“ ဟဲ့ ... ကလူကလူ ”
စုတ်ပြတ်သော မျက်နှာ နှင့် လုံချည်ကြီး ခြုံ၍ ကျောပိုးအိတ် လွယ် ထားသော ကျွန်တော့် ကို မြင် တော့ စင်္ကြန် တွင် တံမြက်စည်းလေး လှဲပြီး တရားမှတ် နေသော ဆရာတော် ပင် အာမေဍိတ်သံ ထွက် သွားရ၏ ။ ပြီးနောက် မျက်လွှာ ကို ချရင်း ...
“ မကျွတ်မလွတ်ကြသေးသော သံသရာ တွင်း မှ သတ္တဝါ အားလုံး ကို အားလုံး ရစေ အမျှ ဝေပါတယ် ၊ အမျှ ... အမျှ... ယူတော် မူကြပါ ကုန်သော် ၊ သာဓု သာဓု သာဓု ၊ ဟင် .. ကလူ ကလူ ”
အမျှ ဝေပြီး မျက်လုံး ပြန် ဖွင့်တော့ လုံချည်လေး ရင်ခေါင်း စည်း ၍ ဆောင့်ကြောင့်လေး ထိုင် နေသော ကျွန်တော့် ကို မြင်တော့ ထိတ်ခနဲ ဖြစ် သွားပုံ ရသည် ။ နောက်မှ သတိရ ပြီး ...
“ ကဲ ... ပရလောက ၊ အပရလောက ၊ လောက ၌ ရှိကြကုန်သော သက်ရှိသက်မဲ့ ဝိညာဉ်သား တို့ ဆရာတော်ဘုရား က အမျှ ထပ်မံ ပေးဝေပါတယ် ၊ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”
“ သာဓု .. သာဓု .. သာဓု ”
ကျွန်တော် လည်း ဆရာတော်ဘုရား နှင့် အတူ သာဓု ခေါ်မိ သည် ။ ကြည်နူးလိုက်သည် ဖြစ်ခြင်း ။ ဆရာတော် က သာ ကျွန်တော့် ကို ကြည့်ပြီး ...
“ ဟ ... ဒီ တစ်ကောင် မကျွတ်မလွတ်သေးပါလား ၊ ဆေးကြိမ်လုံး နဲ့ ဆော် လွှတ်မှ နဲ့ တူတယ် ”
ဆရာတော် စကား ကြောင့် ကျွန်တော် လည်း ခေါင်း ပေါ် အုပ် ထား သော လုံချည် ရင်ခေါင်း စည်း ရင်း ...
“ ဆရာတော် ဘုရား ၊ ဆရာတော် ဘုရား တပည့်တော် တစ္ဆေ မဟုတ်ပါဘူး ဘုရာ့ ”
“ ဒါဖြင့် ပြိတ္တာ ပေါ့ ”
“ ပြိတ္တာ လည်း မဟုတ်ပါဘူး ဘုရာ့ ၊ လူ ပါ ဘုရား ”
“ ဟင် ... ဒါဆို အနူ ပေါ့ ၊ အနူ က ဘာကိစ္စ ငါ့ ကျောင်း ထဲ ဝင်လာတာ တုန်း ”
“ အနူ လည်း မဟုတ်ပါဘူး ဘုရာ့ ၊ လူ လူကောင်းပါပဲ ”
ကျွန်တော့် အဖြေ ကို ဆရာတော် က မျက်နှာ ကို အသေအချာ လာ ငုံ့ ကြည့်ပြီး ...
“ မိုးကြိုးပစ် ”
“ ပစ် ”
“ ဘုရားစူး ”
“ စူး ”
ကျွန်တော် ကျိန်ဆို လိုက် မှ ဆရာတော်ဘုရား က ယုံတော်မူ ပုံ ရသည် ။
“ ဒါနဲ့ ဒကာ က ဒီ ရွာ ကတော့ မဟုတ်ဘူး နော် ”
“ တင်ပါ့ ဘုရာ့ ၊ တပည့်တော် ရန်ကုန်မြို့ က ပါ ”
ဆရာတော် က ခေါင်း ညိတ် သည် ။
“ ရန်ကုန် က ဆိုတော့ အဝေးသား ကလား ၊ ဒါနဲ့ ဒီ ရွာ ကို ”
“ တင်ပါ့ဘုရား ၊ တပည့်တော် ရဲ့ သူငယ်ချင်း မြင့်စန်းရီ ”
“ ဘယ်သူ ”
“ မြင့်စန်းရီ ပါ ဘုရာ့ ”
ဆရာတော် မျက်မှောင် ကျုံ့ သွား၏ ။ အတန်ကြာ မှ ...
“ ဪ ... ခင်အေး တူမ ပဲ ၊ မြို့ကျောင်း သွား တက် နေတဲ့ ကလေးမ ဟုတ်လား ”
“ တင်ပါ့ ... တပည့်တော် နဲ့ ကျောင်း အတူပါ ဘုရား ”
“ ဟေ ”
ဆရာတော် အံ့အားသင့် သွားသည် ။ ပြီးနောက် မျက်နှာ ကို အသေအချာ ပြန် ကြည့်သည် ။
“ ဒါဖြင့် မင်း က ခေတ်ပညာ တတ် ပေါ့ ”
“ မှန်ပါဘုရာ့ .. ခေတ်ပညာ ကို ဆယ့်လေးတန်း အောင်ပြီး ပါပြီ ”
ဆရာတော် မျက်မှောင် ကျုံ့ သွား ပြန်သည် ။ သူ့ ခမျာ ကျွန်တော့် ပုံ ကို ကြည့်၍ ယုံကြည်ပုံ မရ ။
“ စီအေတီကက် ... ဘာလဲ ”
“ ခင်ဗျာ ”
ရုတ်တရက် မေးလိုက်သော စကား ကြောင့် ကြောင် သွားမိသည် ။ ဒါကို ဆရာတော် က
“ မင်း ခေတ်ပညာ တတ် ဆို ခေတ်စာ တော့ သိရမှာပေါ့ကွ ၊ မဟုတ်ဘူးလား ၊ ငါ့ တော့ လာ မလိမ်နဲ့ ”
“ ဪ ... ဟုတ် ... ဟုတ်ပါတယ် ခင်ဗျာ ၊ မလိမ်ပါဘူး ”
“ ကဲ ... ဒါဆို လိုက်ဆို ၊ စီအေတီကက် က ဘာလဲ ”
“ ကြောင် ပါ ဘုရာ့ ”
“ ဒီအိုဂျီဒေါ့ က ရော ”
“ ခွေး ပါ ဘုရာ့ ၊ ball က ဘောလုံး ပါ ”
ခေတ်ပညာတတ် မှန်း သိသာစေရန် ကျွန်တော် ပို ဖြေ လိုက်သည် ။
ဆရာတော် က သူ့ ဦးပြည်း ကို သူ ပြန် စမ်းသည် ။
“ အေး ... ဘောလုံး က တော့ ဦးဇင်း တို့ နဲ့ မဆိုင်ဘူးကွ ၊ cat တို့ dog တို့ က ကျောင်း မှာ ရှိလို့ သိတာ ”
ဦးဇင်း က လည်း ငယ်ဖြူ ၊ ပါဠိစာ တတ် မို့ အင်္ဂလိပ်စာ နှင့် အနည်းငယ် အလှမ်း ဝေးသည် ထင့် ။
“ ကဲလေ ... ဒါဖြင့် လည်း ဒုက္ခ ရောက်လာ သူ ဆိုတော့ ကူညီ ရ မှာပေါ့ ၊ ကျောင်း အောက် မှာ တော့ ကပ္ပိယ ဖိုးသက် ရှိတယ် ၊ သူ နဲ့ အတူ နေ ပြီး ကျောင်း ဝေယျာဝစ္စ ပဲ ကူ ပေါ့ ၊ ကဲ ကဲ မင်း လည်း ပင်ပန်းလာ ပြီ ဆိုတော့ သွား နားချေဦး ”
“ တင်ပါ့ ဘုရား ”
“ ဟဲ့ ... မောင်ဖိုးသက် ”
“ တင်ပါ့ ဘုရား ”
“ ဒီမယ် ဧည့်သည် ကို လာခေါ်ဦး ”
“ တင်ပါ့ ဘုရား ... ဟဲ့ ... ကလူ ကလူ အာ ဘာကြီးလဲ ဟ ”
◾ အကြည်တော်
📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment