်မ ဆိုင်မှာ လူ မရှိလို့ မဖြစ်ဘူး ။ ဆိုင် သွား သိမ်းလိုက်ဦးမယ် ”

“ သိမ်း မနေနဲ့တော့ ဟာ လာပါ ”

“ အို ... ကိုဘမောင် နေပါဦး တော့ ။ ကျွန်မ အခုကလေး ပဲ ပြန် လာမှာပါ ။ သွားမယ် ”

အမီနာ သည် ပစ္စည်းများ ကို ကိုဘမောင့် လက် ထဲ ထည့်ပြီး ခပ်မြန်မြန် လှည့်၍ ပြန် သွား လေ သည် ။

“ ဒီကောင်မတွေ ဟာ ဒါမျိုးတွေ များ နေတာပဲ ”

ကိုဘမောင် သည် အမီနာ တို့ ကြီးကျယ်လေ ၊ သဘော ကောင်းသော မယားချောကလေး အေးကြိုင် ကို သတိရ လေ ဖြစ်ပေသည် ။ သူ သည် ဇရပ် ပေါ်  ရှိ ဖျာစုတ် ပေါ် တွင် အမီနာ ယူ လာသော ဖျာ ကို ထပ် ခင်း၍ ပစ္စည်းများ ကို ပစ် ချ လိုက်လေသည် ။ မိုး သည် တဖွဲဖွဲ ကျနေရာ မှ အရှိန် ပြင်း လာ ကာ တသဲသဲ ရွာ လိုက်သဖြင့် ဇရပ် ကို မိုး ထားသော သွပ်မိုး တို့ မှ ဆူညံစွာ အသံများ မြည် လာပေသည် ။

“ မိုးရေ က ကောင်းကင် က ကျတယ် ။ မျက်ရည် ကတော့ သူ့ မျက်လုံး ထဲ က ကျတယ် ။ အေးကြိုင် နင် ခဏခဏ ငိုခဲ့ရတာပဲ နော် ။ နင့် ကို သူပုန် က ကြိုက် တုန်းက တို့  ၊ ရန်ကုန် ရောက် ပြီး စားစရာ မရှိတုန်း က တို့ ၊ သမီးကလေး ဆုံးသွားတုန်း က တို့ ၊ နီတွတ် ဖျား လို့ ဆေးဖိုး ပေးစရာ မရှိတုန်း က တို့ ၊ နောက်ဆုံး နင့် ကို ရောဂါ ဖိစီးတုန်း က တို့ နင် ဟာ အခု မိုး ရွာ နေသလို ငို ရမှာပဲ ။ အင်း ငါ လည်း ငို ခဲ့ရပါတယ် အေးကြိုင် ရယ် ။ ငါ့ ဘဝ မှာ မိုး ရွာ တဲ့ ညတွေ က များ ပါတယ် ။ ရန်ကုန် ရောက် တော့ ငါ လေ ပိုက်ဆံ မပါဘဲ ညနေ ဆိုရင် နင်တို့ ဆီ ပြန် မလာခဲ့ချင်ဘူး ။ ပိုက်ဆံ က ရှာရ မလွယ်ဘူး ။ ငါ့ အဖို့ အဲဒီတုန်း က ဆိုရင် မိုး ရွာတဲ့ ည တွေ ပါပဲ ။ ငါ ဟာ ယောက်ျား တန် မဲ့ နဲ့ ငို ခဲ့ပါတယ် အေးကြိုင် ရယ် ”

ကိုဘမောင် တို့ သည် လက်ထပ် ပြီး သုံးလေးနှစ် သာ ပျော်ရွှင်စွာ နေရသည် ။ မကြာမီ သောင်းကျန်းဆူပူမှု ဖြစ်သဖြင့် ဒုက္ခအဖုံဖုံ ကို တွေ့ဆုံ ရ၍ ရန်ကုန် ကို ခိုကပ် ခဲ့ရ လေသည် ။ ရန်ကုန် တွင် ဖြစ် သလို စား ၊ ဖြစ် သလို နေ နှင့် သမီးအငယ်ကလေး တစ်ယောက် ဆုံးပြီး မအေးကြိုင် သည် လည်း ရောဂါ ရ ၊ ဒုက္ခ စ ပေ တော့သည် ။ မအေးကြိုင် သည် ဓနိ မလုံ့တလုံ့ မိုး ထားသော တဲငယ် အတွင်း အငတ်ငတ် အပြတ်ပြတ် ဖြင့် ပိန်ချုံး ပြီး ရောဂါ ခံစားရ ရှာ၏ ။ ကိုဘမောင် အလုပ် ရ ပြန်တော့ လည်း စားဖို့ ပင် အနိုင်နိုင် ဖြစ်နေ သဖြင့် ရောဂါ အတွက် ဆေး မကုနိုင်ခဲ့ပေ ။ ကိုဘမောင် သည် စွမ်းအား ရှိသမျှ ထုတ်၍ ကူလီ ထမ်း ကာ ဆေးဖိုး ရှာခဲ့၏ ။ “ ကူလီ ထမ်းရင်း အမော ဆို့ သေသွားချင် သေသွားပါစေ ။ ငါ အေးကြိုင် ရောဂါ ကု ဖို့ ဆေးဖိုး ရအောင် ရှာမယ် ” အောက်မေ့ကာ အလုပ် ကို ကြိုးစား လုပ် သဖြင့် မေ့ လဲပြီး ဆေးရုံ ရောက်ခဲ့ရဖူး၏ ။ မအေးကြိုင် ၏ ရောဂါ သည် အဆုတ်ရောဂါ ချောင်းဆိုး သွေးပါ ရောဂါ ဖြစ် သဖြင့် ကုသိုလ်ဖြစ် အခမဲ့ ဆေးရုံ တို့ မှ ဆေး ထက် အစွမ်း ပို ထက် သော ဆေး နှင့် ကောင်းမွန်သော အစာ အာဟာရ တို့ ကို လိုအပ် ပေသည် ။

ကိုဘမောင် အဖို့ မအေးကြိုင် သေဆုံးသည့် ည က အသည်း တွင် အပြင်းအထန်ဆုံး နာကျင် သည့် ဝေဒနာ ကို ရ ခဲ့ပေသည် ။ မိုးများ တဖွဲဖွဲ ရွာသွန်း နေစဉ် မအေးကြိုင် ချောင်းဆိုးပြီး သွေးများ နှစ်ခါ လောက် အန် လေသည် ။ မအေးကြိုင် သည် အသက် ကို ရှိုက်ငင် ရှူပြီး ကြာရှည်စွာ ညည်းတွား ၍ အသက် သည် မထွက်ချင် ထွက်ချင် ဖြင့် အသက် ထွက် သွားလေသည် ။ ကိုဘမောင် သည် မအေးကြိုင် ၏ အလောင်း နား တွင် ထိုင်ပြီး ငို နေသည် မှာ မိုးလင်း ၍ အမျိုး နှင့် အိမ်နီးနားချင်း များ လာသည့် တိုင် ထိ ပင် ဖြစ် လေသည် ။

မအေးကြိုင် သေပြီး သော် နီတွတ် ကို ရန်ကုန် - မန္တလေး မီးရထားလမ်း ပေါ် မှာ နေသော ထမင်းဆိုင်ရှင် အမျိုး တစ်ယောက် က လာ ခေါ် သွား၏ ။ သူ့ ကို လည်း အလုပ်ရှင်များ က ယခင် က ကြိုးစား ထားသည် ကို ကြည့် ၍ ကူလီခေါင်း အဖြစ် တိုးမြှင့် ပေးကြ၏ ။

ကိုဘမောင် ၏ စိတ် တို့သည် မအေးကြိုင် ဆုံးပြီးသည် မှ အစဉ် ရပ်တည် မနေ ။ အစဉ် ညစ်ညူး နောက်ကျိ နေ သဖြင့် အရက် ကောင်းကောင်း သောက်တတ် လာသည် ။ ထိုမှ တစ်ဆင့် မိန်းမ ကို စိတ်ဝင်စား မိ၍ အပျော် မိန်းမ လိုက် တတ် လာသည် ။ မြို့ ထဲ တွင် ပိုက်ဆံ ပိုက်၍ လေတတ် ၊ စားတတ် ၊ ရုပ်ရှင်ကြည့်တတ် ၊ ငေးတတ် ၊ လူလည်လုပ်တတ် ဖြစ် လာပေသည် ။ စပါး စိုက်မည့် အစား ခါးပိုက်နှိုက် ရ သည် မှာ ဘေး ရှိ သော်လည်း ပို ချောင်သည် ထင် လာလေသည် ။ လူရိုးကြီး ကိုဘမောင် သည် လူဆိုး ဖြစ် ချင် လာသည် ။

သို့သော် သူ သည် သူ ချစ်ခင် မြတ်နိုးလှသော ၊ အသည်း ကို နှင်း ၍ အသက် ကို ပုံ၍ ချစ် သော မအေးကြိုင် ကို ဆေး မကုလိုက်နိုင်သည် ကို တစ်သက် မမေ့နိုင်တော့ပေ ။ ထို စိတ် သည် အစဉ်သဖြင့် သူ့ အား နှောင့်ယှက် ညစ်ညူး စေလေ့ ရှိသည် ။ အရက် သောက် လို့ လည်း ပျောက် ခဲ သည် ။

“ အေးကြိုင် ငါ့ ကို ခွင့်လွှတ်ပါ ဟာ ။ ငါ တော့ အဖတ် ဆယ် မရအောင် ပျက်စီး နေပြီ ။ နင့် ကို လည်း ငါ မမေ့သေးဘူး ။ နင် က ငါ ချစ်သလို ငါ့ ကို ပြန် ချစ်လို့ ငါ လောက မှာ လူပျော်ကြီး တစ်ယောက် ဖြစ်ခဲ့ရတာ ကို မမေ့သေးဘူး ။ တချို့ လူတွေ ကံ မကောင်းပေမဲ့ ငါ ကံကောင်းခဲ့ တယ် ။ ငါ လေ အခုလည်း နင့် အပေါ်မှာ မေတ္တာတွေ ၊ သစ္စာတွေ ၊ ချစ်တာတွေ သွေမပျက် သေး ပါဘူးကွယ် ဟဲဟဲ ။ ဒါပေမဲ့ ငါ အရက် စွဲသွားပြီ လေ ဟီးဟီး ။ ငါ မငိုတော့ဘူး ဟ အေးကြိုင် ရ ၊ ငါ ပျော်လာပြီ ။ ဟားဟားဟား ”

ကိုဘမောင် သည် အမီနာ ယူ လာသော ပုလင်း ထဲ မှ အကျန် ကို ထပ် မော့ချသည် ။ သူ သည် မူးဝေနောက်ကျိ လာ ပေပြီ ။ သူ့ ခေါင်း မှာ လည်း အလေးကြီး ပိနေ သကဲ့သို့ လေးလံ လှပေ ပြီ ။ သူ သည် ကုန်း နေရာ မှ ဖျာပေါ် သို့ ထိုး ကျ သွားလေသည် ။ သူ သည် ငယ်စဉ် က အပိုး မသေသော မျက်နှာ နှင့် ကောက်စိုက် လာသော ချစ်ခင်သည့် မအေးကြိုင် အား စပါးနှံများ ဖြင့် လှမ်း ပေါက် နေသည် ဟု ထင်မြင် နေ ပေသည် ။ ကြာသော် စပါးနှံ ဖွေးသော လယ်ကွင်း သည် ပျောက်၍ သူ သည် လည်း အိပ်ပျော်ခြင်း သို့ ရောက် သွားလေ၏ ။

“ ကိုဘမောင် ကိုဘမောင် ။ ကိုဘမောင် ကိုဘမောင် ”

အမီနာ သည် သင်္ချိုင်းဝ မှ ကုန်း အော်သော်လည်း ပြန် မထူးသဖြင့် ကု,လားလက်ဖက်ရည်ဆိုင် မှ ငှား ထား သော လက်နှိပ်ဓာတ်မီး ဖြင့် ဟန်ပန်ကျကျ တစ္ဆေ ကြောက်စွာ ဖြင့် အရဲ စွန့်ပြီး ဝင် လာ ပေသည် ။ သင်္ချိုင်းဇရပ် ပေါ် တွင် ကိုဘမောင် သည် ခြေပစ်လက်ပစ် မူးပြီး အိပ်ပျော် နေချေပြီ ။

အမီနာ သည် ပိုက်ဆံ ခိုး ချင် လျှင် ခိုး နိုင်သည် ။ ပြန်ပြီး လစ် သွားချင် လျှင် လည်း လစ်သွား နိုင်သည် ။ သို့သော် သူ သည် ကိုဘမောင် နှင့် ထို ကဲ့သို့ မပင်မပန်း ညပေါင်း များစွာ ပိုက်ဆံ ရ ခဲ့ ပေသည် ။ သူ သည် ခါတိုင်း ညများ ကဲ့သို့ တစ်နေရာ တွင် ခွေအိပ်ရန် ဖြစ် လေသည် ။

အမီနာ သည် ကိုဘမောင် ဘေး ရှိ ပို နေသော နေရာကလေး တွင် ခွေ အိပ်ကာ သူ့ တွင် ပါလာ သော စောင် ကို ခေါင်း ပါ ခြုံ လိုက်သည် ။ သူ သည် သရဲ ကြောက်စွာဖြင့် မနက် တွင် ကိုဘမောင် ထံ မှ ပိုက်ဆံ ရသောအခါ ကု,လားဘိုင်စကုတ် ကြည့်ရန် ၊ ညဈေးတန်း တွင် နိုင်လွန် ဝယ်ရန် ၊ အပေါင် ဆိုင် တွင် ပစ္စည်း တချို့ ပြန် ရွေးရန် တို့ ကို စဉ်းစားပြီး အိပ် လေသည် ။ ကိုဘမောင် သည် လည်း အိပ်ပျော် လျက် က ပင်ပန်းစွာ ညည်းညူ ယောင်ယမ်း နေပေသည် ။

ည မှာ ပို၍ မည်းမှောင် လာကာ မိုးများ လည်း ရွာသွန်း နေဆဲ အခါပင် ဖြစ်လေသည် ။

◾တက္ကသိုလ်မြစိမ်း
     ( ၁၉၆၀ )

📖  ၂၀ ရာစု မြန်မာဝတ္ထုတို

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

 

No comments:

Post a Comment